Chapter 60
Viewers 15k

✨ Chapter 60



"ကလေးလေး အဝတ်အစားသွားလဲချည်...မေမေနဲ့အတူ နန်းတော်ကို သွားရအောင်..."


ကျီလင် ရုတ်ချည်းပင် သတိနိုးကြားသွားကာ မေးလိုက်သည်။

"မေမေ ဘာလို့နန်းတော်ကို သွားချင်ရတာလဲ..."


မဒမ်မာရီနာက ပြုံးကာ ပြောလိုက်သည်။

"မင်းရဲ့အန်တီရှမန်က မင်းကို လွမ်းနေတယ်တဲ့လေ...

မင်းကိုနန်းတော်ကို ခေါ်လာခိုင်းဖို့ မေမေ့ကိုပြောထားတာ..."


အိုး အဲ့ဒါ ကျင်းဆွေ့မဟုတ်ဘဲ အန်တီရှမန်ပဲ...


ဤအချိန်တွင် ကျီလင် ဖိအားများနေပြီး ကျင်းဆွေ့အား ဆုံနိုင်သည့် မည်သည့်အခြေအနေမျိုးကိုမဆို သူ့နှလုံးသားအောက်ခြေမှ ငြင်းဆန်နေခဲ့သည်။ နန်းတော်ထဲဝင်ပြီး ကျင်းဆွေ့အား ဆုံနိုင်သည့်ဖြစ်နိုင်ချေကို သူအလိုမရှိချေ။ ထို့ကြောင့် သူပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော် ဒီနေ့ အပြင်မထွက်ချင်ဘူး..."


မဒမ်မာရီနာ သူ့သားခေါင်းကို ဆတ်ခနဲရိုက်ကာ ပြောလိုက်သည်။

"မင်းအိမ်မှာပဲ ဆက်အောင်းနေရင် မှိုတက်သွားလိမ့်မယ်..."


အတိတ်တွင် သူအကြိုက်ဆုံးဖြစ်သည့် အပြင်ထွက်ပြီး လှုပ်ရှားရသည့်ကိစ္စမျိုးကိုပင် မလုပ်တော့ဘဲ အိမ်တွင် သူ့ကိုယ်သူ ပိတ်လှောင်ထားသည့် သူမသားကို မြင်ရသည်မှာ သူမအတွက် ထူးဆန်းကာ အသားမကျချေ။ ထို့ကြောင့် သူမ စိုးရိမ်ပူပန်စွာဖြင့် ကျီလင်အား အပြင်လမ်းလျှောက်ထွက် ခေါ်သွားချင်နေခဲ့သည်။ ထိုအချိန်မှာပင် ရှမန်က သူမအား ဖိတ်ခေါ်ခဲ့ပြီး သူမသားအား သူအကြိုက်ဆုံးနေရာ ဖြစ်ခဲ့သည့် နန်းတော်သို့ ခေါ်ဆောင်သွားရန် ရိုးရှင်းစွာပင် ဆုံးဖြတ်လိုက်သည်။


ကလေးက ဤကဲ့သို့ အိမ်၌ အမြဲပျင်းရိနေကာ ၎င်းက ကိုယ်နှင့်စိတ်ကျန်းမာရေးအတွက် မကောင်းပေ။

နောက်ဆုံးအကြိမ် အိမ်အပြင်ဘက်တွင် ကြောက်စရာကောင်းသည်များကို ကြုံတွေ့ခဲ့ရပြီး သူ့အပေါ်၌ စိတ်ပိုင်းဆိုင်ရာ အရိပ်အဖြစ် ကျန်ခဲ့ကာ ကြီးမားလာခဲ့ခြင်းဖြစ်သည်။


ကျီလင် နန်းတော်သို့ မဝင်ချင်ပေ။ ထို့ကြောင့် ခေါင်းမာစွာ ငြင်းဆန်ခုခံနေပေသည်။

"ကျွန်တော် မသွားချင်ဘူးလို့..."


မဒမ်မာရီနာ လက်ခုပ်တီးလိုက်ရာ အစေခံနှစ်ယောက်က ချက်ချင်းအဝတ်အစားများကိုင်ကာ ဝင်လာကြသည်။ သူမ မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"သခင်လေး အဝတ်အစားလဲတာကို ကူညီပေးလိုက်ကြ..."


ကျီလင် : "..."


ဆယ်မိနစ်ကြာပြီးနောက် အတင်းအကျပ် အဝတ်အစားလဲလိုက်ရသည့် ကျီလင်က မှုန်မှိုင်းနေသည့် အကြည့်နှင့်အတူ သူ၏စိုးရိမ်ပူပန်နေသည့် အမေထံမှ ကားထဲသို့ဆွဲခေါ်ခံလိုက်ရသည်။


သူ လမ်းတစ်လျှောက် အဆက်မပြတ်ဆက်တိုက် ဆုတောင်းလာခဲ့လေသည်။


ကျင်းဆွေ့နဲ့မတွေ့ပါစေနဲ့...ကျင်းဆွေ့နဲ့မတွေ့ပါစေနဲ့... ကျင်းဆွေ့နဲ့မတွေ့ပါစေနဲ့...


ယခင်က မဒမ်ရှမန်ကိုတွေ့ရန် သူမကြာခဏဆိုသလို 

နန်းတော်သို့ သွားသည်ဟု ပြောနိုင်ပေသည်။ သို့သော် မဒမ်ရှမန်နေရာတွင် ကျင်းဆွေ့အား သူတစ်ခါမှ မတွေ့ဖူးခဲ့ပေ။ 


ဒီတစ်ခါလည်း သူ မတွေ့လောက်ဘူးမလား...


ထိုသို့ကောင်းမွန်သည့် မျှော်လင့်ချက်လေးနှင့်အတူကျီလင် ကားထဲမှ ထွက်လိုက်သည်။ တံခါးပေါက်ကို ဝင်လိုက်'လိုက်ခြင်းမှာပင် မဒမ်ရှမန်၏နံဘေးတွင်ထိုင်ပြီး သူ့အား ကျက်သရေရှိ၍ နူးညံ့ညင်သာသည့် အပြုံးတစ်ပွင့်ဖြင့် ပြုံးပြနေသည့် ကျင်းဆွေ့ကိုမြင်လိုက်ရသည်။


ကျီလင် : "..."


အခုလေးတင် ဘာတွေးလိုက်တာလဲ...ကံကောင်းလောက်တယ်ဟုတ်လား...


မဒမ်မာရီနာလည်း ထိုနေရာတွင် ထိုင်နေသည့် ကျင်းဆွေ့ကို အကြည့်တစ်ချက်နှင့်ပင် တွေ့လိုက်ရပြီး အံ့အားသင့်နေသည်။ ကျင်းဆွေ့က မဒမ်ရှမန်၏သားဖြစ်သော်ငြား တိုင်းပြည်၏ ဧကရာဇ်တစ်ပါးလည်း ဖြစ်ရာ ဤနေရာတွင် မကြာခဏပေါ်လာသည်မှာ ရှားပေသည်။ ကျင်းဆွေ့က ဂျူနီယာတစ်ယောက်ဟု သတ်မှတ်၍ ရသော်ငြား မဒမ်မာရီနာက သူ့အား အထက်စီးမှ မဆက်ဆံရဲချေ။ သူမက ယဥ်ကျေးသည့်အပြုံးလေးတစ်ခုနှင့် ပြောလိုက်သည်။

"အရှင်ဧကရာဇ်ကလည်း ဒီရောက်နေတာပဲ..."


ကျင်းဆွေ့က မဒမ်မာရီနာအား မယဥ်မကျေး မဆက်ဆံဘဲ မတ်တတ်ရပ်ကာ ခေါင်းညိတ်၍ ပြုံးလိုက်သည်။

"မဒမ်မာရီနာ...တွေ့ရတာ ဝမ်းမြောက်စရာပါပဲ..."


ကျင်းဆွေ့က သူမအား အလွန်လေးလေးစားစား ဆက်ဆံသည်ကို မြင်ပြီး မဒမ်မာရီနာလည်း စိတ်အခြေအနေ ကောင်းမွန်သွားကာ အပြုံးလေးတစ်ခုနှင့် ပြောလိုက်သည်။

"ကျွန်မရောပါပဲ..."


ကျီလင်တစ်ယောက်တည်းကသာ စိတ်အခြေအနေ အလွန်ခါးသက်နေခဲ့သည်။


သူ အလှည့်စားခံလိုက်ရသည်ဟု ခံစားလိုက်ရ၍ ကျင်းဆွေ့အား မျက်လုံးပင့်မကြည့်ရဲဘဲ ခေါင်းလေးအားငုံ့ကာ နာခံစွာပြုမူနေသလို ဟန်ဆောင်လိုက်သည်။


မဒမ်ရှမန်က ကျင်းဆွေ့၏အကြည့်ကို သိသာထင်ရှားစွာ ရှောင်ရှားရန် ငုံ့ထားသည့် ကျီလင်၏ ခေါင်းလေးအား ကြည့်လိုက်ပြီး လူငယ်လေးက ရယ်စရာကောင်းပြီး ချစ်စရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။ ဤကလေးက ပိတ်ရက်များတွင် သူမအားလာတွေ့သည့်အချိန်၌ ထိုမျှ မရှက်နေခဲ့ချေ။ သူက ကျင်းဆွေ့အား ကြိုက်နှစ်သက်သော်ငြား သူ့အားတွေ့ချိန်တွင် ကိုယ်နေဟန်ထားနှင့် သဘောထားက ပြောင်းလဲသွား၏။


သူမအား မဒမ်မာရီနာနှင့်ကျီလင်အား လာရန်ဖိတ်ကြားခိုင်းသူက ကျင်းဆွေ့ဖြစ်ပေသည်။ အထူးသဖြင့် သူ ဤနေရာတွင် ရှိနေကြာင်းကို မဒမ်မာရီနာအား မပြောခိုင်းခဲ့ပေ။ သူက ကျီလင်အား အံ့သြသွားအောင် လုပ်ချင်ခဲ့သည်။


မဒမ်ရှမန်က ပထမတွင် အလွန်အံ့အားသင့်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူမသားကို သူမကောင်းကောင်း သိပေသည်။ ယခင်က သူက ကျီလင့်အပါ်၌ ဟက်ဟက်ပတ်ပတ် မရှိခဲ့ဘဲ ကျီလင့်အား အလွန်မနှစ်သက်ပုံပင် ပေါ်လေသည်။ 


အခုမှ ရုတ်တရက်ကြီး ဘယ်လိုလုပ် ကျီလင့်ကို သဘောကျသွားရတာလဲ...ဒီကိစ္စရပ်ကြီးကြောင့်များ ကျီလင်ရဲ့ကောင်းကွက်တွေကို နားလည်သွားပြီး နောက်ဆုံးမှာ ခံစားချက်တွေ ကြီးထွားလာတာများလား...


ထိုသို့သာဆိုပါက ကောင်းမွန်သွားသည်ပင်။ သူမသား၏ ရုတ်တရက် ဥာဏ်အလင်းပွင့်ကာ အမြင်မှန်ရသွားသည်နှင့် ပတ်သက်ပြီး သူမက အလွန်ပျော်ရွှင်နေပေ၏။ အဘယ့်ကြောင့်ဆိုသော် သူမက ကျီလင့်အား နှစ်သက်ပြီး ကျင်းဆွေ့က သူ့အားကြိုက်နှစ်သက်နိုင်ရန်ကိုလည်း သူမ မျှော်လင့်နေ၍ဖြစ်သည်။ အကယ်၍ ဤချစ်စဖွယ်ကောင်းလှသည့် ကောင်ငယ်လေးကသာ အနာဂတ်တွင် သူမအား အဖော်ပြုပေးရန် နန်းတော်သို့ မကြာမကြာ ဝင်လာနိုင်ပါက ပိုမိုကောင်းမွန်သွားမည်ပင်။


အလွန်တည်ငြိမ်လွန်းပြီး ချစ်စရာလုံးဝ မကောင်းသည့် သားဖြစ်သူ ကျင်းဆွေ့နှင့်ယှဥ်ပါက အပြုအမူကောင်းမွန်ပြီး ချစ်စဖွယ်ကောင်းလှသည့် ကျီလင်က

အဆပေါင်းများစွာ ပိုနှစ်သက်ဖွယ် ကောင်းပေသည်။


ကျင်းဆွေ့နံဘေးမှ မဒမ်ရှမန်က တုံ့ဆိုင်းမှုမရှိဘဲ မတ်တတ်ရပ်လိုက်ကာ ကျီလင်အား မက်လုံးပေးပြီး သွေးဆောင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။


သူမက ချစ်မြတ်နိုးနေသည့် အပြုံးလေးတစ်ခုနှင့် ကျီလင့်အား လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။

"ရှောင်လင်...ဘာလို့ ဒီနားကို မလာတာလဲကွယ်..."


ကျီလင် ပြောစရာစကား ပျောက်ရှသွားရသည်။ 


ဒါပေမဲ့ စိတ်အားထက်သန်နေတဲ့ မဒမ်ရှမန်ကို ငါ ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ...


သူ ဖြေးဖြေးချင်းလျှောက်သွားရုံသာတတ်နိုင်ပြီး ကျင်းဆွေ့အား မကြည့်ရဲသေးဘဲ နုံအစွာ ပြောလိုက်သည်။

"အန်တီရှမန်..."


မဒမ်ရှမန်က ကျီလင်၏လက်ကို ကိုင်လိုက်ပြီး သူ၏အနည်းငယ် နီရဲနေသော နားရွက်များကို ကြည့်ကာ ကလေးက ရှက်နေတာပဲ'ဟု သူမနှလုံးသားထဲမှ ပြောလိုက်မိသည်။ 


ဘုရားရေ...လက်ရှိ အင်ပါယာအထက်တန်းလွှာတွေကြားထဲမှာ ဒီလိုမျိုး ရှက်တတ်တဲ့ကလေး တစ်ယောက်က ရှိနေသေးတုန်းလား...ဒါက ရတနာတစ်ပါးလိုပဲ...သူက အမြဲလိုလို အရမ်း စိတ်အားထက်သန်နေပြီး အထိန်းအကွပ်မဲ့နေပေမဲ့ အရမ်းလည်း ရှက်တတ်တာပဲ ...


သူမက ချစ်မြတ်နိုးစွာ ပြောလိုက်သည်။

"အန်တီကြားတာတော့ မင်းအပြင်သွားတုန်း အန္တရာယ်ကြုံခဲ့ရတယ်ဆို ...အန်တီတကယ်ကို စိတ်ပူသွားတာပဲ...ဒါတွေအားလုံးက ကျင်းဆွေ့ရဲ့အမှားပဲ...သူက မင်းကိုကောင်းကောင်း မကာကွယ်ပေးခဲ့ဘူး...အန်တီသူ့ကို ပြင်းပြင်ထန်ထန် အပြစ်ပေးထားတယ်..."


ကျီလင် : "...အဲ့...အဲ့ဒါက ကိစ္စမရှိပါဘူး..."


ဤကောင်ငယ်လေးက ညှာတာထောက်ထားတတ်ပြီး ကြင်နာတတ်သည်ဟု မဒမ်ရှမန် သူမဘာသာ သူမ တွေးလိုက်သည်။


ဘုရားရေ...ဒီလိုမျိုး နားလည်မှုရှိတဲ့ ကောင်ငယ်လေးကို အပြင်ဘက်က လူတွေက ဘယ်လိုလုပ်ပြီး လူပေါ်ကြော့လို့ ပြောနိုင်ရတာလဲ...


သူမ ထိုလူများ၏ပါးစပ်ကို ဆုတ်ဖြဲချင်မိသွားသည်။ သူမ၏နတ်သားလေးက အလွန်ချစ်စရာကောင်းနေသည်ကို သူတို့က မနာလိုနေခြင်းသာ ဖြစ်ရပေမည်။


သူမ စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

"အနာဂတ်ကျ သာမာန်ကာလျှံကာ လျှောက်မသွားနဲ့တော့နော်...အန်တီ့နှလုံးသားက စိုးရိမ်လွန်းလို့ကြေကွဲနေပြီကွယ်..."


ကျီလင် : " ဟို...ဟုတ်…"


သူ့အား မဒမ်ရှမန်က ဆွဲထားပြီး အချိန်အကြာကြီးမေးမြန်းနေခဲ့လေသည်။ ချဲ့ကားထားသည့် စကားလုံးများနှင့် သိသာလှသည့် အချစ်များက သူ့ခေါင်းအား ချာလပတ်လည်သွားစေခဲ့ပြီး သူ့နှလုံးသားထဲတွင် မကျေမနပ် ညည်းညူလိုက်သည်။ 


အန်တီရေ... ဘုရင်မတစ်ယောက်အနေနဲ့ ဘာလို့ ဘုရင်မပီပီ ပိုပြီး သီးသန့်ဆန်ဆန် မနေတာတုန်း...အားးး...ကျင်းဆွေ့နဲ့ ကျွန်တော့်ကို ယှဥ်တွဲပေးချင်နေတဲ့ဆန္ဒကို အန်တီ့မျက်နှာပေါ်မှာ ဗြောင်ကျကျရေးထားတာပဲ...ဘုရင်မတစ်ယောက်အနေနဲ့ လူတွေ မျက်နှာကို ဖြတ်ရိုက်ပြီး မျက်ရည်တွေ ကျသွားအောင် လုပ်သင့်တာ မဟုတ်ဘူးလားလို့...

 

(T/N- ဒီမှာ သုံးထားတဲ့ ဘုရင်မက ဘုရင်ရဲ့အမေ၊ ခင်ပွန်းကွယ်လွန်ထားတဲ့ သူကိုကိုယ်စားပြုထားတာပါ)


မန်ဒရင်းဘဲတွေကို အနိုင်ယူပြီးခွဲဖို့ ယုတ်မာတဲ့ယောက္ခမက ဘာလို့ဒီနေရာမှာ မရှိတာလဲ အားး... ကျင်းဆွေ့ ကျွန်တော့်ကို ကြိုက်တာကို ကျွန်တော့်ထက် ဘာလို့ အန်တီက ပိုပျော်နေတဲ့ပုံပေါက်နေရတာတုန်း အားး...


ကျွန်တော်က အသုံးမကျတဲ့သူမလို့ အန်တီရဲ့ ထက်မြက်တဲ့သားနဲ့ မထိုက်တန်ပါဘူးဆိုနေ အားး...


ပြီးတော့ ဘာလို့ ကျင်းဆွေ့ထက် အန်တီက ကျွန်တော့်ကို ပိုသဘောကျနေတဲ့ပုံ ပေါ်နေတာလဲ...နိုးထပါတော့...သူက အန်တီ့သားလေ အားး...


ကျီလင်မှာ အလွန်ပင် စိတ်ဓာတ်ကျသွားခဲ့ရသည်။


မဒမ်ရှမန်မှာ ချစ်စရာလေး၏လက်လေးကို ကိုင်ထားရသည်အား မလုံလောက်သလို ခံစားလိုက်ရသည်။


ဘယ်လိုတောင် နာခံပြီး ချစ်ရာကောင်းလိုက်တဲ့ ကလေးပါလိမ့်...ဖြူဖွေးဥပြီး ကိုင်ရတာ နူးညံ့နေတာပဲ...


အသက် ၇နှစ်ရောက်ကတည်းက သူမသားက ချစ်စရာမကောင်းတော့ချေ။ သူက ခက်ထန်ပြီး မာကြောလာကာ သူမကိုပင် သူ့အနီးကပ်ခွင့် မပေးပေ။


သူမက ကျီလင်အား အခန်းပြင်သို့ ထွက်သွားခွင့်ပေးရန် အလွန်ပင် မလိုလားဘဲ အင်တင်တင်ဖြစ်နေသည်။ သို့သော် သူမသား၏သတိပေးနေသည့် အကြည့်များကို ကြည့်ပြီးနောက် သူမလက်ကို ကြင်ကြင်နာနာ ဖြေလျော့လိုက်ဆဲဖြစ်ကာ ကျီလင်၏ခေါင်းလေးအား ထိလိုက်သည်။

"အန်တီ မာရီနာနဲ့ ခဏလောက် စကားပြောလိုက်ဦးမယ်...ကျင်းဆွေ့ မင်းရှောင်လင်ကို အရင်ဆုံး လမ်းလျှောက်ခေါ်သွားလိုက်ပါဦး..."


ဤသည်ကို ကြားချိန်တွင် ကျင်းဆွေ့မတ်တတ်ရပ်ပြီး ပြုံးကာ ပြောလိုက်သည်။

"ကောင်းပါပြီ...အမေ..."


ကျီလင် : မဟုတ်ဘူး---


ကျင်းဆွေ့ မဒမ်မာရီနာအား တလေးတစားဖြင့် နှုတ်ဆက်စကားပြောလိုက်ကာ ကျီလင်၏လက်ကိုကိုင်ပြီး သူ၏အငြင်းစကားကိုပင် မစောင့်တော့ဘဲ ဦးဆောင်ကာ အခန်းထဲက ခေါ်ထုတ်သွားလိုက်သည်။


ကျီလင် : "..."


ကျင်းဆွေ့နှင့် မဒမ်ရှမန်က တစ်ကျိတ်တည်း တစ်ဥာဏ်တည်းမှန်း ကျီလင် ယခု နားလည်သွားပြီ ဖြစ်ကာ သူတို့က သူ့အားလိမ်ရန်ပင် တွက်ချက်ထားခဲ့ကြသည်။ 


ဂရုမစိုက်မိလိုက်တာ... ငါ တကယ်ကြီး သတိမမူမိလိုက်တာဘဲ...


ခြေတစ်လှမ်း မှားလိုက်တာက မုန်းတီးမှုတစ်ထောင်ကို ဖြစ်လာစေတာပဲ အား...


ကျင်းဆွေ့ ကျီလင်၏လက်အားဆွဲကာ နှလုံးသားတစ်ခုလုံး ပြည့်နေသည့် အချစ်များ အကြင်နာမေတ္တာများဖြင့် သူ့အား ကြည့်လိုက်သည်။ သူ ဤရက်များတွင် နေ့ရောညပါ ကောင်ငယ်လေးနှင့် ပတ်သက်သည့် အကြောင်းများကို တွေးနေခဲ့သည်။ သို့သော်လည်း ကောင်ငယ်လေးက သူ့အား ရှောင်ရှားနေသည်မှာ နှမြောစရာပင်။ သူ အလွန်ပင်ရှက်ရွံ့သွားခဲ့သည်။


ဒါကို ဘယ်လိုဆက်လုပ်ရမလဲ...


သူ့အမေအား ကောင်ငယ်လေးကို နန်းတော်ထဲသို့ ဝင်ကာ ချော့ခိုင်းရန် မဆုံးဖြတ်မီ ရက်အတော်ကြာအောင် စိတ်ရှည်သည်းခံပြီး ကောင်ငယ်လေးအား အိမ်တွင် ရက်အတန်ကြာအောင် နေခွင့်ပေးလိုက်သည်။


ကျီလင် ခါးသက်သက် ခံစားလိုက်ရသည်။ သူ တွေဝေနေဆဲမှာပင် ကျင်းဆွေ့က သူ့အား အရှေ့သို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ကျင်းဆွေ့၏နန်းတော်ကို မြင်ချိန်တွင် သူရပ်တန့်သွားသည်။ သူ အထဲသို့ မဝင်ချင်ပေ။ ထို တိမ်အမဲလိုက်သားရဲက အလွန်ကြောက်စရာကောင်းလှ၏။ သူ့အားမြင်ချိန်တိုင်း လျှာအားထုတ်ကာ မာန်ဖီဟိန်းဟောက်၍ ခြိမ်းခြောက်တတ်ပေသည်။ အတိတ်က သေခြင်းတရားကို ရှာဖွေရန် သရုပ်ဆောင်နေရ၍သာ မဟုတ်ပါက သူ ၎င်း၏အနီးနားသို့ သွားရန် ဆန္ဒရှိလိမ့်မည် မဟုတ်ချေ။


မည်သို့ပင်ဆိုစေ ကျင်းဆွေ့၏ခွန်အားက သူ့အားငြင်းဆန်ခွင့် လုံးဝမပြုဘဲ ကျီလင်အား တိုက်ရိုက်ပင် အထဲသို့ ဆွဲခေါ်သွားခဲ့သည်။


ကျီလင် သူ့မျက်ဝန်းများအား ကြောက်လန့်တကြား မှိတ်ချလိုက်သည်။ သို့သော် ပြန်ဖွင့်လိုက်ချိန်တွင် သူစိုက်မကြည့်ဘဲ မနေနိုင်တော့ချေ။ ခြံဝင်းက အလွတ်ဖြစ်နေကာ ကြောက်စရာကောင်းသည့် သားရဲတိရစ္ဆာန်ကြီးက ထိုနေရာတွင် မရှိနေပေ။


ကျီလင်၏ပဟေဠိဖြစ်နေသည့် အကြည့်များနှင့်မျက်နှာချင်းဆိုင်ရသောအခါ ကျင်းဆွေ့က နွေးထွေးစွာဖြင့် ရှင်းပြလိုက်သည်။

"အဲ့ကောင်က နေရာအများကြီး ယူလွန်းတယ်လေ...သူ့ကို အဝေးပို့ပစ်လိုက်ပြီ..."


ကျီလင် : "..."


သိပ်တော့ မဟုတ်သေးဘူးနော်...အစ်ကိုကြီးရေ...ခင်ဗျားပြောတာက နည်းနည်းတော့ ယုတ္တိမရှိဘူးနော်...စာအုပ်ထဲမှာ အဲ့ကောင်ကို ခင်ဗျားအကြိုက်ဆုံးအိမ်မွေးတိရစ္ဆာန်လို့ ဖော်ပြထားပြီး ခင်ဗျား သူ့ကိုရထားတာ ဆယ်နှစ်တောင် ရှိသွားပြီဆို...အဲ့ဒါကို အခုမှလာပြီး သူက နေရာယူလွန်းတယ်လို့ တွေးနေတယ်ပေါ့လေ အား...


အေးစက်လိုက်တာ..အရမ်းကို အေးစက်လွန်းတယ်...


ကျင်းဆွေ့၏အကြည့်များက ကိစ္စသေးသေးမွှားမွှားလေး တစ်ခုအကြောင်းကို ပြောပြနေသည့်အလား တည်ငြိမ်အေးဆေးကာ မထူးခြားနားဖြစ်နေပေသည်။ သူက ကျီလင်ကို အရှေ့သို့ ဦးဆောင်ခေါ်သွားကာ ပြောလိုက်သည်။

"စကားမစပ်...မင်းအရင်တုန်းက လာတုန်းက တစ်ခါမှတောင် သေသေချာချာ လှည့်ပတ်မကြည့်ဖူးတဲ့ပုံပဲ...ကိုယ်မင်းကို တစ်ခေါက်လိုက်ပြမယ်လေ..."


သူပြောလိုက်ပြီး သူ့နန်းတော်အား လည်ပတ်ရန် ကျီလင့်အား စတင်ခေါ်ဆောင်သွားလိုက်သည်။ 


သူ ကျီလင့်အား သူ၏အိပ်ခန်း၊ စာကြည့်ခန်း၊ စုဆောင်းမှုအခန်းနှင့် လက်နက်ခန်းကို လိုက်ပြလိုက်သည်။ ကျီလင် ယခင်က ဤအခန်းများထဲက မည်သည့်အခန်းကိုမှ မရောက်ဖူးခဲ့ချေ။ သူ ခြံဝင်းထဲတွင်သာ အများဆုံး မတ်တတ်ရပ်ပြီး မထွက်သွားမီ ကျင်းဆွေ့အား စကားအနည်းငယ် ပြောခဲ့သည်သာ ဖြစ်သည်။ 


တစ်ဖက်တွင် သူက ဤအရာများကို ကြည့်ရှုရန် ရည်ရွယ်ချက်မရှိဘဲ အခြားတစ်ဖက်တွင် ကျင်းဆွေ့က သူ့ပိုင်နက်အား လွှမ်းမိုးလိုစိတ်ပြင်းထန်သည့် လူတစ်ဦးဖြစ်ကာ အခြားသူများ သူနေရာသို့ ဝင်လာသည်ကို မကြိုက်ပေ။


သို့သော် ဤတစ်ကြိမ်တွင်မူ သူက သူနေထိုင်သည့်ပတ်ဝန်းကျင်အား ကျီလင်အား ပြသရန် တွန့်ဆုတ်မနေခဲ့ဘဲ အခန်းတစ်ခန်းချင်းစီ၏ လုပ်ဆောင်ချက်များနှင့် ကဏ္ဍများကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြနေခဲ့သည်။


ကျီလင် အလွန်စိတ်ရှုပ်ထွေးသွားခဲ့ပြီး ကျင်းဆွေ့ အဘယ့်ကြောင့် ဤကဲ့သို့ အရာများ လုပ်နေသည်ကို မသိဘဲ သူ့အား နားလည်ရခက်စွာ ကြည့်လိုက်သည်။


သူ့ပတ်ဝန်းကျင်ကို ပြဖို့လေးအတွက်နဲ့ နန်းတော်ထဲ ဝင်လာအောင် ငါ့ကို လှည့်စားခဲ့တာလား...


အဆုံး၌ ကျင်းဆွေ့က တစ်ပတ်ပတ်၍ ပြပြီးသွားပြီဖြစ်ကာ သူ့အိပ်ခန်းဘေးရှိ အခန်းတစ်ခုထံ ကျီလင်အား ခေါ်သွားကာ တံခါးအား တွန်းဖွင့်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ 

"ဒီအခန်းကို မင်းအတွက် ကိုယ်အထူးတလည် ပြင်ထားတာ...မင်း ရက်ပိုင်းလောက် နန်းတော်ထဲမှာနေဖို့ ကိုယ်ဖိတ်ခေါ်ချင်ပါတယ်..."


ကျီလင် : "..."


နေဖို့လား... ခင်ဗျားရည်ရွယ်ချက်က လူတိုင်းမြင်ရတဲ့အထိ သိသာမနေဘူးလား...


သူအလွန်ပင် လန့်ဖျပ်သွား၍ သူ့မျက်နှာပင်ပြောင်းလဲလုနီးနီး ဖြစ်သွားခဲ့သည်။ သူ တစ်ဖက်သို့ အကြည့်လွှဲလိုက်ပြီး မသက်မသာဖြင့် ပြောလိုက်သည်။

"အဲ့ဒါက...ကျွန်တော့်အမေက ကျွန်တော် အိမ်ပြန်လာမှာကို စောင့်နေတုန်းပဲ...ကျွန်တော့်ကို တစ်ရက်လောက် မမြင်တာနဲ့ သူ အရမ်းစိုးရိမ်သွားလိမ့်မယ်...ကျွန်တော် တောင်းပန်ပါတယ်..."


ကျင်းဆွေ့ တန့်သွားသော်ငြား မမျှော်လင့်စွာပင် သူ့အား တွန်းအားမပေးလာခဲ့ချေ။ သူက နောင်တအချို့နှင့် ရယ်မောလိုက်ပုံပေါ်ကာ ပြန်ပြောလိုက်သည်။

"အဲ့လိုလား...စိတ်မကောင်းစရာပဲ..."


ကျင်းဆွေ့က ထိုမျှ လျင်မြန်စွာ သဘောတူလိုက်မည်ဟု ကျီလင် မထင်ထားခဲ့ပေ။ တုန်လှုပ်နေသော သူ့နှလုံးသားက အနည်းငယ် ပြေလျော့သွားပြီး ထွက်သွားရန် မစောင့်နိုင်တော့ချေ။ သူ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

"ကျ...ကျွန်တော် အရင်ပြန်နှင့်လိုက်ပါ့မယ်...ကျွန်တော့်အမေက စိုးရိမ်တကြီးနဲ့စောင့်နေရမှာ..."


သူပြောပြီးသည်နှင့် လှည့်ထွက်သွားလိုက်သည်။


ဒီနေရာက အရမ်းမွန်းကြပ်တာပဲ...



✨✨✨