Chapter 64
Viewers 15k

✨ Chapter 64

 သွေးထိုးလှုံ့ဆော်ခြင်း



ကျီလင် ကားလို့စ်အား ထိတ်လန့်တကြား ကြည့်လိုက်သည်။ ကြောက်ရွံ့မှုက သူ့ဦးခေါင်းခွံအား တစ်ခဏမျှကြာအောင် စပ်ဖျဥ်းဖျဥ်း ဖြစ်သွားစေခဲ့သည်။


ကားလို့စ်က နန်းတော်ထဲ ဘယ်လိုပေါ်လာတာလဲ...ကျင်းဆွေ့ကတော့ သူ့ကိုဖိတ်မှာ မဟုတ်ဘူးလေ...


သူ ဘာလုပ်ချင်လို့တုန်း...


ကားလို့စ် လူငယ်လေး၏ ထိတ်လန့်ကြောက်ရွံ့နေသည့် မျက်ဝန်းများထဲသို့ ငေးစိုက်ကြည့်လိုက်သည်။ သူ့ရင်ဘတ်က အေးစက်သွားသော်ငြား နူးညံ့ညင်သာသည့် မျက်နှာထားကို တွန်းအားပေး ဆင်မြန်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကိုယ် မင်းကို စကားနည်းနည်းလောက် ပြောချင်လို့ပါ ကျီလင်...တိတ်တိတ်လေး နေပေးလို့ရမလား ကိုယ်မင်းကို လွှတ်ပေးပါ့မယ်...ဟုတ်ပြီလား..."


ကျီလင်က ကားလို့စ်၏ နူးညံ့ညင်သာသည့် စကားများကို နားထောင်ပြီး ရုတ်တရက်ပင် စိတ်တည်ငြိမ်သွားခဲ့သည်။ ကားလို့စ်က သူနှင့် ကစားချင်စိတ် ရှိနေဆဲဖြစ်ရာ သေချာပေါက် သူ့အား နာကျင်အောင် လုပ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူ မျက်တောင်ခတ်လိုက်ပြီး နားထောင်ရန် ဆန္ဒရှိကြောင်း ဖော်ပြလိုက်သည်။


ကားလို့စ်က သူ့လက်အား လွှတ်ပေးလိုက်သည်။ သူ့အကြည့်များက ကျီလင်၏နီရဲနေသည့် နှုတ်ခမ်းများပေါ် ကျရောက်သွားပြီး သူ့နှလုံးသားထဲက ဒေါသနှင့် မနာလိုသဝန်တိုမှုများအား ဖိနှိပ်လိုက်သည်။ သူက ကျီလင်အား ဝမ်းနည်းကြေကွဲနေသည့် အကြည့်များဖြင့် ကြည့်ပြီး မသဲမကွဲ ပြောလိုက်သည်။

"မင်း ကိုယ့်ကို အပြစ်တင်နေတုန်းလား..."


ကျီလင်က သူ့အား အလေးမထားစွာ ကြည့်လိုက်ပြီး ယုံကြည်မှုမရှိပုံ ပေါ်လေသည်။ 


ကားလို့စ် ပြောလိုက်သည်။

"ကိုယ် မင်းကို အရမ်းလွမ်းတယ်..."


ကျီလင် သူ့အသဲကိုနှိမ့်ကာ အေးစက်စွာ ပြောလိုက်သည်။

"ကျွန်တော် ရှန်းယွင်ကြယ်ပေါ်မှာ သေလုနီးပါးဖြစ်သွားခဲ့တာ...အန်ကယ် အဲ့ဒါကို သိတယ်မလား..."


ကားလို့စ်၏မျက်ဝန်းများက နာကျင်သည့် အရိပ်ယောင် ပေါ်လာခဲ့သည်။ တစ်ခဏကြာပြီးနောက် သူ ခါးသက်စွာ ပြုံးကာ ပြောလိုက်သည်။

"ဧကရာဇ်က မင်းကို ဘာတွေပြောခဲ့လဲဆိုတာ ကိုယ်သိတယ်...ဒါပေမဲ့ အဲ့ဒါတွေ တစ်ခုမှ မမှန်ဘူး...ကိုယ် မင်းကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး..."


ကျီလင်က ကားလို့စ်အား မည်သို့မှ ယုံမည်မဟုတ်ချေ။ သူ ကားလို့စ်အား စိတ်ပျက်လက်ပျက် ကြည့်ကာ ခေါင်းယမ်းပြီး ပြောလိုက်သည်။

"ဧကရာဇ်က ကျွန်တော် ဝမ်းနည်းမှာ ကြောက်လို့ ဘာမှပြောခဲ့ဘူး...ပြောတဲ့သူက ဂါဘရီရယ်ပဲ...ကျွန်တော့်သတင်းတွေကို အန်ကယ်ပေးခဲ့တာလို့ သူပြောခဲ့တာ...အန်ကယ်ကားလို့စ်...အန်ကယ်..."


ကားလို့စ် လူငယ်လေး၏ စိတ်ပျက်ဝမ်းနည်းနေသည့် မျက်ဝန်းများကို ကြည့်ပြီး သူ့နှလုံးသားထဲတွင် ဂါဘရီရယ်ကို ဒေါသထွက်လာခဲ့သည်။ သူ နောက်ပိုင်း ပြန်သွားပြီး ထိုအကြောင်းကို အချိန်အကြာကြီး တွေးခဲ့သော်ငြား ဂါဘရီရယ် ထိုသို့လုပ်ရသည့် ရည်ရွယ်ချက်ကို သူ နားမလည်ခဲ့ချေ။


ဂါဘရီရယ်က ဘာလို့ ကောင်ငယ်လေးရှေ့မှာ သူ့ကိုယ်သူ အပြစ်တင်ပြီး အမှုဆင်ချင်ရတာလဲ...


ဒီလူ ဒီတစ်ခေါက် ဘာကိုလိုချင်နေတာလဲ...


ဂါဘရီရယ်၏ရည်ရွယ်ချက်ကို သူမသိသော်ငြား ယင်းက သူ ယနေ့ကျီလင်ထံလာပြီး စကားမပြောရန် မတားနိုင်ချေ။ ကားလို့စ် အသံနက်နက်ဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။

" ဂါဘရီရယ်ပြောတာတွေက သေချာပေါက် အမှန်မဟုတ်ဘူး...ပြီးတော့ သူက တကယ့်ဂါဘရီရယ်အစစ်ဆိုတာ မင်းသေချာလို့လား..."


ကျီလင် ကြက်သေသေသွားပြီး သူ ဘာကိုဆိုလိုချင်မှန်း မသိပေ။


ကားလို့စ် ညင်သာပေါ့ပါးစွာ ပြောလိုက်သည်။

"ဂါဘရီရယ်မှာ အနက်ရောင်ဆံပင်နဲ့ မျက်လုံးတွေရှိပြီး ငွေရောင်မျက်နှာဖုံး ဝတ်ထားမှန်း လူတိုင်းသိတယ်...ဒါပေမဲ့ သူက ဘယ်လိုပုံစံလဲဆိုတာတော့ ဘယ်သူမှ မသိကြဘူး...မျက်နှာဖုံးတပ်ထားတဲ့သူတစ်ယောက်ပုံစံ အသွင်ပြောင်းဖို့က လွယ်ပါတယ် ဟုတ်တယ်မလား..."


ကျီလင် အံသြတကြီးဖြင့် ပြောလိုက်သည်။

"သူက တကယ့် ဂါဘရီရယ်မဟုတ်ဘူးလို့ အန်ကယ်ပြောချင်တာလား..."


ယင်းက မဖြစ်နိုင်ပေ။ သူ့ယခင်ဘဝမှာ ဂါဘရီရယ်နှင့်ဆက်သွယ်ဖူးပေသည်။ ထို့ကြောင့် အယောင်ဆောင်ထားသည့် တစ်စုံတစ်ယောက်မဟုတ်မှန်း သူသေချာပေ၏။ ကျီလင် ကားလို့စ်အား သံသယဖြင့်ကြည့်လိုက်ပြီး သူ နောက်ဘာဆက်လုပ်မည်ကို သိချင်သွားသည်။


ကားလို့စ် ကျီလင်ကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက ရုတ်တရက် စူးရှပြီး နက်မှောင်လာကာ အေးစက်စက်ဖြင့် လူများ၏နှလုံးသားကို တုန်ယင်သွားစေသည်။ သူက ဖြေးညင်းစွာဖြင့် ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

"တကယ်လို့ ကိုယ်သာ ဂါဘရီရယ်ကို တစ်ယောက်ယောက်ကို သတ်ခွင့်ပေးလိုက်မယ်ဆိုရင် အဲ့လူကို ဘယ်တော့မှ အသက်ပြန်ရှင်လာခွင့်ပေးမှာ မဟုတ်ဘူး..."


ကျီလင် သူ၏ရုတ်ခြည်း အေးစက်သွားသည့် အသဲံကြောင့် တုန်လှုန်ချောက်ချားသွားကာ သူ့နောက်ကျောရှိ သစ်ပင်ပေါ် မှီလိုက်မိသည်။ ကားလို့စ်က စကားပြောနေချိန် အဘယ့်ကြောင့် သူ့မျက်နှာက ပြောင်းလဲသွားမှန်းမသိဘဲ ကျီလင့်မျက်နှာက ဖြူဖျော့သွားခဲ့သည်။ 


ကားလို့စ်က ငါ့အရှေ့မှာဆို အမြဲတမ်း အန္တရယ်မရှိချင်ယောင်ဆောင်ခဲ့တာ မဟုတ်ဘူးလား...


ကားလို့စ် ကျီလင်၏ကြောက်လန့်နေသည့် မျက်ဝန်းများထဲသို့ တည့်တည့် စိုက်ကြည့်လိုက်သည်။ သူ၏နက်ရှိုင်းသည့် မျက်ဝန်းများက တည်ငြိမ်နေလျက် ကြောက်မက်ဖွယ်ကောင်းသည့် မထူးခြားနားမှုနှင့် အေးစက်မှုများက ရှိနေလေသည်။

"ကိုယ်သာ ဂါဘရီရယ်ကို မင်းကို တကယ်ပြန်ပေးဆွဲခိုင်းခဲ့ရင် ကိုယ့်နာမည်ကို ဘယ်လိုလုပ်ပြီး သူ့ပါးစပ်ထဲက ထွက်ခွင့်ပေးပြီးတော့ မင်းကို မထိမခိုက် ပြန်လွတ်ခွင့်ပေးရမှာလဲ..."


ကျီလင် : "..."


အိုး...ဒီလူအိုကြီး ပြောတာက အဓိပ္ပါယ်ရှိသားလို့ ငါတကယ်ကြီးတွေးလိုက်မိတာ...


ဒါပေမဲ့ အဲ့ဒါက တကယ့်ဂါဘရီရယ်အစစ်ကြီးလေ အားး...


ကျီလင် တစ်ခဏမျှ ကြာအောင် ဦးနှောက်ခြောက်မတတ် စဥ်းစားမိလိုက်သည်။ 


ဖြစ်နိုင်တာက ငါ့အရင်ဘဝတုန်းကနဲ့ တူတူပဲနေမှာ...ခင်ဗျားက ကျွန်တော့်ကိုသစ္စာဖောက်တယ်...ဒါပေမဲ့ ဂါဘရီရယ်ကကျ ကျွန်တော့်ကို မသတ်ချင်သေးဘူး...ခင်ဗျားနာမည်ထွက်လာတာက တကယ်မတော်တဆသက်သက်ပဲလား...ဂါဘရီရယ်ရဲ့အပြုအမူကိုကျတော့ ဘယ်လို ကျိုးကြောင်းသင့်အောင်ရှင်းပြရမလဲတော့ ငါ မသိတော့ဘူး...


ကားလို့စ် လက်မြှောက်ပြီး ကျီလင်၏ပခုံးပေါ်သို့ ဖိလိုက်သည်။ စိုးရိမ်ပူပန်မှုများက သူ၏မထူးခြားနားဟန် မျက်ဝန်းများကို နောက်တစ်ဖန် ဖုံးလွှမ်းသွားပြန်သည်။ သူ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

"အဲ့လူက တကယ့် ဂါဘရီရယ်အစစ် မဟုတ်ဘူး...သူ မင်းကို ဘာလို့ဖမ်းပြီး ပြန်လွှတ်ရတာလဲဆိုတဲ့ အကြောင်းက ကိုယ့်ကို အမှုဆင်ချင်လို့ပဲ..မင်းနားလည်လား..."


ကျီလင်က မယုံပေ။ သို့သော် သူ့မျက်ဝန်းထဲတွင် တုန်ခါယိမ်းယိုင်သွားသည့် အရိပ်အယောင်ပြလိုက်ပြီး ဗလာဖြစ်စွာ မေးလိုက်သည်။

"သူက ဘာလို့ အဲ့လိုလုပ်ရတာလဲ..."


ကားလို့စ် သက်ပြင်းမှုတ်ထုတ်လိုက်သည်။

"စဥ်းစားကြည့်...ဘယ်သူက အကျိုးအမြတ်အရဆုံးလဲ..."


ကျီလင် : ?


ခင်ဗျားကို အခက်အခဲဖြစ်စေတာကလွဲလို့ ဘယ်သူမှအကျိုးအမြတ်မရဘူး မှန်တယ်မလား...ဂါရီရယ်က ဒီဘဝမှာ ခင်ဗျားကို ဘာလို့ အခက်အခဲ ဖြစ်စေချင်ရတာလဲ ဆိုတာကို ကျွန်တော် မသိပေမဲ့ သူ ခင်ဗျားကို သဘောမကျလို့ ဖြစ်နိုင်တယ်...ပြောရမယ်ဆိုရင် ကျင်းဆွေ့ရဲ့နိုင်ငံရေးအမြင်က သူ့ရည်ရွယ်ချက်နဲ့ ကိုက်ညီနေတယ်လေ...


ကားလို့စ်က ကောင်ငယ်လေး၏ဗလာကျင်းကာ နားမလည်ဖြစ်နေသော အကြည့်ကို ကြည့်လိုက်သည်။ သူ့မျက်နှာတွင် သနားကရုဏာနှင့် အကူအညီမှုမဲ့မှုများပေါ်လာပြီး အသံနက်နက်ဖြင့် ပြောလိုက်သည်။

"ဒီအမှန်တရားကို မင်းကိုပြောပြတာထက် မင်း ကိုယ့်ကို မုန်းသွားတာကိုပဲ ကိုယ် ပိုလိုလားတယ်...ဒါပေမယ့် ကိုယ် တကယ်...မင်းအသုံးချခံရပြီး နာကျင်နေတာကို မကြည့်နိုင်ဘူး..."


ကျီလင် : "..."


ကားလို့စ် သူ့ကို နောင်တများဖြင့် ကြည့်ကာ ဖြေးညှင်းစွာ ပြောလိုက်သည်။

"အဲ့ဒါက ဧကရာဇ်ပဲ...သူက အကျိုးအမြတ်အရှိဆုံးပဲ..."


ကျီလင်၏မျက်ဝန်းများက မယုံနိုင်မှုများဖြင့် ပြူးကျယ်သွားပြီး ကားလို့စ်က အဘယ့်ကြောင့် ဤသို့ပြောသည်ကို နားမလည်ဖြစ်နေပေ၏။


ကားလို့စ် ကောင်ငယ်လေး၏မျက်နှာကို စူးစိုက်ကြည့်ကာ စစ်မှန်ရိုးသားစွာဖြင့် ဖြေးဖြေးချင်း ပြောလိုက်သည်။

"ဧကရာဇ်က အရင်တုန်းက မင်းအပေါ်မှာ အမြဲတမ်းမထူးခြားနားပုံစံနဲ့ အထင်သေးနေခဲ့တာ ..သူမင်းကို သဘောမကျမှန်း လူတိုင်းသိတယ်...ဒါပေမဲ့ တစ်ညလေးအတွင်း သူ့သဘောထားက ပြင်းပြင်းထန်ထန် ပြောင်းလဲသွားတယ်...သူက မင်းကို ဖူးဖူးမှုတ်အလိုလိုက်ပြီး မျက်နှာသာပေးလာခဲ့တယ်...မင်း အဲ့ဒါကို တစ်ခါမှ သံယမဝင်ခဲ့ဘူးလား..."


ကျီလင် တွေးလိုက်သည်။


ဘာလို့လဲဆိုတာ ငါကောင်းကောင်းသိတာပေါ့...သူက ပြန်မွေးဖွားလာတာလေ...ဒါပေမဲ့ ခင်ဗျားက သေချာပေါက် ဒီလျှို့ဝှက်ချက်ကို ပြောပြမှာ မဟုတ်ဘူး...အဲ့တော့ အဲ့ဒါကို ဘေးဖယ်ထားလိုက်ဦး...အဟမ်း...ကြည့်ရတာတော့ တစ်ခုခုမှားနေပုံပဲ...


ကျီလင်က အနည်းငယ် ထိရှသွားပုံနှင့် တွန့်ဆုတ်သွားသည့် အကြည့်ကို ပြလိုက်သည်။ သို့သော်ငြား သူက ဧကရာဇ်အား သံသယမဝင်ချင်ပေ။ သူ့နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှားသွား၏။

"အရှင်ဧကရာဇ်....သူက..."


ကားလို့စ်၏မျက်ဝန်းများတွင် သနားကရုဏာသက်သည့် အကြည့်များပေါ်လာခဲ့သည်။ သူက ကျီလင်အတွက် အလွန်စိတ်မကောင်း ဖြစ်နေပုံ ပေါ်ပေမယ့် ပြောလိုက်ဆဲပင်။

"မင်းအပေါ် ဧကရာဇ်ရဲ့သဘောထားတွေ ရုတ်တရက်ကြီး ပြောင်းသွားရတဲ့ တကယ့်ရည်ရွယ်ချက်က အနာဂတ်မှာ မျိုးရိုးဗီဇဆင့်ကဲဖြစ်စဥ်အေးဂျင့်ကို အကောင်အထည်ဖော်တဲ့နေရာမှာ မင်းအဖေရဲ့အကူအညီကို ရအောင်လို့ပဲ... ဒါပေမဲ့ သူက မင်းအပေါ် အရင်တုန်းက မကောင်းခဲ့တော့ သူ့ရဲ့ပြောင်းလဲမှုတွေကို လက်ခံပြီး သူ့ကိုပိုယုံကြည်ဖို့က ခက်တာကိုသူ သိလိုက်တယ်လေ...အဲ့ကြောင့် ဂါဘရီရယ်လို့ခေါ်တဲ့ သူကို မင်းကိုပြန်ပေးဆွဲခိုင်းပြီး နောက်ကွယ်မှာကိုယ်ရှိတယ်ဆိုပြီး တမင်တကာ ပြောခိုင်းလိုက်တယ် ပြီးတော့ မင်းကို ကယ်လိုက်တယ်ပါတယ်ပေါ့...အဲ့ကျမှ မင်းက ကိုယ်နဲ့စိမ်းကားပြီး နားလည်မှုလွဲသွားရုံတင်မကဘူး မင်းက သူ့ကိုလည်း ကျေးဇူးတင်ပြီး ပိုချစ်သွားမှာလေ...ကိုယ်က သူပုန်တွေနဲ့ပူးပေါင်းတယ်လို့လည်း နာမည်တပ်လို့ ရသွားပြီး နိုင်ငံရေးအာဏာလွန်ဆွဲပွဲထဲမှာလည်း ကိုယ့်အင်အားတွေကို ဖိနှိပ်ဖို့ အကြောင်းပြချက်လည်း ရှာနိုင်သွားတာပေါ့...ကျောက်ခဲတစ်တုံးနဲ့ ငှက်သုံးကောင်သတ်လိုက်တာပေါ့..."


"စဥ်းစားကြည့်....အရာရာတိုင်း နောက်ကွယ်မှာ သူသာမရှိဘူးဆို ဘယ်သူကများ သူ့ရှေ့ကနေ လွယ်လွယ်ကူကူနဲ့ မင်းကို အလစ်သုတ်သွားနိုင်မှာလဲ...ဒါက သူရဲ့တမင်သက်သက် လုပ်ဇာတ်ပဲ...ပြီးတော့ သူ့အတွက် မဟုတ်ဘူးဆိုရင် ဂါဘရီရယ်က ဘယ်လိုလုပ် မင်းကို မသတ်နိုင်ဘဲနေမှာလဲ...ဒါပေမဲ့ ဂါဘရီရယ်က ကိုယ့်နာမည်တစ်ခုတည်းပဲ ပြောလိုက်ပြီး မင်းကို ခြိမ်းခြောက်ဟန် ဆောင်လိုက်သေးတယ်မလား...ပြီးတော့ ဧကရာဇ်က အလှလေးကို ကယ်တင်တဲ့သူရဲကောင်း တစ်ယောက်လိုတောင် စီစဥ်ထားလိုက်သေးတယ်...ဒီကမ္ဘာပေါ်မှာ အဲ့လောက် တိုက်ဆိုင်တာတွေမရှိဘူး..."


ကားလို့စ် နာကျင်စွာ ပြောလိုက်သည်။

"ဒါတွေအားလုံးက သူ ဂရုတစိုက် စီစဥ်တွက်ချက်ထားတာတွေချည်းဘဲ...သူက မင်းကို လုံးဝစိတ်ရင်းနဲ့ ချစ်တာမဟုတ်ဘူး...မင်းဆီက အကျိုးအမြတ်ယူချင်ရုံဘဲ...ရည်ရွယ်ချက် ပြည့်သွားတာနဲ့ မင်းကို စွန့်ပစ်လိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး..."


ကျီလင်၏ပါးစပ်က အံ့အားသင့်မှုကြောင့် အကျယ်ကြီး ပွင့်ဟသွားတော့သည်။


ဘုရားဘုရား...ဒီလူအိုကြီးက စကားပြောကောင်းပြီး ယုတ္တိကလည်း အပြည့်ပဲ...သူ့ရဲ့လျှာရိုးမရှိ တဲ့ပေါက်ကရစကားတွေက အမှန်တရားထက်တောင် ပိုအမှန်တရားနေသေး...ငါသာ သူ့ဇာတ်ကောင်စရိုက်ကို ကောင်းကောင်းမသိဘဲ ပြန်မွေးဖွားလာတာသာမဟုတ်ရင် တကယ်ကြီး ယုံသွားလောက်တယ်...ချို့ယွင်းချက်ကိုမရှိဘူး ...


ကားလို့စ် လက်ဆန့်ကာ ကျီလင်၏ပါးအား ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ ခါးသက်စွာဖြင့် ပြောလိုက်သည်။

"မင်း အခု နားလည်ပြီလား...သူ မင်းအပေါ်ကောင်းနေတာတွေအားလုံးက အလိမ်အညာတွေပဲ...သူက မင်းကို တစ်လျှောက်လုံး လိမ်ညာပြီးတော့ သူ့အပေါ် မင်းခံစားချက်တွေကို အခွင့်ကောင်းယူနေတာ...သူ့ရည်ရွယ်ချက်တွေ ပြည့်ဖို့ မင်းကိုအန္တရာယ်ကျအောင်တောင် လုပ်နိုင်တယ်..."


ကျီလင် အလွန်အမင်း ထိတ်လန့်သွားသည့်ပုံစံ ဟန်ဆောင်လိုက်သည်။ သူ့မျက်လုံးများက ရဲရဲနီနေပြီး ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး...ဧကရာဇ်က ကျွန်တော့်အပေါ် ဒါမျိုးလုပ်မှာ မဟုတ်ဘူး..."


ကားလို့စ် အလွန်ဝမ်းနည်းနေပုံဖြင့် ခါးသက်သက်ရယ်မောလိုက်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

"ကိုယ်က မင်းအပေါ် အမြဲကောင်းပေးခဲ့တဲ့သူပါ...မင်းနာကျင်အောင် ကိုယ် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး...မင်းအပေါ် အမြဲတမ်း အစစ်အမှန်ချစ်ခဲ့တဲ့ ကိုယ့်ထက် မင်းကိုအမြဲ အထင်သေးပြီး ရက်စက်တဲ့လူကို ပိုယုံတာလား..."


ကျီလင် : "..."


ခင်ဗျားကလည်း ကျွန်တော့်အပေါ် မကောင်းပါဘူး...သူတော်ကောင်းယောင်ဆောင်နေတာကိုများ...


သူ ပြန်ချေပလုနီးနီးပင်။ သို့သော်ငြား ပါးစပ်ဖွင့်ပြီး အသံလေးတစ်သံပင် မထွက်လိုက်နိုင်ခဲ့ချေ။ ရုတ်တရက် သူ့စိတ်ထဲ မကြုံစဖူးအတွေးတစ်ခု တွေးလိုက်မိပြီး 'ဘန်း' ခနဲ နှလုံးတစ်ချက်ခုန်သွားသည်။


ဒါ...ဒါက အခက်အခဲကို ဖြေရှင်းဖို့ အခွင့်ကောင်းပဲ...


ကျင်းဆွေ့ကို ဘယ်လိုငြင်းပြီးတော့ အခုလက်ရှိ သေရေးရှင်ရေးကာလကို ဘယ်လိုရုန်းထွက်ရမလဲဆိုပြီး ငါ သောကရောက်နေတာပဲ မဟုတ်ဘူးလား...အခုကားလို့စ်က ငါ့ထက်အရင် အကြောင်းပြချက်ကောင်းကောင်းတစ်ခု ပေးလိုက်ပြီးပြီ...


'ပြန်လည်မွေးဖွားတယ်' ဆိုတဲ့ လျှို့ဝှက်ချက်ကိုသာ ဘေးဖယ်ထားလိုက်ရင် အကုန်လုံးက လုံးဝ ယုတ္တိရှိသွားပြီလေ...


ကျီလင်ပင် တစ်ခါတစ်ရံ ဂါဘရီရယ် ထိုသို့လုပ်ရသည့် ရည်ရွယ်ချက်ကို နားမလည်နိုင်ပေ။ 


ဘာကြောင့်လဲဆ်ို သူက ကားလို့စ်ကို သေသေချာချာ ချောက်ချပြီးတော့ ကျင်းဆွေ့ကို ကူညီချင်တာနဲ့ တူနေတာကိုး...


အကယ်၍ ကျီလင်သာ ကျင်းဆွေ့က သူ့အပေါ်၌ ဤသို့မလုပ်ဟု မသေချာပါက ကျင်းဆွေ့က ဂါဘရီရယ်နှင့် ပူးပေါင်းနေသည်ဟု သူ သံသယဝင်လိမ့်မည်ပင်။


ယခင်က ကျီလင်မှာ သူ၏ 'အချစ်နောက် လိုက်ခြင်း' ကို ကားလို့စ်က တားဆီးကာကွယ်နေ၍ အမြဲလိုလို မကျေမချမ်း သဘောမကျဖြစ်ခဲ့ရသည်။ သို့သော် ယခုတစ်ခေါက်၌မူ ကားလို့စ်က သူ့အား 'အချစ်စစ်နောက် လိုက်ခြင်း'မှ တားဆီးနေ၍ ကျီလင်မှာ အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရသည်။


ဤရက်များတွင် သူဆုံခဲ့ရသည့် လူအားလုံးက သူ့အား ကျင်းဆွေ့နှင့် ယှဥ်တွဲပေးချင်နေကြပေ၏။ သူတို့အားလုံး ပြောသည့်စကားများမှာ 'ဂုဏ်ယူပါတယ်' ဟူ၍ပင်။ ပထမဆုံးအကြိမ်အနေဖြင့် တစ်စုံတစ်ယောက်က သူနှင့်ကျင်းဆွေ့ကြားမှ ဆက်ဆံရေးကို ဤကဲ့သို့ ရန်စပေးရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။ သူက အလွန် တာဝန်ကျေပွန်လှကာ တစ်စုံတစ်ရာ လုပ်ဆောင်ရန် အားထုတ်ကြိုးစားစရာပင်မလိုဘဲ ကျီလင်က မျက်ရည်များ ကျဆင်းလုနီးနီးဖြစ်သွားရသည်။


ဒီလိုရည်မှန်းချက်ကြီးပြီး အလုပ်မှာနစ်မြှုပ်ထားတဲ့ ဗီလိန်က တကယ့်ကို လေးစားစရာကောင်းလှပါပေတယ်...


ကျီလင်၏လက်များက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့သည်။ သူ့မှာ ကားလို့စ်အား မကျေမနပ်ဖြစ်နေသယောင်ပင် မကြည့်နိုင်တော့ပေ။ တုန်ယင်နေသည့်အသံဖြင့် သူ နောက်တစ်ဖန် အတည်ပြုလိိုက်သည်။

"အန်ကယ်ပြောတာတွေက...အမှန်ပဲလား..."


ကားလို့စ် ကောင်ငယ်လေး၏တင်းမာကာ အလျှော့မပေးလိုသော ပုံရိပ်ကိုကြည့်ပြီး သူ့နှလုံးသားထဲ အနည်းငယ်မျှ မခံမရပ်နိုင် ခံစားလိုက်ရသည်။ 


ငါ့ဆီကနေ ကောင်ငယ်လေးကို ခေါ်ထုတ်သွားခွင့်... ကျင်းဆွေ့ကို ဘယ်တော့မှ ပေးမှာမဟုတ်ဘူး....


သူ ဖြေးညင်းသွာ ပြောလိုက်သည်။

"ကိုယ် မင်းကို လိမ်နေစရာမှ မလိုဘဲ...မင်း သေသေချာချာ ဂရုတစိုက် တွေးကြည့်လိုက်ရင် ကိုယ်ပြောတာ မှန်မမှန်သိမှာပါ..."


ကျီလင် အတွေးထဲ နစ်သွားသည်။


ကားလို့စ်က သူတစ်ပါးအပေါ် ယုံမှားသံသယလွန်ကဲပြီး ပိုင်စိုးလိုစိတ် ရှိသော်ငြား သူ့မျက်ဝန်းများတွင် နောင်တတရားများ မရှိဘဲ ညင်သာသိမ်မွေ့သောစိုးရိမ်ပူပန်ခြင်းများသာ ရှိနေခဲ့သည်။ 

"မင်း ကိုယ့်ကို မယုံကြည်ချင်လည်း အဆင်ပြေပါတယ်...ကိုယ်က ဒီတိုင်း မင်းကို ဒီအကြောင်း သိစေချင်ပြီးတော့ ဧကရာဇ်နဲ့အတူရှိတဲ့ချိန် မင်းကိုယ်မင်း ကာကွယ်ဖို့ကို အာရုံစိုက်စေချင်လို့ပါ...မင်းနာကျင်နေတာမျိုး...ကိုယ်မမြင်ချင်ဘူး..."


ကျီလင် တိတ်ဆိတ်သွားပြီး ခေါင်းအား ငုံ့လိုက်သည်။ ထိုလေပြင်းတစ်ချက်ကို မတောင့်ခံနိုင်သကဲ့သို့ သူ့ပခုံးများက တုန်ယင်နေခဲ့သည်။


သံသယမျိုးစေ့ကို ယနေ့ စိုက်ပျိုးလိုက်နိုင်ခဲ့သည်ကို သိလျက် ကားလို့စ် တန့်သွားပြီးမှ တိုးညင်းစွာ ပြောလိုက်သည်။

"ကိုယ်သွားသင့်ပြီ...ဂရုစိုက်ပါ..."


၎င်းကိုပြောပြီးနောက် ဤအကြောင်းကို ပြောရုံသက်သက် ဤနေရာကို လာခဲ့သည့်အလား ကားလို့စ်က လှည့်ပြီး အဝေးကို လျှောက်သွားခဲ့လေသည်။


--------------------


ကားလို့စ် အဝေးရောက်သွားသည်ကို စောင့်ပြီးမှ ကျီလင် ခေါင်းလှည့်ပြီး ပြန်လျှောက်သွားလိုက်သည်။


ယခုလေးပင် သူ အမှန်တကယ် အံ့အားသင့်ခဲ့ရသော်ငြား စိတ်လိုက်မာန်ပါ မပြုမူလိုက်နိုင်ချေ။ လမ်းတစ်လျှောက် ကားလို့စ်၏စကားများကို သေချာဂရုတစိုက် ပြန်လည်တွေးတော စဥ်းစားပြီးမှ ထိုအကြောင်းပြချက်ကို အသုံးပြု၍ ရကြောင်း နောက်ဆုံး၌ ဆုံးဖြတ်ချက်ချလိုက်သည်။ 


တကယ်လို့ ငါသာ ဘရားသခင်ရဲ့ရှုထောင့်ကလို အားလုံးကို သိထားပြီး အရင်ဘဝက အတွေ့အကြုံတွေရှိခဲ့လို့သာ မဟုတ်ရင် ခုနှစ်ချက် ဒါမှမဟုတ် ၈ချက်လောက်ထိ ယုံသွားမိမှာကို ကြောက်မိသား...


ထိုအကြောင်းကို ဂရုတစိုက် စဥ်းစားကြည့်ပြီးနောက် ယခုဘဝတွင် ဂါဘရီရယ်က သူ့ကို ထိခိုက်နစ်နာစေလိုခြင်း အမှန်တကယ် မရှိသည်ကို ကျီလင် သဘောပေါက်လိုက်သည်။ ထိုစကားများက သူ့ကိုခြောက်လှန့်သည်နှင့် ပိုတူပေ၏။ သူ့ကို မည်သည်မှမလုပ်ခဲ့ရုံသာမက သတ်ပစ်ရန် အချိန်အလုံလောက် ရှိခဲ့သည်ကိုပင် မည်သူ့ကိုမှ မသတ်ခဲ့ချေ။ အဆုံး၌ သူ့ကို ကျင်းဆွေ့ထံသို့ပင် ပြန်ပစ်ပေးခဲ့သေးသည်။


ဂါဘရီရယ်၏အပြုအမူများက ရှင်းပြရန် ခက်ခဲသော်ငြား ယင်းက အရေးမကြီးချေ။



✨✨✨