Chapter 76
Viewers 15k

✨ Chapter 76

 ရန်ပွဲ



ကျီလင် ထိုမြင်ကွင်းကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ခဏအကြာ၌ သူ့မျက်လုံးထဲတွင် အံ့အားသင့်မှုတစ်ခု ပေါ်လာခဲ့သည်။ သူ ကျင်းဆွေ့ထံမှ ရုန်းထွက်ရန် ကြိုးစားရုန်းကန်လိုက်သည်။ သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် ကျင်းဆွေ့က သူ့ခါးကို ဆုပ်ကိုင်ပြီး သူ့သူ့ရင်ခွင်ထဲတွင် ဖိထားလိုက်သည်။ ထိုလူက အင်အားသုံးပြီး သူ့ခါးကို ချိုးပစ်လုမတတ်ပင်။ ကျီလင်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူ အလွန်ထိတ်လန့်သွားသောကြောင့် လှုပ်ပင်မလှုပ်ရှားဝံ့တော့ပေ။ ကျီလင်က အသနားခံသော မျက်လုံးများဖြင့် ကားလို့စ်ကိုသာ ကြည့်နေနိုင်သည်။


ကျွန်တော့်ကို ကယ်ပါဦး...အားးး


ကားလို့စ်က ကျီလင်၏ ကြောက်လန့်ကာ ဖြူဖျော့နေသည့် မျက်နှာကို ကြည့်လိုက်သည်။ ထိုမျက်နှာလေးမှာ မျက်လုံးရဲရဲလေးများနှင့်အတူ မျက်ရည်စများ တွဲခိုနေသည်။ ၎င်းက ကားလို့စ်၏ ရင်ဘတ်ထဲ၌ ဒေါသနှင့်သနားစိတ်တို့ဖြင့် ပြည့်နှက်သွားစေသည်။ ဒေါသက ကျင်းဆွေ့အတွက်ဖြစ်ပြီး သနားစိတ်မှာ ကျီလင့်အတွက်သာ ဖြစ်သည်။


ယခုအချိန်တွင် ကားလို့စ်က ရှေ့ဆက်သွားပြီး ကျင်းဆွေ့ကို သတ်ပစ်ချင်သော်လည်း သူ၏ကျန်ရှိနေသေးသောအသိစိတ်က အောင်နိုင်ဆဲပင်။ ယခု ကျင်းဆွေ့ကို တိုက်ခိုက်လိုက်ခြင်းက အမြတ်ထက် ဆုံးရှုံးမှုက အဆမတန်များပြားသည့် လုပ်ရပ်တစ်ခု ဖြစ်လာမည်မှာ သေချာပေသည်။ ၎င်းက လူအများ၏ရယ်စရာ ဖြစ်လာနိုင်စေရုံသာမက ကောင်ငယ်လေးကိုလည်း ကြောက်ရွံ့သွားစေလိမ့်မည်။ ကောင်ငယ်လေးက သူ့ကို ကြောက်လန့်ပြီး စိမ်းကားသွားပေလိမ့်မည်။


ကားလို့စ်က အသက်ပြင်းပြင်းတစ်ချက်ကို ရှူလိုက်ပြီး သူ့မျက်လုံးအောက်ရှိ အေးစက်နေသော လူသတ်လိုစိတ်များကို ဖြည်းညှင်းစွာ မျိုသိပ်ထားလိုက်သည်။ ထို့နောက် လေးလေးနက်နက် အသံဖြင့် ပြောလိုက်သည်။

"ဧကရာဇ် ဘာတွေလုပ်နေတာလဲ…"


ကျင်းဆွေ့က ကားလို့စ် ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် ကောင်ငယ်လေးကို လွှတ်ပေးရမည့်အစား သူ့ရင်ခွင်ထဲ၌ ပို၍ပင်ချုပ်နှောင်ထားလိုက်သည်။ ကျင်းဆွေ့၏ နှုတ်ခမ်းများက အပေါ်သို့ တွန့်ကွေးသွားပြီး ရန်စသည့်အပြုံးတစ်ပွင့်ကို ပြသလိုက်သည်။ ထို့နောက် တိုးလျပြီး ပြက်ရယ်ပြုသည့်အသံဖြင့် ပြောလာသည်။

"ငါ ဘာလုပ်နေလဲဆိုတာကို အခုလေးတင် ခင်ဗျား ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူးလား…"


ကားလို့စ်၏ တင်းမာနေသော မျက်နှာမှာ အထိန်းအကွပ်မဲ့လှသည့် ဒေါသတရားကို ဖော်ပြနေသည်။ သူ ကျင်းဆွေ့ကို ကြည့်ကာ တစ်ခွန်းချင်းစီ ပြောလိုက်သည်။

"သူ့ကို-လွှတ်လိုက်-ပါ"


ကျင်းဆွေ့က ကားလို့စ်၏ ဒေါသတကြီး အကြည့်ကို ကြည့်လိုက်သော်လည်း ဂရုမစိုက်ပေ။ သူ ဘာမှ မဖြစ်သလို ရယ်မောလိုက်သည်။ သူ့လက်ချောင်းများက ကျီလင်၏လည်ပင်းကို ညင်သာစွာ ပွတ်သပ်ပြီး ကောင်ငယ်လေးအား ဖက်ထားသည့် သူ့လက်နှစ်ဖက်ကို ပြောင်ပြောင်တင်းတင်း လှုပ်ရှားလိုက်သည်။ ထို့ကြောင့် ကျီလင်၏မျက်နှာမှာ ရှက်ရွံ့စွာဖြင့် ပူလောင်သွားပေသည်။ ကျင်းဆွေ့က ကားလို့စ်ကို ကြည့်လိုက်ပြီး နှေးကွေးသည့်လေသံဖြင့် ပြောလိုက်သည်။

"ငါနဲ့ကျီလင်က ချစ်ကျွမ်းဝင်နေကြတာပဲ... ချစ်သူတွေကြားမှာ လုပ်တဲ့ကိစ္စကို လုပ်တာက ဘာတွေများမှားနေလို့လဲ... ငါ ဘာလို့ သူ့ကို လွှတ်ပေးရမှာလဲ…"


ကားလို့စ်၏ မျက်နှာမှာ ပြောင်းလဲသွားသည်။ သူက ခပ်ကြမ်းကြမ်းအသံနှင့် ပြောလိုက်သည်။

"မင်းရဲ့ချစ်သူတဲ့လား... ဧကရာဇ် မင်း စိတ်ဖောက်ပြန်သွားမှာကို ကျုပ် စိုးရိမ်မိတယ်…"


ကျင်းဆွေ့၏စူးရှသော ရွှေရောင်မျက်လုံးများက ကားလို့စ်ကို ကြည့်ကာ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျီလင်က ငါ့ကိုပဲ အမြဲချစ်တာ... ငါ့ကို ဒေါသထွက်လို့သာ ခင်ဗျားနဲ့ လက်ထပ်ဖို့ သဘောတူခဲ့တာ... သူက ခင်ဗျားကို ဘယ်တုန်းကမှ မကြိုက်ဘူး... သူရဲ့ခင်ပွန်းလောင်းဆိုတဲ့ အမည်ခံအဆင့်အတန်းကို ခင်ဗျားက သိမ်းပိုက်ထားပေမဲ့ ငါက သူရဲ့ချစ်သူ... အဲဒါက ငြင်းလို့မရတဲ့အချက်ပဲ…"


ကျင်းဆွေ့က ခဏမျှ ရပ်တန့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများထဲတွင် ထူးဆန်းဖွယ် အကြည့်တစ်ခုပေါ်လာပြီး ခေါင်းကိုငုံ့ကာ ကျီလင်၏နားရွက်ကို ညင်သာစွာကိုက်လိုက်သည်။ သူ့ရင်ခွင်ထဲရှိ ကောင်ငယ်လေး၏ တုန်လှုပ်မှုကို ကျင်းဆွေ့ ခံစားမိသည်။ ထို့နောက် အဓိပ္ပါယ်ပါပါဖြင့် မျက်လုံးများကို ပင့်ကြည့်လိုက်သည်။

"နောက်ပြီး ငါတို့က ဒီလိုမျိုး အမြဲ ရင်းရင်းနှီးနှီး ဆက်ဆံနေကျ... ခင်ဗျား မြင်လိုက်တဲ့ကိစ္စနဲ့ နှိုင်းယှဉ်ရင် ဒီ့ထက်ပိုရင်းနှီးတဲ့ ကိစ္စတွေကိုလည်း ငါတို့ လုပ်ပြီးပြီ... ခင်ဗျား အစောကြီးကတည်းက သိထားသင့်တယ်——"


ကျင်းဆွေ့ စကားပြောပြီးသည်နှင့် နောက်ဆုံးတွင် ကားလို့စ်က လှုပ်ရှားလာခဲ့သည်။


သူ့ခံစားချက်များကို အမြဲတစေ ဖုံးကွယ်ထားခဲ့ပြီး လူကိုယ်တိုင် ခိုက်ရန်ဖြစ်ပွားခဲသည့် မြို့စားကြီးကားလို့စ်က ယခုအချိန်၌ သူ့၏ဒေါသကို လျှို့ဝှက်မထားခဲ့ပေ။ အမြဲတမ်း ကြော့ရှင်းနက်နဲသည့် သူ့မျက်နှာပေါ်၌ ယခင်က ဘယ်သောအခါကမှ မတွေ့ဖူးသည့် အေးစက်သည့် အကြည့်မျိုး တည်ရှိနေပေသည်။ ၎င်းက မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။


ကျင်းဆွေ့က ၎င်းကို ကြိုတင်မျှော်လင့်ထားပြီးသားပင်။ သူ ရုတ်တရက် ကျီလင်၏လက်ကိုလွှတ်လိုက်ပြီး ကားလို့စ်၏ တိုက်ခိုက်မှုကို ထိပ်တိုက်တွေ့ရန် သူ့လက်ကို မြှောက်လိုက်သည်။


ကျီလင်မှာ တွန်းထုတ်ခံလိုက်ရပြီး ကြောင်တက်တက်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားရသည်။ တုန်လှုပ်နေသော ကြက်ကလေးတစ်ကောင်ကဲ့သို့ မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်နေကြသော လူနှစ်ယောက်ကို ကြောင်ကြည့်နေမိသည်။


၀တ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် ဆံပင်အညိုရောင်နှင့် အမျိုးသားက သူ့ရှေ့ရှိ အေးစက်ပြီး အနက်ရောင် ဆံပင်ရှည်နှင့် အမျိုးသားကို လက်သီးဖြင့် ထိုးလိုက်သည်။ ကျင်းဆွေ့က ထိုလက်သီးချက်အား ကာကွယ်ရန် သူ့လက်ကို မြှောက်လိုက်သည်။ သို့သော်လည်း သူ့ခြေထောက်များက မြေကြီးထဲသို့ နစ်ဝင်ကာ နောက်ဆုတ်သွားလေသည်။ သူ၏ရွှေရောင် မျက်ဆံများက ဖျပ်ခနဲလက်သွားပြီး ခေတ္တမျှရပ်တန့်ကာ ပြန်ထိုးလေသည်။


သူတို့တစ်ယောက်ချင်းစီ၏ ပေါ့ပါ့ပါးပါး ထိုးနှက်ချက်များ၏ မနှစ်မြို့ဖွယ် အကျိုးဆက်အနေဖြင့် သစ်ပင်တစ်ပင်လုံး အမြစ်မှကျွတ်ထွက်သွားပြီး ရေကန်ထဲသို့ ကျသွားကာ ကန်ထဲရှိရေမျက်နှာပြင်မှာလည်း ဆယ်မီတာအထိ မြင့်တက်လာသည်။ သူတို့နှစ်ဦးမှာ သူတို့၏ဟန်ဆောင်ထားသည့် အသွင်အပြင်ကို လုံးဝ ဆုတ်ဖြဲဖယ်ရှားပြီး တစ်ယောက်ကို တစ်ယောက် သတ်ပစ်ရန် သည်းမခံနိုင်ကြတော့ပေ။


ဒီလူနှစ်ယောက်က လူယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးနှစ်ကောင်ပဲ...အားးး


နေပါဦး... ဒါက ကားလို့စ်က တကယ်ကြီး SSS အဆင့် ဆင့်ကဲပြောင်းလဲသူဖြစ်ကြောင်း အတည်ပြုလိုက်တာပဲမလား... သူနဲ့ကျင်းဆွေ့က သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်နေကြတယ်...အားးး


ကျီလင်က အတွေးထဲတွင် နစ်မြောသွားပြီး ကြည့်နေမိသည်။ ထိုသို့ကြည့်နေမိသည်မှာ သူ့နားထဲတွင် စနစ်ထံမှ သတိပေးချက်ကို ရုတ်တရက် ကြားလိုက်ရချိန်အထိပင်။

[ရှောင်လိုက်‌…]


ကျီလင်က ခဏမျှ အေးခဲသွားပြီးနောက် ထိုအမျိုးသားနှစ်ဦး၏ တိုက်ပွဲအကျိုးဆက်ကြောင့် ကြီးမားသော ကျောက်တုံးကြီးတစ်ခု လွှင့်ပျံသွားသည့် မြင်လိုက်ရပြီး သူ့ဘက်သို့ ပြင်းပြင်းထန်ထန် ရိုက်ချခံလိုက်ရသည်။ ကျီလင်၏မျက်နှာက ကြောက်ရွံ့မှုနှင့်အတူ ဖြူဖျော့သွားခဲ့သည်။ ကျီလင်က ကိုယ်ကိုလှိမ့်ပြီး ဘေးဘက်သို့ နှေးကွေးစွာဖြင့် ပြေးပုန်းလိုက်သည်။ ကျောက်တုံးကြီးမှာ သူ့ခြေထောက်နား၌ ပြင်းထန်စွာ ပြုတ်ကျသွားလေသည်။

ခြေထောက်နဲ့ နည်းနည်းလေးပဲ ဝေးတယ်...


ကျီလင်က ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။


ငါက သဝန်တိုလို့ဖြစ်တဲ့ ရန်ပွဲအကျိုးဆက်ထဲမှာ လိုက်ပိုးပန်းတဲ့သူတွေရဲ့ မတော်တဆ အသတ်ခံရဖူးတဲ့ ပထမဆုံးပိုင်ရှင် ဖြစ်လာနိုင်လောက်လား... အားးး…


ဤကဲ့သို့သော သေခြင်းမျိုးက စကားလုံးများထက်ပင် ကျော်လွန်လှ၏။ ကျီလင် မြေပြင်မှထကာ စောစောစီးစီး ထွက်ပြေးချင်သော်လည်း ဤလူနှစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအားမှာ ပြင်းထန်လွန်းလှသည်။ မြေပြင်တစ်ခုလုံး တုန်လှုပ်သွားသည့်ပုံနှယ်။ ကျင်းဆွေ့၏လက်သီးချက်ကြောင့် ကားလို့စ်က ရေကန်ထဲသို့ ပစ်ကျသွားသော်လည်း မကြာမီမှာပင် အမြန်ထကာ ကျင်းဆွေ့ကို မြေပြင်ပေါ်၌ ဖိထားပြီး ထိုးကြိတ်ရိုက်နှက်ခဲ့သည်။


သူတို့နှစ်ဦးမှာ အပြန်ပြန် အလှန်လှန် ထိုးကြိတ်ကန်ကျောက်နေကြသော်လည်း ဧကရာဇ်နှင့် မြို့စားကြီးတို့၏ ဩဇာအာဏာကို အရိပ်အယောင်မျှပင် မတွေ့ရပေ။ အာဃာတ အဟောင်းနှင့် အသစ်တို့က နှလုံးသားထဲသို့ တိုးဝင်နေသကဲ့သို့ပင်။ သူတို့နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် သေအောင် သတ်ပစ်ရန် အရာအားလုံးကို စွန့်စားနေကြသည်။


ကျီလင်က အထိတ်တလန့်ဖြင့် ထွက်ပြေးလာခဲ့သည်။ ရလဒ်အနေနှင့် ချွန်ထက်သော ဓားတစ်လက်ကဲ့သို့ သစ်ကိုင်းတစ်ခုက ကျီလင်၏ လည်ပင်းကို ကျော်ဖြတ်သွားပြီး မြေကြီးထဲတွင် စိုက်သွားလေသည်။ ခဏအကြာ၌ ကျီလင် သတိပြန်ဝင်လာပြီး ခြေထောက်များပင် အားနည်းသလို ပျော့ခွေလာပေသည်။


ကျီလင်က လက်ဆန့်ထုတ်ပြီး သစ်ကိုင်းဖြင့် ရှသွားသည့်နေရာကို ထိကြည့်လိုက်သည်။ သူ့လက်က သွေးများနှင့် ဖုံးလွှမ်းသွားပေသည်။ ကျီလင်၏မျက်နှာက ဖြူဖျော့သွားပြီး ထုံထိုင်းစွာ ပြောလိုက်သည်။

[စနစ်ရေ ငါ သေရတော့မှာလား…]


စနစ်: [အဆင်ပြေပါတယ်... ခြစ်ရာသေးသေးလေးပါပဲ…]


ကျီလင်: [သူတို့ ဘာအတွက် တိုက်ခိုက်နေကြတာလဲ... ငါ့ကို သေအောင် ရိုက်သတ်ပြီး မြန်မြန် အဆုံးသတ်လိုက်တာ ပိုကောင်းမယ်ထင်တယ် :)]


စနစ်: [......]


ကျီလင်၏ဒေါသမှာ တဖြည်းဖြည်း တိုးလာပေသည်။


ခင်ဗျားတို့တွေ တစ်နေ့လုံး ပြဿနာလိုက်ရှာနေကြတယ်... နောက်ပြီး ရေကန်ထဲမှာလည်း ဘေးဒုက္ခတွေ ဖန်တီးသေးတယ်... ကျွန်တော်က သိပ်အပြစ်ကင်းတယ် ဟုတ်ပြီလား... ခင်ဗျားတို့ ရန်ဖြစ်ချင်ရင်တောင် မတိုက်ခိုက်ခင် ဘယ်လို လွတ်လွတ်ကင်းကင်း လုပ်ရမလဲဆိုတာ မသိဘူးလား...


မည်သို့ပင်ဆိုစေကာမူ ကျီလင်မှာ အနှီလွဲမှားနေသော လူသားအယောင်ဆောင် လက်နက်နှစ်ခုမှ မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် သူလည်း ရှေ့ရေးကို လှမ်းမျှော်ကြည့်ရပေမည်။ အရေးကြီးသည့်ကိစ္စမှာ သူ ပြန်စတင်ရန် ဖိုင်ကို ပရိုဂရမ် ထည့်သွင်းရမည်။


ဘယ်သူက ဒေါသမထွက်ဘဲနေမှာလဲ...


ငါ ဆက်မပြေးတော့ဘူး... မင်းတို့ လုပ်ချင်တာသာ လုပ်ကြတော့... အဆိုးဆုံးရှိလှ မင်းတို့ ငါ့ကို သေအောင်ပဲ သတ်မိလိမ့်မယ်...


သို့သော် ကျီလင် အံ့သြသွားရသည်မှာ ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားခြင်းပင်။ ယခုလေးပင် တိုက်ခိုက်နေကြသူ နှစ်ဦးက ကြိုတင်သတိပေးခြင်းမရှိဘဲ ရပ်တန့်သွားလေသည်။


ကျီလင်:???


ကားလို့စ်၏ဆံပင်များက ရှုပ်ပွပြီး ဖွာလန်ကြဲနေသည်။ သပ်သပ်ရပ်ရပ် ဝတ်စားထားသော သူ၏ဝတ်စုံက ရေစိုနေပြီး ယခုအချိန်၌ အနည်းငယ် ရှုပ်ပွနေဆဲပင်။ သူ၏ ကြော့ရှင်းသော မျက်နှာက တင်းမာနေပြီး ကျင်းဆွေ့ကို အေးစက်စက်အကြည့်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေသည်။


ကျင်းဆွေ့က သူ့လက်ကို မြှောက်လိုက်ပြီး သူ့နှုတ်ခမ်းပေါ်ရှိ သွေးများကို ခဏမျှသုတ်ကာ ကားလို့စ်ကိုလည်း အေးစက်စွာ ကြည့်နေသည်။ ထို့နောက် ဖြည်းညှင်းစွာဖြင့် သူ့မျက်လုံးများကို ကျီလင့်ထံသို့ ရွှေ့လိုက်သည်။


ကောင်ငယ်လေးက ဘာမှမဖြစ်သလို မျက်လုံးများဖြင့် ထိုနေရာတွင် မတ်တတ်ရပ်နေသည်။ သူ့လည်ပင်း၌ သွေးများ စီးကျလာသော်လည်း ၎င်းကို လုံးဝ မခံစားမိသည့်ပုံနှယ်။ ကောင်ငယ်လေးက သူတို့ကို တုနှိုင်းမဲ့အေးစက်စက် အကြည့်များဖြင့် ကြည့်နေလေသည်။


အချိန်အတော်ကြာပြီးနောက် ကျင်းဆွေ့၏ နက်ရှိုင်းလှသော မျက်လုံးများထဲ၌ ထိန်းချုပ်မရနိုင်သော ဝေဒနာတစ်ရပ် ပေါ်ပေါက်လာသည်။


ကျင်းဆွေ့က သူ၏ညာလက်ကို တင်းတင်းဆုပ်လိုက်လေသည်။ နောင်တနှင့် နာကျင်မှုတို့က သူ့နှလုံးသားကို ဆုပ်ကိုင်ဖျစ်ညှစ်ထား၏။ ယခုလေးပင် သူက ဒေါသနှင့် မနာလိုစိတ်များဖြင့် ကြီးစိုးနေပေသည်။ ထို့ကြောင့် ကားလို့စ်ကို သတ်ပစ်ရန်သာ စိတ်ကူးထားသော်လည်း သူ့ချစ်ရသည့် ကောင်ငယ်လေးကို နာကျင်စေကာ သတ်ပစ်လုနီးပါးပင် ဖြစ်စေခဲ့သည်။


ကားလို့စ်က ကျင်းဆွေ့ကို ပြတ်သားစွာ ကြည့်လိုက်ပြီးနောက် ကောင်ငယ်လေးဆီသို့ တန်းတန်းမတ်မတ် လှည့်ထွက်သွားလေသည်။ ကားလို့စ်က ကောင်ငယ်လေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး လက်မြှောက်ကာ လည်ပင်းပေါ်ရှိ သွေးများကို သုတ်ပေးလိုက်သည်။ ၎င်းက အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သေချာအတည်ပြုပြီးမှသာ နောက်ဆုံး၌ စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။


ကားလို့စ်က အမြဲတမ်းတည်ငြိမ်ပြီး ချုပ်တည်းထားကာ ကောင်ငယ်လေး၏ရှေ့တွင် သူ၏ ကြောက်စရာကောင်းသည့် ပုံစံကို မပြလိုခဲ့ပေ။ အထူးသဖြင့် ကောင်ငယ်လေး၏ ရှေ့တွင် ကျင်းဆွေ့ကို တိုက်ခိုက်လိုစိတ်ပင် နည်းပါးသွားခဲ့သည်။ သို့သော် ယခုအခါတွင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဖြစ်သွားရ၏။ ကောင်ငယ်လေး၏ ချစ်ရသူက ကျင်းဆွေ့ဖြစ်ကြောင်းနှင့် သူ့အား(ကျီလင်) ကျင်းဆွေ့က လုံးလုံးလျားလျား ပိုင်ဆိုင်ထားကြောင်း သူ တွေးနေသမျှကာလပတ်လုံးပင်။


ကောင်ငယ်လေး၏ စိတ်နှင့်ကိုယ်ခန္ဓာအား အခြားလူတစ်ယောက်က သက်ဆိုင်သည်ဟု ထင်မြင်ခြင်းပင်...


ကားလို့စ်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်လုံးများအောက်ရှိ မနာလိုမှု ဝေဒနာကို ဖိနှိပ်မျိုသိပ်ထားလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ ထိုသို့မလုပ်သင့်ပေ။ အကယ်၍ ယခုပင် သူသာ ကောင်ငယ်လေးကို အမှန်တကယ် သတ်လိုက်မိသွားလျှင်...


ကားလို့စ်က ယခင်ဘဝကို ပြန်အမှတ်ရသွားမိ၏။ အားနည်းသူများ၌သာ တွေ့ရတတ်သည့် ကြောက်စိတ်နှင့် မရောရာသည့် စိတ်ခံစားချက်က သူ့နှလုံးသားထဲ၌ ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာပြီး သူ့လက်များကို အနည်းငယ် တုန်ရီသွားစေခဲ့သည်။


ထိုသို့သောကိစ္စကို ဘယ်သောအခါမှ နောက်တဖန် ဖြစ်ခွင့်မပြုနိုင်ပေ။


ကျီလင်က သေဆုံးတော့မည်ဟု စဉ်းစားထားပြီး ဖြစ်သော်လည်း မမျှော်လင့်ဘဲ သူတို့နှစ်ဦးက ရပ်တန့်သွားသည်။ သူ ခဏမျှ ထိတ်လန့်သွားသော်လည်း မကြာမီမှာပင် သူ့နှလုံးသားထဲ၌ ပျော်ရွှင်သည့် စိတ်ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။

ဒါပေါ့ ငါ မသေရင်တော့ အကောင်းဆုံးပေါ့... ငါလည်း သေရမှာ အရမ်းကြောက်နေတုန်းပဲ ဟုတ်ပြီလား...


နောက်ဆုံးအကြိမ် သူ သေဆုံးသွားခဲ့သည့် အချိန်တွင် ရရှိခဲ့သည့် စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးက ထိုနေရာ၌ တည်ရှိနေဆဲပင်။


ယခုပင် ကျင်းဆွေ့က မည်မျှကြောက်စရာကောင်းကြောင်း တွေးတောရင်း ကျီလင်၏ မသိစိတ်က ကားလို့စ်၏ ရင်ခွင်ထဲသို့ အနည်းငယ် မှီထားမိသည်။ ထို့နောက် သီးသန့်ဆန်ပြီး သတိကြီးသော အကြည့်များဖြင့် ကျင်းဆွေ့ကို ကြည့်လိုက်သည်။


ကျင်းဆွေ့က အမှန်တကယ် ရှေ့သို့ဆက်သွားလိုသော်လည်း ကားလို့စ်၏ ပွေ့ဖက်ခြင်းကို ခံထားရသည့် ကောင်ငယ်လေးကို ကြည့်လိုက်မိသည်။ ဖြူဖျော့ဖျော့မျက်နှာပေါ်၌ သူ့အား မော့ကြည့်နေသော အပြာရောင်မျက်လုံးများထဲတွင် ရွံရှာစိမ်းကားမှုမှလွဲ၍ မည်သည့်တစ်စုံတစ်ရာမျှ မရှိပေ။


သူ အခုလေးပင် လုပ်ခဲ့သည့်ကိစ္စများကို တွေးတောနေမိ၏။


အရိုးထဲအထိ အေးစက်သွားစေသော အအေးဓာတ်က သူ့ရင်ဘတ်မှတစ်ဆင့် အချိန်အတော်ကြာ ဖြည်းညှင်းစွာ စီးဆင်းလာပြီး ကိုယ့်ကိုယ်ကို စက်ဆုပ်သည့် အပြုံးတစ်ပွင့်ကို ဖော်ပြလိုက်သည်။


တကယ်တမ်း၌ သူ အမုန်းဆုံးမှာ သူ့ကိုယ်သူပင်ဖြစ်၏။


ယခင်က သူ၏လျစ်လျူရှုမှုများက ကောင်ငယ်လေးအား သူ့ကို ဆက်လက်ပြီး မယုံကြည်ချင်လာအောင် ဖြစ်စေခဲ့သည်။


လက်ရှိ ရက်စက်ကြမ်းကြုတ်သော သူ၏လုပ်ရပ်က ကောင်ငယ်လေးကို ကြောက်ရွံ့စေသည်။


ထိုအရာအားလုံးကို သူကိုယ်တိုင်ပြုလုပ်ခဲ့ခြင်းပင်...


တစ်လှမ်းပြီးတစ်လှမ်း ကောင်ငယ်လေးနှင့် ဝေးရာဆီသို့ သူ့ကိုယ်သူ တွန်းထုတ်မိနေပြီး မနာလိုစိတ်နှင့် ပိုင်ဆိုင်လိုစိတ်များအား လွှမ်းမိုးစေခဲ့သည်။ ယခင်ဘဝကကဲ့သို့ပင်။ သူက ကောင်ငယ်လေးကို သူ့ကိုယ်တိုင်နှင့် ပို၍ပို၍ ဝေးကွာသွားစေခဲ့သည်။


ဤဘဝ၌ သူ အလိုမရှိခဲ့လျှင်ပင် ကိစ္စများက ပြန်လည်ရုတ်သိမ်း၍မရအောင် ဖြစ်လာခဲ့သည်။


သို့သော် သူ မည်သူ့ကိုမှ အပြစ်မတင်နိုင်ပေ။


ကျင်းဆွေ့က မျက်လုံးများကို မှိတ်လိုက်ပြီး ရုတ်တရက် ခြေလှမ်းကျဲကြီးများဖြင့် လှည့်ထွက်သွားလေသည်။


ကျင်းဆွေ့က လက်လျှော့မည် မဟုတ်ဟု ကျီလင် ထင်ထားခဲ့သည်။ ထို့ကြောင့် ကားလို့စ်၏ အင်္ကျီရင်ဘတ်စကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ဒါပေမဲ့ ကျင်းဆွေ့က ငါ့ကို ကြည့်လာပြီး လှည့်ထွက်သွားမယ်လို့ ဘယ်သူ ထင်ထားမှာလဲ...


ယခုလေးပင် ကျင်းဆွေ့က အလွန်ရက်စက်ကြမ်းကြုတ်နေခဲ့သည်။ ထို့ကြောင့် ကျီလင်မှာ နားမလည်နိုင်ဖြစ်သွားရ၏။


သူ တကယ် ရူးနေတာလား...


ကားလို့စ်က ကောင်ငယ်လေးအား သူ့ထံ မှီခွင့်ပြုထားခဲ့သည်။ ကောင်ငယ်လေး၏ လည်ပင်းမှ သွေးများက တဖြည်းဖြည်းချင်း စီးကျလာပြီး အနီရောင် တောက်တောက်သွေးများက ကောင်ငယ်လေး၏ မျက်နှာကို ပို၍ပင်ဖြူဖျော့သွားစေ၍ အလွန်နုနယ်ပြီး ထိခိုက်လွယ်သည့်ပုံပေါ်စေသည်။ ကျင်းဆွေ့ကြောင့် အကြင်သူအား ထိခိုက်နာကျင်စေမည်ကို မကာကွယ်နိုင်ခဲ့ရုံသာမက သူကြောင့်ပင် ဒဏ်ရာကို ထပ်မံရရှိစေခဲ့သည်။


ဤအရာအားလုံးက ကားလို့စ်ကို နာကျင်စေပြီး စိတ်ထဲ၌ သူ့ကိုယ်သူ အပြစ်တင်မိပေသည်။


သူက ကျီလင်၏လည်ပင်းမှ သွေးများကို ညင်သာစွာ သုတ်လိုက်ပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

"ကိုယ် တောင်းပန်ပါတယ်... ကိုယ် မင်းကို မကာကွယ်နိုင်ခဲ့ဘူး…"


၎င်းက လုံးဝ ပုံမှန်ဟု ကျီလင်က ထင်ခဲ့သည်။ ကားလို့စ်က ကျင်းဆွေ့ကို တိုက်ခိုက်ချင်သည့်အတွက်သာ သူ့ကို လက်ထပ်ချင်ခဲ့သည်။ သို့သော် ကျင်းဆွေ့က အမှန်တကယ်ပင် ထိုကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းသည့်ကိစ္စကို ပြုလုပ်ခဲ့ပြီး ကားလို့စ်ကို လူကိုယ်တိုင် အရှက်ခွဲခဲ့ကာ ဦးထုပ်စိမ်းပင် ပြန်ဆောင်းပေးခဲ့သည်။ ကားလို့စ် ဒေါသမထွက်သည်ကသာ ထူးဆန်းပေလိမ့်မည်။ သူ့အတွက်လည်း သူ့အသက်နှင့် သေခြင်းတရားကို ဂရုစိုက်ရန် ခက်ခဲလှ၏။ ကျီလင်က ကားလို့စ် သို့မဟုတ် မည်သည့်အရာကိုမှ အပြစ်မတင်နိုင်ပေ။


ကျီလင်က မျက်တောင်များကို ခတ်ကာ ပြောလိုက်သည်။

"အဆင်ပြေပါတယ်…"



✨✨✨ 


တကယ်ကြီး ထိုးကြိတ်ကုန်ကြ‌တာနော် အူတက်သေပါပြီ😆 အချစ်နဲ့တွေ့တော့ ဧကရာဇ်နဲ့ မြို့စားသိက္ခာတောင် မထောက်နိုင်တော့ဘူး ကြားထဲက ကျီလင်ပဲ သနားဖို့ကောင်းတယ်🥹