✨ Chapter 79
ဝန်ခံစကား
ကျီလင်က ပို၍ပို၍ ထိတ်လန့်ပြီး စိတ်မသက်မသာ ခံစားလာရချိန်တွင်... ထိုလူက ရုတ်တရက် သူ့လက်ကို လွှတ်လိုက်ပြီး မတ်တတ်ရပ်ကာ လာရာလမ်းအတိုင်း တိတ်တဆိတ် ထွက်ခွာသွားသည်။
ကျီလင်က တံခါးပိတ်သံကို ကြားရသည့်အချိန်မှသာ ယခုလေးပင် ထိန်းထားခဲ့ရသည့် အသက်ရှူသံကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်မိသည်။ သူ့နောက်ကျောတွင်လည်း ချွေးများဖြင့် စိုရွှဲနေပေသည်။
ကျီလင် တိတ်တဆိတ် မျက်လုံးဖွင့်ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များမှာ ပေါ်လွင်နေပေသည်။
ထို့နောက် သူ စိတ်ပျက်စပြုလာသည်။
ယခုပြန်ကြည့်လျှင် ယခင်က စိတ်ကသိကအောက်ဖြစ်ဖွယ် ခံစားချက်အချို့ရှိခဲ့သော်လည်း ကားလို့စ်က သူ့အပေါ် ဤမျှညစ်ပတ်သော အကြံအစည်ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် ကျီလင်က ထိုကဲ့သို့မစဉ်းစားခဲ့မိပေ။ မြေခွေးအိုကြီးက သူ့အဖေထက် အသက်ကြီးပေ၏။ များသောအားဖြင့် လူကြီးလူကောင်းအသွင် ဟန်ဆောင်ထားသော်လည်း သူ့စိတ်ထဲတွင် ကျီလင်နှင့် အိပ်ချင်နေသည့်အကြောင်းကို ဖုံးကွယ်ထားပေသည်။
ဒီလိုရယ်စရာကောင်းတဲ့ကိစ္စကို ဘယ်သူက တွေးမိမှာလဲ... အားးး
ကျီလင်က လုံလုံလောက်လောက် နိုးနိုးကြားကြားရှိနေသည်ဟု ထင်ခဲ့ပေသည်။ သို့သော်လည်း ဤလူနှင့်ပတ်သက်ပြီး သူ၏ကာကွယ်မှုကို ဖြေလျှော့ပစ်ရန် သူ့ကိုယ်တိုင်ပင် မသိလိုက်ဘဲ လှည့်စားခံလိုက်ရခြင်း ဖြစ်နိုင်ပေသည်။
ကြောက်စရာကောင်းလိုက်တာ... ဒီလူက အရမ်းကို ကြောက်စရာကောင်းတယ်...
ကျီလင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
[စနစ်... ကားလို့စ်က ဘာလို့ ငါ့အပေါ် အရမ်းကောင်းပေးနေလဲဆိုတဲ့အကြောင်းကို ငါ သိလိုက်ရပြီ…]
စနစ်: [...]
တကယ်တော့ ငါလည်း သိတယ်လေ...
ကျီလင်: [တကယ်တော့ သူက ငါ့ကို အပိုင်သိမ်းချင်နေတာကြောင့်လေ :)]
စနစ်: [...]
ကျီလင်: [နွားအိုကြီးတစ်ကောင်က မြက်နုကို စားချင်နေတယ်... အရှက်မရှိလိုက်တာ :)]
စနစ်: [...]
ကျီလင်မှာ အလွန်ကြောက်ရွံ့နေပြီး ဤနေရာတွင် ဆက်မနေနိုင်တော့ကြောင်း စဉ်းစားမိသည်။
ငါ ဒီကနေ မြန်မြန် ထွက်သွားရမယ်...
ဤဂြိုဟ်ပေါ်တွင် သူကိုယ်တိုင်နှင့် ကားလို့စ် လူနှစ်ဦးသာရှိ၏။ ယခင်က အဆင်ပြေပြီး လုံခြုံသည်ဟု ကျီလင် ထင်ခဲ့သည်။ သို့သော် ယခု ပြန်စဉ်းစားကြည့်လျှင် ၎င်းက အန္တရာယ်အရှိဆုံးပင်။
သူ့တွင် အကြံတစ်ခုပေါ်လာပြီး ကားလို့စ်ကို ချက်ချင်း ပြန်ခိုင်းရန် တိုက်တွန်းချင်ပေသည်။ သူ တစ်ကြိမ် ကျရှုံးပါက ဒုတိယအကြိမ် ကြိုးစား၍ရပေသည်။ တစ်နေ့တွင် ကားလို့စ်က ရက်စက်ကြမ်းကြုတ်ပြီး သူ့အား တစ်ခုခုလုပ်ချင်စိတ်ဖြစ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းက အမှန်တကယ်ပင် ဘေးအန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။ လွတ်မြောက်ရန် နေရာမရှိပေ။
………………
ကျီလင်က အိမ်ပြန်ရန် အလွန်စိတ်စောနေသောကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။
နောက်နေ့မနက် အိပ်ရာထပြီး မနက်စာစားချိန်တွင် ကျီလင်က ဘာမှမသိသလို ဟန်ဆောင်ခဲ့သည်။ သူက ကားလို့စ်ကို ပြုံးပြပြီး အကြံပေးလိုက်သည်။
"ကားလို့စ် ဒီနေ့ အိမ်ပြန်ကြရအောင်…"
ကားလို့စ်၏ အမူအရာမှာ မည်သည့်သဲလွန်စမျှ မပေါ်လွင်ခဲ့ပေ။ ယမန်နေ့ညက ဘာမှမဖြစ်ခဲ့သကဲ့သို့ပင်။ ကားလို့စ်၏ မျက်လုံးများက နူးညံ့ပြီး နက်နဲလှသည်။ ထို့နောက် ပြုံးကာ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"ဘာလဲ... ဒီမှာနေရတာ မပျော်ဘူးလား…"
ကျီလင်က ခေါင်းခါကာ ပြောလိုက်သည်။
"ခင်ဗျား အလုပ်ရှုပ်နေတာကို ကျွန်တော် မြင်တယ်... ခင်ဗျား ကျွန်တော်နဲ့အတူ အင်ပါယာကြယ်ကနေ ထွက်လာတာ အချိန်အတော်ကြာပြီဆိုတော့ ကျွန်တော် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိလို့... အရင်ဆုံး ပြန်သွားလိုက်တာက ပိုကောင်းပါတယ်..."
ကျီလင်က အနည်းငယ် ရှက်သွားပုံဖြင့် ပြုံးကာပြောလိုက်သည်။
"နောက်ပြီး ခင်ဗျား ဒီကိုလာချင်ရင် ခင်ဗျား ကြိုက်တဲ့အချိန်တိုင်း ပြန်လာလို့ရပါတယ်…"
ကားလို့စ်က ကောင်ငယ်လေး၏ လိမ္မာပြီး ရှက်ရွံ့နေသော အသွင်အပြင်ကို ကြည့်နေလိုက်သည်။ သူ့နှလုံးသား၏ အနူးညံ့ဆုံး အစိတ်အပိုင်းရှိ နာကျင်မှုနှင့် မနာလိုမှုများက သနားစိတ်နှင့် ချစ်ခြင်းမေတ္တာကို စေ့ဆော်ပေးပြီး သူ့မျက်လုံးများမှာ ရှုပ်ထွေးမည်းနက်သည့် အရောင်အဖြစ်သို့ ပြောင်းလဲသွားစေသည်။ ကားလို့စ်က နှုတ်ခမ်းပါးလေးများကို ကွေးညွတ်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပြီလေ... မသွားခင်တော့ ကိုယ် မင်းကို တစ်နေရာဆီ ခေါ်သွားချင်တယ်…"
ကားလ်ု့စ်က လုံးဝ ပုံမှန်ဖြစ်နေသော်လည်း ကျီလင်မှာ အနည်းငယ် စိတ်လှုပ်ရှားနေဆဲပင်။ သို့သော် သူ့တွင် ငြင်းစရာအကြောင်းပြချက် မရှိသောကြောင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ…"
ကျီလင်က ကားလို့စ်နောက်မှ အာကာသယာဉ်ပေါ်သို့ လိုက်ပါသွားခဲ့သည်။ သူ့ဘေးနားမှ လူကို မကြည့်ဝံ့သောကြောင့် မျက်လုံးများကို စွေစောင်း၍ပင် မကြည့်ခဲ့ပေ။ ကျီလင် အနည်းငယ် စိတ်ပူမိသည်။
မကြာမီမှာပင် အာကာသယာဉ်က ကြီးမားလှသော ရေကန်ကြီးတစ်ခု၏ အစွန်း၌ ရပ်တန့်သွားလေသည်။
ဤရေကန်မှာ အလွန်ကြီးမားလှ၏။ အဝေးကကြည့်လျှင် ပင်လယ်ပြာကြီးကဲ့သို့ပင်။ မည်သည့် အညစ်အကြေးမျှမရှိဘဲ ကန်ရေက ကြည်လင်နေသည်။ ထို့ကြောင့် ရေကန်အောက်ခြေရှိ ငွေရောင်သဲများကြား၌ ဟိုတစ်စသည်တစ်စ ပြန့်ကျဲနေသော အပြာရောင်အလင်းတန်းများကိုပင် မြင်နိုင်ပေသည်။
အမှန်တကယ် လှပပေ၏။
ကားလို့စ်က ကျီလင်၏ လက်ကိုဆွဲကာ ရေကန်ဘက်သို့ လျှောက်သွားလေသည်။ နူးနူးညံ့ညံ့ ငွေရောင်သဲသောင်ပြင်ပေါ်တွင် လမ်းလျှောက်ခြင်းက တိမ်များပေါ်၌ လျှောက်လှမ်းနေရသလိုပင်။ ဤနေရာရှိ အလှတရားက လူတို့၏ အသက်ရှူခြင်းကို နှေးကွေးသွားစေနိုင်သည်။
ကျီလင် ဤနေရာကို သိပေသည်။
ကားလို့စ်က ကျီလင်ကို ဘေးမှကြည့်နေခဲ့သည်။ ပေါ့ပေါ့ပါးပါး နူးညံ့သိမ်မွေ့သော အပြုံးတစ်ပွင့်ကို သူ့နှုတ်ခမ်းများပေါ်တွင် ချိတ်ဆွဲထားရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဖဲယ်လ်ဆာရေကန်ရဲ့ ခမ်းနားတောက်ပမှုက ပင်လယ်ပြာကြယ်ရဲ့ အလှဆုံးရှုခင်းပဲ... ကိုယ် မင်းကို ကြည့်ရအောင် ခေါ်လာချင်ခဲ့တာ…"
ကျီလင်က ရှက်ပြုံးလေးဖြင့် ပြုံးပြလိုက်သည်။ ထို့နောက် မျက်တောင်များကိုခတ်ကာ ပြောလိုက်သည်။
"မနေ့တုန်းက ကျွန်တော် ဒီကို ရောက်ဖူးတယ်... တကယ်ကို အရမ်းလှတယ်... ကျေးဇူးတင်ပါတယ် ကားလို့စ်…"
၎င်းက သူ မြင်ဖူးပြီးသားဖြစ်ကြောင်းကို သွယ်ဝိုက်ကာ ပြောဆိုလိုက်ခြင်းပင်။ ယခု ကျီလင်မှာ အိမ်သို့ စောစောသာ ပြန်ချင်လှ၏။
ဤနေရာတွင် အချိန်ဖြုန်းနေစရာ မလိုပေ။
ကျီလင်က ကားလို့စ်၏ နူးညံ့သိမ်မွေ့မှုကို အချိန်အတော်ကြာ ကျင့်သားရနေခဲ့သည်။ သို့သော်လည်း ယမန်နေ့ညပြီးနောက် နေရာတိုင်း၌ စိတ်မသက်မသာသလို ကျီလင် ခံစားမိသည်။
ဒီလူအိုကြီးက ငါ့အပေါ် ဒီလိုယုတ်မာတဲ့ အကြံအစည်တွေကို ဘယ်အချိန်ကတည်းက စပြီးတွေးနေတာလဲ...
ကားလို့စ်က ကောင်ငယ်လေး ပြောသည့်စကားလုံးများ၏ အဓိပ္ပါယ်ကို နားမလည်သည့်ပုံနှယ်။ ထိုသူက အနည်းငယ် ပြုံးလိုက်ပြီး တယောသံကဲ့သို့ တိုးလျပြီးဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလာသည်။
"ကိုယ့်မှာ မင်းအတွက် လက်ဆောင်တစ်ခုရှိတယ်…"
ကျီလင်က ကားလို့စ်ကို သံသယအကြည်များဖြင့် ကြည့်လိုက်သည်။
ထို့နောက် ကျီလင်က ကားလို့စ်၏လက်အား မြှောက်လာသည်ကို မြင်လိုက်ရသည်။ သွယ်လျသောလက်ချောင်းများက သူ့အင်္ကျီပေါ်သို့ ကျရောက်သွားပြီး ကြယ်သီးကို ဖြည်းညှင်းစွာ ဖြုတ်လိုက်သည်။
ကျီလင်၏ အမူအရာက အေးခဲသွားပြီး ကားလို့စ်ကို ဗလာသက်သက် ကြည့်နေလိုက်သည်။
'ကျွန်တော် သွားတော့မယ် အန်ကယ်ရေ... စိတ်အေးအေးထားပါ... ရူးကြောင်ကြောင်တွေ မလုပ်စမ်းပါနဲ့... လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်ရင်တော့ လိင်မှုကိစ္စက ပျော်စရာကောင်းပါတယ်... ခင်ဗျား တောင့်ခံထားရတာ ကြာပြီပဲ... ရုတ်တရက်ကြီး အရမ်းပြတ်ပြတ်သားသား ပြောရတာ တကယ်အဆင်မပြေဘူးမလား... အဓမ္မအချစ်ကို မကစားရအောင်လား... ကျွန်တော်တို့ ခင်ဗျားရဲ့ အာဏာအပေါ်ကိုပဲ ဆက်ပြီးကြိုးစားရုန်းကန်ကြမလား…'
ရလဒ်အနေဖြင့်...
ကားလို့စ်က သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ငါးတစ်ကောင်ကဲ့သို့ ရေထဲသို့ ခုန်ချသွားလေသည်။ ထို့နောက် ခြေထောက်များကို လှုပ်ရမ်းပြီး ရေကန်၏ အောက်ခြေသို့ ကူးခတ်သွားလေသည်။
ကျီလင်:???
ကျီလင်၏စိတ်ထဲတွင် WTF စကားလုံးများနှင့် ပြည့်နှက်သွားပေသည်။
ဒါဆို ငါ ခုဏက ဘာမှမဟုတ်တာလေးနဲ့ ကြောက်နေတာလား...
ကျီလင်၏အမူအရာက ရုတ်တရက် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း အသိပြန်ဝင်လာပြီးနောက် ကျေးဇူးတင်လိုက်မိသည်။
အိုကေ... အိုကေ... ငါ သေလောက်အောင်ကို ကြောက်သွားတာ... ကားလို့စ်က ငါ့အပေါ် လူမဆန်စွာနဲ့ မုဒိန်းကျင့်တော့မယ်လို့ ထင်သွားတာ... တကယ်တော့ သူက ရေကန်ထဲမှာ ရေကူးချင်နေတာပဲ...
ဤပုံမှန်မဟုတ်သော လူများမှာ မူလက ပုံမှန်ဖြစ်နေသော သူ၏ဦးနှောက်ကို စွန်းထင်းသွားစေခဲ့သောကြောင့် အလွန်အကျူး စဉ်းစားမိသွားသည်။ ကျီလင်မှာ အပြစ်ရှိသလို ခံစားရပြီး ကသိကအောက်ဖြစ်လာမိသည်။
သူက ရေကန်နားတွင် ရပ်ကာ စောင့်နေခဲ့သည်။ မကြာမီမှာပင် ကားလို့စ်က ရေကန်အောက်ခြေမှ အပေါ်သို့ ပြန်လည်ကူးခတ်လာခဲ့သည်။
ဘေးသို့ ရေစင်သံများနှင့်အတူ ကားလို့စ်၏အပေါ်ပိုင်းခန္ဓာကိုယ်က ကြည်လင်သော ရေလှိုင်းများမှ ထွက်ပေါ်လာသည်။
ထိုယောက်ျားက ခန္ဓာကိုယ်အပေါ်ပိုင်း၌ ငွေရောင်နှင့်အနက်ရောင် ရောစပ်ထားသည့် ဒီဇိုင်းများဖြင့် ချယ်သထားသော အဖြူရောင်ပိုးသားအင်္ကျီကို ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင် အနက်ရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ ထိုသူက အရပ်ရှည်ကာ သွယ်လျပြီး ကျယ်ပြန့်သောပခုံးနှင့် ခါးကျဉ်းကျဉ်းလေးကို ပိုင်ဆိုင်ထားသည်။ အဖြူရောင် ပိုးသားရှပ်အင်္ကျီက ရေစိုနေပြီး သူ့ခန္ဓာကိုယ်တွင် ကပ်နေကာ ဂျုံရောင်အသားအရည်နှင့် ကြံ့ခိုင်တောင့်တင်းသော ကြွက်သားများကို ပေါ်လွင်စေသည်။ သူ၏အညိုရောင်ဆံပင်များက ရေတစ်စက်စက် ကျနေ၏။ ရေစက်များက နက်နဲပြီး ကြော့ရှင်းသော သူ၏မျက်နှာအသွင်အပြင်တစ်လျှောက် အောက်သို့စီးကျနေကာ သူ၏ အနည်းငယ် အေးစက်နေသော နှုတ်ခမ်းများကို စိုစွတ်သွားစေသည်။ ၎င်းက ရင့်ကျက်ခံံညားပြီး ဆွဲဆောင်မှုရှိသောအသွင်ကို ထွက်ပေါ်လာစေသည်။
ကျီလင်က ခဏတာမျှ စိတ်လွတ်သွားပြီး ရေကန်ထဲတွင် ရပ်နေသော ကားလို့စ်ကို ဗလာသက်သက် စိုက်ကြည့်နေမိသည်။ ကားလို့စ်က သူ၏ညာလက်ကို သူ့ဆီသို့ ဆန့်တန်းထားလေသည်။ သူ့လက်ဖဝါးကို ဖွင့်ပြလာချိန်တွင် လက်ထဲ၌ ကြည်လင်နေသော နီလာကျောက်ကို တွေ့လိုက်ရသည်။
ထိုလူ၏အညိုရောင် မျက်ဆံများက ရေကန်၏ လှိုင်းလုံးများကဲ့သို့ နူးညံ့နေ၏။ ထို့နောက် တိုးလျကာ ခြောက်သွေ့သောအသံဖြင့် ပြောလာသည်။
"ဒါက ကိုယ် မြင်ဖူးသမျှထဲမှာ အလှပဆုံးပဲ... နောက်ပြီး မင်းရဲ့မျက်လုံးအရောင်နဲ့ အနီးစပ်ဆုံး အရောင်ပဲ…"
ကျီလင်၏မျက်နှာက နီရဲသွားပြီး အလွန်ရှက်သွားလေသည်။ ဤလူအိုကြီးက အလွန်ရူးမိုက်သည်ဟု ကျီလင် သူ့ဘာသာသူ တွေးနေမိသည်။ သူ ဆက်ပြီးသည်းမခံနိုင်တော့ပေ။ ထို့အပြင် သူ ဒုတိယအကြိမ် ပြန်မွေးဖွားလာချိန်၌ ကားလို့စ်က ဤနီလာကို ပေးခဲ့ပြီးဖြစ်၏။ စကားမစပ် ကားလို့စ်က သူ့ထံသို့ ပင်လယ်ပြာကြယ်ကြီးတစ်ခုလုံးကိုလည်း ပေးခဲ့ပေသည်။
ဘာလို့ သူက သူ့လက်နဲ့ ထပ်ပြီး ကြိုးပမ်းရှာဖွေနေရပြန်တာလဲ... ဒါက ရိုးရိုးရှင်းရှင်းကို မလိုအပ်ဘူးလေ...
ကျီလင်က စိတ်ညစ်ညူးနေသော်လည်း အနည်းငယ် ခံစားချက်များဖြင့် ဖုံးလွှမ်းပြီး ရှက်ရွံ့သော အမူအရာကို ဖော်ပြကာ ပူးပေါင်းပေးလိုက်သည်။
ကားလို့စ်က သူ့ကို နူးညံ့သော အပြုံးနှင့်အတူ ကြည့်နေသည်။ ကျီလင်က သူ့လက်ဆောင်အား လက်ခံမည့်အချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ လက်ဖဝါးကို ဖြန့်ထားပြီး မလှုပ်မယှက် ရပ်နေသည်။
ကျီလင်က ရေကန်၏အစွန်းတွင် ရပ်နေပြီး ရေကန်ထဲတွင် ကိုယ်တစ်ဝက်နစ်မြုပ်နေသည့် လူကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာက ပူလောင်သွား၏။
ကျီလင်မှာ အလွန်ရှက်ရွံ့သွား၏။ ရူးမိုက်သော်လည်း ကျီလင်က ကျောက်မျက်ကို ယူပြီး စောစောပြန်သွားချင်ဆဲပင်။ ဤကဲ့သို့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ၌ ရှေ့ဆက်သွားရန် ရွေးချယ်စရာ မရှိပေ။
ကျီလင် ၎င်းကို စဉ်းစားလိုက်သည်။ နောက်ဆုံးတွင် ကျီလင်က သူ့လက်ကို ဆန့်တန်းကာ ကားလို့စ်၏လက်ထဲရှိ ကျောက်မျက်ရတနာကို ယူဆောင်ရန် အဆင်သင့်ပြင်လိုက်သည်။ သို့သော်လည်း သူ့လက်ချောင်းများက တစ်ဖက်လူ၏လက်ဖဝါးကို မထိမီမှာပင် ထိုလူက ရုတ်တရက် သူ့ညာလက်ကို တင်းတင်းဆုပ်လိုက်ပြီး ကျီလင်ကို ဆွဲချသွားလေသည်။
ဖူး——
ကျီလင် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သူ ရေထဲသို့ကျသွားပြီး ထိုလူ၏ရင်ခွင်နှင့် ဝင်တိုက်မိသွားသည်။ အေးစက်သော ကန်ရေက သူ့ပါးစပ်၊ နှာခေါင်းနှင့် နားထဲသို့ ဝင်လာခဲ့သည်။ ကျီလင်က ထိတ်လန့်တုန်လှုပ်သွားပြီး ခုန်ထွက်ရန် ချက်ချင်းပင် လက်ဆန့်ထုတ်လိုက်သည်။ သို့သော် သူ ပြန်မထနိုင်မီမှာပင် ရုတ်တရက် အေးစက်စက် ကန်ရေများ ရစ်ပတ်ထားသော အနမ်းတစ်ပွင့်က သူ့နှုတ်ခမ်းအား သတိပေးခြင်းမရှိဘဲ ဖိကပ်လာသည်။
ကျီလင်၏ မျက်ဆံများက ရုတ်တရက် ကျုံ့သွားပြီး လက်တစ်ကမ်းအကွာရှိ ထိုလူ၏မျက်နှာကို မယုံနိုင်စွာကြည့်ပြီး တုန်လှုပ်သွားသည်။
သူ... သူ... သူ——
သောက်ကျိုးနည်း သူ ဘာလုပ်နေတာလဲ... အားးး
ကျီလင်က ထိုအဖြစ်အပျက်ကြောင့် ရုတ်တရက် အသက်ရှူကြပ်လာပြီး မသိစိတ်က သူ့ပါးစပ်ကို ဖွင့်ဟလိုက်မိသည်။ ထိုလုပ်ရပ်က အနှီယောက်ျား၏ အနမ်းအား လွယ်လွယ်ကူကူ နက်နက်ရှိုင်းရှိုင်း နမ်းခွင့်ပြုလိုက်သဲ့သို့ပင်။ ကျီလင်က အသက်ရှူရခက်လာပြီး လက်ဆန့်ကာ တစ်ဖက်လူကို အမြန်တွန်းပစ်လိုက်သည်။
သို့သော် တစ်ဖက်သား၏အနမ်းက အလွန်အားပြင်းလှသည်။ နူးညံ့သိမ်မွေ့ပုံရသော်လည်း ငြင်းဆန်၍မရပေ။ ရေထဲရှိ လက်မောင်းများက ကျီလင်၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသောကြောင့် လှုပ်ရှား၍မရနိုင်ခဲ့ပေ။
ကျီလင် ရူးသွားတော့ပေမည်။
အားးး
ကိစ္စများက ဤမျှမရိုးရှင်းမှန်း သူ သိပေသည်။ ဤလူယုတ်မာအဘိုးကြီးက ဤနေရာတွင် သူ့ကို စောင့်ဆိုင်းနေကြောင်း သိလာရသည်။ ယခုလောလောဆယ် သူ ထိုအကြောင်းနှင့် ပတ်သက်ပြီး လုံးဝ မစဉ်းစားနိုင်ပေ။ ကားလို့စ်က သူ့အား ဆန့်ကျင်ရန် အမှန်တကယ် ကြံရွယ်ထားပေသည်။
ထိုလူ့နှုတ်ခမ်းများ၏ ဆုတ်ခွာသွားမှုကို ခံစားမိပြီးနောက် သူ အသက်ရှူကြပ်ခါနီးအချိန်အထိ ကျီလင်မှာ ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ရသည်။ ကျီလင်က အသက်ရှူရန် ပါးစပ်ကို ဟလိုက်သည်။ ခန္ဓာကိုယ်ထဲရှိ သွေးများက သူ့ခေါင်းထဲသို့ ဆောင့်တက်သွားပြီး ကားလို့စ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ကျီလင်၏ခန္ဓာကိုယ်မှာမူ ဒေါသကြောင့် တုန်ရီနေပေသည်။
ခင်ဗျားက အရှက်မရှိတဲ့ သောက်အဖိုးကြီး... ကျွန်တော် မနေ့က ခင်ဗျားကို ရန်စပေးခဲ့ပြီးပြီလေ... ဒါပေမဲ့ ခင်ဗျားက လက်လျှော့ဖို့ ငြင်းတယ်ပေါ့...
ဒါကတော့ အရမ်းများသွားပြီ...
ကားလို့စ်က ထိတ်လန့်တုန်လှုပ်ကာ ဒေါသထွက်နေသော ကျီလင်၏ မျက်လုံးများကို ကြည့်လိုက်သည်။ ထိုအပြာရောင် မျက်လုံးလှလှလေးများက မီးတောက်နေသည့်ပုံနှယ်။ သို့သော် ထိုကဲ့သို့ ဒေါသကြီးကြည့်သည့် အကြည့်များက လူများအား ချစ်မြတ်နိုးမှုနှင့် ကရုဏာတရားကို ခံစားသွားရစေသည်။
မျက်လုံးများထဲတွင် ပွင့်လင်းလှသော ချစ်ခြင်းမေတ္တာများနှင့်အတူ ကားလို့စ်က ကျီလင်၏ ပါးပြင်များကို လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ပွတ်သပ်ပေးလာသည်။ ထို့နောက် တိုးတိုးလေးပြောလိုက်သည်။
"ကိုယ် မင်းကို ချစ်တယ်…"
ကျီလင်:???
ကျီလင်က ထိုစကားများအား လေးလေးနက်နက် ပြောလာသော ကားလို့စ်ကို ဗလာသက်သက် ကြည့်နေမိသည်။
ကျီလင်မှာ အသိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ ထို့နောက် ပို၍ပင်ဒေါသ ထွက်သွားလေသည်။
သူ အစောပိုင်းကထက် ဆယ်ဆ ပိုဒေါသထွက်သွား၏။
ကျွန်တော်နဲ့ အတူအိပ်ချင်တာက ခင်ဗျားအတွက် ရှက်စရာမဟုတ်ဘူး... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ယောက်ျားတွေမှာ စိတ်ဆန္ဒတွေ အမြဲရှိနေတတ်ကြတာကြောင့် ခင်ဗျားကို တစ်ဇွတ်ထိုးနိုင်တဲ့သူအဖြစ်ပဲ ဆက်ဆံမယ်... ကျွန်တော် ခင်ဗျားအကြောင်းကို ဂရုမစိုက်ဘူး... ခေါင်းထဲမှာ အဝါရောင် အမှိုက်သရိုက်တွေနဲ့ ပြည့်နေတဲ့ လူအိုကြီးတစ်ယောက်လို့ပဲ တွေးမိလိမ့်မယ်... ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို ချစ်တယ်လို့ ပြောနေသေးရင်တော့ အဲဒါက လွန်လွန်းသွားပြီ... ဒါက ခံစားချက်တွေကို အရူးလုပ်ဖို့ ရည်ရွယ်နေတာပဲ...
ဒါက ခင်ဗျားရဲ့နှလုံးသားကို မဟုတ်ဘဲ ကျောက်ကပ်အပေါ်ကို အလွန်အကျူး အခွင့်ကောင်းယူနေတာ ရှင်းရှင်းလေးပဲ...
ခင်ဗျားသာ ဆက်ပြီး ဟန်ဆောင်နေရင် ရက်စက်ကြမ်းကြုတ်တဲ့ ဗီလိန်တွေအကြား သဟဇာတရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ ဆက်လက်တည်ဆောက်နိုင်ပါတယ်... ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို အနိုင်ယူပြီး လှည့်စားဖို့ ဆက်ပြီးကြိုးစားသွားမယ်ဆိုရင် ကျွန်တော်တို့က အေးအေးချမ်းချမ်းနဲ့ ချစ်ချစ်ခင်ခင် ဆက်ပြီး လက်တွဲနိုင်မှာ မဟုတ်ဘူး...
မိတ်ဆွေဆက်ဆံရေးလည်း ရှိမှာမဟုတ်ဘူး...
✨✨✨
စာရေးသူမှာ ပြောစရာရှိပါတယ်။
ကျီလင်: ခင်ဗျား ကျွန်တော့်ကို ချစ်တယ်လို့ ပြောရင် ကျွန်တော်တို့က မိတ်ဆွေ မဟုတ်တော့ဘူး... QAQ
ကားလို့စ်: ဟားဟား...