Chapter 65
Viewers 15k

✨ Chapter 65



အရေးကြီးတာက ဒီအခွင့်အရေးကိုယူပြီး လက်ရှိအခြေအနေကို ဖျက်ဆီးပစ်လိုက်ဖို့ပဲ...


ကားလို့စ်က သူ့ကို ဆင်ခြေတစ်ခု ပေးခဲ့သည်။ 


အဘယ့်ကြောင့်ဆိုသော် သူ့စရိုက်သဘာဝအရ ကျင်းဆွေ့အား စွဲလမ်းချိန်တွင် ထိုသို့ ရှုပ်ထွေးလှသည့်အရာကို တွေးနိုင်မည် မဟုတ်ပေ။ အခြားသူများ၏ဆွပေးသည့် စကားများကို ဆန္ဒအလျှောက် နားထောင်ပေးရန်မှာ မဖြစ်နိုင်ချေ။ သို့သော်ငြား အကယ်၍ ဆွပေးသည့်သူက သူအမြဲ ယုံကြည်အားကိုးခဲ့ရသည့် အန်ကယ်ကားလို့စ်သာ ဖြစ်နေခဲ့လျှင် ကျိုးကြောင်းဆီလျော်သွားလိမ့်မည်ပင်။


ထို့နောက်တွင်တော့ သူက ကျင်းဆွေ့အား အရူးအမူး စွဲလမ်းလွန်နေ၍ ထိုကဲ့သို့ ရက်စက်လှသည့် အမှန်တရားကို လက်သင့်ခံနိုင်မည် မဟုတ်ပေ။ သူက ကျင်းဆွေ့ကို သံသယဝင်လာပြီး အချစ်ကြောင့် မုန်းတီးမှုများ စတင်ပေါက်ဖွားလာပေလိမ့်မည်။ သဘာဝကျစွာပင် သူက ကျင်းဆွေ့၏လိုက်လံပိုးပန်းမှုကို ဖယ်ရှားနိုင်သွားလိမ့်မည် ဖြစ်သည်။


ဤနည်းဖြင့် ကျင်းဆွေ့က သူ့အား သံသယဝင်တော့မည် မဟုတ်ဘဲ ကားလို့စ်ကိုသာ သံသယဝင်သွားမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယခင်ဘဝအစမှ အဆုံးထိ ကားလို့စ်က ကျင်းဆွေ့အား ဤကဲ့သို့တိုက်ခိုက်ခဲ့ပြီး အထူးသဖြင့် ကျင်းဆွေ့အား ခက်ခဲသည့်အချိန်များ ဖြစ်ပေါ်စေခဲ့၍ပင်။ ဤကိစ္စမျိုးက ကားလို့စ်သာ လုပ်နိုင်သည့်အရာဖြစ်သည်။


တစ်ချိန်တည်းမှာပင် သူက ကားလို့စ်၏ရန်ဆွစကားများကို နားထောင်လောက်ရအောင် မိုက်မဲသောကြောင့် ကျင်းဆွေ့က သူ့ကို(ကျီလင့်ကို) စိတ်ပျက်သွားလိမ့်မည် ဖြစ်သည်။ သို့သော်ငြား အားနည်းကာ ပျော့ညံ့သည့် သူ့ကို အပြစ်မတင်နိုင်ဘဲ သူ့ကိုလှည့်ဖြားခဲ့သည့် ကားလို့စ်ပေါ်၌ သူ့ဒေါသများကို ပုံချလိုက်လိမ့်မည်ပင်။ 


ကျင်းဆွေ့ကို ချောချောမွေ့မွေ့ ဖယ်ရှားနိုင်ရုံသာမကဘဲ သူ့ကိုယ်သူလည်း မမြင်သာအောင် ပါးရိုက်နိုင်လိုက်သောကြောင့် ကျင်းဆွေ့က သူ့ကို သဘောမကျဖြစ်သွားလိမ့်မည်ပင်။ နောက်ဆုံး၌ အိုးပူပူကို ကားလို့စ်ထံ အောင်အောင်မြင်မြင် လွှဲပေးလိုက်နိုင်သွားပြီး ကျင်းဆွေ့၏ဒေါသကို ကားလို့စ်က ခံစားရမည် ဖြစ်သည်။ ကားလို့စ်က သူ့ကိုလာရှာပြီး ဤစကားများပြောကတည်းက ကျင်းဆွေ့နှင့် ဆက်လက်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်ပြီးသား ဖြစ်နေသင့်ပေသည်။


ကျီလင် ထိုအကြောင်းကို တွေးကြည့်လေလေ ၎င်းက ပြည့်စုံသည်ဟု ခံစားရလေလေပင်။


တောင်တန်းနဲ့ပင်လယ်ကို ဖြတ်ကျော်ဖို့ နည်းလမ်းမရှိပေမဲ့ ငါ့ရဲ့အမှောင်မိုင်ဆုံးအချိန်မှာ မျှော်လင့်ချက်အလင်းရောင်မှိန်မှိန်လေးတော့ ရှိသေးတာပါပဲ ...


(T/N- တင်စားထားတာပါ တောင်တန်းနဲ့ပင်လယ်ကိုဖြတ်ကျော်ဖို့ မဖြစ်နိုင်သလိုမျိုး အကျပ်အတည်းအလက်အခဲတွေ့နေရချိန်မှာ ဖြေရှင်းချက်တစ်ခုထွက်လာတာကို ပြောတာပါ...)


သူ့နှလုံးသားလေးက မျှော်လင့်ချက်များဖြင့် ပြန်လည်ရှင်သန်လာခဲ့သည်။ လူဆိုးကောင်များကလည်း လူဆိုးကောင်များအတွက် အသုံးဝင်ပေသည်။ ကားလို့စ်က အိပ်ငိုက်နေသည့် သူ့အတွက် ခေါင်းအုံးအဆင်သင့် ပစ်ပေးလိုက်ခြင်းပင်။ ရုတ်တရက်ကြီး ကားလို့စ်က ထိုမျှ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် မကောင်းတော့ဟု သူ ခံစားလိုက်ရသည်။


ဒီနေ့ ခင်ဗျားက ကျွန်တော့်ရဲ့ကယ်တင်ရှင်ပဲ ...


ဒီလိုလုပ်ရတဲ့အတွက် ကျင်းဆွေ့အပေါ် နည်းနည်းစိတ်မကောင်းပေမဲ့လည်း...ဘယ်လိုပဲဖြစ်ဖြစ် ကျင်းဆွေ့က ငါ့အပေါ် တကယ်ကြိုက်တာမှ မဟုတ်တာ...သူ့အရင်ဘဝက အပြစ်ရှိစိတ်ကြောင့်သာ ဒီလိုခံစားချက်တွေ ပေါ်လာတာလေ...ဒီတော့ မြန်မြန်လေးအသိတရားရပြီး ပုံမှန် ဧကရာဇ်ပြန်လုပ်လိုက်ပါတော့...မင်း ချစ်ရမယ့်သူကိုပဲ ချစ်ရမယ်...ဒါဇာတ်လိုက် gong ဖြစ်တဲ့ မင်း ကံကြမ္မာပဲလေ...


ကျီလင် စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့အခန်းသို့ ပြန်သွားလိုက်သည်။


ဤသည်က သူ၏တစ်ခုတည်းသော နည်းလမ်းပင်။


သူ့တွင် လွတ်မြောက်လမ်းမရှိတော့ချေ။


-------------------


ကျင်းဆွေ့က ညစာစာပွဲသို့ ပြန်သွားလိုက်သည်။ ကျီလင်က ပြန်မလာသေးသည်ကို သတိမထားမိခင်အထိ လူများနှင့် စကားပြောဆိုဆက်ဆံနေခဲ့သည်။ ကျီလင် ပြန်မလာသေးသည်ကို သတိထားမိသွားပြီးနောက် အစေခံတစ်ဦးကို လက်ယပ်ခေါ်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ 

"ကျီလင်ဘယ်မှာလဲ..."


အစေခံက ချက်ခြင်းပြန်ဖြေလိုက်သည်။

"သခင်လေးကျီလင်က စောစောအနားယူဖို့ ပြန်သွားခဲ့ပါပြီ အရှင်..."


ကျင်းဆွေ့ အံ့အားသင့်သွားခဲ့သည်။ မတိုင်မီက ကျီလင်ကိုကြည့်လျှင် သူ့သူငယ်ချင်းများနှင့်အတူတူရှိချင်သည်ထင်ရပေသည်။ ကျီလင် အဘယ့်ကြောင့် တစ်ယောက်တည်း ထိုမျှ မြန်မြန်ပြန်သွားခဲ့ရသလဲ သူ မသိချေ။ အနည်းငယ် စိတ်ပူသွား၍ သူလည်း ညစာစားပွဲမှ ထွက်လာလိုက်ကာ ပြန်သွားလိုက်သည်။


ယနေ့ညတွင် သူချစ်မြတ်နိုးရသည့် ကောင်ငယ်လေးကို လူအများရှေ့ တရားဝင်ကြေညာခဲ့သော်ငြား သူကိုယ်တိုင်ကမူ...ယခုလေးတင် ဘရန်ဒန်ရှေ့တွင် ကျီလင်အပေါ် သူ လုပ်ခဲ့သည့်အပြုအမူက ကောင်ငယ်လေးကို စိတ်ဆိုးဒေါသထွက်ပြီး ရှက်ရွံ့သွားစေခြင်းဖြစ်နိုင်သည်။ 


ဒီကောင်ကလေးက အရမ်းရှက်တတ်လွန်းတယ်....နမ်းခံနေရတာကို တွေ့ခံလိုက်ရတာက ဘာဖြစ်သွားမှာမို့လို့လဲ...


ကျင်းဆွေ့ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ ထိုသို့ဆိုသော်ငြား သူ ကျီလင်ကို ချော့ရပေဦးမည်ပင်။


ကျင်းဆွေ့ ထိုအတွေးနှင့်အတူ သူ့နန်းတော်ကို ပြန်လာလိုက်သည်။ ကျီလင်၏အခန်းက မီးလင်းနေသည်ကို သူ တွေ့လိုက်ရသည်။ ကောင်ငယ်လေးကို မြင်ရတော့မည်ဟူသော အတွေးက သူ့နှလုံးသားကို နူးညံ့ကာ ပျော့ပြောင်းသွားစေသော်ငြား သူ ချည်းကပ်လိုက်ချိန်တွင် အခန်းတွင်းမှ တစ်စုံတစ်ရာ ကွဲကြေသွားသံကို ကြားလိုက်ရသည်။


ကျင်းဆွေ့၏မျက်နှာက ပြောင်းလဲသွားသည်။ သူအခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်ရာ ကျီလင်က ရက်စက်ခက်ထန်စွာဖြင့် စားပွဲပေါ်မှ ပန်းကန်များနှင့်ခွက်များကို လက်ဖြင့် တွန်းဖယ်တိုက်ချနေသည်ကို မြင်လိုက်ရသည်။ သူ့မျက်ဝန်းများက နီရဲနေပြီး ရင်ဘတ်ကလည်း ပြင်းထန်စွာ မြင့်လိုက်၊နိမ့်လိုက်ဖြစ်နေသည်မှာ အလွန်အမင်း ဒေါသထွက်နေသကဲ့သို့ပင်။


ကျင်းဆွေ့ အလွန်စိတ်ပူပန်သွားပြီး အံ့သြသွားခဲ့သည်။ ကျီလင်က ထိုမတော်တဆ နမ်းမိခဲ့သည့်အပေါ် ထိုမျှ ဒေါသထွက်စိတ်ဆိုးနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ 


ကျင်းဆွေ့ လျင်မြန်စွာ လျှောက်သွားလိုက်ပြီး ကျီလင်အား ဖက်ပြီးနှစ်သိမ့်ပေးရန် လက်ဆန့်လိုက်သည်။ သို့‌သော် ဤတစ်ကြိမ်တွင် ကျီလင်က ရုတ်တရက် ရှောင်ဖယ်လိုက်သည်။ ကျီလင်က သူ့အား အေးစက်ကာ နာကျင်နေသည့် အကြည့်များဖြင့် ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းအားကိုက်ထားကာ စကားမဆိုခဲ့ချေ။ 


ကျင်းဆွေ့၏မျက်ဝန်းများက အေးခဲသွားခဲ့သည်။ နောက်ဆုံးတွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သူ သဘောပေါက်သွားပြီး ဖြေးဖြေးချင်း ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ...မင်း ဒေါသထွက်အောင် ဘယ်သူက လုပ်လိုက်တာလဲ..."


ဤဒေါသထွက်နေခြင်းက မကြာသေးမီက သူနမ်းခဲ့သည့် အပြုအမူနှင့် မသက်ဆိုင်နိုင်ပေ။ ထိုအချိန်က ကျီလင်မှာ ရှက်ရွံ့နေခဲ့သော်ငြား ဤသို့ဒေါသတကြီးမဖြစ်ခဲ့ချေ။


ကျီလင်၏ရင်ဘတ်က ပြင်းပြင်းထန်ထန် မြင့်လိုက်နိမ့်လိုက် ဖြစ်နေခဲ့သည်။ ရုတ်တရက်ပင် ကျီလင် သူ့ပါးစပ်ကိုဖွင့်ကာ တိုးလျပြီး အားငယ်၊ဝမ်းနည်းနေသည့် အသံဖြင့် မေးလိုက်သည်။

"ကျင်းဆွေ့ကော...ကျွန်တော့်ကို တကယ်သဘောကျတာလား..."


ကျင်းဆွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ကျီလင်က ဤကိစ္စအား ထပ်မံဖော်ထုတ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။ သို့သော် သူ စိတ်ရှည်ရှည်ဖြင့် ပြောလိုက်ဆဲပင်။

"သေချာပေါက် ကိုယ်မင်းကို သဘောကျတာပေါ့...ကိုယ် နဥ်ယွီနဲ့ ဘာမှမဆိုင်ဘူးလို့ မင်းကို အကြိမ်ပေါင်းမနည်း ပြောဖူးသားပဲ..."


သို့သော်ငြား ယခုတစ်ကြိမ်တွင်မူ ကျီလင်က သူပြောသည်ကို နားမထောင်ဘဲ ပထမဆုံးအကြိမ် သူ့အား ဖြတ်ပြောလိုက်သည်။ မျက်ဝန်းထဲတွင် မျက်ရည်များနှင့် စူးရှသောအသံဖြင့် ပြောလိုက်သည်။

"နဥ်ယွီနဲ့ ဘာမှမဆိုင်ဘူးလား..."


ကျင်းဆွေ့ ပဟေဠိဖြစ်သွားသည်။ သူ့မျက်လုံးများက အနည်းငယ် နစ်မြှုပ်သွားပြီး မေးလိုက်သည်။

"ဒါဆို မင်းဘာလို့ ကိုယ့်ကို ဒီလိုမေးရတာလဲ..."


ကျီလင်က သူ့အား ဝမ်နည်းနေပုံပေါ်ကာ ဗလာကျင်းပြီး အသက်မပါသကဲ့သို့ သေနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ကော အရင်တုန်းက ကျွန်တော့်ကို တစ်ခါမှ မကြိုက်ခဲ့ဖူးဘူး...ကော ကျွန်တော့်ကို မကြိုက်မှန်း တကယ်တော့ ကျွန်တော်သိတယ်...ကော တစ်နေ့နေ့တော့ နောက်ပြန်လှည့်ကြည့်ပြီး ကျွန်တော့်ကို ကြိုက်လာမှာပါလို့ ကိုယ့်ကိုကိုယ် အရူးလုပ်နေခဲ့ရုံပဲ ရုတ်တရက်ကြီး တစ်ရက်ကျတော့ ကောက ကျွန်တော့်ကို သဘောကျတယ်လို့ ပြောလာခဲ့တယ်...ကျွန်တော် အရမ်းပျော်ခဲ့တာ အိပ်မက်နေသလိုပဲ...ကျွန်တော် သတိကြီးပြီးတော့ မဝံ့မရဲနဲ့အမြဲတမ်း စိုးရိမ်နေခဲ့ရတာ တစ်ရက်ရက်ကျ ဒီအိပ်မက်ကနေ နိုးလာခဲ့မှာကို..."


ကျင်းဆွေ့ နားထောင်လေလေ ဆိုးဆိုးဝါးဝါး ခံစားရလေပင်။ သူ နက်ရှိုင်းလှသည့် အသံဖြင့် ပြောလိုက်သည်။

"ဒါက အိပ်မက်မဟုတ်ပါဘူး..."


ကျီလင်၏မျက်ဝန်းများက မျက်ရည်များနှင့် လှုပ်ခါသွားသည်။ သူ တီးတိုးရေရွတ်လိုက်သည်။

"တကယ်လား...ဒါဆို ကျွန်တော့်ကို တစ်ခါမှ သဘော

မကျခဲ့တဲ့ ကောက ဘာလို့ ရုတ်တရက်ကြီး ကျွန်တော့်ကို သဘောကျသွားတာလဲ..."


ကျီလင် ကျင်းဆွေ့၏မျက်ဝန်းများနှင့် ဆုံလိုက်ပြီး အက်ကွဲသြရှနေသည့် အသံဖြင့် ဖြေးဖြေးချင်း ပြောလိုက်သည်။

"တကယ်တမ်း အဖြေက ရိုးရှင်းပါတယ်... ခင်ဗျားက ခုထိ ကျွန်တော့်ကို သဘောမကျ ဖြစ်နေသေးပြီးတော့ ဟန်ဆောင်နေရုံပဲ...ခင်ဗျား လိုချင်တာရအောင် ကျွန်တော့်အဖေဆီက အထောက်အပံ့ယူဖို့ ဒါတွေကို လုပ်နေတာပဲ...အဲ့အတွက် တစ်စုံတစ်ယောက်ကိုတောင် ကျွန်တော့်ကို ပြန်ပေးဆွဲခိုင်းပြီး အန်ကယ်ကားလို့စ်ကို တိုက်ခိုက်ဖို့ ၊ဂုဏ်သိက္ခာချဖို့အတွက် အဲ့လူပါးစပ်ကနေ အန်ကယ်ကားလို့စ်နာမည်ကို တမင်ပြောခိုင်းဖို့ ခင်ဗျားက တွန့်ဆုတ်မနေခဲ့ဘူးပဲ...ဒါတွေအားလုံးကို ခင်ဗျားက တွက်ချက်ထားခဲ့တာပဲ...သဘောကျတယ်၊ ကြိုက်တယ်ဆိုတာတွေ အားလုံးက လှည့်စားထားတာတွေ.... ခင်ဗျားက ဒီတိုင်း ကျွန်တော့ကို အသုံးချနေတာ..."


ကားလို့စ်...


သတ်ဖြတ်လိုသည့် စိတ်များက ကျင်းဆွေ့၏ရင်ဘတ်ထဲ တဟုန်ထိုးတက်လာခဲ့သည်။ သူ့မျက်ဝန်းများကို ပိတ်လိုက်ပြီး ပြန်ဖွင့်ရာ အကြည့်များက အနည်းငယ် အေးစက်နေပြီး ပြောလိုက်သည်။ 

"မင်းကို ဒီစကားတွေ ဘယ်သူပြောခဲ့တာလဲ..."


ကျီလင် ခေါင်းမာစွာဖြင့် သူ့မေးကို မော့လိုက်သည်။

"ကျွန်တော် ကိုယ့်ဘာသာ တွေးလိုက်တာ..."


အိုး...အဲ့ဒါကို မင်းဘာသာ တွေးထားတာလား...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...မင်းအဲ့အကြောင်းကို အရင်တုန်းက မတွေးဖူးဘဲ နောက်ပိုင်းကျလည်း မတွေးခဲ့ဖူးပါဘူး...ဒါပေမဲ့ ခုမှ ရုတ်တရက်ကြီး တွေးမိသွားတယ်ပေါ့...


ကားလို့စ် မင်းကိုပြောတဲ့ အရာရာတိုင်းကို မင်းကယုံတာလား...


ကျင်းဆွေ့ ပြင်းပြင်းထန်ထန် ဒေါသထွက်သွားခဲ့သည်။ သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ဓါးတစ်လက်ကဲ့သို့ စူးရှထက်မြနေသည့်နေသည့် အကြည့်များဖြင့် ပြောလိုက်သည်။

"မင်းကိုပြောခဲ့တဲ့သူက ကားလို့စ်မလား..."


သူ ရှာတွေ့ခံလိုက်ရသည့်အလား ကျီလင်၏မျက်ဝန်းများတွင် ကြောက်ရွံ့မှုတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ သို့သော် သူက ကားလို့စ်အား ဘယ်တော့မှ သစ္စာဖောက်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူအံကြိတ်ကာ ပြောလိုက်သည်။

"မဟုတ်ဘူး...ကျွန်တော် ကိုယ့်ဘာသာ တွေးလိုက်တာ...အန်ကယ်ကားလို့စ်နဲ့ မဆိုင်ဘူး..."


ကျင်းဆွေ့က အမှန်တရားကို မြင်လိုက်ပြီးပြီပင်။ ကောင်ငယ်လေးက သူ့အမူအရာက အရာအားလုံးကို ဖော်ထုတ်လိုက်ပြီမှန်း သဘောမပေါက်ဘဲ ကားလို့စ်ကို ဖုံးကွယ်ပေးရန် ကြိုးစားနေဆဲပင်။


ကားလို့စ်က သူ့အပေါ် အပြစ်ပုံချလိုက်သည့်အပေါ် ကျင်းဆွေ့ ဒေါသထွက်သွားခဲ့သည်။ သို့သော် ကားလို့စ်ကို ကိုင်တွယ်ဖြေရှင်းရန်က နောက်ပိုင်းကိစ္စ ဖြစ်ပြီး ယခုပထမဆုံး ကျီလင်ကို စိတ်အေးအောင် ဦးစွာပြုလုပ်ရမည်ဖြစ်သည်။


ကျင်းဆွေ့ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ရင်ဘတ်ထဲမှ ဒေါသများကို ဖိနှိပ်လိုက်ကာ ကျီလင်အား လေးလေးနက်နက် ပြောလိုက်သည်။

"ကိုယ် မင်းကိုတကယ်သဘောကျတာပါ...မင်းကိုတစ်ခါမှ မလိမ်ခဲ့ဖူးပါဘူး...ကိစ္စတွေက မင်းပြောသလို မဟုတ်ဘူး..."


ကျီလင်က လုံးဝ ယုံကြည်ပုံမပေါ်ချေ။ သူက နားမထောင်နိုင်တော့ဘဲ အက်ရှရှနေသည့် အသံဖြင့် ပြောလိုက်သည်။

"ဒါဆို ကျွန်တော့်ကို ပြန်ပေးဆွဲပြီး အန်ကယ်ကားလို့စ်နာမည်ကို ရည်ရွယ်ချက်ရှိရှိ ပြောပြီးမှ ပြန်လွှတ်လိုက်တဲ့ ဂါဘရီရယ်ရဲ့အပြုအမူတွေကို ခင်ဗျားဘယ်လိုရှင်းပြမှာလဲ..."


သူ့နှလုံးသားက နာကျင်ပြီး မျက်ရည်များ ကျနေသည့်အလား ကျီလင် မုန်းတီးမှုဖြင့် ကျင်းဆွေ့ကို ကြည့်လိုက်သည်။

"ခင်ဗျား ကျွန်တော့်ကိုညာနေတာ...တစ်လျှောက်လုံး ကျွန်တော့်ကို အသုံးချနေခဲ့တာ..."


ကျင်းဆွေ့ ဒေါသထွက်စွာ ရယ်မောပစ်လိုက်ချင်သည်။ သူ့ရင်ဘတ်ထဲ ဖိနှိပ်ထားခဲ့ရသည့် ဒေါသများက နောက်ဆုံးတွင် တစ်ဖန် ပြန်အုံကြွလာခဲ့သည်။ 'ကိုယ် မင်းဆီကနေ အခွင့်အရေးယူလို့ရတာ ဘာရှိလို့လဲ'ဟု သူအမှန်တကယ် ပြောလိုက်ချင်သည်။ သို့သော်ငြား အဆုံးတွင် သူ့မျက်နှာကို တင်းထားပြီး စကားတစ်လုံးကိုသာ ပြောလိုက်သည်။

"မဟုတ်ဘူး..."


ကျီလင် ကျင်းဆွေ့၏ဒေါသထွက်နေသည့် အမူအရာကို ကြည့်လိုက်သည်။ အမှန်အတိုင်းဆိုပါက ကျင်းဆွေ့က စိတ်ခံစားချက်ကို မထိန်းနိုင်ဘဲ သူ့အားသတ်ပစ်လိုက်မည်ကို သူ အနည်းငယ် ကြောက်ရွံ့ပေ၏။ မည်သို့ပင်ဆိုစေ ဤနေရာက လွတ်မြောက်လိုပါက သူ ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်ရန် လိုအပ်ပေသည်။


ငါ ဒီတစ်ခေါက် သူရဲဘောကြောင်နေလို့ မဖြစ်ဘူး...


သူ ကျင်းဆွေ့၏မျက်ဝန်းများကို မရှောင်တိမ်းလိုက်ဘဲ ထိပ်တိုက် တွေ့ဆုံလိုက်သည်။ အရေးကြီးသည့်အချက်ကို ဆုပ်ကိုင်ထားလျက် အလွတ်မပေးပေ။

"ဒါဆို ခင်ဗျားပြောလေ...ကျွန်တော့်ကို တစ်ခါမှ မကြိုက်ခဲ့တဲ့ ခင်ဗျားက ဘာလို့ ရုတ်တရက်ကြီး ကျွန်တော့်ကို သဘောကျသွားတာလဲ..."


နာကျင်မှုများက နောက်ဆုံးတွင် ကျင်းဆွေ့၏မျက်ဝန်းများထဲ ပေါ်လာခဲ့သည်။ ဤအချက်က သူ့ကိုတိုက်ခိုက်ရန် ကားလို့စ် အသုံးပြုခဲ့သည့် အထက်မြဆုံး လက်နက်ပင်။ အဘယ့်ကြောင့်ဆိုသော် သူ့(ကျီလင်)ကို သူ သဘောကျရသည့်အကြောင်းအရင်းအမှန်ကို ဘယ်တော့မှ ကျီလင်အား ရှင်းပြနိုင်မည်မဟုတ်၍ ဖြစ်သည်။


ယခင်ဘဝက ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီး သူ ကျီလင်ကို မပြောနိုင်ချေ။


ကားလို့စ်ကလည်း သူ မပြောမည်ကို ခန့်မှန်းထားခဲ့လေသည်။


အတိတ်က နာကျင်မှုနှင့်လစ်လျူရှု့မှုများက ရုတ်တရက် ခံစားချက်များ ရှိလာသည်နှင့် မျက်နှာချင်းဆိုင်လိုက်ချိန်...


စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ကြံ့ကြံ့မခံနိုင်သော ကျိုးပဲ့ထိခိုက်လွယ်သည့် ဆက်ဆံရေးက အခြားသူသူများ အခွင့်ကောင်းယူစရာ နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။ သံသယဝင်စရာ အနည်းငယ်လေးကပင် သူ့အား ပြောစရာစကား ပျောက်ရှသွားစေခဲ့သည်။


ကျင်းဆွေ့၏ ထိတ်လန့်ကြောက်ရွံ့နေသော မျက်နှာက်ု ကျီလင် ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ ကျင်းဆွေ့ကို အမှန်တကယ် ဒေါသထွက်သွားစေခဲ့မှန်း သူ သိသော်ငြား လက်ရှိအခြေအနေကို ချိုးဖြတ်နိုင်သည့် အခွင့်အရေးတစ်ခုရယူနိုင်ရန် သူ အရဲစွန့် လောင်းကြေးထပ်ရမည်သာ ဖြစ်သည်။


သူ နောက်ပြန်ဆုတ်၍ မရပေ။


ကျီလင်က ကျင်းဆွေ့အား စိတ်ပျက်သွားသည့် အကြည့်တစ်ချက် ကြည့်ပြလိုက်ပြီး လှည့်ထွက်သွားလိုက်သည်။


ကျင်းဆွေ့ နံဘေးမှ ဖြတ်သွားသည့်အခိုက် သန်မာသည့် အားတစ်ခုက သူ့အားဆွဲပြီး ကျင်းဆွေ့၏ရင်ခွင်ထဲ ရောက်သွားခဲ့သည်။ လန့်ဖျပ်သွားပြီး မော့ကြည့်လိုက်ရာ ကျင်းဆွေ့၏အေးစက်ပြီး စူးရှနေသည့် အကြည့်များဖြင့် ဆုံသွားခဲ့သည်။ ရုတ်တရက်ဆိုသလို ကြီးမားသည့် လက်ကြီးတစ်ဖက်က သူ့ခေါင်းနောက်အား မြဲမြဲဆုပ်ကိုင်လိုက်ပြီး အမျိုးသားက သူ့အား အတင်းအကျပ် ပြင်းထန်စွာ နမ်းရှိုက်လိုက်လေ၏။


ကျီလင်က ကျင်းဆွေ့၏ မီးတောက်မတတ်အနမ်းများကို ခံစားမိပြီး အကိုက်ပင် ခံလိုက်ရသည်။ သူ့နှလုံးသားက တုန်ယင်သွားရသည်။ ဤတစ်လျှောက်လုံး သူ မြိုသိပ်စုဆောင်းထားခဲ့ရသည့် မကျေနပ်ချက်များက ပေါက်ကွဲထွက်သွားလေ၏။ 


ဘာလို့ ငါက အတင်းအကျပ် နမ်းခံနေရတာတုန်း...ငါ အဲ့ဒါကို လုံးဝကို မကြိုက်ဘူး...


ကျီလင် မကြုံစဖူး သတ္တိများကို စုစည်းလိုက်ပြီး နီရဲနေသည့် မျက်ဝန်းများဖြင့် ရက်စက်စွာ ကိုက်ချလိုက်သည်။


သွေးနံ့များက သူ့ပါးစပ်ကြား စိမ့်ဝင်ပျံ့နှံ့လာခဲ့သည်။


ထို့နောက် သူ၏နောက်ဆုံးလက်ကျန် ခွန်အားလေးကိုသုံး၍ ကျင်းဆွေ့အား တွန်းထုတ်လိုက်ပြီး လက်မြှောက်ကာ သူ့နှုတ်ခမ်းများအား ကြမ်းကြုတ်စွာ ပွတ်သုတ်လိုက်သည်။ သူ ကျင်းဆွေ့အား မယုံနိုင်စွာ ကြည့်လိုက်ပြီး အလွန်အမင်း အေးစက်နေသည့်အသံဖြင့် ပြောလိုက်သည်။

"ကျွန်တော့်ကို မထိနဲ့..."



✨✨✨