Chapter 56
Viewers 15k

✨ Chapter 56



ကျီလင်က ထိုအမျိုးသား၏အုပ်မိုးခြင်းခံထားရ၍ စိတ်မသက်မသာဖြစ်လာခဲ့သည်။ အခန်းထဲဝင်လာသည်နှင့် ယခင်ဘဝကကဲ့သို့ မပြုမူသော ဂါဘရီရယ်က ကျီလင်ကို ထိတ်လန့်စေခဲ့သည်။ ကျီလင် နောက်ပြန်ဆုတ်ချင်သော်လည်း ရုတ်တရက် ထိုအမျိုးသားက လက်မြှောက်ကာ သူ့မေးစေ့ကို ဆုပ်ကိုင်လာခဲ့သည်။


ထိုအမျိုးသားက ငွေရောင်သတ္တုလက်အိတ်ဝတ်ထားပြီး အရေပြားတစ်စွန်းတစ်စမျှ မပေါ်နေသောကြောင့် သူ၏အထောက်အထားကို ခန့်မှန်းရန်မဖြစ်နိုင်ချေ။ လက်အိတ်၏ အေးစက်စက်အထိအတွေ့က ကျီလင့်ကိုမလှုပ်ရှားဝံ့ဖြစ်စေ၏။ သူ့မေးစေ့က ညှစ်ကိုင်ခံထားရသောကြောင့် နာကျင်လာပြီး တစ်ဖက်လူကို တုန်လှုပ်စွာကြည့်ကာ ထစ်ထစ်အအဖြင့်ပြောလိုက်သည်။

"ကျွန်... ကျွန်တော်…"


ဂါဘရီရယ်က ခေါင်းငုံ့ကာ သူ့အနားသို့ ချဉ်းကပ်လာပြီး အေးစက်သောအနက်ရောင်မျက်လုံးများဖြင့် ကျီလင်ကို စိုက်ကြည့်လာခဲ့သည်။  

"မင်းက ဧကရာဇ်ရဲ့အချစ်တော်လေးလို့ ကိုယ်ကြားမိတယ်...အဲဒီလူက မင်းကို သိပ်ချစ်တယ်ဆိုပဲ... မင်းသေသွားရင် သူဝမ်းနည်းမှာလားဆိုတာ ကိုယ်သိချင်မိသား..."


ကျီလင် ကြောင်အသွားပြီး ဒေါသထွက်လွန်း၍ ငိုချလုမတတ်ဖြစ်သွားသည်။


ငါ နောက်ဆုံးတော့ ပြဿနာက ဘာလဲဆိုတာသိသွားပြီ...


ယခင်ဘဝတွင် သူက တစ်ဦးတည်းကျန်ခဲ့ရပြီး အထက်တန်းလွှာဖြစ်သော်လည်း လူမုန်းများခဲ့သည်။ ဂါဘရီရယ်က စစ်ပွဲမဖြစ်ချင်သလို သူ့ကို အလေးအနက်မထားသောကြောင့် သူ့ကိုလျစ်လျူရှုပြီး ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ယခုဘဝတွင်၊ ကျင်းဆွေ့က သူ့ကိုအလိုလိုက်ကာ မျက်နှာသာပေးခဲ့သည်။ စစ်တပ်ထဲတွင် သူပုန်စပိုင်များရှိပါက ဂါဘရီရယ် ထိုကိစ္စကို ကောင်းကောင်းသိနိုင်သည်။ ထို့အပြင် သူ့တည်ရှိမှုက ယခင်ဘဝနှင့်မတူတော့ချေ။ သူ့တွင် အထက်တန်းလွှာအဆင့်အတန်းရှိရုံသာမက အင်ပါယာဧကရာဇ်ထံမှ အချစ်ခံနေရသည်။ အထက်တန်းလွှာများကို မုန်းတီးကြသော သူပုန်များအတွက် ၎င်းက ယခင်ဘဝနှင့် လုံးလုံးကွာခြားသွားပြီဖြစ်သည်။


၎င်းက သူ ဤဘဝ၌ ပြန်ပေးဆွဲခံရသည့် အကြောင်းအရင်းဖြစ်သည်။


ဂါဘရီရယ်က သူ့ကို အမှန်တကယ်သတ်ပစ်ရန် မစီစဉ်ထားလျှင်ပင် ကျင်းဆွေ့ကို ခြိမ်းခြောက်ရန် သို့မဟုတ် အခြေအနေများမြှင့်တင်ရန် သူ့ကိုအသုံးပြုနိုင်လိမ့်မည်ဟု သေချာပေါက်တွေးထားပုံရသောကြောင့် သူ ထွက်ပြေးရန် ခက်ခဲသွားလိမ့်မည်ဖြစ်သည်။ ကျင်းဆွေ့က သူ့အတွက် မည်သည့်အဖိုးအခမျှ ပေးလိမ့်မည်မဟုတ်ဟု တွေ့မိသည်။


ငါ့ဘာသာငါပဲ ကယ်တင်ရတော့မယ်ထင်တယ်...ကျင်းဆွေ့က ခြိမ်းခြောက်မှုတွေကို လက်ခံမယ့်လူမျိုးမဟုတ်ဘူး...


ကျင်းဆွေ့ရဲ့အေးစက်တည်ငြိမ်မှုနဲ့ဆို သူ ဘယ်လိုလုပ် သူပုန်တပ်ရဲ့ခြိမ်းခြောက်မှုကို လက်ခံနိုင်ပါ့မလဲ...


ကျီလင်၏စိတ်ထဲ ပို၍စိတ်ပျက်အားငယ်လာခဲ့သည်။ 


ဘယ်သူက ငါ့ကို ကြိုက်ခိုင်းနေလို့လဲ... သူ့ဘာသာသူ ဇာတ်လိုက် shou ဆီ ကောင်းကောင်းသွားတာမဟုတ်ဘူး... ငါ့အတွက် တွင်းတစ်ခုတောင် တူးပေးခဲ့သေးတယ်...


အခု ဘယ်သူ့ကိုမှ အားကိုးလို့မရတော့ဘူး... ငါ့ကိုယ်ငါပဲ ကယ်နိုင်တော့တယ်...


ကျီလင် ချက်ချင်းပင် မျက်ရည်များရစ်သိုင်းလာခဲ့သည်။ သူက ဂါဘရီရယ်ကို မျက်ရည်များဝိုင်းနေသော မျက်လုံးဖြင့်ကြည့်ပြီး ဝမ်းနည်းစွာပြောလိုက်သည်။

"အရှင်... အရှင်ဧကရာဇ်က ကျွန်တော့်ကို မကြိုက်ဘူး သူကြိုက်တာ နဉ်ယွီကို..." 


အကြောင်းတစ်ခုခုကြောင့် သူ ထိုစကားပြောပြီးသည်နှင့် သူ့အရှေ့ရှိ လူ၏မျက်လုံးများက ထူးဆန်းသွားပုံရသည်။ သူ့မေးကိုဖျစ်ထားသောလက်က အနည်းငယ်တန့်သွားခဲ့သည်။


သို့သော် ကျီလင်က ၎င်းကိုဂရုမစိုက်နိုင်ဘဲ လက်မြှောက်ကာ မျက်ရည်များသုတ်၍ ဆက်ပြောလိုက်သည်။ "အ-အရှင် တကယ်ကြိုက်တဲ့သူက နဉ်ယွီပဲ... ခင်ဗျား အင်တာနက်ပေါ်မှာ သူနဲ့နဉ်ယွီရဲ့ ကောလဟာလတွေပြည့်နေတာ မတွေ့ခဲ့ဘူးလား... သူက ကျွန်တော့်လို အထက်တန်းလွှာ လူပေါ်ကြော့တွေကို အမုန်းဆုံးပဲ...သူက ကျွန်တော်သေရင်တောင် ဝမ်းနည်းမှာမဟုတ်ဘူး..." 


ကျီလင် ထိုသို့ပြောပြီးနောက် ဂါဘရီရယ်ကို စိတ်လှုပ်ရှားစွာကြည့်ပြီး သူ့ကိုယုံရန် ဆုတောင်းခဲ့သည်။


ငါက ဒီတိုင်း အမြှောက်စာလေးပါ... ကျေးဇူးပြုပြီး ငါ့ကို ပြန်လွှတ်ပေးပါတော့... 


သို့သော် ထူးဆန်းသည်မှာ ဂါဘရီရယ်က ခဏခန့် ဘာမှပြောမလာဘဲ သူ၏နက်မှောင်သော မျက်လုံးများထဲ လှောင်ပြောင်ရိပ်သန်းသွားခဲ့သည်။


ကျီလင် အံ့အားသင့်သွားခဲ့၏။


ဂါဘရီရယ်၏လက်ချောင်းများက အနည်းငယ် အားပိုပါလာပြီး ရုတ်တရက် ခေါင်းငုံ့လာကာ အက်ရှရှရယ်မောသံတစ်ခုထွက်လာခဲ့သည်။ 

"အိုး တကယ်လား... ဒါပေမယ့် ကိုယ်ရထားတဲ့သတင်းက မင်းပြောသလိုမဟုတ်ဘူး..." 


ကျီလင်က အံကြိတ်ပြီး အဓိပ္ပာယ်မရှိသော စကားများဆက်ပြောလိုက်သည်။

"အရှင်က ကျွန်တော့်ကို ကြင်နာတဲ့ပုံရပေမယ့် တကယ်တော့ မမှန်ဘူး... သူက ကျွန်တော့်ကို နဉ်ယွီအတွက် ဒိုင်းကာအဖြစ်သုံးချင်နေတာ..." 


ဂါဘရီရယ် : "အိုး..."


ကျီလင်၏ဆင်ခြေများက ပိုချောမွေ့လာပြီး သူ့ကိုယ်သူပင် ယုံလုနီးပါးဖြစ်လာခဲ့သည်။ 

"သူက ကျွန်တော် နဉ်ယွီကို ပြဿနာရှာပြီး နာကျင်အောင်လုပ်မှာစိုးနေတာ... အဲဒါကြောင့် သူ တမင်သက်သက် ဒီလိုမျိုး နှစ်သိမ့်ပေးနေတာ...သူက နဉ်ယွီနဲ့ ပြိုင်ပွဲမလုပ်ခင်တုန်းက ကျွန်တော့်အပေါ် လုံးဝမကောင်းဘူး... ပြိုင်ပွဲပြီးမှပဲ ရုတ်တရက်ကြီး ကောင်းချင်ယောင်ဆောင်နေတာ... သေချာပေါက် နဉ်ယွီကို ကာကွယ်ဖို့..." 


သူ စကားပြောမပြီးသေးမီ ဂါဘရီရယ်၏ မျက်နှာဖုံးအောက်မှ ဟာသတစ်ခုကြားရသကဲ့သို့ ရယ်မောလာသံကို ကြားလိုက်ရသည်။ သူ့လေသံက အနည်းငယ်မြင့်တက်နေခဲ့သည်။ 

"မင်းက နဉ်ယွီကို နာကျင်အောင်လုပ်နိုင်စွမ်းရှိလို့လား..." 


ကျီလင် ရှက်ရွံ့သွားပြီး မျက်လွှာချ၍ ခေါင်းမာစွာပြောလိုက်သည်။ 

"ကျွန်တော်က ချမ်းသာပြီး အာဏာကြီးတယ်... ပြီးတော့ သူငယ်ချင်းတွေရော လက်ပါးစေတွေရောအများကြီးရှိတယ်... ဘာလို့ မလုပ်နိုင်ရမှာလဲ...ကျွန်တော် အရင်က သူ့ကို သတ်ပစ်ခါနီးလောက်တောင် ဖြစ်ခဲ့သေးတယ်..." 


ပို၍ပီပြင်စေရန် ကျီလင်က မနာလိုမှုနှင့် ဒေါသများထွက်နေဟန် အကြည့်ကိုဖော်ပြပြီး ပြောလိုက်သည်။ 

"အချိန်တိုင်း တစ်ယောက်ယောက်ဆီက အတားခံရလို့သာပေါ့...မဟုတ်ရင် သူ့ကို သတ်ပြီးတာကြာလှပြီ..."


"အင်း... ကိုယ်သိပြီ..." 

ဂါဘရီရယ်က ဖြည်းညှင်းစွာပြောလာခဲ့သည်။ သူ၏အက်ရှရှလေသံက ခံစားချက်များစွာပြည့်နှက်နေသည်။ သူ့အပြုံးက ပျောက်ကွယ်သွားပြီး ရုတ်တရက် အေးစက်သွေးဆာပုံပြောင်းသွားခဲ့သည်။ သူက ကျီလင်အနားသို့ကပ်ကာ နားထဲသို့ တီးတိုးပြောလိုက်သည်။ 

"ဒါပေမယ့် ကိုယ်ကတော့ မင်းပြောသမျှ ဘာမှမယုံဘူး..."


ကျီလင်၏ခန္ဓာကိုယ်က ရုတ်တရတ် တောင့်တင်းသွားပြီး တုံပြန်နိုင်စွမ်းဆုံးရှုံးသွားခဲ့သည်။ 


ထိုလူက သူ့ကို နံရံဘက်သို့ ညင်သာစွာ ဖိကပ်လာခဲ့သည်။ သူ့မေးစေ့ကို ညစ်ထားသောလက်ချောင်းများက ကျီလင်၏ နှုတ်ခမ်းပေါ် ညင်သာစွာပွတ်သပ်လာခဲ့သည်။ ကျီလင်၏နှုတ်ခမ်းများက အလွန်နူးညံ့ပြီး အားအနည်းငယ်ထပ်စိုက်ပါက ပေါက်ထွက်သွားမည့်ပုံရနေသည်။ 


ကျီလင်၏စိတ်ထဲ အေးစက်မှုခံစားလိုက်ရပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။ ထိတ်လန့်တုန်လှုပ်မှုက သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းလာပြီး တုပ်တုပ်မလှုပ်နိုင်လုနီးပါးဖြစ်လာခဲ့သည်။  


ဂါဘရီရယ်က တည်ငြိမ်စွာပြောလာခဲ့သည်။ 

"မင်းက အသက်ရှင်ဖို့အတွက်ဆို ဘာမဆိုပြောရဲတဲ့ပုံပဲ..." 


ကျီလင်၏ သွားများက တဆတ်ဆတ်တုန်လာပြီး ခက်ခက်ခဲခဲပြောလိုက်သည်။

"ကျွန်-ကျွန်တော်ပြောခဲ့သမျှက အမှန်တွေကြီးပဲ... သူက နဉ်ယွီကိုပဲ ကြိုက်တာ..." 


"မင်းလေးက တကယ်မရိုးသားဘူးပဲ..." 

ဂါဘရီရယ်က ရုတ်တရက် ကျီလင်၏ လည်ပင်းကိုဆုပ်ကိုင်ကာ နံရံပေါ်ဖိချလာခဲ့သည်။ သူက အခြားလက်တစ်ဖက်ဖြင့် ကျီလင်၏နှုတ်ခမ်းကို အပြင်းအထန်ပွတ်သပ်လာခဲ့သည်။ သူက ပရောပရည်အမူအရာဖြင့် ကျီလင်အနားချည်းကပ်ပြီး ခပ်ဖွဖွရယ်လာခဲ့၏။ 

"ကိုယ်တော့ ဧကရာဇ် မင်းကို ဘာလို့ သဘောကျလဲဆိုတာသိသွားပြီ...မင်းက... နဉ်ယွီထက် အများကြီးပိုချစ်ဖို့ကောင်းတာပဲ..."  


အကွာအဝေးက နီးကပ်လွန်းသောကြောင့် တစ်ဖက်လူ၏အေးစက်မှုများကို ကျီလင်ခံစားနိုင်လုနီးပါးဖြစ်နေသည်။ ကျီလင်က တစ်ဖက်လူ၏ နားမလည်နိုင်သောခံစားချက်များဖြင့် ပြည့်နေသည့် အနက်ရောင်မျက်လုံးများကို ကြည့်လိုက်သည်။ 


အရမ်းကြောက်စရာကောင်းတာပဲ... 


ထိုလူ၏လက်ချောင်းများက ကျီလင်၏ နှုတ်ခမ်း၊ ပါးပြင်၊ မျက်တောင်များနှင့် နားရွက်ဖျားကို မရိုးသားစွာ ပွတ်သပ်လာခဲ့သည်။


သတ္တုလက်အိတ်၏အေးစက်သော အထိအတွေ့က သူ့အရေပြားတစ်လျှောက် စိမ့်ဝင်သွားပြီး သူ့သွေးများကို တဖြည်းဖြည်း အေးခဲလာခဲ့စေသည်။ 


ကြောက်စရာကြီး... 


ကျီလင်က ကြောက်ရွံ့မှုဖြင့် တုန်ယင်နေခဲ့သည်။ ယခုအခိုက်အတန့်တွင် သူ့အရှေ့ရှိလူကို ယခင်ဘဝမှအရာများအပေါ် အခြေခံ၍ အကဲမခတ်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးက ကွဲပြားသွားပြီဖြစ်သောကြောင့်ပင်။ ထိုလူက သူ့ယခင်ဘဝကထက် ပိုထူးဆန်းပြီး ပိုကြောက်စရာကောင်းလာခဲ့သည်။ 


သူ ငါ့ကို တကယ်ကြီး သတ်ပစ်လောက်တယ်...


သူ ဘာပဲဖြစ်ဖြစ်လုပ်နိုင်လောက်တယ်....


ဂါဘရီရယ်က ကျီလင်၏ကြောက်ရွံမှုကြောင့် ဖြူဖျော့နေသော မျက်နှာကိုကြည့်ပြီး ရင်ခွင်ထဲ ဆွဲသွင်းလာခဲ့သည်။ သူက ကျီလင်၏သေးသွယ်သောခါးကို အနောက်မှ တင်းတင်းချုပ်ထားပြီး သူ့အနားသို့ နီးကပ်စေ၍ နားရွက်နားကပ်ကာ ပြောလာခဲ့သည်။ 

"ဧကရာဇ်က မင်းကို ဘယ်စျေးပေးမလဲ ကိုယ်သိချင်မိတယ်..." 


ကျီလင်၏မျက်လုံးများထဲ လူးလွန့်နေသော မျက်ရည်များက နောက်ဆုံးတွင် စီးကျလာပြီး တုန်ယင်သောအသံဖြင့်ပြောလိုက်သည်။ 

"အ-အရှင်... သူက ကျွန်တော့်ကို အဲဒီလောက်သဘောမကျပါဘူး..."


သို့သော် ဤတစ်ကြိမ်တွင် ဂါဘရီရယ်က ဒေါသမထွက်ဘဲ ကျီလင်၏ မျက်လုံးထောင့်ရှိမျက်ရည်များကို ညင်သာစွာသုတ်ပေးကာ အဓိပ္ပာယ်ရှိရှိပြောလာခဲ့သည်။ 

"ဒီလိုဆိုရင်မှတော့...ကိုယ်ပဲ မင်းကို သိမ်းထားလိုက်တော့မယ်လေ...ဘာကိစ္စမှ မရှိဘူးမလား..."  


ကျီလင် အေးခဲတောင့်တင်းသွားခဲ့သည်။ 


ဂါဘရီရယ်၏လက်ချောင်းများက ကျီလင်၏လည်တိုင်ပေါ်လှုပ်ရှားလာပြီး သွေးကြောများကို ပွတ်သပ်လာခဲ့သည်။ ထို့နောက် အောက်ဘက်သို့ တဖြည်းဖြည်းရွှေ့သွားကာ ကျီလင်၏အဝတ်အစားကို ညင်သာစွာဖွင့်ဟ၍ ဖြည်းဖြည်းချင်းပြောလာခဲ့သည်။ 

"အပြင်လောကကို မင်းသေသွားပြီလို့ ပြောလိုက်ရုံပေါ့... မင်း သေပြီးသွားပြီဆိုရင် ဘယ်သူမှ မင်းကို လာရှာတော့မှာ မဟုတ်ဘူး... မင်းလို သိပ်လှတဲ့ အထက်တန်းလွှာလူတစ်ယောက်ကို ကိုယ် တစ်ခါမှမခံစားဖူးသေးဘူး…"


သူက ကျီလင်၏ထိတ်လန့်တုန်လှုပ်သွားသော မျက်ဆံများကိုကြည့်ကာ ရမ္မက်များပါဝင်နေသည့် အက်ရှရှအသံဖြင့်‌ ပြောလာခဲ့သည်။

"ဧကရာဇ်ရဲ့အချစ်လေးရဲ့အရသာက ဘယ်လိုရှိလောက်လဲ..."


ကျီလင် အလွန်ကြောက်ရွံ့သွားပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားကာ မျက်ရည်များ အထိန်းအကွပ်မရှိစီးကျလာခဲ့သည်။


ခင်ဗျားက ကျိုးကြောင်းဆီလျော်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့လူလို့ ထင်ထားတာ...ဘယ်လိုလုပ်ပြီး ဒီလိုပြောင်းလဲသွားရတာလဲ...


ကျီလင် စိတ်ပျက်အားလျော့နေစဉ် အပြင်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်လာပြီး မြေပြင်က ခဏမျှတုန်ခါသွားခဲ့၏။ ကျီလင်၏မျက်တောင်များက တဖျတ်ဖျတ်ခါလာပြီး မျက်လွှာပင့်ကြည့်လိုက်စဉ် သူ့မျက်လုံးများထဲ အံ့အားသင့်သောအကြည့် ပေါ်လာခဲ့သည်။


ဘေးနှစ်ဘက်လုံးတွင် အတောင်ပံကြီးများဖြန့်ကျက်ထားသော ရင်းနှီးနေသည့် အနက်ရောင်မက်ခါက ‌အပြင်ဘက်၌ ဆင်းသက်လာခဲ့ပေသည်။



✨✨✨