✨ Chapter 80
ကျီလင်က အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ကိုမြှောက်ကာ သူ့နှုတ်ခမ်းများကို ပြင်းပြင်းထန်ထန် သုတ်ပစ်လိုက်သည်။ သူ့မျက်လုံးများက ပြောင်းလဲသွားပေ၏။ ကျီလင်က ကားလို့စ်ကို အလွန်ထူးဆန်းပြီး မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော်က ခင်ဗျားကို ကျွန်တော့်ရဲ့ အန်ကယ်အရင်းတစ်ယောက်လို့ အမြဲသတ်မှတ်ထားခဲ့တာ... ဒါပေမဲ့ ခင်ဗျားက တကယ်ကို..."
ကားလို့စ်က ကျီလင်ကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူ ယနေ့လုပ်ရပ်ကို လုပ်ကတည်းက ကျီလင့်အား မသိကျေးကျွန်ပြုခွင့် မပေးလိုပေ။ ထို့နောက် ဖြည်းညှင်းစွာ လေးနက်စွာ ပြောလိုက်သည်။
"ကိုယ် သိတယ်... ဒါပေမဲ့—— ကိုယ် မင်းရဲ့အန်ကယ်ပဲ မဖြစ်ချင်ဘူး…"
ကားလို့စ်က ကျီလင်၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များကို ကြည့်ပြီး တစ်ခွန်းချင်းစီ ပြောလိုက်သည်။
"ကိုယ်က မင်းရဲ့ ချစ်သူ ဖြစ်ချင်တာ…"
ဟာ... အဲဒီအကြောင်း စဉ်းတောင် မစဉ်းစားနဲ့...
သရုပ်ဆောင်မှုက အသင်အတင့်မျှသာ ပြုလုပ်သင့်ပေသည်။ ၎င်းက အတုအယောင် စေ့စပ်ပွဲတစ်ခုသာဖြစ်ကြောင်း လူတိုင်း သိကြပေသည်။
ဒါပေမဲ့ ခင်ဗျားက အတုအယောင်ကို အစစ်အမှန်ဖြစ်အောင် ပြုလုပ်ချင်ရင်တော့ ခင်ဗျားမှာ ပညာရှင်ဆန်တဲ့ ကျင့်ဝတ်တွေမရှိဘူး... ဒါက သည်းမခံနိုင်စရာပဲ...
ကျီလင်က သူ့မျက်လုံးများကို ဝမ်းနည်းစွာ မှိတ်လိုက်ပြီးနောက် စိတ်ပျက်နေသော အကြည့်ဖြင့် ကားလို့စ်ကို ကြည့်လိုက်သည်။ ထို့နောက် အေးစက်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော် ချစ်တဲ့သူက ခင်ဗျားမဟုတ်ဘူး... ခင်ဗျားလည်း အဲဒါကို သိတယ်မလား…"
ကားလို့စ်၏ မျက်လုံးများက အနည်းငယ် ထိုင်းမှိုင်းသွားပေသည်။ ထို့နောက် ခပ်တိုးတိုးလေး သက်ပြင်းချလိုက်သည်။ သူ၏တိုးလျသော အသံတွင် ကူကယ်ရာမဲ့သည့် အရိပ်အယောင်များ ပါဝင်နေသော်လည်း သူ့မျက်လုံးများက နူးညံ့ပြီး စိတ်ရှည်နေပေ၏။
"ဧကရာဇ်က မင်းကို မချစ်ဘူးလေ... သူက မင်းကို နာကျင်အောင်လုပ်ပြီး အဲဒီလိုကိစ္စမျိုးတွေတောင် လုပ်ခဲ့တယ်... သူက မင်းကို လုံးဝ ဂရုမစိုက်ဘူး... မင်း သူ့ကို လက်လွှတ်လိုက်ပြီး ဆက်ဆံရေးအသစ်တစ်ခု စဖို့ ဘာကြောင့် မကြိုးစားတာလဲ... မင်းကို ချစ်ပေးပြီး ကာကွယ်ပေးမယ်လို့ ကိုယ် ကတိပေးတယ်... မင်းက ကိုယ့်ဘဝရဲ့ တစ်ဦးတည်းသော ချစ်ရသူပဲ…"
အိုး... ဒါက ချီးကျူးစရာကောင်းတဲ့ သရုပ်ဆောင်ချက်တစ်ခုပဲ...
ခင်ဗျားကို ယုံမိရင် ကျွန်တော်က သောက်သုံးမကျလို့ပဲ...
ကျီလင် မျက်တောင်များကို ခတ်လိုက်သည်နှင့် မျက်ရည်များက ကျဆင်းလာသည်။ ထို့နောက် ကားလို့စ်အား ဝမ်းနည်းစွာ ပြုံးပြလိုက်သည်။
"တကယ်လား... ကျွန်တော် အဲဒီလို မလုပ်နိုင်တာကတော့ နှမြောစရာပဲ…"
ကားလို့စ်က အနည်းငယ် နာကျင်သွားသယောင်ဖြင့် သူ၏နှုတ်ခမ်းပါးများကို စေ့ပိတ်ထားလိုက်သည်။
သို့သော် ကျီလင်မှာ စိတ်ပျော့သွားမည် မဟုတ်ပေ။ ဤမြေခွေးအိုကြီး၏ သရုပ်ဆောင်စွမ်းရည်က အလွန်ကောင်းမွန်ကြောင်း သူ ကောင်းကောင်းသိသည်။ ကျီလင်က စိတ်ထိခိုက်သွားသည့် အမူအရာကို ဖော်ပြလိုက်ပြီး အေးစက်ကာ သူစိမ်းဆန်သော အကြည့်များဖြင့် ကားလို့စ်ကို ကြည့်လိုက်သည်။ ထို့နောက် ပြတ်သားအေးစက်လှသည့် အသံဖြင့် ပြောလိုက်သည်။
"အန်ကယ်ကားလို့စ်... ကျွန်တော်တို့ ပြန်ဖို့အချိန်တန်ပြီ…"
သူက 'အန်ကယ်' ဟူသော စကားလုံးကို တမင်အလေးပေး၍ သိသိသာသာ ဖိပြောလိုက်သည်။
စကားလုံးတစ်လုံးချင်းစီက ကားလို့စ်၏ နားထဲသို့ သက်ဆင်းသွားပြီး သူ့မျက်နှာမှာ နောက်ဆုံးတွင် အနည်းငယ် ပြောင်းလဲသွားသည်။ သူ့ရင်ဘတ်ထဲရှိ မနာလိုစိတ်နှင့် ဒေါသများက နောက်တစ်ဖန် အထိန်းအကွပ်မဲ့လုဆဲဆဲပင်။
ကားလို့စ်က ကောင်ငယ်လေး၏ အေးစက်သော အကြည့်ကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ကောင်ငယ်လေးက သူစိမ်းဆန်သော အကြည့်ဖြင့် သူ့ကို ကြည့်နေသည်။ တစ်ချိန်က သူ ရရှိခဲ့ဖူးသော ယုံကြည်မှုနှင့် မှီခိုအားထားမှုများပင် ပျောက်ကွယ်သွားခဲ့ပြီး ရန်လိုမှုနှင့် သတိထားခြင်းတို့ကသာ ကျန်ရစ်ခဲ့တော့သည်။ ကောင်ငယ်လေးက သူ့ရှေ့၌ရပ်နေလျှင်ပင် သူနှင့် ယခင်ကထက် ပို၍ဝေးကွာသွားပေသည်။
ဒါဆို မင်း ကိုယ့်ကို ဒီလိုမျိုး လုံးဝ ငြင်းပယ်လိုက်တော့မှာလား...
မင်းက ချစ်စရာအကောင်းဆုံး လူသားတစ်ယောက်ပဲ... မင်းရဲ့အချစ်က ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ရတနာတွေထက်မဆို ပိုတောက်ပပြီး ဖြူစင်တယ်... ဒါပေမဲ့ အဲဒီအရာကြောင့်ပဲ မင်းက အရက်စက်ဆုံး လူတစ်ယောက်လည်း ဖြစ်နေပြန်တယ်... မင်းက မင်းရဲ့အကြည့်နဲ့ မင်းအချစ်ကို တခြားဘယ်သူကိုမှ ဝေမျှမပေးဘူး...
အဲဒါက လူတွေကို မနာလိုဖြစ်စေပြီး ရူးသွပ်သွားစေတယ်...
ကားလို့စ်က သူ့မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သည်။ ခံ့ညားလှသော သူ၏မျက်နှာပေါ်တွင် နှင်းခဲအလွှာတစ်ခုသာ ကျန်ရစ်ခဲ့ပေသည်။ ကောင်ငယ်လေး၏ နောက်ကျောပြင်က အလွန်ပြတ်သားစွာဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ခွာသွားလေသည်။ အကြင်သူက အေးစက်ပြီး စိတ်ပိုင်းဖြတ်ထားပေသည်။
အလွန်တောက်ပလွန်းလှ၏။
ကားလို့စ်က ရုတ်တရက် ကိုယ့်ကိုယ်ကို သိမ်ငယ်စွာ ပြုံးလိုက်ပြီး လက်ကိုမြှောက်ကာ ကျီလင်၏ လက်ကောက်ဝတ်ကို ပြန်ဆွဲယူလိုက်သည်။ ထို့နောက် နှစ်ယောက်သားမှာ ကျယ်လောင်လှသော အသံနှင့်အတူ ရေထဲသို့ နောက်တစ်ဖန် ပြုတ်ကျသွားလေသည်။
ထို့နောက် ကားလို့စ်က ထိတ်လန့်သွားပုံပေါ်သည့် ကောင်ငယ်လေးကို ပြင်းပြင်းထန်ထန် နမ်းရှုံ့လိုက်သည်။
ကျီလင်၏ မျက်လုံးများက ထိတ်လန့်တုန်လှုပ်သွားပြီး သူ့အား ပြင်းပြင်းထန်ထန် နမ်းနေသည့် ထိုလူကို ကြည့်လိုက်သည်။ သူ အသည်းအသန် ရုန်းပစ်လိုက်ချင်သော်လည်း ထိုလူ၏လက်များက သံမဏိကဲ့သို့ ခိုင်မာလှပြီး ကြမ်းတမ်းလှသော အာဏာရှင်တစ်ဦးကဲ့သို့ပင်။ ကျီလင်မှာ အလွန်နုနယ်ပြီး အရေးမပါသလို ခံစားလိုက်ရပေသည်။ ကားလို့စ်က သူ့အား ခုခံရန်နှင့် လွတ်မြောက်ရန် အခွင့်အရေးမပေးခဲ့ပေ။
ကျီလင်မှာ သူ့ဘာသာသူ တွေးလိုက်မိသည်။
'အားးး ငါ ဒီလိုမျိုး မုဒိမ်းကျင့်ခံရတော့မှာလား…'
ကျီလင်က ကျင်းဆွေ့ကို ရှောင်ရှားရန်အခုတစ်ထောင်သော ကြိုတင်သတိထားချက်ကို ကြံစည်ထားသော်လည်း ကားလို့စ်နှင့် ဆိုပါက ၎င်းတို့မှာ အသုံးမဝင်ပေ။
ထိုယောက်ျား၏ အနမ်းများက သူ့လည်ပင်းပေါ်သို့ တဖြည်းဖြည်းချင်း ကျဆင်းလာပြီး ရေအေးများက ညင်သာစွာ ရစ်ဝဲနေသောကြောင့် သူ့သွေးများအား အေးခဲသွားစေသည်။
ယခင်ဘဝ၌ ကြောက်မက်ဖွယ်ကောင်းသော ဤအမျိုးသားက ကောင်းကင်ယံမှ ဆင်းသက်လာပြီး သူ့ရှေ့တွင် ပေါ်လာကာ သူ့ထံသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာချိန်ကို ကျီလင် ပြန်အမှတ်ရမိသည်။ ထိုယောက်ျား၏ ခန္ဓာကိုယ်ပေါ်တွင် မခြောက်သေးသော သွေးများက စွန်းထင်းနေဆဲဖြစ်ပြီး သူ့မျက်လုံးများက နွေးထွေးမှုဟူ၍ တစ်စိုးတစ်စိမျှမရှိဘဲ အေးစက်နေသည်။
ထိုအချိန်က ကျီလင်မှာ မပေါ်လာသင့်သည့် အရပ်၌ ပေါ်လာပြီး မမြင်သင့်သောလူကို မြင်သွားသောကြောင့် သေပွဲဝင်ရတော့မည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ အရေးကြီးသော အခိုက်အတန့်တွင် ကျီလင်က မဆင်မခြင် လှုပ်ရှားခဲ့ပြီး စတင်လက်ဦးမှု ရယူရန်ရွေးချယ်ခဲ့သည်။ ထိုအချိန်၌ သူသည် မှန်ကန်သော လောင်းကြေးကို ထပ်နိုင်ခဲ့သည်။
ကျီလင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါနေပြီး သူ့မျက်တောင်များက မျက်ရည်စက်များနှင့်အတူ မယုံကြည်နိုင် ဖြစ်နေသည်။ ကျီလင်က သူ့နှုတ်ခမ်းများကို ဖွင့်ဟပြီး ငိုရှိုက်သံတိုးတိုးဖြင့် ခေါ်လိုက်သည်။
"အန်ကယ်ကားလို့စ်..."
တုန်လှုပ်နေသော ဤငိုရှိုက်သံက ထိုယောက်ျား၏ လှုပ်ရှားမှုများကို အနည်းငယ် ရပ်တန့်သွားစေသည်။ သူက ခေါင်းကိုမော့ကာ ရက်စက်သော မျက်လုံးတစ်စုံကို ထုတ်ဖော်ပြသလိုက်သည်။
ကောင်ငယ်လေး၏ မျက်လုံးပြာများက မျက်ရည်များနှင့် ပြည့်လျှံနေပြီး ပါးပြင်ပေါ်သို့ စီးကျလာသည်။ နောက်ဆုံး ယုံကြည်မှုနှင့် အထောက်အပံ့ကို ဆုံးရှုံးသွားသည့် မျှော်လင့်ချက်ကင်းမဲ့နေသော ကလေးငယ်တစ်ဦးကဲ့သို့ ကျီလင်က အလွန်ဝမ်းနည်းပြီး အားကိုးရာမဲ့နေခဲ့သည်။ အလွန်အမင်း မျှော်လင့်ချက်ကင်းမဲ့နေသော်လည်း လက်မခံလိုဘဲ နောက်ဆုံးမျှော်လင့်ချက်ဖြင့် သူ့ကိုကြည့်နေသည်။
"ခင်ဗျားက ကျွန်တော် အယုံကြည်ရဆုံးလူလေ... ခင်ဗျား ကျွန်တော့်ကို ဘာလို့ ဒီလိုလုပ်ရတာလဲ..."
ရှင်းလင်းပြတ်သားသော ပေါ့ပေါ့ပါးပါး စကားလုံးများက ကားလို့စ်၏နားထဲသို့ ဝင်ရောက်လာသည်။ သို့သော် ထိုစကားများက ကြီးမားသော စွမ်းအားများကို သယ်ဆောင်လာပုံရပြီး ကားလို့စ်၏ နှလုံးသားထဲရှိ ကြောက်မက်ဖွယ် မနာလိုမှုနှင့် စိတ်ဆန္ဒများကို ချက်ချင်းပင် ဖြိုဖျက်သွားခဲ့သည်။ သူ့နှလုံးသားအား ဆုတ်ပြဲသွားစေနိုင်သည့် နာကျင်မှုများသာ ကျန်ရစ်ခဲ့ပေသည်။
ကားလို့စ်က ကောင်ငယ်လေးကို စူးစူးစိုက်စိုက် ကြည့်နေသည်။
၎င်းက ယခင်ဘဝသို့ ပြန်ရောက်သွားသကဲ့သို့ပင်။ ဝမ်းနည်းဖွယ်ရာ ညအချိန်၌ ကောင်ငယ်လေးက လူသူလေးပါး မနေထိုင်သော ထိုစွန့်ပစ်ခံဂြိုဟ်ပေါ်တွင် မတ်တတ်ရပ်နေပြီး သူ့အား ကြည့်ကာ မေးလာသည်။
"ခင်ဗျားက တကယ်ပဲ အန်ကယ်ကားလို့စ်လား..."
၎င်းက သူ့တစ်သက်လုံး မေ့မရနိုင်သည့် မြင်ကွင်းတစ်ခုပင်။ သူ သေဆုံးသွားချိန်အထိ သူနှင့်အတူ ယူဆောင်သွားခဲ့သည်။
ငါ ဘာတွေလုပ်နေတာလဲ...
သူက ကောင်ငယ်လေးအား ဤဘဝတွင် ကောင်းမွန်စွာ ကာကွယ်ပေးရန် ကတိကဝတ်ပြုထားပြီး ဘယ်သောအခါမှ နောက်တဖန် မနာကျင်စေလိုပေ။ သူက ကောင်ငယ်လေးအား ဝမ်းနည်းနာကျင်မှု မဖြစ်စေဘဲ ပိုမိုကောင်းမွန်စွာ ချစ်ပေးရန်နှင့် အကြင်သူအား သူ့ဘက်သို့ ဆွဲဆောင်ရန် အပြင်းအထန် ကြိုးစားခဲ့သည်။
သူ ပို၍စိတ်ရှည်သင့်ပေ၏။
သို့သော် ယခုမူ ကောင်ငယ်လေးက သူ့အား ငြင်းဆိုလိုက်ရုံမျှဖြင့် သူက ဆက်လက်ပြီး သည်းမခံနိုင်တော့ပေ။ သူက ကောင်ငယ်လေးကို ပိုင်ဆိုင်လိုပြီး နာကျင်စေခဲ့မိသည်။ သူ့အပေါ်ထားသည့် ကောင်ငယ်လေး၏ ယုံကြည်မှုနှင့် မှီခိုအားထားမှုအားလုံးကို ရိုက်ချိုးပစ်လိုက်လေသည်...
သူ့တွင် ထိုကဲ့သို့ရက်စက်သည့် အတွေးများ အမှန်တကယ် ရှိခဲ့သည်။
ထိုသို့တွေးနေမိသည်မှာ မည်မျှကြာပြီမှန်း သူ မသိပေ။
ကားလို့စ်က သူ့လက်ကို ဖြည်းည
င်းစွာ လွှတ်လိုက်ပြီး မျက်လုံးများထဲရှိ နာကျင်မှုကို ဖုံးကွယ်ထားလိုက်သည်။ ထို့နောက် တိုးလျသောအသံဖြင့် ပြောလိုက်သည်။
"ကိုယ် တောင်းပန်ပါတယ်... ကိုယ်က မင်းကို သိပ်ချစ်လို့ပါ…"
ကျီလင်က သူ့အား ပြန်မဖြေပေ။ သူက(ကျီလင်က) အလွန်ဝမ်းနည်းပြီး စိတ်ပျက်သွားပုံရသည်။ ကျီလင်က ရေကန်ထဲမှ ဒယိမ်းဒယိုင်ဖြင့် ခုန်ထွက်လိုက်ပြီး ထိတ်လန့်တကြား လှည့်ထွက်သွားသည်။
ကားလို့စ်က ရှေ့သို့လှမ်းပြီး ကောင်ငယ်လေး၏လက်ကို ဆုပ်ကိုင်ရန် တွေးလိုက်သည်။ သို့သော်လည်း ယခင်က ယဉ်ကျေးသိမ်မွေ့ပြီး နာခံမှုရှိသော ကလေးက ယခုတစ်ကြိမ်တွင် သူ့အား ရှောင်ကြဉ်နေခဲ့သည်။ နှုတ်ခမ်းများကို ကိုက်ကာ သူ့ကို မကြည့်ဘဲ ရှောင်သွားခဲ့သည်။
ကားလို့စ်က သူ၏ဗလာကျင်းနေသော လက်ဖဝါးများကို အချိန်အတော်ကြာ ကြည့်ပြီး နှုတ်ခမ်းများပေါ်၌ မိမိကိုယ်ကို လှောင်ပြောင်သည့် အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားလေသည်။
………………
ကျီလင် လမ်းတစ်လျှောက် တိတ်ဆိတ်နေပြီး ထောင့်စွန်းတွင် ကွေးကွေးလေးထိုင်နေခဲ့သည်။ ရေစိုထားသော အဝတ်အစားများကလည်း သူ့ခန္ဓာကိုယ်ပေါ်တွင် ကပ်နေလေသည်။ အိမ်ပြန်ရောက်သည်အထိ ကျီလင်က သူ့မျက်လုံးများကို မှိတ်ထားပြီး ကားလို့စ်ကို စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ အိမ်ပြန်ရောက်ချိန်တွင်လည်း နောက်ပြန်လှည့်မကြည့်ဘဲ အခန်းထဲသို့ဝင်ကာ သော့ခတ်ထားလိုက်သည်။
ဒီနေ့က—— အရမ်းအန္တရာယ်များတာပဲ...
ကျီလင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး အလွန်စိတ်လှုပ်ရှားနေမိသည်။
ကားလို့စ်နှင့် အယောင်ဆောင်စေ့စပ်ပွဲက သူ့ကိုယ်သူ အကာအကွယ်ပေးသည့် ပုံစံတစ်ခုဟု မူလက ကျီလင် ထင်ထားခဲ့သည်။ သို့သော် ယခုအခါ ၎င်းက အမှန်တကယ် လှည့်ကွက်တစ်ခုဖြစ်ကြောင်း သူ သဘောပေါက်လာသည်။ ကားလို့စ်တွင်လည်း သူ့အပေါ် မကောင်းသည့် အကြံအစည်များ ရှိပေသည်။ ထိုလူက သူ၏မျက်နှာဖုံးကို ခွာချပစ်ရမည်ဆိုလျှင်ပင် သူ့(ကျီလင့်)အပေါ် ထိုကဲ့သို့ ပြုလုပ်ပေလိမ့်မည်။ လူတိုင်း ကွေးနေသော ဤကမ္ဘာကြီးကြောင့် ကျီလင်မှာ ရူးသွပ်သွားခါနီးပေပြီ။
ကျီလင်: [ဒီကမ္ဘာမှာရှိတဲ့ ယောက်ျားတိုင်းက ဘာလို့ တခြားယောက်ျားတွေနဲ့ အိပ်ချင်နေရတာလဲ :)]
စနစ်က အားနည်းစွာဖြင့် သတိပေးလာသည်။
[ဒါက သန်းမေ့ကမ္ဘာလေ...]
ကျီလင်: [ဒါဆို ဘယ်ကြက်အစပ် စာရေးဆရာက ဒီလိုကြက်အစပ် ဝတ္ထုမျိုးကို ရေးခဲ့တာလဲ...]
စနစ်မှာ အသံမထွက်ရဲတော့ပေ။
ဤသည်မှာ သန်းမေ့ဝတ္ထုထဲသို့ ရောက်သွားသော ပိုင်ရှင်အဖြောင့်ယောက်ျား၏ စိတ်ပျက်အားငယ်ခြင်း ဖြစ်နိုင်သည်။
ကျီလင်က ကားလို့စ်နှင့် ထမင်းပင် အတူမစားဘဲ အခန်းထဲ၌သာ တစ်နေကုန်နေခဲ့သည်။ သူ အမှန်တကယ် အိမ်ပြန်ချင်ပေသည်။ သို့သော် အိမ်ပြန်လျှင် ကျင်းဆွေ့က သူ့အား တားဆီးကောင်း တားဆီးလာနိုင်ပေသည်။ ၎င်းအကြံကလည်း အန္တရာယ်မကင်းလှပေ။ စေ့စပ်ပွဲနေ့က ကျင်းဆွေ့၏ မည်းမှောင်နေသော အသွင်အပြင်နှင့် ပတ်သက်၍ ကျီလင် စိုးရိမ်ပူပန်မှုနေဆဲပင်။
တခြားနေရာတွေမှာ ရှိနေရင် ငါ့ကိုယ်ငါ အကာအကွယ် မပေးနိုင်ဘူး... ဒီအင်အားကြီးတဲ့ တဏှာရူးကြီးနှစ်ယောက်က ငါ့ကို ဝိုင်းထားမလားဆိုတာ ဘယ်သူသိမှာလဲ...
ထိုအကြောင်းကို တွေးမိပြီးနောက် သူ့တွင် ကျင်းဆွေ့နှင့် ကားလို့စ်၏ ပတ်ဝန်းကျင်မှလွဲပြီး ဘယ်နေရာမှသွားစရာမရှိခြင်းက အံ့သြစရာပင်။
ဤမျှဆိုးဝါးလှသည့် ကမ္ဘာပင်။
ဒါက အဆိုပြုချက်နှစ်ခုထဲကနေ ပိုလွယ်ကူတဲ့ သေခြင်းကို ရွေးချယ်တာနဲ့ တူနေသလားလို့...
ကျီလင်: [ဒီမစ်ရှင်ကို ငါ တကယ် မလုပ်နိုင်တော့ဘူးလို့ ခံစားရတယ်... ငါ အစားထိုး မစ်ရှင်တစ်ခု လျှောက်ချင်တယ်…]
စနစ်: [ဒါပေမယ့် အရင်ပိုင်ရှင်တုန်းက မစ်ရှင်တွေပြောင်းလဲတဲ့ နမူနာမျိုး တစ်ခါမှ မရှိခဲ့ဘူး...]
ကျီလင်: [မစ်ရှင်ပစ်မှတ်ရဲ့ အဖွဲ့ဝင်တွေအားလုံး ပြန်လည်မွေးဖွားလာတဲ့ နမူနာရော မင်းမှာ ရှိဖူးလို့လား…]
စနစ်: [...]
ကျီလင်: [ကမ္ဘာကြီးက ပြိုလဲပျက်စီးသွားပြီ... မင်းမှာလည်း တာဝန်ရှိတယ်လို့ မထင်ဘူးလား…]
စနစ်: [...]
ကျီလင်: [တခြားမစ်ရှင်ကို ပြောင်းပေးမလား ဒါမှမဟုတ် အလျော်ပေးဖို့ လျှောက်မလား... မင်း တစ်ခုရွေး…]
စနစ်က ခဏတာမျှ တိတ်ဆိတ်သွားပြီး တုံ့ဆိုင်းစွာဖြင့် ပြောလာသည်။
[ဒါဆို ငါ ပြန်သွားပြီး မင်းအတွက် ကြိုးစားလုပ်ပေးမယ်…]
ကျီလင်က သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။
[သွား... သွား…]
စနစ်: [ဒါပေမဲ့ အောင်မြင်မယ်လို့တော့ ငါ အာမမခံနိုင်ဘူး…]
ကျီလင်က ဘဝ၏အနိမ့်အမြင့် အတက်အကျကို ခံနိုင်ရည်ရှိသည့် အပြုံးဖြင့် ပြုံးလိုက်သည်။
[ကိစ္စမရှိဘူး... အခုထက် ပိုပြီးဆိုးနိုင်သေးလို့လား…]
စနစ်: [... ...]
ကျီလင်: [စောစောပြန်လာဖို့တော့ သတိရဦး…]
စနစ်: [ဒါဆို ငါ တကယ် သွားတော့မယ်... ငါ သွားနေတဲ့အချိန် မင်းကိုယ်မင်း ဂရုစိုက်ဦး…]
ကျီလင်: [မင်း စောစောသွားပြီး စောစောပြန်လာရင် ငါ့ကို နောက်ဆုံးအကြိမ်တော့ တွေ့နိုင်လောက်တယ်…]
စနစ်: [...]
... ... ... ... ...
ကားလို့စ်ကို ရှောင်ရန် ကျီလင်က အပြင်ဘက်၌ မကြာခဏဆိုသလို ညစာစားပွဲများကို တက်ရောက်ခဲ့သည်။
တကယ်တမ်း၌ ကျင်းဆွေ့က ကျီလင့်အား ချစ်မြတ်နိုးကြောင်း လူသိရှင်ကြား ဝန်ခံပြီးချိန်ကတည်းက နေ့တိုင်း အဆက်မပြတ်သော ဖိတ်ကြားမှုများနှင့်အတူ အထက်တန်းလွှာ အသိုင်းအဝိုင်း၌ ကျီလင်က အလွန်နာမည်ကြီးလာခဲ့သည်။ ကားလို့စ်က သူနှင့် စေ့စပ်ကြောင်းလမ်းပြီး သူက သူ့ချစ်သူဖြစ်ကြောင်း ကြေညာပြီးနောက် ကျီလင်၏ အဆင့်အတန်းက အထွတ်အထိပ်သို့ တစ်ဖန်ရောက်ရှိသွားခဲ့သည်။
သူက အတင်းအဖျင်းနှင့် ဖျော်ဖြေရေးသတင်းများတွင်သာ ပါလာတတ်သည့် မည်သည့်နေရာတွင်မှအသုံးဝင်သော လူတစ်ယောက် မဟုတ်ပေ။
ဧကရာဇ်၏ ချစ်သည်းညှာအဖြစ်သော်လည်းကောင်း၊ ကားလို့စ်၏ စေ့စပ်ထားသူအဖြစ်သော်လည်းကောင်း ကျီလင်၏ အဆင့်အတန်းက အလွန်မြင့်မြတ်လှသည်—— ဖခင်ဖြစ်သူ မြို့စားကြီးကျီထင်၏ အများနည်းတူ အခြေအနေက ဧကရာဇ်နှင့် ကားလို့စ်တို့ထက်ပိုပြီး အရေးမပါလျှင်ပင် သူ့ကို မည်သူကမျှ မထင်မရှား မဆက်ဆံဝံ့ပေ။
သူ့ကို မည်သူမျှ မထီမဲ့မြင် မလုပ်ရဲကြပေ။
✨✨✨