Chapter 84
Viewers 15k

✨ Chapter 84

အထောက်အထား



သူ သစ်သားလှေကားပေါ်သို့ တက်လိုက်ပြီးနောက် ဒုတိယထပ်သို့ တက်သွားခဲ့သည်။ ထိုတွင် နဥ်ယွီက စားပွဲတစ်ခု၌ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ဦးထုပ်ကို စားပွဲဘေးတွင် ချထားပြီး သပ်သပ်ရပ်ရပ် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်လွှာကိုချထားပြီး ထက်မြက်သော မျက်နှာပုံသဏ္ဌာန်ကို ပေါ်လာစေသည်။ ထိုအခိုက်အတွင်း သူ၏ စိတ်သဘောထားက တည်ငြိမ်ပြီး ငြိမ်သက်နေကာ တစ်စုံတစ်ရာကို ထုတ်ဖော်ပြသခြင်း မရှိပေ။


နဥ်ယွီက မည်သည့်အချိန်တွင်မဆို အမြဲတမ်း တည်ငြိမ်စွာ နေထိုင်လေ့ရှိ၍ သူ့ ပတ်ဝန်းကျင်ရှိသူများကို ခံစားမှု ပြေလျော့စေပြီး သူတို့၏ သတိလက်လွတ်မှုကို ဖြစ်ပေါ်စေသည်။


ကျီလင်က ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး နဥ်ယွီ အရှေ့မှထိုင်ခုံသို့ သွားထိုင်လိုက်သည်။


နဥ်ယွီက မော့ကြည့်လိုက်ပြီး သူ၏ စိမ်းပြာရောင် မျက်လုံးများ ယခင်ကဲ့သို့ပင် ငြိမ်သက်နူးညံ့နေပြီး ညင်ညင်သာသာလေးပြောလိုက်သည်။

"မင်းရောက်လာပြီပေါ့..."


ကျီလင်က နဥ်ယွီကို ပြန်မဖြေလိုက်ဘဲ ရှုပ်ထွေးနေသည့်အကြည့်များဖြင့်သာ ကြည့်လိုက်သည်။


အတိတ်ဘဝတွင် သူတို့က ပြိုင်ဘက်များ ဖြစ်သည်။ သူက နဥ်ယွီကို လှောင်ပြောင်လေ့ရှိပြီး နဥ်ယွီကလည်း သူ့ကို ပြန်လှောင်လေ့ရှိသည်။ တစ်နေ့တွင် သူတို့နှစ်ဦး ယခုကဲ့သို့ တွေ့ဆုံကာ လက်ဖက်ရည်သောက်နေမည်ဟု သူ မည်သို့မျှ မထင်မှတ်ခဲ့ပေ။


ကျီလင်က ထူးဆန်းသည်ဟု ခံစားရသည်။


သို့သော် ကားလို့စ်ပင် သူ့ကို ချစ်နေပြီဖြစ်နိုင်သောကြောင့် ပြိုင်ဘက်နှင့် လက်ဖက်ရည်သောက်ခြင်းက ထူးဆန်းသည်ဟု မထင်မှတ်ရတော့ပေ။


သူက နဥ်ယွီကို လှောင်ရန် စိတ်အားထက်သန်မှု မရှိတော့ပေ။ သူ့ကို အပြစ်တင်လှောင်ပြောင်ချင်စိတ်မရှိတော့သော်လည်း အလွန်အမင်း ခင်မင်သလို အပြုအမူမျိုးလည်း မပြသနိုင်ချေ။


ထို့ကြောင့် သူက နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ထားပြီး လေသံမာမာဖြင့်မေးလိုက်သည်။

"ငါ့ကို ဘာလို့ တွေ့ချင်တာလဲ..."


နဥ်ယွီက ကျီလင်ကို စူးစိုက်ကြည့်လိုက်သည်။


လူငယ်လေးတွင် ရွှေရောင်ဆံပင်များ နဖူးပေါ်သို့ ပျော့ပျော့လျော့လျော့ ကျနေပြီး ခပ်ဖြူဖြူ နူးညံ့သော မျက်နှာသွင်ပြင်များ ပေါ်လာစေသည်။ 


အပြင်ပိုင်းတွင် သူက ယခင်ကထက် အလွန်မကွာခြားပေ။ သို့သော် သေချာကြည့်လျှင် သူ၏ တောက်ပြောင်လင်းလက်သော ပြာလဲ့ရောင် မျက်လုံးများတွင် ယခင်က တွေ့ရသော တောက်ပမှုများ ပျောက်ကွယ်သွားပြီး သူတွေ့ကြုံခဲ့ရသော ခက်ခဲသော အခြေအနေများကြောင့် အသက်ဝင်မှု ပျောက်ကွယ်သွားသလို ဖြစ်နေသည်။ 


သူ၏ နှဖူးမှာ စိတ်မကောင်းမှု ဖြစ်နေသည့် ပုံစံမျိုး ဖြစ်နေသည်။


သူသည် နဉ်ယွီရှေ့တွင် ထိုင်နေသော်လည်း ယခင်က နဥ်ယွီကို လှောင်ပြောင်ရန် ပြေးလွှားနေခဲ့သည့် ကျီလင်ကဲ့သို့ စိတ်အားထက်သန်မှုများ မရှိတော့ပေ။


ထိုအချိန်က သူက နဉ်ယွီအား လှောင်ပြောင်ရန် မကုန်ခမ်းနိုင်သည့်အင်အားများ အပြည့်အဝရှိခဲ့သည်။ ယခုအခါ သူက လမ်းမှန်မသိသည့် ကလေးငယ်တစ်ဦးနည်းတူ စိတ်ရှုပ်ထွေးနေသည်။


နဥ်ယွီက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီးနောက် သူ၏မျက်လုံးများ နည်းနည်း မှိန်သွားပြီး တဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ကားလို့စ်နဲ့ ပျော်နေလား..."


ကျီလင်က စိတ်ထဲတွင် တွေးလိုက်သည်။ 

'ပျော်နေလားတဲ့...ဘယ်လိုမှ ပျော်မနေပါဘူးနော်... နေ့တိုင်းနေ့တိုင်း ကြောက်ရွံ့နေရတဲ့သိုးငယ်လေးက သေခြင်းတရားကို စောင့်နေရသလို ဘယ်နေ့များ  ငါဖုံးကွယ်ထားတာတွေ ပေါက်ကြားသွားမလဲဆိုပြီး ကြောက်ရွံ့နေရတာကွ...'


သူက ထိုစကားကို နဥ်ယွီကို ပြောပြနိုင်မည် မဟုတ်ပေ။ သူက ခေါင်းကို အခြားတစ်ဖက်ကို လှည့်လိုက်ပြီး နှာမှုတ်ကာ ပြောလိုက်သည်။

"ဒါက မင်းကိစ္စမဟုတ်ဘူး..."


နဥ်ယွီက လူငယ်လေး၏ စိတ်မရွှင်သောအမူအရာ ကြည့်ပြီး ခေါင်းမာလှသည့်စိတ်ဓာတ်နှင့် ခပ်တင်းတင်းစေ့ထားသောနှုတ်ခမ်းများကို တွေ့လိုက်ရသည်။ သူက ပြန်လည်၍ တိတ်ဆိတ်သွားသည်။


ကျီလင်က နဥ်ယွီ၏မျက်လုံးအောက်တွင် အနည်းငယ်သက်သောင့်သက်သာမရှိ ခံစားရသည်။ နဥ်ယွီက သူ့ကို သနားနေသလို ခံစားရသည်။ ထိုသို့ ခံစားရသည်မှာ သူ့အတွေးများသာ ဖြစ်ရမည်။ သူက စားပွဲပေါ်တွင် လက်ချောင်းများကို တောက်လိုက်ပြီး မျက်ခုံးကို ပင့်သပ်လိုက်ပြီးနောက်တွင် တိုက်တွန်းမေးလိုက်သည်။ 

"ဟေး... ဧကရာဇ်အကြောင်း ပြောချင်တယ်လို့ မပြောခဲ့ဘူးလား... ဘာကိစ္စလဲ..." 


နဥ်ယွီက သူ့ကို စက္ကန့်အနည်းငယ် စိုက်ကြည့်ပြီး တိတ်တိတ်ဆိတ်ဆိတ် ပြောလိုက်သည်။

"ဟုတ်တယ်... ငါထင်တာက မင်းက ငါနဲ့ ဧကရာဇ်ရဲ့ဆက်ဆံရေး အခြေအနေကို ပိုပြီး စိတ်ဝင်စားနေမှာလို့ ထင်လို့ပါ… ဒါကြောင့် ငါနဲ့ ဧကရာဇ်ကြားမှာ ဘာတိုးတက်မှုမှ မရှိသေးဘူးဆိုတာ ပြောချင်တာပါ..."


ကျီလင်: ဟမ်…


ငါ့ကို မင်း ဒီအထိကို ခေါ်ရတာက မင်းနဲ့ဧကရာဇ်ကြားမှာ ဘာပတ်သက်မှုမှ မရှိဘူးဆိုတာကို ပြောဖို့အတွက်လား...


ကျီလင်က ဒေါသထွက်လွန်း၍ ပေါက်ကွဲလုနီးနီးပင်။ သို့သော်လည်း စိတ်ကိုလျှော့ချလိုက်ပြီးနောက် သူသဘောပေါက်လိုက်သည်က ဤကိစ္စက အမှန်ပင် နဥ်ယွီ၏အမှား မဟုတ်ပေ။ အားလုံးက ဤလူဝင်စားအရူးကောင်များ၏ အမှားများဖြစ်သည်။ ဇာတ်လိုက်က အဓိကဇာတ်ကောင်နှင့် မတွဲချင်ဘဲ၊ ထိုအစား အမြှောက်စာဇာတ်ကောင်ကိုသာ ဆက်တိုက်လိုက်ပိုးနေကြသည်။


နေပါဦး… 


ကျီလင်က နဥ်ယွီ၏စကားများတွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ချက်ချင်းသဘောပေါက်လိုက်သည်။ 


နဥ်ယွီရဲ့ ချစ်သူရည်းစားအခြေအနေကို ဘယ်သူဂရုစိုက်မှာလဲ...


ငါက ဧကရာဇ်အကြောင်းကိုပဲ ဂရုစိုက်တယ်...


သို့သော်လည်း ထိုသို့ ဝန်ခံမည်မဟုတ်ပေ။


ကျီလင့်မျက်နှာက အေးခဲသွားပြီးနောက် သူက မထီမဲ့မြင်ပြုသောအသံဖြင့် ပြန်ပြောလိုက်သည်။

"ဒါက ငါ့ကို ပြောချင်တာလား...မင်းက ငါ့အချိန်တွေကို ဖြုန်းတီးနေတာပဲ... မင်း ဧကရာဇ်နဲ့ မတွဲရသရွေ့ မင်းရဲ့အချစ်ရေးကို ဘယ်သူက ဂရုစိုက်မှာလဲကွ..."


ကျီလင်ထရပ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ ဤနေရာကို အစတည်းက သူ မလာခဲ့သင့်ပေ။


သူလှည့်ထွက်သွားချိန်တွင် နဥ်ယွီက ထိုင်ရာမှ မကြွဘဲ တည်ငြိမ်စွာဖြင့် ကျီလင်၏ကျောဘက်ကိုကြည့်၍ ရုတ်တရက်ပြောလိုက်သည်။

"မင်း... ငါ့ကို ထင်သလောက် မမုန်းဘူးမလား..."


ကျီလင် လဲကျမတက်ဖြစ်သွားတော့သည်။ နဥ်ယွီ၏စကားများက သူ့ကို သံသယများနှင့်ပြည့်စေခဲ့ပြီး မလွယ်ကူသည့်ခံစားချက်များဖြစ်ပေါ်စေသည်။ နဥ်ယွီက သူ့ကို တွေ့ချင်ရသည့် နောက်ကွယ်ကရည်ရွယ်ချက်ကို သူ နားမလည်ဖြစ်နေသည်။


ကျီလင်က နဥ်ယွီဘက်ကို လှည့်လိုက်ပြီး အေးစက်စက်ဖြင့်စိုက်ကြည့်ပြီး ပြောလိုက်သည်။

"မင်းကိုယ်မင်း အထင်ကြီးမနေနဲ့...တခြားသူတွေထက်ပိုပြီး မင်းကို မုန်းတယ်..."


နဥ်ယွီ၏အကြည့်များက နက်ရှိုင်းနေပြီး သူ၏အသံကတည်ငြိမ်စွာပြောလာသည်။

"ဟုတ်လား..."


နဥ်ယွီ၏ 'ဟုတ်လား' ဆိုသည့်စကားသံက ကျီလင့်ကို ဆံပင်မွေးများထောင်ထစေသည်အထိ ကြောက်လန့်စေပြီး ဆိုးဆိုးရွားရွားးဖြစ်လာနိုင်သည်ဟု ခံစားနေရသည်။ သူ့စိတ်ကို ဖောက်ထွင်းကာ ဖတ်နိုင်သလိုခံစားနေရသောကြောင့် အံ့သြမိသည်။


ဒါပေမယ့် ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


သူက နဥ်ယွီအပေါ် ဆိုးရွားစွာ ဆက်ဆံခဲ့သော်လည်း နဥ်ယွီက သူ့အပေါ် မမုန်းနိုင်ဖြစ်နေခဲ့သည်။ 


ဒါဆိုရင် နဥ်ယွီက နာကျင်မှုကို ကြိုက်နှစ်သက်တဲ့သူများလား...


ကျီလင်က ဆက်လက်ပြောချင်စိတ်မရှိသောကြောင့် လှည့်ထွက်သွားတော့သည်။


သူတံခါးမှတစ်ဆင့် ထွက်တော့မည့်အချိန်တွင် အပြင်ဘက်မှ ရုတ်တရက် ကျယ်လောင်သည့်ပေါက်ကွဲအသံထွက်ပေါ်လာပြီးနောက် မြေကြီးက ပြင်းပြင်းထန်ထန် တုန်လှုပ်နေ၍ သစ်သားအိမ်လေးသည် ပြိုကျတော့မည်ပမာ တုန်ခါနေသည်။ ကျီလင် အပြင်ဘက်ကို လှမ်းကြည့်လိုက်ချိန်တွင် သူ့အမူအရာက ချောက်ချားသွားတော့သည်။


မဖြစ်နိုင်ဘူး...


ဟိုဗာကားပေါ်မှ မျက်နှာဖုံးများတပ်ဆင်ထားသည့် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ဒါဇင်ခန့် ခုန်ထွက်လာတော့သည်။ ထိုသူများအနက် ငွေရောင်မျက်နှာဖုံးနှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်ယောက်ျားတစ်ဦးက ထင်ရှားစွာ ပေါ်ထွက်နေပြီး လျစ်လျူရှု၍ မရပေ။


ကျီလင်တစ်ယောက် တုန်လှုပ်သွားသည်။


ဂါဘရီရယ်ကတော့ ရူးသွားပြီထင်တယ်... မဟုတ်ရင် ဘယ်လိုသတ္တိမျိုးနဲ့ မြို့တော်ကို လာရဲရတာလဲ...


မြို့တော်မှာ သူ့ခေါင်းကို လိုချင်နေတဲ့သူများတာကို မသိတာလား... သူ စိတ်လွတ်သွားတာမဟုတ်ရင်...ကိုယ့်ကိုယ်ကိုယ်ကို စိတ်ကြီးဝင်နေလို့ပဲ ဖြစ်ရမယ်...


ကျီလင်၏အမူအရာက ဖြူဖျော့သွားပြီး ချက်ချင်းထွက်ပြေးတော့သည်။


သို့သော် ဤကဲ့သို့သော အင်အားကြီး၍ တိုးတက်နိုင်စွမ်းမြင့်မားသည့်စစ်သည်များကို အနိုင်ပိုင်းကာ လျင်မြန်စွာကျော်တက်နိုင်ရန်က သူ့အတွက် မဖြစ်နိုင်ခဲ့ပေ။ 


မျက်စိတစ်မှိတ်အတွင်းတွင် ထိုအညှာအတာကင်းမဲ့သောအနက်ရောင်ဝတ်စုံလူများက ကျီလင်အား မှီသွားပြီး ထိုလူများထဲက တစ်ယောက်က ကျီလင့်လက်မောင်းအား ဖမ်းဆုပ်မည်အလုပ် နဥ်ယွီက လှုပ်ရှားလာပြီး ထိုလူအား တစ်ချက်တည်းဖြင့် ထိုးလိုက်ပြီးနောက် ကျီလင်၏ခါးသိမ်သိမ်ကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်လိုက်ပြီး ဒုတိယထပ်မှ ခုန်ချကာ အမြန်ဆုံး ထွက်ပြေးတော့သည်။


ကျီလင်က စကားပင် မပြောနိုင်သည်အထိ ဆွံ့အသွားခဲ့ပြီး သူ၏မျက်နှာအမူအရာကလည်း နားမလည်မှုများနှင့် ရှုပ်ထွေးသွားခဲ့သည်။


သူတို့နှစ်ယောက်က အချစ်ပြိုင်ဘက်များ ဖြစ်ခဲ့ကြသည့်အပြင် သူက နဥ်ယွီအပေါ် ဆိုးရွားသည့်လုပ်ရပ်များပင် လုပ်ခဲ့သေးသည်။


သို့သော်လည်း ဤအခိုက်အတန့်တွင် နဥ်ယွီက သူ့အား မစွန့်ပစ်ခဲ့သည့်အပြင် လာရောက်ကယ်တင်လိုက်သေးသည်။


ကျီလင်ခမျာ ရင်ထဲ၌ အလွန်အမင်းထိမိသွားမိသဖြင့် ငိုပင်ငိုမိတော့မည့်အလား ခံစားလိုက်ရသည်။ နဥ်ယွီက အမှန်တကယ်ကို ဖြောင့်မတ်အမှန်ကန်ဆုံးနှင့် ကြင်နာတတ်သောနှလုံးသားလေးကိုပိုင်ဆိုင်သည့် အဓိကဇာတ်ကောင်၊ အရာအားလုံးနှင့်ထိုက်တန်သည့် သူတော်စင်ပမာ အဓိကဇာတ်လိုက်တစ်ယောက်ပင်။ ဤကဲ့သို့သောကိစ္စများဖြစ်ပျက်သွားသည့်တိုင်၊ သူက မကောင်းမှုကို ကောင်းမှုနှင့်ချေ၍ အကျင့်မကောင်းသောလူကို ကယ်တင်ချင်နေသေး၏။


မင်းက ဒီလောကမှာ အားကိုးရဆုံးသူပဲ...


နဥ်ယွီက ကျီလင်ကို ပွေ့ဖက်ကာ လျင်မြန်ချောမွေ့စွာ ထွက်ပြေးနေသည်။ သေခြင်းတရားနှင့်လက်တစ်လုံး ကွာခြားစွာ အန္တရာယ်များကို ဆက်တိုက်ကျော်လွှားနိုင်ခဲ့သည်။ ကျီလင်က သူတို့တွင် အန္တရာယ်တစ်ခုပြီးတစ်ခုကျော်ဖြတ်နေချိန် ဆောင်းလေအေးများ လာရောက်တိုက်ခိုက်နေသလို ခံစားနေရသည်။ သို့သော်လည်း ထိုသူပုန်များက လက်မလျှော့သေးဘဲ သူတို့အား ရောင်ခြည်သေနတ်များဖြင့် ပစ်ခတ်လာတော့သည်။


ကျီလင်က နဥ်ယွီ၏တင်းမာနေသောမေးရိုးနှင့် စိုးရွံမှုများပြည့်သိပ်နေသော စိမ်းပြာရောင်မျက်လုံးများကို ကြည့်လိုက်သည်။ သို့သော် သူလည်း မကူညီနိုင်သောကြောင့် နဥ်ယွီ ထိခိုက်ဒဏ်ရာမရစေရန် ဆုတောင်းပေးနေမိသည်။


သို့သော်လည်း ဤအခိုက်အတန့်တွင် သူပုန်တစ်ဦးက ဘေးဘက်မှ ပစ်ခတ်တိုက်ခိုက်လာပြီး နဥ်ယွီက ပစ်ခတ်မှုကို အလျင်မြန်ရှောင်ခဲ့သော်လည်း ပခုံးကို ထိမှန်သွားသေးသည်။ နဥ်ယွီ၏မျက်နှာတွင် ပစ်ခတ်မှုကြောင့် ပန်းချီခြယ်သလို သွေးရောင်လွှမ်းမိုးသွားသည်။


ကျီလင်က အံ့သြမှင်သက်ပြီးနောက် သူ့အမူအရာက ပြောင်းလဲသွားသည်။ ထို့နောက် ကျီလင်က ဆုံးဖြတ်ချက်ခိုင်မာသည့်အရိပ်အယောင်ဖြင့် နဥ်ယွီကိုပြောလိုက်သည်။


"ငါ့ကို ထားလိုက်တော့...ငါ့ကို ချခဲ့ပြီး မင်းဘာသာပဲ လွတ်အောင် ထွက်ပြေးလိုက်စမ်းပါ..."


သူပုန်များက သူတို့ကို လွှတ်ပေးမည်မဟုတ်ပေ။ အကယ်၍ နဥ်ယွီက သူ့ကိုပါ ကယ်တင်ပြီးထွက်ပြေးမည်ဆိုပါက နှစ်ဦးလုံး အသက်ရှင်လျက်ဖြင့် လွတ်မြောက်မည်မဟုတ်ပေ။ 


နဥ်ယွီက ကျီလင်ကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်ခုံးများက ကြုတ်သွားသော်လည်း မည့်သည့်အမူအရာမှ မပြသလို လွှတ်ပေးမည့်ပုံစံလည်း မရှိချေ။ သူ တစ်ချက်ခုန်ပေါက်ကာ ခေါင်မိုးပေါ်သို့ ခုန်တက်၍ ဆက်လက်ထွက်ပြေးနေသည်။


ကျီလင်တစ်ယောက် စိုးရိမ်ပြီး ကြောက်လန့်နေတော့သည်။ ဤကိစ္စက မထင်မှတ်ထားသောကိစ္စဖြစ်သောကြောင့် သူ၏ထိန်းချုပ်မှုအောက်တွင် မရှိချေ။ ထို့ကြောင့် နောက်လာမည့်အဖြစ်အပျက်ကို သူ မခန့်မှန်းနိုင်ဖြစ်နေသည်။ ထို့ပြင် သူနှင့်အတူ အခြားသူတစ်ယောက်ကိုလည်း ဆွဲမချနိုင်ပေ။ 


သူ၏စိတ်မသက်သာမှုများ တိုးလာပြီးနောက်တွင် နဥ်ယွီက ရုတ်တရက်ရပ်တန့်သွားကာ သူ့အကြည့်များက ထိတ်လန့်မှုများဖြင့် ပြည့်သိပ်နေတော့သည်။ 


ငွေရောင်မျက်နှာဖုံးဝတ်ဆင်ထားသည့်အရပ်ရှည်ရှည်နှင့်ယောက်ျားက သူတို့အရှေ့ ခပ်လှမ်းလှမ်းမှ ဆင်းသက်လာတော့သည်။ ထိုလူက ခေါင်းကိုမော့လိုက်ပြီး သူ၏အေးစက်သည့်အနက်ရောင်မျက်ဝန်းတစ်စုံက လှောင်ရယ်မှုများ ပြည့်သိပ်နေတော့သည်။


ကျီလင်၏အမူအရာက စိတ်ပျက်မှုဖြင့်ပြည့်သိပ်သွားတော့သည်။ 


နောက်ကျသွားပြီပဲ...


နဥ်ယွီက ကျီလင်အား မြေပြင်တွင်ချလိုက်ပြီးနောက် သူတို့ကို ဝိုင်းရံလာသည့်အနက်ရောင်ဝတ်စုံနှင့်လူများကို ကြည့်လိုက်သည်။ နဥ်ယွီက နူတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူပုန်ထဲက လူတစ်ဦးက နဥ်ယွီ့ဝမ်းဗိုက်ကို ပိတ်ထိုးလိုက်ပြီး အခြားသူများက ရှေ့တက်လာ၍ နဥ်ယွီ့လက်များကို ကျောအနောက်ဘက်ချုပ်လိုက်ပြီး အထူးပြုလုပ်ထားသည့်သတ္ထုလက်ထိပ်များဖြင့် ချုပ်နှောင်လိုက်သည်။


နဥ်ယွီ၏နူတ်ခမ်းထောင့်တွင် သွေးများစွန်းထွင်းနေသော်လည်း ထိုလူများ အတင်းအကျပ်တွန်းထုတ်နေသည့်အပေါ် ဘာမှပြန်မလုပ်ဘဲ အေးတိအေးစက်ဖြင့် ကြည့်နေသည်။


ဂါဘရီရယ်က သူ၏လက်တစ်ချောင်းကိုပင် မလှုပ်ခဲ့ဘဲ အေးတိအေးစက်ဖြင့်သာ အစအဆုံး မတ်တတ်ရပ်ကြည့်နေခဲ့သည်။ တအောင့်အကြာတွင် သူ၏ကွဲအက်နေသည့်အသံထွက်ပေါ်လာတော့သည်။

"သူတို့ကို ခေါ်သွားလိုက်..."


သူပုန်များက နဥ်ယွီအား လေးလံလှသည့်ချိန်းကြိုးများဖြင့် အတင်းအကျပ်ချုပ်နှောင်လိုက်သော်လည်း ကျီလင်ကိုမူ အာရုံမထားဘဲ သူ့အား ငှက်မွေးသဖွယ်ကောက်မလိုက်ပြီးနောက် ဟိုဗာကားထဲ ပစ်ထည့်လိုက်သည်။ 


ကျီလင်က ဖမ်းချုပ်ခံထားရသည့်နဥ်ယွီကို ခိုးကြည့်လိုက်ပြီးနောက်တွင် အညှာတာကင်းမဲ့သောသူပုန်များနှင့် ခံစားချက်ကင်းမဲ့နေသည့် ငွေရောင်မျက်နှာဖုံးဖြင့် ယောက်ျားကို ကြည့်လိုက်၍ သူ၏ကြေကွဲမျက်ရည်များကို ထိန်းချုပ်ထားရန်ခက်ခဲနေတော့သည်။ 


ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ...


သူ အင်ပါယာကြယ်တွင် လိမ်လိမ်မာမာဖြင့် နေနေသော်လည်း ဤယောက်ျား၏လက်ထဲမှ မလွတ်မြောက်သေးပေ။


မကြာမိီတွင် ဟိုဗာကားက လျှို့ဝှက်သည့်မြေအောက်အခြေစိုက်စခန်း၌ ဆင်းသက်သွားသည်။


သူတို့နှစ်ဦးက တွန်းထုတ်ခံလိုက်ရပြီး ကျီလင်က ဤအခိုက်အခန့်တွင် နဥ်ယွီနှင့် တကွဲတပြားမဖြစ်ချင်ပေ။ သို့သော်လည်း သူပုန်များက သူတို့ကို မတူညီသည့်အရပ်ဆီကို ခေါ်ဆောင်သွားသောကြောင့် ကျီလင်က နဥ်ယွီကိုခေါ်ဆောင်သွားရာဘက်ကို ကြည့်နေရုံသာ တတ်နိုင်သည်။ သူ့၏နှလုံးသားထဲတွင် စိုးရိမ်မှုများနှင့် ကြောက်ရွံ့မှုများ ပြည့်သိပ်နေသည်။


အနက်ရောင်ဝတ်စုံနှင့်သူပုန်က ကျီလင်ကို ကျဥ်းမြောင်းသည့်အနက်ရောင်အခန်းငယ်အတွင်း တွန်းထည့်လိုက်ပြီးနောက် တံခါးကိုသော့ပိတ်ကာ တစ်ယောက်ထဲ ထားခဲ့တော့သည်။


----------


ထိုအချိန်တွင် နဥ်ယွီက အဖြူရောင် သတ္တုအခန်းတွင် သော့ပိတ်ခံထားရသည်။


ထိုနေရာတွင် သူ ငြိမ်သက်စွာ ရပ်နေ၏။ မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲမှ ထိခိုက်မှုများနှင့် သူ့အဝတ်ကို ရွှဲနစ်နေစေသော သူ့ပခုံးပေါ်ရှိ သွေးအစွန်းအထင်းများရှိနေသည့်တိုင် သူက အနည်းငယ်မျှပင် တုန်လှုပ်သွားပုံမပေါ်ပေ။ သူ၏ ချောမောသော မျက်နှာက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ၏ စိမ်းပြာရောင် မျက်လုံးများက နက်ရှိုင်းကာ ပုံမှန်ရှိနေကျ နွေးထွေးမှုတို့ လျော့ပါးလျက် မဖော်ပြနိုင်သော ပြင်းထန်မှုတို့ ကြီးစိုးနေသည်။


အပြင်ဘက်မှ 'ကလစ်'ဟူသည့် မြည်သံနှင့်အတူ တံခါးက ပွင့်လာသည်။


ငွေရောင်မျက်နှာဖုံးနှင့် လူတစ်ယောက် အထဲကို ဝင်လာ၏။


နဥ်ယွီက အသံကြားရာကို လှည့်ကြည့်လိုက်ပြီး သူ့လက်များကို သမန်ကာလျှံကာဖြင့် ဆွဲထုတ်လိုက်ရာ မာကျောသော သတ္ထုလက်ထိပ်များက အပိုင်းပိုင်း အစစ ပဲ့ကြွေကာ မြေပေါ်ကျသွားလေသည်။ သို့သော် ငွေမျက်နှာဖုံးတပ်ဆင်ထားသည့်ယောက်ျားကမူ ဘာမှထူးခြားမှု မရှိသည့်အလား တုံ့ပြန်မှု တစ်စုံတရာ ပေးမလာခဲ့ပေ။


သူက နဥ်ယွီဆီသို့ လျှောက်သွားကာ သူ့ရှေ့တွင် ဒူးတစ်ဖက်ကို ဖြည်းညှင်းစွာ ဒူးထောက်လိုက်သည်။ သူက လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ အခြားလက်တစ်ဖက်ကို အသုံးပြု၍ မျက်နှာဖုံးကို မျက်နှာပေါ်မှ ဦးခေါင်းပေါ်သို့ တွန်းတင်ဖယ်ရှားလိုက်ရင်း နဥ်ယွီအား လေးစားမှုပြသလာခဲ့သည်။


ထိုလူက ဦးညွှတ်လျက် ကွဲပြားခြားနားသော လေသံဖြင့် ဖွင့်ဟပြောလာသည်။

“အရှင်…”


------


စာရေးသူမှာ ပြောစရာရှိပါတယ်။


ကျီလင်: သူတို့အားလုံးက အရူးတွေ မင်း တစ်ယောက်တည်းပဲ လူကောင်း QAQ  (မျက်ရည်ဝဲနေသော အီမိုဂျီ)


နဥ်ယွီ: ဟမ် …


စာရေးသူ: "..."



✨✨✨