Chapter 59
Viewers 16k

✨ Chapter 59

အတင်းအကြပ်အနမ်း



အေးတိအေးစက် မျက်နှာအမူအရာဖြင့် ကားလို့စ်မျက်လုံးများက ကျင်းဆွေ့ပေါ် ကျောက်ချကြည့်လိုက်သည်။ သူက အေးစိမ့်နေသောအသံဖြင့် မေးလိုက်သည်။

"အရှင်ဧကရာဇ် ဒါက ဘာကိုဆိုလိုတာပါလဲ..."


ကျင်းဆွေ့ သူ့မျက်လုံးများထဲက သတ်ဖြတ်လိုစိတ်များကို ဖုံးကွယ်မထားခဲ့ပေ။ သူ ဖြေးညင်းစွာ ပြောလိုက်၏။

"ခင်ဗျား သူ့ကို အန္တရာယ်ထဲရောက်အောင် မလုပ်ခဲ့ဘူးလား..."


လုံလောက်ပြီ...


ကားလို့စ် ဒေါသခြောင်းခြောင်း ထွက်သွားခဲ့သည်။ သူ့အတိတ်က အတင်းအဖျင်းများကို သုံးပြီး သူ့ကိုတိုက်ခိုက်ရန်အတွက် ကျင်းဆွေ့က သူ့ခေါင်းပေါ် ရေညစ်ဆိုးများ လောင်းချပြီး အရှက်ခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကားလို့စ်၏အသံက ဒေါသဖြင့်တုန်ယင်နေပြီး အသံနက်နက်ဖြင့် ပြောလိုက်သည်။

"သူ ထိခိုက်နာကျင်နေမှာကို ကျုပ်ဘေးထွက်ပြီး ရပ်ကြည့်နေမှာ မဟုတ်ဘူး... သူ ဘေးကင်းစေဖို့ ကျုပ် ဘာမဆိုလုပ်မှာ..."


ကျင်းဆွေ့ လှောင်ပြောင်လိုက်သည်။

"အဲ့ဒါ အမှန်ဟုတ်မဟုတ် ခင်ဗျား စိတ်ထဲမှာပဲ သိမှာပေါ့..."


ကားလို့စ် သရော်လိုက်သည်။

"အဓိပ္ပါယ်မရှိတာ..."


သူ့အာရုံကို ကျင်းဆွေ့ထံမှ ကျီလင်ထံသို့ ပြောင်းလိုက်ပြီး လေးနက်သည့်မျက်နှာဖြင့် ပြောလိုက်သည်။

"ရှောင်လင်... ဧကရာဇ် ပြောတာတွေကိုမယုံပါနဲ့...ကိုယ်မင်းကို နာကျင်အောင်လုပ်မှာ မဟုတ်ပါဘူး..."


ကျီလင် သူ့ကိုယ်သူ တွေးလိုက်သည်။ 

ပေါက်တတ်ကရပဲ ခင်ဗျားကိုယုံရမှာတဲ့ ...ခင်ဗျားက ဒီလောက်ကြောက်စရာကောင်းတဲ့ အဘိုးကြီးပဲကို...


ဒါက ဂါဘရီရယ်က ဘာပြောခဲ့လဲဆိုတာပဲ...တစ်ယောက်ယောက်က ခင်ဗျားကို စွပ်စွဲဖို့က ဖြစ်နိုင်သေးလို့လား...ခင်ဗျား ဒီလိုမျိုး တစ်ခုခုကို ဆွဲသွင်းတာမျိုးက ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တာ...


သူမျက်တောင်ခတ်လိုက်ပြီး သူ့မျက်နှာက ဝမ်းနည်းစိတ်ပျက်နေသည့် အမူအရာသို့ ပြောင်းလဲသွားကာ ပြောလိုက်သည်။

"ကျွန်တော်လည်း အဲ့ဒါကို မယုံချင်ပါဘူး...ဒါပေမဲ့ အဲ့လူ...သူက အဲ့ဒါ အန်ကယ်လို့ ပြောသွားတာ..."


ကားလို့စ် အနည်းငယ် ကြက်သေသေသွားပြီး နောက်ဆုံး၌ သူ့မျက်နှာတွင် အံ့သြနေသည့် အကြည့်ပေါ်လာခဲ့သည်။

"ဂါဘရီရယ်လား..."


ကျီလင်က ဤအချက်ကို မယုံချင်သည့်အလား သတိတကြီးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်ဝန်းထဲတွင် မျက်ရည်များဖြင့် ဆို့နင့်နေလျက် ပြောလိုက်သည်။

"အန်ကယ်ကားလို့စ်...အဲ့ဒါက အန်ကယ်လားဟင်..."


ကားလို့စ်က ကျီလင်၏မျက်ဝန်းများထဲသို့ နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။ မယုံကြည်နိုင်သည့် ဝမ်းနည်းမှုများ ရှိနေသည့်အပြင် ကောင်ငယ်လေးကမျှော်လင့်ချက် တစ်စွန်းတစ်လေးအား ဆုပ်ကိုင်ထားကာ 'အန်ကယ်လား' ဟု မေးခွန်းထုတ်နေ၏။


ဤအခိုက်တွင် အဘယ့်ကြောင့် ဂါဘရီရယ်က သူ့ကိုအမှုဆင်ရသလဲဟူသည့် အကြောင်းကိုပင် သူ မတွေးနိုင်တော့ချေ။


ချက်ချင်းဆိုသလိုပင် ထုံထိုင်းသည့် နာကျင်မှုက သူ့နှလုံးကို ထွင်းဖောက်သွားပြီး သူ့ယခင်ဘဝ အေးစက်သည့် ညအမှောင်ထဲသို့ ပြန်ရောက်သွားခဲ့သည်။ 

နောက်ဆုံးမျှော်လင့်ချက်လေးကို ဖက်တွယ်ထားပြီး မေးလာသည့် လူငယ်လေး၏ ဝမ်းနည်းကြေကွဲကာ စိတ်ပျက်အားငယ်နေသည့် မေးခွန်းကို သူကွက်ကွက်ကွင်းကွင်း သတိရလိုက်သည်။ 


ထိုစဥ်က 'ကိုယ် မဟုတ်ဘူး'ဟု လူငယ်လေးအား သူ မပြောနိုင်ခဲ့ချေ။


ထိုသည်က သူနောင်တအရဆုံးနှင့် အခံစားခဲ့ရဆုံးသော ကိစ္စတစ်ရပ် ဖြစ်ခဲ့ရသည်။


သို့သော် ယခုတစ်ခေါက်တွင်မူ သူပြတ်ပြတ်သားသားနှင့် ပြောနိုင်ပေသည်။


ကားလို့စ် ဖြေးညင်းစွာ ပြောလိုက်သည်။

"ကိုယ် မဟုတ်ပါဘူး..."


သူ သူ့လက်အား ကျီလင်ထံ ဆန့်ထုတ်လိုက်သည်။ သူ၏အညိုရောင် မျက်ဝန်းများတွင် မနှိုင်းသာသည့် နက်ရှိုင်းပြီး လေးနက်သောအကြည့်များ ရှိနေခဲ့ပြီး စကားတစ်လုံးချင်းစီအား အလေးထားကာ ထပ်ခါထပ်ခါ အသားပေးပြောကြားလိုက်သည်။

"ကိုယ် မ ဟုတ်..ဘူး..."


သို့သော်ငြား ယခုတစ်ကြိမ်၌မူ လူငယ်လေးက သူ့အား မတုံ့ပြန်ခဲ့ပေ။


အဘယ့်ကြောင့်ဆိုသော် ယခုတစ်ကြိမ်၌ ကျင်းဆွေ့က သူ့အား ရင်ခွင်ထဲ၌ ကာကွယ်ထား၍ပင်။


နာကျင်မှုက ကားလို့စ်၏မျက်လုံးများထဲမှ ထွက်ပေါ်လာခဲ့သည်။ သူ့အတွင်းထဲမှ အမှောင်ထုနှင့် သဝန်တိုမှုက သူ့နှလုံးသားအား ကိုက်ဖြတ်ဝါးမြိုနေသည်မှာ အဆိပ်ရှိသည့် မြွေတစ်ကောင်ကဲ့သို့ပင်။ အဆိပ်က သူ့သွေးများအား အေးစက်သွားစေခဲ့သည်။ သူက ပြန်လည်မွေးဖွားလာခဲ့သည်။ သို့သော် ဤအရာအားလုံးကို သူလုပ်ခဲ့လျှင်ပင် ရလဒ်အား မပြောင်းလဲနိုင်ချေ။ 


ငါ အလိုရှိနေတဲ့ တစ်ယောက်တည်းသော သူကိုတောင် မရနိုင်ဘူးလား...


ထိုကဲ့သို့ ရလဒ်ကို သူ ခွင့်မပြုနိုင်ချေ။


တုတ်ချောင်းအား ဆုပ်ကိုင်ထားသည့် ကားလို့စ်၏လက်များက တင်းကျပ်သွားပြီး ရုတ်တရက် ပတ်ပတ်လည်ရှိ ရောင်ဝါများက ကြောက်စရာကောင်းသွားခဲ့သည်။ သူ့မျက်ဝန်းများက စူးရှလာပြီး သူ ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်သည်။ သို့သော် သူ့လက်မောင်းအား မြှောက်လိုက်စဥ်မှာပင် လေအေးတစ်ချက်က သူ့ပါးပြင်အား ရုတ်တရက် ဖြတ်တိုက်သွားခဲ့သည်။ ကားလို့စ် ဆတ်ခနဲ ဘေးအားရွှေ့လိုက်ပြီး ခြေတစ်လှမ်းဆုတ်ကာ ဘရန်ဒန်၏လက်သီးချက်ကို ရှောင်လိုက်သည်။


အရပ်ရှည်ပြီး အေးစက်သည့်ထိုလူက သူ့အရှေ့တွင် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ မတ်တတ်ရပ်ပြီး သူ၏မီးခိုးရောင် သူငယ်အိမ်ထဲတွင် သိသာသည့်ရန်လိုစိတ်များဖြင့် ကြည့်နေခဲ့သည်။


ထို့နောက် ဝမ်ယန် ဘယ်အချိန်က ရှေ့တက်လာခဲ့သည်အား သူ မသိပေ။ ဖီးနစ်မျက်ဝန်းထဲရှိ အေးစက်သည့် အလင်းရောင်က တမဟုတ်ချင်း သူ့အပေါ် ကျရောက်လာခဲ့သည်။


ကားလို့စ် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ့မျက်ဝန်းများက ဘရန်ဒန်နှင့် ဝမ်ယန်ကြား ဖြတ်ပြေးသွားကာ အဆုံး၌ ကျင်းဆွေ့၏ရင်ခွင်ထဲတွင် ကာကွယ်ပေးခံထားရသည့် ကျီလင်ထံ ခိုင်မြဲစွာ ရောက်သွားခဲ့ကာ သူ့မျက်ဝန်းများထဲက ရုန့်ရင်းကြမ်းတမ်းသည့် အကြည့်များကို ဖြေးဖြေးချင်းဖိနှိပ်လိုက်သည်။


ယခုက အချိန်ကောင်းမဟုတ်ပေ။


ဒါပေမဲ့ မင်းလွတ်နိုင်မယ်လို့ ထင်နေတာလား...အပျော်မစောပါနဲ့ဦး...


ကားလို့စ်၏နှုတ်ခမ်းထောင့်များက ဖြေးညင်းစွာ ကော့တက်သွားပြီး အေးစက်စက်အပြုံးသို့ ပြောင်းလဲသွားကာ ရုတ်ချည်းဆိုသလို နောက်လှည့်ပြီး နှောင့်နှေးခြင်းမရှိ နေရာကနေ ထွက်သွားခဲ့သည်။


ကားလို့စ် နောက်ဆုံးတွင် ထွက်သွားသည်ကို ကျီလင်ကြည့်နေပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကာ သူ့မျက်နှာက အနည်းငယ် ဖြူဖျော့သွားခဲ့သည်။


ကားလို့စ်က သူ့အရှေ့တွင် အမြဲတမ်း ဣန္ဒြေရှိပြီး လူကြီးလူကောင်းဟန်ဆောင်ကာ ဖုံးကွယ်ထားခဲ့၍ ကားလို့စ်က မည်သည့်စရိုက်လဲဟူသည်ကို သူ မေ့လျော့သွားလုနီးနီးပင်။ ယခုလေးတင် ကားလို့စ်ထံမှ ရုတ်ခြည်း ထိုးထွက်လာသည့် ရုန့်ရင်းကြမ်းတမ်းသည့် အငွေ့အသက်များက ကျီလင်ကို လန့်ဖျပ်သွားစေခဲ့သည်။ ကားလို့စ်နှင့် ဘရန်ဒန်ကြားက လက်-လက်ချင်း တိုက်ခိုက်မှုက စက္ကန့်ပိုင်းမျှသာ ဖြစ်သော်ငြား ထိုကယူဆောင်လာသည့် ကြောက်မက်ဖွယ်ကောင်းသည့် ရောင်ဝါက ကျီလင်အား ယခုထိတိုင် အကြောက်တရားများဖြင့် တုန်ယင်သွားဆဲဖြစ်သည်။


ကြောက်စရာ ကောင်းလိုက်တာ...သူတို့က လူသားတွေရော ဟုတ်သေးရဲ့လား...


လူ့အရေခွံခြုံထားတဲ့ ဘီလူးကြီးတွေမလား...


လက်သီးတစ်ချက်နဲ့တောင် ငါ့ကိုသတ်နိုင်တယ်ဆိုတာ သေချာပေါက် ချဲ့ကားပြောတာမဟုတ်ဘူး...


အိမ်ပြန်မယ်...သေချာပေါက် အိမ်ပြန်မှရမယ်...


ကျီလင် ကျင်းဆွေ့၏ရင်ခွင်ထဲမှ ထွက်လိုက်ပြီး သူ့အား မည်သို့နှုတ်ဆက်စကား ပြောရမသည်ကို တွေးလိုက်သည်။ တစ်လျှောက်လုံး နှုတ်ဆိတ်နေခဲ့သည့် ဝမ်ယန်က မတ်တတ်ရပ်ကာ သူ့ခေါင်းအား ကျီလင်ထံ တလေးတစား ဦးညွတ်ပြီး ပြောလိုက်သည်။

"သခင်လေး...ကျွန်တော် သခင်လေးကို ပြန်ခေါ်ဖို့ရောက်လာတာပါ..."


ကျီလင်၏မျက်လုံးများက ဝင်းလက်သွားကာ ဤရက်စက်ပြီး စဥ်းလဲသည့် ဗီလိန်က စဥ်းစားကာ ထောက်ထားတတ်သည်ကို ပထမဆုံးအနေဖြင့် ခံစားမိလိုက်သည်။ ဝမ်ယန့်ရည်ရွယ်ချက်က ဘာလဲဆိုသည်ကို သူ မသိသော်ငြား သူက သူ့အား(ကျီလင်) အသက်ရှူပေါက်ရသွားစေခဲ့သည်။ သူခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကောင်းပြီ..."


သူ ကျင်းဆွေ့အား ပြောလိုက်သည်။

"ကျွန်တော်..."


သို့ပေမည့် သူစကားတစ်လုံးမှ မပြောနိုင်မီမှာပင် ကျင်းဆွေ့ထံမှ ပြင်းပြင်းထန်ထန် လှမ်းဆွဲခံလိုက်ရပြီး သန်မာလှသည့် ပွေ့ဖက်မှုထဲသို့ ကျရောက်သွားခဲ့သည်။ ကျင်းဆွေ့၏ချောမောခံ့ညားလှသည့် မျက်နှာအား သူအနီးကပ်တွေ့လိုက်ရချိန်တွင် အသိစိတ်များ ပျောက်ဆုံးသွားပြီး တိုးဖွဖွရယ်လိုက်သံကို နားထဲတွင် ကြားလိုက်ရသည်။

"ထွက်သွားဖို့ အရမ်းစိတ်စောနေတာလား..."


သူ့နားရွက်ပေါ်သို့ ကျဆင်းလာခဲ့သည့် ကျင်းဆွေ့၏ ပူပြင်းလှသည့် အသက်ရှူသံကို ကျီလင်ကြားလိုက်ရပြီး သူ့မျက်နှာက ရုတ်ခြည်းဆိုသလို နောက်တစ်ဖန် ပူကျစ်သွားခဲ့သည်။ သူ မသက်မသာနှင့် ထစ်ငေါ့ထစ်ငေါ့ဖြစ်နေကာ လျှာကိုက်မိလုနီးပါးပင်။ 

"ကျွန်တော် အပြင်ရောက်နေတာ အရမ်းကြာနေပြီ...ကျွန်တော့်မိဘတွေ စိတ်ပူနေကြတော့မှာ..."


ကျင်းဆွေ့ လူငယ်လေး၏ ရှက်ရွံ့နေသည့် မျက်နှာလေးအား ကြည့်လိုက်သည်။ သူ၏ဖြူဖွေးသည့်အသားအရေပေါ်တွင် ရှက်သွေးဖျော့ဖျော့လေးက ထင်ဟပ်နေပြီး အလွန်သွေးဆောင်မှု ရှိနေသည်မှာ သူ လွှတ်မပေးလိုက်ချင်ပေ။ တစ်ချိန်လုံး သူ့နံဘေးတွင် ထားချင်သော်ငြား ဤအကြောင်းပြချက်က အမှန်တကယ်ပင် လက်ခံရန် ခက်ခဲပေ၏။


ကောင်ငယ်လေးက ကြောက်ရွံ့နေပြီး သူ့နံဘေးမှ ထွက်ပြေးချင်နေ၏။ သူ့နှုတ်ခမ်းမှ ကြိုက်ပါသည်ဟု ပြောနေသော်ငြား၊ အတောမသတ် ရန်စနေပါသော်ငြား၊ သူ့ကိုယ်သူ အထက်စီးဆန်ပြီး မရှက်မရှိသည့်သွင်ပြင်ကို တပ်ဆင်ထားသော်ငြား အမှန်တကယ်မှာမူ ကောင်ငယ်လေးက မည်သူထက်မဆို ပိုမိုရှက်တတ်ပေသည်။


တစ်ကြိမ်တစ်ခါမျှ အနားကပ်သွားသည်နှင့် ဒဏ်ရာရနေသည့် ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ မည်သူထက်မဆို ပိုမိုလျင်မြန်စွာ ပုန်းအောင်းလိမ့်မည် ဖြစ်သည်။


ဘယ်လိုတောင် ချစ်စရာကောင်းနေရတာလဲ...


ကျင်းဆွေ့ ဝန်လေးစွာဖြင့် သူ့နားရွက်များကို အချိန်အကြာပြီး ပွတ်သပ်နေလိုက်သည်။ လူငယ်လေး၏မျက်နှာက နီရဲကာ ပူလာသည်ကို မြင်လိုက်ချိန်မှ နောက်ဆုံးတွင် သူ့လက်ကိုဖြေလျော့ကာ ပြုံးလိုက်သည်။

"ကောင်းပါပြီ..."


ကျီလင် နောက်ဆုံးတွင် ကျင်းဆွေ့၏ရင်ခွင်ထဲမှ လွတ်မြောက်လာခဲ့ပြီဖြစ်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ လျှောက်ထွက်သွားလိုက်သည်။ 


ကြောက်စရာကောင်းလိုက်တာ...ကြောက်စရာကောင်းလိုက်တာ...


ဒီလို ပြန်လည်မွေးဖွားလာတဲ့ လူအုပ်စုကြီးကို ရင်ဆိုင်ရအောင် ငါ ဘယ်လိုအပြစ်တွေကို ဖန်တီးမိခဲ့လို့ပါလိမ့်...အား...မစ်ရှင်ကို ရိုးရိုးသားသားလေး လုပ်ဖို့က ဘာလို့ အဲ့လောက် ခက်နေရတာလဲလို့...


-----------


ဝမ်ယန်က ကျီလင်နောက်သို့ တိတ်ဆိတ်စွာ လိုက်လာပြီး သူ့အား ကားထဲထိ လိုက်ပါပို့ဆောင်ခဲ့သည်။


ကောင်ငယ်လေး၏ရှက်ရွံ့ပြီး မသက်မသာဖြစ်နေသည့် သွင်ပြင်ကို ကြည့်လိုက်ရာ ယခုလေးတင်ကဖြစ်ခဲ့သော ကျင်းဆွေ့၏ ရင်းရင်းနှီးနှီး အပြုအမူထဲသို့ နစ်မြှုပ်နေသကဲ့သို့ ထင်ရပေသည်။ ဝမ်ယန် သူ၏နာကျင်မှုနှင့် မနာလိုသဝန်တိုမှု အားလုံးကို သူ့နှလုံးသား အောက်ခြေထဲသို့ ကြိုးကြိုးစားစား ထိန်းသိမ်းလိုက်ရသည်။


ကျင်းဆွေ့က ကျီလင်အား ကြိုက်နှစ်သက်ပုံပေါ်ပြီး ၎င်းအား ဝမ်ယန် မမျှော်လင့်ထားမိခဲ့ချေ။ သို့သော် သူ ဝန်မခံချင်လျှင်ပင် ၎င်းက ကောင်းမွန်သည့်အရာ ဖြစ်သည်ကို သူဝန်ခံရပေမည်။ အဘယ့်ကြောင့်ဆိုသော် ကောင်ငယ်လေးက သူချစ်ရသည့်သူနှင့် အတူရှိပြီး သူ့ဆန္ဒများ ပြည့်မြောက်သွားနိုင်ပြီ ဖြစ်၍ပင်။


မှန်ပေသည်။ ၎င်းက သူမျှော်လင့်ထားသည့်အရာပင်။


သူ့ရင်ဘတ်ထဲက နက်ရှိုင်းသည့် တစ်နေရာတွင် မြှုပ်နှံထားသည့် တစ်စုံတစ်ရာက မြေပြင်ပေါ်ဖောက်ထွက်လာဖို့ ကြိုးစားကာ မရပ်မနား ရုန်းကန်နေပုံ ပေါ်လေသည်။


ဝမ်ယန်၏လက်ချောင်းများက အနည်းငယ် လှုပ်ရှားသွားပြီး သူ့မျက်လုံးများကို မှိတ်လိုက်ကာ ယခင်ဘဝက သူဘာလုပ်ခဲ့သည်ကို မေ့လျော့မသွားရန် သူ့ကိုယ်သူ ပြောနေခဲ့သည်။


တူညီတဲ့အမှားကို ထပ်ခါထပ်ခါ လုပ်လို့မဖြစ်ဘူး...


မင်းလုပ်လို့မရဘူး...


ကျီလင် နောက်ဆုံး၌ အိမ်ပြန်ရောက်လာခဲ့သည်။ ဝမ်ယန်က ဤတစ်ကြိမ်၌ သူ့နောက်သို့ မလိုက်လာတော့ဘဲ အလျင်စလို ထွက်သွားခဲ့သည်။ ကျီလင်က သူ ထိုသို့ထွက်သွားမည်ကို မထင်ထား၍ အလွန်ပျော်ရွှင်သွားခဲ့သည်။ ဤဗီလိန်ကြီး၏ အပြုအမူများက ပိုပိုခန့်မှန်းရခက်လာပြီး မူလဝတ္ထုထဲက ပဟေဠိအဆန်ဆုံး ဗီလိန်တစ်ဦး ဖြစ်ထိုက်သည်ဟု သူခံစားလိုက်ရသည်။ 


သူ့စိတ်ထဲမှာ လှည့်ကွက်တွေ အခု 1800 လောက်ရှိနေမှာကို ငါကြောက်မိသား...


ငါ့နားမှာ သူ တစ်နေကုန်တစ်နေခမ်း လှည့်ပတ်အချိန်ဖြုန်းနေတာက ဘာအသုံးဝင်လို့လဲဆိုတာ ဘယ်သူမှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး...


သို့သော် သူ ကောက်ချက်မချနိုင်လျှင်လည်း ကောက်ချက်ချနေစရာ မလိုပေ။ မည်သို့ပင်ဆိုစေ ဝမ်ယန်နှင့်သူ ပတ်သက်ဆက်နွယ်စရာ အကြောင်းမရှိချေ။


ကျီလင်၏အဖေနှင့် အမေက အိမ်၌ စောင့်နေသည်မှာ ကြာလှပြီဖြစ်ကာ ကျီလင် လုံခြုံဘေးကင်းစွာအိမ်ပြန်ရောက်လာသည်ကို မြင်ချိန်တွင် သူတို့အလွန်အမင်းကို စိတ်သက်သာရာရသွားပြီး သူ့အားဆွဲကာ အထက်အောက် ကြည့်ပြီး သေချာစစ်ဆေးတော့သည်။


သူတို့သတင်းကြားချိန်တွင် ကျင်းဆွေ့က ကျီလင်အား ကယ်ဆယ်ပြီးသွားပြီ ဖြစ်သည်။ ထိုသို့ဆိုသော်ငြား မဒမ်မာရီနာက အလွန်သောကရောက်နေဆဲ ဖြစ်ပြီး သူမ၏ကလေးလေးကို ပွေ့ဖက်ကာ ပြောလိုက်သည်။

"မေမေ သားကို မသွားဖို့ ပြောသားပဲ....သားက နားမ ထောင်ဘူး... သား တစ်ခုခုဖြစ်သွားရင် မေမေ ဘယ်လို လုပ်ရမလဲ..."


မြို့စားကြီးကျီထင်ကလည်း အသံနက်နက်ဖြင့်ပြောလိုက်သည်။

"နောက်ကျရင် အပြင်မထွက်တာ ပိုကောင်းမယ်..."


ကျီလင် ရှက်ရွံ့စွာပြောလိုက်သည်။

"ဖေဖေနဲ့မေမေ စိတ်ပူရအောင်လုပ်မိလို့ ကျွန်တော် တောင်းပန်ပါတယ်..."


မဒမ်မာရီနာက အပြုအမူကောင်းမွန်လှသည့် သူမ၏အချစ်ကလေးအား ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်သည်။ သူမ သူ့ခေါင်းလေးအား ထိကာ ပြောလိုက်သည်။

" နှလုံးသားမဲ့လိုက်တဲ့ ကလေးလေး...မင်းသိရင်ပြီးတာပဲ ...နောက်တစ်ခါကျ မေမေ့ကို စိတ်ပူရအောင် မလုပ်ရဘူးနော်..."


ကျီလင် အားတက်သရော ခေါင်းညိတ်လိုက်သည်။


ကျွန်တော်လည်း နောက်တစ်ခါတော့ အဖမ်းခံရမယ်လို့ မထင်ပါဘူးနော် QAQ...


သူ့မိဘများကို တစ်ခဏကြာအောင် နှုတ်ဆက်ပြီးနောက်မှ ကျီလင် သူ့အခန်းသို့ တစ်ယောက်တည်း ပြန်သွားကာ ထိုအချိန်မှ တစ်နေကုန် တင်းကျပ်နေသည့် အာရုံကြောများက ပြေလျော့သွားကြတော့သည်။


သူ အိပ်ရာပေါ်တွင် လူးလှိမ့်လိုက်ပြီး သက်ပြင်းမှုတ်ထုတ်လိုက်သည်။


သရုပ်ဆောင်ရတာက တကယ့်တကယ်ကို ပင်ပန်းတာပဲ...


-------------


ကျီလင်မှာ စိတ်ပိုင်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲကိုသွားပြီးနောက် အဆုံး၌ အိမ်ပြန်ရောက်လာသည့် လူတစ်ယောက်နှင့် တူနေပေသည်။ အိမ်မှာသာ လောဘတကြီးနေထိုင်ပြီး သူ မအိုမချင်း အိပ်ချင်နေပေ၏။ ဥပဒေအား လိုက်နာသည့် ကမ္ဘာမြေပေါ်မှ လူငယ်လေးက ဤကဲ့သို့ သက်တောင့်သက်သာရှိလှသည့်ပတ်ဝန်းကျင်အား အသားကျနေဆဲပင်။


အာ...


ထို့ပြင် သူအပြင်ထွက်ရန် ဝန်လေးနေရသည့် အခြားအကြောင်းပြချက် တစ်ခုလည်း ရှိပေသည်။


ငါ ကျင်းဆွေ့နဲ့ ထပ်မတိုးချင်တော့ဘူး...


ထိုလူက အလွန်အန္တရယ်များပြီး သူ့အား ဆန့်ကျင်နိုင်သည့် လှည့်ကွက်များ အမြဲရှိပေသည်။ လူရိုးလူဖြောင့်လေး ကျီလင်ခမျာ အလွန်ကြောက်စိတ်မွှန်နေပေသည်။ ထို့ကြောင့် သူ့အမြင်မှ ရှောင်ဖယ်ရန် နည်းလမ်းများကို စဥ်းစားတွက်ချက်နေခဲ့သည်။ 


ဧကရာဇ်တစ်ယောက်အနေနဲ့ ခင်ဗျား ကားလို့စ်နဲ့ နေ့တိုင်း တိုက်ခိုက်နေရမှာပဲ...ခင်ဗျားရှေ့ဝင်မပြေးလာမချင်း ကျွန်တော့်အကြောင်း စဥ်းစားနေဖို့ အချိန်မရှိသင့်ဘူး...


ပြောရမယ်ဆိုရင် ကျွန်တော် မူရင်းစာအုပ်ကို ဖတ်ချိန်တုန်းက ခင်ဗျားကို အချစ်ရဲ့ကျေးကျွန်တစ်ယောက်ဖြစ်နေမယ်လို့ မထင်ထားဘူးလေ ...


ထိုလှပသည့် မျှော်လင့်ချက်ကလေးတစ်ခုအား ဆုပ်ကိုင်ကာ ကျီလင် ငုံးတစ်ကောင်ကဲ့သို့ အိမ်၌ ပုန်းအောင်းပြီး မိဘများနှင့် အတူတူ စားသောက်ကာ ဘာမှလုပ်စရာမရှိချိန်တွင် အင်တာနက်နှင့် အချိန်ဖြုန်းနေခဲ့သည်။ သူ့ဘဝက မည်မျှ သက်တောင့်သက်သာရှိသည်ကိုပင် သူ မသိတော့ပေ။


ကျင်းဆွေ့က သူ့အား အကြိမ်အနည်းငယ်မျှ မက်ဆေ့ချ်ပို့ကာ နွေးနွေးထွေးထွေး မေးမြန်းခဲ့ပြီး အပြင်ထွက်ပြီး တွေ့ဆုံရန် ဖိတ်ကြားခဲ့သည်။ သို့သော် ကျီလင်ကမူ သူ့မိဘများနှင့် အိမ်၌ အတူရှိနေ၍ဟု အကြောင်းပြကာ ငြင်းပယ်ခဲ့သည်။


ထို့နောက်တွင် ကျင်းဆွေ့က သူ့အား မက်ဆေ့ချ်များ ထပ်မပို့တော့၍ အခြေအနေက အလွန်ကောင်းမွန်သည်ဟု ကျီလင်အား ခံစားသွားစေခဲ့သည်။


ကျင်းဆွေ့က အပေါ်ယံတွင် သူ့အားအလွန်ကြိုက်နှစ်သက်ပုံ ပေါ်သော်ငြား ၎င်းကသူ့ကို ကြိုက်ရုံမျှသာ ဖြစ်နိုင်ပေသည်။ အပြစ်ရှိစိတ်ကြောင့် ထိုအရာများကို လုပ်နေရုံသာဖြစ်သည်။ ထိုကဲ့သို့မာနကြီးသည့် ဧကရာဇ်တစ်ယောက်က သူကဲ့သို့ လူ့ပေါ်ကြော့ကို ပိုးပန်းစရာ အကြောင်းမရှိချေ။


အကယ်၍ သူသာ အကြိမ်အနည်းငယ်မျှ ထပ်မံငြင်းပယ်လိုက်ပါက သူက(ကျင်းဆွေ့)စိတ်မရှည်ဘဲ ပျောက်ကွယ်သွားနိုင်ကောင်း ပျောက်ကွယ်သွားလိမ့်မည်ပင်။


ကျီလင် ထိုအကြောင်းကို တွေးကြည့်လေလေ ပိုပိုပြီး ဖြစ်နိုင်ချေရှိသည်ဟု ခံစားရလေလေပင်။ ထို့ကြောင့် ကျင်းဆွေ့အား အေးစက်စက် ဆက်ဆံရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ပြောရလျှင် မစ်ရှင်လုပ်ဆောင်ရမည့် ရှုထောင့်ကဖြစ်စေ သို့မဟုတ် သူ၏စိတ်ပိုင်းဆိုင်ရာ အောက်ခြေစည်းအရဖြစ်စေ သူ ကျင်းဆွေ့နှင့် ထိုကဲ့သို့ ဆက်ဆံရေးမျိုး မရှိနိုင်ချေ။


အပြင်ဘက်တွင် သည်းထိတ်ရင်ဖိုနေ့ရက်များကို အချိန်အတော်ကြာ ဖြတ်ကျော်ပြီးနောက် အိမ်၌ ဤကဲ့သို့ ငါးဆားနယ်တစ်ကောင်လို နေရသည်ကို ကျီလင် ပိုမိုပျော်ရွှင်နေ၏။


ယနေ့တွင် ကျီလင်က ခြံဝင်းထဲတွင် ပျော်ရွှင်စွာ နေပူဆာလှုံလျက် အစေခံများပြင်ပေးထားသည့် လှပသည့် ကိတ်မုန့်များကို စားနေလေသည်။ ရုတ်တရက် မဒမ်မာရီနာက ရောက်လာပြီး သူ့ပါးအား လက်ဖြင့်ဖိညှစ်ကာ ပြောလိုက်သည်။

"ကလေးလေး အဝတ်အစားသွားလဲချည်...မေမေနဲ့အတူ နန်းတော်ကို သွားရအောင်..."


✨✨✨