Chapter 77
Viewers 15k

✨ Chapter 77



ကားလို့စ်က ကောင်ငယ်လေး၏ အနည်းငယ် တုန်ရီနေသော မျက်တောင်များကို ကြည့်လိုက်သည်။ အကြင်သူက ဒေါသဖြစ်စေ စိတ်ပျက်ခြင်းဖြစ်စေ သို့တည်းမဟုတ် မကျေနပ်မှုပင်ဖြစ်စေ မည်သည်မျှမရှိပါဘဲ 'အဆင်ပြေပါတယ်' ဟူ၍ တည်ငြိမ်စွာ ပြောခဲ့သည်။ ကောင်ငယ်လေးက အရာအားလုံးကို အကျိုးသင့် အကြောင်းသင့် လက်ခံခဲ့သည်။ သူ့ကို ဘယ်သောအခါကမှ တောင်းဆိုခြင်းမျိုး မရှိသည့်အတွက် ကောင်ငယ်လေးက သူ့ကို အပြစ်မတင်ခဲ့ပေ။ အကြင်သူ ဂရုစိုက်သည့် တစ်ယောက်သောသူမှာ... ကျင်းဆွေ့ပင်ဖြစ်၏။


ကားလို့စ်က အနမ်းခံရခြင်းကြောင့် ပေါက်ပြဲနေသည့် ကောင်ငယ်လေး၏ နှုတ်ခမ်းများကို ကြည့်လိုက်သည်။ မနာလိုစိတ်က သူ့နှလုံးသားထဲ၌ ထပ်ပြီးတိုးလာပေသည်။ ကားလို့စ်မှာ ကောင်ငယ်လေးကို တိုက်ရိုက်နမ်းနိုင်ပြီး အခြားအမျိုးသားများ၏ ရနံ့များကို ဖယ်ရှားပစ်ရန် ဆန္ဒရှိပေ၏။ သို့သော်—— နောက်တစ်ကြိမ် ထပ်ပြီး ထင်ရာမစိုင်းနိုင်တော့ပေ။


ကောင်ငယ်လေးအား သူ့ကို ကြောက်မသွားစေချင်ပေ။


ကျီလင်က ရုတ်တရက် တိတ်ဆိတ်သွားသော ကားလို့စ်ကို ကြည့်လိုက်သည်။ ထိုနက်နဲသော အညိုရောင် မျက်ဆံများက နားမလည်နိုင်လောက်အောင် ရှုပ်ထွေးနေပြီး ကျီလင်၏စိတ်ထဲ၌ မေးခွန်းအမှတ်အသားများဖြင့် ပြည့်နှက်သွားစေသည်။


ထို့နောက် ကားလို့စ်က လက်မြှောက်လိုက်သည်ကို ကျီလင် တွေ့လိုက်ရသည်။ အနည်းငယ် ကြမ်းတမ်းသော လက်ချောင်းထိပ်များက သူ့နှုတ်ခမ်းများကို ဖြည်းညှင်းစွာ ပွတ်သပ်သွားလေသည်။ လက်ချောင်းများမှတစ်ဆင့် ကူးစက်လာသော အပူချိန်က ထိုယောက်ျား၏ အလွန်အမင်း ချုပ်နှောင်မှုနှင့် ဖိနှိပ်မှုကို သယ်ဆောင်လာသည့်ပုံနှယ်။ နူးညံ့သည်ဟု ထင်ရသော်လည်း လူများ၏နှလုံးသားကို တုန်လှုပ်သွားစေသည်။


ကျီလင်: "..."


သေစမ်း... အခုလေးတင် သေခြင်းတရားကနေ လွတ်မြောက်ဖို့ အရမ်းကြီး အာရုံစိုက်လိုက်ရလို့ ကားလို့စ်က ကိုင်တွယ်ဖြေရှင်းရ မလွယ်ကူဘူးဆိုတဲ့ အကြောင်းကို မေ့လုနီးပါးဖြစ်သွားတယ်...အားးး


ကျင်းဆွေ့က ကားလို့စ်ရှေ့တွင် ကရုဏာမရှိဘဲ ဖောက်ပြန်ပြခဲ့သည်။ ကျင်းဆွေ့၏ ဒေါသတကြီး မနှစ်မြို့ဖွယ် ရန်စကားများကို ပြန်တွေးကြည့်မိရင်း ကျီလင်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။


အဲဒီလိုစကားမျိုးက... ယောက်ျားတစ်ယောက်တောင် သည်းမခံနိုင်လောက်ဘူး... အာ ဒါက အလိမ်အညာတစ်ခုပဲ...


ဧကရာဇ်ရေ ခင်ဗျားကိုယ်တိုင် ပျော်ပါးပြီးသွားတော့ အင်္ကျီလက်လေးတွေကို ခါပြီး ဘာပြဿနာမှ မယူဘဲ အဝေးကို ထွက်သွားတယ်ပေါ့... ကျွန်တော့်ကိုကျတော့ ဒေါသထွက်တော့မဲ့ လူချမ်းသာအဘိုးကြီးနဲ့ တစ်ယောက်တည်း ရင်ဆိုင်ဖို့ ထားခဲ့တယ်... ခင်ဗျား ကျွန်တော့်ကို ရည်ရွယ်ချက်ရှိရှိ လာလှည့်စားနေတာ ဟုတ်တယ်မလား...


ဘယ်သူက ခင်ဗျားနဲ့ ဆက်ဆံရေးတစ်ခု ရှိချင်လို့လဲ...


ငါက ကျင်းဆွေ့ရဲ့လက်မှာ သေဆုံးဖို့ လွတ်မြောက်အောင်လို့ စီစဉ်နိုင်ခဲ့တယ်... ဒါပေမဲ့ ဒေါသကြီးတဲ့ ကားလို့စ်ရဲ့လက်မှာ သေဆုံးသွားတော့မှာလား... ငါက လူတစ်ယောက်ဆီကနေ သေလောက်အောင် ရိုက်နှက်ခံရမဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူးလား... ဒါက big bossတစ်ယောက်ကို ဖောက်ပြန်တဲ့အတွက် ပြင်းထန်တဲ့ အကျိုးဆက်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်... ဒါပေမဲ့ ကျွန်တော်လည်း အတင်းအကြပ် တွန်းအားပေးခံရတာပဲလေ...


ကျီလင်က သူ့မျက်နှာပေါ်တွင် သနားချင့်စဖွယ် အကြည့်တစ်ချက်ကို ဖော်ပြလိုက်သည်။


သို့သော် ထိုအခိုက်အတန့်တွင် ကားလို့စ်က သူ့လက်ကို ရုတ်တရက် လွှတ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် စိတ်ရှည်သည်းခံမှုတို့နှင့်အတူ သူ့အမူအရာက နူးညံ့လေးနက်သည့် ပုံမှန်အမူအရာသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထို့နောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး…"


ကျီလင်က အံ့ဩသွားပြီး စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို မော့ကြည့်လိုက်သည်။


ကားလို့စ်က သူ့မျက်လုံးများကို စိုက်ကြည့်လာသည်။

"မင်း သူ့ကို သဘောကျရင်တောင် ကိစ္စမရှိဘူး... ကိုယ် ပြောခဲ့ပြီးသားလေ... ဒီစေ့စပ်ပွဲက မင်းကို ကာကွယ်ပေးဖို့အတွက်ပဲ... မင်းကို ထိခိုက်စေဖို့နေနေသာ ကိုယ့်မှာ မင်းဆီကနေ တခြားလိုချင်တာတွေ မရှိဘူး..."


ကားလို့စ်က ခေတ္တမျှ ရပ်တန့်လိုက်သည်။ အနည်းငယ် နာကျင်နေသည့်ပုံပေါ်သော်လည်း ဖြေးညင်းစွာ ပြောလိုက်သည်။

"မင်း သူ့ကို ခွင့်လွှတ်ပြီး သူ့ဆီ ပြန်သွားချင်တဲ့ တစ်နေ့ကျရင် ကိုယ် သဘောတူပေးမယ်…"


ကျီလင် နောက်တစ်ကြိမ် အံ့သြသွားရပြန်၏။


၎င်းက မြေခွေးအိုကြီး၏ သရုပ်ဆောင်မှုစွမ်းရည် အထွတ်အထိပ်ဖြစ်ကြောင်း ကျီလင် အကြိမ်တိုင်း တွေးမိသည်။ ထိုသူက သူ၏ခံယူချက်များကို ပြန်လည်အသစ်ဖန်တီးပြီး ကန့်သတ်ချက်များကို ထပ်မံလျှော့ချခဲ့သည်။


စေ့စပ်ပွဲက စစ်မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ယခုလေးပင် ကျင်းဆွေ့၏ ကိုယ်ကျင့်သိက္ခာမဲ့စွာ ရန်စခြင်းက လွန်လွန်းအားကြီးလှ၏။ သို့သော် ထိုကဲ့သို့ အရှက်ရမှုမျိုးနှင့် ရင်ဆိုင်ရချိန်တွင် ကားလို့စ်က တုန်လှုပ်ခြင်းမရှိဘဲ သူ၏ကိုယ်ရည်ကိုယ်သွေးကို သောက်ကျိုးနည်း ဆက်လက်တည်ဆောက်ပြီး သရုပ်ဆောင်နိုင်ခဲ့သည်။


အရိုးထဲအထိ အေးစက်စေသောလေများက သူ့ကျောရိုးတစ်လျှောက် တွားသွားတက်လာသကဲ့သို့ ကျီလင် ခံစားလိုက်ရသည်။


ဤလူက အမှန်တကယ် ကြောက်စရာကောင်းပေ၏။ သာမန်လူများ သည်းမခံနိုင်သည့်အရာကို ခံနိုင်ရည်ရှိသူတစ်ယောက်က တကယ့်ကို ကြောက်စရာကောင်းသည့် ဖြစ်တည်မှုတစ်ခုပင်။ သို့သော်လည်း ၎င်းက ကားလို့စ်မှာ သူ့ကို အမှန်တကယ် မချစ်မနှစ်သက်ကြောင်း ဖော်ပြနေပေသည်။

ငါ့ကို နည်းနည်းလောက် သဘောကျပြီး ဂရုစိုက်ခဲ့ရင် ဘာမှမဖြစ်ခဲ့သလို ငါနဲ့အတူ ဒီလိုမျိုး အတုအယောင် ဟန်ဆောင်မှုတွေ ဘယ်လိုလုပ်ပြီး ဆက်လုပ်နိုင်မှာလဲ...


ကျီလင် ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။ သူ့က ကိစ္စများစွာကို ကြောက်ရွံ့နေရသော်လည်း သူ မကြောက်သည့် တစ်ခုတည်းသော အရာမှာ ကားလို့စ်က သူ့အား အခွင့်ကောင်းယူခြင်းပင်။


ကျီလင်၏မျက်တောင်များက တဖျပ်ဖျပ် လှုပ်ခတ်သွားပြီး ကြေကွဲဝမ်းနည်းသည့် အကြည့်ဖြင့်ကြည့်ကာ နာကျင်နေသည့် လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော် ပြန်မသွားပါဘူး…"


ကားလို့စ်က သူ့ကို စိုးရိမ်တကြီးကြည့်ပြီး သက်ပြင်းချလိုက်သည်။

"မင်း..."


ကျီလင်၏ မျက်လုံးများက စိတ်ဆုံးဖြတ်ချက် ခိုင်မာမှုများနှင့် ပြည့်နှက်နေသည်။ သူက ကျင်းဆွေ့အား အလွန်စိတ်ပျက်ပုံဖြင့် အံကိုကြိတ်လိုက်သည်။

"တော်ပါတော့... ကျွန်တော် သူ့ကို မကြိုက်တော့ဘူး..."


ကားလို့စ်က ကျီလင်ကို လေးလေးနက်နက် ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက အသံနက်ကြီးဖြင့် ပြောလာသည်။

"ကိုယ် နားလည်ပြီ…"


စကားပြောပြီးသည်နှင့် ကျီလင် ထိုအကြောင်းကို ပြန်တွေးကြည့်သည်။ ကားလို့စ်က အလွန်သည်းခံနိုင်စွမ်းရှိသော်လည်း စွန့်စားခြင်းမပြုသည်က ပိုကောင်းပေသည်။ သူနှင့် ကားလို့စ်အကြား စိတ်ဝင်စားဖွယ် ဆက်ဆံရေးကို ပိုမိုသဟဇာတဖြစ်ပြီး သန့်ရှင်းသွားစေရန်နှင့် မလိုလားအပ်သောအန္တရာယ်များကို လျှော့ချပစ်ရန်အတွက် ကျီလင်က ကားလို့စ်ကို တောင်းပန်သည့် မျက်လုံးများဖြင့် ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ဒါက အတုအယောင်စေ့စပ်မှုတစ်ခု ဖြစ်ပေမဲ့ ကြားကာလသက်တမ်း ယတစ်လျှောက်လုံး ကျွန်တော် ခင်ဗျားကို သစ္စာမဖောက်ပါဘူး…"


မည်သို့ပင်ဆိုစေကာမူ ကျီလင်က ဤကမ္ဘာပေါ်ရှိ မည်သူ့ကိုမျှ မချစ်မနှစ်သက်ပေ။ ထို့ကြောင့် သူသည်လည်း ရိုးသားရမည်ဖြစ်ပြီး ကားလို့စ်၏ အယောင်ဆောင် ဇနီးလောင်းအဖြစ် အရည်အချင်းပြည့်မီသော ဗီလိန်တစ်ဦး သေချာပေါက် ဖြစ်လာရပေမည်။ မလိုအပ်သော အခက်အခဲများနှင့် လိုက်ပိုးပန်းမှုများကို တားဆီးရန်အတွက် သူ ကားလို့စ်ကို အသုံးချနိုင်ပေသည်။ ၎င်းက သူ့အတွက် အလုံခြုံဆုံးအရာ ဖြစ်လာပေလိမ့်မည်။


သူက အမှန်တကယ် စမတ်ကျသည်ဟု ကျီလင် ခံစားမိသည်။


ကားလို့စ်က ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူက ကောင်ငယ်လေး၏ ကြည်လင်ပြတ်သားသော မျက်လုံးများကို စိုက်ကြည့်လိုက်ပြီးနောက် ကောင်ငယ်လေးမှာ သိသိသာသာ ဝမ်းနည်းနေကြောင်း မြင်လိုက်ရသော်လည်း အလေးအနက် အပြစ်ရှိစွာဖြင့် ကတိပေးခဲ့သည်—— ၎င်းက မုသားစကားဖြစ်လျှင်ပင် သူ့ကို 'သစ္စာမဖောက်ဘူး'ဟူ၍ ပြောခဲ့သည်။


ဒီလို ကြင်နာ၊ဆင်ခြင်တုံတရားရှိပြီး စာနာတတ်တဲ့ ကောင်ငယ်လေး... 


ဒီလိုလိမ္မာကောင်းမွန်တဲ့ ကလေးတစ်ယောက်ကို လူအများက ဘာကြောင့်များ မချစ်နိုင်ကြတာလဲ... အဲဒီကောင်ငယ်လေး ထိခိုက်နာကျင်သွားမှာကို ငါက ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိရမှာလဲ...


ကားလို့စ်က ဤအလှလေးကို သူတစ်ယောက်တည်းအပိုင်အဖြစ် လုံးဝ သိမ်းယူပစ်ချင်လှသည်။


ကားလို့စ်၏ လည်စေ့က အထက်အောက် လှုပ်ရှားသွားလေသည်။ လမ်းတစ်ဝက်၌ သူက သူ့မျက်လုံးများထဲရှိ ပြင်းပြသောဆန္ဒများကို မျိုသိပ်ထားပြီး နူးညံ့သည့်လေသံဖြင့် ပြောလိုက်သည်။

"ဒီနေ့ မင်း ကြောက်သွားတယ်မလား... ကိုယ် မင်းကို အားလပ်ရက်မှာ အပန်းဖြေဖို့ ခေါ်သွားပေးမယ် ဟုတ်ပြီလား…"


ကျီလင် ခေတ္တစဉ်းစားပြီး ခေါင်းညိတ်ကာ နာခံသည့်အသံဖြင့် ပြောလိုက်သည်။

"ကောင်းပါပြီ…"


၎င်းက အကြံကောင်းတစ်ခုဟု ကျီလင် ထင်မိသည်။


မူလက စေ့စပ်ပွဲပြီးလျှင် အိမ်ပြန်ရန် စီစဉ်ထားခဲ့သော်လည်း ယခုဖြစ်ပျက်ခဲ့သည့်ကိစ္စက သူ့နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ အိမ်၌ရှိနေလျှင် ကျင်းဆွေ့အား မရှောင်နိုင်မည်ကို ကျီလင် စိုးရိမ်မိသည်။ ယခုအခါ ကျင်းဆွေ့က အလွန်အန္တရာယ်များပြီး အထိန်းအကွပ်မဲ့နေပေသည်။ သူသာ ကျင်းဆွေ့၏လက်ထဲသို့ ကျရောက်သွားပါက သေသည်အထိ အရိုက်ခံရပေလိမ့်မည်။ သို့တည်းမဟုတ် သေသည်အထိ မုဒိန်းကျင့်ခံရနိုင်ပေသည်။ ကျီလင်က မည်သည့်ရလဒ်ကိုမျှ လက်မခံချင်ပေ။ ယခုလောလောဆယ် ကားလို့စ်နှင့်အတူ ရှိနေခြင်းက ပိုကောင်းပေလိမ့်မည်။


မြေခွေးအိုကြီးထံတွင် မကောင်းသော ရည်ရွယ်ချက်များရှိသော်လည်း အနည်းဆုံး သူ့ကို မုဒိန်းကျင့်ရန် ရည်ရွယ်ချက်မရှိပေ။ ၎င်းက ဤမွန်းကြပ်ဖွယ် အင်ပါယာကြယ်မှ ထွက်ခွာပြီး လျှောက်လည်ရန်အတွက် ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်နိုင်သည်။


………………


နောက်တစ်နေ့တွင် ကားလို့စ်၏ အာကာသယာဉ်က ပင်လယ်ပြာကြယ်၏ အိမ်တော်၌ ရပ်တန့်သွားသည်။


ကျီလင်ဒုတိယဘဝ စတင်ချိန်၌ ကားလို့စ်က သူ့အား ပင်လယ်ပြာကြယ်ကို ပေးခဲ့ပြီး အူထဲအသည်းထဲအထိ တုန်လှုပ်သွားစေခဲ့သည်။


သို့သော် ပင်လယ်ပြာကြယ်က သူ့အပိုင်ဖြစ်သော်လည်း ကျီလင်က ၎င်းကို စိတ်ထဲတွင် ထည့်မထားမိခဲ့ပေ။ မစ်ရှင်များ လုပ်ဆောင်ရင်း အလုပ်များနေပြီး big bossများကြား၌ ဂရုတစိုက် ပရိယာယ်ဆင်ကာ လှည့်ပတ်နေခဲ့ရသည်။

ဒီကို အပန်းဖြေခရီး ထွက်လာဖို့ ငါ့မှာ ဘယ်လိုလုပ်ပြီး စိတ်အခြေအနေနဲ့ အချိန်ရှိနိုင်မှာလဲ...


ထို့ကြောင့် ကျီလင် ဤနေရာသို့ ရောက်ဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင်။


ကျီလင်က ဤနေရာရှိ လတ်ဆတ်မွှေးကြိုင်သော လေကို ရှူရှိုက်ပြီး ဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်။


ယခုအချိန်တွင် မစ်ရှင်နှင့်ပတ်သက်ပြီး သူ လုပ်နိုင်သည့်ကိစ္စ များများစားစား မရှိပေ။ ထို့ကြောင့် သူ့ကိုယ်သူ ရက်ရောလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။


ဤနေရာက အမှန်တကယ် လှပပေသည်။ ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် မြင်တွေ့ရသည်ထက် အဆတစ်သောင်း ပိုလှပ၏။ ကျီလင် အာကာသယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် သူ့ရှေ့ရှိ လှပသောရှုခင်းများ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရပေသည်။


ဤနေရာက ကားလို့စ်၏ ကိုယ်ပိုင်ဂြိုဟ်ဖြစ်ခဲ့ဖူးသောကြောင့် ဗီဒီယိုအချက်အလက် အလွန်နည်းပါးပြီးအမြဲတမ်း လျှို့ဝှက်မှုများနှင့် ပြည့်နေပေသည်။ သူ ဤနေရာသို့ လူကိုယ်တိုင်လာကြည့်ချိန်မှသာ ၎င်း၏ဂုဏ်သတင်းနှင့်အညီ အမှန်တကယ် ကောင်းမွန်နေခဲ့သည်ကို သူ နားလည်သွားခဲ့သည်။


ထို့အပြင် ဤလှပသော ဂြိုဟ်ကြီးပေါ်၌ မည်သည့်လူသားမျှ နေထိုင်ခြင်းမရှိပေ။ ကားလို့စ်၏စံအိမ်နှင့် ပြုပြင်ထိန်းသိမ်းရန် တာဝန်ရှိသော စက်ရုပ်အချို့သာရှိပေသည်။ လှပသောရှုခင်းများက ပုံသွင်းခံထားရခြင်း မဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်နေသောကြောင့် ကျီလင်မှာ ရင်သပ်ရှုမောဖွယ် ဖြစ်နေခဲ့သည်။


ကမ္ဘာပေါ်ရှိ အလှပဆုံးသော နေရာများ၌ပင် လူသားများ၏ အရိပ်အယောင်များ ရှိနေခဲ့သည်။ အထူးသဖြင့် အားလပ်ရက်များတွင် အလှပဆုံးသော ရှုခင်းနေရာအများစုက လူစည်ကားခဲ့ကြသည်။ ခရီးသွားချိန်တွင် ပျော်ရွှင်မှုကို ခံစားရခြင်းက ခက်ခဲလာပြီး ပင်ပန်းသည့်အလုပ်တစ်ခု ဖြစ်လာခဲ့သည်။ ဤကဲ့သို့ ငြိမ်သက်ပြီး သက်သောင့်သက်သာရှိသည့် ခံစားချက်မျိုးကို မပေးစွမ်းနိုင်ခဲ့ပေ။


ကားလို့စ်က ကျီလင်၏လက်ကို ဆွဲယူကာ သူ့အိမ်တော်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။ သူက ပြုံးပြီးပြောလိုက်သည်။

"ကိုယ် အရင်က ဒီကို လာခဲတယ်... တစ်နှစ်လုံးမှာ ရက်ပိုင်းလောက်ပဲ နေတတ်တာမို့ ဒီမှာပစ္စည်းပစ္စယတွေတော့ အများကြီးမရှိဘူး... မင်း တစ်ခုခု လိုအပ်တယ်လို့ ခံစားရရင် ဒါကို ပြန်ပြီးပြုပြင်ဖို့ ကိုယ် တစ်ယောက်ယောက်ကို ခေါ်လိုက်မယ်…"


ကျီလင်က ခေါင်းယမ်းလိုက်သည်။

"အဆင်ပြေပါတယ်... မလိုပါဘူး…"


ကားလို့စ် ထိုစကားကို ကြားလိုက်ချိန်တွင် သူ့မျက်လုံးထဲရှိ အကြည့်က ပို၍ပင် နူးညံ့လာသည်။ ဤကလေးက တကယ်ကို လိမ္မာပေ၏။ သူက မည်သည့်ကိုမျှ မတောင်းဆိုခဲ့သလို ဆူဆူညံညံလည်း မလုပ်ခဲ့ပေ။ အိမ်၌ရှိသည့် ကြောင်လေးများပင် အလွန်မလိမ္မာကြပေ။

တခြားသူတွေက သူ့ကို ပြဿနာကောင်လို့ ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ...


ဒီကောင်တွေက ငါ့ရဲ့ကောင်ငယ်လေးကို လမ်းမှားပို့ခဲ့တယ်ဆိုတာ သေချာတယ်...


သူ၏ကောင်ငယ်လေးမှာ ချစ်စဖွယ်ကောင်းပြီး အကြင်သူ့ရှေ့မှောက်သို့ ကမ္ဘာကြီးတစ်ခုလုံးကို ပေးပစ်ချင်လှသည်။


စိတ်မကောင်းစွာဖြင့် သူက မည်သည်ကိုမျှ မလိုချင်ပေ။


ကားလို့စ်က အသံတိတ် သက်ပြင်းချကာ ဤကောင်ငယ်လေးကို ပိုမိုအလိုလိုက်ပေးရန် စိတ်ပိုင်းဖြတ်လိုက်သည်။


ကျီလင်မှာမူ အဓိပ္ပါယ်မရှိသည့် ကားလို့စ်၏အတွေးများကို မသိခဲ့ပေ။ ကျီလင်က ဤနေရာရှိ သဘာဝအတိုင်း အေးချမ်းငြိမ်သက်မှုကို သဘောကျနှစ်သက်ပြီး အလွန်စိတ်ကျေနပ်နေခဲ့သည်။ သူက နေ့စဉ်နေ့တိုင်း အာကာသယာဉ်ကို စီးကာ ဤနေရာတွင် ပျော်ရွှင်စွာနေထိုင်ပြီး ရှုခင်းများကို ကြည့်ရှုခဲ့သည်။


ထိုနေ့ရက်များက မည်မျှသာယာကြောင်းကို သူ မပြောတတ်ပေ။


ကားလို့စ်က သူနှင့်အတူ ဤနေရာ၌ စိတ်ရှည်စွာဖြင့် နေပေးခဲ့သည်။ သူက ကြားရက်များတွင် အလုပ်ရှုပ်နေခဲ့ပြီး ကျီလင်နှင့် တစ်ချိန်လုံး အတူမနေပေးနိုင်ခဲ့ပေ။ ကျီလင်က သက်ပြင်းတစ်ချက်ချလိုက်သည်။ ကျီလင်၏ တမင်တကာ ရှောင်တိမ်းမှုကြောင့် နေ့တိုင်း ထမင်းစားချိန်၌သာ ကားလို့စ်နှင့် တွေ့ရတတ်သည်။


သူတို့နှစ်ယောက်အတူ အချိန်အကြာကြီး အတူမရှိခဲ့ကြသော်လည်း ကားလို့စ်က မည်သည့်နေရာသို့ ရောက်သည်ဖြစ်စေ အမြဲတမ်း ပြစ်ချက်ကင်းစွာ နူးညံ့ပြီး ချစ်မြတ်နိုးပေးခဲ့သည်။ သူက ကျီလင်ကို နည်းလမ်းမျိုးစုံနှင့် ဂရုစိုက်ပေးခဲ့သည်။ သူ့မိဘအရင်းများပင် ထိုသို့အလွန်ဂရုမစိုက်ခဲ့ပေ။ ယင်းက ကျီလင့်အား အနည်းငယ် စိတ်မသက်မသာဖြစ်စေသည်။ ကားလို့စ်က သူ့ကို ဂရုတစိုက်ရှိသည့်အတိုင်း... ထိုကဲ့သို့ ပြုမူနေသည်။


တစ်နေ့တွင် ကျီလင်က စနစ်အား မယုံကြည်နိုင်စွာ မေးခဲ့သည်။

[သူက ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ... ကြည့်ရတာ သူ ငါ့ကို ကြိုက်နေသလိုပဲ...]


စနစ်: [ဒါက မင်းကို လှည့်စားနေတာဖြစ်နိုင်လောက်လား…]


ကျီလင်: [ဒါပေမယ့် သူ ငါ့ကို လှည့်စားပြီးပြီ မဟုတ်ဘူးလား... ဒါက လိုအပ်လို့လား…]


စနစ်: [အင်း... ဘာလို့ပါလိမ့်…]


ကျီလင် ထိုအကြောင်းကို များစွာတွေးတောပြီးသည့်တိုင် အဖြေရှာမရခဲ့ပေ။ မြေခွေးအိုကြီး၏စိတ်က ခန့်မှန်းရခက်ခဲလွန်းပေ၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် ကားလို့စ်က သူ့အပေါ် အလွန်အမင်း သဘောကျနှစ်ခြိုက်သော်လည်း သူက ပုံမှန်ထက်ကျော်လွန်သည့် မည်သည့်ကိစ္စကိုမျှ မလုပ်ခဲ့ပေ။ ထို့ကြောင့် ကျီလင်က ဂရုစိုက်မနေဘဲ ကားလို့စ်အား လွတ်လွတ်လပ်လပ် ဖျော်ဖြေခွင့်ပေးထားခဲ့သည်။


ထိုညက ကျီလင် အပြင်မှ ပြန်လာချိန်တွင် ဧည့်ခန်းထဲ၌ စာအုပ်ထိုင်ဖတ်နေသည့် ကားလို့စ်ကို တွေ့လိုက်ရသည်။ သူက ခေါင်းမော့ပြီး ပြုံးပြလာသည်။


ကျီလင်က ၎င်းကို ကျင့်သားရနေပြီးဖြစ်ကာ "ကားလို့စ်" ဟု ပြုံးလျက် လှမ်းခေါ်လိုက်သည်။ ထို့နောက် ကျီလင်က အနားယူရန် သူ့အခန်းထဲသို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။


ကားလို့စ်က ပြုံးကာ ခေါင်းညိတ်ပြပြီး လှေကားထစ်များပေါ်သို့ တက်ကာ ထွက်ခွာသွားသော ကျီလင်ကို ကြည့်လိုက်သည်။ အရာအားလုံးက ပုံမှန်အတိုင်းဖြစ်နေသော်လည်း တကယ်တမ်း၌ သူသည်ကား တည်ငြိမ်မနေပေ။ သူ့မျက်လုံးများထဲရှိ နက်မှောင်နက်ရှိုင်းသော အကြည့်များက တဖြည်းဖြည်း ပြောင်းလဲသွားသည်။


ကျင်းဆွေ့နှင့် ဖြစ်ပျက်ခဲ့သည် အဖြစ်အပျက်က ကျီလင့်အား ထိခိုက်မည်ကို ကားလို့စ် စိုးရိမ်နေမိသည်။ သူ အလွန်အမင်း တွန်းအားပေးရန် သည်းမခံနိုင်တော့ဘဲ ကျီလင့်အား ဝမ်းနည်းသွားအောင် လုပ်မိပေလိမ့်မည်။ ထို့ကြောင့် ဤရက်များအတွင်း သူချစ်ရသည့် ကောင်ငယ်လေးကို တစ်နေ့ပြီးတစ်နေ့ စောင့်ကြည့်နေမိသည်။ ကောင်ငယ်လေး၏ ဒဏ်ရာများကို ကုစားရန် အချိန်ပေးပြီး အနားမကပ်ရန် အမြဲတမ်း သူ့ကိုယ်သူ ချုပ်တည်းထားရသည်။


ကောင်ငယ်လေး၏ မျက်လုံးပြာပြာများက တစ်စတစ်စ အရောင်တောက်ပလာပြီး တဖြည်းဖြည်းချင်း စိတ်အေးလက်အေး ဇိမ်ခံနေသည့် အမူအရာကို ကားလို့စ်က စောင့်ကြည့်နေခဲ့သည်။ ကောင်ငယ်လေးကို ထိုကဲ့သို့ မြင်ရရုံဖြင့်... သူ၏အေးခဲနေသော နှလုံးသားကို နွေးထွေးသွားစေနိုင်ပေသည်။ တစ်နေ့ထက်တစ်နေ့ သူ့ကိုယ်သူလည်း မတတ်နိုင်တော့ပေ။ သူက ပိုပိုပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး နက်ရှိုင်းသည်ထက် နက်ရှိုင်းစွာ ကျရှုံးသွားပေသည်။


သူ့စိတ်ထဲတွင် မျိုသိပ်ထားသော ဆန္ဒများက ပို၍ပို၍ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့သည်။


သူ ကောင်ငယ်လေးနှင့် ရင်းနှီးချင်၏...


တစ်ချိန်လုံး ထိန်းချုပ်ထားရမယ့်အစားပေါ့...

 

×××××


ကျီလင်က သူ့ ခုတင်ပေါ်တွင် လှဲလျောင်းနေခဲ့သည်။ သူ၏လတ်တလောဘဝက သူ့ကို များစွာသက်သောင့်သက်သာဖြစ်စေခဲ့သောကြောင့် အလွန်သတိကြီးစွာမထားမိပေ။ သို့သော်လည်း တံခါးမှ ရုတ်တရတ် ထွက်လာသော အသံတိုးတိုးလေးကို သူ ကြားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူ့ခုတင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ ကျီလင်မှာ ချက်ချင်းပင် တောင့်တင်းသွားရသည်။



✨✨✨