Chapter 58
Viewers 15k

✨ Chapter 58



ကျီလင် နာဒိုဂလက်ဆီသို့ ပြန်ရောက်လာခဲ့သည်။ သူ့ပုံရိပ်သူ ဖျက်ဆီးပြီး ကျင်းဆွေ့နှင့် ဘရန်ဒန်တို့ သူ့ကိုမုန်းလာအောင်လုပ်ရန် မအောင်မြင်ရုံသာမက ဇာတ်ကြောင်းက သူ မမှတ်မိနိုင်အောင်ပင် ပျက်စီးသွားခဲ့သည်။


နဉ်ယွီ၏ဖြစ်တည်မှုက သူ့ထံမှ လုံးလုံးလျားလျား ဖိနှိပ်ခံရပြီး မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်များကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ကာ ကျင်းဆွေ့ လူအများ၏နှလုံးသားကို အနိုင်ယူရန် နဉ်ယွီကို မလိုအပ်တော့ချေ။


ဇာတ်လိုက် gong နဲ့ shou တို့သဘောတူညီချက်စလုပ်ဖို့ အခွင့်အရေးတောင်မရှိတော့ဘူး... သဘောတူညီချက်မရှိရင် ဘာဖြစ်လာမှာလဲ... သူတို့နှစ်ယောက်က ဘယ်လိုလုပ် တစ်ယောက်အကြောင်းတစ်ယောက်နားလည်ပြီး ချစ်မိသွားမှာလဲ...


ကျီလင် အလွန်စိုးရိမ်ပြီး ဆံပင်များ ကျွတ်လုမတတ်ဖြစ်လာသော်လည်း ဖြေရှင်းနည်းလမ်းရှာမရခဲ့ချေ။ 


တကယ်မဖြစ်ရင် ငါ စနစ်ပြန်လာတာ စောင့်ပြီး တတိယတစ်ခေါက်ပြန်စလို့ရမလားလို့ မေးလိုက်မယ်...


ဒါပေမယ့် အဲဒါက အရေးကြီးဆုံး မဟုတ်သေးဘူး... အရေးကြီးဆုံးက ငါ ကျားပေါ်တက်စီးနေပြီးသားလို့ ခံစားရနေတာပဲ...


ကျင်းဆွေ့ကို ငြင်းဖို့ ပို ပိုခက်လာပြီ...


ငါက ကျင်းဆွေ့ကြောင့် ဒီလိုကျိုးကြောင်းမဆီလျော်တဲ့ အန္တရာယ်ထဲရောက်ခဲ့ရတယ်ဆိုပေမယ့် သူ ငါ့ကို လာကယ်တုန်းပဲ...ငါ့ရဲ့ဇာတ်ကောင်အရဆို ငါ အရမ်းရင်ထဲထိသွားသင့်တယ်...ငါ ဒီလိုမျိုး ဆက်ပုန်းနေရင် တစ်နေ့မဟုတ်တစ်နေ့တော့ သံသယဝင်ခံရလိမ့်မယ်...


ကျီလင် ပြောချင်ခဲ့သောစကားများရှိသည်။


အစ်ကိုကြီးရေ အသက်ကယ်တာက ကယ်တာပဲ...ဒါပေမယ့် ကျွန်တော်တို့က ယောင်္ကျားတွေပဲဟာ...အချင်းချင်းနှလုံးသားနဲ့ ပြန်ပေးဆပ်မယ်ဆိုတဲ့ကတိ မပေးကြရအောင်... ကျွန်တော် နောက်တစ်ခါကျ အစ်ကိုကြီးအတွက် ဓားရှေ့ဝင်ခံပေးရင်ရော ဘယ်လိုလဲ...


သို့သော် သူ ထိုသို့မပြောရဲချေ။


၎င်းက အမှန်တကယ်ဝမ်းနည်းဖွယ်ကောင်းသော ဇာတ်လမ်းလေးဖြစ်သည်။ ကျီလင် ၎င်းကို ထပ်ခါထပ်ခါတွေးလိုက်ပြီး ကျင်းဆွေ့၏ချဉ်းကပ်လာခြင်းကို ရှောင်ရန် ဂါဘရီရယ်၏အရိပ်မှ မလွတ်မြောက်သေးဟန်ဆောင်ရမည်။


ယနေ့က နောက်ဆုံးအကြိမ်အာကာသခုန်ကျော်ခြင်းဖြစ်ပြီး မကြာမီ သူတို့ အင်ပါယာကြယ်သို့ ပြန်ရောက်တော့မည်ဖြစ်သည်။


သူထွက်သွားချိန်အတွင်း ဖြစ်ပျက်ခဲ့သည်များကိုတွေးပြီး ကျီလင်၏စိတ်ထဲ ခံစားချက်များအပြည့် ဖြစ်သွားခဲ့သည်။


ငါ နောက်ဆုံးတော့ ပြန်လာရပြီ...ငါ နောက်တစ်ခါကျ အရိုက်ခံရရင်တောင် အပြင်ဘက်ထပ်မထွက်တော့ဘူး...ငါ အရင်ဆုံးအဖာ့ခ်ခံရပြီး နောက်တော့မှ အသတ်ခံရမယ်ဆိုတာ တွေးမိတိုင်း တုန်တုန်ယင်ယင်မဖြစ်ဘဲမနေနိုင်ဘူး...


ကျင်းဆွေ့က အနောက်မှလျှောက်လာပြီး ကုတ်တစ်ထည်ကို ကျီလင်၏ပခုံးပေါ် ခြုံပေးကာ တိုးဖွဖွပြောလိုက်သည်။

"အအေးမမိစေနဲ့...ကိုယ်တို့ မကြာခင် ရောက်တော့မယ်..." 


ကျီလင် သူ့အောက်နှုတ်ခမ်းကိုကိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။


ကျင်းဆွေ့က ကောင်ငယ်လေး၏ဖြူဖျော့ပြီး မိန်းမောတွေဝေနေသော မျက်နှာကို ကြည့်လိုက်သည်။ သူ ယခင်ဘဝက အဖြစ်အပျက်များကို ပြန်သတိရပြီး သူ့နှလုံးသားတစ်ခုလုံး နာကျင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။


ဤတစ်ကြိမ်တွင် ကျီလင် ပြန်ရောက်လာရန် တစ်ရက်မျှသာအချိန်ယူခဲ့ရသော်လည်း အလွန်ထိတ်လန့်နေခဲ့သည်။ 


အရင်ဘဝတုန်းက သူ(ကျီလင်) သူပုန်တွေလက်ထဲ ဆယ်ရက်ကျော်တောင် ရောက်ခဲ့ရတာ... သူ ဘယ်လိုနှိပ်စက်မှုတွေ ခံစားခဲ့ရလောက်လဲ...


သို့သော် ယခင်ဘဝတွင် သူ ၎င်းကိစ္စကို ဘယ်သောအခါမှဂရုမစိုက်ခဲ့ချေ။


ဤသို့နုနယ်သော ကောင်ငယ်လေးက ရက်စက်ယုတ်မာသော သူပုန်များလက်ထဲ မည်သို့နာကျင်ခံစားပြီး နှိပ်စက်ခံခဲ့ရမည်ကို သူ တစ်ခါမှမစဉ်းစားဖူးချေ။ သို့မဟုတ် သူ့စိတ်ထဲ၌ ရှင်းရှင်းလင်းလင်းသိသော်လည်း ဂရုမစိုက်ခဲ့ခြင်းဖြစ်နိုင်သည်။


ယခု ကောင်ငယ်လေး၏ထိတ်လန့်ကာ ဖြူဖျော့နေသောမျက်နှာကိုကြည့်ပြီး သူ ယခင်ဘဝက မည်မျှအေးစက်၍ နှလုံးသားမဲ့ခဲ့သည်ကို သဘောပေါက်လာစေခဲ့သည်။


မင်း အဲဒီအချိန်တုန်းက ဘယ်လောက်ကြောက်နေခဲ့မလဲဆိုတာ ကိုယ် အခုသိလာရပြီ...


ဒါပေမယ့် ကိုယ် မင်းကို ဒီလိုမျိုးလျစ်လျူရှုခဲ့ရင်တောင်...ဂရုမစိုက်ခဲ့ရင်တောင်...နောက်ဆုံးမှာ မင်းကို ရက်ရက်စက်စက် မောင်းထုတ်ခဲ့ရင်တောင်...မင်းကတော့ ကိုယ့်ကို တစ်ခါမှ အပြစ်တင်စကားမပြောဘဲ ကိုယ့်အတွက် အသက်ပေးသွားတုန်းပဲ...


မင်းက ကိုယ့်ကို မူးယစ်စေနိုင်ပြီး တစ်ချိန်တည်းမှာပဲ နာကျင်စေနိုင်တဲ့ ခံစားချက်မျိုးရှိတယ်ဆိုတာ ပြခဲ့တဲ့သူပဲ...


ကိုယ် ဘာလို့ မင်းကို အစောကတည်းက မချစ်ခဲ့ရတာလဲ...


ကျင်းဆွေ့ လက်ဆန့်ထုတ်ကာ ခဏမျှတုံ့ဆိုင်းနေပြီးနောက် ကောင်ငယ်လေး၏ ခေါင်းပေါ်ညင်သာစွာတင်၍ အက်ရှသော လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကိုယ် တောင်းပန်ပါတယ်..." 


ကျီလင် မျက်လွှာပင့်ပြီး ရှုပ်ထွေးမှုဖြင့် ကြည့်လိုက်သည်။ 


ကျင်းဆွေ့က ဘာလို့ ငါ့ကို ထပ်တောင်းပန်နေတာလဲ... ငါ သူ့ကို 'ခွင့်လွှတ်ပြီးသွား' ပြီမလား...


ကျင်းဆွေ့က ကောင်ငယ်လေး၏ မျက်လုံးများထဲရှိ ရှုပ်ထွေးမှုကိုကြည့်ပြီး ခါးသီးစွာပြုံးကာ ရှင်းပြလိုက်သည်။

"မင်းကို အဖမ်းခံရစေခဲ့လို့ပါ..."


ကျီလင် အံ့အားသင့်သွားခဲ့သည်။ 


ကျင်းဆွေ့က ဒီကိစ္စအတွက် သူ့ကိုယ်သူ အပြစ်တင်နေသေးပေမယ့် ငါတော့ လုံးဝ ဂရုမစိုက်ဘူး... 


ကျွန်တော် ခင်ဗျားကိုစိတ်ကောက်တယ်ဆိုပေမယ့် အဲဒါက ခင်ဗျားအမှားမဟုတ်ဘူးဆိုတာ သိပြီးသား...အဓိကက ကားလို့စ်နဲ့ ဂါဘရီရယ်ပဲ… ခင်ဗျားက အရမ်းဂရုစိုက်နေတာ ဘယ်လိုလုပ် ခင်ဗျားကို အထင်မှားနိုင်ရမှာလဲ...


တကယ်တော့ အစက ခင်ဗျားမလာလောက်ဘူးလို့ ထင်ခဲ့တာ...ဒါပေမယ့် ခင်ဗျား ရောက်လာတော့ ကျွန်တော် အရမ်းအံ့ဩသွားရတယ်...


ကျီလင် တွေးလိုက်မိ၏။


သူက မျက်တောင်ခတ်ကာ ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး...ခင်ဗျား ကျွန်တော့်ကို လာကယ်ခဲ့တာပဲမလား... ကျေးဇူးတင်ပါတယ်..."


ကျင်းဆွေ့က ကောင်ငယ်လေး၏တည်ငြိမ်ကာ ကြည်လင်နေသောမျက်လုံးများကိုကြည့်လိုက်သည်။ သူ့အား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကားပြောလာသည်ကို နားထောင်ရချိန်တွင် သူ စိတ်သက်သာရာရပြီး ပျော်ရွှင်နေရမည့်အစား ပို၍ဝမ်းနည်းလာခဲ့သည်။


မင်း ဒီလိုဖြစ်ရတာ ကိုယ့်အမှားမှန်းသိသာနေတာတောင် ကိုယ့်ကိုဘယ်တော့မှအပြစ်မတင်ခဲ့ဘူးပဲ...


ကိုယ် မင်းကို ကယ်တင်ဖို့ဆန္ဒရှိနေသရွေ့ မင်း အရမ်းပျော်နေမှာ... ဒါပေမယ့် အဲဒါက ကိုယ်လုပ်သင့်တဲ့အရာလေ... မင်းက အရင်ဘဝတုန်းကအတိုင်းပဲ...ကိုယ် မင်းကို ဘယ်လောက်ပဲ အေးစက်၊ ရက်စက်နေပါစေ မင်း ဂရုမစိုက်ဘူး...ကိုယ် မင်းကို နည်းနည်းလောက် ကောင်းပေးတာနဲ့ မင်း ပျော်ရွှင်သွားရော... မင်းက ကျေနပ်လွယ်တဲ့သူပဲ...


ကျင်းဆွေ့၏ရင်ဘတ်ထဲမှ နာကျင်မှုက သွေးများဖြင့်ရောနှောသွားပြီး သူ့ခန္ဓာကိုယ်တစ်လျှောက် ဖြည်းညှင်းစွာ စီးဆင်းလာသော်လည်း အဆုံးတွင် သူ ဘာမှ မပြောဘဲ သက်ပြင်းသာချလိုက်သည်။


……………


ကျီလင်က ကျင်းဆွေ့၏အတွေးများကို မသိဘဲ သူ အိမ်ပြန်ရတော့မည်ဟု တွေးကာ စိတ်လှုပ်ရှားနေခဲ့သည်။ ထိုနေရာက လုံခြုံသည်သာမက လတ်တလော၌ ကျင်းဆွေ့နှင့်တွေ့ရန် မလိုအပ်တော့ချေ။ သူ့ပထမဆုံးအနမ်းကို ကာကွယ်ရန်က ခက်ခဲလွန်းပြီး သူ တောင့်မခံနိုင်လုနီးပါးဖြစ်ခဲ့သည်။


ဟူး အဖေနဲ့အမေပြောတာမှန်တယ်...ငါ အဲဒီလိုမှန်းသိရင် ဒီခရီးကို မသွားပါဘူး...


ဧရာမကြယ်သင်္ဘောကြီးက အင်ပါယာကြယ်ဆိပ်ကမ်းတွင် ရပ်သွားပြီး ကျီလင် အပြင်ထွက်ရန် မစောင့်နိုင်တော့ချေ။


ကျင်းဆွေ့က ကောင်ငယ်လေး၏မျက်နှာကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ကျီလင် အရိပ်မည်းကြီးထဲကျရောက်ပြီး အပြင်မထွက်နိုင်တော့မည်ကို သူ စိုးရိမ်သော်လည်း ကောင်ငယ်လေးက သူ ထင်ထားသည်ထက် ပိုခံနိုင်ရည်ရှိသည်။


သူ့ကို ပိုရင်းနှီးပြီး သိလာရလေ...ဒါတွေအားလုံးက ငါ သူ့ကို ပိုပိုချစ်လာအောင် လုပ်နေလေပဲ...


ကျင်းဆွေ့၏မျက်လုံးများက နူးညံ့သွားပြီး ရှေ့မှ ခပ်သွက်သွက် လျှောက်နေသော ကျီလင် စိုက်ကြည့်လိုက်သည်။


ကျီလင်က တမင်မြန်မြန်လျှောက်လာပြီး ကျင်းဆွေ့ကို နောက်တွင်ချန်ထားကာ ကြယ်သင်္ဘောပေါ်မှခုန်ချပြီး အိမ်ပြန်ရန် မစောင့်နိုင်တော့ချေ။ သို့သော် သူ မော့ကြည့်လိုက်သည်နှင့် သူ့အမူအရာ အေးခဲသွားပြီး နေရာတွင် ရပ်သွားခဲ့၏။


ဒီနေ့ ဘာပွဲရှိလို့လဲ...


သုံးပွင့်ဆိုင်လားဟ...


ကျီလင်က အပြင်တွင်စောင့်နေသော ကားလို့စ်၊ ဝမ်ယန်နှင့် ဘရန်ဒန်တို့ကိုကြည့်ပြီး တစ်ဖန်ခေါင်းကိုက်သွားခဲ့သည်။ 


သူ တွေးလိုက်သည်။

ငါက ဒီလောက်နာမည်မကြီးပါဘူး...ဒါပေမယ့် သူတို့အားလုံး ကျင်းဆွေ့ကို စောင့်နေတယ်လို့ပြောဖို့က ပိုတောင်ယုတ္တိမရှိသေးတယ်...


ဘရန်ဒန်က ကျီလင်ပြန်ပေးဆွဲခံရသည့် သတင်းရစဉ် အင်ပါယာကြယ်သို့ ဦးစွာပြန်ရန် တပ်ဖွဲ့ကိုဦးဆောင်နေရပြီး အလျင်စလိုလုပ်ရန် နောက်ကျသွားပြီဖြစ်သည်။ ကျီလင်ကို ကျင်းဆွေ့ ကယ်တင်ခဲ့သည်ဟုကြားချိန်တွင် သူစိတ်သက်သာရာရသွားခဲ့သည်။ သူ ထိုအချိန်က ကောင်ငယ်လေးနှင့် အတူမရှိပေးနိုင်သည်ကို နောင်တရပြီး ကောင်ငယ်လေးကို အန္တရာယ်တောထဲချန်ထားခဲ့မိသည့်အတွက် စိတ်မကောင်းဖြစ်မိသည်။ ထို့ကြောင့် ဤနေရာတွင် ကျီလင်၏ လုံခြုံရေးကို သူ့ကိုယ်ပိုင်မျက်လုံးများဖြင့် အတည်ပြုရန် စောစောစောင့်နေခဲ့သည်။


သူက ကျီလင်၏ မတည်မငြိမ်ဖြစ်နေသောမျက်လုံးများကို နက်ရှိုင်းစွာကြည့်ကာ ရှေ့သို့တစ်လှမ်းတိုးပြီး ကျီလင်ကို ပွေ့ဖက်ချင်နေသည့်ဆန္ဒကို ထိန်းချုပ်ထားရန် ခက်ခက်ခဲခဲကြိုးစားလိုက်ရသည်။ ယခု ကျင်းဆွေ့က ကျီလင်အပေါ် စိတ်ရင်းမှန်ဖြစ်သည်ကို သူအနည်းငယ်ယုံကြည်လာပြီဖြစ်သည်။ သို့သော် သူ ကျီလင် အဆင်ပြေနေသည်ကိုမြင်နိုင်သည့်တိုင် ရှေ့ဆက်တိုးရန် အရည်အချင်းမပြည့်မီသေးချေ။


ဝမ်ယန်လည်း ကျီလင်ကိုကြည့်နေခဲ့သည်။ အမြဲလိုလို တည်ငြိမ်နေတတ်သော သူ့အနက်ရောင်မျက်လုံးများက ယခုချိန်တွင် စိုးရိမ်ပူပန်မှုများပြည့်နေသည်။ သူ အချိန်အတန်ကြာထိန်းထားသော သက်ပြင်းက နောက်ဆုံး၌ ထွက်လာခဲ့သည်။ ယခင်ဘဝတွင် ကျီလင် ဘေးကင်းစွာ ပြန်ရောက်ခဲ့သော်လည်း သူ့ကို ထိုကြောက်မက်ဖွယ်အတွေ့အကြုံမျိုး ထပ်မကြုံစေချင်ပေ။ ထိုရိုင်းစိုင်း၊ယုတ်မာ ညစ်ပတ်သော သူပုန်များက ကောင်ငယ်လေးနှင့် နီးကပ်ရန်ပင် မထိုက်တန်ချေ။


ကျီလင် ဘေးကင်းစွာ ပြန်လာခဲ့လျှင်ပင် သူ စိတ်ထိခိုက်ရဆဲဖြစ်သည်။ ထို့ကြောင့် ကျီလင်ကို သူကိုယ်တိုင် အိမ်လိုက်ပို့ရန် ဤနေရာ၌ စောင့်နေခဲ့သည်။


ကားလို့စ်က သူ့တုတ်ချောင်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားပြီး တည်ငြိမ်သောအမူအရာရှိနေခဲ့သည်။ သူက ဘေးတစ်ဖက်တွင် တစ်ယောက်တည်းရပ်နေကာ ဝမ်ယန်နှင့် ဘရန်ဒန်တို့ထံမှ ရန်လိုသောအကြည့်များကို လျစ်လျူရှုထားပြီး ကြယ်သင်္ဘောရှိရာသို့ တည့်တည့်ကြည့်နေခဲ့သည်။


ကျင်းဆွေ့ ကျီလင်ကို တတ်နိုင်သမျှအမြန်ဆုံး ကယ်လိုက်နိုင်သည်ဟူသော သတင်းက သူ့ကို စိတ်သာက်သာရာရစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤဘဝတွင် ဂါဘရီရယ်၏ရည်ရွယ်ချက်ကို သူ သေချာမသိသောကြောင့်ပင်။ ရည်ရွယ်ချက်နှင့် အကြံအစည်များ ခန့်မှန်းမရသောလူတစ်ဦးက အန္တရာယ်အရှိဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။


ကံကောင်းထောက်မစွာဖြင့် ကျီလင် အဆင်ပြေနေခဲ့သည်။


သူ ၎င်းကိုကြိုသိပါက ကျီလင်ကို ကျင်းဆွေ့နှင့်အတူသွားမည့်အရေးမှ တားဆီးခဲ့သင့်သည်။ ကျီလင်ကို ခဏတာလွှတ်ပေးပြီး သူ့ဆီပြန်လာရန် စောင့်ရသည်က ပိုကောင်းမည်ဟု သူ ထင်ခဲ့သော်လည်း မှားသွားပုံရသည်။


ကားလို့စ်၏မျက်လုံးများက နက်မှောင်နေပြီး သူ့နှုတ်ခမ်းပါးများက အနည်းငယ် တင်းကြပ်သွားကာ ကျီလင်ထံသို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သို့သော် သူ ကျီလင် အနားသို့မကပ်နိုင်မီ ကျီလင်က အလိုလိုနောက်ပြန်ဆုတ်သွားသည်ကို တွေ့လိုက်ရ၏။


ကောင်ငယ်လေး၏ အပြာရောင်မျက်ဝန်းများထဲရှိ စိတ်ပျက်မှုနှင့် ဝမ်းနည်းမှုအရိပ်ယောင်များကို ကြည့်ကာ သူ့စိတ်ထဲ မကောင်းသောကြိုတင်သတိပေးချက်တစ်ခု ပေါ်လာခဲ့သည်။


ကျင်းဆွေ့က ခြေလှမ်းကျဲများဖြင့် ကြယ်သင်္ဘောပေါ်မှဆင်းလာပြီး ကျီလင်ကို သူ့ရင်ခွင်ထဲဆွဲသွင်းခဲ့သည်။ သူက ခေါင်းမော့ကာ ကားလို့စ်ကို အေးစက်စက်ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်၏။

"ကားလို့စ်...ခင်ဗျား ဒီကိုဘာလာလုပ်တာလဲ..."


ကားလို့စ်က ကျင်းဆွေ့ ဖက်ထားသော ကျီလင်ကိုကြည့်ကာ သူ့စိတ်ထဲ အတွေးများစွာဖြတ်ပြေးသွားခဲ့ပြီး ဖြစ်နိုင်ချေအရှိဆုံးအရာကို ကောက်ချက်ချမိသွားသည်။ 


ကျင်းဆွေ့က ကျီလင်ကိုလှည့်စားခဲ့တာပဲဖြစ်ရမယ်...သူက ကျီလင်ကို ငါ သူ့ကိုသစ္စာဖောက်ပြီး ဂါဘရီရယ်လက်ထဲထည့်ခဲ့တာလို့ ပြောခဲ့လောက်တယ်... ကျင်းဆွေ့က ငါ့ကို ချောက်ချနိုင်မယ့် ဒီလိုအခွင့်အရေးကောင်းကို လက်လွှတ်မခံမှာ အသေအချာပဲ...


သူ ယခင်ဘဝက ထိုသို့လုပ်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ စွပ်စွဲခံရခြင်းသာဖြစ်သည်။


ကားလို့စ်က သူ့နှလုံးသားထဲရှိ ဒေါသများကိုဖိနှိပ်ပြီး နှုတ်ခမ်းပါးများဖွင့်ဟ၍ အလျင်မလိုစွာ ပြောလိုက်သည်။

"ရှောင်လင်က အရှင်မင်းကြီးနဲ့ခရီးထွက်မှ ဒီလိုအန္တရာယ်မျိုးကြုံရတာလေ...ကျုပ် သူ့ကို စိတ်ပူလို့လာကြည့်တာ… ဘာပြဿနာရှိလို့လဲ..."


သူ ထိုသို့ပြောပြီးနောက် ကျီလင်ဘက်သို့ နူးညံ့စွာလှည့်ကြည့်ကာ မေးလိုက်သည်။

"အဆင်ပြေရဲ့လား.."


သို့သော် ကျီလင်က မတုံ့ပြန်ဘဲ ကျင်းဆွေ့ထံမှီကာ သူ့အင်္ကျီကိုဆွဲထားပြီး ကားလို့စ်ကို ထိတ်လန့်ကြောက်ရွံ့ဟန်ပြခဲ့သည်။

ဟမ့် ဘယ်သူက ခင်ဗျားရဲ့ဆင်ခြေတွေကို လိုချင်နေလို့လဲ ဗီလိန်အိုကြီးရဲ့...


ကားလို့စ်က ကျီလင်ကိုကြည့်ပြီး သူ့တစ်ကိုယ်လုံးရှိ သွေးများအေးခဲသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း သူ့ခံစားချက်များကို ထုတ်မပြနိုင်ပေ။ သူက ကျီလင်ကို ပဟေဠိဖြစ်နေသည့်မျက်လုံးများဖြင့် ကြည့်ပြီး နာကျင်စွာပြောလိုက်သည်။ 

"ဘာဖြစ်လို့လဲ...ဘာလို့ ကိုယ့်ကိုစကားမပြောတာလဲ..."


ကျီလင်က ကားလို့စ်ကိုတိတ်တဆိတ်ကြည့်ပြီး သူ့စိတ်ထဲ၌ လက်မထောင်ပြလိုက်သည်။ 


ဝါး ကျွန်တော်သာ ဇာတ်ညွှန်းမရထားရင် ခင်ဗျား တကယ်ကြီး ဘာမှမသိဘူးလို့ ထင်မိမှာပဲ...


ကျင်းဆွေ့က ကျီလင် သူ့အနားသို့အားကိုးတကြီးကပ်လာပြီး သူ့အပေါ် ယုံကြည်မှုပြသလာသောကြောင့် သူ့နှလုံးသားထဲ နူးညံ့မှုများပြည့်သွားခဲ့သည်။ ထို့နောက် သူ မျက်လွှာပင့်ကာ ကားလို့စ်၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ ကျင်းဆွေ့၏မျက်လုံးများက အလွန်အမင်းအေးစက်လာပြီး ကျီလင်ကို မတုံ့ဆိုင်းဘဲ ခိုင်မာစွာကာကွယ်ပေးလိုက်သည်။ သူက ကားလို့စ်၏မျက်လုံးများကို တည့်တည့်ကြည့်ကာ နှုတ်ခမ်းပါးများဖွင့်ဟ၍ အေးစက်၊ လှောင်ပြောင်သောလေသံဖြင့်ပြောခဲ့သည်။ 

"ခင်ဗျား တကယ်ပဲ ဘာကြောင့်လဲဆိုတာ မသိဘူးလား..."


နောက်ဆုံးတွင် ကားလို့စ်၏မျက်လုံးများ အရောင်ပြောင်းလဲသွားပြီး သူ၏တုတ်ချောင်းကိုင်ထားသောလက်‌၌ အပြာရောင်သွေးကြောများ ပေါ်လွင်လာခဲ့သည်။



✨✨✨