✨ Chapter 81
မီးစိမ်း
အနာဂတ်တွင် ဧကရာဇ်နှင့် မြို့စား ကြီးကားလို့စ်တို့က မည်သို့ပင် တိုက်ခိုက်ကြမည်ဖြစ်စေ ကိစ္စမရှိပေ။ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကျီလင်က သူတို့လက်ထဲတွင် ဆုပ်ကိုင်ထားမည့် တစ်ဦးတည်းသောသူဖြစ်၏။ ကျီလင့်ကို အမြဲတမ်း အလိုလိုက် အကြိုက်ဆောင်ခြင်းက ပိုကောင်းပေလိမ့်မည်။
ယခင်က ညစာစားပွဲများတွင် ပါဝင်ရခြင်းကို ကျီလင် သဘောမကျပေ။ သူက မူလကမ္ဘာပေါ်တွင် သာမန်ကောင်လေးတစ်ယောက်သာဖြစ်ပြီး ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူ မဟုတ်ပေ။ သူက အနည်းငယ် ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းပြီး ရှက်ပင်ရှက်တတ်သေးသည်။ အထက်တန်းလွှာများရှိ ဤကဲ့သို့ သကာရည်လူးထားသော အတုအယောင် လူမှုဆက်ဆံရေးမျိုးက သူ့ကို ခေါင်းကိုက်စေသည်။
သို့သော် ကားလို့စ်နှင့်အတူရှိနေခြင်းနှင့် နှိုင်းယှဉ်ပါလျှင် ဤသို့သောပွဲမျိုးကို တက်ရောက်ခြင်းက သည်းမခံနိုင်စရာ မဟုတ်တော့ပေ။ အနည်းဆုံး ယခုအချိန်တွင် ၎င်းက အလုံခြုံဆုံးနှင့် စိတ်ချရဆုံး ရွေးချယ်မှုပင်။
ထို့ကြောင့် ကျီလင်က ဖိတ်ကြားချက်များကို စတင်လက်ခံခဲ့ပြီး မနက်စောစော အိမ်မှထွက်ကာ နောက်ကျမှ ပြန်လာတတ်သည်။
ကျီလင် အိမ်ပြန်ရောက်ချိန်သည် များသောအားဖြင့် ညဥ့်နက်နေပြီဖြစ်သောကြောင့် ကားလို့စ်နှင့် မဆုံမိပေ။ ရံဖန်ရံခါ ဆုံမိလျှင်ပင် ကားလို့စ်အား မမြင်ချင်ဟန်ဆောင်ကာ ကျော်သွားတတ်သည်။
ကားလို့စ်က သူ့ကို နောက်တစ်ကြိမ် ဘယ်သောအခါမှ တွန်းအားမပေးတော့ပေ။ ရံဖန်ရံခါ ဝမ်းနည်းသောမျက်လုံးများဖြင့် သူ့ကို ကြည့်လာသော်လည်း ကျီလင်က မျက်ကွယ်ပြုထားလေသည်။ သူ ကျင်းဆွေ့ကိုပင် မလိုချင်ပေ။
ဘဝသက်တမ်းနှစ်ခုလုံးမှာ တုံ့ဆိုင်းခြင်းမရှိဘဲ ငါ့ကို သတ်ပစ်ခဲ့တဲ့ ဒီဗီလိန်ကြီးကို ငါက ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ...
ကျီလင်မှာ နောက်ထပ် နှစ်အနည်းငယ်မျှ အသက်ရှင်ချင်သေးသည်။
ယနေ့တွင် ကျီလင်က ပွဲတက်ရန် ဝန်ကြီးဂျယ်ရယ်၏ အိမ်တော်သို့ သွားခဲ့သည်။
ဝန်ကြီးဂျယ်ရယ်၏ အိမ်တော်တွင်ကျင်းပသောပွဲသို့ သူ နောက်ဆုံးတက်ရောက်ခဲ့သည်မှာ သမ်းတုန်း၏ဖိတ်ကြားမှုကြောင့်ပင်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လကျော်ခန့်က ဖြစ်သော်လည်း သူ ဤနေရာသို့ နောက်တစ်ကြိမ် ထပ်ရောက်လာချိန်၌ တစ်ဘဝစာနီးပါး ကြာမြင့်သွားသလို ခံစားလိုက်ရသည်။ အရာအားလုံးက ကမောက်ကမ ဖြစ်သွားခဲ့သည်။
လွန်ခဲ့သည့်နှစ်လက ကျီလင်မှာ မည်သည့်နေရာတွင်မှ မတော်သော ယုတ်ညံ့သည့် လူပေါ်ကြော့လေးတစ်ဦး ဖြစ်နေဆဲပင်။ သူကဲ့သို့ အခြားသော လူပေါ်ကြော့လေး အနည်းငယ်နှင့် လှည့်ပတ်ကာ ကစားပြီး ရယ်မောနေခဲ့သည်။
နှစ်လအကြာတွင် ကျီလင်က ဥယျာဉ်၏အလယ်ဗဟိုတည့်တည့်တွင် ထိုင်နေပြီး သူ့ဖခင်နှင့်အရွယ်တူ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော အထက်တန်းလွှာအုပ်စုတစ်စုက သူ့အား ဝိုင်းရံထားလေသည်။ အိမ်ရှင်ဖြစ်သူ ဝန်ကြီးဂျယ်ရယ်က သူ့အား ကိုယ်တိုင်ကိုယ်ကျ လိုက်ပါအဖော်ပြုပေးနေပြီး အပြုံးတစ်ခုဖြင့် ယဉ်ကျေးဖွယ် ချီးကျူးမြှောက်ပင့်နေပေသည်။
"သခင်လေးကျီ ဒီနေရာကို ရောက်ရှိလာတာက အန်ကယ့်ရဲ့ နိမ့်ကျတဲ့ အဆင့်အတန်းကို အမှန်တကယ်ကို ဂုဏ်တက်စေပါတယ်…"
လူတိုင်းက တညီတညွတ်တည်း သဘောတူလာကြပြီး ကျီလင့်အား ရိုကျိုးယဉ်ကျေးသော အပြုံးများဖြင့် ပြုံးပြလာကြသည်။
ဝန်ကြီးဂျယ်ရယ်က ၎င်းနှင့်ပတ်သက်ပြီး စိတ်ခံစားချက်များက လုံးဝရောထွေးနေခဲ့သည်။
လွန်ခဲ့သော နှစ်လက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို သူ ကောင်းကောင်း မှတ်မိနေသေးသည်။ သူက မကြာခဏဆိုသလို သူ့အိမ်တွင် ဧည့်ခံပွဲများ ကျင်းပလေ့ရှိပြီး မရေမတွက်နိုင်သော လူပေါ်ကြော့များနှင့် ဂျူနီယာများက တက်ရောက်ခဲ့ကြသည်။ အရေးမပါသည့်လူတိုင်းကို လိုက်မှတ်မိနေရန် သူ စိတ်မဝင်စားပေ။ ကျီလင့်ကို သတိထားမိသွားပြီး ဆင့်ခေါ်ခဲ့သော ဧကရာဇ်ကြောင့်သာ မဟုတ်ပါက သူ ကျီလင့်ကို လုံးဝ ဂရုစိုက်မိမည် မဟုတ်ပေ။
ထိုအချိန်က ကျီလင်၏အချစ်အတွက် တစ်ယောက်ကိုတစ်ယောက် ယှဉ်ပြိုင်နေကြသည့် ဧကရာဇ်နှင့် မြို့စားကြီးကားလို့စ်တို့ကို ကြည့်ရင်း ၎င်းက လုံးဝ အဓိပ္ပါယ်မဲ့သလို သူ ခံစားခဲ့ရသည်။ သူတို့နှစ်ဦးက ကျီလင့်အား ယှဉ်ပြိုင်ရန် အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုနေခြင်းသာဖြစ်သည်ဟု သူ ယုံကြည်ထားခဲ့သည်။ ဧကရာဇ်နှင့် မြို့စားကြီးကားလို့စ်တို့က မည်သည့်နေရာတွင်မှ အသုံးမဝင်သော ဤလူပေါ်ကြော့လေးကို အမှန်တကယ် စိတ်ဝင်စားကြလိမ့်မည်ဟု ဘယ်သောအခါမှ စိတ်ကူးမကြည့်မိပေ။ ကျီလင်က သူတို့နှစ်ဦး၏ အာဏာလွန်ဆွဲပွဲတွင် အသုံးချခံနယ်ရုပ်လေးတစ်ရုပ်သာဟု သူ ထင်ထားခဲ့သည်။
ယခုမူ ဝန်ကြီးဂျယ်ရယ်တွင် ထိုကဲ့သို့သော အတွေးမျိုးမရှိတော့ပေ။ ဧကရာဇ်က နယ်ရုပ်လေးတစ်ရုပ်သက်သက်အတွက် ဘယ်သောအခါမှ လူသိရှင်ကြား ချစ်ကြောင်းဝန်ခံမည်မဟုတ်သလို ကားလို့စ်ကလည်း ထိုတစ်ယောက်နှင့် စေ့စပ်ပွဲ ပြုလုပ်မည်မဟုတ်ပေ။ သူတို့နှစ်ဦးက နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့သော ငြိမ်းချမ်းရေး ဟန်ဆောင်မျက်နှာဖုံးအား ခွာချပစ်မည် မဟုတ်ပေ။ အရေးမပါသည့် လူတစ်ယောက်အတွက် အပြန်အလှန် တိုက်ခိုက်ကြမည်မှာ ပို၍ပင်မဖြစ်နိုင်ပေ။
ထိုနေ့စေ့စပ်ပွဲနေ့ရှိ မြင်ကွင်းကို မည်သူမျှ မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ကြပေ။ သို့သော် အတော်လေး ဆူဆူပူပူဖြစ်သွားခဲ့ကြောင်း လူအများက ကြားသိခဲ့ရသည်။
ထိုသတင်းက အင်ပါယာ၏ မြင့်မြတ်သော အထက်တန်းလွှာတစ်ခုလုံးကို လုံးဝ တုန်လှုပ်သွားစေခဲ့သည်။ မည်သို့ပင် မယုံနိုင်စရာကောင်းသည်ဖြစ်စေ ဖြစ်ရပ်မှန်များက သူတို့ရှေ့၌ရှိနေပေသည်— ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ သူတို့တွင် ရွေးချယ်စရာမရှိပေ။
အပေါ်ယံ၌ မည်သည့်နေရာတွင်မှ အသုံးမဝင်သော ဤလူပေါ်ကြော့လေးက ယခုအခါ ဧကရာဇ်နှင့် မြို့စားကြီးကားလို့စ်၏ မျက်လုံးများထဲတွင် ပန်းသီးလေးတစ်လုံး ဖြစ်လာပေသည်။ သူ၏အဆင့်အတန်းက ဤနေရာတွင်ရှိနေသည့် အခြားသူများထက် မြင့်မားပြီး သူ၏သြဇာလွှမ်းမိုးမှုကို လျှော့တွက်ထား၍မရပေ။ မည်သူမျှ သူ့ကို ဂရုမစိုက်သလို ဆက်ဆံဝံ့မည်မဟုတ်ပေ...
လူတိုင်းက ကျီလင်ကို သတိကြီးကြီးထားကာ လိုက်ကြည့်နေပြီး သူတို့၏ နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
နောက်ဆုံးအကြိမ်တုန်းက ဧကရာဇ်ရဲ့ ဘေးနားမှာရှိနေခဲ့တဲ့ ကျီလင်က မျက်စိတစ်မှိတ်အတွင်း မြို့စားကြီးကားလို့စ်ရဲ့ စေ့စပ်ထားသူ ဖြစ်လာမယ်လို့ ဘယ်သူက ထင်မှာလဲ...
အမှန်တကယ်၌ လောကကြီးသည်ကား မသေချာမှုများနှင့် ပြည့်နှက်နေပေ၏။
ကျီလင်က သူ့ပတ်ဝန်းကျင်ရှိလူများ၏ ရှုပ်ထွေးမှု၊ စူးစမ်းမှုနှင့် အံ့သြထိတ်လန့်ဖွယ်ရာ အကြည့်များကို ကျင့်သားရလာခဲ့သည်မှာ အချိန်အတော်ကြာပေပြီ။ အစပိုင်းတွင် စိန်ခေါ်မှု အနည်းငယ်ရှိခဲ့သော်လည်း ထိုကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် လှည့်ကွက်ကို သူတဖြည်းဖြည်းချင်း ရှာဖွေတွေ့ရှိခဲ့သည်။ သူသာ တစ်စုံတစ်ခုတွင် မကျွမ်းကျင်ပါက ၎င်းနှင့်ပတ်သက်ပြီး လုံးဝလုပ်စရာမလိုပေ။ သူတစ်ပါး၏ ထင်မြင်ချက်ကိုလည်း ဂရုစိုက်စရာမလိုပေ။ သူ့အပြုအမူက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ သူ့စကားက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မည်သူကမျှ ကန့်ကွက်ပြောဆိုရဲသည့် သိတ္တိမရှိပေ။ ယနေ့တွင် သူ့ကိုယ်သူ အရူးလုပ်ထားလျှင်ပင် အခြားသူများက ဤသို့ မြှောက်ပင့်ပြောဆိုနေကြပေလိမ့်မည်။
'သခင်လေးကျီရဲ့ဟာသက ဘယ်လိုတောင် ရယ်စရာကောင်းလိုက်လဲ…'
၎င်းက မမြင်နိုင်သည့် အထီးကျန်ခြင်းတစ်မျိုးဟု အမှန်တကယ် ခံစားမိသည်...
ကျီလင်က ထိုနေရာတွင် အခြားသူများ၏ မြှောက်ပင့်ပြောဆိုသံကို နားထောင်ရင်း သက်သောင့်သက်သာရှိစွာဖြင့် ရပ်နေပြီးယေဘုယျအားဖြင့် တုံ့ပြန်ရန် အလွန်ပျင်းရိနေသည်။ သူစိတ်ကောင်းဝင်နေချိန်တွင် ရိုးရှင်းသော 'အမ်း' ဟူသည့် တုံ့ပြန်သံက အခြားသူများအား ဂုဏ်တက်စေပြီး အံ့သြသွားစေသည်။
တကယ်တမ်း၌ ကျီလင်က အချိန်အများစုတွင် အခြားသူများ ပြောနေကြသည့်စကားများကို အမှန်တကယ် မကြားခဲ့ရသလို သူတို့၏မျက်နှာများကိုပင် မမှတ်မိပေ။
တကယ်ကို ပျင်းစရာကောင်းလိုက်တာ...
သို့သော် အိမ်ပြန်ပြီး ကားလို့စ်နှင့် မျက်နှာချင်းဆိုင်ခြင်းထက် ပိုကောင်းပေသည်။
ကျီလင်က အတွေးထဲတွင် နစ်မြောသွားပြီးနောက် သူ့ရှေ့ရှိ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ ကျီလင် အလိုလို မော့ကြည့်မိချိန်တွင် ဝန်ကြီးဂျယ်ရယ်ရှေ့သို့ တွန်းပို့ခံလိုက်ရသည့် စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးကို တွေ့လိုက်ရသည်။
လူငယ်လေးကို ကြည့်ရသည်မှာ အတော်လေး သာမန်မျှသာဖြစ်ပြီး သူ၏စစ်ဝတ်စုံကို အကဲဖြတ်ကြည့်လျှင် တပ်ကြပ်တစ်ဦးဖြစ်ပုံရသည်။ သူ၏အပြုအမူနှင့် စိတ်နေသဘောထားကို ခန့်မှန်းကြည့်လျှင် သာမန်လူတန်းစာ နောက်ခံမှ ဆင်းသက်လာပုံရပြီး ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော ရာထူးကြီးအထက်တန်းလွှာများကြားတွင် ကွဲထွက်နေပေသည်။
ထိုလူငယ်လေး၏ မျက်နှာက နီမြန်းနေပြီး ဝန်ကြီးဂျယ်ရယ်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
သူ့နောက်တွင် ချောမောလှပသော အထက်တန်းလွှာ မိန်းကလေးတစ်ဦးက ပြေးလိုက်လာပေသည်။ သူမ၏မျက်နှာပေါ်တွင်လည်း မျက်ရည်များမှာ စီးကျနေဆဲ။ သူမက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဝန်ကြီးဂျယ်ရယ်အား အသနားခံလာလေသည်။
"ဖေဖေ... သူ့ကို မသတ်ပါနဲ့... သမီး တောင်းပန်ပါတယ်…"
ကျီလင်က ထိုမြင်ကွင်းကို စပ်စုစိတ်ဖြင့် ကြည့်နေခဲ့ပြီးနောက် ကောင်မလေးက ဝန်ကြီးဂျယ်ရယ်၏ သမီးဖြစ်သူဖြစ်ကြောင်း နားလည်သွားပေသည်။
ဒါပေမဲ့ ဘာတွေဖြစ်နေတာလဲ...
မကြာသေးမီရက်များအတွင်း ကျီလင်က ထိုင်းမှိုင်းလေးလံဖွယ် ပွဲမျိုးစုံကို တက်ရောက်ခဲ့ပေသည်။ ဤအရာမျိုးကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးသည်မှာ ၎င်းက ပထမဆုံးအကြိမ်ပင်ဖြစ်ပြီး သူ၏စိတ်ဝင်စားမှုက ရုတ်ခြည်း နှိုးဆွခံလိုက်ရပေသည်။
သူ့သမီးနှင့် သူမ၏သာမန်ရည်းစားအပေါ် ဝန်ကြီးဂျယ်ရယ်၏ အပြုအမူကို တွက်ချက်ကြည့်လျှင် ကျီလင်အပေါ် ဖော်ပြခဲ့သည့် လေးစားခင်မင်မှုတို့နှင့် အလွန်ပင်အလှမ်း ဝေးကွာလှသည်။ ဝန်ကြီးဂျယ်ရယ်က အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။
"ဆဲလီ မင်း ဘာတွေလုပ်နေလဲဆိုတာရော သိရဲ့လား... အရမ်းကို စိတ်ပျက်စရာကောင်းတယ်…"
ဆဲလီ၏မျက်နှာက ဖြူဖျော့သွားပြီး ငိုယိုကာ ပြောလာသည်။
"တောင်းပန်ပါတယ်... သမီး မှားခဲ့တာကို သမီး သိပါတယ်... ကျေးဇူးပြုပြီး သူ့ကိုတော့ လွှတ်ပေးလိုက်ပါ... သမီး သူ့ကို နောက်နောင် ထပ်မတွေ့တော့ဘူးလို့ ကတိပေးပါတယ်…"
သူမပါးစပ်မှ ထိုစကားများ ထွက်ကျလာသည်နှင့် တစ်ပြိုင်နက် လူငယ်တပ်ကြပ်လေးက အကြီးအကျယ် ဒေါသထွက်သွား၏။ သူက ဆဲလီကို လှမ်းဆွဲလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"သူ့ကို မတောင်းပန်နဲ့... ဒီနေ့ သူ ကိုယ့်ကို သတ်လိုက်ရင်တောင် ကိုယ် မင်းကို ဘယ်တော့မှ ထားမသွားဘူး…"
ဆဲလီ၏မျက်နှာက ကြောက်စိတ်ကြောင့် ဖြူဖျော့နေပြီး မျက်လုံးများမှာလည်း နီရဲနေကာ အော်ဟစ်ပြောဆိုလိုက်သည်။
"ဂျိုနက် တိတ်တိတ်နေ…"
ဂျိုနက်၏မျက်နှာမှာ နီမြန်းသွား၏။
"ကိုယ် မင်းကို ဘယ်တော့မှ ထားမသွားဘူး... ကိုယ်တို့က တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတာပဲ— သူက ဘာလို့ ကိုယ်တို့ကို တားဆီးနိုင်ရမှာလဲ... ကိုယ်က သာမန်လူမို့လို့လား…"
ကျီလင်မှာ အခြေအနေကို ရုတ်တရက် နားလည်သွားသည်။
အမှန်တွင် သူ ထိုကိစ္စများကို ယခင်က ကြားခဲ့ဖူးသော်လည်း ဘယ်သောအခါမှ မျက်မြင်ကိုယ်တွေ့ မတွေ့ဖူးပေ။ ရှေးရိုးစွဲ အထက်တန်းလွှာများက မျိုးရိုးသန့်ရှင်းမှုကို ထိန်းသိမ်းရန်အတွက် သူတို့၏ သားသမီးများကို သာမန်လူများနှင့် ချိန်းတွေ့ခြင်း သို့မဟုတ် လက်ထပ်ခြင်းများကို ငြင်းပယ်ခဲ့သည်ဟု ဆိုကြသည်။ ရှာတွေ့သွားပါက ထိုစုံတွဲကို အတင်းအကြပ် လမ်းခွဲခိုင်းမည်ဖြစ်သည်။ အခြေအနေ ပြင်းထန်လျှင် သူတို့ထဲမှ တစ်ဦးကိုပင် သတ်ပစ်ကောင်း သတ်ပစ်နိုင်သည်။
၎င်းက လုံးဝ ယုတ္တိမတန်သော်လည်း ထိုသို့သောကိစ္စများက အဖြစ်မှန်ပင်ဖြစ်၏။
ကျီလင်က သူ၏မူလကမ္ဘာအကြောင်းကို မတွေးတောဘဲမနေနိုင်ပေ။ နှစ်ဆယ့်တစ်ရာစုတွင် သမီးတစ်ဦးက ဇာတ်နိမ့်တစ်ဦးနှင့် လက်ထပ်ခဲ့သောကြောင့် မိဘများက ဂုဏ်သိက္ခာအတွက် ရက်ရက်စက်စက် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည့် ထူးဆန်းသောနေရာများလည်း ရှိနေဆဲပင်။ မိဘများက ကိုယ့်သားသမီးအရင်းများကို ရက်ရက်စက်စက် သတ်ပစ်ခဲ့ကြပေသည်။ ဤကမ္ဘာ၌မူ အထက်လွှာများက သူတို့၏ အမျိုးအနွယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟူသော အမည်နာမအောက်တွင် သူတို့၏သားသမီးများကို 'ယူဆောင်' ရန် ကြိုးပမ်းလာကြသော ဇာတ်နိမ့်သာမန်လူများကို သတ်ဖြတ်ခြင်းက သာမာန်ဟုသာ ရှုမြင်ကြပေသည်။
အများစုမှာ ဤသာမန်လူများက သသတ်ဖြတ်ခံရလျှင်ပင် မည်သည့်သက်သေအထောက်အထားမှ ကျန်ခဲ့မည်မဟုတ်သလို မည်သူမျှ စုံစမ်းစစ်ဆေးမည်လည်း မဟုတ်ပေ။ ရာထူးကြီးသည့် အထက်တန်းလွှာများနှင့် ရင်ဆိုင်ရချိန်တွင် သာမန်ပြည်သူအများစုက သူတို့ရသင့်ရထိုက်သည့် အခွင့်အရေးများကို မရခဲ့ကြပေ။
အဖြစ်မှန်က တကယ်ပင် ရက်စက်လှ၏။
ဆဲလီက ဝန်ကြီးဂျယ်ရယ်ကို ဆက်လက် တောင်းဆိုလိုက်သည်။
"ဖေဖေ သူ့ကို ချမ်းသာပေးပါ... သူနဲ့ထပ်မတွေ့တော့ပါဘူးလို့ ကတိပေးပါတယ်…"
သို့ရာတွင် ဝန်ကြီးဂျယ်ရယ်က တုပ်တုပ်မျှမလှုပ်ပေ။ လူငယ်လေးအတွက် အသနားခံပေးနေသော သမီးဖြစ်သူကို ကြည့်ရင်း သူ့မျက်လုံးများက ပို၍အေးစက်လာပြီး ဒေါသများဖြင့် ပြည့်နှက်လာကာ ရေခဲတမျှ အေးစက်သောအသံဖြင့် ပြန်ဖြေလိုက်သည်။
"အိုး တကယ်လား... သမီးရဲ့ကတိကို ဘယ်လိုယုံရမှာလဲ…"
ဆဲလီက တုန်လှုပ်နေပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
"သမီး သမီး..."
ဝန်ကြီးဂျယ်ရယ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
"သူ သေသွားရင် သမီး သူ့ကို ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်တော့ဘူး... နောက်ပြီးတော့ အဖေလည်း သမီးရဲ့ကတိကို စိတ်ချယုံကြည်လို့ရသွားပြီ... ချစ်သမီးလေး သမီးက ဒီယုတ်မာတဲ့လူလိမ် ဇာတ်နိမ့်ကောင်ရဲ့ လှည့်စားခံခြင်းကို ခံခဲ့ရရုံပဲ... သူ့လုပ်ရပ်အတွက် သူ ပြန်ပြီးပေးဆပ်ရမယ်…"
ဝန်ကြီးဂျယ်ရယ်ကို မျှော်လင့်ချက်ကင်းမဲ့စွာ ကြည့်ရင်း ဆဲလီ၏မျက်နှာက ဖြူဖျော့သွားပေသည်။
ဂျိုနက်၏အမူအရာသည်လည်း ပြောင်းလဲသွားပေ၏။ သို့သော်လည်း သူ ဆဲလီကို ချစ်မိသွားကတည်းက ဤကိစ္စအတွက် သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပင်။ ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာဖြင့် သေခြင်းတရားကို ရင်ဆိုင်ရန် ဆန္ဒရှိပေသည်။ ကံမကောင်းစွာဖြင့် သူချစ်ရသူနှင့် အတူမနေနိုင်တော့ကြောင်း ဂျိုနက် သဘောပေါက်သွားခဲ့ပြီး သူ၏သေဆုံးမှုကြောင့် သူမ နာကျင်ဝမ်းနည်းသွားမည်ကို မလိုလားပေ။
ဂျိုနက်က ဆဲလီကို ဝမ်းနည်းနေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ကိုယ် တောင်းပန်ပါတယ်..."
ဆဲလီမှာ အသက်ရှူရပ်မတတ် ပြင်းထန်စွာ ငိုကြွေးခဲ့သည်။
အခြားစောင့်ကြည့်နေသော အထက်တန်းလွှာများက လှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။ သူတို့၏အမူအရာများမှာ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။ အပြစ်မဲ့လူငယ်လေး၏ ထိတ်လန့်ဖွယ် ဇာတ်သိမ်းကို စောင့်မျှော်နေရင်း သူ၏ကြေကွဲဖွယ် သေဆုံးမှုအား မျက်မြင်ကိုယ်တွေ့ တွေ့ရရန် စိတ်အားထက်သန်နေကြသည်။
ကျီလင် ရုတ်တရက် တုန်လှုပ်သွားသည်။
မဟုတ်သေးဘူး... ငါ ဆက်မကြည့်နိုင်တော့ဘူး...
ထိုသို့သော အကြောင်းအရာကို ကြားသိရခြင်းက ကိုယ်တိုင်မြင်ရခြင်းနှင့် မတူညီပေ။ အပြစ်မဲ့သူတစ်ဦးက အထက်တန်းလွှာတစ်စု၏ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံရတော့မည်ကို သူ လုံးဝ သည်းခံပြီးကြည့်မနေနိုင်ပေ။
✨✨✨