Chapter 63
Viewers 15k

✨ Chapter 63

ကတိကဝတ်



အင်ပါယာဥယျာဥ်အား အချိန်အတော်ကြာကတည်းက တည်ဆောက်ထားခြင်းဖြစ်ကာ ကြယ်နှင့်တူသည့် ကျောက်မျက်ရတနာများအား သစ်ပင်အကိုင်းအခက်များတွင် ချိတ်ဆွဲထားပြီး နူးညံ့သည့်အလင်းအား တောက်ပစွာ ထုတ်လွှတ်နေပေ၏။ မြေပြင်၌ အဖိုးထိုက်တန်လှသည့် ကျောက်စိမ်းများဖြင့် ခင်းကျင်းထားပြီး ကျွမ်းကျင်သူများက ဂရုတစိုက် ဖြတ်တောက်ကာ အလှဆင်ထားသည့်အပင်များ၊ ပန်းပွင့်များဖြင့် ဘေးပတ်ပတ်လည်အား ဝန်းရံထားသည်။ လှပသည့်ပန်းများက စိတ်ကို ငြိမ်သက်အေးချမ်းစေသည့် ရနံ့များထုတ်လွှတ်နေပြီး လေထဲတွင် ရစ်ဝဲနေပေ၏။


မြင်ကွင်းက စတိုင်ကျကာ အထက်တန်းဆန်၍ ခမ်းနားပေ၏။


ညစာစားပွဲက ရှည်လျားကာ ထိုင်ခုံများကို ဥယျာဥ်အလယ်၌ နေရာချထားလေ၏။ ရွှေဖြူကွပ်ထားသည့် စားပွဲခင်းများကို ခင်းထားပြီး စားပွဲထက်တွင်မူ စကြဝဠာတစ်ခွင်မှ ကောင်းမွန်သည့် အစားအသောက် ဟင်းလျာများကို တည်ခင်းထားလေသည်။


အကယ်၍ ကားလို့စ်မိသားစုက အသုံးအဖြုန်းပြီးလက်ဖွာသည်ဟု ပြောရပါက အင်ပါယာမိသားစုကမူ အံ့ချီးလောက်အောင် ဇိမ်ခံတတ်သည်ဟု ပြော၍ ရပေသည်။


တစ်ယောက်က ခပ်လျှိုလျှိုနေ၍ အခြားတစ်ယောက်ကမူ ဝံ့ကြွားပေသည်။


ကျင်းဆွေ့က သူ့လက်အားကိုင်၍ အပြင်ထွက်လာချိန်တွင် ကျီလင်မှာမူ ကြေကွဲနေပြီးဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ နန်းတော်က ထွက်ခွာရန်အတွက် ဆင်ခြေတစ်ခုရှာရန် ဖြစ်သော်ငြား လူရှေ့၌ အကြင်နာတရားများ ချပြကာ ကြွားဝါခံရခြင်း အဖြစ်ကို ပြောင်းလဲသွားခဲ့လေသည်။ 


ကျင်းဆွေ့ တစ်ယောက်တည်းကို ကိုင်တွယ်ဆက်ဆံရသည်မှာ ခက်ခဲနေပြီ ဖြစ်သော်ငြား ယခုမူ ထိုမျှများပြားသော လူများရှေ့မှောက်တွင် ကျင်းဆွေ့နှင့် ရင်းနှီးကျွမ်းဝင်ဟန် ဆောင်ရဦးမည်ပင်။ ၎င်းက အဖြောင့်ကောင်လေးကျီအတွက် အမှန်ပင် ခက်ခဲလှပေ၏။


မျက်နှာ... ငါ မျက်နှာလိုချင်သေးတယ်လို့ အားး...


ကျင်းဆွေ့ လူငယ်လေး၏ အနည်းငယ်နီရဲနေသော မျက်နှာနှင့် နားရွက်များကို ဘေးတိုက် စောင်းငဲ့ကြည့်လိုက်ပြီး တိုးတိုးလေး မရယ်မောဘဲ မနေနိုင်တော့ချေ။ 


ဒီကလေးက ထပ်ပြီး ရှက်နေပြန်ပြီပဲ အာ...တကယ်ပါပဲ...ဘယ်အချိန်ကျမှ မင်း လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ကို လက်ခံပေးမှာများလဲ...ရှက်နေတာလေး ချစ်ဖို့ကောင်းပေမဲ့ လူတွေမြင်ခံရတာကိုလည်း ကသိကအောက်ဖြစ်တာပဲလား ဟမ်...


မည်သို့ပင်ဆိုစေ လူငယ်လေး၏ စိတ်အခြေအနေနှင့်ပတ်သက်ပြီး သူစိုးရိမ်မူပန်နေဆဲပင်။ ယနေ့ ကျင်းပသည့်ပါတီ၏ ရည်ရွယ်ချက်မှာ လူငယ်လေးကို ပျော်ရွှင်စေရန် ဖြစ်သည်။ လူငယ်လေးအား စိတ်ဆိုးဒေါသထွက်သွားသည်အထိ လုပ်ရန် သူ မတုံးအချေ။ ထိုသို့မဟုတ်ပါက ကြောင်ပေါက်လေး ဒေါသထွက်သွားလျှင် သူ၏လက်သည်းလေးများကို ထုတ်ကာ လူများအား လိုက်လံ ကုတ်ခြစ်လိမ့်မည်ပင်။


ကျင်းဆွေ့ လူငယ်လေးအား အပြင်သို့ ဦးဆောင်ခေါ်သွားလိုက်သည်။ လူများ၏နှုတ်ဆက်စကားများကို သူ ရင်ဆိုင်ကာ ခေါင်းညိတ်လိုက်သည်။ လူတိုင်း၏ မြှောက်လုံးပင့်လုံးများကို လက်ခံရခြင်းအား သူကျင့်သားရနေပြီ ဖြစ်သည်။ လူတိုင်းက သူ့အား အထင်ကြီးလေးစားပြီး သူကမူ ထိုမြှောက်ပင့်သည့်စကားများအား နားထောင်ရခြင်းကို ပင်ပန်းနေပြီပင်။ ထိုစကားလုံးများက သူ့ရင်ထဲကို အနည်းငယ်လေးမျှပင် မတည်မငြိမ် မဖြစ်စေခဲ့ပေ ။ သို့သော် ယနေ့တွင်မူ...


ကျီလင်အား လူတိုင်းက မျက်နှာချိုသွေးပြီး ချီးကျူးအမွှမ်းတင်နေကာ သူတို့က ကောင်းကင်မှ တွဲဖက်ပေးထားသည့် စုံတွဲများဖြစ်ကြောင်း၊ ကျီလင်က လိမ္မာသည့် ကလေးတစ်ယောက်ဖြစ်ပြီး ဧကရာဇ်က အမြင်ရှိကြောင်း၊ ဧကရာဇ်အား ပိုင်ဆိုင်ထားရ၍ ကျီလင်က ကံကောင်းလှကြောင်း ပြောနေသည်ကို ကျင်းဆွေ့ နားထောင်နေခဲ့သည်။


ကျင်းဆွေ့၏စိတ်အခြေအနေက ဖော်မပြနိုင်စွာ ရွှင်လန်းတက်ကြွနေပြီး သူတို့ ထပ်မံပြောသည်များကိုပင် နားထောင်ချင်နေသေးသည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်ရာ ကျီလင်က သူ့မျက်နှာနီရဲသွားသည့်အထိ ချီးမွမ်းခံထားရသည်ကို တွေ့လိုက်ရသည်။ သူ အနည်းငယ် မပြုံးမိဘဲ မနေနိုင်တော့ချေ။


သူ စဥ်းစားပြီး လက်ကိုလွှတ်ကာ ကျီလင်အား ပြုံးပြလိုက်သည်။

"သွားလေ...မင်းသူငယ်ချင်းတွေလည်း ဒီမှာ ရှိလောက်တယ်..."


ကျီလင်က လွတ်ငြိမ်းချမ်းသာခွင့် ရသွားသူတစ်ယောက်ကဲ့သို့ ဤမွန်းကြပ်ဖွယ်ကောင်းသည့် ပတ်ဝန်းကျင်မှ ထွက်ပြေးလွတ်မြောက်သွားလေ၏။

သေချာပေါက်ပင် ဝရံတာတွင် မတ်တတ်ရပ်နေသည့် ရို့စ်နှင့် သမ်းတုန်းကို သူမြင်လိုက်ရသည်။ နှစ်ယောက်လုံးက ပထမဆုံးအကြိမ် နန်းတော်ထဲသို့ ဝင်ဖူးခြင်းဖြစ်ကာ စပ်စုနေသည့်ကလေးလေးတစ်ယောက်ကဲ့သို့ သူတို့မျက်နှာများက အံ့သြမှင်သက်မှုများ၊သတိထားမှုများဖြင့် ပြည့်နှက်နေပေသည်။ ကျီလင် လာနေသည်ကို မြင်ပြီး သူတို့မျက်နှာများက တောက်ပဝင်းလက်သွားကြသည်။


ရို့စ်က လက်မထောင်ပြလိုက်သည်။

"သခင်လေးကျီ...မင်းရဲ့ဆန္ဒပြည့်ဝသွားတဲ့အတွက် ဂုဏ်ပြုပါတယ်...ဧကရာဇ်က မင်းကို တကယ်သဘောကျတဲ့ပုံပဲ..."


သမ်းတုန်းက လက်ခုပ်တီးလိုက်သည်။

"သခင်လေးကျီ...ဧကရာဇ်က လူတစ်ယောက် 

အတွက် နန်းတော်ထဲမှာ ညစာစားပွဲ ကျင်းပပေးတာ ဒါပထမဆုံးပဲ...ဧကရာဇ်က သခင်လေးအပေါ် သေချာပေါက် စိတ်ရင်းနဲ့ကို သဘောကျနေတာပဲ..."


ကျီလင် : "..."


ကြားရသည်မှာ ရင်ကွဲစရာပင်။ သူ ဤနေရာကိုရောက်မလာဖူးဘဲ ဤစကားများကို မကြားခဲ့သည့်အလား ကျီလင် လှည့်ကာ မည်းမှောင်နေသည့် မျက်နှာဖြင့် ထွက်သွားတော့သည်။


ရို့စ်နှင့်သမ်းတုန်းက ကျိီလင်အား စိတ်အနှောင့်အယှက်ဖြစ်စေသည့် စကားများကို မည်သည့်နေရာတွင် ပြောလိုက်မိလဲကို မသိဘဲ အချင်းချင်း ဗလာဖြစ်စွာ ကြည့်လိုက်ကြသည်။ သူတို့က ထိုနေရာတွင် ကြောင်တောင်တောင်ဖြင့် ရပ်နေကြပြီး နောက်ကမလိုက်ရဲကြပေ။


တစ်ခဏကြာပြီးနောက် ရို့စ်က သမ်းတုန်းအား စစွပ်စွဲလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ...မင်းက သခင်လေးကျီကို စိတ်ဆိုးအောင် လုပ်လိုက်တာပဲ..."


သမ်းတုန်းက ဒေါသတကြီး ပြောလိုက်သည်။

"အဲ့ဒါက မင်းကွ...မင်းကသာ သခင်လေးကျီကို စိတ်ဆိုးအောင် လုပ်လိုက်တဲ့သူ..."


ရုတ်ခြည်းဆိုသလို သူတို့က အချင်းချင်း စတင်စွပ်စွဲကာ ဒေါသတကြီး တိုက်ခိုက်ကြတော့သည်။


-------------------


ကျီလင်က မည်သူတစ်ဦးတစ်ယောက်ကိုမှ အာရုံမစိုက်ချင်တော့ချေ။ ထို့ကြောင့် သူက လူတစ်ယောက်မှ မရှိသည့် အလင်းရောင်မှိန်မှိန်လေးသာ ထွန်းထားသော နေရာတစ်ခုသို့ သွားပြီး မတ်တတ်ရပ်ကာ သက်ပြင်းချလိုက်သည်။ သူ့မျက်ဝန်းများက ဗလာဖြစ်နေကာ နောက်ဘာဆက်လုပ်ရမည်ကို သူတွေးကြည့်လိုက်သည်။


ငါတကယ်ပဲ လက်လျော့အရှုံးပေးလိုက်ပြီး အခုကစပြီး တခြားသူရဲ့သရုပ်မှန်ကိုသုံးပြီး ဒီကမ္ဘာမှာပဲ နေပြီး ယောကျ်ားတွေနဲ့ နေ့တိုင်း ပေါင်းသင်းဆက်ဆံပြီး ဘဝကို ဖြတ်သန်းရတော့မှာလား...


ဤအကြောင်းကို သူတွေးမိသရွေ့ သူစိတ်ပျက်အားငယ်သွားရပေသည်။


ဒေါသထွက်လိုက်တာ အား...ဒေါသထွက်လိုက်တာ...

ငါ လုပ်လိုက်တဲ့မစ်ရှင်က ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာတုန်း...သူတို့က ငါနဲ့ပတ်သက်ပြီး ဘာကိုကြိုက်နေကြတာလဲ...


အကယ်၍ ဤသို့သာ ဆက်ဖြစ်နေပါက သူ ကျင်းဆွေ့၏ ပိုးပန်းမှုကို လက်ခံပြီး ထို့နောက် ပျော်ရွှင်စရာကောင်းသည့် ဘဝ၌ နေလိုက်သင့်ပေသည်။


ဇာတ်လိုက်shouရဲ့ဇာတ်လမ်းကို ငါယူလိုက်ရတော့မှာပေါ့ အားးး…


ဒါပေမဲ့ ငါမှ တကယ်ကြီးကို ယောက်ျားတွေကို မကြိုက်တာ...


သူ လုပ်နိုင်သည့် ဆိုးသွမ်းသည့် အရာအားလုံးကို သူ လုပ်ပြီးသွားပြီပင်။ သူ့အသိစိတ်ဓာတ်လေးဖြင့် သူ့ဘဝအတွက် ရိုးရိုးရှင်းရှင်း တိုက်ခိုက်ခဲ့သော်ငြား ၎င်းက အသုံးမဝင်ခဲ့ချေ။ ကျီလင် သူ့တွင်ရှိနေသည့်ဥာဏ်ရည်လေးများပင် အားလုံးကုန်ဆုံးသွားပြီဟု ခံစားလိုက်ရသည်။ သူ့သရုပ်မှန်ကို မဖော်ထုတ်မိစေရန်မှာ အလွန်တရာပင် ခက်ခဲလှ၏။


ကျွန်တော် တောင်းပန်ပါတယ် အားး....အစ်ကိုကြီးရေ ကျွန်တော် တကယ်ကြီး ခင်ဗျားကို မချစ်ဘူးလို့...ကျွန်တော် ခင်ဗျားခံစားချက်တွေကို လှည့်စားချင်တာမဟုတ်ရပါဘူး...ခင်ဗျားကိုလည်း လုံးဝ ဒုက္ခမပေးချင်ပါဘူး...ကျွန်တော်က ခင်ဗျားကို နဥ်ယွီနဲ့ ကောင်းကောင်းမွန်မွန် HE လေး ရစေချင်ရုံပါ...ခင်ဗျားအချစ်ရေးမှာ ကျွန်တော် အနင်းခံကျောက်တုံးလေးဖြစ်ဖို့ကိုတောင် ဆန္ဒရှိပါတယ်...ဘာလို့ကျွန်တော့်ကို မျက်နှာလေး နည်းနည်းတောင် မပေးနိုင်ရတာလဲလို့...


သို့သော်ငြား ကျင်းဆွေ့၏ သူ့အပေါ် နူးညံ့ညင်သာမှုများနှင့် အလိုလိုက်မှုများကို တွေးလိုက်မိချိန်တွင် ကျီလင် သတ္တိနည်းသွားခဲ့သည်။ 


ဘာလို့လဲဆို ငါသာ ဒီစကားကို တကယ်ထုတ်ပြောလိုက်ရင် စိတ်မချမ်းမြွေစရာကောင်းအောင် သေသွားနိုင်တယ်လို့ ခံစားရလို့ပဲ ဟုတ်တယ်မလား....


*အသက်ပြင်းပြင်း ရှူသွင်းလိုက်သံ*


ကျီလင်၏စိတ်က ကပေါက်တိ ကပေါက်ချာ အတွေးများဖြင့် ပြည့်နှက်နေသော်ငြား သဲလွန်စလေးတစ်ခုပင် မထုတ်နိုင်ခဲ့၍ သူ့အား သောကရောက်သွားစေခဲ့သည်။ သူ ပြန်သွားတော့မည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ယောက်က သူ့လမ်းအား ပိတ်လိုက်သည်ကို ခံစားလိုက်ရသည်။ မော့ကြည့်လိုက်ရာ ကျင်းဆွေ့ဖြစ်နေသည်ကို မြင်လိုက်ရသည်။ 


သူ မမျှော်လင့်ထားစွာ မေးလိုက်သည်။

"ကျင်းဆွေ့ကော...ဘယ်လိုလုပ် ဒီရောက်နေတာလဲ..."


ရလဒ်အနေဖြင့် နောက်အခိုက်အတန့်မှာပင် ကျင်းဆွေ့က စကားတစ်လုံးမှ မပြောဘဲ သူ့အား တင်းကြပ်စွာ ဖက်ကာ သူ့မေးအားပင့်လျက် သတိပေးခြင်း အလျင်းမရှိဘဲ ခေါင်းငုံ့ကာ နမ်းလိုက်သည်ကို မြင်လိုက်ရသည်။


ကျီလင် ရူးသွပ်သွားသည်။


အစ်ကိုကြီးရေ...ခင်ဗျား ကိုယ့်ကိုကိုယ် နည်းနည်းလောက် မထိန်းချုပ်နိုင်ဘူးလား...ဘယ်အချိန် ဘယ်နေရာမဆို အဲ့လို အပူတက်နေတာပဲလား...ကျီလင် စိတ်ဓါတ်ကျသွားသော်ငြား မျက်နှာအမူအရာ ကင်းမဲ့စွာ သဘာဝတကျဖြင့် ကျင်းဆွေ့အား သူ့ကို နမ်းခွင့်ပေးထားလိုက်ဆဲပင်။ 


အသားကျသွားတာလည်း တကယ်ကို ကြောက်စရာကောင်းတာပဲ...


အနမ်းခံလိုက်ရ၍ ကျီလင် မူးနောက်ရီဝေသွားရကာ ခြေထောက်များပင် ပျော့ခွေသွား၍ ကျင်းဆွေ့၏လည်တိုင်အား လက်ဆန့်၍ ချိတ်တွယ်ထားရသည်။ လှည့်ကွက်သေးသေးလေး တစ်ခုအား သူရှာတွေ့သည်မှာ ကြာပြီ ဖြစ်သည်။။ သူ ပို၍ခုခံလေလေ ကျင်းဆွေ့က ပိုပိုတိုးလာလေလေပင်။ ထို့ကြောင့် အနည်းငယ် နာခံမှုပြလိုက်ခြင်းက ရရန်ခက်ခဲဟန် ကစားနေခြင်းထက် ပိုဆင်ပြေပေ၏။ ကျင်းဆွေ့၏အနောက်ဘက်အား သူစောင်းကြည့်လိုက်သည်။


ထို့နောက် ရုတ်တရက်ပင် အရပ်ရှည်ရှည်၊ ဆံပင်အနီရောင်ဖြင့် မီးခိုးရောင် မျက်ဝန်းများရှိသည့် ယောကျ်ားတစ်ယောက်ကို တွေ့လိုက်ရသည်။ ကျီလင် ကြောက်ရွံ့တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ 


ဘာလို့ ဘရန်ဒန်ကလည်း ဒီနေရာကို ရောက်နေရတာတုန်း အားးးး...


ကျင်းဆွေ့၏နမ်းရှိူက်မှုများကို သူ ကျင့်သားရနေပြီဆိုသော်ငြား အခြားလူများထံမှ ကြည့်ခံရသည်ကိုမူသူ မခံနိုင်သေးချေ။ ကျီလင် ချက်ချင်း ခုခံကာ ကျင်းဆွေ့အား အလိုအလျောက် တွန်းထုတ်လိုက်သော်ငြား သူက တုတ်တုတ်ပင် မလှုပ်သွားချေ။ ထိုအစား ကျီလင်၏ဆံပင်များထဲသို့ သူ့လက်ချောင်းများကို ထိုးသွင်းလိုက်ကာ ခေါင်းနောက်အား ဖိကိုင်ပြီး အနမ်းကို တုံ့ဆိုင်းမှုမရှိ ပိုနက်ရှိုင်းစေလိုက်သည်။


ကျီလင် အနမ်းခံရာမှ တအင့်အင့်ညည်းသံများထွက်လာပြီး မျက်ရည်များ ကျဆင်းလုနီးနီးပင်။ သူ့မျက်နှာမှာ မီးတောက်ထဲရောက်နေရသကဲ့သို့ ပူလောင်နေခဲ့သည်။


ခွေးကောင်...တစ်ယောက်ယောက် ကြည့်နေတယ်လို့... အချိန်အခါကိုလည်း အာရုံစိုက်ဖို့ လိုသေးတယ်ကွ...


ကောင်ငယ်လေး ဆက်တောင့်မခံနိုင်တော့ချိန်မှာပင်ကျင်းဆွေ့က နောက်ဆုံး၌ သူ့လက်များကို လွှတ်ပေးလိုက်ပြီး ကောင်ငယ်လေးအား သူ့ရင်ခွင်ထဲသို့ နူးညံ့စွာ မှီလဲကျသွားခွင့် ပြုလိုက်သည်။ ထိုအချိန်မှသာ ဘရန်ဒန်ကို သူ သတိပြုမိသွားသည့်အလား လှည့်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။

"မင်းဘယ်အချိန်တုန်းက ရောက်လာတာလဲ..."


ဘရန်ဒန်က ထိုနေရာ၌ လက်သီးကျစ်ကျစ်ဆုပ်လျက် ရပ်နေခဲ့သည်။ သူ့မီးခိုးရောင် မျက်ဝန်းများအတွင်း၌မူ နာကျင်မှုနှင့် စိတ်ဓာတ်ကျမှုများက ရှိနေခဲ့သည်။ 


ကျင်းဆွေ့ရဲ့စွမ်းရည်နဲ့ဆို ငါ့ကိုအခုမှ သတိထားမိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား...


ကျင်းဆွေ့က ၎င်းကို သူ့ကိုပြရန် ရည်ရွယ်ချက် 

ဖြင့် လုပ်ခဲ့ခြင်းပင်။ ယင်းက ကောင်ငယ်လေးအပေါ်၌ သူ မထားသင့်သည့် အတွေးများကို မထားရှိရန် သူ့အား သတိပေးရန်အတွက် တရားဝင်ကြေညာလိုက်ခြင်းသာဖြစ်သည်။ ကောင်ငယ်လေးက သူ့အပိုင်ဖြစ်ပြီး ငမ်းငမ်းတက် လိုချင်နေခြင်းကို မည်သူ့မှ ခွင့်မပြုဟု တရားဝင် ကြေညာလိုက်ခြင်းပင်။


ကောင်ငယ်လေးနဲ့ပတ်သတ်တဲ့ ငါ့စိတ်တွေကို...သူ ဘယ်အချိန်တုန်းက ရှာတွေ့သွားခဲ့တာလဲ...


ခါးသက်သည့် ခံစားချက်များက ဘရန်ဒန်၏ရင်ဘတ်ထဲတွင် တဟုန်ထိုးတက်လာခဲ့သည်။ ကျီလင် အဆင်ပြေလားကိုမြင်ရရန်၊ ကျင်းဆွေ့၏နံဘေး၌ နေရသည်ကို မပျော်မရွှင်ဖြစ်နေလားကို မြင်ရရန် သူ ယခုလေးပင် ကျင်းဆွေ့၏နောက်မှ တိတ်တဆိတ် လိုက်လာခဲ့ခြင်း ဖြစ်သည်။ ကျင်းဆွေ့က ကောင်ငယ်လေးအား နာကျင်စေမည်ကို သူစိုးရိမ်နေဆဲဖြစ်သည်။


သူက အလွန်လောဘကြီးပြီး ပိန်ပါးသည့်ပုံရိပ်လေးအား သတိတကြီးဖြင့် ကြည့်နေခဲ့သည်။ ဤသည်ကသာလျှင် သူ လူငယ်လေးနှင့် နီးကပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေ၏။


ဤရက်များ၌ သူ့ စိတ်ကိုသူ နောက်ဆုံး၌ အတည်ပြုခဲ့သည်။ သူ ကောင်ငယ်လေးနှင့် ပတ်သက်ပြီး ဂရုစိုက်မိနေသည်မှာ အပြစ်ရှိစိတ်တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကောင်ငယ်လေးအား သဘောကျနေခဲ့၍ပင်။ အပြစ်ရှိစိတ်က အစပျိုးမှုတစ်ခုသာ ဖြစ်သည်။ ထို့နောက်တွင် သူ့ကိုယ်သူ ကောင်ငယ်လေးအပေါ် နားလည်သဘောပေါက်ကာ အာရုံစိုက်ရန် ခွင့်ပြုထားခဲ့ပေသည်။ သူ ပိုပြီး အာရုံစိုက်လေ ပိုပြီးနားလည်လာလေပင်။ ကောင်ငယ်လေး၏ ကြင်နာတတ်မှုနှင့် အတွင်းပိုင်း အလှတရားများက သူ့အားလှုပ်ရှားသွားစေခဲ့ပြီး လူငယ်လေး၏ သက်ဝင်လှုပ်ရှားမှုနှင့် ထက်မြက်တောက်ပမှုများက သူ့အား ဆွဲဆောင်သွားခဲ့သည်။ ကောင်ငယ်လေးက နေရောင်ခြည်ကဲ့သို့ နွေးလွေးလှကာ လူများအား သူ့နားမချည်းကပ်ဘဲ မနေနိုင်စေပေ။ 


ကောင်ငယ်လေးက အမြဲတမ်းလိုလို အထက်စီးဆန်ပြီး လွှမ်းမိုးသည့် ပုံရိပ်ကို ပြုလုပ်နေခဲ့လျှင်ပင် သူ့အတွင်းစိတ်သဘာဝကို ဖုံးကွယ်မထားနိုင်ဘဲဆန့်ကျင်ဘက်ဖြစ်ပြီး အလွန်ဆွဲဆောင်မှုလည်း ရှိနေခဲ့သည်။


သူ ကောင်ငယ်လေးအား ချစ်နေမိသည်ကို နောက်ဆုံး၌ ဘရန်ဒန် နားလည်သဘောပေါက်သွားခဲ့သည်။


သို့သော် အနမ်းခံရပြီး ကျင်းဆွေ့၏ရင်ခွင်ထဲ မျက်နှာနီနီဖြင့် မှီတွယ်နေသည့် ကောင်ငယ်လေးကို မြင်လိုက်သည့်အခိုက် သူမတတ်နိုင်ပါဘဲ ကိုယ့်ကိုယ်ကို အပြစ်တင်နေသည့် အပြုံးလေးတစ်ခုကို ခပ်ယဲ့ယဲ့ပြုံးလိုက်မိသည်။


ငါ့ခံစားချက်တွေကို အတည်ပြုရင်တောင် ဘာလုပ်လို့ ရတော့မှာလဲ...


သူက ကောင်ငယ်လေး အလိုရှိသည့် လူတစ်ယောက် မဟုတ်ခဲ့ချေ။


သူလုပ်နိုင်သည့်အရာ ဘာမှမရှိဘဲ နောက်ဆုတ်ပြီး မြိုသိပ်နိုင်ရုံသာ တတ်နိုင်ပေသည်။


ဘရန်ဒန်၏ရှုပ်ထွေးနေသည့် အကြည့်များကို ကြည့်ပြီး သူ ကြည့်နေခဲ့သည်မှာ အချိန်ကြာပြီး မှန်းကျီလင် သိလိုက်သည်။ ကျီလင် သေလောက်သည်အထိ ရှက်ရွံ့သွားခဲ့ရသည်။ 


ဘရန်ဒန်ကတော့ ငါ့ကို သေချာပေါက် ရယ်နေမှာပဲ အားး...


သူ ကျင်းဆွေ့အား စိတ်ဆိုးမာန်ဆိုးဖြင့် တွန်းလွှတ်ကာ ခေါင်းလှည့်ပြီး ထွက်ပြေးသွားတော့သည်။ 


ဒါကတော့ များသွားပြီ...


ကျင်းဆွေ့က ဤတစ်ကြိမ်၌ ကျီလင်အား မတားခဲ့ဘဲ ထွက်ပြေးခွင့်ပြုလိုက်သည်။ ကျင်းဆွေ့ ခေါင်းလှည့်ကာ ဘရန်ဒန်ကို ကြည့်ပြီး ပြောလိုက်သည်။

"မင်းငါ့ကို ပြောစရာတစ်ခုခုရှိလို့လား..."


ဘရန်ဒန် ကျင်းဆွေ့၏ မျက်ဝန်းများထဲသို့ တည်တံ့စွာ စိုက်ကြည့်လိုက်ပြီး ဖြေးညင်းစွာ ပြောလိုက်သည်။

"မင်း သူ့ကိုနာကျင်အောင်လုပ်ရင်..."


သူ့အသံက တည်ငြိမ်အေးဆေးပြီး ခိုင်မာနေကာ ကျင်းဆွေ့၏ အေးစက်စက် အကြည့်များကို မျက်နှာချင်းဆိုင်လျက် လေးလေးနက်နက် ပြောလိုက်သည်။

"ငါ သူ့ကိုမင်းဆီကနေ ခေါ်သွားမှာ..."


---------------------


ကျီလင်မှာ ယခုလေးပင် ဘရန်ဒန်၏ရှေ့မှောက်၌ ပူပြင်းတောက်လောင်လှသည့် အနမ်းပြပွဲကို ဖျော်ဖြေတင်ဆက်ရန် အတင်းအကျပ် တွန်းအားပေးခံခဲ့ရလေသည်။ သူ့မျက်နှာက ပူလောင်နေဆဲဖြစ်ပြီး ခြေထောက်နားမှ ကျောက်တုံးလေးများကို ဒေါသတကြီးဖြင့် ကန်ထုတ်လိုက်သည်။ 


ကျင်းဆွေ့...ဒီအကျင့်မကောင်းတဲ့ ဝက်စုတ်ကြီးကတော့...


သေစမ်းကွာ အား....


ငါ အခုဘာလုပ်သင့်လဲ...


သုံးနိုင်သမျှ နည်းလမ်းအားလုံး အသုံးပြုပြီးပြီပင်။ မည်သည့်နည်းလမ်းမှ မကျန်ရှိတော့ဘဲ အလွန်အမင်း စွမ်းအားမဲ့နေသည့် ခံစားမှုကြီးက သူ့အား အလွန်ပင် စိတ်ရှုပ်စေသည်။ သူ့ကြိုး၏အဆုံးသတ်ကို ရောက်နေပြီဟု ခံစားရလေသည်။


သူ့တွင် ညစာစားပွဲကို တက်ရောက်လိုစိတ် မရှိတော့ချေ။ ထိုမြှောက်ပင့်သောစကားများကို ကြားရသည်ကို သူစိတ်မချမ်းသာချေ။ ထို့ကြောင့် သူ တိတ်ဆိတ်နေသည့် လမ်းတစ်လျှောက်ကို ပြန်လျှောက်သွားလိုက်သည်။


အခု ငါပျင်းတယ်ဆိုတဲ့ ဆင်ခြေကို အရမ်းနောင်တရနေပြီ...


၎င်းမှာ မူလက သူနှင့်ကျင်းဆွေ့ကြားက ကိစ္စသာဖြစ်သော်ငြား ယခုမူ လူတိုင်းက သိသွားကြပြီဖြစ်သည်။


တစ်ရက်မကုန်ခင် အင်ပါယာအထက်တန်းလွှာ 

အသိုင်းအဝိုင်းတစ်ခုလုံးက ကျင်းဆွေ့က ငါ့ကို နှစ်သက်မှန်း သိသွားကြမှာကို ငါကြောက်တယ်....ဒါက ရှင်းရှင်းလင်းလင်း လူတွေရှေ့သေဒဏ်ချလိုက်တာပဲ အားး...


ကျီလင် စိတ်အခြေအနေ မကောင်းနေ၍ လမ်းအား အာရုံမစိုက်မိလိုက်ပေ။ မှောင်မည်းနေသည့် အရိပ်တစ်ခုက သူ့ရှေ့၌ ရုတ်တရက်ကြီး ပေါ်လာခဲ့သည်။ ကျီလင် ကြက်သေသေသွားပြီး ဘယ်သူလဲဟု မေးတော့မည့်အချိန် သန်မာသည့် လက်ဖဝါးတစ်ဖက်က သူ့ပါးစပ်ကို အုပ်လိုက်ပြီး သူ့နောက်က သစ်ပင်ပေါ်သို့ ဖိချခံလိုက်ရသည်။


ထို့နောက် ချက်ချင်းဆိုသလို ကျက်သရေရှိပြီး နက်နဲသည့် မျက်နှာတစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ အမျိုးသားက သူ့နားထဲသို့ လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

"ကိုယ်ပါ..."


ကျီလင်၏ သူငယ်အိမ်များက ပြူးကျယ်သွားပြီး သူ့ရှေ့ ရုတ်တရက် ပေါ်လာသည့်လူကို ကြည့်လိုက်သည်။ သူ့ဦးနှောက်က ထိတ်လန့်မှုဖြင့် ဝုန်းခနဲမြည်ဟည်းသွားခဲ့သည်။


ကားလို့စ်လား...သူ ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပေါ်လာတာလဲ...



✨✨✨