✨ Chapter 66
အဆိုပြုခြင်း
ကျင်းဆွေ့ နေရာတွင် မတ်တတ်ရပ်လျက် ပါးစပ်ထဲမှ စပ်ဖျဥ်းဖျဥ်း နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က တောင့်တင်းနေပြီး သွေးနံ့များက လေထဲပြည့်နှက်သွားခဲ့သည်။
လူငယ်လေး၏လှပသည့် အပြာရောင်မျက်ဝန်းများထဲ၌ ယခင်ကဲ့သို့ ရှက်ရွံ့မှုများ၊ အချစ်များကို အရိပ်အယောင်လေးမျှ မမြင်ရတော့ဘဲ စိမ်းသက်နေသည့်အေးစက်စက် အမုန်းတရားများသာ ကျန်ရှိနေခဲ့သည်။ လူငယ်လေးက ရက်စက်လှသည့် အသံဖြင့်'ကျွန်တော့်ကို မထိနဲ့' ဟု ပြောခဲ့သည်။
သူ့နှလုံးသားထဲက အက်ကွဲကြောင်းများက ထပ်ပြီး ကျယ်ပြန့်လာကာ သူ့နှလုံးသားအား တစ်စစီ ဆုတ်ဖြဲတော့မတတ်ပင်။
ကျင်းဆွေ့ စကားပြောလိုက်ချင်သော်ငြား သူ့လည်ချောင်းက တစ်ဆို့နေခဲ့သည်။ သူ့ညာလက်အား ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ပြီး လက်ဖဝါးကို ထွင်းဖောက်လုနီးနီးပင်။ ထို့နောက်တွင်မူ သူ ချစ်မြတ်နိုးရသည့် ကောင်ငယ်လေးက ဝမ်းနည်းကြေကွဲစွာ ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"ခင်ဗျားက ဒီတစ်လျှောက်လုံး ကျွန်တော့်ကို မကြိုက်ခဲ့ဘူးပဲ..."
ကောင်ငယ်လေးက သူ့အချစ်ကို မယုံကြည်ခဲ့ပေ။
ကောင်ငယ်လေးက သူ သူ့(ကျီလင်)အပေါ် လှည့်စားပြီးအသုံးချကာ...မုန်းတီးနေခဲ့သည်ဟု ထင်နေခဲ့လေသည်။
သူ၏လှည့်စားမှုနှင့် အကြင်နာတရားကင်းမဲ့မှုကို လူငယ်လေးက မုန်းတီးနေခဲ့သည်။
ဤတစ်ကြိမ် လူငယ်လေးက သူနှင့်ဝေးရာကို လျှောက်လှမ်းသွားခဲ့သည်အား သူ ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကြည့်နေခဲ့ရသည်။ သူ လက်ဆန့်ကာ လူငယ်လေးအား ဖမ်းဆွဲလိုက်ချင်သော်ငြား မရွေ့လျားနိုင်ခဲ့ဘဲ တစ်ဖက်လူ၏ အင်္ကျီအစွန်းလေးကိုမျှပင် မထိနိုင်ခဲ့ချေ။
အဘယ့်ကြောင့်ဆိုသော် သူ လူငယ်လေးအား လိမ်ညာမိခဲ့သောကြောင့်ပင်။ သူ၏ယခင်ဘဝမှ အရာများကို ဖျောက်ဖျက်ပစ်ရန် ကြိုးစားခဲ့သည်။ သူက ကောင်ငယ်လေးကိုရရန်အတွက် စက်ဆုပ်ဖွယ်ကောင်းပြီး တတစ်ကိုယ်ကောင်းဆန်လှပေသည်။
ထို့ကြောင့် ဤသည်က သူဒဏ်ခတ်ခံရခြင်းသာဖြစ်သည်။
ကျင်းဆွေ့ နာကျင်စွာဖြင့် သူ့မျက်ဝန်းများကို ပိတ်လိုက်သည်။
ကားလို့စ်...နောက်ဆုံးကျရင် မင်းကို ငါ့လက်နဲ့ ကိုယ်တိုင် သတ်ပစ်မယ်...
----------------------
ကျီလင် အပြင်ဘက် မည်သူမှမရှိသည့် လမ်းပေါ်သို့ မရောက်မချင်း နန်းတော်ထဲမှ တစ်ချိုးတည်း ထွက်ပြေးလာခဲ့သည်။ အမှန်တကယ်တွင် သူကျင်းဆွေ့အား ယခုကဲ့သို့ ချန်ထားခဲ့လိုက်နိုင်လိုက်သည်ကို အစစ်အမှန်မဟုတ်သကဲ့သို့ မယုံနိုင် ခံစားနေရဆဲဖြစ်သည်။
ငါ သေရွာကနေ နောက်ဆုံးမှာ လွတ်မြောက်သွားခဲ့ပြီ...
တစ်ခုပဲ...
ကျင်းဆွေ့က ဝမ်းနည်းကာ ဒေါသထွက်နေပုံပေါ်၍ ကျီလင် သူ့နှလုံးသားထဲတွင် အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။ နောက်ဆုံးအားကိုးရာ မရှိတော့ဘဲ မတတ်သာ၍သာမဟုတ်ပါက သူ အမှန်တကယ်ကို ကျင်းဆွေ့အား နာကျင်စေရန် ဆန္ဒမရှိချေ။
ဒါပေမဲ့...ငါက တကယ်ကြီး ကျင်းဆွေ့အတွက် အရေးကြီးတာလား...
ကျီလင် မနေနိုင်ဘဲ သူ့အတိတ်ကို ပြန်လည်စားမြုံ့ပြန်တွေးတော လိုက်မိသည်။ ကျင်းဆွေ့ မည်ကဲ့သို့ မယုံနိုင်လောက်အောင် လျစ်လျုရှု့ပြီး အကြင်နာတရားကင်းမဲ့တတ်သည်ကို သူမှတ်မိပေသည်။ ကျီလင်က သူ့အား အရူးအမူး စွဲလန်းနေသည်ကို သိနေခဲ့သော်ငြား ကျင်းဆွေ့က ပြည်နှင်ဒဏ်ပေးခဲ့ဆဲပင်။
တကယ်လို့ ကျင်းဆွေ့လိုလူက ငါ့ကို တကယ်ကြိုက်တယ်ဆိုရင် အံ့သြစရာကြီးပဲ ဟုတ်တယ်မလား...
ကျီလင် သက်ပြင်းချပြီး အိမ်သို့ မိန်းမောစွာ ပြန်သွားလိုက်သည်။
ကမ္ဘာမြေပေါ်မှ ကောင်ငယ်လေးက သူ့ကိုယ်သူ ကာကွယ်ချင်သော်လည်း ဆန့်ကျင်ဘက်ဖြစ်စွာ ကိုယ့်ကိုယ်ကိုယ် စတင်အပြစ်ပုံချလာခဲ့တော့သည်။ သူက အစမှ အဆုံးထိ တာဝန်ကိုသာ ပြီးမြောက်ချင်ခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မနာကျင်စေချင်ခဲ့ချေ။ ထို့ကြောင့် ရက်စက်ကြမ်းကြုတ်သော အမြှောက်စာဇာတ်ကောင်ကို သူ ရခဲ့သောအခါ ရက်စက်ဟန်ဆောင်နေခဲ့၏။ သူ မျက်နှာဖြတ်ရိုက်ခံခဲ့ရချိန်တိုင်း စိတ်သက်သာရာ ရခဲ့လေသည်။
ဤမစ်ရှင်ကို သူ ပထမဆုံးလက်ခံရခဲ့ချိန်တွင် ဤမျှ ခက်ခဲလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ဤမစ်ရှင်အား တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားရင်းဖြင့် အောင်မြင်ပြီးမြောက်သွားလိမ့်မည်ဟု သူထင်ခဲ့မိသည်။
QAQ...
သူမ၏သား ညလယ်ကြီး ပြန်လာသည်ကို မြင်လိုက်ရသည့်အခါ မဒမ်မာရီနာ အလွန် အံ့အားသင့်သွားခဲ့သည်။ သူမသားက အိပ်မွေ့ချခံသူကဲ့သို့ မိန်းမောတွေဝေနေသည့် အသွင်အပြင်ကို ကြည့်ပြီး မဒမ်မာရီနာ စိတ်ဖိစီးစွာ မေးလိုက်သည်။
"ကလေးလေး ဘာဖြစ်လို့လဲ..."
ကျီလင် စကားမပြောချင်သလို သူ့မိခင်အား စိတ်ပူမသွားစေချင်၍ အသာအယာ ပြောလိုက်သည်။
"မေမေ...ကျွန်တော် အဆင်ပြေပါတယ်..."
မဒမ်မာရီနာ ထိုစကားကို လုံးဝမယုံကြည်ချေ။ ကျီလင်မျက်နှာပေါ်က ယခုထိ မခြောက်သေးသည့်မျက်ရည်များကို ကြည့်ကာ မဒမ်မာရီနာ သူမနှလုံးသားထဲတွင် ရုတ်တရက် သက်ပြင်းရှိုက်လိုက်သည်။
ကျင်းဆွေ့က ငါ့ကလေးလေးကို ထပ်ပြီး အနိုင်ကျင့်လိုက်တာတော့ မဟုတ်ဘူးမလား...
ကျင်းဆွေ့က ကျီလင်အပေါ် နွေးထွေးမှုမရှိဘဲ အေးစက်စိမ်းကားသည်ကို သူမ အမြဲတမ်း သိနေသော်ငြား ကျီလင်ကမူ ကျင်းဆွေ့အား နှလုံးသားတစ်ခုလုံး ပုံအပ်ကာ ချစ်မြတ်နိုးလေ၏။ ရုတ်တရက်ဆိုသလို ကျင်းဆွေ့က ကျီလင်အား သဘောကျသောကြောင့် ရက်အနည်းငယ်ကြာအောင် နန်းတော်ထဲ၌ ခေါ်ထားချင်သည်ဟု မဒမ်ရှအန်က သူမအား ပြောခဲ့သည်ကို မဒမ်မာရီနာ သတိရလိုက်သည်။ သူမနှလုံးသားထဲတွင် သူမသားအတွက် အလွန်ပျော်ရွှင်သွားခဲ့ပြီး သူမသားအား နန်းတော်ထဲ၌ ထားရန် ထွန့်ဆုတ်မနေခဲ့ချေ။
သူမသားသာ ကျင်းဆွေ့နှင့် ကောင်းကောင်းမွန်မွန် ရှိနေပါက သူမသား၏ဆန္ဒများ ယခုအချိန်မှစ၍ ပြည့်ဝသွားလိမ့်မည်ဖြစ်ပြီး သူမလည်း စိတ်သက်သာရာရသွားလိမ့်မည်ပင်။
ဒါပေမဲ့ အခုကြည့်ရတာ ကျင်းဆွေ့က စိတ်ရင်းမမှန်တဲ့ပုံပဲ ဟုတ်တယ်မလား... ငါ့သားလေးကို ထပ်ပြီး စိတ်မကောင်းဖြစ်အောင် လုပ်လိုက်ပြန်ပြီမလား...
ဤသို့တွေးပြီး မဒမ်မာရီနာ ဒေါသပြင်းပြင်းထန်ထန်ထွက်သွားသည်။ အကယ်၍ ကျင်းဆွေ့ကသာ ကျီလင်ကို သဘောကျဟန်ဆောင်ပြီး နာကျင်စေခဲ့ပါက သူမမျက်နှာပျက်ရမည်ကို ဂရုစိုက်နေမည် မဟုတ်ဘဲ နန်းတော်သို့သွားပြီး တရားမျှတမှုကို တောင်းဆိုမည်သာ ဖြစ်သည်။
သို့သော် ယခုမူ သူမ ကျီလင်အား မလှုံဆော်ရဲပေ။ ထို့ကြောင့် စိတ်သောကများကို သည်းခံပြီး နူးညံ့စွာ ပြောလိုက်သည်။
"အဆင်ပြေပါတယ်...မြန်မြန် သွားဆေးကြောချည်..မင်းမျက်နှာကိုလည်း ကြည့်လိုက်ဦး..."
မဒမ်မာရီနာ မမေးမြန်းခဲ့သည့်အတွက် ကျီလင် အလွန် ဝမ်းသာသွားသည်။ သူ တစ်ခဏလေးမျှပင် မနေချင်တော့၍ ကိုးရိုးကားရားဖြင့် ထွက်သွားလိုက်သည်။
ကျီလင် ထွက်ခွာသွားသည်နှင့် သူ့နောက်ကျောကို ကြည့်ပြီး မဒမ်မာရီနာ၏ မျက်ဝန်းများ နစ်မြှုပ်သွားခဲ့သည်။ သူမလှည့်ကာ အိမ်ထဲမှ ထွက်သွားလိုက်သည်။
------------------
ကျီလင် သူ၏ရင်းနှီးကျွမ်းဝင်နေသော အခန်းကို ပြန်သွားလိုက်ပြီး ၎င်းကို သူအကြိုက်ဆုံး ဖြစ်နေဆဲကို တွေ့လိုက်ရသည်။ ၎င်းက သူ၏အိမ်အစစ်မဟုတ်သော်ငြား ဤထူးဆန်းသည့် ကမ္ဘာကြီးထဲတွင် သူ့အား အနည်းငယ် စိတ်လုံခြုံမှုနှင့်သက်တောင့်သက်သာဖြစ်မှုအား ပေးနိုင်လေသည်။
ဤအတိုင်း....သူ၏အစစ်အမှန်အိမ်ကို ပြန်ရပါက ပို၍ကောင်းမည် ဖြစ်နေရုံလေးပင်။
ကျီလင် သူ့မျက်ဝန်းများကို ပွတ်လိုက်သည်။
ယခု ကမ္ဘာပေါ်တွင် သူ့မိဘများက မည်မျှ ဝမ်းနည်းနေမည်ကို သူ မသိပေ။ ထိုအကြောင်းကို တွေးလိုက်ရာ ကျီလင် ပို၍ပင် ဝမ်းနည်းလာခဲ့သည်။ သူ့ရင်ထဲ မွန်းကျပ်လာပြီး သန်မာသကဲ့သို့ ဟမ်ဆောင်ကာ ၎င်းကို မတွေးရဲတော့ချေ။ မကြာမီတွင် မစ်ရှင် ပြီးတော့မည်ဟုသာ သူ ကြံရာမရ တွေးမိတွေးရာ တွေးလိုက်မိသည်။
သူ အလွန်အလုပ်ကြိုးစားခဲ့ပြီး သူ လုပ်သင့်သည့်အရာမှန်သမျှကို လုပ်ဆောင်ခဲ့သည်။ သို့သော်ငြား မစ်ရှင်ပြီးမြောက်ရန်က အလွန်ဝေးကွာနေဆဲပင်။
၎င်းက သူ အနှောင့်အယှက်များ တစ်ခုပြီးတစ်ခု ကြုံရချိန်တွင် လက်မလျှော့ခဲ့ချင်၍မဟုတ်ဘဲ သူလက်မလျှော့နိုင်ခဲ့ခြင်းပင်။ အကယ်၍ သူသာ လက်လျှော့လိုက်ပါက အမှန်တကယ်ပင် မျှော်လင့်ချက် လုံးဝမရှိ ဖြစ်သွားမည်ပင်။
ကျီလင် အိမ်၌ သူ့ကိုယ်သူ တံခါးနောက်ကွယ်၌ စတင် ပိတ်လှောင်ထားခဲ့သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် သူ ကျင်းဆွေ့ကို ဒေါသထွက်ခဲ့သည်မှာ သိသာထင်ရှားပေသည်။ ကျီလင် မပြောလျှင်ပင် ကျင်းဆွေ့က သူ့ကို ပစ်မှတ်ထားလိမ့်မည်မဟုတ်ဘဲ နောက်ကွယ်က သွေးထိုးလှုံ့ဆော်သူက ကားလို့စ်ဟု ကျင်းဆွေ့ ခန့်မှန်းနိုင်မည်ကို ကျီလင် သိပေသည်။ သို့သော်ငြား ထိုအချိန်က ကျင်းဆွေ့၏ကြောက်မက်ဖွယ်ကောင်းသည့် အကြည့်များကို ပြန်လည်တွေးလိုက်မိချိန်တိုင်း သူ့နှလုံးသားထဲ တုန်လှုပ်ချောက်ချားသွားဆဲ ဖြစ်သည်။ သူအလွန်ပင် ကြောက်ရွံ့နေပြီး ခံစားချက်များ ရှုပ်ထွးနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြီး ကျင်းဆွေ့ဘက်က မည့်သည့်လှုပ်ရှားမှုမှ မလုပ်လာခဲ့ချေ။
သူ့ထံ လာရောက်မတွေ့ဆုံခဲ့သလို မည်သည့် မက်ဆေ့ချ်မှလည်း မပို့ခဲ့သည်မှာ ဘာမှ မဖြစ်ခဲ့သည့်အလားပင်။
ကျီလင် စိတ်သက်သာရရသွားခဲ့သည်။ သူ မှန်ကန်သည့် အလောင်းအစား လုပ်လိုက်ခဲ့သည်ဟု ခံစားလိုက်ရသည်။
ကျင်းဆွေ့၏ မာနကြီးသည့်ဇာတ်ကောင်အရ ယခင်ဘဝက အပြစ်ရှိစိတ်ကြောင့် သူ့အပေါ် အလွန် ကောင်းပေးနေသည်ကပင် ကျင်းဆွေ့၏ကန့်သတ်ချက်သို့ ရောက်ပြီးနေပြီ ဖြစ်သင့်ပေသည်။ ပထမတွင် အနည်းငယ် ဝမ်းနည်းပြီး ဒေါသထွက်ကောင်းထွက်နိုင်သော်လည်း စိတ်ငြိမ်သွားပြီးနောက်တွင် သူ့အပေါ် ထပ်မံတွယ်ကပ်နေတော့မည် မဟုတ်ပေ။ ကျင်းဆွေ့က သူ့အပေါ် လက်လျှော့ပြီး ကားလို့စ်နှင့် နှစ်တစ်ရာကြာမည့် နိုင်ငံရေးအာဏာလွန်ဆွဲပွဲ၌သာ ပြန်လည်အာရုံစိုက်သွားလိမ့်မည်ပင်။
အရမ်းကောင်းတယ်...
ကျီလင်၏စိတ်ဝိညာဥ်က ပြန်လည်တက်ကြွလာခဲ့သည်။ သူက လုံလုံလောက်လောက် သန်မာခြင်း မရှိကောင်း မရှိနိုင်သော်ငြား အတားအဆီးများက ဘယ်သောအခါမှ သူ့အား လွယ်လွယ်ကူကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
ပထမဆုံး ကျင်းဆွေ့ကို သူ့ကိုယ်သူ စိတ်ဓာတ်ကျခွင့်ပေးလိုက်ပြီး သူ့တည်ရှိမှုကို တတ်နိုင်သမျှ နည်းအောင် ကြိုးစားနေရပေမည်။ ထိုမှသာ တစ်ခဏကြာလျှင် မစ်ရှင်ပြီးမြောက်ရန် မျှော်လင့်ချက် ရှိမရှိကို သူ သိနိုင်မည်ပင်။
ကျီလင် စိတ်ရှည်စွာနှင့် အိမ်မှာနေကာ စောင်ကြည့်ခဲ့လေသည်။
သို့သော် ထိုအချိန်အတွင်း မဒမ်မာရီနာက သူ့အားတစ်ခုခု ပြောချင်သော်လည်း သူ့အား လှုံ့ဆော်မိသွားမည်ကို စိုးရိမ်နေသကဲ့သို့ အမြဲလိုလို သူ့အား ထူးထူးဆန်းဆန်း ကြည့်နေရုံလေးပင် ဖြစ်သည်။ ယင်းက ကျီလင်အား ပို၍ပင် နားမလည်နိုင်အောင် ခံစားရစေသည်။
ယနေ့တွင် ကျီလင် တစ်ရေးအိပ်ရာမှနိုးလာချိန်တွင် သူ့ဆက်သွယ်ရေးစက်က သူ၏မြေခွေးလိုသူငယ်ချင်းများထံမှ မက်ဆေ့ချ်များကြောင့် ပေါက်ကွဲမတတ်ဖြစ်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ -
မြန်မြန်လေး အင်တာနက်ကို ဖွင့်ကြည့်လိုက်...
သေစမ်း မဟုတ်လောက်ဘူးမလား...
ကျီလင် ရုတ်ခြည်း အိပ်ချင်ပြေသွားပြီး အင်တာနက်ကို အလျင်အမြန် ဖွင့်လိုက်သည်။ သူ့နှလုံးသားအား တူကြီးတစ်လက်ဖြင့် ထုလိုက်သကဲ့သို့ ပါးစပ်အပြည့် သွေးတစ်လုပ် အန်လုနီးပါး ဖြစ်သွားကာ မည်းမှောင်သွားခဲ့သည်။
မမျှော်လင့်ထားစွာပင် အင်တာနက်ပေါ်က သူ့ပင်မစာမျက်နှာပေါ်၌ တစ်ကြိမ်တစ်ခါမှ ဘာမှမတင်ဖူးခဲ့သည့် ကျင်းဆွေ့က ရုတ်တရက်ကြီး ကျီလင်အား မန်းရှင်းထားခဲ့သည် : ကိုယ် မင်းအပေါ် စိတ်ရင်းနဲ့ပါ...
ဤသည်က ကျင်းဆွေ့၏ကိုယ်ပိုင်ပင်မစာမျက်နှာပေါ်ရှိ တစ်ခုတည်းသော စာကြောင်းပင် ဖြစ်သည်။
အကယ်၍ အင်ပါယာရှိ မည်သူကမှ ကျင်းဆွေ့၏အကောင့်ကို ခိုးယူရန် သတ္တိမရှိသည်ကိုသာ သူ မသေချာပါက ဤသည်က မည်သူ့စနောက်မှုလဲဟု ကျီလင် အံအားသင့်နေဦးမည်ပင်။
ကျီလင် စိတ်ရှုပ်ထွေးသွားခဲ့သည်။
အစ်ကိုကြီး မင်း ဘာတွေလုပ်နေတာတုန်း... ကျွန်တော် အဲ့လိုလုပ်ဖ်ို့ ခွေးကောင် ကားလို့စ်ရဲ့စကားကို နားထောင်ခဲ့တာလေ...အဲ့ဒါကြောင့် ကျွန်တော့်ကို မျက်နှာသာလေးတော့ပေးပါဦးဟ...ခင်ဗျား အခုထိ လက်လျှော့ဖို့ ငြင်းနေတုန်းပဲပေါ့လေ...ဒီလိုလုပ်လို့ ဖြစ်လာမယ့်နောက်ဆက်တွဲ အကျိုးဆက်တွေကိုတောင် ဂရုမစိုက်တော့ဘူးလား...
ခင်ဗျား ဒီလိုဆက်လုပ်နေမယ်ဆို ကျွန်တော်က ခင်ဗျားရဲ့တကယ့်အချစ်စစ်လို့ ထင်မိတော့မယ်နော်...အော့...
ငါ ဘာမှမလုပ်ရဘဲနဲ့ကို ဆယ်လီတစ်ယောက် ဖြစ်ပြီးနေပြီ ...ကြောက်စရာကောင်းလိုက်တာ ကြောက်စရာကောင်းလိုက်တာ...
ကျီလင် အင်တာနက်ပေါ် တစ်ချက်ကြည့်လိုက်ရာ ဤကိစ္စက အင်ပါယာတစ်ခုလုံးကို လုံးဝ အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်ကို တွေ့လိုက်ရသည်။ အင်တာနက်တစ်ခုလုံးက မယုံကြည်နိုင်သည့်အမျိုးမျိုးသော အသံများဖြင် ပြည့်နှက်နေလေသည် : သူတို့၏ဥာဏ်ပညာကြွယ်ဝပြီး စွမ်းအားကြီးမားလှသည့် အင်ပါယာအရှင်ဧကရာဇ်က ကျော်ကြားသည့် အင်ပါယာပလေးဘွိုင်း ကျီလင်အပေါ်ထားရှိသည့် သူ့အချစ်များကို သူ့ကိုယ်ပိုင်ပင်မစာမျက်နှာပေါ်တွင် ပွင့်ပွင့်လင်းလင်း ဖွင့်ဟဝင်ခံခဲ့လေသည်။
ကျင်းဆွေ့၏စကားများကြောင့် မရေမတွက်နိုင်သော ကောလဟာလများက ပြိုလဲကျသွားကြသည်။
အင်တာနက်ပေါ်ရှိလူများက ဧကရာဇ်နှင့် နဥ်ယွီကြားက အတင်းအဖျဥ်းကို ဆက်ပြီးမယုံကြည်ကြတော့ချေ။ ပြောရလျှင် အခြေအမြစ်မရှိသည့်ကောလာဟလများနှင့် နှိုင်းယှဥ်ပါက ဤသည်က အစ်အမှန် သံမဏိတူကြီးပင် ဖြစ်သည်။
ဧကစာဇ် အနှစ်သက်ဆုံးက နဥ်ယွီ မဟုတ်ဘူး...ကျီလင်ပဲဟ...
ဤအချက်က ကျီလင်ကိုမကယ်မီ တစ်ယောက်ချင်းတိုက်ပွဲတွင် ဧကရာဇ်က အဘယ့်ကြောင့် စည်းမျဥ်းများကို ချိုးဖောက်ရန် မတုန့်ဆိုင်းနေခဲ့သည်ကို ရှင်းပြပြီးသား ဖြစ်သွားပေ၏။
ထို့နောက် ချက်ချင်းပင် မကြာသေးမီက နာဒိုဂလက်ဆီတိုက်ပွဲတွင် ပါဝင်ခဲ့ကြသော စစ်သားများကလည်း အင်တာနက်ပေါ်တွင် စတင်ထွက်ဆိုလာခဲ့ကြသည်။ ဧကရာဇ်က ကျီလင်အား အချစ်စစ်အချစ်မှန်နှင့် ချစ်ပြီး ပိုးမွေးသကဲ့သို့ ဖူးဖူးမှုတ် အလိုလိုက်ထားကြောင်း သူတို့က ထောက်ခံခဲ့ကြသည်။ သူက ကျီလင်အား ကောင်းကင်ပေါ် ရောက်အောင်ထိ အလိုလိုက်၊အကြိုက်ဆောင် ပေးခဲ့ခြင်းပင်။ အကယ်၍ ဧကရာဇ်ကသာ ကျီလင်အား မကြိုက်ပါက သူက ကျီလင်၏ခေါင်းအား ခုတ်ဖြတ်ပစ်လိမ့်မည်ဖြစ်သည်။
တစ်ညကုန်လွန်သွားပြီးနောက် အင်တာနက်ပေါ်ရှိ လူများက ကျီလင်က ဧကရာဇ်၏အချစ်စစ် ဖြစ်ကြောင်း ပြောနေခဲ့ကြသည်။
ကျီလင်မှာ မှင်သက်သွားရပြီး မစားနိုင်၊မအိပ်နိုင်တော့ချေ။ ဤသည်က အဆိုးဝါးဆုံး အခြေအနေဟု သူတွေးလိုက်ချိန်တွင် ပိုမိုဆိုးဝါးသည့်အရာက ဖြစ်လာခဲ့သည်။
ကျီလင်က ဧကရာဇ်၏ တရားဝင်အတွဲဟု တွေးကြလျက် အင်တာနက်ပေါ်ရှိ လူထု၏အမြင်ဦးတည်ရာက ကျီလင်ထံ ရောက်သွားသော်ငြား ယခုထိ အလျှော့ပေးရန် ဆန္ဒမရှိကြသည့် နဥ်ယွီပရိသတ်များက ကျန်နေဆဲပင်။ သူတို့က ကျင်းဆွေ့မှာ နဥ်ယွီအား စိတ်ဝင်စားမှုရှိကြောင်း ပြောလာကြကာ ကျင်းဆွေ့နှင့်နဥ်ယွီကြားက တွေ့ဆုံမှုတိုင်းကို နည်းအမျိုးမျိုးဖြင့် အသေးစိတ် ရှာဖွေခဲ့ကြပြီး အတင်းအကျပ်လိုရာဆွဲကာ မမှန်မကန်ပြောလျှက် အဓိပ္ပာယ်ကောက်လိုက်ကြသည်။ ထိုမှသာ ကျင်းဆွေ့နှင့် နဥ်ယွီကြား တစ်စုံတစ်ရာရှိသကဲ့သို့ သက်သေပြနိုင်မည်ပင်။
ရလဒ်အနေဖြင့် မတိုင်မီက တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် နဥ်ယွီက ရုတ်တရက် ပို့စ်တင်ကာ ပြောလာခဲ့လေသည် : ကောလာဟလက စဥ်းစားဥာဏ်ကို ရပ်တန့်စေတယ်...
နဥ်ယွီ၏စကားလုံးများက သူနှင့်ကျင်းဆွေ့ကြား၌ မည်သည့်ပတ်သက်မှုမှ မရှိဘဲ ယခင်က အတင်းအဖျင်းများမှာ မမှန်ကန်ကြောင်း ရှင်းရှင်းလင်းလင်း ငြင်းဆိုလိုက်သည့် သဘောသက်ရောက်သွားခဲ့သည်။ ကျင်းဆွေ့၏ခံစားချက်များနှင့် သူ ဘယ်တုန်းကမှ မရှုပ်ထွေးခဲ့ချေ။
ဤစာကြောင်းက နောက်ဆုံးကျန်ရှိသည့် မယုံကြည်ကြသူများကို ပျောက်ကွယ်သွားစေခဲ့သည်။
အင်တာနက်ပေါ်ရှိလူများက ကျင်းဆွေ့နှင့်ကျီလင်၏
မယုံနိုင်စရာကောင်းလောက်အောင် ချိုမြိန်လှသည့်ရာစုနှစ်၏ အချစ်ပုံပြင်လေးထဲ၌ စတင် အရသာတွေ့
ကာ မွေ့လျော်လာကြတော့သည်။ ဤပုံပြင်လေးထဲတွင် နဥ်ယွီမပါဝင်ခဲ့ချေ။
ကျီလင် လုံးဝ ကြက်သေသေသွားခဲ့သည်။
ဇာတ်လိုက် shou တစ်ယောက်အနေနဲ့ ဘာလို့ မင်းက ဇာတ်လိုက်gong နဲ့ ဘာမှမလုပ်ချင်ဘဲ ငါတို့အချစ်ကိုပဲ ဖြည့်ဆည်းပေးချင်နေတဲ့ပုံ ပေါ်နေရတုန်းကွ...အဲ့ဒါက မှန်မနေဘူးနော် အာ...နောက်ဆုံးအခေါက်တုန်းက ကျင်းဆွေ့က ငါ့ကိုဘယ်လောက်ချစ်လဲဆိုတာ မင်းမြင်ချင်သေးတယ်လို့တောင် ငါ့ကို ရက်ရက်စက်စက် မပြောခဲ့ဘူးလား...
အကယ်၍ ဤသို့သာ ဆက်ဖြစ်နေပါက နဥ်ယွီက ဖြတ်လျှောက်လေးတစ်ယောက်သာ ဖြစ်လာလိမ့်မည်ပင်။
ကျီလင်မှာ အမှန်အကန်ကို သောကရောက်နေတော့သည်။
ထိုနေ့မနက် သူ အိပ်ရာမှ နိုးလာချိန်တွင် ရွှေရရောင်ဆံပင်မွေးများစွာက သူ့ခေါင်းအုံးပေါ်မှ ကျလာသည်ကို မြင်လိုက်ရသည်။ သူ့ဆံပင်များကိုဝမ်းနည်းကြေကွဲစွာ လိမ်ကျစ်လိုက်ပြီး ဗလာသက်သက် စိုက်ကြည့်နေမိသည်။
ငါ့ဆံပင်တွေ ကျွတ်မှာကို စိုးရိမ်နေရပြီ...ဒီလိုဆက်ဖြစ်နေမယ်ဆို ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်သွားတော့မှာ မဟုတ်ဘူးလား...
ဒီလို ဇာတ်လိုက် gongနဲ့တွေ့ရတာ ငါဘာအမှားတွေ လုပ်ခဲ့မိလို့လဲ...ဒါက ကံကြမ္မာလား...
သူတို့နှစ်ယောက်က ယုံကြည်အားကိုးရတဲ့သူငယ်ချင်းကောင်းတွေလို့တောင် နုံနုံအအနဲ့ ငါတွေးခဲ့မိသေးတယ်...ဒါပေမဲ့ အခုတော့ အမှားကြီးဆိုတာ သိလိုက်ပါပြီလေ...အဲ့လိုမယုံကြည်ရတဲ့ ဗီလိန်တွေနဲ့ဝိုင်းခံရမယ့်အစား မစ်ရှင်အရှုံးခံလိုက်တာမှ ပိုကောင်းဦးမယ်...
✨✨✨