Chapter 69
Viewers 15k

✨ Chapter 69



ကျင်းဆွေ့ကို ရင်ဆိုင်ရမှာ အဲ့လောက်ပျော်ဖို့ကောင်းပါ့မလားဟ...


တကယ်ကို မကောင်းဘူးပေါ့... ပြီးတော့ ခင်ဗျားက ဝမ်းတွင်းမည်းဖြစ်နေတာကို မပြောနဲ့ဦး ယောကျ်ားတစ်ယောက်လည်း ဖြစ်နေသေးတယ်လေ...ရူးနေမှပဲ ခင်ဗျားကို လက်ထပ်လိမ့်မယ် ဟုတ်ပြီလား...


ကျီလငက အပူးလောင်သွားသကဲ့သို့ သူ့လက်ကို ကားလို့စ်လက်ထဲမှ ဆွဲထုတ်လိုက်ပြီး အံ့သြ၍ မသက်မသာဖြစ်နေသည့် အကြည့်များ ပြသလိုက်သည်။ သူ အဝေးကို အကြည့်လွှဲလိုက်ပြီးနောက် ပြောလိုက်သည်။ 

"မဟုတ်ဘူး မလိုပါဘူး...ကျွန်တော် အဆင်ပြေပါတယ်...အန်ကယ် ဒီလိုလုပ်ဖို့ တကယ်မလိုပါဘူး..."


ကားလို့စ် လူငယ်လေး၏ဗလုံးဗခထွး ပြောနေသည့်ပုံစံကိုကြည့်ကာ ကူကယ်ရာမဲ့နေသည့် အပြုံးလေးပြုံးပြလိုက်သည်။ သူ မတ်တတ်ရပ်ပြီး လူငယ်လေး၏ခေါင်းကို ကြင်ကြင်နာနာ ပုတ်ကာ ပြောလိုက်သည်။

"လက်ထပ်စာချုပ်က ဧကရာဇ်ကိုငြင်းပြီး မင်းကို မထိခိုက်အောင်ကာကွယ်ဖို့ ဆင်ခြေသက်သက်ပါပဲကွာ...ကိစ္စပြီးသွားတာနဲ့ ကိုယ်တို့ ဒီဆက်ဆံရေးကိုအချိန်မရွေး အဆုံးသတ်လို့ရပါတယ်...မင်း လုံးဝ ဝန်လေးနေစရာ မလိုပါဘူး..."


ကျီလင်က ငြင်းဆန်နေဆဲဖြစ်ပြီး ကားလို့စ် လက်ကိုပင်ရှောင်လိုက်ကာ နှုတ်ခမ်းကို ကိုက်လျက် ပြောလိုက်သည်။

"ဒါပေမဲ့...ကျ...ကျွန်တော် သဘောမတူဘူး..."


ကားလို့စ်က ဒေါသမထွက်ဘဲ ထိုအစား ညင်ညင်သာသာ ပြုံးလိုက်သည်။

"ကောင်းပါပြီ...မင်း ထပ်စဥ်းစားကြည့်လို့ ရပါတယ်...မင်းကိုယ့်ကို လိုအပ်နေသရွေ့ ဘယ်အချိန်မဆို ကိုယ့်ကိုပြောလို့ ရတယ်နော်..."


ကျီလင် အိပ်မက်မက်နေသကဲ့သို့ သူ့နှလုံးသားထဲတွင် ပြောလိုက်သည်။


ဒီစကားတွေကို ဒီနေ့ ဒီနေရာမှာပဲထားခဲ့ လိုက်တော့မယ်...ခင်ဗျားကိုသာ လက်ထပ်ဖို့ဆန္ဒရှိမယ်ဆို ကိုယ့်ခေါင်းကိုယ် စားပစ်လိုက်မယ်..


ကျီလင် ရင်ထဲထိရှသွားသည့်ပုံ ဖော်ပြလိုက်သည်။ 

"အန်ကယ့်ကို အဲ့လိုမပြောရတော့ပါဘူး..."


ကားလို့စ် နူးညံ့စွာ သက်ပြင်းချလိုက်ပြီး အလိုလိုက်လိုသည့်ပုံဖြင့် ကျီလင်အား ကြည့်လိုက်သည်။ 

"နားတော့လေ...နောက်ရက်မှ ကိုယ်မင်းကို လာတွေ့မယ်..."


ထိုသို့ပြောပြီးနောက် သူလှည့်ကာ ထွက်သွားတော့သည်။


ယနေ့ကောင်ငယ်လေး၏ အဖြေရရန်လည်း သူ မမျှော်မှန်းထားပေ။ ကောင်ငယ်လေးက သတိထားနေမှုကို တဖြည်းဖြည်းချင်း လျှော့ချလိုက်သရွေ့ တစ်ရက်တွင် သူဆင်ထားသည့် ထောင်ချောက်ထဲသို့ လှမ်းဝင်လာလိမ့်မည်ပင်။ ကောင်ငယ်လေးကိုသာ သူ ရနိုင်သရွေ့ ကောင်ငယ်လေး မည်သူ့ကို ချစ်နေပါစေ ယင်းက အရေးမကြီးပေ။


-------------------


ကျီလင် ကားလို့စ်ကို ဖယ်ခွာနိုင်ပြီးနောက် ဝမ်းနည်းကြေကွဲစွာ သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ကျင်းဆွေ့၏ပြောင်းလဲမှုက လိပ်ပြာသက်ရောက်မှုများကို ဖြစ်ပွားစေခဲ့လေသည်။ ဤဘဝတွင် ကားလို့စ်၏ယှဥ်ပြိုင်မှုအတွက် အသုံးချသည့်အရာကပင် သူဖြစ်လာခဲ့သည်။ လက်ထပ်ခွင့်တောင်းရန်အတွက် ရူးသွပ်စရာကောင်းသည့် စကားများကို ပြောခဲ့ပြီး သာမာန်လူများဆိုပါက ဗီလိန်ကြီး၏စိတ်ကို ပင် ခန်းမှန်းနိုင်လိမ့်မည် မဟုတ်ပေ။


ဒါက ပုံမှန်ကမ္ဘာကြီးမှမဟုတ်တာ...


အတင်းအဖျင်းများက ထိုနေ့ညတွင် ပျံ့နှံ့သွားခဲ့ပြီး အင်တာနက်ပေါ်ရှိ လူထုအမြင်ကလည်း ထိန်းချုပ်မရနိုင်သည့် လားရာဘက်ကို တဖြည်းဖြည်းပြောင်းလဲလာကြသည်။


ကျီလင်က သူနှင့်ဧကရာဇ်၏ဆက်ဆံရေးကို ပြည်သူများအရှေ့တွင် ငြင်းပယ်ခဲ့ပြီး ပျံ့နှံ့လာခဲ့သည့် ကျီလင်အပေါ် ကားလို့စ်၏ ညင်သာနူးညံ့သည့် စိုးရိမ်ပူပန်မှုက လောင်စာနှင့် ရှာလကာရည်များကို ထပ်ပေါင်းထည့်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ 


ဧကရာဇ်က ဦးထုပ်စိမ်းဆောင်းခံလိုက်ရပြီ...


သူ့ကို ဦးထုပ်စိမ်းဆောင်းပေးလိုက်တဲ့သူက သူ့ကိုအမြဲ ဆန့်ကျင်နေတဲ့ မြို့စားကြီးကားလို့စ်တဲ့ဟေ့...


ဖရဲသီးစားနေသည့်သူများက ပါးစပ်ထဲမှ ဖရဲသီးများ ပြုတ်ကျသွားကြသည်။ များစွာသောလူများက ထိုအကြောင်းကို မယုံကြည်ကြဘဲ အဓိပ္ပါယ်မရှိဟု တွေးလိုက်ကြသသည်။ 


သို့သော် မကြာမီမှာပင် လတ်တလောသတင်းက ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်က ထိုအကြောင်းကို မေးရန် ကားလို့စ်နှင့် ကံကောင်းထောက်မစွာ တွေ့ဆုံခဲ့သည်။ ကားလို့စ်က ကျီလင်ကိုကြိုက်နေကြောင်းနှင့် လက်ထပ်ခွင့်ပင် တောင်းခဲ့ကြောင်း တဲ့တိုးပြောခဲ့သည်။


ဤသတင်းက အင်တာနက်တစ်ခွင် ဟာရီကိန်းမုန်တိုင်းကဲ့သို့ မွှေနှောက်သွားခဲ့သည်။ နေ့တိုင်းနေ့တိုင်း ရေပန်းစားမှုက လျော့ကျမသွားခဲ့ချေ။ 


ဘယ်လိုမျိုးရာစုနှစ်ရဲ့ သုံးပွင့်ဆိုင်ပါလိမ့်...


ယခင်ကမူ ၎င်းက ဧကရာဇ်နှင့် အမှိုက်ကောင်ကြားက လှပသည့်အချစ်တစ်ခုဟု သူတို့တွေးခဲ့ကြသည်။ 


ဒါပေမဲ့ ချမ်းသာတဲ့ တော်ဝင်မိသားစုကြားက ခွေးသွေးဒရာမာအဖြစ် ပြောင်းသွားတယ်တဲ့လား...


အင်ပါယာ၏အင်အားအကြီးဆုံး လူနှစ်ယောက်က ငကြွားတစ်ယောက်အတွက်နှင့် ယှဥ်ပြိုင်ခဲ့ကြပြီး ဦးထုပ်စိမ်း ဆောင်းခံလိုက်ရသည့်သူက ဧကရာဇ် ဖြစ်နေခဲ့သည်။ 


ဤအချိန်တွင် အေးဆေး၊အတည်ငြိမ်ဆုံးသူမှာ ကျီလင်ပင်။ သူ ထိုသို့လုပ်ခဲ့သည့်အချိန်က ဤရလဒ်ကို မျှော်လင့်ထားပြီးသားပင်။


ကျင်းဆွေ့နှင့် ကားလို့စ်က မူလကည်းက သဟဇာတမဖြစ်ဘဲ သီးခြားစီ ဖြစ်နေခဲ့သော်လည်း ယခုမူ သူကိုယ်တိုင်ကလည်း ဤကဲ့သို့ တိုက်ခိုက်ပွဲထဲ ထည့်သွင်းခံလိုက်ရသည်။ ဤသည်က ကိစ္စကြီးဖြစ်နေ၍ တိုက်ခိုက်ခွင့်ပေးလိုက်မည်သာဖြစ်သည်။ တိုက်ခိုက်နေစဥ် သူ့အကြောင်းမေ့နေပါက အကောင်းဆုံးပင်။


ထို့ပြင် ယခင်ဘဝမှ ယခုဘဝအထိ ကျီလင်က သူတို့ကြား ယှဥ်ပြိုင်ပွဲထဲမှ စတေးခံ စစ်တုရင်ရုပ်လေးတစ်ရုပ်သာ ဖြစ်သည်။


အရေးအကြီးဆုံးအချက်မှာ ဧကရာဇ်က ထိုကဲ့သို့သစ္စာဖောက်ခံရသည့် အရှက်တကွဲ ခံစားချက်ကို ဘယ်သောအခါမှ သည်းခံမြိုသိပ်ထားလိမ့်မည်မဟုတ်ဟု ကျီလင်ထင်ထားခဲ့ခြင်းပင်။ ဤသတင်းပျံ့သွားပြီးနောက်တွင် ကျီလင်နှင့်အရှုပ်အထွေးများပြုလုပ်ရန် သူ့ကိုယ်သူ နှိမ့်ချနေလိမ့်မည် မဟုတ်ပေ။ အခြားမတူညီသည့် ရှုထောင့်မှ တွေးကြည့်လျှင် အကယ်၍ လူမြင်ကွင်းမှာ ဝန်ခံပြီး မျက်နှာဖြတ်ရိုက်ခံရပါက ကျင်းဆွေ့ကဲ့သို့ တော်ဝင်အထက်တန်းလွှာမဆိုထားနှင့် အခြားသူများပင် လူများကိုကြည့်ရန်မရှိတော့ဟု ခံစားရလိမ့်မည်သာ ဖြစ်သည်။ ကျင်းဆွေ့ကို ဖယ်ရှားရန်အတွက်နှင့် ကားလို့စ်၏လက်ထပ်ရန် အဆိုပြုချက်ကို သူ လုံးဝသဘောတူစရာ မလိုချေ။


ယခု ကျီလင်အလုပ်ချင်ဆုံးအရာမှာ ထိုအရှုပ်အထွေးများထဲမှ စောစောထွက်လာရန်သာ ဖြစ်သည်။


နေ့တိုင်း လူများက ကျီလင်၏ကိုယ်ရေးကိုယ်တာ ဟုမ်းပေ့ချ်တွင် မင်ဆေ့ချ်များ ချန်ထားခဲ့ကြလေသည်။

လူတိုင်းက ကျီလင်အား စောင့်ကြည့်နေကြပြီး သူဘာလုပ်မလဲ သိချင်နေကြကာ အတည်ပြုရန်အတွက်ပင် မေးချင်နေကြပေ၏။ သို့သော်ငြား ကျီလင်က မည်သည့်မှတ်ချက်မှ မပေးခဲ့ဘဲ မည်သည့် မက်ဆေ့ချ်ကိုမှလည်း စာမပြန်ခဲ့ချေ။ ကျီလင်သူ၏ဆက်သွယ်ရေးစက်ကို ပိတ်ပြီး တံခါးကိုပိတ်ထားကာ အပြင်က ထင်ကြေးများ ပေးနေကြခြင်းကို ခွင့်ပြုထားလိုက်သည်။


မဒမ်မာရီနာက နှစ်ရက်ကြာပြီးနောက်တွင် ထိုင်မနေနိုင်တော့ဘဲ ကျီလင်ထံ လာခဲ့လိုက်သည်။


မဒမ်မာရီနာက စိုးရိမ်ပူပန်နေပုံပေါ်ကာ ပြောလိုက်သည်။

"ရှောင်လင်...သားနဲ့ကားလို့စ်နဲ့ ဘာတွေဖြစ်နေကြတာလဲဟင်...ကွန်ယက်ပေါ်က ပြောနေတာတွေအားလုံးက အမှန်တွေလား..."


ကျီလင်က မည်သည့်အမူအရာမှမရှိဘဲ မျက်လွှာချကာ ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး..."


မဒမ်မာရီနာက စိတ်ဖိစီးလာလျက် မမေးဘဲ မနေနိုင်တော့ပေ။

"ဧကရာဇ်က သားကိုတကယ်ကြိုက်တာ မေမေမြင်ပါတယ်ကွယ်...သား သူ့ကို တစ်လျှောက်လုံး ကြိုက်ခဲ့တာပဲ...ဘာလို့ သူ့ကို ယုံကြည်ပြီး တစ်ခါလောက်အခွင့်အရေး မပေးလိုက်တာလဲ..."


ကျီလင် ဖွဖွလေး ပြောလိုက်သည်။

"မေမေ... ဧကရာဇ်က သားကို ကြိုက်တယ်လို့ မေမေတကယ် ယုံလား..."


မဒမ် မာရီနာ ယခင်က မယုံကြည်ခဲ့သော်ငြား ယခုတကယ်ယုံကြည်ပေ၏။ သူမ ပြောလိုက်သည်။

"ဧကရာဇ်က သားကို စိတ်ရင်းနဲ့ သဘောကျတာလို့ မေမေယုံတယ်..."


ကျီလင် ကိုယ့်ကိုကိုယ် အပြစ်တင်သည့်အပြုံးလေး ပြုံးပြလိုက်သည်။ 

"သူကတောင် စိတ်ရင်းမှန်တယ်ဆို အန်ကယ်ကားလို့စ်က ကျွန်တော့်အတွက် ပိုမကောင်းဘူးလား...စိတ်ရင်း စစ်မှန်တာခြင်း နှိုင်းယှဥ်ချင်တယ်ဆိုရင် အန်ကယ်ကားလို့စ်က ပိုပြီးစစ်မှန်တယ်မလား ဟုတ်တယ်မလား..."


မဒမ်မာရီနာ စိတ်ဖိစီးစွာ ပြောလိုက်သည်။

"ဒါပေမယ့် ကားလို့စ်က..."


မျက်ရည်များက ကျီလင်၏ မျက်ဝန်းများထဲ ရွှန်းစိုလာခဲ့သည်။

"မေမေ...မပြောပါနဲ့တော့ ကျွန်တော့်ကို တစ်ယောက်တတည်းထားခဲ့ပေးပါ...နော်..."


မဒမ်မာရီနာ : "..."


ဧကရာဇ်က နားလည်ရခက်သည့် နက်နဲသောနှလုံးသားရှိသည့် ကလေးတစ်ယောက် ဖြစ်သော်ငြား အနည်းဆုံး သူက ကားလို့စ်ထက် သန်မာပေသည်။


ငါ့ရဲ့ကလေးလေးက အဲ့ဒီအကြင်နာ ကင်းမဲ့ပြီး ကြောက်စရာကောင်းတဲ့ ကားလို့စ်လိုလူနဲ့ ဘယ်နားက လိုက်ဖက်လို့လဲ...


သို့သော်ငြား မဒမ်မာရီနာ မည်မျှ ပြောနေပါစေ သူမ ကျီလင်ကို မဖျောင်းဖျနိုင်ရာ ကူကယ်ရာမဲ့စွာနှင့်သာ ထွက်သွားလိုက်ရသည်။


-------------------------


ကျီလင် နေ့တိုင်းအိမ်၌ တစ်ယောက်တည်းသာ နေခဲ့ပြီး အပြင်လောကက လေ၊မိုးများကို ဆူပူအုံကြွခွင့်ပြုထားလိုက်သည်။


ယနေ့၌ ရင်းနှီးကျွမ်းဝင်နေသည့် အသံကို ရုတ်တရက် သူ့ခေါင်းထဲတွင် ကြားလိုက်ရသည်။


စနစ် : [ငါ ပြန်လာပြီ...]


ကျီလင်၏လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။ စနစ်က အသုံးမဝင်ဘဲ နားညီးစရာကောင်းသည်ဟု သူအမြဲလိုလို တွေးလေ့ရှိခဲ့သည်။ သို့သော် ယခု ထိုသို့ ရိုးရှင်းလှသည့် စာတစ်ကြောင်းတည်းနှင့်ပင် သူ စနစ်ကို အမှန်တကယ်ပင် အနည်းငယ် လွမ်းနေမိကာ မျက်ဝန်းများပင် ချဥ်စူးစူး ဖြစ်လာခဲ့သည်။ သို့သော် သူက မပျော်ရွှင်ယောင်ဆောင်ကာ စူပုတ်သုန်မှုန်နေဆဲပင်။ 


သူ ပြောလိုက်သည်။

[မင်း ပြန်လာဖို့တော့ သိသေးသားပဲ...]


စနစ်ကလည်း အခြေအနေကို အကဲခတ်လေ့လာနေပြီး ကျီလင်၏စွပ်စွဲချက်ကို လုံးဝ စိတ်မဆိုးလိုက်ချေ။ စနစ်က အပြစ်ရှိစိတ်ဖြင့် ပြောလိုက်သည်။

[တောင်းပန်ပါတယ်...အထက်ကသူတွေက အရမ်းအလုပ်များကြတာလေ...သူတို့နဲ့ တွေ့ဖို့ အခွင့်အရေးရဖို့ကို အကြာကြီးလည်း တန်းစီခဲ့ရတာ...]


ကျီလင် : [ဒီတော့ မင်းတို့ဆီမှာလည်း အရေးမပါတဲ့စည်းမျဥ်းတွေ အများကြီးရှိကြတာပေါ့...]


စနစ်က ရယ်လိုက်သည်။

[အဲ့လောက်တော့ မဆိုးပါဘူး...]


ကျီလင် : [ဒီတော့ ဘယ်လိုလဲ...]


စနစ် တန့်သွားပြီး ဂရုတစိုက် ပြောလိုက်သည်။

[နောက်ဆုံး မျိုးရိုးဗီဇဆင့်ကဲဖြစ်စဥ်အေးဂျင့် စီမံချက် အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်လိုက်တာက ဒီကမ္ဘာကြီးရဲ့ ဇာတ်အိမ်တစ်ခုလုံးရဲ့ ဦးတည်ရာကို ပြောင်းလဲသွားစေတဲ့ အရေးကြီးတဲ့အချက်တစ်ခု ဖြစ်သွားခဲ့တာ...အခုတော့ ဒီကမ္ဘာတစ်ခုလုံး ထိန်းချုပ်မှုကနေ လွတ်ထွက်သွားပြီ...]


ကျီလင် : [ရိုးရိုးရှင်းရှင်း ပြော...]


စနစ် : [...မင်းအရင်တုန်းက သိထားခဲ့တဲ့ ဒီကမ္ဘာရဲ့ဇာတ်ကွက်အားလုံး မရှိတော့ဘူး...အဲ့အချိန်ကစပြီး အားလုံးက ဖြစ်နိုင်ချေရှိသွားပြီ...ဆိုလိုတာက မင်းဘယ်ဇာတ်ကွက်မှ လုပ်စရာမလိုတော့ဘဲ မင်းကြိုက်သလို လွတ်လွတ်လပ်လပ် လုပ်လို့ရပြီလို့ပြောတာ...]


ကျီလင် အလွန်ဒေါသထွက်သွားခဲ့သည်။


ဇာတ်ကွက်က မရှိတော့ဘူးတဲ့လား... ဒီတော့ အဲ့စကား နားထောင်ဖို့ မင်းကိုစောင့်နေခဲ့ရတာလား... ငါ လွတ်လွတ်လပ်လပ် လှုပ်ရှားနေတာဖြင့် ကြာလှပြီကွ...


ကျီလင် စိတ်ပြန်ထိန်းကာ ပြောလိုက်သည်။

[ဒီတော့ ပြန်မွေးဖွားလာတဲ့ အဓိကဇာတ်ကောင်တွေရဲ့အခြေအနေကရော...အဲ့ဒါကို အဖတ်ဆယ်ဖို့ နည်းလမ်းတစ်ခုခုရှိလား...]


စနစ် : [ကောင်းပြီ....]


ကျီလင်၏နှလုံးသားက နားမထောင်မီမှာပင် အေးစက်သွားခဲ့သည်။


စနစ် : [သူတို့တစ်ယောက်ချင်းစီက ဒီကမ္ဘာမှာ အရေးပါတဲ့ အခန်းကဏ္ဍကိုယ်စီ ရှိကြတယ်လေ...အဓိကဇာတ်လိုက်gongက ကံကြမ္မာရဲ့သားတော်ဖြစ်ပြီးတော့ ဒီကမ္ဘာရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပဲ...ကမ္ဘာကြီးရဲ့လည်ပတ်နေတဲ့ပုံစံက အခုဆိုထိန်းချုပ်လို့ မရတော့ဘူး...အဲ့ကြောင့် ဘာလုပ်သင့်ဆိုပြီး ငါတို့ယာယီဆွေးနွေးနေတုန်း...]


ကျီလင် အမူအရာမဲ့စွာ ပြောလိုက်သည်။

[ဒီတော့ အခုထိ နည်းလမ်းမတွေ့သေးဘူးပေါ့...]


စနစ်က စကားမပြောရဲတော့ချေ။


ကျီလင် အလွန်ဒေါသထွက်လွန်း၍ သူ့ဒေါသကိုလျှော့ချရန်ပင် ခွန်းအားမရှိတော့ချေ။ သူ တည်ငြိမ်တိတ်ဆိတ်စွာသာ ပြောလိုက်သည်။

[ဒါဆို ငါ့မစ်ရှင်ကို ဘယ်လိုဆက်လုပ်ရမလဲ...]


စနစ်က တစ်ခဏမျှ တွေးကြည့်လိုက်သည်။

[မင်းလုပ်ချင်သလိုသာ ဘာဖြစ်ဖြစ် လုပ်လိုက်...]


ကျီလင် : [...]


စနစ်က သူ့ကို အားပေးလိုက်သည်။

[ဘာကိစ္စနေနေ မင်းတတ်နိုင်သလောက် အကောင်းဆုံး လုပ်လိုက်... ကိစ္စအကြီးကြီးဆိုရင် အစကပြန်လုပ်လိုက်ပေါ့... ငါမင်းနဲ့အတူ ရှိနေပေးမယ်လေ...]


ကျီလင် ရုတ်တရက်ကြီး စနစ်ကို ထွက်သွားစမ်းဟု ထပ်ပြောချင်သွားခဲ့သည်။


---------------------------


ကျီလင် စနစ်ကြောင့် အလွန်အမင်း စိတ်တိုနေ၍ ထိုနေ့ညက ထမင်းအပို နှစ်ပန်းကန်ပင် စားပစ်လိုက်သည်။ ဤသပွတ်အူလိုက်နေသကဲ့သို့ ရှုပ်ထွေးလှသည့် ဇာတ်အိမ်ကို သူ လုံးဝ စိတ်မဝင်စားတော့ချေ။


ဘာတဲ့ စနစ်ပြောတာ...အကောင်းဆုံးသာ လုပ်လိုက် ဟုတ်လား...


ဖာ့ခ်ပဲ...အကောင်းဆုံးလုပ်လို့ သူ့သာ သွားပြော...စိတ်တိုလိုက်တာ...


ည၌ ကျီလင် ရေချိုးခန်းထဲ၌ အချိန်အကြာကြီး ရေစိမ်နေလိုက်သည်။ ရေစိမ်နေချိန်တွင် သူ့ကိုယ်သူ စိတ်လွှတ်ပေးလိုက်ရန် လွယ်ကူပေသည်။ ကျီလင် ဝမ်းပန်းတနည်းဖြင့် သူ့ခေါင်းကိုထိကာ နူးညံ့လှသည့် ရွှေရောင်ဆံနွယ်လေးများကို ဆုပ်ကိုင်လိုက်သည်။ 


ငါများ စိတ်ထင်နေလို့လားမသိဘူး... နည်းနည်းပြောင်နေသလိုပဲ...


ကျီလင် : [ငါ ထိပ်ပြောင်နေသလားလို့...]


စနစ် : [မပြောင်ပါဘူး...ငါတော့ အဲ့လိုမထင်ဘူး...]


ကျီလင် : [မနေ့ကဆို ဆံပင်တွေ အများကြီး ကျွတ်သွားခဲ့တာ...]


စနစ် : [ ငါ ရေကြည့်ပြီးပြီ...ရှစ်ပင်ထဲပါ...တကယ်ပုံမှန်အတိုင်းအတာထဲပဲ ရှိတာ...လုံးဝကို မများပါဘူး...]


ကျီလင် : [ငါတော့ ထိပ်ပြောင်တော့မယ် ထင်တယ်...]


စနစ် : [မင်း အရမ်းကြီး တွေးလွန်းနေပြီ...မင်းဆံပင်က ထူပြီး ပန်းလေးလိုလှနေတာပဲ...တခြားလူတွေက ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ...]


ကျီလင် : [ငါ ဒီကိစ္စအပေါ်မှာ အများကြီး ကြိုးစားထားခဲ့ရတာကို မပြောင်သေးဘူးပေါ့လေ...]


စနစ် : [...]


ကျီလင် : [တကယ်လို့ ငါသာ ထိပ်ပြောင်သွားရင် ကျင်းဆွေ့က ငါ့ကို မချစ်လောက်တော့ဘူးမလား...]


စနစ်က မည်သည်ကိုမှ လုံးဝ မပြောရဲချေ။


ကျီလင်က ရစ်နေပြီး ဆံပင်ကိုဖွလိုက်သည်။ သူ ရေချိုးကန်ထဲက ထွက်လာပြီး ရေချိုးတဘက်ကို ယူကာ ခန္ဓာကိုယ်ပေါ်သို့ ခြုံလိုက်ပြီး ဆံပင်အား သုတ်ပစ်ကာ ခြေဗလာဖြင့် လမ်းလျှောက်ထွက်လာလိုက်သည်။ သူတံခါးမှ ထွက်'ထွက်လာခြင်း နေရာမှာပင် ခန္ဓာကိုယ် တစ်ခုလုံးက တောင့်တင်းသွားခဲ့သည်။


ကျင်းဆွေ့က ကျီလင်၏အိပ်ခန်းထဲတွင် မတ်တတ်ရပ်ကာ သူ့အား စောင့်နေလေ၏။


ကျီလင်က တစ်ခဏမျှ ကြက်သေသေပြီးနောက် 

ရှက်ရွံ့မှုနှင့် မခံမရပ်နိုင်မှုများဖြင့် သူ့မျက်နှာက နီရဲသွားခဲ့သည်။ 


ငါ့ရဲ့သနားစရာကောင်းတဲ့မိဘတွေ...ငါ့ကို တစ်ယောက်တည်း လွှတ်ထားပါ ဆိုတာကို ဘာလို့ ကျင်းဆွေ့နဲ့ အကွက်ဆင်ရတာလဲလို့ အားးး...


ကျင်းဆွေ့ကို အထဲတွန်းပို့လိုက်သည်က မဒမ်မာရီနာ ဆိုသည်ကို ကျီလင် တွေးကြည့်စရာပင်မလိုဘဲ သိပေ၏။


ကျီလင် ဤအတောအတွင်း အပြင်ဘက်ရှိ ပြည်သူလူထု၏ ဦးထုပ်စိမ်းဆောင်းခံရသည့် ကျင်းဆွေ့အကြောင်း အမျိုးမျိုး ပြောနေကြခြင်းကို ကြားပေသည်။ ထို့ပြင် ကျင်းဆွေ့အား လှောင်ပြောင်သရော်နေသံများနှင့် အသေရေပျက် အောင် ပြောဆိုနေမှုများကိုလည်း သတိရလိုက်သည်။ ကျလင်၏မျက်နှာက ဖြူဖျော့သွားပြီး ဒူးထောက်ချလုနီးနီးပင်။ သူလှည့်ကာ ထွက်ပြေးတော့သည်။


ရလဒ်အနေဖြင့် အရပ်မြင့်မြင့်၊ အနက်ရောင်ဆံပင်များနှင့် ရွှေရောင်မျက်ဝန်းများရှိသည့် ယောကျ်ားက ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပြီး သူ့အား အနောက်မှ ပွေ့ဖက်လိုက်သည်။ သူ၏ပူပြင်းလှသည့်အသက်ရှူသံက ကျီလင့်လည်ပင်းပေါ် ကျရောက်လာခဲ့သည်။ အမျိုးသား၏နီးနီးကပ်ကပ် တည်ရှိနေမှုက ကျီလင်၏ခန္ဓာကိုယ်ပေါ်မှ အမွေးအမျှင်များကို ခိုက်ခိုက်တုန်သွားသကဲ့သို့ ထောင်မတ်သွားစေခဲ့သည်။ 


ကျင်းဆွေ့က ကျီလင်အား တင်းကြပ်စွာ ပွေ့ဖက်ထားခဲ့သည်။ သူ၏အမူအရာက နာကျင်ကာ စိတ်ဓာတ်ကျမှုများဖြင့် ပြည့်နှက်နေပေ၏။ အချိန်အတော်ကြာပြီးနောက် သူက အသံနိမ့်နိမ့်ဖြင့် ပြောလိုသည်။ 

"မင်းက ဒီလိုမျိုးကိုး... ကိုယ့်ကို မမြင်ချင်တော့ဘူးလား..."


ကျီလင်က အလွန်ကြောက်ရွံ့တတ်သည့် ငကြောက်လေးတစ်ယောက်ဖြစ်ကာ ဦးထုပ်စိမ်းဆောင်းခံရသည့် ဧကရာဇ်ကို သူ့အားနေရာတွင်သာ သတ်ခွင့်ပြုထားလိုက်သည်။ ယောကျ်ားတစ်ယောက်ထံမှ အရိုးချိုးမခံရရန်အလို့ငှာ ကျီလင် သတ္တိများ စုစည်းပြီး အေးစက်စက် မျက်နှာထား တပ်ဆင်လိုက်ကာ အကြင်နာတရားကင်းမဲ့စွာ ပြောလိုက်သည်။

"ကျွန်တော့်ကိုလွှတ်..."


ကျင်းဆွေ့က လွှတ်ပေးရန် ဆန္ဒမရှိချေ။ သူက ကောင်ငယ်လေး၏လည်ပင်းမှ ရနံ့လေးကို လောဘတကြီး ရှူသွင်းလိုက်သည်။ ဤရက်များတွင် သူ တစ်ချိန်လုံး ဤနေရာသို့ လာချင်သော်ငြား သူ မည်သို့မျက်နှာချင်းဆိုင်ရမည်နှင့် မည်သို့ရှင်းပြရမည်ကို သူ မသိခဲ့ချေ။ ထို့ကြောင့် သူ လူငယ်လေးအပေါ်ခံစားချက်ရှိနေကြောင်းကို ထိုနည်းဖြင့်သာ လောကကြီးကို သက်သေပြခဲ့ပြီး ကောင်ငယ်လေး သူ့ကိုခွင့်လွှတ်ပေးမည်ကို မျှော်လင့်နေမိခဲ့သည်။


သို့်ရာတွင် ကောင်ငယ်လေးက လက်ခံရန် ငြင်းဆိုနေဆဲပင်။


ထို့ပြင် ကားလို့စ်က ဘေးဘက်မှ စောင့်ကြည့်နေပြီး ထိုအချိန်၌ ကောင်ငယ်လေးအား တမင်တကာပင် ကြင်နာမှုများပြကာ ကောင်ငယ်လေးအား သူ့ထံမှာ အဝေးကို ခေါ်ဆောင်သွားချင်နေလေသည်။ 


ကားလို့စ်အပေါ် ကျီလင်၏အကြွင်းမဲ့ယုံကြည်မှုများကို တွေးတောလျက် ကားလို့စ်၏စက်ဆုပ်ဖွယ်ကောင်းသည့် နည်းဗျူဟာများကို သတိရသွားပြီး ကျီလင့်ကို လုံးဝဆုံးရှုံးသွားရလိမ့်မည်ဟူသော အကြောက်တရားကို ကျင်းဆွေ့ ပထမဆုံးအကြိမ် ခံစားမိလိုက်သည်။


သူ ဤကောင်ငယ်လေးနှင့် ထပ်ပြီး မနီးကပ်နိုင်တော့မည်ကို ခံစားလိုက်ရသည်။


ထို့ကြောင့် သူ မဒမ်မာရီနာထံလာကာ ကျီလင်ကို တွေ့ရန် အခွင့်အရေးတစ်ကြိမ်လောက်ပေးရန် မေးခဲ့သည်။



✨✨✨