✨ Chapter 78
ကျီလင်က သူ့ ခုတင်ပေါ်တွင် လှဲလျောင်းနေခဲ့သည်။ သူ၏လတ်တလောဘဝက သူ့ကို များစွာသက်သောင့်သက်သာဖြစ်စေခဲ့သောကြောင့် အလွန်သတိကြီးစွာမထားမိပေ။ သို့သော်လည်း တံခါးမှ ရုတ်တရတ် ထွက်လာသော အသံတိုးတိုးလေးကို သူ ကြားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူ့ခုတင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ ကျီလင်မှာ ချက်ချင်းပင် တောင့်တင်းသွားရသည်။
သူ မျက်လုံးများကို မှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေသော်လည်း အာရုံကြောတိုင်းက တောင့်တင်းနေသည်။
သူမှလွဲ၍ ဤနေရာတွင် လူတစ်ယောက်သာ ရှိပေသည်။
ဘာလို့ ကားလို့စ်က ညသန်းခေါင်ကြီး ငါ့အခန်းထဲကို ရုတ်တရက် ရောက်လာတာလဲ...
ဤမြင်ကွင်းက ကြောက်စရာကောင်းသည့် သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားကဲ့သို့ပင်။ ကျီလင်က မျက်လုံးများကို ဖွင့်မကြည့်မိစေရန် အစွမ်းကုန်ကြိုးစားကာ စိတ်အေးအေးထားပြီး မကြောက်ရန် သူ့ကိုယ်သူ ပြောလိုက်သည်။ ကားလို့စ် ဆက်လုပ်မည့်ကိစ္စကို သူ ကြည့်ရပေမည်။
အချိန်သည်ကား တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွား၏။
ကြောက်စရာကောင်းပြီး ရယ်စရာကောင်းသည့် အတွေးမျိုးစုံက ကျီလင်၏စိတ်ထဲ၌ ဖြတ်ပြေးသွားလေသည်။ အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက် ကားလို့စ်က သူ့ခုတင်ရှေ့တွင် မလှုပ်မယှက် ရပ်နေခဲ့သည်။ ကျီလင်မှာ အိပ်ပျော်လုဆဲဆဲဖြစ်သွားခဲ့သည်။ သူသာ ခြေသံများကို မကြားလိုက်ရလျှင် ကားလို့စ် ထွက်သွားပြီဟုပင် ထင်မိပေလိမ့်မည်...
သူက ငါ့ကိုတွေ့ဖို့အတွက်နဲ့ ညနက်သန်းခေါင်ကြီး လာခဲ့တာလား...
ဒါက ထူးဆန်းလွန်းတယ်...
တကယ်ကို ကြောက်စရာကောင်းတယ်...
ကားလို့စ်က ထိုကဲ့သို့ တစ်သက်လုံး မတ်တတ်ရပ်နေမည်ဟု ကျီလင် တွေးလိုက်မိချိန်တွင် ရုတ်တရက် အနည်းငယ် အေးစက်နေသည့် လက်ချောင်းထိပ်ကို ခံစားလိုက်ရသည်။ ထိုလက်ချောင်းက သူ့ပါးပြင်ပေါ်သို့ ကျရောက်လာပြီးနောက် ဖြည်းညှင်းစွာဖြင့်... သူ့နှုတ်ခမ်းနှင့် မေးစေ့များပေါ် ဖြတ်သန်းသွားလေသည်။ နူးညံ့မြတ်နိုးစွာ ကိုယ်တွယ်နေသကဲ့သို့ပင်။
ကျီလင်က မျက်လုံးများကို မှိတ်ထားပြီး မလှုပ်ရှားဝံ့ဘဲ ထိုလူအား ညင်သာစွာ ထိတွေ့ကိုင်တွယ်ခွင့်ပေးထားလိုက်သည်။ ခဏအကြာ ထိုယောက်ျားက အနားသို့ ခေါင်းငုံ့လာပြီး သူ၏(ကားလို့စ်)နွေးထွေးလှသော အသက်ရှူသံက ကျီလင်၏လည်ပင်းနားသို့ ကျဆင်းလာလေသည်။
ယခုအချိန်တွင် သူ့နှလုံးသားထဲ၌ သတိပေးခေါင်းလောင်းသံများ ရုတ်တရက် မြည်လာသည်ကို ကျီလင် ခံစားလိုက်ရသည်။
နေ့တိုင်း နန်းတော်ထဲ၌ ကျင်းဆွေ့၏ နမ်းရှုံ့ခြင်းကိုခံခဲ့ရသောကြောင့် အလွန်ရှက်ရွံ့ဒေါသထွက်ခဲ့သည့် ကျီလင်မှာ တစ်ချိန်က ကျီလင် မဟုတ်တော့ပေ။ သူ ဤအရာများကို လျစ်လျူရှုပြီး ဂရုမစိုက်ဘဲ မနေနိုင်တော့ပေ။ ကားလို့စ်၏လုပ်ရပ်များက နူးညံ့သိမ်မွေ့ပုံပေါက်သော်လည်း ၎င်းတို့က ကျီလင်အား အန္တရာယ်ကျရောက်တော့မည့် အသိအာရုံကို အလိုလို ပြင်းပြင်းထန်ထန် ခံစားရစေသည်။ ဤအခိုက်အတန့်တွင် ထိုလူက ကျင်းဆွေ့နှင့် အလွန်ဆင်တူလှ၏။
တစ်ခါတရံ အမျိုးသားများက စိတ်မြန်ပြီး ၎င်းကို ဖော်ပြတတ်ပေသည်။
ကျီလင်မှာ မျက်ရည်ကျလုမတတ်ပင်။
အရင်လို ငြိမ်းငြိမ်းချမ်းချမ်းလေး အတူတူနေတာက ပိုမကောင်းဘူးလား... ကျွန်တော်က အရမ်းလိမ္မာပြီး ပူးပေါင်းဆောင်ရွက်ခဲ့တယ်လေ... ခင်ဗျား ကျွန်တော့်ကိုဒီလိုဆက်ဆံဖို့ မလိုပါဘူး...
ဤအခိုက်အတန့်တွင် ယခင်က ကားလို့စ်၏ နူးညံ့မှုနှင့် အခါအားလျော်စွာ ကြည့်လာတတ်သည့် ရှုပ်ထွေးသော အကြည့်များကို ပြန်တွေးကြည့်မိသည်။ နောက်ဆုံးတွင် ကျီလင် သဘောပေါက်သွားခဲ့ပြီး သူ့ရင်ဘတ်မှာ ပြင်းပြင်းထန်ထန် ခုန်လုနီးပါးပင်။
ကားလို့စ်ထံတွင် သူနှင့်ပတ်သက်ပြီး ညစ်ညမ်းသော အကြံအစည်များ အမှန်တကယ် ရှိနေကြောင်း အဖြေထွက်လာခဲ့သည်။
ကျီလင်က ထိုအမျိုးသား၏ လေးလံသော အသက်ရှူသံကို နားထောင်ပြီး သူ၏အာရုံကြောများမှာ လွတ်လုနီးပါး ဖြစ်သွားရသည်။
မဟုတ်သေးဘူး... ငါတို့ ဒီလိုမျိုးဆက်သွားလို့မရဘူး... ကိုယ့်ကိုယ်ကို ကယ်တင်ရမယ်...
ကားလို့စ်က ဤသို့ပြုလုပ်ခဲ့သည့် အကြောင်းအရင်းမှာ သူ့အား ပိုင်ဆိုင်ရန်နှင့် ပိုမိုကောင်းမွန်စွာ အသုံးချနိုင်ရန် သက်သက်ပင်။ ထို့အပြင် ကားလို့စ်က ကိုယ်ကျင့်တရားမကောင်းသော ထိုအထက်တန်းလွှာများနှင့် အတူတူပင်ဖြစ်နေသောကြောင့် ကျီလင် စိုးရိမ်မိသည်။ သူ့(ကားလို့စ်၏)ဦးနှောက်က အဝါရောင်များနှင့် ပြည့်နှက်နေသော်လည်း ကျီလင်က မည်သူနှင့်မျှ မိတ်မလိုက်နိုင်ပေ။ ကားလို့စ်က သူ့အပေါ် ထိုကဲ့သို့ကိစ္စမျိုး လုပ်ချင်နေခြင်းကို ထိန်းချုပ်ထားသည်မှာ ကြာလှပပေပြီ။ သူ ကားလို့စ်အား အဝေးသို့တွန်းထုတ်ရန် နည်းလမ်းတစ်ခုခုကို မဖြစ်မနေရှာရပေမည်။ သို့မှသာ ကားလို့စ်က သူနှင့်ပတ်သက်ပြီး မသင့်လျော်သည့်အတွေးများကို ဆက်လက်ပြီး မတွေးနိုင်မည်ဖြစ်၏။
ကျီလင် ပြင်းပြင်းထန်ထန် တွေးတောရင်း ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။
သူက ကျင်းဆွေ့နှင့် အတူရှိမနေတော့သော်လည်း ကျင်းဆွေ့က အမြဲတမ်း သူ့အတွက် အကောင်းဆုံး အကာအကွယ်တစ်ခုပင်။
ကားလို့စ်၏ မောက်မာမှုနှင့်ဆိုလျှင် အမြဲတစေ သူ့အပိုင်ဟုသာ စိတ်ပိုင်းဖြတ်ထားပါက ကိုယ့်ကိုယ်ကို ဆက်လက် တွန်းအားပေးရန် စိတ်အနှောင့်အယှက် အဖြစ်ခံလိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ကျင်းဆွေ့က ရှေ့တစ်ခေါက်၌ ကားလို့စ်အား ခပ်ပြင်းပြင်းလေး မျက်နှာဖြတ်ရိုက်ခဲ့ပေသည်။
ကျင်းဆွေ့ကို သဘောကျတဲ့သူအပေါ် ကိုယ့်ကိုယ်ကို အတင်းအကြပ်ဖိအားပေးရတာက သိပ်အဆင်မပြေဘူး ဟုတ်တယ်မလား...
ယနေ့ ကားလို့စ်ကို စက်ဆုပ်ရွံရှာသွားစေရန် လုပ်ရပေမည်။
ကျီလင်က သူ့ကိုယ်သူ ပြောလိုက်သည်။
'တောင်းပန်ပါတယ် သူငယ်ချင်းရေ... ငါ့အသက်ကို ကယ်တင်ဖို့ မင်းကိုပဲ ထုတ်သုံးရတော့မယ်... မြေခွေးအိုကြီး ကားလို့စ်မှာ ဒီလိုကာမစိတ်ပြင်းပြတဲ့ နေ့တစ်နေ့ ရှိလာမယ်လို့ ငါ တကယ်ကို မမျှော်လင့်ထားဘူး... သူက ငါ့ကို လွှတ်တောင်လွှတ်မပေးဘူး... မြက်နုကို စားချင်နေတဲ့ အရှက်မရှိတဲ့ နွားအိုကြီး…'
ကားလို့စ်က ခေါင်းကို အနည်းငယ်ငုံ့ပြီး အိပ်ပျော်နေသော ကောင်ငယ်လေးထံသို့ သတိကြီးကြီးထားကာ ချဉ်းကပ်လိုက်သည်။
သူ၏မျက်လုံးများ၊ နှာသီးဖျားလေးနှင့် မျက်နှာဘေးဖက်ကို ညင်သာစွာ ပွတ်သပ်သွားလေသည်။ ဤရက်ပိုင်းအတွင်း သူ့ရင်ထဲတွင် မျိုသိပ်ထားသည့် ခံစားချက်များက ပေါက်ကွဲလုမတတ်ပင်။ နေ့စဉ်နေ့တိုင်း ကောင်ငယ်လေးက သူ့မျက်လုံးရှေ့တွင် မြူးကြွစွာ ပြုံးပြနေခဲ့သည်။ သူနှင့် အလွန်နီးကပ်လှပေ၏။ သူ့လက်နှင့် ထိတွေ့နိုင်သည်အထိ နီးကပ်သော်လည်း... သူ မထိတွေ့နိုင်ခဲ့ပေ။ အလွန်နီးသော်လည်း ဝေးကွာနေဆဲပင်။
သူ ဤကဲ့သို့ ကောင်ငယ်လေးနှင့် နီးနီးကပ်ကပ် နေချင်သည်။ သူ့ကို ချစ်မြတ်နိုးစွာ ထိတွေ့ပေးချင်သည်။ သူ့နာမည်အား ခေါ်လာမည့် အသံလေးကို ကြားချင်လှသည်...
သို့သော်လည်း သူ ၎င်းကို အကြိမ်ကြိမ် သည်းခံခဲ့ရသည်။
ကားလို့စ်၏မျက်လုံးများထဲရှိ အကြည့်က မည်းမှောင်လာပြီး သူ့အသက်ရှူသံများက တဖြည်းဖြည်း ပိုပြီးလေးလံလာသည်။ ထို့နောက် သူ ကောင်ငယ်လေး၏ လှပပြီး နူးညံ့သော မျက်နှာလေးကို စိုက်ကြည့်လိုက်သည်။
ကောင်ငယ်လေးက အိပ်ပျော်နေချိန်တွင် အလွန်အကာအကွယ်မဲ့လှ၏။ သူ့အား တစ်ခုခုလုပ်လိုက်လျှင်ပင် အရေးမကြီးသကဲ့သို့ပင်။ ထိုနူးညံ့သော နှုတ်ခမ်းများက အနည်းငယ် ပွင့်ဟနေပြီး သူ့အား ဖိတ်ခေါ်နေသည့်ပုံပင်...
ဒီချိုမြိန်မှုကို ငါ ကိုယ်တိုင် နောက်ဆုံးအကြိမ် မြည်းစမ်းကြည့်ခဲ့တာ အတော့်အတော်ကိုကြာပြီ...
ထိုအချိန်က အိပ်ပျော်နေစဉ် သူက စက်ဆုပ်ရွံရှာဖွယ်ကောင်းစွာဖြင့် ကောင်ငယ်လေးကို တိတ်တိတ်လေးသာ ခိုးနမ်းနိုင်ခဲ့သည်။
[ T/N - ကျီလင်ရဲ့ first kissက ကားလို့စ်နော် မေ့နေကြမှာစိုးလို့ပါ🤭 ကားလို့စ် အိမ်မှာသွားနေတဲ့အချိန်တုန်းက ကျီလင်အိပ်ပျော်နေတုန်း ခိုးနမ်းထားတာ😆]
ထိုနေ့မှစ၍ ထိုအရသာကို သူ ဘယ်သောအခါမှ မမေ့နိုင်ခဲ့ပေ။ အလွန်ချိုမြိန်လွန်းပြီး ယစ်မူးဖွယ်ရာပင်။ ကမ္ဘာပေါ်ရှိ အလှပဆုံး ဟင်းလျာများသည်ပင် တစ်သန်းပုံတစ်ပုံမျှ ထိုအရသာလောက် မကောင်းပေ။ ၎င်းက စွဲလမ်းစေသည့် အဆိပ်တစ်မျိုးကဲ့သို့ပင်။ တစ်ကြိမ်မျှ မြည်းစမ်းကြည့်ပြီးနောက် ဘယ်သောအခါမှ မေ့ရနိုင်မည်မဟုတ်ပေ။
ကားလို့စ်၏ လက်ချောင်းများက ဖြည်းဖြည်းချင်း တောင့်တင်းလာသည်။ အချိန်အတော်ကြာပြီးနောက် ကားလို့စ်က စိတ်ပြင်ဆင်ထားပုံရပြီး ခေါင်းကို ဖြည်းညင်းစွာ ငုံ့လိုက်သည်။ ထို့နောက် သူ အိပ်မက်မက်ခဲ့ရသည့် နှုတ်ခမ်းများကို ထိခါနီးဆဲဆဲ...
ကောင်ငယ်လေးက ရုတ်တရက် မျက်မှောင်ကြုတ်ကာ မသက်မသာ လှုပ်ရှားသွားသည်။ အိပ်မက်ဆိုးမက်နေသည့်ပုံပင်။ သူ့မျက်တောင်များက အထိန်းအကွပ်မရှိ တုန်ယင်နေသော်လည်း မျက်လုံးများမှာ ပွင့်မလာခဲ့ပေ။ အိပ်မက်ဆိုးထဲ၌ ပိတ်မိနေသည့်ပုံနှယ်။
ထို့နောက် ကားလို့စ်က နှုတ်ခမ်းများကို ကြည့်လိုက်သည်။
ထိုနှုတ်ခမ်းများက နှင်းဆီရောင်ဖျော့ဖျော့လေးသမ်းနေပြီး အနည်းငယ် လှုပ်ရှားသွားကာ ဝမ်းနည်းဖွယ် အလွန်နူးညံ့သည့် အသံလေးတစ်သံ ပေါ်ထွက်လာသည်။
"ကျင်းဆွေ့ကော..."
----------
'ကျင်းဆွေ့ကော' ဟု ခေါ်လိုက်သည့်အသံ၌ ဝမ်းနည်းဖွယ်အဓိပ္ပာယ် ပါဝင်နေသည်...
ကားလို့စ်၏ လှုပ်ရှားမှုများက ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏အညိုရောင် မျက်ဆံများမှာ ချက်ချင်းဆိုသလို ရေခဲများဖြင့် ဖုံးလွှမ်းသွားပြီး မျက်လုံးများက မှောင်မိုက်ကာ အေးစက်လာပေသည်။
သူ၏နှုတ်ခမ်းပါးများက မျဉ်းဖြောင့်တစ်ကြောင်းကဲ့သို့ တင်းတင်းစေ့ပိတ်သွား၏။ သူ့မျက်လုံးများက ကောင်ငယ်လေး၏ ဖြူဖျော့ဖျော့နှင့် နာကျင်နေသော မျက်နှာကို စိုက်ကြည့်နေသည်။
နှလုံးသားထဲရှိ မနာလိုစိတ်က အဆိပ်ရှိမြွေတစ်ကောင်ကဲ့သို့ သူ့နှလုံးသားတစ်ဝိုက် တင်းကြပ်စွာ ရစ်ပတ်လာပေသည်။ ပြင်းထန်လှသော နာကျင်မှုကြောင့် သူ့ကိုယ်သူ ဆက်လက်မထိန်းချုပ်နိုင် ဖြစ်ခဲ့ရသည်။ ပြင်းထန်ပြီး ကြမ်းတမ်းသည့် ရည်ရွယ်ချက်များဖြင့် ဖုံးလွှမ်းနေသည့် အချိန်အတော်ကြာ ဖိနှိပ်ထားခဲ့ရသော ပြင်းပြသည့် စိတ်ဆန္ဒများကြောင့် သူ၏ဆင်ခြင်နိုင်စွမ်းမှာ အက်ကြောင်းတစ်ကြောင်းကဲ့သို့ လုံး၀ ပျက်ဆီးသွားပေသည်။
ဒါဆို မင်း ဘာမှမဖြစ်သလို ဟန်ဆောင်နေရင်တောင်... မင်း သူ့ကို မကြိုက်ဘူးလို့ပြောရင်တောင်မှ...
မင်းရဲ့ညဉ့်အိပ်မက်ထဲ မင်းရဲ့အကာအကွယ်တွေ အားလုံးကို စွန့်ပစ်လိုက်ပြီး မင်းရဲ့စစ်မှန်တဲ့ ခံစားချက်တွေကို ရင်ဆိုင်တဲ့အခါကျရင်တော့ မင်းက အဲဒီနာမည်ကို မွေးရာပါဗီဇလိုမျိုး တကြော်ကြော် ခေါ်နေတယ်... မင်း လုံးဝ လက်မလျှော့သေးဘူးဆိုတာ ကိုယ် သဘောပေါက်သွားပြီ...
နည်းနည်းလေးတောင် လက်မလျှော့သေးဘူး...
ကားလို့စ်၏ မျက်လုံးများထဲရှိ နာကျင်မှုက အဆုံးမဲ့ချောက်နက်ကြီးတစ်ခုကဲ့သို့ပင်။ သူ့လက်ဖဝါးများက ဖြည်းဖြည်းချင်း တင်းကြပ်သွားသည်။ သူက ကောင်ငယ်လေးအား ကျင်းဆွေ့နှင့် ဝေးကွာသွားရန် တတ်နိုင်သမျှ ကိစ္စအားလုံးကို တွက်ချက်ပြီး လုပ်ဆောင်နေခဲ့ပြီးဖြစ်၏။ ကောင်ငယ်လေးအတွက် သူကိုယ်တိုင် ဂရုတစိုက် တည်ဆောက်ပေးထားသည့် လှောင်အိမ်ထဲသို့ တစ်လှမ်းပြီးတစ်လှမ်း ဝင်ရောက်သွားစေခဲ့ပြီး သူ့တောင်ပံအောက်သို့ ယူဆောင်သွားချင်သည်...
သူ့တွင် ကောင်ငယ်လေး၏ အမည်ခံချစ်သူဟူသော အနေအထားပင်ရှိပေ၏။
၎င်းက တစ်နေ့နေ့တွင် ကောင်ငယ်လေးက စိတ်လိုလက်ရ သူ့ရင်ခွင်ထဲသို့ ကျရောက်လာနိုင်သည်ဟူသော စိတ်ကူးယဉ်မှုကို အလွန်အကြူး ဖြစ်ပေါ်စေသည်။
သူ့ကို လက်ခံခြင်း...
ထိုနေ့ရောက်လာသည်အထိ စောင့်နိုင်လိမ့်မည်ဟု ကားလို့စ် ထင်ခဲ့မိသည်။
သို့သော် ယခုအချိန်တွင် ကောင်ငယ်လေး၏ မသိစိတ်မှ ငိုကြွေးသံက သူ၏ယုံကြည်ချက်အားလုံးကို အလွယ်တကူ ရိုက်ချိုးပစ်ပြီး စိတ်ရှည်သည်းခံမှုအားလုံးကို ဟာသအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။
သူ လုံးဝဥသုံရှုံးနိမ့်သွားပေပြီ။
ကျင်းဆွေ့က မင်းကို နာကျင်အောင်လုပ်ပြီး မင်းအပေါ် ဒီလိုမျိုးလုပ်ခဲ့တာတောင်မှလေ...
ဒါပေမယ့် အဆုံးမှာ မင်း လက်မလွှတ်နိုင်တဲ့သူက သူပဲဖြစ်နေတုန်း... မင်းက ပြန်မသွားတော့ဘူးလို့ ပြောနေပေမယ့် မင်းနှလုံးသားထဲမှာ မင်း တကယ်ဂရုစိုက်ပြီး လွမ်းနေတဲ့သူက အဲဒီလူဖြစ်နေတုန်းပဲ...
ယခင်ဘဝကကဲ့သို့ တူညီသော အခြေအနေသို့ ကျသွားလျှင်ပင် နောက်ဆုံးတွင် ကောင်ငယ်လေးက အရာအားလုံးကို ပုံအောပြီး ထိုသူ၏အရှေ့တွင် ဆက်လက်ပြီးရပ်နေပေလိမ့်မည်။
မင်းရဲ့အသက်ကို ပေးခဲ့တယ်...
အဲဒါကြောင့် မင်း အဲဒီလူကို မချစ်နိုင်တော့မဲ့ နည်းလမ်းဆိုတာ ရှိမှာမဟုတ်ဘူး... မှန်တယ်မလား...
ကားလို့စ်က နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ့မျက်နှာပေါ်တွင် ပြင်းထန်စွာ ရုန်းကန်နေရသည့် အကြည့်က ပေါ်ထွက်လာပြီး မေးရိုးမှာ တောင့်တင်းသွားပေသည်။
တကယ်လို့ ကောင်ငယ်လေးက ငါ့ကို လိုလိုလားလား လက်ခံမလာဘူးဆိုရင် ငါ့ရဲ့ထိန်းချုပ်မှုနဲ့ သည်းခံမှုအားလုံးက ဘာအရေးပါတော့မှာလဲ...
ကောင်ငယ်လေးကို အပိုင်သိမ်းပြီး သူ့အနားတွင် အကျဉ်းချထားခြင်းက ပိုကောင်းပေလိမ့်မည်။
သူ့ကို လုံးဝ မင်းအပိုင် လုပ်ပစ်လိုက်စမ်း...
ကားလို့စ်က ဖြည်းညင်းစွာ အသက်ရှူထုတ်လိုက်သည်။ သူ့ရင်ဘတ်က အနည်းငယ် ခုန်လှုပ်သွားပြီးနောက် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
ကားလို့စ်က လက်ကိုမြှောက်ကာ ကောင်လေး၏ မေးစေ့ကို ကိုင်ထားပြီး ကောင်လေး၏ နှုတ်ခမ်းများကို ငုံ့ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် စိတ်ဆန္ဒများက တိုးလာပေသည်။ ယခု ကောင်ငယ်လေးက သူ့လက်ထဲတွင် ရှိနေသောကြောင့် သူ လုပ်ချင်သည့်အရာမှန်သမျှ လုပ်နိုင်ပေ၏။
ကောင်ငယ်လေးက ပြန်မခုခံနိုင်သလို ထွက်လည်းမပြေးနိုင်ပေ။ သူ့အား ငိုယိုပြီး တောင်းပန်လျှင်ပင် အသုံးမဝင်ပေ။
သူ ထိုသို့ လုပ်ခဲ့သင့်သည်မှာ အတော်ကြာပြီဖြစ်၏။ သူ့ထံတွင် ထိုကဲ့သို့လုပ်ရန် အခွင့်အလမ်းများ အများအပြားရှိခဲ့သည်...
ဒါပေမဲ့ ငါ ဘာကြောင့် အဲဒီလိုမလုပ်ခဲ့တာလဲ...
ကောင်ငယ်လေးကို ထပ်ခါထပ်ခါ လွှတ်ပေးပြီး ထွက်ပြေးသွားတာကို ဘာလို့ စောင့်ကြည့်နေခဲ့ရတာလဲ... နောက်ပြီး တခြားယောက်ျားနဲ့တောင် နေခွင့်ပေးလိုက်သေးတယ်...
ကားလို့စ်က ခုတင်ပေါ်တွင် အိပ်ပျော်နေသော ကောင်ငယ်လေးကို စိုက်ကြည့်နေလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံးများထဲတွင် အားကိုးရာမဲ့မှုနှင့် ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်လာပေသည်။ ထို့နောက် ကားလို့စ်က သူ့လက်ကို စိတ်ဓာတ်ကျစွာဖြင့် လွှတ်လိုက်သည်။
တစ်ခုတည်းသော အကြောင်းပြချက်ကြောင့် ကားလို့စ်က ကောင်ငယ်လေးကို မနမ်းခဲ့ပေ။
သူ ကောင်ငယ်လေးကို ချစ်မြတ်နိုး၏။
၎င်းက ပိုင်ဆိုင်ရုံမျှမဟုတ်သလို အလိုဆန္ဒကြောင့် ခြယ်လှယ်ချင်ရုံမျှလည်း မဟုတ်ပေ။ ထို့အပြင် ရုတ်တရက်ပေါ်လာသည့် စိတ်ကူးလည်း မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူ ကောင်ငယ်လေးကို ချစ်မြတ်နိုးသောကြောင့်သာဖြစ်၏။
ထို့ကြောင့်သာ သူက စိတ်ရှည်သည်းခံပြီး ချုပ်တည်းထားခဲ့ခြင်းပင်။ ကောင်ငယ်လေးအား ဝမ်းမနည်းစေလိုသောကြောင့် သတိကြီးစွာထားပြီး ကြိုတင်ကြံရွယ်ထားခဲ့သည်။
ကောင်ငယ်လေး နာကျင်သွားမည်ကို သူ မခံစားနိုင်ပေ။
ကျီလင်က ထိုနာမည်ကို တိုးတိုးလေးခေါ်ပြီး ဆက်လက်၍ အိပ်မက်ဆိုးများ မက်နေဟန်ဆောင်ကာ ကားလို့စ်၏တုံ့ပြန်မှုကို ကြောက်ရွံ့စွာစောင့်ဆိုင်းနေခဲ့သည်။ ထိုလူ၏ အသက်ရှူသံများ ပိုမိုပြင်းထန်လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ကားလို့စ်က သွေးဆာနေသော လူတစ်ဦးကဲ့သို့ သူ၏မေးစေ့ကို ဖျစ်ညှစ်ထားလေသည်။ သားရဲကြီးမှာ သူ့လက်ဖဝါးအတွင်းရှိ သားကောင်ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ ကျီလင်က သူ့မျက်လုံးများကို ဖွင့်မထားသော်လည်း ကားလို့စ်၏ နူးညံ့သိမ်မွေ့သော လုပ်ရပ်များအောက်၌ ကွယ်ဝှက်ထားသည့် ထိုလူသား၏ အသွေးအသားထဲမှ စစ်မှန်သော ရက်စက်မှုနှင့် အေးစက်မှုကို ခံစားရနိုင်ပေသည်။
ထိုအချိန်တွင် ကျီလင်မှာ အမှန်တကယ်ပင် ကြောက်လန့်သွားခဲ့သည်။
အန္တရာယ်ဖြစ်နိုင်ခြေရှိမှန်း ကျီလင်လည်း သိပေသည်။
သို့သော် သူ့တွင် အမှန်တကယ်ကို အခြားရွေးချယ်စရာမရှိပေ။ ကျီလင်က သူ့အပေါ် ထိုကဲ့သို့ပြုမူနေသော ကားလို့စ်အား လက်မခံနိုင်ပေ။ ထို့ကြောင့် ကျီလင်က ကျင်းဆွေ့ကို အကြောင်းပြချက်တစ်ခုအနေနှင့် အသုံးချပြီး ကားလို့စ်ကို လက်လျှော့သွားစေရန် ပြုလုပ်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။
ကားလို့စ်က အမြဲတမ်း အကျိုးအမြတ်များကိုသာ ရှေ့တန်းတင်တတ်သည့် တည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိသည့် လူတစ်ယောက်ပင်။ ယုတ္တိရှိစွာပြောရလျှင် ကားလို့စ်က သူနှင့်အတူ ဤဆက်ဆံရေးကို ဆက်ထိန်းထားချင်ပါက စိတ်ဆန္ဒအတွက်ကြောင့် လက်ရှိအခြေအနေကို သူကိုယ်တိုင် ဖျက်ဆီးပစ်လိမ့်မည် မဟုတ်သလို သူ့အတွက် အကျိုးအမြတ်မရနိုင်မည့် ကိစ္စများကို ပြုလုပ်မည် မဟုတ်ပေ။
သူ(ကားလို့စ်)၏ အစီအစဥ်နှင့် နှိုင်းယှဥ်ပါက တစ်စုံတစ်ယောက်နှင့် အိပ်ရခြင်း၊ မအိပ်ရခြင်းက အရေးမကြီးသည့်ကိစ္စပင်။
သူ ထွက်သွားသင့်ပေပြီ။
သို့သော် ယခုအချိန်တွင် ကားလို့စ်၏ ဆက်လက်ချဉ်းကပ်လာမှုနှင့် ပူနွေးလှသော အသံရှူသံကို ကျီလင် ခံစားမိသည်။ ထိုအသက်ရှူသံက သူ့အား ပူလောင်လုနီးပါးပင်။ ကျီလင်က မှားယွင်းစွာ လောင်းကြေးထပ်လိုက်မိပြီဟု ထင်မှတ်လုနီးနီး ဖြစ်သွားခဲ့သည်။
ဒီလူက ငါနဲ့လိင်ဆက်ဆံဖို့ တကယ်ကြီး ငါ့ကို ဖြဲဆုတ်ပစ်ချင်နေတာလား... ဒါပေမယ့် ဒါက အဓိပ္ပါယ်မရှိဘူးလေ... ကားလို့စ်က သူ့အိပ်ရာကို နွေးထွေးသွားအောင်လုပ်ဖို့ တစ်စုံတစ်ယောက်ကို လိုအပ်နေတုန်းလား... ဟာသပဲ...
✨✨✨