Chapter 70
Viewers 15k

✨ Chapter 70



ကျင်းဆွေ့၏အသံက သြရှကာ နာကျင်မှုများ ပြည့်နှက်နေခဲ့သည်။ ယခင်က တစ်ကြိမ်မှ မတွေ့ခဲ့ဖူးသော မောပန်းနွမ်းနယ်မှု အရိပ်အယောင်များ ရှိနေလေ၏။

"ဒါဆို မင်းကိုယ့်ကို ယုံကြည်ဖို့ ကိုယ်ဘာလုပ်ရမလဲဟင်..."


ကျီလင် တွေးလိုက်မိသည်။


ခင်ဗျား စိတ်အနှောင့်အယှက်ဖြစ်ပြီး အပင်ပန်းခံစရာ မလိုပါဘူး... ဒီကိစ္စက တကယ်ကို အရေးမကြီးတာပါ..

အရေးကြီးတဲ့အရာက ကျွန်တော် ခင်ဗျားကို လုံးဝ လက်မခံနိုင်ဘူးလို့ ...အာ ကျွန်တော်က အဖြောင့်တစ်ယောက်ဆိုတာကို မပြောနဲ့ဦး...တကယ်လို့ ကျွန်တော်ကွေးသွားရင်တောင်မှ အိမ်ပြန်ဖို့က ချစ်နေတာထက် ပိုအရေးကြီးတယ်ကွ...


သို့သော်ငြား ကျီလင်ကို အံ့အားသင့်သွားစေသည့်အရာမှာ ကျင်းဆွေ့က ဒေါသပင် မထွက်ခဲ့ပေ။ ယင်းက ကျီလင်အား အနည်းငယ် ရှက်ရွံ့သွားစေခဲ့သည်။ သူ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်မှ သက်ပြင်းချလိုက်သည်။

" ကျွန်တော့်ကို ထပ်ပြီး မလာရှာပါနဲ့တော့..."


ဤစကားများအပြင် ကျီလင် အခြားမည်သည့်စကားပြောရမည်ကို မသိပေ။


ကျင်းဆွေ့ ရုတ်တရက်ပင် ကျီလင်အားပွေ့ကာ သူ့ရှေ့ရှိ စားပွဲထက်သို့ တင်လိုက်ပြီး ကျီလင်၏မျက်နှာအား ကြည့်လိုက်သည်။ သူ၏ရွှေရောင်မျက်ဝန်းထဲတွင် နာကျင်မှုများရှိနေပြီး မျက်နှာအမူအရာက ရှုပ်ထွေးနက်နဲနေပေ၏။


ကျင်းဆွေ့၏လုပ်ရပ်များကြောင့် ကျီလင် တစ်ခဏမျှ အေးခဲသွားပြီး ဤရမ္မက်ဇောကပ်နေသည့် နတ်ဆိုးက ထပ်ပြီး တစ်စုံတစ်ရာလုပ်ရန် ကြံစည်နေသည်ဟု ထင်လိုက်သော်ငြား ကျင်းဆွေ့က မည်သည်မှ မလုပ်ခဲ့ချေ။ ထို့ကြောင့် သူ မတတ်နိုင်ဘဲ ကြက်သေသေသွားရသည်။


ကျင်းဆွေ့က သူ့လက်ဖဝါးအား ညင်သာစွာမြှောက်လိုက်ကာ ကျီလင်၏မျက်နှာအား လက်ခုပ်ထဲထည့်၍ ခါးသက်သက်လေသံဖြင့် ဖြေးညှင်းစွာ ပြောလိုက်သည်။ 


"ကိုယ့်ရဲ့ ဧကရီဖြစ်ပေးပါနော်..."


ကျီလင် : ???


ကျီလင်မှာ အလွန်အမင်း ထိတ်လန့်သွားရ၍ ကြောက်ရွံ့ရန်ပင် မေ့သွားခဲ့သည်။ 


ငါ အိပ်မက်မက်နေတာလား...ကားလို့စ်ဆီက လက်ထပ်ခွင့် တောင်းခံရပြီးတော့ အခု ကျင်းဆွေ့ဆီကပါ လက်ထပ်ခွင့် တောင်းခံရတာလား...ကြယ်တာရာကမ္ဘာကြီးက လူတွေက ဘာတွေမှားနေကြတာတုန်း...ဘာလို့ တစ်ယောက်လုပ်တာနဲ့ပတ်ပတ်လည်က လူတွေကပါ ကျပန်း လက်ထပ်ခွင့်တောင်းကြတာလဲ...


ခင်ဗျား ပိုပြီး သိုသိုသိပ်သိပ်လေး လုပ်လို့မရဘူးလား...ဧကရီဆိုတဲ့ ခေါင်းစဥ်က ဂေါ်ဖီထုပ်လားဟ...


ကျီလင်၏ ထိတ်လန့်ပြီး အရောင်ကင်းမဲ့သွားသည့် မျက်ဝန်းများကို ကျင်းဆွေ့ ကြည့်လိုက်သည်။ သူ့နှလုံးသားထဲမှ ဝမ်းနည်းမှုနှင့်ပူဆွေးမှုများက လျှံထွက်လာခဲ့သည်။ သူ မျက်ဝန်းများကို အချိန်အတော်ကြာအောင် မှိတ်ထားလိုက်ပြီး နက်ရှိုင်းပြီး ညင်သာလှသည့် မှတ်ဥာဏ်များက ပြန်ပေါ်လာခဲ့သည်။ သူ လည်ချောင်းသံဖြင့် ပြောလိုက်သည်။

"မင်း ငယ်ငယ်တုန်းက ကိုယ့်နောက်ကနေ တစ်ချိန်လုံး လိုက်ပြီး တစ်နေ့ကျ ကိုယ့်ရဲ့ဧကရီဖြစ်ချင်တယ်လို့ ပြောပြီးတောက်လျှောက်လိုက်ခဲ့တာ..."


၎င်းကို ကြားချိန်တွင် ကျီလင် တိတ်ဆိတ်သွားသသည်။


သူက မူလ 'ကျီလင်' မဟုတ်သည်ကို မေ့သွားလုနီးပါးပင်။ မူလ 'ကျီလင်' က ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်လောက်သည်။ သို့သော်ငြား ကံမကောင်းစွာဖြင့်သူက ဤနေရာတွင် မရှိတော့ပေ။


ကမ္ဘာပေါ်တွင် ထိုသို့သော ခေတ်ဟောင်းခွေးသွေးဒရာမာများ အများအပြားရှိသော်ငြား ၎င်းတို့က အမှန်ပင် ထင်သာမြင်သာရှိပေ၏။


လူများက အမြဲတမ်းပင် သူတို့ ဆုံးရှုံးလိုက်ရပြီးနောက်မှသာ မည်သို့တန်ဖိုးထားရမည်ကို သိကြပေသည်။


ကျင်းဆွေ့ ကျီလင်၏မျက်နှာအား သူ့လက်ခုပ်ထဲသို့ နူးနူးညံ့ညံ့လေး ထည့်လိုက်သည်။ အနားသို့တိုးကပ်လိုက်ပြီး ကျီလင်၏မျက်လွှာချထားသော မျက်ဝန်းလေးများပေါ် အနမ်းတစ်ပွင့်ကို ညင်ညင်သာသာ ချလိုက်သည်။ ထို့နောက် တည်ကြည်လေးနက်စွာ ကတိပေးလိုက်သည်။

"အခုကစပြီး ကိုယ့်ရဲ့နံဘေးမှာ ရပ်နိုင်မယ့် တစ်ဦးတည်းသောသူက မင်းပါပဲ...မင်းက တစ်ကမ္ဘာလုံးမှာ ဂုဏ်သိက္ခာအရှိဆုံး ရာထူးအမြင့်ဆုံးသူပဲ...ကိုယ့်တစ်ဘဝလုံးနဲ့ရင်းပြီး မင်းကိုကာကွယ်ပေးပါ့မယ်လို့ ကိုယ်ကျိန်ဆိုတယ်...အဲ့ဒါကြောင့်..."


သူ ပြောလိုက်သည်။

"ကိုယ့်ကိုကတိပေးပါကွာ ဟုတ်ပြီလား..."


ကျီလင်၏နှုတ်ခမ်းများ အနည်းငယ် တုန်လှုပ်သွားသည်။ ကျင်းဆွေ့၏မချိတင်ကဲ သောကရောက်နေသည့်မျက်နှာကို ကြည့်ပြီး ကျီလင် ရုတ်တရက်ကြီး အနည်းငယ် အဓိပ္ပါယ်မရှိသလို ခံစားလိုက်ရသည်။ 


'သူ အခုရင်ဆိုင်နေရတဲ့သူက သူ့ကိုထပ်ချစ်ဖို့ လိုအပ်နေတဲ့သူတစ်ယောက် မဟုတ်တော့ဘူး'ဆိုသည်ကို ကျင်းဆွေ့အား ပြောပြရန်ပင် ကျီလင်တွင် နည်းလမ်းမရှိချေ။


သူ ဤခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည် ဆိုသည်နှင့်ပင် သူမချစ်သည့်လူတစ်ယောက်အား ကျီလင် သူ့ဆန္ဒနှင့် ဆန့်ကျင်ပြီး လက်မခံနိုင်ပေ။


ယခုမူ ကျင်းဆွေ့က သူ့အားအမှန်တကယ် ချစ်မိနေပြီကို ကျီလင် အတော်ယုံကြည်သွားပြီ ဖြစ်သည်။


ထိုအချစ်က မည်သည့်နေရာက ရောက်လာပါစေ ကိစ္စမရှိပေ။ အနည်းဆုံး ကျင်းဆွေ့အတွက်...ထိုအချစ်က အမှန်ပင်။


ဤကဲ့သို့ ဆက်ဖြစ်နေလေလေ ကျီလင်က ဤဆက်ဆံရေးကို လက်မခံနိုင်လေလေ ဖြစ်နေသည်မှာတော့ နှမြောစရာပင်။


ကျင်းဆွေ့၏အချစ်က ကျီလင် လက်မခံချင်သည့်၊ လက်မခံရဲသည့် တစ်စုံတစ်ရာ ဖြစ်နေခဲ့သည်။ အတုအယောင် ဟန်ဆောင်ထားမှုများ ပြိုကျပျက်စီးသွားမည်ကို စောင့်နေသည်ထက် ယခုကတည်းက အေးစက်နေသည်က ပိုကောင်းပေသည်။ သူ ရှင်းရှင်းလင်းလင်း ရှင်းလိုက်ရန် လိုပေ၏။ ယင်းက လူတိုင်းအတွက် အကောင်းဆုံးပင်။


ကျီလင်၏မျက်ဝန်းများထဲမှ အကြည့်များက အေးစက်သွားသည်။ ဤအခိုက်အတန့်တွင် ကျီလင်က မကြုံစဖူး တည်ငြိမ်အေးဆေးနေကာ ပြောလိုက်သည်။

"ကျွန်တော် ကတိမပေးနိုင်ဘူး..."


ကျင်းဆွေ့၏မျက်ဝန်းများက နက်မှောင်သွားပြီး သူ၏ပါးလွှာသော နှုတ်ခမ်းများကို တင်းတင်းဖိထားလိုက်သည်။


ကျီလင် ရက်စက်စွာ ပြောလိုက်သည်။

"ကျွန်တော် ကောကို မကြိုက်တော့ဘူး..."


ကျင်းဆွေ့ ကျီလင်၏မျက်ဝန်းများထဲသို့ မြဲမြံစွာ စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

"ကိုယ်မယုံဘူး..."


ကျီလင် ပြောလိုက်သည်။

"ယုံချင်ယုံ မယုံချင်နေ...ကျွန်တော် ကောကို မကြိုက်တော့ဘူး...ထွက်သွားပါတော့ ကျွန်တော့်ဆီ ပြန်မလာနဲ့တော့..."


ကျင်းဆွေ့က ကျီလင်၏မျက်ဝန်းများထဲမှ လျစ်လျူရှု့မှုများကို ကြည့်ပြီး နှလုံးသားမဲ့လှသော စကားလုံးများကို နားထောင်နေခဲ့သည်။


အချိန်အတန်ကြာပြီးနောက် သူ့ကိုယ်သူ ပြုံးလိုက်သည်။

"တကယ်လား...မင်းကိုယ့်ကို မကြိုက်တော့တဲ့အတွက် အဲ့အစား ကိုယ်မင်းကို သဘောကျဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..."


ကျီလင် ပြောစရာစကားပင် ပျောက်ရှသွားရပြီး လေးလေးနက်နက် ပြောလိုက်သည်။

"ကျွန်တော် တကယ်အမှန်အတိုင်း ပြောနေတာ..."


သို့သောငြား ကျီလင်ပြောသည်ကို နားမလည်သည့်အလား ကျင်းဆွေ့က ပြောလိုက်သည်။

"ကိုယ်မင်းကို ထပ်ပြီး လိုက်ပိုးပန်းနိုင်တယ်...မင်းကိုယ့်ကိုလက်ခံဖို့ ဆန္ဒရှိတဲ့ နေ့အထိ ကိုယ်စောင့်နိုင်တယ်..."


ကျီလင် : "..."


ကျင်းဆွေ့၏ချောမောခံ့ညားသော မျက်နှာပေါ်တွင်သူ့ယခင်ပုံမှန် အမှုမထားတတ်သည့် အသွင်အပြင်သို့ ပြန်လည် ပြောင်းလဲသွားပြီးသားဖြစ်သည်။ သူ၏ရေခဲတမျှ အေးစက်နေသည့် ရွှေရောင်သူငယ်အိမ်များထဲတွင် မပြောင်းလဲသည့် ခြိမ်းခြောက်သောအကြည့်များဖြင့် ပြောလိုက်သည်။ 

"ကိုယ် မင်းကို သက်သေပြမယ်..."


ထိုသို့ပြောပြီးနောက် ကျီလင်အား နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ကာ လှည့်ထွက်သွားသည်။


ကျင်းဆွေ့ ယခင်က တစ်စုံတစ်ယောက်ကို ချစ်သည်ဆိုသည့် အဓိပ္ပါယ်ကို တစ်ခါမှ မသိခဲ့သလို တစ်စုံတစ်ယောက်ကိုလည်း တစ်ခါမှ မချစ်ဖူးခဲ့ပေ။ ယခုသိသွားပြီဖြစ်၍ ထပ်ပြီးလက်လွှတ်လိုက်ရန် မဖြစ်န်ိုင်ချေ။ လက်လျှော့သည် ဟူသည့်စကားလုံးက သူ့အဘိဓာန်တွင် မရှိချေ။


နောက်ဆုံးတွင် သူက ကားလို့စ်ကို အမြစ်ဖြတ် သုတ်သင်ပစ်မည်ဖြစ်ပြီး ကျီလင်က သူ့ချစ်သူဖြစ်လာလိမ့်မည်ပင်။


ကျီလင် ထိုနေရာတွင် မှင်သက်ပြီး ရပ်နေကာ ကျင်းဆွေ သူ့အချစ်ကို တရားဝင်ကြေညာပြီး ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်မှသာ အသိပြန်ဝင်လာပြီး ဒေါသများက သူ့နှလုံးသားထဲမှ တဟုန်ထိုး ထိုးတက်လာခဲ့တော့သည်။ 


ဒီလူက ဘာတွေဖြစ်နေတာလဲဟ အားး...ငါ အေးစက်စက် လုပ်ပြတာ မလုံလောက်သေးလို့လား... ကျွန်တော် ခင်ဗျားအတွက် ဦးထုပ်စိမ်းဆောင်းပေးပြီး တစ်ဖက်လူကလည်း ခင်ဗျားရဲ့မဟာရန်သူကြီး ဖြစ်နေတုန်းပဲလေ ..ဒီလိုမျိုး ရက်ရက်စက်စက်လည်း ငြင်းခဲ့သေးတာကို ဘယ်လိုလုပ်ပြီး ဒီလိုလေးပဲ ပြန်တုံ့ပြန်ရတာလဲလို့...


ခင်ဗျား ကျွန်တော့်ကို ဒေါသမထွက်ဘူးလား...


ယောကျ်ားတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ်လေးစားမှုက ဘယ်မှာလဲ...ခင်ဗျားမှာ အဲ့လေးစားမှုရော ရှိသေးရဲ့လား...


ကျီလင်မှာ အလွန်ဒေါသထွက်နေ၍ စကားပင် မပြောချင်တော့ချေ။


ကြည့်ရတာ ကျင်းဆွေ့က ငါသူ့ကိုလုံးဝမချစ်တော့ဘူး ဆိုတာကို မယုံတာနေမှာ...အဲ့ခွေးကောင်က ငါသူ့ကို ဒေါသပုန်ထနေတယ်လို့ ထင်ပြီး ဆွံ့အ၊နားမကြားချင်ယောင်ဆောင်နေတာ...


စနစ်က စောင့်ကြည့်နေခဲ့‌သော်လည်း ကြက်တစ်ကောင်ကဲ့သို့ နှုတ်ဆိတ်နေခဲ့သည်။ 


အဆုံးတွင် ကျီလင် ပါးစပ်ဖွင့်လိုက်ပြီး ကြောက်လန့်ဖွယ်ကောင်းသည့် တိတ်ဆိတ်မှုကြီးကို ချိုးဖျက်လိုက်သည်။ သူက ဒေါသတကြီး ပြောလိုက်သည်။

[ငါအခု ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ...]


စနစ်က တွေးကြည့်လိုက်သည်။

[လုပ်သင့်တာက အရမ်းတော့ မများဘူးလားလို့...]


ကျီလင် : [...]


ကျီလင်၏မျက်နှာက မည်းမှောင်သွားပြီး အခန်းထဲ ရှေ့၊နောက်လျှောက်နေလိုက်သည်။ ယခုလေးတင် သူ အလွန်ဒေါသထွက်နေခဲ့သော်ငြား စိတ်တည်ငြိမ်သွားပြီးနောက်တွင် ကျင်းဆွေ့၏သဘောထားက သူ့ကို ပြင်းပြင်းထန်ထန် ဘေးကျပ်နံကျပ် အခြေအနေကို ခံစားရအောင် လုပ်သွားကြောင်း သူတွေးလိုက်သည်။ သူက ယခင်အတိုင်း အကောင်းမြင်စိတ် ရှိနေဆဲပင်။


ကျင်းဆွေ့၏ ပိုင်ဆိုင်လိုစိတ်ပြင်းပြမှုက ဤမျှ နက်ရှိုင်းသွားလိမ့်မည်ဟု ကျီလင် အမှန်တကယ် တစ်ခါမျှ မမျှော်လင့်ထားခဲ့ဖူးပေ။


ဤကဲ့သို့ ဆက်ဖြစ်နေပါက ကားလို့စ်ပြောခဲ့သည့်အတိုင်း ကျင်းဆွေ့က သူ့ဘေးနားပြန်ရောက်ရန် အတင်းအကျပ် တွန်းအားပေးလိမ့်မည်ကို ကျီလင်စိုးရိမ်သွားခဲ့သည်။ ကျီလင်၏ဘေးပတ်ပတ်လည်ရှိ လူတိုင်းက သူ ကျင်းဆွေ့အား နက်နက်ရှိုင်းရှိုင်း ချစ်နေပြီး ယာယီသာ ဒေါသထွက်၊ဝုန်းဒိုင်းကြဲနေသည်ဟု ထင်နေကြသည်။ လူတိုင်းက သူ့ကို ကျင်းဆွေ့နှင့် တွဲဖက်စေချင်ပြီး သူ ပျော်ရွှင်မည့် မည်သည့်အရာမဆို လုပ်စေချင်နေကြသည်။ 


သူ့အမေက ကျင်းဆွေ့ကို တမင်တကာ ဝင်ခွင့်ပြုလိုက်သည့်ချိန်တွင် ယခုကစပြီး သူ မရှောင်လွှဲနိုင်တော့ဘဲ ပြေးစရာနေရာမရှိတော့သည်ကို ကျီလင်သိလိုက်သည်။


ကျင်းဆွေ့ရဲ့နှလုံးသားကို ဘယ်လိုလုပ်ရင် ခွဲလို့ရမလဲ...ကျင်းဆွေ့က ငါ့ကို လက်လျှော့သွားအောင် ငါ ဘယ်လိုလုပ်ရမလဲ...


သူ ရုတ်တရက် ထိုနေ့က ကားလို့စ် သူ့ကိုဘာပြောခဲ့သည်ကို ပြန်သတိရသွားသည်။


ကျီလင် တစ်ခဏမျှ အတွေးထဲ နစ်မြှုပ်သွားသည်။ ထို့နောက်တွင် ဆုံးဖြတ်ချက်ချပြီးသည့် အကြည့်က သူ့မျက်နှာတွင် ပေါ်လာခဲ့သည်။


စနစ်က တစ်စုံတစ်ခုကို အာရုံခံမိသွားပုံပေါ်ကာ ပြောလိုက်သည်။

[ဇာတ်ကြောင်းက ထိန်းချုပ်မှုလွတ်သွားပြီဆိုပေမယ့်လည်း ဒီကမ္ဘာမှာ ကိုယ်ပိုင်စည်းမျဥ်းတွေ ရှိနေသေးတုန်းပဲ...ဒါ့ကြောင့် ဇာတ်ကြောင်းကို မအောင်မြင်ရင်တောင်မှ အပြင်လူတစ်ယောက်အဖြစ် ကိုယ့်သရုပ်မှန်ကို ထုတ်ဖော်ဖို့ မကြိုစားဖို့ အကြံပြုပါတယ်...]


ကျီလင် : [အိုး...]


စနစ် : [ငါတို့ရဲ့စာရင်းအရဆို သရုပ်မှန်ကို ဖော်ထုတ်လိုက်တဲ့အတွက် ကျရှုံးပြီး သေဆုံးသွားတဲ့နှုန်းက 93% ထိရှိတယ်...]


ကျီလင် : [ငါ့သရုပ်မှန်ကို ဖော်ထုတ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး...မင်းအတွေးလွန်နေပြီ...]


စနစ် : [?]


ကျီလင် စနစ်ကို အာရုံမစိုက်တော့ဘဲ သူ့ဆက်သွယ်ရေးစက်ကို မဖွင့်မီ အဝတ်အစားများ လဲလိုက်သည်။


ညလယ်ရောက်နေပြီ ဖြစ်သော်ငြား ကျီလင်ကိုစောင့်နေသည့်အလား ကားလို့စ်က လျင်မြန်စွာ ကိုင်လိုက်သည်။


အမျိုးသား၏သုံးဖက်မြင် မြင်ကွင်းပုံရိပ်က ကျီလင်ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုသူက အနားယူရန် အသင့်ပြင်နေပုံပေါ်ကာ အနက်ရောင် ရေလဲဝတ်ရုံကိုဝတ်ထားလေ၏။ သူ၏ရင့်ကျက်ပြီး ကျက်သရေရှိသည့်မျကနှာထက်တွင် အပြုံးယောင်ယောင်လေးရှိနေခဲ့သည်။ သူ၏အညိုရောင် ဆံပင်များက ယခင်မြင်နေကျကဲ့သို့ သေသပ်စွာ ရှိမနေခဲ့ဘဲ သူ၏မျက်ဝန်းများပေါ်တွင် သဘာဝကျကျနှင့် ဝေ့ဝဲကျနေကာ သူ၏နက်ရှိုင်းလှသည့် မျက်ဝန်းများကို တနည်းတဖုံနူးညံ့သွားစေခဲ့သည်။ သူက ပြုံးလျက် ပြောလိုက်သည်။

"ရှောင်လင်..."


ကျီလင် မျက်ဝန်းပင့်ပြီး အမျိုးသားကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက တည်ငြိမ်နေကာ သူ၏လျစ်လျူရှု့သည့် အကြည့်ထဲတွင် တစ်စုံတစ်ရာ ဖုံးကွယ်ထားဟန်ရပေသည်။ ကျီလင် ပြောလိုက်သည်။

"အန်ကယ်ကားလို့စ်...အန်ကယ်နောက်ဆုံးတစ်ခေါက်က ပြောထားတာကို ကျွန်တော် တွေးကြည့်ပြီးပြီ..."


ကားလို့စ်က ကိုယ်ကို ရှေ့သို့တိုးလိုက်ပြီး လေးလေးနက်နက် နားထောင်လိုက်သည်။


ကျီလင် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး တစ်ခဏမျှ တန့်သွားသည်။


ကျင်းဆွေ့နှင့် ကားလို့စ်က အချင်းချင်း သတ်ဖြတ်ရန် မစောင့်နိုင်တော့သည့် မဟာရန်ဘက်များပင်။ ကားလို့စ်နှင့် လက်ထပ်စာချုပ်တစ်ကြိမ် ချုပ်လိုက်ခြင်းက ကားလို့စ်၏စစ်သင်္ဘောပေါ်သို့ တက်လိုက်သည်နှင့်တူပြီး သူ့ကိုယ်သူ ကားလို့စ်နှင့် လုံးဝချည်နှောင်လိုက်သည့် သဘောပင်။


အဲ့တော့ ဘာဖြစ်လဲ...


သူက အဓိကဇာတ်လိုက် gong ဖြစ်သည့် ကျင်းဆွေ့နှင့်အတူရှိ၍မဖြစ်ပေ။ ယင်းက မစ်ရှင်ကို လက်လျှော့လိုက်ခြင်းနှင့် ညီမျှပေသည်။ ကျင်းဆွေ့နှင့် အဆုံးမရှိ ပတ်သက်ရှုပ်ထွေးနေမည့်အစား ကားလို့စ်နှင့်အတူရှိဟန် ဆောင်လိုက်သည်က ပိုကောင်းပေ၏။ သူနှင့်ပတ်သတ်သည့် ကျင်းဆွေ့အတွေးများကို ဖျက်ဆီးပစ်ရန် လိုအပ်ပြီး ထိုမှသာ ကျင်းဆွေ့က မရှိသင့်သည့် စိတ်ကို လုံးဝ အပြီးပိုင် လက်လွှတ်လိုက်မည် ဖြစ်သည်။


ထို့ပြင် သူ၏ဇာတ်ကောင်သဘာဝအရ မူလကပင် ကျင်းဆွေ့အား စိတ်အနှောင့်အယှက် ပေးရသည့် ဗီလိန်အမြှောက်စာ ဇာတ်ကောင်လေး တစ်ယောက် ဖြစ်သည်။ ဗီလိန်က မူလကတည်းကပင် ဗီလိန်နှင့်အတူရှိနေသင့်ပေ၏။


ပြီးတော့ သေချာပေါက် နောက်ဆုံးအချက်နဲ့ အရေးအကြီးဆုံးအချက်က...


ကားလို့စ်က ငါ့ကိုမချစ်ဘူးလေ...


ကားလို့စ်နှင့် ကျင်းဆွေ့က မတူပေ။ ကားလို့စ်၏ရည်ရွယ်ချက်က သူ့ကိုအသုံးပြုရုံလေးသာဖြစ်သည်။ ကားလို့စ်က သူသေသွားရန်၊ သူ့ကိုသတ်ရန်၊ သူအသတ်ခံရရန်အတွက် တွင်းတူးပေးကောင်းတူးပေးနိုင်ပေ၏။ သို့မဟုတ် ထိုသို့သော ကြိုးပမ်းအားထုတ်မှုမျိုး သူ့အပေါ်လုပ်လိမ့်မည် မဟုတ်ချေ။ သူ့တန်ဖိုး လုံလုံလောက်လောက် ရှိနေသရွေ့ ကားလို့စ်နံဘေးတွင် နေသည်က အလုံခြုံဆုံးနှင့် တာဝန်ပြီးမြောက်နိုင်ချေ အရှိဆုံးပင်။ အဘယ့်ကြောင့်ဆိုသော် သူတို့တွင် သန့်စင်သည့် ဆက်ဆံရေးမျှသာရှိ၍ဖြစ်သည်။


ဤသည်ကိုတွေးပြီး ကျီလင် နောက်ဆုံးဆုံးဖြတ်ချက် ချလိုက်သည်။


ကျီလင် ကားလို့စ်ကို တည်ငြိမ်လေးနက်စွာ ကြည့်ကာ စကားတစ်လုံးချင်း ပြောလိုက်သည်။

"ကျွန်တော် သဘောတူတယ်..."



------------------------------


စာရေးသူမှာ ပြောစရာရှိပါတယ်


ကျီရှောင်လင် : အဲ့ဒါက သန့်စင်တဲ့ရည်ရွယ်ချက်နဲ့ ဘာစိတ်ခံစားချက်မှ မပါတဲ့ man to man ၊ villain to villain လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးပါလို့...


ကားလို့စ် : ဘေဘီပျော်ရင် ပြီးတာပါပဲ...



✨✨✨