Chapter 82
Viewers 15k

✨ Chapter 82



အစောင့်တစ်ဦးက ဂျိုနက်၏ဒူးကို ကန်ပစ်လိုက်ပြီး အတင်းအကြပ် ဒူးထောက်ခိုင်းလေသည်။ လူငယ်လေး အရိုက်ခံရခါနီး၌ ကျီလင်က ရှေ့သို့တိုးကာ ဒေါသတကြီး အော်ပြောလိုက်သည်။

"ရပ်လိုက်စမ်း…"


ချက်ချင်းပင် ထိုအသံက လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။


စကားပြောလာသူမှာ ကျီလင်ဖြစ်ကြောင်း ဝန်ကြီးဂျယ်ရယ် သိလိုက်သည်နှင့် သူ့ဒေါသများက ချက်ချင်း အေးခဲသွား၏။ ချက်ချင်းဆိုသလို တောင့်တင်းသည့် အပြုံးတစ်ပွင့်အား အစားထိုးပြုံးပြလာလေသည်။ ထို့နောက် စိတ်ရှုပ်ထွေးစွာဖြင့် မေးလာသည်။

"သခင်လေးကျီ ပြဿနာရှိလို့လား…"


ကျီလင်က ထိုသူ့ကို အေးစက်စက် စိုက်ကြည့်နေပြီး သူ့မျက်လုံးများက မကျေနပ်မှုများနှင့် ပြည့်နှက်နေသည်။

"ကျွန်တော် ရပ်ဖို့ ပြောလိုက်တယ်လေ... မကြားလိုက်ဘူးလား…"


ဝန်ကြီးဂျယ်ရယ်က ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် လက်တွေ့ဘဝသို့ ပြန်ရောက်သွားလာကာ ရိုကျိုးစွာဖြင့် ပြုံးပြလိုက်သည်။

"ဒီမိသားစုကိစ္စကြောင့် မင်းရဲ့ငြိမ်းချမ်းမှုကို အနှောင့်အယှက်ဖြစ်သွားစေတဲ့အတွက် တောင်းပန်ပါတယ်... ဒီဇာတ်နိမ့် သာမန်လူကို ချက်ချင်း ဖယ်ထုတ်လိုက်ပါ့မယ်... အဲဒါဆို မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေတော့မှာ မဟုတ်ဘူး…"


ကျီလင်၏နဖူးက ဒေါသကြောင့် တွန့်သွားလေသည်။

သူ ဘာကို ဆိုလိုတာလဲ...


ကျီလင် အံကြိတ်ကာ ထပ်ပြောလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူ့မျက်နှာထားက တင်းမာနေပြီး အဓိပ္ပါယ်ကို ရှင်းလင်းတိကျစွာဖြင့် တစ်လုံးချင်းစီ ပြောလိုက်သည်။

"ကျွန်တော် ဆိုလိုချင်တာက သူ့ကို လွှတ်ပေးလိုက်ဖို့လေ…"


ထိုစကားများကြောင့် လူတိုင်းက ကျီလင့်အား အံ့အားသင့်စွာ ကြည့်လာကြသည်။


ဝန်ကြီးဂျယ်ရယ်က ပို၍ ပင်အံ့သြသွားပုံရ၏။


သခင်လေးကျီက သာမန်လူတန်းစားတွေကို အမုန်းဆုံးသူ မဟုတ်ဘူးလား...


သူက အမြဲတမ်း မာနကြီးကာ အနိုင်ကျင့်တတ်ပြီး သာမာန်လူတန်းစားများကို ဖိနှိပ်လေ့ရှိသည်။ ထို့အပြင် ဧကရာဇ်အတွက် နဉ်ယွီကို အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့ပြီး အလွန်ရှေးရိုးဆန်သော အထက်တန်းလွှာတစ်ယောက် ဖြစ်လာခဲ့သည်။


သခင်လေးကျီက သာမန်လူများကို သတ်မည်ဆိုလျှင်ပင် သူတို့က ယုံမှားသံသယရှိမည် မဟုတ်ပေ။

ဒါပေမဲ့ သူက သာမန်လူတစ်ဦးအတွက် ခုခံပြောဆိုနေတယ်... အဲဒါက ဘာအဓိပ္ပာယ်လဲ...


ကျီလင်က သူ့ပတ်ဝန်းကျင်ရှိ လူများ၏ ရှုပ်ထွေးသွားသော အမူအရာများကို သတိပြုမိပြီး သူ့အမူအရာသည်လည်း အနည်းငယ် တောင့်တင်းသွားသည်။ ထိုသူများ မည်သို့တုံ့ပြန်မည်ကို သူ မကြောက်ပေ။ သို့သော်လည်း ရုတ်တရက် ဇာတ်ကောင်၏ အကျင့်စရိုက်နှင့် ကွဲလွဲသွားခြင်းက မသင့်လျော်သလို ခံစားလာရပြီး သူ့ကို အန္တရာယ် ကျရောက်စေနိုင်သည်။ ကျီလင် အကြည့်လွှဲလိုက်သည်။ အရေးမပါသည့် အမှုန်အမွှားတစ်ခုသာသာကဲ့သို့ မြေပြင်ပေါ်ရှိ ဂျိုနက်အား စက်ဆုပ်ဖွယ်ကောင်းစွာ ကြည့်လိုက်သည်။ ထို့နောက် အေးစက်စွာ ပြောလိုက်သည်။

"ဧကရာဇ်သာ ဒီနေရာမှာ ရှိနေရင် ဒီလိုလုပ်ဖို့ ခွင့်ပြုပေးမှာ မဟုတ်ဘူး…"


လူတိုင်း: "..."


ခဏအကြာတွင် လူတိုင်းက ရုတ်တရက် နားလည်သွားသလို အပြုအမူများကို ဖော်ပြလာကြသည်။ ဘယ်အတွက်ကြောင့် သခင်လေးကျီက သာမန်လူတစ်ဦးအတွက် ခုခံကာကွယ်ပေးခဲ့သနည်းဟု သူတို့က အံ့ဩနေခဲ့ကြသည်။ သို့သော် သူက ထိုဇာတ်နိမ့်များ၏ အသက်ကို ဂရုစိုက်ခြင်း မဟုတ်ပေ။ အမှန်တကယ် အလေးထားဂရုစိုက်သည့်ကိစ္စမှာ ဧကရာဇ်၏ ရပ်တည်ချက်ပင်။ ဤကဲ့သို့အခြေအနေမျိုးနှင့် ကြုံတွေ့လာရသည့် အချိန်မှာပင် သခင်လေးကျီ ပထမဆုံးတွေးမိသည့်အရာမှာ ဧကရာဇ်က မည်ကဲ့သို့ တုံ့ပြန်မလဲဆိုသည်ပင်။


မာနကြီးသော အကျင့်စရိုက်ရှိသည့် သခင်လေးကျီက သူ အထင်သေးသည့် တစ်စုံတစ်ယောက်ကို ဧကရာဇ်အတွက်ကြောင့် အမှန်တကယ် ခုခံကာကွယ်ပေးခဲ့သည်။ ဤအခြင်းအရာမှာ သခင်လေးကျီက ဧကရာဇ်အား ရိုသေလေးစားကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေပေ၏။


ကားလို့စ်က ဧကရာဇ်အား အတိုက်အခံပြုခဲ့သည်။ ဧကရာဇ်၏ ချစ်ရသူကို ခိုးယူပြီး အရှက်ရစေခဲ့ကာ ဧကရာဇ်နှင့်ထိပ်တိုက်တွေ့ခဲ့သည်ဟု သူတို့ မူလက ထင်ထားခဲ့သည်။ ယခုမူ ကျီလင်က ဧကရာဇ်အတွက် ခံစားချက်များ ကျန်ရှိနေဆဲဖြစ်ကြောင်း ရှင်းလင်းနေပေ၏။ သခင်လေးကျီမှာ ယခင်က ဧကရာဇ်ကို အမြဲချစ်မြတ်နိုးခဲ့သည်ဟု ပြောကြသည်။

ဧကရာဇ်အတွက် ခံစားချက်တွေကို ဆုပ်ကိုင်ထားရင်း ကားလို့စ်နဲ့လက်ထပ်ဖို့ လက်ခံခဲ့တာက ဖြစ်နိုင်ပါ့မလား... သူ ဘာလို့ ဒီလိုလုပ်ရတာလဲ... ဒီအခြေအနေမှာ ဘယ်သူက အမှန်တကယ် ဦးထုပ်စိမ်းဆောင်းထားတာလဲ...


ဒါက အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်...


အမှန်ပင် အားလုံးက မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားစရာကောင်းပေ၏။


ကျီလင်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူတို့၏ အတွေးများကို နားလည်လိုက်သော်လည်း လုံးဝ စိတ်မ၀င်စားပေ။ ထို့နောက် အေးစက်စက်လေသံဖြင့် ထပ်ပြောလိုက်ပြန်သည်။

"ဂျယ်ရယ် သူ့ကို လွှတ်လိုက်ဖို့ ပြောနေတယ်လေ... အဲဒါကို ငြင်းဆန်ချင်တာလား…"


အခြေအနေ၏ ကြီးမားလှသော ရိုက်ခတ်မှုများက ဝန်ကြီးဂျယ်ရယ်ကို အံ့အားသင့်သွားစေခဲ့သည်။ သူ အသိပြန်ဝင်လာချိန်တွင် ခပ်မြန်မြန်ပင် အတင်းရယ်မောကာ ပြောလိုက်သည်။

"သေချာပေါက် မလုပ်ရဲပါဘူး... သူ့ကို ချက်ချင်း လွှတ်လိုက်ပါ့မယ်…"


ချက်ချင်းပင် သူက အစေခံထံသို့ လှည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။

"မင်းက ဘာအတွက် ရပ်နေသေးတာလဲ... သခင်လေးကျီရဲ့ အမိန့်ကို မင်း မကြားလိုက်ဘူးလား... သူ့ကို ဒီနေရာကနေ မြန်မြန် ခေါ်သွားတော့... ဒါမှ သခင်လေးကျီ စိတ်အနှောင့်အယှက်မဖြစ်မှာ…"


အစေခံသည်လည်း အံအားသင့်နေကာ အသိစိတ် ပြန်မဝင်ခင်အထိ ခဏမျှ ကြောင်တက်တက်ဖြစ်နေသည်။ ထို့နောက် ခေါင်းငုံ့ပြီး ပြန်ဖြေလာသည်။

"ဟုတ်-ဟုတ်ကဲ့ပါ သခင်ကြီး…"


ဆဲလီက ကျီလင်ကို ဗလာသက်သက် စိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးများက မယုံကြည်မှုနှင့် ရှုပ်ထွေးလှသော ကျေးဇူးတရားများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမထံတွင် ရွေးချယ်စရာလမ်းမရှိတော့ကြောင်း ထင်ထားခဲ့သော်လည်း နောက်ဆုံးတွင် ကျီလင်က သူမချစ်သူကို ကယ်တင်ပေးခဲ့သည်။


ဆဲလီက ဂျိုနက် တွန်းထုတ်ခံရသည်ကို မြင်လိုက်ရပြီး သူ့နောက်သို့ အသဲအသန် လိုက်သွားချင်ပေသည်။ သို့သော် ယခုအချိန်၌ သူ့အဖေကို ရန်မဆွဝံ့ပေ။ မည်သို့ပင်ဆိုစေကာမူ ထိုအစား သူမချစ်သူ ထွက်ခွာသွားခြင်းကို စိတ်သောကရောက်စွာဖြင့်သာ စောင့်ကြည့်နေနိုင်သည်။


အနည်းဆုံးအနေဖြင့် သူ အသတ်မခံရခဲ့ပေ။


ကျီလင်က ထိုလူငယ်လေးအား လွှတ်ပေးလိုက်သည့်အချိန်အထိ လိုက်ကြည့်နေခဲ့ပြီးနောက် ပျင်းရိပျင်းတွဲဖြင့် သူ့အကြည့်များကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူ့အဆင့်အတန်း ပြောင်းလဲမှုမှာ အားသာချက်များလည်း ရှိကြောင်းကို ရုတ်တရက် သဘောပေါက်သွားပေသည်။ ယခင်က ဝန်ကြီးဂျယ်ရယ်၏ မိသားစုကိစ္စများ၌ ဝင်ရောက်စွက်ဖက်ရန် သူ့တွင် အရည်အချင်းမရှိပေ။ သူ ပြောနေလျှင်ပင် မည်သူမျှ နားထောင်လိမ့်မည် မဟုတ်ပေ။


ဂျိုနက် ထွက်ခွာသွားပြီးနောက် အရာအားလုံးက ယခင်အခြေအနေအတိုင်း အယောင်ဆောင် ငြိမ်းချမ်းခြင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ရယ်မောသံများနှင့် ဖန်ခွက်တိုက်သံများက နေရာတစ်ခုလုံး၌ တစ်ဖန် ပဲ့တင်ထပ်လာခဲ့သည်။


ကျီလင့်အတွက်မူ ဤသည်မှာ အရေးမပါလှသော ဝင်ရောက်ကြားဖြတ်တစ်ခုမျှသာ ဖြစ်သည်။ ကံဆိုးလှသော ထိုသူဆင်းရဲလေးအတွက် နောက်တစ်ကြိမ်၌ ပို၍သတိထားလိမ့်မည်ဟု သူ မျှော်လင့်မိသည်။ မည်သို့ပင်ဆိုစေကာမူ တစ်စုံတစ်ယောက်က ယခုပုံစံဖြင့် သူ့အား နေ့တိုင်း လာရောက်ကယ်တင်မည် မဟုတ်ပေ။

 

... ... ... ... ...


အစောင့်များက ဂျိုနက်ကို ဝန်ကြီး၏အိမ်တော်မှ ကြမ်းတမ်းစွာ တွန်းထုတ်လိုက်သည်။ ထို့နောက် ရိုင်းရိုင်းပျပျဖြင့် လက်များကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"ထွက်သွားစမ်း... ကိုယ့်ကိုကိုယ် ဒီနေ့ ကံကောင်းသွားတယ်လို့ပဲ မှတ်လိုက်…"


ဂျိုနက်မှာ အသိပြန်ဝင်လာစေရန် အချိန်အတော်ယူခဲ့ရသည်။ နောက်ဆုံးတွင် သူက သေခြင်းတရားမှ ပွတ်ကာသီကာလေးဖြင့် လွတ်မြောက်လာခဲ့ကြောင်း နားလည်သွားသည်။


သူ့အား ကယ်တင်ခဲ့သူမှာ နာမည်ဆိုးနှင့် ကျော်ကြားသော လူပေါ်ကြော့လေး ကျီလင်ကလွဲ၍ အခြားသူမဟုတ်ပေ။ ၎င်းက အလွန့်အလွန်ပင် မယုံနိုင်စရာကောင်းလှ၏။ ဂျိုနက်၏အမူအရာမှာ ကြောင်အကာ အံသြသွားလေသည်။


ကျီလင်က သူ့ကို လုံးဝ မမှတ်မိသော်လည်း ဂျိုနက်က ကျီလင်ကို သိပေသည်။ ဂျိုနက် ကျီလင်ကို စစ်ဌာနချုပ်၌ တစ်ကြိမ်တွေ့ဖူးပေသည်။


၎င်းမှာ နဉ်ယွီအား အရှက်ခွဲရန် စစ်ဌာနချုပ်သို့ ကျီလင် လာရောက်လည်ပတ်သည့် အချိန်ကဖြစ်၏။ နဉ်ယွီ၏ ရဲဘော်ရဲဘက်ဖြစ်သည့် ဂျိုနက်သည်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။ သည်းမခံနိုင်လောက်စရာ ထိုလူပေါ်ကြော့လေးကို ကြည့်ရင်း ရှေ့သို့သွားကာ သွေးထွက်သံယိုဖြစ်သည်အထိ ရိုက်နှက်ပစ်ချင်ခဲ့သည်။


ယနေ့တွင် ဒေါသထွက်လောက်စရာ ထိုလူပေါ်ကြော့လေးက သူ့ကို ကယ်တင်ပေးခဲ့သည်။


ဂျိုနက်က ကြောင်တက်တက်ဖြင့် စစ်ဌာနချုပ်သို့ ပြန်သွားခဲ့သည်။ မမျှော်လင့်စွာဖြင့် စင်္ကြံလမ်း၌ နဉ်ယွီနှင့် ထိပ်တိုက်ဆုံမိလေသည်။


အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်မျက်လုံးရှိသော လူငယ်လေးက ဖြောင့်စင်းနေသော စစ်ဝတ်စုံကို ၀တ်ဆင်ထားသည်။ သူ၏ အထင်ကြီးလောက်ဖွယ် သွင်ပြင်လက္ခဏာများက မီးရောင်မှိန်မှိန်အောက်တွင် တိကျထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။ သူ၏အကြည့်မှာလည်း နူးညံ့ငြိမ်သက်နေသည်။ ဂျိုနက်၏ မသေမသပ်ဖြစ်နေသော အခြေအနေကို သတိပြုမိသွားပြီး အနည်းငယ်မျက်မှောင်ကြုတ်ရင်း မေးလာသည်။

"ဘာဖြစ်လို့လဲ…"


ဂျိုနက်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။

"ဆဲလီနဲ့ငါ့ရဲ့ ဆက်ဆံရေးအကြောင်းကို ဝန်ကြီးဂျယ်ရယ် သိသွားပြီ…"


နဉ်ယွီက ပို၍ပင် မျက်မှောင်ကြုတ်သွားလေသည်။ ဝန်ကြီးဂျယ်ရယ်ဆိုသူမှာ သာမန်လူတန်းစားများကို နှိမ့်ချပြီး မုန်းတီးသူဖြစ်သည်။ ထိုသူက သာမာန်ရှေးရိုးစွဲ အထက်တန်းလွှာတစ်ဦးပင်။ ထို့ကြောင့် ဂျိုနက်နှင့်ဆဲလီ၏ ဆက်ဆံရေးကို အမြဲလျှို့ဝှက်ထားခဲ့သည်။ ထိုအကြောင်းကို ဂျယ်ရယ်သာ သိသွားခဲ့မည်ဆိုလျှင် ဂျိုနက်အတွက် အလွယ်တကူ လွတ်မြောက်လာရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

ဒီနေ့ညမှာ ဘာတွေများဖြစ်ခဲ့တာလဲ...


နဉ်ယွီက သူ့ကို စိုးရိမ်တကြီး ကြည့်လာသည်။

"မင်း အဆင်ပြေရဲ့လား…"


ဂျိုနက်က အနည်းငယ် စိတ်လွတ်နေပုံပေါ်၏။ နဉ်ယွီ၏အမေးစကားကို သူ ပြန်မဖြေခဲ့ပေ။ အချိန်အတော်ကြာပြီးနောက် ညည်းတွားပြောဆိုလာသည်။

"ငါ ကျီလင်နဲ့ ဆုံခဲ့တယ်…"


နဉ်ယွီ၏ အမူအရာက အနည်းငယ် တောင့်တင်းသွားသည်။

"အိုး…"


ဂျိုနက်က သူ့ခေါင်းကို ကုတ်လိုက်ပြီး စိတ်ရှုပ်ကာ မှင်သက်နေပုံပေါ်ဖြင့် ပြောလာသည်။

"ဝန်ကြီးဂျယ်ရယ်က အရမ်းကို ဒေါသထွက်နေတာ... သူက ငါ့ကို လူကြားသူကြားထဲမှာကို သတ်ပစ်ချင်နေပေမယ့် ကျီလင်က ဝင်ပြီးတားပေးခဲ့တာ... ငါ့ကိုလည်း သွားခွင့်ပေးလိုက်တယ်... ကျီလင့်ကြောင့်သာမဟုတ်ရင် ငါ ဒီနေ့ ပြန်လာနိုင်မှာ မဟုတ်ဘူး…"


ထိုစကားများကို ကြားလိုက်ရချိန်တွင် နဉ်ယွီ၏ အမူအရာက နားလည်ရခက်ဖွယ် ပြောင်းလဲသွားမှုကို ဂျိုနက် သတိမထားမိပေ။ ထို့နောက် စိတ်ရှုပ်ထွေးစွာဖြင့် ဆက်လက်ပြောဆိုလိုက်သည်။

"သူဘာလို့ ငါ့ကို ကယ်တင်ပေးလဲဆိုတာကို နားမလည်နိုင်ဘူး... သူက ငါတို့လို သာမန်လူတန်းစားတွေကို အမုန်းဆုံးနဲ့ အနှိမ့်ချဆုံးသူ မဟုတ်ဘူးလား…"


ဂျိုနက်က နဉ်ယွီကို အမြဲတစေ ယုံကြည်ခဲ့သည်။ နဉ်ယွီက ခိုင်မာသော ထင်မြင်ချက်ရှိသူတစ်ယောက်ဖြစ်ကြောင်း ယုံကြည်ခဲ့သည်။ ထိုနောက် ဂျိုနက်က မေးလိုက်သည်။

"ဧကရာဇ်ကြောင့်လို့ မင်း ထင်လား... သူက ဧကရာဇ်ကို အမြဲတမ်း ချစ်နေခဲ့တာလို့ ကြားခဲ့တယ်... နောက်ပြီး သာမန်လူတန်းစားတွေကို ထောက်ခံအားပေးရေးဆိုတဲ့ ဧကရာဇ်ရဲ့ သဘောထားကြောင့် ငါ့ကို ကယ်တင်ပေးခဲ့တာလည်း ဖြစ်နိုင်တယ်... သူက ငါ့ကို အရမ်းအထင်သေးပုံပပေါ်တာမို့ တခြားအကြောင်းပြချက်တော့ မရှိနိုင်ဘူးမလား..."


သူ အနည်းငယ်မျှသာ သိသော်လည်း ဤတစ်ကြိမ်၌ နဉ်ယွီက သူ့စကားကို သဘောမတူခဲ့ပေ။ ယင်းအစား နဉ်ယွီက သူ့မျက်လုံးများအား အလေးအနက် စိုက်ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလာသည်။

"သူ့ရဲ့အကြောင်းပြချက်က ဘယ်လိုပဲဖြစ်နေနေ သူက မင်းကို ကယ်တင်ခဲ့တာတော့ အမှန်တရားပဲ…"


ဂျိုနက်က ခဏမျှ ထိတ်လန့်သွား၏။ ထို့နောက် သူ့မျက်နှာက နီမြန်းလာပြီး အစောပိုင်းက ပြောခဲ့သော စကားများအတွက် အလွန်ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။


ကျီလင်နှင့်ပတ်သက်သော တစ်ဖက်သတ်ဆန်သည့် သူ၏အတွေးအခေါ်များကြောင့်သာ ကျီလင်က သူ့အား ရိုးရိုးသားသား ကယ်တင်ခြင်း မဖြစ်နိုင်ကြောင်း ဂျိုနက် ထင်မိသည်။ ဧကရာဇ် အတွက်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆခဲ့သည်။ သူက ကျီလင်အပေါ် အတော်လေး သဘောထားသေးသိမ်မိပေသည်။ ထို့အပြင် သူက ယုတ္တိမတန်သူ ဖြစ်နေမှန်းကိုလည်း သူ့ကိုယ်သူ သိလိုက်ရသည်။ ကျေးဇူးတင်စရာကောင်းစွာဖြင့် နဉ်ယွီ၏စကားများက သူ့ကို နိုးကြားစေခဲ့သည်။ ကျီလင်၏ စိတ်ရင်းအမှန်က မည်ကဲ့သို့ပင်ဖြစ်နေပါစေ သူ့ကို ကယ်တင်ခဲ့သည်မှာ အမှန်တရားပင်။

ငါ့ရဲ့သံသယအတွက်ကြောင့်နဲ့ ဘာလို့ ကျီလင်ရဲ့ရိုးသားမှုကို သံသယဝင်ပြီး အသက်ကယ်ပေးခဲ့တာကို ကျေးဇူးကန်းရမှာလဲ...


ဂျိုနက်က ရေရွတ်ပြောဆိုလိုက်သည်။

"ဒီနေ့ သူက ငါ့အသက်ကို ကယ်ခဲ့တယ်... အဲဒါကြောင့် အနည်းဆုံးတော့ သူ့ကို လူကိုယ်တိုင် ကျေးဇူးတင်သင့်တယ်... ဒါပေမဲ့... ဒါပေမဲ့ သူ ငါ့ကို တွေ့ချင်မှာမဟုတ်ဘူး..."


သူနှင့်ကျီလင်အကြား အခြေအနေ အဆင့်အတန်း ကွာခြားချက်က အလွန်ပင် ကြီးမားလွန်းလှသည်။ ထို့အပြင် ကျီလင်၏ အပြုအမူကို အကဲဖြတ်ကြည့်လျှင် သူက ဂျိုနက်၏ ပုံပန်းသဏ္ဍာန်ကိုပင် မှတ်မိမည့်ပုံမပေါ်ဘဲ သူ၏ကျေးဇူးကြွေးနှင့် ပတ်သက်ပြီးလည်း ဂရုစိုက်လိမ့်မည် မဟုတ်ပေ။


အသက်ကယ်တင်ပေးသည့် ကျေးဇူးတရားကို လက်ခံရရှိခဲ့သော်လည်း ကျေးဇူးတင်စကားတစ်ခွန်းမျှပင် လူကိုယ်တိုင် မဖော်ပြနိုင်ခြင်းကြောင့် ဂျိုနက်က အလွန်အမင်း ရှက်ရွံ့စိတ်နှင့် ကိုယ့်ကိုယ်ကို ကဲ့ရဲ့ရှုတ်ချစိတ်ကို ခံစားလိုက်ရသည်။ သူ၏မျက်နှာမှာလည်း နီရဲလွန်း၍ ကြက်သွေးရောင်ပင် သန်းလာခဲ့သည်။


နဉ်ယွီက ထိုနေရာတွင် ရပ်နေဆဲပင်။ သူ၏မြစိမ်းရောင် မျက်လုံးများထဲတွင် ပုံမှန်မဟုတ်သော အသွေးအရောင်တစ်မျိုးက ညအချိန်၌ တဖြည်းဖြည်း ထွက်ပေါ်လာ၏။


ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် နဉ်ယွီက နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သကဲ့သို့ တိုးတိုးလေး ပြောလိုက်သည်။

"ငါ မင်းကိုယ်စား သွားလိုက်မယ်…"



✨✨✨