Chapter 71
Viewers 15k

✨ Chapter 71



မြို့စားကြီးကျီထင်နှင့် မဒမ်မာရီနာတို့က ဧည့်ခန်းထဲတွင် ထိုင်နေကြပြီး သူတို့ရှေ့မှ ရင့်ကျက်ပြီး ခံ့ညားကာ ကျက်သရေရှိလှသော သက်လတ်ပိုင်း အမျိုးသားကို ကြည့်နေကြသည်။ ဤအတောအတွင်း အဖြစ်အပျက်များကို အမှတ်ရပြီး သူတို့၏ အမူအရာများက အထူးသဖြင့် မဒမ်မာရီနာမှာ အနည်းငယ် အဆင်မပြေလှပေ။ သူမ၏မျက်လုံးများထဲတွင် ရန်လိုသည့် အရိပ်အယောင်များလည်း ရှိနေသည်။


သို့သော် မြို့စားကြီးကားလို့စ်နှင့် ရင်ဆိုင်ရချိန်တွင် မကျေနပ်မှုများကို ဘေးဖယ်ထားပြီး သူတို့က ယဉ်ကျေးဟန်ဆောင်ရပေမည်။


မြို့စားကြီးကျီထင်က ခဏမျှ နှုတ်ဆိတ်နေပြီးနောက် ပြောလာသည်။

"မြို့စားကြီးကားလို့စ် မင်းရဲ့ ရည်ရွယ်ချက်တွေက ငါ့အတွက် ရှင်းပါတယ်... ဒါပေမဲ့ မင်းရဲ့ တောင်းဆိုမှုကို မဖြည့်ဆည်းပေးနိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါ…"


မဒမ်မာရီနာကလည်း မပြုံးချင်ပြုံးချင်နှင့် ပြုံးပြလိုက်သည်။

"ရှောင်လင်က ခေါင်းမာပြီး ထက်မြက်မှုမရှိတဲ့ ကလေးတစ်ယောက်ပါ... ရှင် သူ့ကို သဘောကျပေးတာက သူ့အတွက်တော့ ဂုဏ်ယူစရာပါပဲ... ဒါပေမဲ့ သူ ရှင့်ရဲ့ဇနီးဖြစ်ဖို့ မသင့်တော်မှာကို ကျွန်မ စိုးရိမ်မိတယ်... ကျေးဇူးပြုပြီး နားလည်ပေးပါ…"


ဟာသပဲ...


ငါတို့ရဲ့ တစ်ဦးတည်းသော အဖိုးတန်သားလေးကို ဒီလိုမျိုးအကြံအစည်ကြီးတဲ့ မြို့စားကြီးကားလို့စ်နဲ့ ဘယ်လိုလုပ် လက်ထပ်ခွင့်ပြုနိုင်မှာလဲ...


သူတို့က အနှီလူ ကားလို့စ်ကို ကျီလင့်ထက် ပိုနားလည်ပေသည်။ ဤလူ၏ လျစ်လျူရှုမှုနှင့် ကြောက်စရာကောင်းသည့် အကျင့်စရိုက်ကို သူတို့က ပိုသိပေ၏။ ကျီလင်က သူ့ကို အမှန်တကယ် လက်ထပ်လိုက်လျှင် ထိုသူ၏လက်ဖဝါးထဲမှာပင် ကစားခံရပေလိမ့်မည်။ အရေးကြီးဆုံးအချက်မှာကား... ကားလို့စ်က ကျီလင့်အား အမှန်တကယ် သဘောကျသည်ဟု သူတို့ မထင်မိပေ။

သူ ဒါကို တောင်းဆိုတာက ဧကရာဇ်နဲ့အတူ ကစားမဲ့ဂိမ်းတစ်ခု ဖြစ်နေမှာကို စိုးရိမ်မိတယ်... သူ့ရဲ့ တကယ့်ရည်ရွယ်ချက်က ကျီမိသားစုကို တိုက်ပွဲထဲ ဆွဲသွင်းဖို့ပဲဖြစ်လိမ့်မယ်...


ဘယ်လိုပဲဖြစ်ဖြစ် ငါတို့သားကို ကားလို့စ်နဲ့ မပေးစားနိုင်ဘူး...


ထိုလူ၏ လှုံ့ဆော်မှုကြောင့်သာ မဟုတ်ပါက သူမ၏သားက ယခုအချိန်တွင် ဧကရာဇ်နှင့် အတူရှိနေပေလိမ့်မည်။ သားဖြစ်သူ၏ စိတ်ဓာတ်ကျနေမှုကို တွေးမိသွားပြီး မဒမ်မာရီနာ၏ နှလုံးသားမှာ စိတ်မချမ်းမသာ ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူမက အပြင်ပန်း၌ ကားလို့စ်အပေါ် ဒေါသမထွက်နိုင်ဘဲ အတွင်းစိတ်ထဲတွင်သာ ဖုံးဖိထားနိုင်ခဲ့သည်။ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ကို အတင်းဆင်မြန်းထားဆဲပင်။


ကားလို့စ်က သတိကြီးစွာထားနေသော ကျီဇနီးမောင်နှံကို ကြည့်ကာ ခံ့ညားပြီး ပြီးပြည့်စုံသော အပြုံးကို ဖော်ပြလိုက်သည်။

"ဒီအိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မင်းတို့ရဲ့စိုးရိမ်မှုကို ငါ နားလည်နိုင်တယ်... ဒါပေမဲ့ ဒီနေ့ ငါ ဒီကို ရောက်လာတာတဲ့ အကြောင်းအရင်းက အရမ်းကိုရိုးသားပါတယ်... ငါ ကျီလင်နဲ့ လက်ထပ်ဖို့အတွက် စိတ်ရင်းမှန်နဲ့ တောင်းဆိုတာပါ... နောက်ပြီး သူ့ကို အမြဲတမ်း ချစ်မြတ်နိုးပါ့မယ်လို့ ကတိပေးတယ်... ငါ သူ့ကိုသာ လက်ထပ်ခွင့်ရခဲ့ရင် ကားလို့စ်မိသားစုရဲ့ ချမ်းသာကြွယ်ဝမှု တစ်ဝက်ကို သူ့အတွက် တင်တောင်းငွေအဖြစ် ပေးချင်ပါတယ်…"


ထိုစကားများကြောင့် မြို့စားကြီးကျီထင်နှင့် မဒမ်မာရီနာ နှစ်ယောက်စလုံးမှာ ကားလို့စ်ကို အထိတ်တလန့် ကြည့်မိကြသည်။

သူ မရူးသေးဘူးမလား... ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ...


ကားလို့စ်မိသားစုသည်ကား အလွန်ကြီးမားပြီး အင်ပါယာတစ်ဝှမ်းရှိ စက်မှုလုပ်ငန်းများ အပါအ၀င် ကာလရှည်ကြာ သမိုင်းစဉ်ဆက်ကြီးမားခဲ့သော မိသားစုတစ်စုဖြစ်သည်။ သူတို့က အင်ပါယာ၏ စီးပွားရေး အသက်သွေးကြောများကို သက်ရောက်စေနိုင်သည်အထိပင် အလွန်အင်အားကြီးမားလွန်းလှ၏။ မိသားစု၏ ပိုင်ဆိုင်မှုတစ်ဝက်သည်ပင် အလွန်ကြီးမားလွန်းသဖြင့် တွက်ချက်၍ပင်မရနိုင်ပေ။ ကားလို့စ်က ထိုကဲ့သို့ကတိများကို ပေးဝံ့သည့်အတွက် ကျီမိသားစုကို ကလေးကစားစရာအဖြစ် သတ်မှတ်ထားသည်မှာ မဖြစ်နိုင်ပေ။ ရိုးသားသည်ဖြစ်စေ၊ မရိုးသားသည်ဖြစ်စေ ကားလို့စ်က သူတို့၏သားကို ကောင်းကောင်းမွန်မွန် ဆက်ဆံမည်မှာ သေချာပေါက်ပင်။


ဒါပေမဲ့ ဒါက အံ့သြစရာကောင်းလွန်းတယ်... အဲလောက်ထိ လိုအပ်လို့လား...


အင်ပါယာ အထက်တန်းလွှာများက အမြဲတမ်း အတွေးအခေါ်အသစ်များကို လက်ခံနိုင်ပြီး အယူအစွဲ မရှိကြပေ။ လက်ထပ်ပြီးနောက် ချစ်သူထားရှိခြင်း သို့မဟုတ် ကွာရှင်းပြတ်စဲခြင်းကိစ္စမှာ သာမာန်ပင်။ အချို့လူများက တစ်ယောက်နှင့် တစ်ယောက် ကစားရုံမျှသာ ကစားကြပြီး ၎င်းမှာ ကြီးကြီးမားမားကိစ္စ မဟုတ်ပေ။ သူတို့မှာ ကားလို့စ်က ကျီလင့်အား အခွင့်ကောင်းယူမည်ကို စိတ်ပူရုံသာမက နောင်အနာဂတ်၌ ကားလို့စ်တွင် အခြားတစ်ယောက် ရှိလာမည်ကိုလည်း စိုးရိမ်မိသည်။ သူတို့နှစ်ဦးက စိတ်ပိုင်းဆိုင်ရာ သဘောထားကွဲလွဲမှုများ ရှိလျှင် လမ်းခွဲနိုင်သော်လည်း ကားလို့စ်က ဤကဲ့သို့ကတိကဝတ်ပြုလာမည်ဟု ဘယ်သောအခါကမှ မထင်ထားခဲ့ပေ။


ထိုအခိုက်အတန့်၌ ကျီဇနီးမောင်နှံက အနည်းငယ် တွေဝေသွားကြသည်။

ကားလို့စ်က ရိုးရှင်းပြီး မိုက်ရူးရဲဆန်တဲ့ ငါတို့ရဲ့ သားလေးကို အမှန်တကယ် ချစ်မိသွားတာ ဖြစ်နိုင်လောက်လား...


ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...


မြို့စားကြီးကျီထင် ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ သူက ကားလို့စ်၏ ရိုးသားမှုကို အနည်းငယ် စတင်ယုံကြည်လာသော်လည်း စွန့်စားရန် မလိုလားဆဲပင်။ ကျီထင်က အရုပ်ဆိုးစွာ ပြုံးပြလိုက်သည်။

"မင်းရဲ့ ရိုးသားမှုကို ငါတို့ သိပါတယ်... ဒါပေမဲ့ ရှောင်လင်ရဲ့ ခေါင်းမာတဲ့စရိုက်က မင်းနဲ့ မသင့်တော်မှာကို စိုးရိမ်မိတယ်... ဒီအတွက် မလို..."


ကားလို့စ် အနည်းငယ်မျှ ပြုံးကာ ပြောလိုက်သည်။

"အဲဒီစရိုက်ကိုပဲ ငါ သဘောကျတာ... ဒါကြောင့် အရင်အတိုင်းပဲ သူနဲ့ပတ်သက်တဲ့ အရာအားလုံးကို ငါ သည်းခံနိုင်တယ်... သူနဲ့ငါ့ရဲ့ အိမ်ထောင်ရေးက တခြားဘာနဲ့မှ မသက်ဆိုင်ဘူးဆိုတာကိုလည်း ငါ အာမခံပေးနိုင်တယ်——"


ကားလို့စ်က ကျီဇနီးမောင်နှံ၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။ စကားများကို ဖြည်းညင်းစွာ ပြောလိုက်သော်လည်း ကားလို့စ်၏ မျက်လုံးများက နက်ရှိုင်းကာ စူးရှနေသည်။

"အဲဒီအတွက်ကြောင့် ငါ ကျီမိသားစုဆီက ဘာကိုမှ တောင်းဆိုမှာ မဟုတ်ဘူး…"


ဆိုလိုသည့်အဓိပ္ပါယ်သည်ကား ကားလို့စ်က ကျီလင်တစ်ဦးတည်းကိုသာ အလိုရှိခြင်းပင်။ သူနှင့် ဧကရာဇ်ကြား တိုက်ပွဲတွင် ကျီမိသားစုကို ဆွဲချမည် မဟုတ်ကြောင်း ကတိပြုခဲ့သည်။


သူတို့ စိတ်ပူနေသည့်ကိစ္စကို ကားလို့စ် နားလည်ပေ၏။


မြို့စားကြီးကျီထင်က နောက်တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ ဤတစ်ကြိမ်၌ မဒမ်မာရီနာလည်း နှုတ်ဆိတ်သွား၏။ ကားလို့စ်က သူတို့ စိတ်ပူသမျှကိစ္စအားလုံးကို လွယ်လွယ်ကူကူ ဖြေရှင်းသွားသဖြင့် ငြင်းဆန်ရန် အကြောင်းပြချက်ကို ရှာ၍မရတော့ပေ။


သူတို့ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြသည်။ ဤအခြေအနေအထိ ဖြစ်လာလိမ့်မည်ဟု သူတို့နှစ်ဦးစလုံး ထင်မထားခဲ့ကြပေ။ ကားလို့စ်က ကျီလင့်အား လက်ထပ်ရန် ဤကဲ့သို့သောခြေလှမ်းကို အမှန်တကယ် လှမ်းနိုင်ခဲ့သည်။ ၎င်းက သူတို့၏ မျှော်လင့်ချက်များထက် လုံးဝကျော်လွန်သွားပေသည်။ မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့လူမျိုးက သူတို့၏သားနှင့် မသင့်လျော်ဟု ခံစားနေရဆဲပင်။


မဒမ်မာရီနာက အံကြိတ်ကာ ပြောလိုက်သည်။

"ရှောင်လင့်ကို ချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ရှင့်ရဲ့ရိုးသားမှုကိုလည်း ကျွန်မတို့ ယုံကြည်ပါတယ်... ဒါပေမဲ့ အိမ်ထောင်ရေးလို ကိစ္စမျိုးအတွက် အရေးကြီးဆုံးအရာက ကလေးရဲ့ နှလုံးသားပါပဲ... အဲဒါကြောင့် တောင်းပန်ပါတယ်——"


ထိုအချိန်တွင် ဘေးဘက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

"ကျွန်တော်လည်း ဆန္ဒရှိပါတယ်…"


မဒမ်မာရီနာက စိတ်ပျက်လက်ပျက်ဖြင့် မော့ကြည့်လိုက်ချိန်တွင် အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားသည့် ကျီလင်ကို တွေ့လိုက်ရသည်။ သူ၏ ပျော့ပျောင်းသော ရွှေရောင်ဆံပင်များက သူ့နဖူးပေါ်သို့ မသေမသပ် ဝဲကျနေကာ ပြုံးပြနေပေ၏။


ကျီလင်က ရပ်နေသည့်နေရာမှ လျှောက်လာသည်။


ကျီလင်က ရှေ့သို့ဆက်လျှောက်လာသည်။ ကားလို့စ်က အလွန်အမင်း လှပပြီး လက်ရာမြောက်လှသော ကျီလင်၏ မျက်နှာကို မျှော်ကြည့်လိုက်သည်။ သို့သော် သူ၏ မျက်လုံးပြာပြာများမှာ လျစ်လျူရှုဟန်ဖြင့် တည်ငြိမ်နေ၏။


ကျီလင် တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာပြီး သူ့မျက်လုံးများက ကားလို့စ်အပေါ် မသိမသာ ဖြတ်ပြေးသွားသည်။ သူက နှုတ်ခမ်းများကို အနည်းငယ် ဖွင့်ဟပြီး သူ့အဖေနှင့်အမေကို ဖြည်းဖြည်းနှင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ကျွန်တော် အန်ကယ်ကားလို့စ်နဲ့ လက်ထပ်မယ်…"


မြို့စားကြီးကျီထင်နှင့် မဒမ်မာရီနာတို့မှာ ထိတ်လန့်သွားကြသည်။

ငါတို့ရဲ့သားလေးက အမြဲတမ်း ဧကရာဇ်ကိုပဲ သဘောကျတာ မဟုတ်ဘူးလား... အရင်က နားလည်မှုလွဲတာတွေနဲ့ စိတ်ညစ်စရာတွေ ရှိခဲ့ရင်တောင် အဲဒါတွေကြောင့် သူက ကားလို့စ်ကို သဘောကျသွားမှာ မဟုတ်လောက်ပါဘူး...


ကျီလင်က ကားလို့စ်ကို လူကြီးတစ်ဦးအဖြစ် ဆက်ဆံခဲ့ကြောင်း သူတို့ ကောင်းကောင်း သိပေသည်။


မဒမ်မာရီနာက သူမသား၏လက်ကို ကိုင်လိုက်ပြီး အသံကိုတိုးကာ ပြောလိုက်သည်။

"ရှောင်လင် သား ဘာတွေပြောနေတာလဲ... သားက ဧကရာဇ်ကိုပဲ အမြဲတမ်း သဘောကျခဲ့တာ မဟုတ်ဘူးလား…"


ကျီလင်က ပြုံးပြီး ပြောလိုက်သည်။

"ကျွန်တော် အခု သူ့ကို သဘောမကျတော့ဘူး…"


မဒမ်မာရီနာက ကျီလင့်ကို ဖျောင်းဖျချင်နေဆဲပင်။

"ဒါပေမဲ့..."


ကျီလင်က သူမ စကားပြောနေသည်ကို ဖြတ်ပြောလိုက်သည်။

"ကျွန်တော် အရင်က ဧကရာဇ်ကို သဘောကျခဲ့တယ်... ဒါပေမဲ့ သူ့တစ်ယောက်တည်းကိုပဲ တစ်ချိန်လုံး သဘောကျရမယ်လို့ ဘယ်သူက ပြောလဲ... တခြားတစ်ယောက်ကိုရော သဘောကျလို့ မရဘူးလား…"


မြို့စားကြီးကျီထင်လည်း မပြောဘဲမနေနိုင်တော့ပေ။

"ဒေါသကြောင့် စကားကို လက်လွတ်စပယ် မပြောနဲ့…"


ကျီလင်က ဇွဲကောင်းနေပေသည်။

"ဒေါသထွက်လို့ ပြောနေတာမဟုတ်ဘူး... ကျွန်တော် အလေးအနက် ပြောနေတာ... ကျွန်တော် ဧကရာဇ်ကို သဘောကျခဲ့ဖူးတယ်... အဲဒါက သူ့ထက် ပိုတော်ပြီး လေးစားအားကျစရာကောင်းတဲ့သူကို မသိခဲ့လို့... အခု ကျွန်တော် အရွယ်ရောက်လာပြီ... တကယ် သဘောကျတဲ့အရာက ဘာလဲဆိုတာကို သိလာပြီ... အန်ကယ်ကားလို့စ်က ကျွန်တော့်အပေါ်ဆို အမြဲတမ်း ကောင်းပေးတယ်... အဲဒါကြောင့် ကျွန်တော် သူ့ကို သဘောကျပြီး သူ့ကို လက်ထပ်ဖို့ ဆန္ဒရှိတယ်... အဲဒါက မဖြစ်နိုင်ဘူးလား…"


မြို့စားကြီးကျီထင်၊ မဒမ်မာရီနာ: "..."


ကျီလင်က စကားတစ်ခွန်းပြီးတစ်ခွန်း ပြောလိုက်သည်။

"မေမေနဲ့ ဖေဖေ... သားကို မပျော်စေချင်ဘူးလား…"


ကျီဇနီးမောင်နှံမှာ ကျီလင်၏ စကားကြောင့် ဆွံ့အသွားပေသည်။ သူတို့က စိတ်ထဲမှ တွန့်ဆုတ်နေခဲ့ကြပြီး ကားလို့စ်အား မယုံကြည်နိုင်သေးပေ။ ကျီလင်က ကျင်းဆွေ့ကို ဒေါသထွက်ပြီး ကားလို့စ်ထံမှ နှစ်သိမ့်မှုကို ခံခဲ့ရခြင်းဟု ကြောင့် သူတို့ ထင်ခဲ့ကြသည်။ သို့သော် ကျီလင်က ထိုကဲ့သို့သော စကားမျိုးကို ကားလို့စ်၏ရှေ့မှောက်၌ ပြောခဲ့ပေသည်။


ငါတို့သာ ခွင့်ပြုမပေးရင် မန်ဒရင်းဘဲတွေကို ရိုက်တဲ့ လူဆိုးတွေဖြစ်သွားမှာ မဟုတ်ဘူးလား...


ကားလို့စ်သည်ကား—— သူတို့ အခန်းထဲမှ မောင်းထုတ်နိုင်သည့် ဖြစ်တည်မှု မဟုတ်ပေ။ 

အားး တကယ်ပါပဲ…


မဒမ်မာရီနာက စိတ်သောကရောက်နေပြီး စိတ်ကသိကအောက်ဖြစ်ကာ ကူကယ်ရာမဲ့သွား၏။ သူမ ကျီလင်ကို ဆွဲခေါ်သွားပြီး ပြင်းပြင်းထန်ထန် အပြစ်တင်လိုက်ချင်ပေသည်။ သို့သော် ကားလို့စ်က ထိုနေရာတွင် ထိုင်နေသည့်အတွက် ထိုကဲ့သို့ပြုလုပ်ရန် သူမ ဝန်ထုပ်ဝန်ပိုး ဖြစ်မိသည်။


မြို့စားကြီးကျီထင်၏ အမူအရာမှာလည်း တောင့်တင်းသွားပြီး ခေတ္တမျှ ဘာဆက်ပြောရမှန်း မသိတော့ပေ။


လေထုက ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရသဖြင့် ကားလို့စ်က မတ်တတ်ထရပ်လိုက်သည်။ မျက်လုံးများထဲရှိ နူးညံ့နှစ်သက်သော အကြည့်များနှင့်အတူ ကားလို့စ်က လက်ကို မြှောက်ပြီး ကျီလင်၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ ခေါင်းကို မော့ကာ မြို့စားကြီးကျီထင်နှင့် မဒမ်မာရီနာတို့နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် ပြုံးကာ ပြောလိုက်သည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းတို့ရဲ့ စိုးရိမ်မှုတွေကို ငါ နားလည်ပါတယ်... မင်းတို့ရဲ့ ခံစားချက်တွေကိုလည်း လုံးဝ နားလည်ပါတယ်... ဒါပေမဲ့ ကျီလင့်အပေါ်မှာထားတဲ့ ငါရဲ့ရိုးသားမှုကို သက်သေပြပေးမယ်... မင်းတို့ သူ့ကို ငါ့လက်ထဲမှာ စိတ်ချလက်ချ ထားခဲ့နိုင်ပါတယ်…"


ကိစ္စများက ဤအခြေအနေထိ ရောက်ရှိသွားသည်ကို ကြည့်ပြီး အချိန်အတော်ကြာပြီးနောက် မြို့စားကြီးကျီထင်က နောက်ဆုံးတွင် စိတ်ပိုင်းဖြတ်ထားသည့် အမူအရာကို ဖော်ပြလာသည်။ ထို့နောက် လေးနက်သည့်အသံနှင့် ပြောလိုက်သည်။

"မင်းရဲ့တောင်းဆိုမှုကို ငါသဘောတူနိုင်ပေမယ့် အခြေအနေတစ်ခုတော့ ရှိတယ်…"


ကားလို့စ်က မေးလိုက်သည်။

"ဘယ်လို အခြေအနေလဲ…"


မြို့စားကြီးကျီထင်က ဇနီးဖြစ်သူအား အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်ပြီး ကားလို့စ်အား ပြောလိုက်သည်။

"ကျီလင်က ငယ်သေးတယ်... ကိစ္စတွေကိုလည်း သေချာပေါက် စိတ်မြန်လက်မြန် လုပ်လိမ့်မယ်... အဲဒါကြောင့် အခုက စေ့စပ်ပွဲတစ်ခုလို့ပဲ သဘောထားဖို့ မျှော်လင့်ပါတယ်... တကယ့်လက်ထပ်ပွဲကို အခုကစပြီး တစ်နှစ်လောက်အကြာမှာ ကျင်းပကြတာပေါ့…"


ကောင်ငယ်လေးက ယခုအချိန်တွင် ကားလို့စ်နှင့် လက်ထပ်ရန် စိတ်အားထက်သန်စွာ သဘောတူသည်ဆိုလျှင်ပင် အချိန်တစ်နှစ်ဆိုသည်မှာ စိတ်တည်တည်ငြိမ်ငြိမ်နှင့် သူ အလိုရှိသည့်အရာကို အတိအကျရှာဖွေနိုင်ရန် လုံလောက်ပေသည်။ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် အချိန်နှောင်းမည်လည်း မဟုတ်ပေ။ ၎င်းက လူတိုင်းအတွက် ယာယီကြားကာလတစ်ခုပင် ဖြစ်ပေလိမ့်မည်။


တစ်နှစ်ကြာပြီးနောက် ကားလို့စ်က ကျီလင့်အတွက် လင်ထပ်ရန် သင့်တော်ပြီး ကျီလင်ကလည်း သူ့ကို လက်ထပ်ရန် ဆက်လက်တောင်းဆိုနေပါက သူတို့ လက်ထပ်ပွဲအတွက် သဘောတူရန် မေးခွန်းထုတ်လိမ့်မည် မဟုတ်ပေ။


မြို့စားကြီးကျီထင်က သူ့တောင်းဆိုချက်နှင့် ပတ်သက်၍ အလွန်အကျွံ ဖြစ်နေသည်ကို သိသော်လည်း သူ့ကလေး၏ အနာဂတ်အတွက် ထိုသို့လုပ်ဆောင်ရပေမည်။ နောင်မှ သူ့ကလေးက နောင်တရပြီး နာကျင်သွားမည်ကို မလိုချင်ပေ။


၎င်းကလည်း သူ ခွင့်ပြုပေးနိုင်သည့် နောက်ဆုံးစည်းပင်။


ကားလို့စ်က သူ့ကို ကြည့်လာပြီး မဆိုင်းမတွပင် ခေါင်းညိတ်လိုက်သည်။

"အဲဒီအခြေနေကို သဘောတူတယ်... အရာအားလုံးက ရှောင်လင်ရဲ့ဆန္ဒအတိုင်းပဲ... သူ ငါ့ကိုလက်ထပ်ဖို့ ဆန္ဒမရှိတော့တဲ့ တစ်နေ့ကျရင် အချိန်မရွေး ဒီစေ့စပ်ပွဲကို ဖျက်သိမ်းနိုင်တယ်... ငါ သေချာပေါက် အတင်းအကြပ် လုပ်မှာမဟုတ်ဘူး…"


ကားလို့စ်၏ စကားများကို ကြားလိုက်ရချိန်တွင် မြို့စားကြီးကျီထင်နှင့် မဒမ်မာရီနာတို့မှာ နောက်ဆုံး သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူတို့၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုအချို့ ရှိနေဆဲဖြစ်သော်လည်း အစပိုင်းကလောက်ထိ မဆိုးရွားတော့ပေ။


ငါတို့ရဲ့သားက ကားလို့စ်နဲ့ လက်ထပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် ငါတို့က ဘာလုပ်နိုင်မှာလဲ...

ကောင်ငယ်လေးက နောက်မကျမီ ခပ်မြန်မြန် အသိဝင်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မိပေသည်။


ကိစ္စများ ပြီးစီးသွားချိန်တွင် ကျီလင်က ပြောလိုက်သည်။

"မေမေနဲ့ ဖေဖေ၊ အန်ကယ်ကားလို့စ် ကျွန်တော် အရင်သွားနှင့်တော့မယ်…"


မြို့စားကြီးကျီထင်နှင့် မဒမ်မာရီနာတို့လည်း သူ့နောက်မှလိုက်လာကာ အပြင်သို့ ထွက်လာခဲ့ကြသည်။ အခြားမည်သူမျှ မရှိချိန်တွင် ကျီလင်က ရပ်တန့်လိုက်ပြီး တောင်းပန်မှုနှင့် ကျေးဇူးတင်မှုစသည့် စိတ်ခံစားချက်နှစ်မျိုး ရောယှက်နေသည့် အမူအရာဖြင့် ကားလို့စ်အား တိုးတိုးလေးပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်…"


ကားလို့စ်၏ နက်ရှိုင်းလှသော မျက်လုံးများက ကျီလင့်ကို ကြည့်ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။ ထို့နောက် ညှို့ငင်နိုင်စွမ်းရှိသည့် အသံနှင့်ပြောလာသည်။

"ကိုယ့်အပေါ် ဘာလို့ အဲလောက်တောင် ယဉ်ကျေးနေတာလဲ... ဒါက လက်ချောင်းလေးတစ်ချောင်း မ,ရုံလောက် လွယ်ကူတဲ့ကိစ္စလေးပဲ... မင်းက ကိုယ့်ဇနီးဖြစ်လာတော့မယ် ဆိုတဲ့အကြောင်းကို တစ်ကမ္ဘာလုံးသိအောင် ကိုယ် ပြောပစ်မယ်... ဒါမှ ဧကရာဇ်က မင်းကို ဒီ့ထက်ပိုပြီး မနှောက်ယှက်နိုင်တော့မှာ…"


ကျီလင်က ခေါင်းညိတ်ပြလိုက်သော်လည်း သူ့မျက်လုံးများက မှေးမှိန်နေခဲ့သည်။ သူက ဝမ်းနည်းမှုတွင် နှစ်မြုပ်နေပုံပေါက်ကာ အတင်းပြုံးပြလိုက်သည်။

"ဧကရာဇ်က လက်လျှော့သွားတဲ့အခါကျရင် ကျွန်တော်တို့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးပါ့မယ်... ဒီကြားထဲ ကျွန်တော် အန်ကယ့်ကို ဒုက္ခပေးမိပြီ…"


ကားလို့စ်က သက်ပြင်းချကာ ကျီလင်၏ခေါင်းကို ပွတ်သပ်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဒါက ပြဿနာ မဟုတ်ပါဘူး... ကိုယ်ကိုယ်တိုင် လုပ်ချင်တဲ့ကိစ္စပါ"


ကျီလင်က သူ၏ရှက်ကိုးရှက်ကန်း အမူအရာကြောင့် သေဆုံးသွားတော့မည်ဆဲဆဲပင်။ အစောကြီးကတည်းက ထွက်သွားချင်ခဲ့သော်လည်း ရှက်ရွံ့ဟန်ဆောင်ပြီး သူက မျက်လွှာများကိုချကာ ပြောလိုက်သည်။

"ကျွန်တော် အရင်ပြန်တော့မယ်... ဂွတ်ဘိုင် အန်ကယ်ကားလို့စ်…"


ကားလို့စ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး အလောတကြီး လှည့်ထွက်သွားသော ကောင်ငယ်လေး၏ ကျောပြင်ကို စိုက်ကြည့်နေခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်များက ဖြည်းဖြည်းချင်း ကော့တက်လာလေသည်။



✨✨✨