✨ Chapter 83
ကျီလင်က ဂျိုနက်ထွက်သွားပြီးနောက်တွင် ဘာဖြစ်သွားမှန်း လုံးဝသိရှိမနေပေ။ သူက ရုတ်တရက်စိတ်ကူးပေါ်ပေါက်လာသည့်အတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တစ်ဖက်လူက သူ့အပေါ်ကျေးဇူးတင်သည်ဖြစ်စေ၊ ကျေးဇူးမတင်သည်ဖြစ်စေ ဂရုမစိုက်ချေ။
ဤကိစ္စလေးနှင့် နှိုင်းယှဥ်ပါက ကားလို့စ်၏အခြေအနေက သူ့အားစိတ်အနှောင့်အယှက် အကြီးအကျယ်ဖြစ်စေသည်။
ဤသို့ဆက်သွားနေခြင်းက ဖြေရှင်းနည်းမဟုတ်ကြောင်း ထင်ရှားသော်လည်း ဤကိစ္စကို သူကြာကြာ ရှောင်ရှားနိုင်မည်မဟုတ်ပေ။ ကားလို့စ်ကလည်း မည်သည့်အချိန်ထိ သည်းခံလိမ့်မည်ကို မသိချေ။ ဤကိစ္စအားလုံးက မသေချာမရေရာဖြစ်နေသည်။
သူ၏စနစ်ကလည်း လျှောက်လွှာတင်ရန် ခေတ္တပြန်သွားသောကြောင့် သူ့အား ကူညီနိုင်မည်မဟုတ်ပေ။
စိတ်ရှုပ်စရာဖွယ်ရာ အကြောင်းအရာကိစ္စများကို စဥ်းစားမိရင်း ကျီလင် စိတ်ညစ်စွာသက်ပြင်းချလိုက်မိသည်။
ဝန်ကြီးဂျယ်ရယ်နှင့် အခြားသူများက ကျီလင်၏ စိတ်မကောင်းဖြစ်နေဟန်ရှိပြီး စိတ်လွတ်လပ်မှုမရှိသောအပြုအမူကိုကြည့်ရင်း တစ်ဦးချင်းစီက သက်ပြင်းချလိုက်သည်။ ကျီလင်က မြို့စားကြီးကားလို့စ်၏ဘေးတွင် လုံးဝပျော်ရွှင်နေသည့်ပုံမပေါ်ပေ။
ကျီလင်က ဧကရာဇ်အပေါ်၌ စိတ်ခံစားချက်များ ရှိနေသေးကြောင်း သေချာသည်။
ဒါဆိုရင် ကျီလင်က ဘာကြောင့် ကားလို့စ်နဲ့ လက်ထပ်ခဲ့ရမှာလဲ...ကားလို့စ်က သူကို ခြိမ်းခြောက်ထားတာများလား...
လူတိုင်း၏စိတ်ထဲတွင် ချစ်ခြင်းမေတ္တာ၊ အမုန်းနှင့် တွယ်ညိမှုတို့၏ဇာတ်လမ်းများက တဝဲဝဲလည်လည် ဖြစ်ပေါ်လာခဲ့ပြီးနောက် မျက်နှာပြင်အောက်တွင် မည်သို့ဝှက်ထားသောအမှန်တရားမျိုးရှိသည်ကို သိချင်နေကြသည်။ သူတို့နှလုံးသားများကို ကြောင်လက်သည်းများဖြင့် ခြစ်ကုတ်နေသလိုခံစားနေရသော်လည်း မေးမြန်းရန်အတွက် လုံလောက်သည့်သတ္တိမရှိကြပေ။ သို့သော်လည်း သိချင်စိတ်က ခံရပ်နိုင်စရာမရှိအောင် ဆိုးလှသည်။
အချိန်ကြာမြင့်လာသည်နှင့်အမျှ ပွဲမှပြန်သွားကြသော ဧည့်သည်တို့ များသည်ထက်များလာခဲ့သည်။ ကျီလင်တစ်ယောက် ပြန်ရန်အတွက် ချီတုံချတုံ ဖြစ်နေစဉ်မှာပင် ရုတ်တရက် ပွဲတစ်ခုလုံး တိတ်ကျပြီးနောက် နှုတ်ခွန်းဆက်စကားအသံများ စီတန်းထွက်ပေါ်လာခဲ့လေသည်။
"မြို့စားကြီးကားလို့စ်..."
နှုတ်ခွန်းဆက်သံများကိုကြား၍ ကျီလင် လှည့်ကြည့်လိုက်ရာ ကားလို့စ်က သူ့ထံ ခြေလှမ်းတစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို တွေ့လိုက်ရပြီး သူ့မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားလေသည်။
အလွန်စိတ်ထိခိုက်သွားသည့်ဟန် ဟန်ဆောင်ခြင်းဖြင့် ထိုသူ့ကို ရှောင်ခွာရန် ကြိုးစားခဲ့သည့် ထိုနေ့မှစ၍ ကားလို့စ်က ကျီလင်နှင့် နီးစပ်ရန် နောက်ထပ် အတင်းအကျပ် ပြုလုပ်လာခြင်း မရှိခဲ့ပေ။ ဤကာလအတွင်းတွင် သူတို့နှစ်ယောက် အေးအေးဆေးဆေးသာ နေထိုင်နိုင်ခဲ့ကြသည်။
ဒီနေ့ ကားလို့စ် ဘာကြောင့် ရုတ်တရက် ရောက်လာတာလဲ...
နောက်ဆုံးအကြိမ်က ကပ်ဘေးသင့်လုနီး ဖြစ်ခဲ့ရသည်ကို ပြန်အမှတ်ရမိကာ ကျီလင် ရင်ထဲ ရှုပ်ထွေးသွားခဲ့ရသည်။
ကားလို့စ်က double-breastedအနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကျက်သရေအပြည့်နှင့် လျှောက်လှမ်းလာခဲ့သည်။ သူ့ညာလက်တွင် ငွေရောင်နှင့်အနက်ရောင် ခြယ်သထားသော လက်ကိုင်တုတ်ကောက်ကို ကိုင်ဆောင်ထားလျက် ကျီလင့်ထံသို့ ချဥ်းကပ်လာ၏။ သူ၏အညိုရောင်မျက်လုံးများ နွေးထွေးနေပြီး နူးညံ့သိမ်မွေ့သောအမူအရာဖြင့် ပြုံးလိုက်ရင်း ပြောလာလေသည်။
"ကိုယ် မင်းကို ပြန်ခေါ်သွားဖို့ လာခဲ့တာ..."
ကျီလင်း၏စိတ်ထဲတွင် စိတ်ပျက်လက်ပျက်လိုင်းလုံးကြီး ရိုက်ခတ်သွားသော်လည်း စနစ်မရှိသောကြောင့် ကားလို့စ်ကို လွန်ကဲစွာ စိတ်မဆိုးရဲချေ။ ထို့ကြောင့် သူက အလေးမထား၊ ဂရုမစိုက်သည့်အမူအရာဖြင့် လှည့်လိုက်ပြီးနောက်တွင် ညင်သာစွာပြောလိုက်သည်။
"ကျွန်တော်ဘာသာပဲ ပြန်လိုက်မယ်လေ..."
ကားလို့စ်က ကောင်ငယ်လေး၏သူစိမ်းဆန်ဆန်အပြုအမူကိုကြည့်ရင်း သူ၏ပြာလဲ့လဲ့မျက်ဝန်းတစ်စုံက မှေးမှိန်သွားကာ နှလုံးသားထဲတွင် နာကျင်မှုကိုခံစားနေရသည်။ ယခင်က သူ၏ယဥ်ကျေးမှုမဲ့သော အပြုအမူနှင့်ပတ်သက်ပြီး သူ့ကိုယ်သူအပြစ်တင်လိုက်မိသည်။
သူ၏နှလုံးသားထဲတွင် အပြစ်ရှိစိတ်များရှိနေပြီး ကောင်ငယ်လေး၏ရှောင်ဖယ်မှုကို လက်ခံချင်သော်လည်း သူ့ရင်ထဲတွင် လက်မလွှတ်ချင်ဖြစ်နေသေးသည်။ ထိုအစား ကောင်ငယ်လေး၏နေ့စဥ်လှုပ်ရှားမှုများကို ခြေရာခံနေပြီး သူ၏လုပ်ရပ်တိုင်းကို စောင့်ကြည့်နေခဲ့သည်။ ထိုသတင်းအချက်အလက်များမှ သူချစ်ရသည့်ကောင်လေး 'ဘာလုပ်နေသလဲ၊ ပျော်နေရဲ့လား' ဆိုသည်များကို ကားလို့စ်သိနိုင်ခြင်းဖြစ်သည်။
ကျီလင်က ပြည်သူတစ်ယောက်ကို ကယ်တင်ခဲ့သည့်သတင်းက ကားလို့စ်နားထိ ရောက်လာခဲ့သည်။
ထို့ကြောင့် ယခုလိုအခြေအနေမျိုးကို ဆက်ရှိမနေချင်သောကြောင့် ဤနေရာကိုရောက်လာကာ ကောင်ငယ်လေးကို အိမ်ပြန်ပို့ပေးရန် ဆုံးဖြတ်လိုက်သည်။
ကောင်ငယ်လေးကို တွေ့ချင်တာလည်းပါတယ်...
ကားလို့စ်က ကျီလင်ကို စေ့စေ့ကြည့်ရင်း ပြောလာသည်။
"ကိုယ်သိပါတယ်...ဒါပေမယ့် ဒီနေ့က လမ်းကြုံဝင်လာဖြစ်သွားတာပါ... နောက်လည်းကျနေပြီ...ကိုယ်တို့ပြန်ကြမလား..."
ကျီလင်မှာ တုံ့ဆိုင်းနေဟန်ဖြင့် ကားလို့စ်ကို အကြည့်လွှဲလျက် သူ့နှုတ်ခမ်းလွှာများကလည်း အေးစက်ငြိမ်သက်နေလျက်သာ။
ကားလို့စ်က အနည်းငယ်မျှပင် ဒေါသမထွက်ခဲ့ချေ။ သူ့လက်ကို ဆန့်ကာ ကောင်ငယ်လေး၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ရုန်းထွက်ခွင့်မပေးတော့။ သူက ကျက်သရေရှိ၍ ညှို့ငင်နိုင်စွမ်းသော အသံနက်နက်ဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။
“ခေါင်းမာမနေနဲ့...”
ဤမြင်ကွင်းကို အစအဆုံး မြင်လိုက်ရသော လူအားလုံးက မှင်သက်မိသွားကြရသည်။
ဒီလူက ငါတို့သိထားတဲ့ ကြောက်စရာကောင်းပြီး သွေးအေးတဲ့ မြို့စားကြီးမှ ဟုတ်ရဲ့လား...
ကားလို့စ်က ပြေပြစ်ပြီး ယဉ်ကျေးသိမ်မွေ့သော မျိုးရိုးမြင့်တစ်ယောက်အနေဖြင့် စံနမူနာအဖြစ် မြင်ရသည့်တိုင် ယင်းက အပေါ်ယံသာလျှင်ဖြစ်ကြောင်း လူတိုင်း ကောင်းစွာသိရှိခဲ့ကြပြီး ဖြစ်သည်။ ထိုအပြင်ပန်း ပုံရိပ်အောက်တွင်၊ ကရုဏာကင်းပြီး ရက်စက်ကြမ်းကြုတ်သူဖြစ်ကြောင်း အတိအကျ သိထားသောကြောင့်လည်း လူတိုင်းက သူ့ကို ဤမျှထိတ်လန့်ကြောက်ရွံ့ရိုကျိုးနေကြခြင်းပင်။
ယခုလည်း ကျီလင်က ဧကရာဇ်အတွက် နက်ရှိုင်းသောခံစားချက်များရှိနေပြီး ကားလို့စ်ကို အေးတိအေးစက်သာ ဆက်ဆံနေသည်ကို ရှင်းနေသည့်တိုင် ကားလို့စ်က ၎င်းကို စိတ်ထဲထားပုံမရပေ။ ထိုအစား သူက စိတ်ရှည်သည်းခံလျက် ချော့မော့နေပြီး၊ သူ၏ မည်သူမျှ မမြင်ဖူးသည့် ဘက်ခြမ်းကို ပြသလျက်ရှိပေသည်။
ဒါက မမျှတလိုက်တာ...
ကားလို့စ်ခေါင်းပေါ်တွင် သစ္စာဖောက်ပြန်မှု၏သင်္ကေတဖြစ်သော ဒဏ္ဍာရီတွင်လောက်သည့် အစိမ်းတောက်တောက်ရောင်ခြည်တစ်ခုကို တွေ့နေရသလိုပင်။
နေပါဦး...ငါတို့ တကယ်တမ်း ဘာကို မြင်နေရတာလဲ...
ငါတို့ ဘာတွေ့လိုက်တာလဲ...
ကျီလင်က ကောင်းပါတယ်...ကျီလင်က စိတ်တိုခံပြင်းနိုင်ပါတယ်...ဒါက ငါတို့ကို မသေနိုင်ပါဘူး...ဒါပေမယ့် ကားလို့စ်ရဲ့ရှက်ရွံ့မှုကို တကယ်ရော ကြည့်ရဲကြလို့လား..
ငါတို့ အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်...
ထို့ကြောင့် လူတိုင်းက သူတို့၏မျက်လုံးများကို ကြောက်လန့်တကြားဖြင့် ငုံ့ချလိုက်ပြီးနောက် ထပ်မော်မကြည့်ရဲကြတော့ပေ။
လူတိုင်းက ကြောက်ရွံ့စွာတုန်ယင်နေကြပြီး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
ကားလို့စ်က ကျီလင်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသောကြောင့် ကားလို့စ်၏လက်ဖဝါးမှထွက်သည့်အပူက ကျီလင်၏အရေပြားကို မီးတောက်လို ပူလောင်နေတော့သည်။သူ့စိတ်က အဆင်မပြေနေသော်လည်း လူအများအရှေ့တွင် အိန္ဒြေမပျက်စေရန် ကားလို့စ်နှင့်အတူ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားတော့သည်။
--------
သူတို့အိမ်ပြန်ရောက်လာချိန်တွင် ကျီလင်က သူ့လက်ကို ကားလို့စ်၏လက်ကြားမှ ပြန်ဆွဲထုတ်လိုက်ပြီး အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
"ကျွန်တော် အနားယူတော့မယ်..."
သို့သော်လည်း ကားလို့စ်က ထွက်မသွားသေးဘဲ ရှေ့ကိုတိုးကပ်လာပြီး သူ့လက်ကိုမြှောက်လိုက်ရင်း လူငယ်လေး၏မျက်နှာလေးကိုထိတွေ့လာတော့သည်။
သူက နက်ရှိုင်းစွာကြည့်လိုက်ပြီး သြရှရှအသံဖြင့်ပြောလိုက်သည်။
"ကိုယ့်ကို မင်းစိတ်ဆိုးနေသေးတာ ကိုယ်သိပါတယ်...ဒါပေမယ့် မင်းအပေါ်ထားရှိတဲ့ ကိုယ့်ခံစားချက်တွေက အစစ်အမှန်ဆိုတာ ယုံကြည်ပေးပါ..."
ယခင်တစ်ခေါက်က ကားလို့စ်၏ဇွဲလုံ့လကို လျှော့တွက်ခဲ့သောကြောင့် ဒုက္ခရောက်မလိုဖြစ်ခဲ့သည်။ ဤတစ်ခေါက်တွင် ကားလို့စ်အား စိတ်မဆွချင်တော့ပေ။ သူ၏မျက်လုံးထောင့်တွင် မျက်ရည်ကြည်ဥများထွက်လာပြီး သူ့မျက်တောင်များ အကြိမ်ကြိမ်ပုတ်ခတ်လိုက်ပြီးနောက် သူ့နှုတ်ခမ်းများကလည်း ခါးသီးသီးပြုံးလာသည်။
"အန်ကယ်ကားလို့စ်... ကျွန်တော့်အန်ကယ်ကားလို့စ်လိုပဲ နေပေးလို့ မရဘူးလားဟင်..."
ကားလို့စ်၏အမူအရာက ဖြူဖျော့သွားသည်။
ကျီလင်က သူ့ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်ပြီး နှုတ်ခမ်းကိုတင်းစေ့ကာ ခပ်တင်းတင်းပြောလိုက်သည်။
"ခင်ဗျားကို ကျွန်တော်ယုံကြည်ခဲ့တယ်...ခင်ဗျားက ကျွန်တော့်အတွက်အကောင်းဆုံးလူပါ...ဒါပေမယ့် ဘာလို့...ဘာလို့ ဧကရာဇ်လိုမျိုး ဆက်ဆံနေရတာလဲ..."
ကောင်ငယ်လေးက ဝမ်းနည်းနေရသည်။ ယုံကြည်မှုများ တစ်စစီပျက်စီးနေပြီး သူယုံကြည်ရသည့် သူဆီမှ စွန့်ပစ်ခဲ့လိုက်ရသလို စိတ်ရှုပ်ထွေးမှုများခံစားနေရ၍ သူ့ရှေ့တွင်ရှိသည့် ကြမ်းကြုတ်လှသည့်အမှန်တရားကို လက်မခံနိုင်ဖွယ်ဖြစ်နေသည်။ အတိတ်က ဖြစ်ရပ်ကနေလည်း လုံးလုံးလျားလျား လွတ်မြောက်မနေသေးပေ။
ကားလို့စ်က ကောင်ငယ်လေးဆီကနေ ယုံကြည်မှုကို ပြန်လည်ရရှိရန် အလွန်ရိုးရှင်းကြောင်းသိသည်။ သူက ကျီလင်အရှေ့တွင် မားမားမတ်မတ်ရပ်တည်ပေးမည့် အန်ကယ်အဖြစ် ဆက်လက်တည်ရှိပေးနေရုံဖြစ်သည်။
သို့သော် ကားလို့စ်က ခပ်တင်းတင်းပြောလိုက်သည်။
"ကိုယ်က မင်းရဲ့ချစ်သူပဲဖြစ်ချင်တာ..."
သူက ကောင်ငယ်လေး၏အန်ကယ်အဖြင့် ဆက်လက်နေနိုင်လိမ့်မည်မဟုတ်ပေ။
ထိုသို့ ဆက်လက်၍လည်း မလုပ်နိုင်ကြောင်း သူကိုယ်တိုင်သိသည်။
နောက်ပိုင်းတွင် သူ့ခံစားချက်အလိမ်အညာများပေါ်ပေါက်လာသည်ထက် လက်ရှိအချိန်အခါ၌ အမှန်တရားကိုပြောရန် သူရွေးချယ်လိုက်သည်။
ကားလို့စ်က မျက်လုံးများကို ခေတ္တပိတ်လိုက်ပြီးနောက် စကားတစ်လုံးချင်းစီကို သေချာစွာပြောလိုက်သည်။
"ကိုယ် မင်းကို မလိမ်ညာချင်ဘူး..."
ကျီလင်၏မျက်နှာက ကားလို့စ်စကားကြောင့် အေးစက်သွားပြီး အလွန်ပင်စိတ်ပျက်သွားသည်။ သူက ကားလို့စ်၏လက်ကို ဖယ်ထုတ်လိုက်ပြီး လှည့်ထွက်သွားတော့သည်။
ဤတစ်ကြိမ်တွင် ကားလို့စ်က ဆက်လိုက်မသွားတော့ဘဲ ကျီလင်၏ထွက်ခွာသွားသည့်ပုံရိပ်ကို တိတ်တဆိတ်ငေးကြည့်နေခဲ့သည်။ ကောင်ငယ်လေး၏ကျောပြင်ငယ်ပျောက်ကွယ်သွားသည့် အချိန်ထိ သူက ကြည့်နေခဲ့သည်။
----------
ကျီလင်က အနောက်ကိုလှည့်မကြည့်ခဲ့သော်လည်း ထိုယောက်ျား၏ မှောင်မိုက်သည့်အကြည့် စူးရဲရဲများကို ခံစားနေရသေးသည်။
သူ၏အမူအရာက တည်ငြိမ်ဟန်ရှိနေသော်လည်း သူ့အတွင်းနှလုံးသားတွင် အကြောက်တရားများလှိုင်းထန်နေသည်။
သူက အခန်းတံခါးကို ပိတ်ချလိုက်ပြီးနောက်တွင် မှီချကာ ထိုင်လိုက်သည်။ ထိုအခိုက်တွင် သူ၏စိတ်ထဲမှ ထူးဆန်းသည့်မေးခွန်း ပေါ်ထွက်လာသည်။
ရယ်စရာကောင်းတဲ့အတွေးဖြစ်ပေမယ့် ကားလို့စ်က ငါ့ကို ကြိုက်နေတာလား...
ကျီလင်၏အကြည့်များက မှောင်မိုက်သွားသည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
ကားလို့စ်က ဘာလို့ ငါ့ကိုကြိုက်တာလဲ...
အတိတ်ဘဝတွင် သူနှင့်ကားလို့စ်က သာမန်ဆက်ဆံရေးမျှသာ ရှိကြသည်။ ကျင်းဆွေ့အပေါ် ဆက်ဆံသည့်အတိုင်း ကားလို့စ်ကို ဆက်ဆံခဲ့သောကြောင့် ဤသို့သောနက်နက်ရှိုင်းရှိုင်းပတ်သက်မှုမျိုးမရှိပေ။
ဒါဆိုရင် ဒီလိုနားလည်မှုလွဲမှားမှုတွေ ဖြစ်လာရတာလဲ...
ကားလို့စ်အမြင်တွင် သူက ဆန်ကုန်မြေလေး၊ ရူးမိုက်ပြီးရယ်စရာကောင်းသည့် လူတစ်ယောက်ဖြစ်ပြီး အလွယ်တကူလွှင့်ပစ်နိုင်သည့် နယ်ရုပ်တစ်ရုပ်ထက် မပိုပေ။
ကားလို့စ် အခက်အခဲတွေ့ချိန်တွင် သူ့အား ကူညီခဲ့ဖူးသော်လည်း တကယ်တမ်း ဤအရာက မိမိအကျိုးအတွက်သာ လုပ်ခဲ့သည်ဟု ဆိုရပေမည်။ ကျီလင်ဝင်မပါခဲ့လျှင်ပင် ကားလို့စ်က အန္တရာယ်ထဲသို့ လုံးလုံးလျားလျား ကျရောက်လိမ့်မည် မဟုတ်ပေ။ တစ်ဖက်တွင်မူ သူက ကားလို့စ်အား ထိုသို့မကူညီခဲ့ပါလျှင်မူ သူကိုယ်တိုင် ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးရလိမ့်မည်ပင်။
ဒီလို ကြမ်းတမ်းအေးစက်တဲ့ဗီလိန်က ငါ့ကို ဘာကြောင့်ကြိုက်ရတာလဲ..
ကျီလင် ဘာမှနားမလည်နိုင်တော့ပေ။ ဤလောကကြီးက စိတ်ပျက်စရာအကောင်းဆုံး ပုံစံမျိုးဖြင့် ပြိုပျက်နေခဲ့ပြီးသားပင်။
သူက မျက်နှာဖြတ်ရိုက်ခံလိုက်ရသည့်အရံဇာတ်ကောင်နေရာမှ ပါဝင်ကပြချင်သော်လည်း လူတိုင်းက သူ့ကို ချစ်ချင်ကြသည်။
ပင်ပန်းလွန်း၍ ကျီလင်က သူ့အိပ်ရာပေါ်ကို မျှော်လင့်ချက်မဲ့နေသောငါးတစ်ကောင်လို စိတ်ပျက်လက်ပျက်ဖြင့် ပစ်လှဲလိုက်တော့သည်။ ယခုတွင် စနစ်က သူ့ဆီကို သတင်းကောင်းများဖြင့် ပြန်လည်ရောက်ရှိလာရန်သာ ဆုတောင်းနေမိသည်။
သူ အမှန်တကယ်ပင် စိတ်ပျက်လက်ပျက်ဖြစ်နေပြီဖြစ်သည်။
ဒီလောကမှာ လူတိုင်းနီးပါးက ရူးကြောင်နေကြပြ QAQ
သူ အိမ်ပြန်ချင်မိသည်။
------------
နောက်နေ့နံက်ခင်းတွင် ကျီလင် အိပ်ပျော်နေစဉ် သူ၏ဆက်သွယ်ရေးကိရိယာ ခေါ်ဆိုသံကြောင့် အလန့်တကြား နိုးလာခဲ့ရသည်။
အနှောင့်အယှက်များနှင့်စိတ်အနှောင့်အယှက်ဖြစ်မှုများကို ရှောင်ရှားရန် ကျီလင်သည် ကြာမြင့်စွာကတည်းက သူ၏နံပါတ်ကို ပြောင်းလဲခဲ့ပြီး သူ၏နံပါတ်အသစ်ကို သိသူများမှာ ရှားပါးသည်။
ဘယ်သူက သူ့ကို ဆက်သွယ်နေတာလဲ...
သူက ဆက်သွယ်ရေးကိရိယာကို ဖွင့်လိုက်ပြီး သူစိမ်းနံပါတ်တစ်ခုကို တွေ့လိုက်ရသည်။
တွေဝေမှုအနည်းငယ်ရှိပြီးနောက် သူက ဖြေလိုက်ရန် ဆုံးဖြတ်လိုက်သည်။
ခေါ်ဆိုမှု ချိတ်ဆက်သွားသည်နှင့် နက်မှောင်သောဆံပင်နှင့် စိမ်းပြာရောင်မျက်ဝန်းများပိုင်ဆိုင်ထားသည့်လူငယ်တစ်ဦး သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုသူက ခေါင်းကိုမော့လိုက်၍ ဦးထုပ်အောက်မှ ခံ့ညားပြီး ထက်မြက်သော မျက်နှာကို ပေါ်လာစေခဲ့သည်။ ထိုသူက အခြားသူမဟုတ်ဘဲ နဥ်ယွီဖြစ်သည်။
ကျီလင် အံ့အားသင့်သွားသည်။
နဥ်ယွီက ငါ့နံပါတ်ကို ဘယ်လိုသိသွားတာလဲ... ဘာကြောင့် ငါ့ကို ဆက်သွယ်ချင်ရတာလဲ...
နဥ်ယွီက ကျီလင်ကို စိုက်ကြည့်နေခဲ့ပြီး သူ၏စိမ်းပြာရောင်မျက်ဝန်းများက ငြိမ်သက်နူးညံ့နေပြီး သူ၏နှုတ်ခမ်းလွှာများက ပါးပါးလေးပွင့်လာပြီး ပြောလာတော့သည်။
"ငါ မင်းနဲ့ တွေ့ချင်တယ်..."
မကြာသေးမီက လူတစ်ယောက်ကို တွေ့ဆုံလိုစိတ် မရှိသောကျီလင်က ငြင်းဆိုလိုက်ရန် ပြင်ဆင်နေသည်။ နဥ်ယွီက မူလဇာတ်လမ်း၏အဓိကဇာတ်ကောင်ဖြစ်သော်လည်း ယခုအခါ သူက အရံဇာတ်ကောင်တစ်ဦးဖြစ်လာသည်။
ထိုသို့ မဟုတ်ခဲ့လျှင်ပင် သူတို့နှစ်ယောက်က အချစ်ပြိုင်ဘက်များ ဖြစ်ခဲ့သောကြောင့် တွေ့ဆုံရန် အကြောင်းမရှိဟု ထင်မြင်သည်။ သူ ငြင်းဆိုရန် ပြင်ဆင်နေစဉ် နဥ်ယွီက ထပ်မံပြောဆိုလိုက်သည်။
ကျီလင်၏စိတ်ကို နားလည်လိုက်သည့်နဥ်ယွီက သူ၏မျက်လုံးထဲသို့ စိုက်ကြည့်ပြီး တဖြည်းဖြည်းချင်း ပြောလာသည်။
"ငါ ဧကရာဇ်အကြောင်း မင်းနဲ့ ပြောချင်တယ်..."
ကျီလင် တွေဝေသွားတော့သည်။
သူမသွားချင်သော်လည်း ထိုစကားကို ကြားသောအခါ သူ၏စိတ်တွင် စိတ်ဝင်စားမှုများပေါ်လာသည်။ ယခုအခါ သူ၏ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်နိုင်ခြင်း မရှိတော့သော်လည်း ဧကရာဇ်က ဇာတ်ကြောင်း၏ အဓိကအချက်အချာ ဖြစ်နေဆဲပင်။
သူ၏ တာဝန်ကို ပြီးမြောက်ပြီး အိမ်သို့ ပြန်သွားနိုင်ခြင်းက ကျီလင်၏အကြီးမားဆုံး စိတ်ဆန္ဒ ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဇာတ်ကြောင်း ပြောင်းလဲသွားသော်လည်း နဥ်ယွီ ပြောပြမည့်အကြောင်းအရာများကို သိချင်သော စိတ်ဝင်စားမှုက ငြင်းဆိုရန် ခက်ခဲစေခဲ့သည်။
တွေဝေနေသည့်အခိုက်အတန့်တစ်ခုအပြီးတွင် ကျီလင်က ပြောလိုက်သည်။
"ကောင်းပြီလေ..."
နဥ်ယွီ နူတ်ခမ်းထောင့်က အနည်းငယ် ကော့တက်သွားကာ ပြုံးလိုက်သည်။ သူက ကျီလင်အား နေရာတစ်ခု၏လိပ်စာကို ပေးပို့လိုက်သည်။ ထို့နောက် ဦးထုပ်ချွန်ကို ညှိလိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ တစ်နာရီအတွင်း ဒီမှာ စောင့်နေမယ်နော်..."
နဥ်ယွီက ပြောလိုက်ပြီးနောက်မှာ ဖုန်းချသွားသည်။
ကျီလင်က နဥ်ယွီပေးသည့်လိပ်စာကို ငေးကြည့်မိသည်။ သူ့အခန်းထဲတွင် ပတ်လျှောက်နေပြီးနောက် အဝတ်အစားလဲလိုက်ပြီး ဟိုဗာကားကိုခေါ်ကာ သွားရမည့်လိပ်စာကိုမောင်းခိုင်းလိုက်သည်။
-------
တစ်နာရီအကြာတွင် ကျီလင်က နဥ်ယွီပြောသည့်နေရာကို ရောက်ရှိလာခဲ့သည်။
ဤနေရာက မြို့အောက်ပိုင်းနေရာဖြစ်ပြီး အတော်ကိုဝေးလံသောဒေသဖြစ်သော်လည်း ပတ်ဝန်းကျင်သည် ငြိမ်းချမ်းသာယာလှသည်။
ကျီလင်က လေကိုမှုတ်ထုတ်လိုက်သည်။ သူက နဥ်ယွီကို တွေ့ရန်အတွက် ဤသို့သော ဝေးလံလှသည့်နေရာထိလာရသည်ကို သဘောမကျပေ။ နဥ်ယွီက သူ့အား သတင်းကောင်းများမျှဝေပေးရန် မျှော်လင့်သည်။ သို့မဟုတ်ပါက ဤခရီးသည် အချည်းနှီးဖြစ်သွားလိမ့်မည်။
သစ်ပင်များ ကာရံထားသောလမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားပြီးနောက် ကျီလင်က အနည်းငယ် ရှေးဟောင်းသောသစ်သားအဆောက်အဦးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာက လက်ဖက်ရည်ဆိုင် ဖြစ်သည်။
ကျီလင်က နဥ်ယွီကို ထိုကဲ့သို့သော ကောင်းမွန်သည့်အကြိုက်ရှိမည်ဟု မထင်မှတ်ခဲ့ပေ။ ဤနေရာသည်လည်း အေးချမ်းပြီး ခမ်းနားလှပပေသည်။
✨✨✨