Chapter 57
Viewers 15k

✨ Chapter 57

 ကယ်တင်ခြင်း



ကျီလင်၏မျက်လုံးများထဲ အံ့အားသင့်မှုများပေါ်လာခဲ့သည်။ 


ကျင်းဆွေ့ ငါ့ကို တကယ်ကြီးလာကယ်တာပဲ...


ယခုအချိန်လောက် ကျီလင် သူ့ကိုတွေ့ချင်စိတ်မျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးချေ။


ထိုအချိန်တွင် သူ့နောက်ရှိလူက ရုတ်တရက် သူ့လည်ပင်းအား ဆုပ်ကိုင်ထားသောလက်ကို ပိုတင်းကြပ်လိုက်၍ ကျီလင် အသက်ရှူကြပ်လုနီးပါးဖြစ်ခဲ့သည်။ ကျီလင်၏မျက်လုံးထဲများရှိ အံ့ဩမှုကို စိတ်ပျက်မှုများက ဖုံးလွှမ်းသွားခဲ့သည်။ သေခြင်းတရား၏ ခြိမ်းခြောက်မှုက ပထမဆုံးအကြိမ်အဖြစ် သူနှင့်အလွန်နီးနေခဲ့သည်။  


ဂါဘရီရယ်က ငါ့ကို နှုတ်ပိတ်ဖို့သတ်တော့မှာလား...


ဒါပေမယ့် သူငါ့ကို သတ်ချင်ရင် တစ်စက္ကန့်တောင်ကြာမှာ မဟုတ်ဘူးလေ... သူက ကျင်းဆွေ့ရောက်လာဖို့ စောင့်နေတာတော့ မဟုတ်ဘူးမလား...


ဂါဘရီရယ်က ကောင်ငယ်လေး၏ လည်တိုင်ကိုဆုပ်ကိုင်ထားခဲ့သည်။ သူ့လည်တိုင်က အလွန်နူးညံ့ပြီး သွယ်လျနေကာ အားအနည်းငယ်ထပ်စိုက်ထုတ်ပါက ကျိုးသွားနိုင်ပုံရနေသည်။ ကောင်ငယ်လေး၏ ကြောက်ရွံ့မှုကြောင့် မျက်ရည်စများဖြင့် တုန်ယင်နေသောမျက်လုံးများကို သူ ကြည့်လိုက်သည်။ ထိုလှပသော အပြာရောင်မျက်ဝန်းများက ယခုအချိန်တွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများသာပြည့်နှက်နေသည်။ ၎င်းက အမှန်တကယ် သနားဖွယ်ရာကောင်းသော်လည်း သူ မလွှတ်ပေးချင်မိပေ။ 


သူ ကျီလင်၏နားရွက်နားကပ်ကာပြောလိုက်သည်။ 

"ကြည့်ရတာ ဧကရာဇ်က မင်းကို တကယ်သဘောကျတဲ့ပုံပဲ... သူက ကိုယ်ထင်ထားတာထက်တောင် ပိုမြန်မြန်ရောက်လာသေးတယ်..."


ကျီလင်၏နှုတ်ခမ်းများ အနည်းငယ် တုန်ယင်သွားခဲ့သည်။


သူ စိတ်ပျက်နေစဥ် ရုတ်တရက် သူ့လည်ပင်းပေါ်ရှိတင်းကြပ်မှုက ပြေလျော့သွားပြီး ထိုအမျိုးသား၏အသက်ရှူသံက ရုတ်တရက်ပျောက်ကွယ်သွားကာ လှောင်ရယ်သံတစ်ခုပေါ်လာခဲ့သည်။ 

"ကိုယ့်ကိုမမေ့နဲ့...ကိုယ်ပြန်လာခဲ့မယ်..." 


နောက်တစ်စက္ကန့်တွင် မြေပြင်က အက်ကွဲသွားပြီး ဂါဘရီရယ်ခုန်ဆင်းသွားခဲ့သည်။  


ကျီလင် မြေပြင်ပေါ်တွင် မှင်သက်စွာထိုင်ချလိုက်မိသည်။ အဖြစ်အပျက်က အလွန်ရုတ်တရက်ဆန်လွန်းသောကြောင့် သူပင် မတုံ့ပြန်နိုင်ချေ။


ထိုနောက် ချက်ချင်းပင် မြေပြင်က ငလျင်လှုပ်သကဲ့သို့တုန်ခါလာပြီး သူ့ပတ်ဝန်းကျင်ရှိ မြေပြင်က ပြိုကျစပြုလာခဲ့သည်။ ကြီးမားလှသော ငွေရောင်မက်ခါက အောက်ထဲမှ ထိုးထွက်လာခဲ့သည်။  


လေများက ကျီလင်၏ပါးပြင်ကို ဖြတ်တိုက်သွားပြီး မျက်စိမဖွင့်နိုင်လုနီးပါးဖြစ်သွားခဲ့သည်။ 


ဒါဆို ငါ့လက်ဖဝါးနဲ့ ထိနေတဲ့မြေပြင်က သတ္တုကြမ်းခင်းမဟုတ်ဘူးပေါ့...


ငါက ဒီမက်ခါရဲ့လက်ထဲမှာရှိနေတာပဲ...


ကျီလင် ခေါင်းမော့ကာ သူ့ရှေ့ရှိကြီးမားလှသော ငွေရောင်မက်ခါကြီးကို စိုက်ကြည့်လိုက်သည်။ အေးစက်စက်အလင်းရောင်ကိုဖြတ်၍ ရက်စက်ကောက်ကျစ်သော အမျိုးသားက အထဲ၌ထိုင်နေသည်ကို ကျီလင် မြင်လိုက်ရသည်။ ထို့နောက် ရုတ်တရက် သူအမြင့်မှပြုတ်ကျသွားခဲ့သည်။ 


ငွေရောင်မက်ခါက လက်ရုတ်ပြီး ကျီလင်ကို အောက်ဘက်သို့ပစ်ချခဲ့သည်။ 


ယခုအချိန်တွင် ကျီလင် ကြောက်ရွံ့နေသင့်သော်လည်း အလှည့်အပြောင်းများကြောင့် တုံ့ပြန်နိုင်စွမ်းမဲ့သွားခဲ့သည်။ သူ ထိုကဲ့သို့ ဆက်ပြုတ်ကျနေပြီး သူ့မြင်ကွင်းထဲမှ ငွေရောင်မက်ခါပို၍ ပို၍ဝေးကွာသွားသည်ကို ကြည့်နေမိသည်။ ရုတ်တရက် သူ့နောက်ကျောက တစ်ခုခုနှင့်ထိမိသွားပြီး ပြုတ်ကျမှုရပ်တန့်သွားခဲ့သည်။


အနက်ရောင်မက်ခါက အလင်းကဲ့သို့အလျင်ဖြင့် တောင်ပံများဖြန့်ကျက်လာပြီး ကျီလင်ကို မဆိုင်းမတွဖမ်းလာခဲ့သည်။ ထို့နောက် သူက ပတ်ဝန်းကျင်ရှိလေများကို တားဆီးရန် လက်မြှောက်ခဲ့သည်။ သူက မြေပြင်ပေါ်သို့ဖြည်းညှင်းစွာဆင်းသက်ပြီး ဒူးတစ်ဖက်ထောက်ကာ သူ့လက်ကို ဂရုတစိုက်ဖွင့်၍ ကျီလင်ကို မြေပြင်ပေါ်ချပေးခဲ့သည်။ 


ကျင်းဆွေ့က ဂါဘရီရယ်ကို ဖမ်းရန်မသွားခဲ့ချေ။ တစ်ဖက်လူကလည်း သူ ကျီလင်၏အသက်အား လျစ်လျူမရှုနိုင်သည်ကို သိသောကြောင့် သူ့ကိုတားရန် ကျီလင်ကို တမင်တကာပစ်ချခဲ့သည်။ 


ကျီလင် မြေပြင်ပေါ်တွင် ဗလာဖြစ်စွာထိုင်နေပြီး သူ့မျက်နှာပေါ်ရှိမျက်ရည်များက လေကြောင့် ခြောက်သွားပြီဖြစ်သည်ကို သိလိုက်ရ၏။ 


ထို့နောက် အနက်ရောင်မက်ခါ၏ တံခါးပေါက်ပွင့်လာပြီး အနက်ရောင်ဆံပင်နှင့် ရွှေရောင်မျက်လုံးများရှိသော အမျိုးသားက အမြင့်မှခုန်ဆင်းလာသည်ကို ကျီလင်တွေ့လိုက်ရသည်။ ထိုသူက ကျီလင်ထံလှမ်းလာပြီး သူ့ရင်ခွင်ထဲထည့်ဖက်လာခဲ့သည်။ 


ထိုလူ၏သန်မာကာ နွေးထွေးသော ပွေ့ဖက်မှုကို ခံစားရပြီး ကျီလင်၏ ကြောက်ရွံ့မှုကြောင့် အေးခဲသွားသောသွေးများ တစ်ဖန်ပြန်စီးဆင်းလာခဲ့သည်။ အကြောင်းအချို့ကြောင့် သူ့မျက်လုံးများ ချဉ်စူးလာပြီး ကျီလင် ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။


ငါ သေတော့မလိုပဲ...


အရမ်းကြောက်စရာကြီး...


ဘာဧကရာဇ်လဲ...ဘာဇာတ်လိုက်မင်းသားလဲ... သူတို့အားလုံး ငရဲသာသွားလိုက်ကြတော့... 


ကျီလင်က ကျင်းဆွေ့၏လည်ပင်းကို ပွေ့ဖက်ကာ အသက်ရှူကြပ်မတတ် ငိုခဲ့သည်။

ငါ အင်ပါယာကြယ်ကနေ ဘယ်တော့မှ ထွက်မသွားတော့ဘူး...အပြင်ဘက်ကမ္ဘာက အရမ်းကြောက်စရာကောင်းပြီး အန္တရာယ်များလွန်းတယ်...


ကျင်းဆွေ့က ကျီလင်၏တုန်ယင်နေသောခန္ဓာကိုယ်ကို ပွေ့ဖက်ထားပြီး ကျီလင်အား သူ့လည်ပင်းကိုဖက်၍ နာကျင်စွာငိုခွင့်ပေးထားကာ ထိုအနေအထားအတိုင်း မလှုပ်မယှက်နေခဲ့သည်။


မျက်ရည်များက သူ့အဝတ်အစားအပေါ် စီးကျလာပြီး ကောင်ငယ်လေး၏တုန်ယင်၊ နွေးထွေးမှုက သူ့အရေပြားထဲသို့ တဖြည်းဖြည်းစိမ့်ဝင်လာခဲ့သည်။ ၎င်းက နွေးထွေးနူးညံ့သော်လည်း အချွန်ထက်ဆုံးဓားတစ်လက်ကဲ့သို့ သူ့နှလုံးသားထဲ တိုက်ရိုက်ဖြတ်ဝင်လာခဲ့သည်။


မကြာမီ ကျီလင် ငိုရသည်ကို ပင်ပန်းလာခဲ့သည်။ ကျင်းဆွေ့က လက်မြှောက်ပြီး သူ့မျက်ရည်များကို ညင်သာစွာ သုတ်ပေးကာ အက်ရှရှ‌လေသံဖြင့် ပြောလိုက်သည်။

"ကိုယ် တောင်းပန်ပါတယ်...ကိုယ် နောက်ကျသွားတယ်..."


သူက ကောင်ငယ်လေး၏မျက်ရည်များ စွန်းထင်းနေသော မျက်နှာကိုကြည့်ကာ ကိုယ့်ကိုကိုယ်အပြစ်တင်မှုများထဲ နစ်မြုပ်လုနီးပါးဖြစ်လာခဲ့သည်။ သူ မျက်လုံးများမှိတ်ပြီး ဂါဘရီရယ် ကောင်ငယ်လေးကိုပစ်ချခဲ့သည့် စောစောကမြင်ကွင်းကိုပြန်သတိရသွားကာ မျက်လုံးကန်းလုမတတ်ဖြစ်လာခဲ့သည်။ သူ ကျီလင်ကိုနောက်တစ်ကြိမ်ဆုံးရှုံးနိုင်ပြီး သူ့မျက်စိရှေ့မှာပင် ကျီလင် သေသွားသည်ကို တစ်ဖန်ပြန်မြင်ရနိုင်သည့်ဖြစ်နိုင်ချေကို တွေးကာ သူ့နှလုံးသားကိုလက်ဖြင့်ဆွဲညှစ်ထားသကဲ့သို့ နာကျင်လာခဲ့သည်။


၎င်းက သူ့ကို ပထမဆုံးအနေဖြင့် ကြောက်ရွံ့မှုအရသာ ပေးလာခဲ့သည်။


၎င်းက သူ တစ်စုံတစ်ဦးကို ဤမျှဂရုစိုက်ကြောင်း ပေါ်လွင်စေခဲ့သည်။


သူ ကျီလင်ကို ထပ်မဆုံးရှုံးနိုင်ပေ။


ကျီလင် ထိတ်လန့်နေပြီး နောက်ဆုံးတွင် ကြောက်ရွံ့မှုမှ ပြန်လည်သက်သာလာခဲ့သည်။ ကျီလင် ရုတ်တရက် လက်လွှတ်ချပြီး ရှက်ရွံ့စွာဖြင့် အကြည့်လွှဲလိုက်သည်။


ငါ အရမ်းကြောက်လွန်းလို့ ကျင်းဆွေ့ကို ဖက်ပြီး ငိုခဲ့မိတယ်... ဒီလူ ငါ သူ့ကို စိတ်ဝင်စားနေတယ်လို့ အထင်မလွဲလောက်ဘူးမလား...


ကျီလင် ခေါင်းကိုက်သွားခဲ့သည်။ သူ့ကို မဆိုင်းမတွလာကယ်ခဲ့သော ကျင်းဆွေ့ကို အလွန်ကျေးဇူးတင်သော်လည်း ကျင်းဆွေ့ကြောင့်သာ မဟုတ်ပါက သူ ပြန်ပေးဆွဲခံရမည် မဟုတ်ချေ။


ထို့အပြင် ကျင်းဆွေ့ သူ့ကိုဂရုစိုက်လာလေလေ ဤပျက်စီးသွားသော ဇာတ်ကွက်ကို ပြန်ပြင်ရခက်လာလေလေဖြစ်သည်။


၎င်းက အမှန်ပင်အကျပ်အတည်းဖြစ်ပြီး သူ့ကိုခေါင်းကိုက်စေသည်။


ကျင်းဆွေ့က ကောင်ငယ်လေးကို ညင်သာစွာချီမပြီး ကြောက်ရွံ့မှုဖြင့်ရုန်းကန်နေသည့် သူ့မျက်လုံးများကို ကြည့်လိုက်သည်။ သူ့နှလုံးသားထဲ အလွန်အမင်းနာကျင်မှု ခံစားသွားရပြီး ဂါဘရီရယ်ကို ပို၍သတ်ပစ်ချင်လာခဲ့သည်။ ဂါဘရီရယ်က ကောင်ငယ်လေးကို ဤသို့ကြောက်လန့်စေရန် မည်သည့်အရာလုပ်ခဲ့သည်ကို သူ မသိချေ။ သူ့ယခင်ဘဝတွင် ဂါဘရီရယ်က ဆင်ခြင်နိုင်စွမ်းရှိသူတစ်ယောက်ဟု ထင်ခဲ့သော်လည်း သူ မှားသွားပုံရသည်။


သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော မေးခွန်းများရှိနေသော်လည်း ကျင်းဆွေ့က ကျီလင်၏ဒဏ်ရာကို ပြန်ဆွမိမည်စိုးသောကြောင့် ဂါဘရီရယ်အကြောင်း တစ်ခွန်းမှမဟဘဲ ကြယ်သင်္ဘောပေါ်သို့ပြန်ခေါ်သွားကာ နှစ်သိမ့်ပေး၍ ညင်သာစွာ ပြောလိုက်သည်။ 

"အဆင်ပြေသွားပါပြီ...ကိုယ်တို့ အခုအိမ်ပြန်ကြမယ်..."


ကျီလင်က အိပ်ရာပေါ်တွင် လှဲနေပြီး စိတ်တည်ငြိမ်နေပြီဖြစ်သည်။ သူက စောင်အစွန်းကို လက်နှစ်ဘက်လုံးဖြင့်ဆုပ်ကိုင်ပြီး သူ့လည်ပင်းနားအထိဆွဲကာ သူ့ကိုယ်သူ ဘောလုံးလေးကဲ့သို့ ရစ်ပတ်ထားခဲ့သည်။ သူ့မျက်လုံးများက မသက်သာသေးဘဲ အနည်းငယ်နီမြန်းနေဆဲဖြစ်သည်။


ကျင်းဆွေ့က သူ၏ပင်ပန်းနွမ်းနယ်နေသောပုံစံကိုကြည့်ပြီး ဆံနွယ်များကိုခပ်ဖွဖွပွတ်ကာ အပြုံးဖြင့်ပြောလိုက်သည်။

"ခဏလောက် အနားယူလိုက်ဦး...ကိုယ် ညနေလောက်ကျမှ ပြန်လာခေါ်လိုက်မယ်…"


ကျီလင်က နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။ သူက ကျင်းဆွေ့ထွက်သွားတော့မည်ကိုမြင်ချိန်တွင် ရုတ်တရက် တစ်ခုခု တွေးပြီး ပြောလိုက်သည်။

"ကျင်းဆွေ့ကော..."


ကျင်းဆွေ့က ခေါင်းလှည့်ပြီး သူ့ကို ညင်သာစွာကြည့်လာခဲ့သည်။ 

"ဘာဖြစ်လို့လဲ..."


ကျီလင် ခဏရပ်သွားပြီး မျက်တောင်ခတ်ကာ မျက်ရည်များတစ်ဖန်ရစ်သိုင်းလာခဲ့သည်။

"အန်ကယ်ကားလို့စ်တဲ့...အဲဒီလူက ကျွန်တော့်အကြောင်းပြောပြတာ အန်ကယ်ကားလို့စ်လို့ ပြောတယ်..."


ထိုစကားကြားချိန်တွင် ကျင်းဆွေ့၏ မျက်လုံးများက ရုတ်တရက်အေးစက်သွားပြီး သူ့စိတ်ထဲရှိ သတ်ဖြတ်လိုစိတ်ကို မဖုံးကွယ်နိုင်လုနီးပါးဖြစ်သွားခဲ့သည်။ 

သေချာပြီ…


ကျီလင်က ကျင်းဆွေ့ကို ဗလာဖြစ်ကာ ဝမ်းနည်းနေသောအကြည့်ဖြင့်ကြည့်ပြီး အနည်းငယ်ဆို့နင့်နေသောအသံဖြင့် ပြောလိုက်သည်။

 "အဲဒါမမှန်ဘူး မလားဟင်...အန်ကယ်ကားလို့စ်က ဒီလိုမျိုးလုပ်မှာမဟုတ်ဘူး... ဟုတ်တယ်မလား..."


ကျင်းဆွေ့ အလွန်စိတ်ဖိစီးသွားခဲ့သည်။ သူ့စိတ်ထဲတွင် ဤကိစ္စက ကားလို့စ်၏ အကြံဖြစ်မည်ကို သိထားပြီးဖြစ်သည်။ ကားလို့စ်က သူ့ကိုဖြေရှင်းရန် ဤကဲ့သို့ကိစ္စကိုအသုံးပြုပြီး လက်မလျှော့သေးဆဲဖြစ်သော်လည်း ကောင်ငယ်လေးကို ဆက်ဝမ်းမနည်းစေချင်ပေ။ သူက အချိန်အတန်ကြာတိတ်ဆိတ်နေပြီး နောက်ဆုံးတွင်ပြောလိုက်သည်။

"အများကြီးမတွေးပါနဲ့..."


ကျီလင်က နူးညံ့စွာ ပြန်ဖြေလိုက်သည်။

"အင်း..."


ကျင်းဆွေ့ထွက်သွားပြီးနောက် ကျီလင် အတွေးနက်သွားခဲ့သည်။ အမှန်တွင် သူ စောစောကစကားများပြောရန် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် ပြောရန်ဆုံးဖြတ်ခဲ့သည်။


ဤဘဝတွင် ပြောင်းလဲသွားသောအရာများစွာရှိသော်လည်း ဂါဘရီရယ်က သူ့ကို ဤအကြောင်းတိုက်ရိုက်ပြောလာရန် ကျီလင် မမျှော်လင့်ခဲ့ချေ။ ယခင်ဘဝတွင် ဤအကြောင်းကို ကျင်းဆွေ့နှင့် ကားလို့စ်၏ရန်ပွဲကြားထဲ လုံးလုံးလျားလျား ထုတ်ဖော်ခံခဲ့ရသည်။ သူ မပြောလျှင်ပင် ကျင်းဆွေ့ အမှန်တရားခန့်မှန်းမိလောက်သည်ကို ကျီလင်သိ၏။


သို့သော် သူ အလွန်မပျော်မရွှင်ဖြစ်နေဆဲဖြစ်သည်။


ငါ အဲဒီလူယုတ်မာအိုကြီးဘက်ကနေ ကူမပြောချင်ပါဘူးနော် ဟမ့်...


……………


‌ကျီလင်၏အခန်းထဲမှ ထွက်လာပြီးသည်နှင့် ကျင်းဆွေ့၏မျက်လုံးများက လုံးလုံး နက်မှောင်သွားခဲ့သည်။ သူ့ရွှေရောင်မျက်လုံးများက အေးစက်၊ နက်မှောင်နေပြီး ခဏအကြာတွင် ဆက်သွယ်ရေးဆက်ကိုဖိပြီး အတွင်းရေးမှူးကို သူ၏ကွပ်ကဲမှုအခန်းသို့လာရန် အမိန့်ပေးလိုက်သည်။


ခဏအကြာတွင် လူလတ်ပိုင်းအရွယ်လူတစ်ယောက် ဝင်လာပြီး လေးစားစွာပြောလာခဲ့သည်။

"အရှင်မင်းကြီး..."


ကျင်းဆွေ့၏မျက်လုံးများက အေးစက်နေပြီး တည်ငြိမ်စွာပြောလိုက်သည်။ 

"ငါ မင်းကို ဒီကြယ်သင်္ဘောပေါ်က လူအားလုံးကို သေသေချာချာစစ်ဆေးခိုင်းထားတယ်...အခုအခြေအနေဘယ်လိုလဲ..."


ဤတစ်ကြိမ်တွင် သူ ခရီးစဉ်ကို လုံးဝပြောင်းခဲ့ပြီး ကားလို့စ်၏သံချောင်းများကို ကြိုတင်ဆွဲထုတ်ခဲ့သော်လည်း သူပုန်များ၏တိုက်ခိုက်မှုခံနေရဆဲဖြစ်ကာ ဂါဘရီရယ်က ကျီလင့်ကို ပြန်ပေးဆွဲသွားဆဲဖြစ်သည်။ ဤကြယ်သင်္ဘောပေါ်တွင် သူရှာမတွေ့သေးသော သူလျှိုများရှိနေဆဲဖြစ်သည်။


အတွင်းရေးမှူးက လေးစားစွာ ပြောလာခဲ့သည်။

"အခုစုံစမ်းမှုအပြီးမှာ စုစုပေါင်း လူ ၁၂ ယောက်သေပြီး ၃ ယောက် ပျောက်နေပါတယ်...ဒဏ်ရာရသူ အရေအတွက်က တော်တော်များလို့ အခုထိရေတွက်နေဆဲ ပါ...လောလောဆယ်တော့ ဘယ်သူမှ သံသယဖြစ်စရာမတွေ့သေးပါဘူး..."


ကျင်းဆွေ့၏လက်ချောင်းများက စားပွဲခုံကို အသာအယာခေါက်နေပြီး ခဏအကြာတွင် ဖြေးညှင်းစွာပြောလိုက်သည်။

"ပျောက်နေတဲ့သုံးယောက်က ဘယ်သူတွေလဲ..."


အတွင်းရေးမှူးက ပြောလာခဲ့သည်။ 

"အထက်တန်းလွှာနှစ်ယောက်၊ သာမန်လူတစ်ယောက်ပါ...အထက်တန်းလွှာနှစ်ယောက်ကတော့ အင်ပါယာကြယ်မှာ မိသားစုနဲ့ အမျိုးတွေရှိတယ်...သူတို့က သစ္စာဖောက်ဖြစ်နိုင်ခြေ အရမ်းနည်းတယ်...သူတို့သေသွားပေမယ့် အလောင်းရှာမရတာဖြစ်နိုင်တယ်...အဲဒီသာမန်လူရဲ့ အထောက်အထားကိုတော့ ကျွန်တော် စုံစမ်းနေဆဲပါ...သူက သူပုန်တွေရဲ့သူလျှိုတစ်ယောက်ဖြစ်နိုင်ပြီး ဒီလိုပရမ်းပတာအခြေအနေအတွင်းမှာ ထွက်ပြေးသွားတာဖြစ်နိုင်ပါတယ်..."


ကျင်းဆွေ့ မျက်မှောင်ကြုတ်လိုက်သည်။

ဒီလောက်ရိုးရှင်းလား...သူ့ရဲ့ အထောက်အထားထုတ်ဖော်ခါနီးမှာ ပရမ်းပတာအခြေအနေကို အခွင့်ကောင်းထွက်ပြေးသွားတယ်ပေါ့လေ...သူက တမင်လုပ်သွားသလိုပဲ...


ကျင်းဆွေ့၏နှုတ်ခမ်းပါးများက တင်းကြပ်သွားပြီး ရုတ်တရက် ပြောလိုက်သည်။

"နဉ်ယွီရော ဘယ်မှာလဲ..."


နဉ်ယွီက အလွန်တော်သော သာမန်ဆင့်ကဲပြောင်းလဲသူဖြစ်သော်လည်း သူနှင့်ပိုရင်းနှီးလာလေလေ သူက နဥ်ယွီ၏ဉာဏ်ကောင်းမှုကိုပိုသိလာလေလေဖြစ်သည်။ နဉ်ယွီက တည်ငြိမ်အေးဆေးကာ ရိုးရှင်းပုံရသော်လည်း လူအများကို မရိုးရှင်းသောခံစားချက် ပေးနိုင်စွမ်းရှိသည်။ တစ်ခါတစ်ရံ ကျင်းဆွေ့ ထင်ယောင်ထင်မှား ဖြစ်ခဲ့သော်လည်း နဉ်ယွီက တစ်ခါမှ အပြစ်အနာအဆာများထုတ်မပြဖူးချေ။ ဤအချိန်တွင် အကြောင်းအရင်းမသိသော်လည်း ကျင်းဆွေ့၏မသိစိတ်က သူ့ကို တွေးမိသွားခဲ့သည်။


သူ နဉ်ယွီကို တစ်ခါမှ များစွာမယုံကြည်ခဲ့ချေ။


အတွင်းရေးမှူးက ပြောလာခဲ့သည်။

"ဗိုလ်မှူးနဉ်ယွီက ရှာဖွေကယ်ဆယ်ရေးမှာ ပါဝင်ခဲ့ပါတယ်...သူနဲ့ တခြားသူတွေက သခင်လေးကျီလင်ကို ရှာမတွေ့မချင်းပြန်မလာပါဘူး...သူ ဒဏ်ရာတချို့ရခဲ့ပေမယ့် သိပ်မပြင်းထန်သလို ဘာအမှားအယွင်းမှ မတွေ့ခဲ့ပါဘူး..."


ကျင်းဆွေ့ ခဏခန့် တိတ်ဆိတ်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ငါသိပြီ... မင်းသွားလို့ရပြီ..."


အတွင်းရေးမှူးက လေးစားစွာပြန်တုံ့ပြန်ခဲ့သည်။


သူလျှိုက ဤနေရာတွင် ပုန်းနေလောက်သေးသည်။ ကျင်းဆွေ့၏ မျက်နှာက အနည်းငယ်အေးစက်လာပြီး မျက်လုံးများမှိတ်လိုက်စဉ် ကျီလင် ကောင်းကင်မှ ပြုတ်ကျလာသောမြင်ကွင်းကို တစ်ဖန်ပြန်မြင်ယောင်လာခဲ့သည်။ ကျင်းဆွေ့က သူ့လက်များကို ဖြည်းညင်းစွာ တင်းကြပ်လိုက်သည်။


ယခင်ဘဝတွင် ကားလို့စ်က အကြံအစည်များစွာဖြင့် ကျီလင်၏သေဆုံးမှုကို အသုံးချကာ သူ့ကို ထိုသူပုန်များအားအတင်းအကြပ်ကိုင်တွယ်ခိုင်းရန် မတုံ့ဆိုင်းခဲ့ချေ။ သို့သော် ထိုသူပုန်များက ဉာဏ်နီဉာဏ်နက်များပြီး ပုန်းအောင်းရာ၌တော်သောကြောင့် ကျင်းဆွေ့ ကိုင်တွယ်ရန် ငြင်းဆန်ခဲ့မည်။ သူ အမိန့်ပေးလိုက်သည်နှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုဖြစ်လာပြီး အပြစ်မဲ့ပြည်သူများစွာကို ထိခိုက်စေနိုင်ကာ သာမန်ပြည်သူများ၏ မကျေမနပ်မှုများတိုးလာစေနိုင်ပြီး အင်ပါယာအုပ်ချုပ်ရေးကို ပို၍ပုန်ကန်လာနိုင်သည်။


ထို့ကြောင့် ယခင်ဘဝတွင် ကျီလင်က ထိုရက်စက်ယုတ်မာသော သူပုန်များလက်ထဲ သေဆုံးနိုင်ဖွယ်ရှိသည်ကို သူ သိသော်လည်း ထိုသို့မလုပ်နိုင်ခဲ့ချေ။


ထိုအချိန်က ကျီလင်၏ဘဝနှင့်သေဆုံးမှုမှာ ထိုမျှအရေးကြီးသည်ဟု သူ မထင်ခဲ့ချေ။ ကျီလင်ကို သစ္စာဖောက်ခဲ့သူက ကားလို့စ်ဖြစ်ပြီး ကျီလင်ကို စွန့်လွှတ်ခဲ့သူက သူ့ကိုယ်တိုင်ဖြစ်သည်။


သို့သော် ယခုအချိန်တွင် ကျီလင် ထိုသို့ သေဆုံးနိုင်ဖွယ်ရှိသည်ဟု သူတွေးမိရုံဖြင့် ကျီလင်ကိုကယ်တင်ရန် မစောင့်နိုင်တော့ပေ။


ကျင်းဆွေ့၏နှလုံးသားက နာကျင်မှု၊ ဒေါသ နှင့် လူသတ်ချင်စိတ်များ ပြည့်နှက်နေလေသည်။


ထိုကြမ်းပိုးများကဲ့သို့ ပုန်းအောင်းနေသော သူပုန်အုပ်စုက သူ့သည်းခံနိုင်စွမ်းကို မတိုင်းတာဘဲ သူ့ရှေ့မှာပင် ကျီလင်ကို ပြန်ပေးဆွဲရဲခဲ့ကြသည်။


ပြီးတော့ ဂါဘရီရယ်...


ကျင်းဆွေ့ ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်ရာ သူ့မျက်လုံးများထဲရှိ သတ်ပစ်လိုစိတ်က အလေးအနက်ဖြစ်လာခဲ့သည်။ 


မင်းက တိုင်းတာနိုင်စွမ်းရှိတဲ့လူတစ်ယောက်လို့ ငါတွေ့ခဲ့လို့ မင်းရဲ့ဖြစ်တည်မှုကို စိတ်ထဲမထားခဲ့ဘူး...မင်းက ဘယ်လောက်ပဲ သန်မာတဲ့လူဖြစ်နေနေ မင်းက လူတစ်ယောက်ပဲ...မင်းက အင်အားကြီးတဲ့အင်ပါယာရှေ့မှာတော့ သစ်ပင်ကို လှုပ်ရမ်းဖို့ကြိုးစားနေတဲ့ ပိုးကောင်တစ်ကောင်လိုပဲ...မင်းကိုယ်တိုင်လည်း ဒါကိုသိမယ်လို့ ငါထင်တယ်...


ဒါပေမယ့် မင်း ငါ့ကို စိတ်ပျက်စေတယ်...


မင်းလို ထိန်းချုပ်မရတဲ့ စစ်တုရင် အပိုင်းအစတစ်ခုက ငါ့ကို ရန်စရဲမှတော့ အဖိုးအခပြန်ပေးဆပ်ဖို့ အသင့်ပြင်ထားလိုက်တော့...


ကောင်းကောင်း ပုန်းထားကြပေါ့ကွာ...ငါ့မျက်လုံးထဲ နောက်တစ်ခါထပ်ပေါ်လာပြီး မင်းဘယ်သူလဲဆိုတာ ရှာမတွေ့စေနဲ့... မဟုတ်ရင် ဒီတစ်ခါတော့ ငါကိုယ်တိုင်မင်းကို သတ်ပစ်ပြီး မင်းလည်း သင်္ဂြိုဟ်စရာမြေတောင်မရှိဘဲ သေရလိမ့်မယ်...



✨✨✨