Chapter 85
Viewers 15k

✨ Chapter 85

 စမ်းသပ်မှု



ကျီလင်က အမှောင်ခန်းထဲတွင် သော့ပိတ်ခံထားရပြီး မျက်ရည်ကျလုနီးနီး ဖြစ်နေရှာသည်။


ငါဘာလို့များ ဒီလောက်ကံဆိုးရတာလဲ...


စနစ်က အော့ဖ်လိုင်းဖြစ်သွားပြီး သူကလည်း ထပ်ဖမ်းမိခံရပြန်သည်။ ယခု၌ အရာအားလုံးက ဝေဝါးသွားခဲ့ပြီဖြစ်ပြီး အကူအညီတောင်းရမည့်လူပင် မရှိတော့ပေ။


ပိုဆိုးသည်က ဤတစ်ကြိမ်တွင် သူက နဉ်ယွီကိုလည်း ဆွဲထည့်မိသွားခြင်းဖြစ်သည်။ ယခင်အစောပိုင်းက သူ့ကိုကယ်ရန် ကြိုးစားခဲ့သည့် နဉ်ယွီက မည်မျှအထိ ဒဏ်ရာရရှိသွားသည်လည်း တွေးမိရာ ကျီလင်က ပိုမိုပူပန်လာတော့သည်။ နဥ်ယွီ့ကို မည်သည့်ခေါ်သွားကြသည်နှင့် ယခု ဘယ်လိုနေသလဲဆိုသည်ကိုပင် သူ မသိနိုင်ချေ။


သို့သော် သူ မည်မျှပင် စိတ်ပူနေပါစေ သူလုပ်နိုင်သည်က ဘာမျှမရှိပေ။ ဤမျှလောက်ပျော့ညံ့သည့်သူဖြစ်နေခြင်းအပေါ် ပထမဆုံးအကြိမ်အဖြစ် သူ မုန်းတီးမိသည်။ မကောင်းဆိုးဝါးများ ပြည့်နှက်နေသော ဤကြယ်တာရာအင်ပါယာကြီးထဲတွင် သူက အသုံးမဝင်သော ဝန်ထုပ်ဝန်ပိုးတစ်ခုမျှသာ ဖြစ်နေသည်။


ကျီလင်က ထိုနေရာတွင် ခဏလောက်ထိုင်၍ ငေးငိုင်နေမိသည်။


အချိန်အတော်ကြာပြီးနောက်တွင် သူ ဤသို့ထိုင်နေ၍ မဖြစ်သည်ကို နားလည်လာခဲ့သည်။ သူက တံခါးဆီသို့ စမ်းတဝါးဝါး လျှောက်သွားပြီး ရှိရှိသမျှသတ္တိနှင့် သံတံခါးရွက်ကို ခေါက်လိုက်သည်။

"ဟေး...အပြင်မှာ တစ်ယောက်ယောက်ရှိလား...ငါ့ကိုလွှတ်ပေး..."


လည်ချောင်းများ အက်ကွဲသည်အထိ အော်နေခဲ့သော်လည်း သူ ရလာသည့် တစ်ခုတည်းသော တုံ့ပြန်မှုက အခန်းထဲမှာရှိသည့် သူ၏ ပဲ့တင်သံသာ ဖြစ်နေခဲ့သည်။ လက်မလျှော့ဘဲ တံခါးရွက်ကို နားဖြင့်ကပ်ထားသည့်တိုင် အပြင်ဘက်မှ အသံတစိုးတစိမျှပင် မကြားရပေ။


တိတ်ဆိတ်လျက်သာ။


သူက စိတ်ပျက်လက်ပျက်နှင့် တံခါးကို လက်ဝါးနှင့် ထပ်၍ ရိုက်လိုက်သည်။ သူ့လက်နီရဲသွားသလို သူ့များလုံးများတွင်လည်း စိတ်အနှောင့်အယှက်ဖြစ်မှုနှင့်ကူကယ်ရာမဲ့မှုတို့ ရောထွေး၍နေသည်။ သူ လက်လျှော့မည့်ဆဲဆဲ ရုတ်တရက် မြည်သံတစ်ခုနှင့်အတူ သံတံခါးကြီးက မမျှော်လင့်ဘဲ ပွင့်ဟလာခဲ့သည်။


ကျီလင်က အထိတ်တလန့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိပြီး ခေါင်းကို မော့ကြည့်လိုက်သည့်အချိန်တွင် ငွေရောင်မျက်နှာဖုံး တပ်ဆင်ထားသော အရပ်ရှည်ရှည် လူတစ်ယောက်က သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူအေးခဲသွားပြီး သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် သတိတကြီးရှိမှုများ ထင်ဟပ်လာခဲ့သည်။


ဒီမြင်ကွင်းက နောက်ဆုံးတစ်ခေါက်ကနဲ့ အရမ်းတူတယ်...


ယခင်တစ်ခေါက်က ကျင်းဆွေ့က သူ့ကို ခက်ခက်ခဲခဲကယ်တင်ခဲ့သောကြောင့် ကျီလင်က အင်ပါယာကြယ်အပြင်ဘက်ကို ယောင်၍ပင် ခြေဦးလှည့်မည်မဟုတ်တော့ပေ။ ဤသို့သော ခန့်မှန်း၍မရနိုင်သည့် ကြောက်စရာကောင်းသော သူပုန်ခေါင်းဆောင်၏ လက်အတွင်းကို ထပ်မံမကျရောက်နိုင်ပေ။ ထိုလူက အတိတ်ဘဝတွင် သူ့ကို ကယ်တင်ခဲ့သော်လည်း ကျီလင်က အန္တရာယ်ထဲကို ခုန်ဆင်းရသည်ကို ကြိုက်နှစ်သက်သူမဟုတ်ချေ။ နောက်တစ်ချက်က ဤအန္တရာယ်များလှသည့် ရန်သူတော်ကြီး၏မျက်နှာအမှန်ကို သေချာမသိရသ၍ သူ့အနေဖြင့် မျက်စိမှိတ် မယုံနိုင်ဖြစ်နေသည်။ 


ထိုလူက သူ့ကို မသတ်ဖူးသော်လည်း သူက ဘေးအန္တရာယ်ကင်းမည်ဟု မပြောနိုင်သေးချေ။


ကျီလင်က ကြောက်ရွံ့တုန်လှုပ်နေသော်လည်း မသေမရှင်ဖြစ်နေသော နဥ်ယွီအခြေအနေကြောင့် ပြောဆိုရန်သတ္တိများရှိလာသည်။ သူက ထိုလူကို ကြည့်ပြီး မေးလိုက်သည်။

"နဥ်ယွီကို ဘယ်မှာဖမ်းထားတာလဲ..."


တစ်ခဏခန့်အကြာ ဤလူက နဥ်ယွီ၏နာမည်ကို သိလောက်မည်မဟုတ်ဟု ကျီလင်တွေးမိသွားပြီး ဆက်ပြောလိုက်သည်။

"ငါနဲ့အတူ ပါလာတဲ့တစ်ယောက်လေ..."


ကျီလင်က စကားအဆုံးတွင် ငွေရောင်မျက်နှာဖုံးနှင့်ယောက်ျားက ခြေတစ်လှမ်းတိုးလာသည်။ ကျီလင်က ကြောက်လန့်တကြားဖြင့် နောက်တစ်လှမ်းဆုတ်လိုက်၍ ထိုလူကို စိုက်ကြည့်ပြီး သွားများကို တင်းတင်းစေ့ထားလိုက်သည်။ 


ဂါဘရီရယ်က ကောင်ငယ်လေးကို ငုံ့ကြည့်လိုက်သည်။ ကောင်ငယ်လေးက ထင်ရှားစွာကြောက်လန့်တုန်လှုပ်နေသော်လည်း သူ၏မျက်လုံးများတွင် ဖီဆန်ချင်သည့်အရိပ်အယောင်များရှိနေသည်။


သူ့အနက်ရောင်မျက်လုံးများ၏ နက်ရှိုင်းသောတစ်နေရာတွင် စူးရှတောက်ပမှုများ တလက်လက်ဖြတ်သန်းသွားသည်။ တစ်အောင့်အကြာတွင် သူ၏ကွဲအက်ပြီး လှောင်ရိပ်များပြည့်နှက်နေသည့်အသံက တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်ကို ဖြိုခွင်းလိုက်သည်။

"မင်းမှာ တခြားသူကို ဂရုစိုက်ဖို့အချိန်ရှိသေးတယ်ပေါ့...အခုချိန်မှာ မင်းကိုယ်မင်း ဂရုစိုက်နေသင့်တယ်မထင်ဘူးလား..."


ကျီလင်က ခေတ္တကြောင်အသွားသည်။ ထိုလူ့စကားက မှန်ကန်သည်။ သူက ဤလူကို ကြောက်လန့်သော်လည်း သူ၏စိတ်ထဲတွင် သူ့အား နာကျင်စေလိမ့်မည်မဟုတ်ဟု ထင်နေမိသည်။ ကျီလင်း၏ရင်ထဲတွင် ထူးဆန်းစွာ ဆန့်ကျင်ဘက်ဖြစ်နေသော ခံစားချက်မျိုး ပေါ်ပေါက်နေခြင်းကို အဖြေရှာမရနိုင်ပေ။ ယခုဘဝနှင့် ယခင်အတိတ်ဘဝတွင် ထိုလူက သူ့အား မည်သည့်အန္တရာယ်မှ မပေးခဲ့သောကြောင့် ဖြစ်နိုင်သည်။


ထို့ကြောင့် ကျီလင်က သူ၏လက်ရှိအခြေအနေကို အလွန်အရေးမထားစွာ လျစ်လျူရှုလိုက်ပြီး ဒဏ်ရာရရှိနေသောနဥ်ယွီအား စိုးရိမ်ပူပန်နေခဲ့သည်။


သို့သော် ယခုအချိန်တွင် ထိုသို့သော အသေးစိတ်ကို

စဥ်းစားရန် အချိန်မရှိသေးပေ။ ဂါဘရီရယ်က သူနှင့် ရင်းနှီးမှုမရှိသလို၊ သူ၏မစ်ရှင်တစ်စိတ်တစ်ပိုင်းလည်း မဟုတ်ပေ။ ကျင်းဆွေ့နှင်အခြားသူများကိုလည်း မသိချေ။ ဂါဘရီရယ်က မူလဇာတ်ကြောင်းထဲတွင် နေရာသိပ်မရှိသော သေးငယ်သည့် ဇာတ်ကောင်တစ်ဦးမျှသာ ဖြစ်သည်။ 


ထို့အတူ ရှင်ခြင်း၊ သေခြင်းအခိုက်အတန့်တွင် မည်သူမျှ အသေးအဖွဲ့ကိစ္စများကို အရေးမစိုက်နိုင်ချေ။ 


လူ့အသက်က ပိုအရေးကြီးတယ်...


ကျီလင်က သူ့အောက်နှုတ်ခမ်းကိုကိုက်လိုက်ရင်း ဂါဘရီရယ်ကို ပြောလိုက်သည်။

"ကျွန်တော်က ခင်ဗျားရဲ့ပစ်မှတ်ဆိုတာသိတယ်...သူက သာမန်ပြည်သူတစ်ယောက်ပဲလေ သူ့မှာအပြစ်မရှိဘူး... သူ့ကို နာကျင်အောင်မလုပ်ပါနဲ့..."


ကောင်ငယ်လေး၏အပြာရောင်မျက်လုံးများက သန့်စင်ပြီး တောက်ပနေသည်။ သူ၏လှပ၍ နူးညံ့သောမျက်နှာလေးက ကြောက်ရွံ့မှူကြောင့် ဖြူဖျော့နေသော်လည်း အပြစ်မရှိသည့်သူတစ်ယောက်အတွက် အကြောက်တရားများကို ဘေးချိတ်ထားကာ သူ့အား ခွန်းတုံ့ပြန်နေသည်။ 


ဂါဘရီရယ်က ရုတ်တရက် ခပ်တိုးတိုးရယ်မောလိုက်ပြီးနောက် ကောင်ငယ်လေး၏မေးရိုးကို သူ့လက်နှင့် ဖျစ်ညှစ်ဆုပ်ကိုင်လိုက်သည်။ သူ၏စူးရှရှအကြည့်များက သူ့(ကျီလင်)မျက်နှာကို စိုက်ကြည့်နေပြီး ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။

"သူက သာမန်ပြည်သူတစ်ယောက်ဆိုတော့ရော ဘာအရေးလဲ...သူက မင်းလိုသူဌေးသားလေးနောက်ကို လိုက်ဖို့ သူ့ကိုယ်သူအောက်ကျခံခဲ့တယ်လေ...ဒီလိုသစ္စာဖောက်မျိုးက အသက်ရှင်ဖို့ မထိုက်တန်ဘူး..."


ကျီလင်က ဆွံ့အသွားပြီး သူ့တစ်ကိုယ်လုံး တုန်လှုပ်မူများ ဖြတ်သန်းသွားသည်။ သူက ဂါဘရီရယ်ကို မယုံကြည်နိုင်သည့်အကြည့်များနှင့် ကြည့်လိုက်သည်။ 


သူ...သူက နဥ်ယွီကို သတ်ပစ်တော့မှာလား...


မဖြစ်နိုင်တာတွေ...


ဂါဘရီရယ်က နဥ်ယွီကို ဘာမှမလုပ်မည် မဟုတ်ဟု ကျီလင်က ထင်ခဲ့သည်။ နဥ်ယွီက သာမန်လူမှ ဆင့်ကဲပြောင်းလဲလာသူဖြစ်ကာ သူတို့၏ဂုဏ်ယူစရာဖြစ်သင့်သည်။ ဂါဘရီရယ်က အထက်တန်းလွှာအဆင့်ရှိလူများကိုသာ ပစ်မှတ်ထားပြီး သာမန်ပြည်သူများကို ထိခိုက်မှုမရှိသောကြောင့် ကျီလင်က ဂါဘရီရယ် သဘောတူလိမ့်မည်ဟုထင်ကာ မေးရဲခဲ့ခြင်းဖြစ်သည်။ 


သို့သော် ဤကြမ်းကြုတ်လှသည့်ယောက်ျားက နှစ်ခါပင်မစဥ်းစားဘဲ နဥ်ယွီအား သတ်ပစ်လိုသည်။


ဒီအဖြေက လုံးဝ မထင်မှတ်ထားစရာပဲ...


ဒါဆိုရင် အဓိကဇာတ်ကောင်က ဒီလိုကြီး သေဆုံးသွားရတော့မှာလားဟ...မဖြစ်သေးပါဘူး...


နဥ်ယွီက အဓိကဇာတ်ကောင်မဟုတ်လျှင်ပင် ကျီလင်အနေနှင့် သူအသတ်ခံရမည်ကို ရပ်ကြည့်မနေနိုင်ချေ။ 


နောက်တစ်ချက်က နဥ်ယွီက သူ့ကို မကယ်တင်ခဲ့လျှင် ယခုလိုအဖြစ်မျိုး ကြုံရလိမ့်မည်မဟုတ်ချေ။ 


ထိုယောက်ျား၏ သတ္ထုလက်အိတ်က ကျီလင်၏နှုတ်ခမ်းအောက်ကိုထိမိနေပြီး သူ့အသားအရေထဲ ချွန်ထက်သောဆူးများ ထိုးသွင်းနေသကဲ့သို့ ခံစားနေရသည်။ ကျီလင်က အံကြိတ်ထားသောအသံနှင့် ပြောလိုက်သည်။

"ခင်ဗျား...ခင်ဗျား သူ့ကိုသတ်လို့မရဘူး...သူက ခင်ဗျားထင်သလိုမဟုတ်ဘူး...သူက အထက်တန်းလွှာတွေကို ကပ်ဖားရပ်ဖားလုပ်တဲ့သူ မဟုတ်ဘူး... ခင်ဗျားအထင်လွဲနေတာ သူက ကျွန်တော့်နောက်လိုက်မဟုတ်ဘူး..."


ဂါဘရီရယ်က ကောင်လေး၏ပူပန်မှုများဖြင့် ဖြူဖျော့နေသည့်မျက်နှာလေးကို စိုက်ကြည့်လိုက်ပြီး ချောင်းဟန့်ကာ ရယ်မောလိုက်သည်။

"အိုး...ဒါဆိုရင် သူက မင်းကို ဘာလို့ကယ်ခဲ့တာလဲ..."


ကျီလင်က တွေဝေမှုရှိမနေဘဲ ပြန်ဖြေလိုက်သည်။

"သူက လူကောင်းမို့လို့ပေါ့...သူက တာဝန်ယူတတ်တဲ့စစ်သားဖြစ်ပြီး ကျွန်တော့်ကို မနှစ်မြို့တာတောင် ကယ်တင်ပေးခဲ့တာပဲလေ..."


ကျီလင်က မျက်တောင်များကို ပုတ်ခတ်လိုက်ပြီး တိုးညှင်းညင်သာစွာထပ်ပြောလိုက်သည်။

"သူက ကျွန်တော့်နောက်လိုက်မဟုတ်ဘူး...သူ့ကို နာကျင်အောင် မလုပ်ပါနဲ့နော်..."


ဂါဘရီရယ်က ကောင်ငယ်လေး၏မျက်လုံးထဲ နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်ပြီး ကျီလင်၏စကားက မှန်၊ မမှန် စစ်ဆေးနေတော့သည်။


ကောင်ငယ်လေး၏အပြာရောင်မျက်လုံးများက မည်သည့်တွေဝေနေသော အရိပ်အယောင်များမှမရှိဘဲ ပကတိသန့်စင်နေ၍ သူ့စကားများ စစ်မှန်ကြောင်း သက်သေပြနေသည့်အလားပင်။


ကျီလင်က ဂါဘရီရယ်၏အောက်တွင် သူ့ဆံပင်မွေးများ ထောင်ထသွားပြီး သူ့ခန္ဓာကိုယ်ကလည်း တင်းကျပ်သွားသည်။ ၎င်းအကြည့်များက သူ့အား ဖောက်ထွင်းမြင်ရသလိုမျိုး၊ သူ့တစ်ကိုယ်လုံးကို ဆွဲဆုတ်ချင်သည့်ခံစားချက်မျိုး ခံစားနေရသည်။ ကျီလင်က ထွက်ပြေးလိုစိတ် ပြင်းပြင်းထန်ထန်ပေါ်ပေါက်လာသော်လည်း နဥ်ယွီအတွက် သူ မည်သည့်အရာကိုမျှ မလုပ်ရဲပေ။ ထို့ကြောင့် သူက သူ၏မျက်လုံးများဖြင့် စစ်မှန်မှုကိုပြသရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။


နဥ်ယွီက သစ္စာဖောက်မဟုတ်ဘူး...


အချိန်အခိုက်အတန့်အကြာတွင် ဂါဘရီရယ်က ခေါင်းကိုငုံ့ဆင်းလာပြီး ကောင်ငယ်လေး၏နှုတ်ခမ်းများကို သူ၏အေးတိအေးစက်လက်ချောင်းများဖြင့် ဖြည်းဖြည်းချင်း ထိတွေ့လာပြီးသည့်နောက် လှောင်ရယ်ရှုံ့ချနေသောအသံဖြင့် ပြောလိုက်သည်။

"ကိုယ့်ကို အရင်တစ်ခေါက်ကတော့ ဒီလိုမျိုးပြောတာ မဟုတ်ပါဘူး..."


ကျီလင်က တုန်လှုပ်သွားသည်။


ဂါဘရီရယ်က စကားကို ဆက်ပြောလိုက်သည်။

"အရင်တစ်ခေါက်တုန်းက မင်းပဲ သူ့ကိုသေစေချင်တယ်ဆို...ဒါကြောင့် ကိုယ်က သူ့ကိုသတ်ဖို့ ကူညီပေးတာပဲလေ...မင်းပျော်နေသင့်တယ် မဟုတ်ဘူးလား..."


ကျီလင်က မျက်ရည်များဝဲသွားတော့သည်။


သွားပြီ...သွားပြီ...


နဥ်ယွီကို စိုးရိမ်နေခဲ့သောကြောင့် ဤကိစ္စကို သူ လုံးဝမေ့သွားခဲ့သည်။ ယခင်က ဤကြောက်စရာကောင်းသည့်လူလက်ထဲမှ ထွက်ပြေးလွတ်မြောက်စေရန် နဥ်ယွီအား ခုတုံးလုပ်ခဲ့သည်။ နဥ်ယွီကသာ ကျင်းဆွေ့၏အချစ်ကလေးဖြစ်ပြီး သူက နဥ်ယွီကို မုန်းတီးကာ သေစေချင်သည်ဟု ပြောခဲ့မိသည်။ 


ဤသို့ဖြစ်လာမည်ကို သိခဲ့လျှင် သူ့အနေဖြင့် နှုတ်ပိတ်နေမည်ဖြစ်ပြီး ထိုကဲ့သို့သော သတိလက်လွတ် ပြောဆိုခဲ့မည်မဟုတ်ပေ။ 


ယခုတွင်မူ ထိုစကားများကို ပြောဆိုပြီးသောကြောင့် ပြန်လည်ပြင်ဆင်၍လည်း မရတော့ပေ။ ကျီလင်က ဂါဘရီရယ်ကို စိတ်လွတ်စွာဖြင့် စိုက်ကြည့်နေပြီးနောက်တွင် မျက်ရည်များ အိုင်လာသည်။


ငါက အရင်လိုလူမျိုး မဟုတ်တော့ဘူးကွ...


မြောက်များစွာသော အတွေ့အကြုံများ၊ တိကျလှသောတွက်ချက်ခြင်းများဖြင့် တိုက်စစ်ဆင်ခဲ့မှုများ၊ ဘောစ့်များကို ပိုင်နိုင်စွာကောက်ကျစ်လှည့်ဖြားခဲ့မှုများ၊ စသည့်အရာများပြီးဆုံးသွားသည့်အခါတွင် ကျီလင်၏သရုပ်ဆောင်စွမ်းရည်က သိသိသာသာကို တိုးတက်လာခဲ့တော့သည်။


ကျီလင်က စိတ်ဓာတ်ကျနေသည့်အမူအရာဖြင့် ခါးသီးစွာရယ်မောလိုက်သည်။

"ဘာအတွက် ပျော်ရမှာလဲ...သူသေသွားရင်တောင် ဧကရာဇ်က ကျွန်တော့်ကို ချစ်လာမှာမှမဟုတ်တာ...အဲတော့ ဘာထူးတော့မှာလဲ..."


ကျီလင်က သူရှေ့ရှိယောက်ျားအား မျက်ရည်များဝဲနေသည့် မျက်လုံးများဖြင့် မော့ကြည့်လိုက်ပြီး မငိုစေရန်အတွက် မျက်တောင်များကို ပုတ်ခတ်လိုက်သော်လည်း မျက်ရည်အချို့က သူ၏ဖြူဖျော့နေသောပါးပြင်ထက်ကို စီးကျနေသေးသည်။ သူက နာကျင်ကြေကွဲနေသည့် အသံလေးဖြင့် ပြောလိုက်သည်။


သူ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲလာသည်။ သူက မျက်ရည်များကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း သူ၏ဖြူဖျော့သည့်ပါးပြင်အထက် မထိန်းချုပ်နိုင်ဘဲ စီးကျလာသည်။ သူ့အသံက ခါးသီးပြီး ဝမ်းနည်းဖွယ်ကောင်းနေသည်။

"အရင်က သူ့ကို ပစ်မှတ်ထားခဲ့ရတဲ့ အကြောင်းရင်းက ဧကရာဇ်ရဲ့ စိတ်ဝင်စားမှုကို ရဖို့ပဲ... သူ့ကို သတ်ပစ်မယ်လို့ ပြောခဲ့တာကလည်း ဒေါသစိတ်ကြောင့်ပါ...အခု ကျွန်တော့က ကားလို့စ်နဲ့ စေ့စပ်ထားတဲ့အတွက် အရေးမပါတဲ့သူကို ဆက်ပြီး နောက်ယောင်ခံနေစရာ အကြောင်းမရှိတော့ဘူးလေ..."


ဤသို့ ပြောဆိုပြီးနောက် ထိုလူက သူ၏မေးရိုးကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လာသည်ကို ခံစားလိုက်ရပြီး သူ၏ မျက်နှာက ဖြူဖျော့သွားသည်။ သို့သော် စိတ်ထဲတွင် သူက အလွန်စိတ်လှုပ်ရှားနေပြီး တစ်ဖက်လူက သူ့စကားကို ယုံကြည်မည်အား မသေချာဖြစ်နေသည်။


ထို့နောက် သူက ထိုလူ၏ ခြောက်သွေ့ပြီး ရှုံ့ချသည့် အသံဖြင့် ရယ်မောသံကို ကြားလိုက်ရသည်။ 

"ဧကရာဇ်ကို မင်းတကယ်ချစ်ပုံရတာပဲ..."


ကျီလင်၏ မျက်လုံးများက ချစ်ခြင်းမေတ္တာမှ ပေါက်ဖွားလာသော ပြင်းထန်သည့် ဒေါသကြောင့် အနီရောင်သန်းလာသည်။ သူက မျက်နှာလွှဲ၍ အေးစက်စွာ ပြောလိုက်သည်။ 

"ကျွန်တော် သူ့ကို ဆက်မချစ်တော့ဘူး..."


ဂါဘရီရယ်၏ မှောင်မိုက်သော မျက်လုံးများက နွေးထွေးမှု ကင်းမဲ့နေသည်။ သူက ကျီလင်ကို စဉ်းစားသလို ကြည့်နေပြီး သူ့အသံက ငြိမ်သက်ပြီး ခံစားချက်မဲ့နေသည်။ 

"ဒါပေမယ့် မင်းလိုအထက်တန်းလွှာရဲ့ မျက်လုံးထဲမှာ သူက အရေးမပါတဲ့သာမန်လူတစ်ယောက်ပဲလေ...သူက မင်းရဲ့တောင်းပန်မှုနဲ့ ထိုက်တန်သူ မဟုတ်လို့ မင်းစကားတွေက ကိုယ့်ကိုမထိရောက်ဘူး..."


ကျီလင်က စိတ်ထဲတွင် မိမိဘာသာတွေးလိုက်သည်။

ဒီလူက ကိုင်တွယ်ရခက်ခဲလိုက်တာ...သူက ငါ့ကို အဆုံးထိကို တွန်းပို့နေတာပဲ...


ကျီလင်က သူ၏ ဦးခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ဆန့်ကျင်သည့်ပုံစံဖြင့် ဂုဏ်ယူစွာကြည့်လာသည်။ သူက သူ၏ နှုတ်ခမ်းကို ကွေးလိုက်ပြီးနောက် ပြောလိုက်သည်။ 


"ဒါပေမယ့် အဲဒီ'အရေးမပါတဲ့သာမန်လူတစ်ယောက်'က စောစောကပဲ ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တယ်လေ...ဒီအတွက် ကျွန်တော်အကြွေး အတင်မခံနိုင်ဘူး..."


ဤအကြိမ်တွင် ဂါဘရီရယ်က အငြင်းပွားခြင်း မပြုတော့ပေ။ သူက ခဏအကြာ စဉ်းစားပြီးနောက် ပြောလာသည်။

"မင်းပြောတာ အဓိပ္ပါယ်ရှိသားပဲ..."


ကျီလင်း၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ပေါ်ထွက်လာသည်။ 

ဒီလူကို နောက်ဆုံးတော့ နားဝင်အောင် ပြောနိုင်ပြီပေါ့... 


သို့သော် သူ၏ စိတ်သက်သာရာရရှိသည်က မကြာသေးဘဲ ဂါဘရီရယ်က ထပ်မံ၍ ရယ်မောလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် ရက်စက်ကာ ရယ်မြူးသံစွက်သော လေသံဖြင့် ပြောလာသည်။

"မင်းပြောတဲ့စကားကို ကိုယ် တစ်ခွန်းမှ မယုံဘူး...မင်းက လိမ္မာပါးနပ်တဲ့ လူလိမ်လေးဆိုတာ ကိုယ်သိတာပေါ့..."


ကျီလင်၏ အမူအရာက တောင့်ခဲသွားပြီး တအောင့်အကြာတွင် ဒေါသ၊ စိတ်ပျက်လက်ပျက်ဖြစ်မှုနှင့် ကြောက်ရွံ့မှုများ ပေါင်းစပ်ထားသကဲ့သို့ ပြောင်းလဲသွားသည်။


မင်းက ငါ့စကားကို ဘယ်တော့မှ မယုံခဲ့ဘူးပေါ့...ဟမ် ဒါဆိုရင် ဘာလို့ ငါ့ကိုရှည်ရှည်ဝေးဝေးပြောခွင့်ပေးထားတာလဲဟ...မင်း ငါနဲ့ ကစားချင်တာလား...ပြီးတော့ အပြစ်မဲ့တဲ့သူကို နာကျင်အောင်လုပ်ပြီး ဘာလို့ ငါ့ကို ပစ်မှတ်ထားရတာလဲ...


အပြစ်မဲ့တဲ့သူကို သတ်ချင်တာက မှားယွင်းတဲ့ကိစ္စပါနော်...


ကျီလင်က မည်သည့်စကားကို ထပ်မံပြောဆိုရမည်ကို မသိတော့ပေ။ သူက စကားစပြတ်လုနီးဖြစ်နေပြီး သူ၏ မျက်လုံးများက စိတ်ပျက်လက်ပျက်မှုကြောင့် နီရဲတော့သည်။

"ကျွန်တော် အမှန်ပြောနေတယ်ဆိုတာ ကျိန်ရဲပါတယ်... "


ထိုအခိုက်အတန့်တွင် ဂါဘရီရယ်က သူ့ဆီ ရုတ်တရက် ချဥ်းကပ်လာပြီး သူ့ကို အနားရောက်လာအောင် ဆွဲယူလိုက်သည်။



✨✨✨