Chapter 74
Viewers 15k

✨ Chapter 74

စေ့စပ်ခြင်း



မဒမ်မာရီနာက ထိုအကြောင်းကို သေသေချာချာ စဉ်းစားနေမိသည်။ ထိုလူက အလွန်ကြောက်စရာကောင်းလွန်းသောကြောင့် ဖြစ်နိုင်၏။ ထို့ကြောင့် ကားလို့စ်က သူ့သားအတွက် မသင့်တော်ကြောင်း အမြဲ ခံစားနေမိခြင်းပင်။ သူမ၏သားလေး ထိခိုက်သွားမည်ကို စိုးရိမ်နေဆဲပင်။


ကျီလင်က သူ့မိခင်၏ စိုးရိမ်သောကရောက်နေသည့် အကြည့်ကို ရင်မဆိုင်ချင်လှပေ။ ထို့ကြောင့် စောစောစီးစီး သေဘေးပြေးတွေ့ရန် မျက်နှာပြောင်တိုက်ကာ ထွက်လာခဲ့သည်။ ကျီလင်က ဤပွဲကို အလျင်အမြန် ပြီးစီးစေချင်ပြီး အိမ်ပြန်ကာ အနားယူချင်ပေသည်။


သူ အပြင်ထွက်လာချိန်တွင် ကားလို့စ်က အပြင်၌ စောင့်နှင့်နေပြီးဖြစ်၏။


ယနေ့တွင် ခံ့ညားရင့်ကျက်သော အမျိုးသားက အနက်ရောင်အဝတ်အစားကို ၀တ်ဆင်ထားကာ အညိုရောင်ဆံပင်များကို သေသေသပ်သပ် နောက်ပြန်လှန်ဖြီးထား၏။ သူ၏ ချောမောပြီး နက်နဲလှသော မျက်နှာက ပေါ့ပေါ့ပါးပါး အပြုံးတစ်ပွင့်ကို ဆင်မြန်းထားသည်။ လက်အိတ်အဖြူကို ဝတ်ဆင်ထားပြီး ငွေနက်ရောင် တုတ်တစ်ချောင်းကို ကိုင်ဆောင်ကာ ထိုနေရာတွင် မတ်တတ်ရပ်နေခဲ့သည်။ ထိုလူကြီးလူကောင်းက ကျီလင့်ထံသို့ လက်ကမ်းပေးလာသည်။ ထို့နောက် ခံ့ညားသော အပြုံးဖြင့် ပြောလာသည်။

"ကိုယ် မင်းကို ခေါ်ဖို့ ရောက်လာတာ…"


ကျီလင်က ဤစေ့စပ်ပွဲမှာ ရှက်စရာကောင်းလွန်းသည်ဟု စိတ်ထဲမှ ခံစားမိသည်။ ထို့ကြောင့် ကားလို့စ်၏အကြည့်ကို ရှောင်ရှားလိုက်သည်။ ကားဆီသို့ ခေါ်ဆောင်သွားသော ကားလို့စ်၏နောက်မှ နာနာခံခံဖြင့် လိုက်ပါသွားပြီး စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အန်ကယ်ကားလို့စ်…"


ကားလို့စ်က ကျီလင်၏ဘေးတွင် ထိုင်လိုက်ပြီး ရှက်ရွံ့မှုကြောင့် နီမြန်းနေသော ကောင်ငယ်လေး၏ နားရွက်များကို ကြည့်နေမိသည်။ နောင်တွင် အကြင်သူက သူ၏တရားဝင် ချစ်သူဖြစ်လာမည့်အကြောင်းကို တွေးတောနေမိသည်။ ကားလို့စ်၏ မျက်လုံးများက အနည်းငယ် မည်းနက်လာပြီး ကျီလင်၏ဆံပင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ခပ်တိုးတိုးရယ်ကာ ပြောလိုက်သည်။

"နောင်ကျရင် ကိုယ့်ကို အန်ကယ်လို့ မခေါ်နဲ့တော့…"


ကျီလင်က ခဏမျှ အံ့အားသင့်သွားပြီး စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးများကို မော့ကြည့်လိုက်သည်။


ကားလို့စ်က ခေါင်းကို အနည်းငယ်ငုံ့ကာ ကျီလင်၏ မျက်လုံးများထဲသို့ နူးညံ့လေးနက်စွာ စိုက်ကြည့်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

"အခုကစပြီး မင်းက ကိုယ့်ရဲ့ချစ်သူ ဖြစ်လာတော့မယ်... မင်း ကိုယ့်ကို အန်ကယ်လို့ ခေါ်နေသေးရင် တခြားလူတွေအတွက် ရယ်စရာကောင်းနေပြီး သူတို့ရဲ့သံသယတွေကို နှိုးဆွပေးနေသလို ဖြစ်နေမှာ မဟုတ်ဘူးလား…"


ကျီလင်က ထိုအကြောင်းကို တွေးပြီး အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသည်။ ထို့အပြင် သူ၏ပထမဆုံးနာမည်ကို ခေါ်ခြင်းက ရေးကြီးခွင်ကျယ် ကိစ္စမဟုတ်ပေ။


'ဒါက ခင်ဗျား ကျွန်တော့်ကို ခေါ်ခိုင်းတာနော်... ကျွန်တော်က ခေါ်ချင်တာမဟုတ်ဘူး... ဒါကြောင့် ခင်ဗျားကို စော်ကားတယ်လို့ ယူဆလို့မရဘူး... ဟီးဟီး…'


ကျီလင်က သူ့လေသံကို ပြောင်းကာ ခေါ်လိုက်သည်။

"ကားလို့စ်…"


ကားလို့စ်က လှပပြီး ကြည်လင်ပြတ်သားလှသော မျက်လုံးများနှင့်အတူ ကောင်ငယ်လေး၏ လိမ္မာနေသည့် အသွင်အပြင်ကို ကြည့်လိုက်သည်။ ထိုသူ၏ နူးညံ့လှသည့် ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းများက သူ့နာမည်အား ကြည်လင်သော အသံလေးဖြင့် ခေါ်လာချိန်တွင် အနည်းငယ် ပွင့်ဟသွားပေသည်။ ထိုအသံက သူ့နှလုံးသားထဲသို့ ဖြည်းဖြည်းချင်း စီးဝင်သွားပြီး သူ့နှလုံးသားကို လှုပ်ခတ်သွားစေသည်။ ကားလို့စ်မှာ ရုတ်တရက် သူ့လည်ချောင်းများ တင်းကြပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။


ဤအခိုက်အတန့်၌ အချို့သော ပြင်းပြသည့် ဆန္ဒတစ်ခုက တားဆီးပိတ်ပင်၍ မရနိုင်တော့သကဲ့သို့ပင်။ ကားလို့စ်မှာ ဆက်လက်ပြီး ယဉ်ကျေးမနေချင်တော့ပေ။ ကောင်ငယ်လေးကို သူ့ခန္ဓာကိုယ်အောက်၌ တင်းတင်းကြပ်ကြပ် ဖိထားရင်း အကြင်သူ၏ ငိုရှိုက်သံများနှင့် သူ့နာမည်အား ထပ်ခါထပ်ခါ ခေါ်နေသည့်အသံများကို ကြားချင်လှ၏။


ကားလို့စ်က အသက်ပြင်းပြင်းရှူကာ သူ့မျက်လုံးများထဲရှိ ထူးဆန်းသော အကြည့်များကို ဖုံးကွယ်လိုက်သည်။


တစ်နေ့တွင် သူ့နာမည်အား ရိုးရိုးရှင်းရှင်း ခေါ်လာသည့် တစ်စုံတစ်ယောက်ကြောင့် ဤကဲ့သို့ပြင်းပြသော ဆန္ဒများကို ခံစားလာရခြင်းမှာ အံ့သြစရာကောင်းလှသည်။


ကားလို့စ်က သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။

'အခု ဒေါသကြောင့် လက်ထပ်ဖို့ သဘောတူလိုက်တဲ့သူက မင်းဖြစ်ပေမယ့် မင်းကို တစ်ချိန်လုံး ကိုယ့်အနားမှာထားဖို့ လျှို့ဝှက်နည်းဗျူဟာတွေကို အသုံးပြုခဲ့တဲ့သူက ကိုယ်ပါ... ဒါပေမဲ့ အဲဒီအချိန်ကျရင် မင်း ကိုယ့်ရဲ့လက်ခုပ်ထဲကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး…'


'မင်းကို ကိုယ်တစ်ယောက်တည်းကသာ ပိုင်ဆိုင်နိုင်တယ်…'

 

………………


မြို့စားကြီးကားလို့စ်၏ အိမ်တော်သို့ သွားရန် အချိန်အကြာကြီး မယူလိုက်ရပေ။


အခမ်းအနားကို ကားလို့စ်၏အိမ်တော်တွင် ကျင်းပခဲ့သည်။ ကျယ်ပြောလှသော စံအိမ်ကြီးက ဧည့်ခံပွဲသို့ တက်ရောက်လာသည့် ထောင်ပေါင်းများစွာသော ဧည့်သည်တော်များကို တစ်ချိန်တည်း၌ ဧည့်ခံနိုင်လောက်သည်အထိ ကျယ်ဝန်းလှသည်။ မရေမတွက်နိုင်သော ကျော်ကြားသူများနှင့် အထက်တန်းလွှာများက ဤနေရာသို့ အစောကြီးကတည်းက ရောက်ရှိလာကြပြီး အပြင်ဘက်တွင် စုရုံးနေကြသည်။


ယနေ့တွင် ဤနေရာကို တင်းကျပ်စွာ အစောင့်ချထားပေသည်။ ကားလို့စ်မိသားစုပိုင် သီးသန့်အစောင့်များကို နေရာတိုင်း၌ မြင်တွေ့နိုင်သည်။ သူတို့အားလုံးက သူတို့၏အရှိန်အဝါများကို ဖော်ပြထားသည့် အဆင့်မြင့် ဆင့်ကဲပြောင်းလဲလာသူများဖြစ်သည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် ကားလို့စ်၏မိသားစုမှာ နက်ရှိုင်းသော အခြေခံအုတ်မြစ်နှင့် ကြီးမားသောအင်အားရှိကြောင်း ပြသနေပေသည်။


ကားလို့စ်က ဤစေ့စပ်ပွဲအခမ်းအနားတွင် မည်သည့်မတော်တဆမှု တစ်ခုမျှ မဖြစ်ပွားစေရန် အလေးထားဆောင်ရွက်ခဲ့သည်။ သူက အခြေအနေအရပ်ရပ်ကို အချိန်အတော်ကြာ ထည့်သွင်းစဉ်းစားခဲ့သည်။ ၎င်းက ကားလို့စ် ပိုင်ဆိုင်သည့် ကိုယ်ပိုင်နိုင်ငံတစ်ခုကဲ့သို့ပင်။ သူ လုပ်ချင်သည့် ကိစ္စတစ်ခုခုရှိနေသရွေ့ မည်သူမှ သူ့ကို တားနိုင်မည်မဟုတ်ပေ။ မိုက်မဲသည့် အားနည်းသူများသာ ပေါ့လျော့မှုကြောင့် အခြားသူများအား အခွင့်ကောင်းယူနိုင်သည့် အခွင့်အရေးကို ပေးပေလိမ့်မည်။


ကျီလင်က ၎င်းကို ကြည့်ရင်း စုတ်သပ်လိုက်သည်။ ပြဿနာဖန်တီးရန် အတွေးကို ကျင်းဆွေ့ စွန့်လွှတ်သင့်ကြောင်း ကျီလင် တွေးလိုက်မိသည်။ သို့သော် ကျင်းဆွေ့က စေ့စပ်ပွဲကို အနှောင့်အယှက် ဖြစ်စေခဲ့လျှင်ပင် ဤစေ့စပ်ပွဲကို ရပ်တန့်ရန်မှာ ခဲယဉ်းပေလိမ့်မည်။


အမှန်တော့ ကားလို့စ်မှာသာ ဒီလိုမျိုးစွမ်းဆောင်ရည် မရှိဘူးဆိုရင် 'စာအုပ်ထဲက ဧကရာဇ်ဖြစ်တဲ့ ကျင်းဆွေ့နဲ့ သူက ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ…


ကားလို့စ်မှာ သူ့ကိုယ်တိုင်က အင်အားကြီးရုံသာမက သူ့မိသားစုသည်လည်း အင်အားကြီးပေသည်။ ၎င်းသာမက ကားလို့စ်က ပရိယာယ်ကြွယ်ဝပြီး သတိကြီးသူလည်း ဖြစ်၏။


မည်သူအတွက်မဆို ကျော်လွှားရန် ခက်ခဲသော ကြောက်စရာကောင်းသည့် ပြိုင်ဘက်ပင်။


ကားလို့စ်က ကျီလင်ကို ကားထဲမှ ညင်သာစွာ ခေါ်ထုတ်ပြီး ပြုံးကာ ငုံ့ကြည့်နေသည်။ ထို့နောက် သူက တိုးလျပြီး ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်သည်။

"မင်းကို လူတိုင်းနဲ့ မိတ်ဆက်ပေးပါရစေ အချစ်လေး…"


ကျီလင်၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး ရှက်ရွံ့သလို ခံစားလိုက်ရသည်။

ဒီအဘိုးကြီးက သရုပ်ဆောင်ရတာကို တကယ် စွဲလမ်းနေတာလား...


ကားလို့စ် ပြောသမျှစကားလုံးတိုင်းက သူ့ကို ရှက်သွေးဖြာသွားစေသည်။ သို့သော် ကိစ္စများက ဤအခြေအနေထိ ရောက်ရှိလာခဲ့ပေပြီ။ ရှက်ရွံ့မနေဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရုံမှလွဲပြီး အခြားနည်းလမ်းမရှိပေ။


ကားလို့စ်က ကောင်ငယ်လေး၏ နီစွေးလုနီးပါး နားရွက်များကို ကြည့်လိုက်သည်။ ထိုသတိထားမှုနှင့် ကိုးရိုးကားရားနိုင်သည့် အကြည့်က သူ့နှလုံးသားကို ပို၍ပင် တုန်လှုပ်သွားစေခဲ့သည်။ ကားလို့စ်၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် မြင့်တက်မသွားဘဲ မနေနိုင်တော့ပေ။


ကျီလင်က မျက်လွှာများကို ချပြီး တွေးတောလိုက်သည်။

'စိတ်မလှုပ်ရှားနဲ့... စိတ်မလှုပ်ရှားလိုက်နဲ့... ဒါက ထုံးတမ်းစဉ်လာတစ်ခုသက်သက်ပဲ…'


ကျီလင်က လူသေကောင်ကဲ့သို့ ကားလို့စ်နှင့်အတူ လမ်းလျှောက်လာခဲ့သည်။


သူ အပြင်သို့ ထွက်လိုက်သည်နှင့် လူတိုင်း၏ တောက်လောင်နေသော မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသည်။


ကျီလင်မှာ အေးခဲသွားပြီး ရှေ့သို့ ဆက်ပြီး ခြေမလှမ်းနိုင်လုနီးပါးပင်။ သူ နောက်ပြန်ဆုတ်ချင်သော်လည်း ကားလို့စ်၏လက်က သူ့အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ကားလို့စ်က သူ့ကို အေးအေးဆေးဆေး ကြည့်လာပြီး နူးညံ့စွာ ပြုံးပြလာသည်။

"အဆင်ပြေပါတယ်…"


ကျီလင်က စိတ်မသက်မသာစွာဖြင့် သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။


အထက်တန်းလွှာများက ကားလို့စ်ကို ဂုဏ်ပြုရန် ရောက်လာကြပြီး တစ်ဦးချင်းစီက ကျီလင့်အား စူးစမ်းလိုစိတ်ဖြင့် စူးစူးရဲရဲ ကြည့်လာကြသည်။ သူတို့ ဤလူပေါ်ကြော့လေး၏ နာမည်ကို ယခင်က ကြားဖူးပေသည်။ မည်သို့ပင်ဆိုစေကာမူ မြို့စားကြီးကျီထင်၏ တစ်ဦးတည်းသော အဖိုးတန်သားလေးက အင်ပါယာကြယ်တွင် တစ်နည်းနည်းဖြင့် ကျော်ကြားနေဆဲပင်။ သို့သော် ၎င်းက ကောင်းသော ကျော်ကြားခြင်းမျိုး မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူက များသောအားဖြင့် ပြဿနာများကို ဖန်တီးတတ်ပေသည်။ သို့မဟုတ်ပါက ငြီးငွေ့ဖွယ်ကောင်းသော ဖျော်ဖြေရေး အတင်းအဖျင်းများတွင် ပေါ်လာတတ်ပေသည်။


ကျီလင်က လူပေါ်ကြော့လောကတွင် လူသိများသော်လည်း အဆုံး၌ သူသည် လူပေါ်ကြော့တစ်ယောက်မျှသာဖြစ်ပြီး ထိုဂျူနီယာအုပ်စုတွင်သာ သူ၏အာဏာကို ပလွှားနိုင်ခဲ့သည်။ အာဏာကို အမှန်တကယ် ဆုပ်ကိုင်ထားသည့် အထက်တန်းလွှာများ၏အမြင်၌ ထိုသူက ပွဲလယ်မတင့်တယ်သော ကလေးဆိုးတစ်ယောက်ပင်။ အများဆုံးအနေဖြင့် သူတို့က သူ့ကို ဟာသအဖြစ်သာ သဘောထားပြီး အမှန်တကယ် အလေးအနက်အဖြစ် မယူဆခဲ့ပေ။


သူတို့က ကျီလင်နှင့် လုံးဝခြားနားသောအဆင့်တွင် ရှိပေသည်။


သို့ရာတွင် ယခုမူ ကျီလင်က ကားလို့စ်၏ နံဘေးတွင် ဤကဲ့သို့ ရပ်တည်နေခဲ့ပြီး နည်းလမ်းပေါင်းစုံဖြင့် ကားလို့စ်၏ မျက်နှာသာပေးမှုကို ခံရလေသည်။ ကျီလင်ထံတွင် ကောင်းကွက်မရှိလျှင်ပင် မည်သူကမျှ သူ့ကို မထီမဲ့မြင် မပြုဝံ့ကြပေ——

'ဒါက ကားလို့စ်ရဲ့ ဇနီးလောင်းလေ...'


ကားလို့စ်က သူ့ကို ထောက်ပံ့ချင်သရွေ့ သူ့အဆင့်အတန်းနှင့် ရာထူးမှာ ဤနေရာရှိလူများထက် မနိမ့်လှပေ။ ကျီလင်က အထင်အမြင်သေးခံခဲ့ရသည့် လူပေါ်ကြော့လေး တစ်ယောက်အဖြစ်မှ ထိုလူပေါ်ကြော့များ၏ မိဘအုပ်စုနှင့် အရွယ်ချင်းတူညီသော သို့မဟုတ် ၎င်းထက်ပိုသော ဖြစ်တည်မှုသို့ တစ်ခါတည်း တိုက်ရိုက်တက်လှမ်းသွားပေသည်။


ထိုလူများ တွေးနေသည့်ကိစ္စကို ကျီလင် ဂရုမစိုက်ပေ။ သူက အလွန် စိတ်မသက်မသာသလို ခံစားနေရသည်။ ထိုဟန်ဆောင်အပြုံးများ အားလုံးကို ပြန်လည်တုံ့ပြန်ရန် ပြုံးပြနေရခြင်းကြောင့် သူ့တစ်ကိုယ်လုံး ရူးသွားမတတ်ပင်။


ကျီလင် ပတ်ပတ်လည်ကို ကြည့်လိုက်ချိန်တွင် သူ့သူငယ်ချင်း တစ်ယောက်သော်မျှ မတွေ့ခဲ့ရပေ။ ထိုအစား သူ့သူငယ်ချင်း တော်တော်များများ၏ အဖေများကိုသာ တွေ့ခဲ့ရသည်။ သူ့အဖေနှင့် မျိုးဆက်တူ၊ အသက်တူသော အထက်တန်းလွှာအုပ်စုက ယခုအချိန်တွင် သူ့အား ရိုကျိုးစွာဖြင့် မြှောက်ပင့်ကာ ပြုံးပြနေပေသည်။


'ဘယ်လို ပြစ်ဒဏ်ကြီးလဲ... ငါက ငယ်ရွယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ လူငယ်လေးတစ်ယောက်လေ... အခုကစပြီး ဒီလို အရေခြုံထားတဲ့ အန်ကယ်ကြီးတွေရဲ့ အရွယ်ရောက်ပြီးသား လောကကြီးထဲကို ဝင်ရတော့မှာလား…'


ကျီလင် ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပြီး ပင်ပန်းနွမ်းနယ်လာသလို ခံစားလိုက်ရသည်။

''ဒီပေါင်ပေ့လေးက မကြီးပြင်းချင်သေးဘူးလို့…'


ကျီလင်က လူချမ်းသာအဖိုးကြီး ကားလို့စ်နောက်မှ လိုက်သွားပြီး စိတ်ပိုင်းဖြတ်ကာ ရှေ့သို့ လျှောက်သွားခဲ့သည်။ ထိုလူများ၏ မြှောက်ပင့်ပြောဆိုမှုများကို ပေါ့ပေါ့တန်တန် ဆက်ဆံလိုက်သည်။ ကျီလင် ထိုနေရာ၌ အမူအရာကင်းမဲ့စွာဖြင့် မတ်တတ်ရပ်နေစဉ် စကားပြောနေသည့် တစ်ဦးတည်းသောသူမှာ ကားလို့စ်ပင်ဖြစ်၏။ သူ သဘောကျသည့်အခါ ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး မပြုံးချင်ပါက မပြုံးပြခဲ့ပေ။ မည်သူမျှ သူ့အကြောင်းနှင့် ပတ်သက်ပြီး ဘာမှမပြောခဲ့ကြပေ။


ကျီလင်က ဘေးပတ်ဝန်းကျင်သို့ မရည်ရွယ်ဘဲ ကြည့်လိုက်မိသည်။ လူအုပ်ထဲ၌ ဝမ်ယန်ကို တွေ့လိုက်ရချိန်တွင် ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။

'ဒါဆို ဝမ်ယန်လည်း ဒီကို ရောက်နေတာလား…'


ကျီလင် အနည်းငယ်မျှ အံ့သြသွားသော်လည်း စက္ကန့်ပိုင်းမျှ တွေးလိုက်မိပြီး စိတ်သက်သာရာ ရသွားသည်။ ဝမ်ယန်က သာမန်လူတစ်ဦးအဖြစ် မွေးဖွားလာခဲ့သော်လည်း ယခုအခါ ထိုသူက လွှတ်တော်အမတ်ဟူသော အဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး မျိုးရိုးမြင့် အထက်တန်းလွှာ လူတန်းစားထဲသို့ လုံးလုံးလျားလျား ထိုးဖောက်ဝင်ရောက်သွားနိုင်ပြီဟု ယူဆနိုင်ပေသည်။ ဤသို့သောပွဲများတွင် ပါဝင်ဆင်နွှဲရန် သဘာဝအတိုင်း အရည်အချင်း ပြည့်မီပေ၏။


ကျီလင်က နောက်ထပ် ဆက်မကြည့်တော့ဘဲ အကြည့်လွှဲလိုက်သည်။


ဝမ်ယန်က ဝိုင်ခွက်ကို ကိုင်ထားပြီး သူ၏ ဆိုးသွမ်းလှသော အကြည့်များက ကားလို့စ်အပေါ် ဖြတ်ပြေးသွားကာ နောက်ဆုံး ကျီလင်၏ပုံရိပ်ပေါ်သို့ သက်ဆင်းသွားလေသည်။ သူ့မျက်လုံး အောက်ခြေတွင် ချုပ်တည်းထားသော နာကျင်မှုအရိပ်အယောင်များ ပေါ်ထွက်လာပေသည်။ ဝိုင်ခွက်ကို ကိုင်ထားသည့် သူလက်ချောင်းများက အလွန်ခိုင်မြဲတင်းကြပ်သွား၏။ ရုတ်တရက် သက်ပြင်းချလိုက်ပြီး ဖန်ခွက်ကိုချကာ လှည့်ထွက်သွားသည်။


'ဒါက ယာယီပါပဲ... နောက်ဆုံးကျရင် သေချာပေါက် ကားလို့စ်ရဲ့လက်ထဲကနေ ကျီလင့်ကို ငါပြန်ယူပြမယ်...'


………………


ကျီလင်က ကားလို့စ်နောက်သို့ လိုက်ကာ မရေမတွက်နိုင်သော မြှောက်ပင့်မှုများကို လက်ခံခဲ့ရသည်။ ထို့နောက် သူ ငြီးငွေ့ကာ စိတ်ဝင်တစားမရှိသလို ခံစားလာရသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျီလင်က သူ့မျက်နှာကို အလုံအလောက် ပြပေးပြီးသွားပြီဖြစ်ကြောင်း ခံစားမိသည်။ ထို့နောက် ချီတုံချတုံဖြင့် ပြောလိုက်သည်။

"ကားလို့စ် ကျွန်တော် ပြန်သွားပြီး ခဏလောက် အနားယူချင်တယ်…"


ကားလို့စ်က ထိုစကားကို ကြားချိန်တွင် စိုးရိမ်တကြီး ကြည့်လာပြီး နူးညံ့စွာ ပြောလိုက်သည်။

"ကောင်းပြီလေ... မင်း အရင်ပြန်သွားနှင့်ပါ... နောက်မှ ကိုယ် မင်းဆီကို လာခဲ့မယ်…" 


ကြည့်ရှုနေသူများမှာ အလွန်အံ့သြသွားကြသည်။ ကျီလင်က ကားလို့စ်၏ နာမည်ပထမစာလုံးကို ဤမျှပေါ့ပေါ့ပါးပါး ခေါ်ဝံ့မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ကားလို့စ်က ဒေါသမထွက်ရုံမက သူ့အပေါ်လည်း ဤကဲ့သို့ချစ်မြတ်နိုးပေးသည်။ ဧကရာဇ်ကို ဆန့်ကျင်ရန်အတွက်ကြောင့်သာ ကားလို့စ်က ဤသို့ပြုလုပ်ခြင်းဖြစ်သည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော်လည်း ယခုအခါ အနည်းဆုံး အပေါ်ယံ၌ ကားလို့စ်က ကျီလင့်အပေါ် အနည်းငယ် ရိုးသားမှုရှိသည်မှာ ရှင်းလင်းနေပေ၏။ ကြည့်ရှုသူများ၏ စိတ်သဘောထားများက ပြောင်းလဲသွားပြီး အတွေးများက ရှုပ်ထွေးသွားလေသည်။ ထို့နောက် သူတို့က ကျီလင်၏တန်ဖိုးကို ပြန်လည်အကဲဖြတ် တိုင်းတာလာကြသည်။


အရင်က ငါတို့ ခန့်မှန်းတာက မှားနေတာလား... ကားလို့စ်က ကျီလင့်ကို တကယ်ကြီး သဘောကျနေတာလား...


ကျီလင်က ကားလို့စ်၏ အဖြေစကားကို လက်ခံရရှိပြီးနောက် လှည့်ထွက်သွားရန် ပြင်လိုက်သည်။ ရုတ်တရက် တံခါးရှေ့ရှိ စားပွဲထိုးက ကျယ်လောင်စွာ ကြေညာလိုက်သည်။

"ဧကရာဇ် ကြွရောက်လာပါပြီ…"


ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွား၏။


ကျီလင်မှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။


ကားလို့စ်က မျက်လုံးများကို မှေးကျဉ်းရင်း ကျင်းဆွေ့ရှိရာသို့ လှမ်းကြည့်လိုက်သည်။


အနက်ရောင်ဆံပင်နှင့် ရွှေရောင်မျက်ဆံများရှိသည့် ချောမောခံ့ညားသော အမျိုးသားက ကော်လံမြင့်မြင့်နှင့် ခဲရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ခပ်လှမ်းလှမ်းမှ ခြေလှမ်းကျဲကြီးများဖြင့် ရောက်ရှိလာသည်။ သူ၏ရွှေရောင် မျက်ဆံများက နေရောင်အောက်တွင် ပို၍ကြောက်လန့်စရာကောင်းပြီး အေးစက်နေပုံပေါက်ကာ လူများက သူ့ကို တိုက်ရိုက်ကြည့်ရန် မကြည့်ဝံ့ကြပေ။


ကျီလင်က ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး မသိစိတ်က ကားလို့စ်၏ လက်ကို ဆုပ်ကိုင်လိုက်မိသည်။ ယခင်က ကျင်းဆွေ့မှာ ဤပွဲသို့ တက်ရောက်လိမ့်မည်မဟုတ်ဟု ကျီလင် တွေးထားပေသည်။ ထို့ကြောင့် စိတ်သက်သာရာရနေခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် ကျင်းဆွေ့က ရောက်လာဆဲပင်။


နောက်ဆုံးအကြိမ် ကျင်းဆွေ့ ထွက်သွားသည့်အချိန်မှစ၍ သူတို့ တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖြစ်ခဲ့ကြပေ။ ကျီလင်က ကျင်းဆွေ့ ပေးလာသောကတိနှင့် ထိုသူ၏နာကျင်သွားသည့် အသွင်အပြင်ကို ပြန်သတိရသွားသည်။ ကျင်းဆွေ့အပေါ် သက်ရောက်စေခဲ့သော အပျက်သဘောဆောင်သည့် သူ့လုပ်ရပ်များ၏ အကျိုးသက်ရောက်မှုကိုလည်း ပြန်အမှတ်ရသွားခဲ့သည်။ ထို့ကြောင့် ကျီလင်မှာ ကျင်းဆွေ့ကို လုံးဝ မကြည့်ဝံ့ပေ။


ကြောက်မနေနဲ့တော့…


လူမြင်ကွင်းမှာ ကျင်းဆွေ့က ငါ့ကို ဘာလုပ်နိုင်မှာလဲ...


မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင်းဆွေ့က သူတို့ရှေ့သို့ ရောက်လာခဲ့သည်။


အခြားသူများက ခေါင်းငုံ့ပြီး ထိုမြင်ကွင်းကို ရှောင်ကွင်းလိုက်သော်လည်း တွေးတောကြည့်မိကြသည်။ ဧကရာဇ်က စကားတစ်ခွန်းမှ မဆိုသော်လည်း သူ၏အရှိန်အဝါက သူတို့အား ကြောက်ရွံ့ထိတ်လန့်စေသည်မှာ ပြောစရာပင်မလိုပေ။ ၎င်းက ယနေ့အတွက် ပွဲကြီးပွဲကောင်း ဖြစ်သွားနိုင်သည်။ သို့သော် သူတို့ ဝင်မပါရဲကြပေ။


ကျီလင်က ကားလို့စ်နားသို့ ကပ်နေပြီး ကြောက်မနေရန် ကိုယ့်ကိုယ်ကို ပြောလိုက်သည်။ သူ နောက်ဆုံးတွင် ကျင်းဆွေ့ကိုကြည့်ရန် သတ္တိမွေးလိုက်သည်။



✨✨✨