✨ Chapter 73
သူ အိမ်မြန်မြန် ပြန်သွားချင်လှပေသည်။ သို့သော် ထောင့်တစ်ထောင့်သို့ ကွေ့လိုက်သည်နှင့် သူ့ခြေလှမ်းများက နောက်တစ်ကြိမ် ရပ်တန့်သွားပြန်သည်။ ကျီလင်မှာ ချောမောပြီး ရိုးဖြောင့်လှသော လူငယ်လေးအား တွေ့လိုက်ရသည်။ ထိုလူငယ်လေးမှာ ဆံပင်အနက်ရောင်နှင့် မျက်လုံးစိမ်းလေးများကို ပိုင်ဆိုင်ထားပေသည်။ နံရံကိုမှီထားပြီး ထင်ရှားသော အမူအရာမှာ ပေါ်လွင်နေသည်။
'ဒီနေ့ ငါ ဘာလို့ ဒီလောက်တောင် ကံမကောင်းရတာလဲ... ဒီလူနှစ်ယောက်က ငါ့ကို ရည်ရွယ်ချက်ရှိရှိ စောင့်နေကြတာလား…'
ကျီလင်၏မျက်နှာထားမှာ ပြောင်းလဲမသွားပေ။ သူ နဉ်ယွီကို လျစ်လျူရှုထားပြီး ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။
သို့သော် သူ နဉ်ယွီကို ဖြတ်သွားခါနီးဆဲဆဲအချိန်တွင် ထိုသူက ရုတ်တရက် ပါးစပ်ကိုဖွင့်ဟပြီး ငြိမ်သက်ညင်သာသော အသံဖြင့် ပြောလာသည်။
"ဧကရာဇ်နဲ့ငါက ဘာမှ မပတ်သက်ဘူး... မင်း အဲဒါကို သိတယ်မလား…"
မူလက ကျီလင်မှာ ၎င်းကို ဂရုမစိုက်ချင်သော်လည်း ထိုစကားများကို ကြားလိုက်ရချိန်တွင် သူ ဒေါသထွက်လာပြန်သည်။
'ဇာတ်လိုက် shou တစ်ယောက်အနေနဲ့ မင်းက မင်းရဲ့ဇာတ်ကြောင်းအတိုင်း သေသေချာချာ မလိုက်နာဘဲ ငါ့ဆီလာပြီး ဇာတ်လိုက် gong နဲ့မင်းရဲ့ ဆက်ဆံရေးကို လာရှင်းပြနေတာလား... မင်းက ငါ့ကို ဒေါသအထွက်လွန်ပြီး သေသွားစေချင်တာလား... ဒီလိုနည်းနဲ့ ငါ့ရဲ့ဂုဏ်သတင်းကို ရရှိနိုင်မယ်လို့ ထင်နေတာလား... မင်း အိပ်မက်မက်နေလိုက်... ငါတောင် ငါ့ရဲ့နာမည်ကို အသုံးမချရတာတာကြာပြီ…'
ကျီလင်က ခေါင်းလှည့်ပြီး နဉ်ယွီကို အေးစက်စွာ ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက်ကြားမှာ ဆက်ဆံရေးရှိတာဖြစ်ဖြစ်... မရှိတာဖြစ်ဖြစ် ငါ့ကိစ္စ မဟုတ်တော့ဘူး…"
သူ့အား ဖောက်ထွင်း၍ မြင်လိုသည့်အတိုင်း နဉ်ယွီ၏အကြည့်များက ကျီလင်၏မျက်လုံးများကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ ထို့နောက် ရုတ်တရက် ရယ်မောလိုက်သည်။
"တကယ်လား... မင်း ဧကရာဇ်ကို ဆက်မကြိုက်တော့ဘူးလား…"
ကျီလင် ထိုစကားကို ကြားလိုက်ရချိန်တွင် ခဏမျှ အံ့ဩသွားသည်။ ကျီလင်မှာ နိုးနိုးကြားကြား ဖြစ်သွားပြီး သူ့ဆံပင်မွေးများပင် ထောင်မတ်သွား၏။ ထို့နောက် သူ့မျက်လုံးများ နီရဲလာပြီး ဒေါသသံဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်... ငါ သူ့ကို ဆက်မကြိုက်တော့ဘူး... မင်း ပျော်လား…"
ကျီလင်က နှုတ်ခမ်းကို ကိုက်လျက် နဉ်ယွီကို ဒေါသတကြီး ကြည့်လိုက်သည်။ ထိုအကြည့်က အချစ်ကြောင့် မုန်းတီးမှုများနှင့် ပြည့်နှက်နေသော အကြည့်ဖြစ်သော်လည်း ခေါင်းမာသော သဘောထားက ရှိနေဆဲပင်။ ကျီလင်က ဧကရာဇ်ကို မကြိုက်တော့ကြောင်း ပြောနေသော်လည်း အကြည့်မှာ ငိုတော့မည့်ပုံပင်။
နဉ်ယွီ၏မျက်ခုံးများက ဖြည်းညှင်းစွာ တွန့်သွားလေသည်။ စဉ်ဆက်မပြတ် နူးညံ့နေသော ထိုအစိမ်းရောင် မျက်လုံးများထဲတွင် အေးစက်မှု အရိပ်အယောင်က အနည်းငယ် ပေါ်ထွက်လာသည်။ နဉ်ယွီက စိတ်ကြီးဝင်သည့် အပြုံးကို ဆင်မြန်းကာ ပြောလိုက်သည်။
"ဒါဆိုလည်း မင်း ပြောတဲ့စကားကို မင်း တည်အောင်လုပ်... သူ့ကို ဆက်မကြိုက်နဲ့တော့…"
ကျီလင်: ???
'အစ်ကိုကြီးရေ... မင်းက ငါ့ကို ဖျောင်းဖျဖို့ ဒီနေရာမှာ ရောက်နေတာ မဟုတ်ဘူးလား...'
သို့သော် ကျီလင် အသိပြန်ဝင်လာသည်အထိ မစောင့်ဘဲ နဉ်ယွီက လှည့်ထွက်သွားလေသည်။ အတင်းမချုပ်ချယ်သော ပုံသဏ္ဍာန်မျိုးနှင့်သာ ကျီလင့်အား ချန်ထားရစ်ခဲ့ပေသည်။
ကျီလင်: "..."
ကျီလင်က နဉ်ယွီ၏ နောက်ကျောကို ဗလာသက်သက် စိုက်ကြည့်နေပြီး လုံးဝ ရှုပ်ထွေးသွားပေသည်။ မကြာသေးမီက လူတိုင်းမှာ သူ့ထံသို့ လာရောက်ပြီး ကျင်းဆွေ့က ရိုးသားကြောင်း ပြောဆိုကာ ကားလို့စ်ကို မယုံကြည်ရန်နှင့် ဧကရာဇ်ထံသို့ ပြန်သွားရန် တောင်းဆိုခဲ့ကြသည်။ ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ကို မဖျောင်းဖျဘဲ ကျင်းဆွေ့ကို ဆက်မချစ်ရန် ပြောလာခဲ့ပေသည်။
ဒါက မြေပြိုမှုတစ်ခုပဲ... မဟုတ်သေးပါဘူး... သန့်ရှင်းကြည်လင်တဲ့ စမ်းချောင်းလေးတစ်ခုပါ...အားးး
ဟေး... နေစမ်းပါဦး...
ကျီလင်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။
'နဉ်ယွီက ကျင်းဆွေ့ကို တကယ် စိတ်ဝင်စားနေတာ ဖြစ်နိုင်လား... အဲ့ဒါကြောင့် ကျင်းဆွေ့ကို မကြိုက်နဲ့တော့လို့ ငါ့ကို ပြောခဲ့တာပေါ့…'
ဒါမှမဟုတ် သူ ဒီလိုပြောရတဲ့ အခြားအကြောင်းပြချက်တွေ ရှိသေးလို့လား...
ဤအတောအတွင်း ကျီလင်က အလွန်စိတ်ရှုပ်နေခဲ့သောကြောင့် နဉ်ယွီလည်း သူ့ကို ဖျောင်းဖျရန် ရောက်လာသည်ဟု ထင်ခဲ့သည်။
ငါနဲ့ နဉ်ယွီက အချစ်ပြိုင်ဖက်တွေဖြစ်ဖို့ ကံကြမ္မာပါလာပြီးသား... အားးး ဘယ်လိုလုပ်ပြီး အချစ်ပြိုင်ဖက် တစ်ယောက်က ငါ့ကို ဖျောင်းဖျမှာလဲ... ငါ ရူးသွားတာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား...
ယခင်က နဉ်ယွီမှာ အင်တာနက်ပေါ်တွင် ကျင်းဆွေ့နှင့် ဆက်ဆံရေးအကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခဲ့သော်လည်း ၎င်းမှာ နဉ်ယွီက ကျင်းဆွေ့ကို သဘောမကျဟု မဆိုလိုပေ။ နဉ်ယွီက ကျင်းဆွေ့ကို နှစ်သက်သော်လည်း သူ၏ မာနကြီးလှသော အကျင့်စရိုက်က ၎င်းကို ပြသရန် ခွင့်မပြုခဲ့ပေ။ ၎င်းက ယခုလေးပင် သူ့အပေါ် လျစ်လျူရှုထားသည့် အကြောင်းပြချက်ပင်။ ထိုသူက သူ့ကို လုံးဝ မဖျောင်းဖျဘဲ သူ၏ကံမကောင်းမှုကို ကျေနပ်နေခဲ့သည်။
ဒီကမ္ဘာရဲ့ ဇာတ်ကြောင်းအတွက် မျှော်လင့်ချက် နည်းနည်းလေးတော့ ရှိလာပြီလား...
ကျီလင်က အလွန်စိတ်လှုပ်ရှားသွားပြီး နှိုးဆော်အားပေးခံရသကဲ့သို့ ခံစားလိုက်ရသည်——
နဉ်ယွီက ကျင်းဆွေ့ကို တကယ် သဘောကျတယ်ပေါ့... အားးး ဒါက ဒီအချိန်အတွင်း သတင်းကောင်းတစ်ခုပဲ... သေချာပေါက် မင်းက အယုံကြည်ရဆုံး ညီအစ်ကိုပဲ... ငါ့ကို ကျင်းဆွေ့နဲ့ အတူရှိနေဖို့ မစည်းရုံးသရွေ့ ငါတို့တွေ သူငယ်ချင်းဖြစ်နိုင်တုန်းပဲ...
နားမလည်နိုင်စွာပင် ကျီလင် ပြန်လာချိန်၌ သိသိသာသာ ခံစားချက် ပိုကောင်းလာသလို ခံစားရသည်။
ကားလို့စ်က ထိုနေရာ၌ သူ့ကို စောင့်နေဆဲပင်။
ထိုယောက်ျား၏ ရင့်ကျက်ပြီး ကြော့ရှင်းသော မျက်နှာက မီးရောင်မှိန်မှိန်အောက်တွင် နူးညံ့သည့်ပုံပေါက်နေ၏။ ကားလို့စ်ထံတွင် ဘယ်သောအခါမှ ပြောင်းလဲသွားလိမ့်မည် မဟုတ်သော အေးဆေးတည်ငြိမ်သည့် အကြည့်ကို ပိုင်ဆိုင်ထားခြင်းကြောင့် လူအများက ထိုသူ၏အတွေးများကို မြင်အောင်ကြည့်ရန်မှာ မဖြစ်နိုင်ပေ။
ကျီလင်က အိမ်ပြန်ချင်ကြောင်း ပြောတော့မည့်ဆဲဆဲ၌ ကားလို့စ်က သူ့အား ပြုံးပြီး နူးညံ့စွာ ငေးကြည့်နေသည်ကို မြင်လိုက်ရသည်။
"တကယ်တော့ ကိုယ့်မှာ မင်းကို ပြောချင်တာလေးရှိလို့ ကိုယ် ဒီနေ့ အပြင်ထွက်ဖို့ မင်းကို တောင်းဆိုလိုက်တာ…"
ကျီလင် ခေတ္တမျှ ထိတ်လန့်သွားပြီး ပြောလိုက်သည်။
"ဘာပြောစရာရှိလို့လဲ…"
ကားလို့စ်က အပြုံးတစ်ပွင့်ကို ဆင်မြန်းထားပြီး တိုးလျကာ နှစ်သက်ဖွယ်ကောင်းသည့် အသံနှင့် ပြောလာသည်။
"ကိုယ် မင်းကို ဘယ်လောက် ဂရုစိုက်တယ်ဆိုတဲ့အကြောင်း လူတိုင်းကို ပြဖို့အတွက် မင်းအတွက် ခမ်းနားကြီးကျယ်တဲ့ စေ့စပ်ပွဲအခမ်းအနားတစ်ခုကို ကျင်းပပေးချင်တယ်…"
ကျီလင် ထိုစကားကို ကြားလိုက်သည်နှင့် ပေါက်ကွဲလုမတတ် ဖြစ်သွားရသည်။ အပေးအယူအတွက် ဤစေ့စပ်ပွဲကို သဘောတူလိုက်ခြင်းကပင် သူ့အတွက် အလွန်ခက်ခဲနေပြီဖြစ်၏။ ယခုအခါ ကားလို့စ်က ဤ ကျီ-အဖြောင့်လေး-လင်ကို အမျိုးသားနှစ်ယောက်အတွက် ကျင်းပသော ကြီးကျယ်ခမ်းနားသည့် စေ့စပ်ပွဲ အခမ်းအနား၌ ပါဝင်ဆင်နွှဲခိုင်းနေပေသည်။ လူအားလုံး၏ ဝန်းရံခံရခြင်းက အလွန်ရှက်စရာကောင်းလှ၏။ သူ ကားလို့စ်အား ဤအကြံအစည်ကို မေ့ပစ်စေချင်သည်။
ကျီလင်က တောင့်တင်းလှသော အသံဖြင့် ပြောလိုက်သည်။
"မ- မလိုပါဘူး... ဘာပဲဖြစ်ဖြစ် ဒါက အတုအယောင် ဆက်ဆံရေးတစ်ခုပဲလေ... ဒီလိုမျိုး အခမ်းအနားမျိုးအတွက်နဲ့ ဘာလို့ စိတ်အနှောင့်အယှက် အဖြစ်ခံမှာလဲ…"
သို့သော် ဤတစ်ကြိမ်၌ ကားလို့စ်က သဘောမတူခဲ့ပေ။ ထိုအစား ကိုယ်ကိုငုံ့ပြီး ကျီလင်၏မျက်လုံးများကို စိုက်ကြည့်လာလေသည်။ ထိုအညိုရောင် မျက်လုံးများက အမှောင်ထုနှင့် ရှုပ်ထွေးမှုများဖြင့် ရောယှက်နေသည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလာသည်။
"အဲလိုဆိုရင်တောင် ကိုယ်က ဘယ်လိုလုပ် မင်းအပေါ် မတရားဆက်ဆံရမှာလဲ... နောက်ပြီး လူတွေက မင်းအပေါ် ကိုယ်က မရိုးသားဘူးလို့ ပြစ်တင်စွပ်စွဲလာလိမ့်မယ်... ကိုယ်က မင်းအတွက် စေ့စပ်ပွဲအခမ်းအနားလေးတောင် မလုပ်ပေးချင်ဘူးလို့ သူတို့က ပြောကြလိမ့်မယ်..."
ကျီလင် ငြင်းဆန်တော့မည့် အချိန်တွင် ကားလို့စ်က ရုတ်တရက် သူ့လက်ချောင်းကို မြှောက်ကာ သူ့နှုတ်ခမ်းများပေါ်သို့ ညင်သာစွာ ဖိလိုက်သည်။
"ကိုယ်တို့ မလုပ်ဘူးဆိုရင် ကစားနေတာလို့ပဲ ဧကရာဇ်က မြင်သွားလိမ့်မယ်... နောက်ပြီး သူက အခုထိ မင်းကို လက်မလွှတ်သေးဘူးနော်... နားလည်လား…"
×××××
ကျီလင်မှာ တွေဝေစွာဖြင့် အိမ်သို့ပြန်လာခဲ့သည်။
'အိုး ကားလို့စ်နဲ့ စေ့စပ်ပွဲကျင်းပဖို့ ငါ ဘာလို့ သဘောတူခဲ့တာလဲ…'
'စကားမစပ် အဘိုးကြီးက ပြောတယ်... သူတို့သာ စေ့စပ်ပွဲ အခမ်းအနား မကျင်းပရင် သူတို့က လှည့်စားနေတာလို့ ကျင်းဆွေ့က သိသွားပြီး သူ့ကို ဆက်နှောင့်ယှက်လိမ့်မယ်တယ်တဲ့...'
ကျီလင် အိမ်ပြန်ရောက်ပြီး အင်တာနက် ဖွင့်လိုက်ချိန်တွင် ကျင်းဆွေ့၊ ကားလို့စ်နှင့် သူ၏သုံးပွင့်ဆိုင် အချစ်ရေးအကြောင်း ပတ်သက်ပြီး ကောလဟာလများ ရှိနေဆဲပင်။ အင်တာနက်သုံးစွဲသူများက နေ့တိုင်း ငြင်းခုံနေကြပြီး တစ်ဖက်သတ်ပြောဆိုနေကြသည်။ ကျီလင်မှာ ပြောပစ်လိုက်ချင်လှသည်။
'ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးကြပါတော့... သူတို့ထဲက တစ်ယောက်ကိုမှ မလိုချင်ဘူး... တကယ်ပြောတာ'
သို့သော် သူ ဘာကိုမှ မပြောနိုင်ခဲ့ပေ။
သူ့မျက်နှာမှာ ပြုံးနေစရာ မလိုခြင်းက ကောင်းပေ၏။
ဇာတ်ကြောင်းမှာ မြင်းရိုင်းတစ်ကောင်ကဲ့သို့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်ကို ကြည့်ကာ ကျီလင်က ဇာတ်ကြောင်းကို ပြန်လည်တည့်မတ်နိုင်ဦးမည်လား မသိပေ။ ထို့ကြောင့် ပထမဦးဆုံး သူ့ကိုယ်သူ ကယ်တင်ရပေမည်။
'ဒီအခြေအနေထိတောင် ရောက်နေပြီပဲ... ငါတို့က စည်းမျဥ်းစည်းကမ်းတွေကို ဘာကြောင့် လိုက်နာနေသင့်တာလဲ... ဒါက စေ့စပ်ပွဲတစ်ခုပဲ မဟုတ်လား... တကယ် လက်ထပ်လိုက်တာလည်း မဟုတ်ဘူး... ကျင်းဆွေ့ စောစောစီးစီး လက်လျှော့သွားစေဖို့အတွက် ပြဇာတ်တစ်ခုသာသာပဲ... နောက်ပြီး နဉ်ယွီက ကျင်းဆွေ့ကို နည်းနည်း စိတ်၀င်စားနေတုန်းပဲ... သူက ကျင်းဆွေ့ကို နာကျင်သွားအောင် လုပ်လိုက်ရင် ကျင်းဆွေ့က နဉ်ယွီ့ကို ပြန်စဉ်းစားပေးလိမ့်မယ်... နောက်ပြီး သူတို့ရဲ့ ဆက်ဆံရေးဟောင်းကို ပြန်လည်ထူထောင်ကြမယ်ပေါ့…'
ထိုသို့တွေးတောရင်း ကျီလင်က တွန့်ဆုတ်စွာဖြင့် သူကိုယ့်သူ အားပေးလိုက်သည်။
'ငါ့မစ်ရှင်အတွက် မျှော်လင့်ချက်ငွေချည်တန်းလေး ရှိနေတုန်းပဲ... ကောင်းတယ် နဉ်ယွီကော... အခုကစပြီး မင်းအပေါ်မှာပဲ မူတည်တော့တယ်'
စနစ်က သူ၏ပိုင်ရှင်မှာ တွေဝေစိတ်ရှုပ်ထွေးနေရာမှ ပြန်လည်တည်ငြိမ်သက်သွားသည်ကို အံသြစွာ ကြည့်နေခဲ့သည်။ ထို့နောက် သူ၏ပိုင်ရှင်အတွက်လည်း အမှန်တကယ် မလွယ်ကူကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ထို့ကြောင့် စနစ်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
[နဉ်ယွီက ကျင်းဆွေ့ကို သဘောကျနေမယ်လို့ ငါ ထင်တယ်... ကံကောင်းပါစေ... မင်းလုပ်နိုင်ပါတယ်…]
ပထမဆုံး အကြိမ်အဖြစ် စနစ်က စကားပြော အလွန်ကောင်းမွန်ကြောင်း ကျီလင် ခံစားလိုက်ရပြီး နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲပင် ပြုံးပြလိုက်သည်။
[အကြံဥာဏ်ကောင်းအတွက် ကျေးဇူးပါပဲ... အကြံဉာဏ်ကောင်းအတွက် ကျေးဇူးပါပဲ…]
………………
သုံးရက်အကြာတွင် စေ့စပ်ပွဲအခမ်းအနားကို မြို့စားကြီးကားလို့စ်၏ အိမ်တော်၌ ကျင်းပရန် စီစဉ်ထားသည်။ ထိုအချိန်တွင် အင်ပါယာ၏ အထက်ပိုင်းအဆင့် နာမည်ကြီးများနှင့် အထက်တန်းလွှာများအားလုံး တက်ရောက်ကြမည်ဖြစ်သည်။ ကားလို့စ်က ဧကရာဇ်ကိုပင် ဖိတ်ကြားခဲ့သည်။
ဒါက အရှက်မရှိတဲ့ အင်အားပြပွဲပဲ... အားးး…
သူတို့နှစ်ဦးမှာ အပေါ်ယံတွင် ငြိမ်ချမ်းနေပုံရသော်လည်း တကယ်တမ်း၌ အမှောင်ယံ ရေစီးကြောင်းက တဟုန်ထိုး မြင့်တက်လာနေပေသည်။ အားလုံးက အခြေအနေကို တုန်လှုပ်စွာ စောင့်ကြည့်နေကြသည်။
မျက်စိတစ်မှိတ်အတွင်း အချိန်သုံးရက် ကုန်ဆုံးသွား၏။
စေ့စပ်ပွဲအခမ်းအနား ကျင်းပသည့် မနက်ခင်းတွင် မဒမ်မာရီနာက သားဖြစ်သူအား ကူညီပြီး ၀တ်စားဆင်ယင်ပေးရန် စောစောထခဲ့သည်။ ယခင်က သူမမှာ ဆန္ဒမရှိသော်လည်း ကားလို့စ်က အမှန်တကယ် အလွန်စိတ်ရင်းမှန်ဖြင့် သူမ၏သားဖြစ်သူအပေါ် ချစ်မြတ်နိုးခဲ့သည်။ သူတို့မိဘနှစ်ဦးက သူတို့သား၏ဆန္ဒကို ဦးစွာလိုက်နာပြီး နောက်တစ်ဆင့်ပြီးတစ်ဆင့် ဘာဆက်ဖြစ်မည်ကိုသာ ကြည့်နိုင်ကြသည်။
ယနေ့တွင် ကျီလင်က အင်္ကျီလက်ပေါ်တွင် ရွှေရောင် အနားသတ်များပါရှိသော နေဗီပြာရောင် ကတ္တီပါအ၀တ်အစားများကို ၀တ်ဆင်ထား၍ သူ့ကို နူးညံ့ပြီး လှပတင့်တယ်စေသည်။ မိုးပြာရောင် မျက်လုံးများ၊ လှပချောမောသော သူ့မျက်နှာနှင့် လိုက်ဖက်နေပြီး လူအများက သူတို့၏မျက်လုံးများကို သူ့ထံမှ မခွာနိုင်သည်အထိ ဖမ်းစားနိုင်ပေသည်။
မဒမ်မာရီနာက သူမသား၏လက်ကို ကိုင်ကာ မျက်လုံးထဲရှိ မျက်ရည်စများနှင့်အတူ တွန့်ဆုတ်စွာ ပြောလိုက်သည်။
"ကလေးလေး... မေမေ မင်းကို ခွင့်မပြုနိုင်ဘူး…"
ကျီလင်: "...မေမေ ဒါက စေ့စပ်ပွဲတစ်ခုပါပဲ…"
ကျွန်တော့်မှာ လက်ထပ်ဖို့ လုံးဝ အစီအစဉ်မရှိဘူး...
သို့သော်လည်း မဒမ်မာရီနာမှာ စိုးရိမ်နေဆဲပင်။
'ကားလို့စ်က ငါ့သားလေးကို အချစ်စစ်တစ်ခုလို အရမ်းမြတ်နိုးပါတယ်... အခု သူက ငါ့သားလေးကို သူ့အပေါ် ချစ်လာအောင် သိမ်းသွင်းထားပြီးပြီလေ... ဒီအိမ်ထောင်ရေးက ဖြစ်မလာနိုင်ဘူးလို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ…'
သို့သော် စက္ကန့်ပိုင်းမျှ စဉ်းစားကြည့်မိသည်။
'ကားလို့စ်သာ စိတ်ရင်းမှန်ပြီး ငါ့သားလေးအပေါ် အမြဲကောင်းပေးနေနိုင်ရင် ဘာပြဿနာများ ရှိသေးလို့လဲ…'
✨✨✨