✨ Chapter 55
အရေးမကြီးသော
တစ်ဖက်လူ၏ငွေရောင်သတ္တုမျက်နှာဖုံးက အေးစက်သောအလင်းရောင်ဖြင့် တောက်ပနေပြီး သူ့မျက်နှာတစ်ခုလုံးဖုံးအုပ်ထားကာ အနက်ရောင်မျက်လုံးတစ်စုံကိုသာ ဖော်ထားခဲ့သည်။
သူ ထိုလူကို ယခင်ဘဝက တစ်ကြိမ်သာတွေ့ဖူးခဲ့သော်လည်း ဘယ်သောအခါမှမမေ့နိုင်ခဲ့ချေ။ ထိုလူ သူ့အနားသို့ တစ်လှမ်းချင်းလျှောက်လာသည်နှင့်အမျှ သူ့စိတ်ထဲမြှုပ်နှံထားသည့် အနက်ရှိုင်းဆုံး မှတ်ဉာဏ်များ၊ အကြောက်တရားများ၊ သံသယနှင့် မယုံကြည်မှုစသည့် ရှုပ်ထွေးသောခံစားချက်များ ပြန်ပေါ်လာခဲ့သည်။
ထိုအချိန်က သူ အပြန်လမ်းတွင် သူပုန်များထံမှ ပြန်ပေးဆွဲခံရခဲ့သည်။ ကျီလင်က အထက်တန်းလွှာများကိုမုန်းတီးသော လူရမ်းကားတစ်စု၏ သတ်ဖြတ်ခြင်းခံရတော့မည့်အချိန်တွင် ထိုအမျိုးသားက ရုတ်တရက်ပေါ်လာပြီး အရာအားလုံးတားဆီးကာ သူ့အသက်ကိုကယ်ခဲ့သည်။ ထို့နောက် သူ့ကိုအခန်းတစ်ခုထဲ ချုပ်နှောင်ထားပြီး မှောင်မဲနေသောနေရာ၌ ကြောက်ရွံ့မှုခံစားရစေခဲ့သည်။
အဆုံးတွင် သူ အသက်ရှင်လျက်ပြန်ရောက်လာပြီး ထိုလူက သူ့အားမသတ်ချင်ခဲ့သည်ကို တဖြည်းဖြည်းနားလည်လာခဲ့သည်။ သို့သော် သေဘေးနှင့်ရင်ဆိုင်လုနီးပါးဖြစ်ခဲ့သည့် ဆိုးရွားသောအတွေ့အကြုံကို အမြဲစိုးရိမ်နေဆဲဖြစ်သည်။
သူ ထိုသို့ထပ်မဖြစ်ချင်ပေ။
ကျီလင် ခေါင်းမော့ပြီး သူ့အရှေ့ရှိ ဒဏ္ဍာရီဆန်ကာ ဆန်းကြယ်လှသော သူပုန်ခေါင်းဆောင်ကို ဗလာဖြစ်စွာစိုက်ကြည့်လိုက်သည်။
ထိုလူ တစ်ဖန်ပြန်ပေါ်လာသည်ကိုကြည့်ပြီး ကျီလင် မျက်ရည်မထွက်ဘဲ ငိုချင်လာခဲ့သည်။
ဒါဆို ဇာတ်ကြောင်းက ဒီလိုမျိုးပျက်စီးသွားပြီလား... ခင်ဗျားက ဘာလို့ ဒီကိုရောက်နေတာလဲ... အစ်ကိုကြီး ခင်ဗျား ကျွန်တော့်နောက်လိုက်နေတာလား...
သူ ဖြစ်စေလိုသော ဇာတ်ကွက်များက မဖြစ်လာဘဲ မဖြစ်စေလိုသောဇာတ်ကွက်များက ဖြစ်လာခဲ့သည်။ ကျီလင် ရိုးရှင်းစွာပင် ဤမျှရက်စက်သောလောကကို စိတ်ကုန်သွားခဲ့သည်။
ကျီလင် အံကြိတ်ပြီး နောက်ပြန်လှည့်ပြေးကာ ကျင်းဆွေ့ကို စိတ်ထဲမှအဆက်မပြတ် အကူအညီတောင်းနေခဲ့သည်။
သို့သော် သူ ခြေတစ်လှမ်းပင်မလှမ်းနိုင်သေးမီ သန်မာသောလက်တစ်စုံက သူ့ခါးကိုဆွဲကိုင်လာခဲ့သည်။ ထို့နောက် သူ့လည်ပင်းနောက်တွင် နာကျင်မှုခံစားလိုက်ရပြီး မေ့မြောသွားခဲ့သည်။
………………
တောင်ထိပ်တစ်ခုလုံး တုန်ခါနေပြီး ကျင်းဆွေ့ကလည်း လှုပ်ရှားမှုကိုခံစားမိသောကြောင့် ကျီလင်ထံအမြန်ပြေးသွားခဲ့သော်လည်း ကျီလင်က ထိုနေရာတွင် မရှိနေတော့ချေ။
ကျင်းဆွေ့ နံရံကိုလက်သီးဖြင့်ထိုးကာ အလွန်အမင်းအေးစက်သောအကြည့်ဖြင့် ကြွေကျနေသော ဥက္ကာခဲများကို ကြည့်လိုက်သည်။
ဒီသောက်ကျိုးနည်း သူပုန်တွေကတော့...
ကျင်းဆွေ့က ဆက်သွယ်ရေးစက်ကိုနှိပ်ပြီး ကြယ်သင်္ဘောပေါ်ရှိအတွင်းရေးမှူးကို အေးစက်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။
"တပ်တွေကို ဒီကိုလွှတ်လိုက်... ဒီဂြိုဟ်ကြီးတစ်ခုလုံးပြားသွားရင်တောင် ငါ့အတွက် ကျီလင်ကိုတွေ့အောင်ရှာပေးရမယ်..."
………………
အင်ပါယာကြယ်တွင်...
ကားလို့စ်က စာကြည့်ခန်းထဲ၌ထိုင်နေပြီး ရုတ်တရက် အပြင်မှ ဆူညံသံအချို့နှင့် တံခါးဆောင့်ပိတ်သံကိုကြားလိုက်ရသည်။
အန်ဒါဆင်၏မျက်နှာက စိုးရိမ်မှုများဖြင့် ပြည့်နေပြီး ဝမ်ယန်ကိုတားဆီး၍ ပြောလာခဲ့သည်။
"လွှတ်တော်အမတ်ဝမ်... ဝင်သွားလို့မရပါဘူး..."
ကားလို့စ်က မျက်ခုံးပင့်ပြီး ဝမ်ယန်၏ အေးစက်နေသောမျက်လုံးများကိုကြည့်ကာ အန်ဒါဆင်ကို လက်မြှောက်တား၍ တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်သည်။
"သူ့ကို ဝင်ခွင့်ပေးလိုက်..."
အန်ဒါဆင်က သူ့နဖူးပေါ်ရှိ ချွေးအေးများကိုသုတ်ပြီး ဘေးသို့ဖယ်ပေးကာ ဦးညွှတ်ပြလိုက်သည်။
ကားလို့စ်က ဝမ်ယန်ကို စိုက်ကြည့်ပြီး နှုတ်ခမ်းထောင့်များပင့်ကာ ခပ်နိမ့်နိမ့်အသံဖြင့်ပြောလိုက်သည်။
"ရှားပါးတဲ့ ဧည့်သည်ပဲ မင်းဘယ်တော့မှ ငါ့ဆီလာမတွေ့တော့ဘူး ထင်နေတာ..."
ဝမ်ယန်က ကားလို့စ်ကို အေးစက်စွာစိုက်ကြည့်ပြီး သူ့စိတ်ထဲရှိဒေါသကို ထိန်းမထားနိုင်ခဲ့ချေ။ ကားလို့စ်က ဤဘဝတွင် ပြောင်းလဲသွားပြီး ကျီလင်ကို နောက်တစ်ကြိမ်နာကျင်စေလိမ့်မည်မဟုတ်ဟု နုံအစွာတွေးခဲ့သော်လည်း သူမှားသွားသည်ကို သိလိုက်ရသည်။
ဒီလူက ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး သူအရင်က ပြောခဲ့လုပ်ခဲ့တာတွေက ဟန်ဆောင်မှုသက်သက်ပဲမလား...
သူ ကျီလင်ကို သစ္စာထပ်ဖောက်ပြန်ပြီ...
ဝမ်ယန်က အေးစက်သောအသံဖြင့်ပြောလိုက်သည်။
"ကျီလင် အခုဘယ်မှာလဲ..."
ကားလို့စ်က မျက်မှောင်ကြုတ်ကာပြောလိုက်သည်။
"မင်း ဘာကိုဆိုလိုနေတာလဲဆိုတာ ငါမသိဘူး... ကျီလင်က အခု ဧကရာဇ်နဲ့အတူရှိနေမှာပေါ့..."
ဝမ်ယန်က သရော်လိုက်သည်။
"သူ ရှန်းယွင်ကြယ်မှာ သူပုန်တွေရဲ့ ပြန်ပေးအဆွဲခံလိုက်ရတယ်...ခင်ဗျား အဲဒီအကြောင်းကို ကောင်းကောင်းသိမှာပါ..."
ကားလို့စ်၏မျက်ဆံများ ကျုံ့ဝင်သွားပြီး အမူအရာပြောင်းကာ ပြောလိုက်သည်။
"ငါ မသိဘူး..."
ဝမ်ယန်က လက်ရှိအနေအထားသို့ရောက်လာနိုင်ရန် နောက်ကွယ်၌ အဆက်အသွယ်များစွာ ရှိခဲ့ရသည်။ သူက ကျီလင်ဘက်ရှိအခြေအနေကို အထူးအားရုံစိုက်နေသောကြောင့် ထိုသတင်းကိုအမြန်ဆုံးရခဲ့ပြီး ကားလို့စ်ထံချက်ချင်းပြေးသွားခဲ့သော်လည်း မမျှော်လင့်စွာပင် ထိုလူက ငြင်းဆန်လာခဲ့သည်။
ဝမ်ယန် ယခင်ဘဝက အဖြစ်အပျက်များကိုပြန်တွေးပြီး အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
"ခင်ဗျားမသိဘူး ဟုတ်လား... သူပုန်တွေဆီ သတင်းပေးခဲ့တဲ့သူက ခင်ဗျားမဟုတ်ဘူးလား..."
ကားလို့စ်၏မျက်လုံးများက သူ့လေသံကို နားထောင်လျက် ဒေါသများဖြည်းညှင်းစွာထွက်လာပြီး စကားတစ်လုံးချင်းပြောလိုက်သည်။
"ငါ မ ဟုတ် ဘူး... "
ဝမ်ယန်က ကားလို့စ်၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သော်လည်း ဘာမှမမြင်ခဲ့ရချေ။
ဒီလူက ဝန်ခံဖို့ငြင်းလာမှတော့ သူ့ကို ဘာမှမပြောနိုင်တော့ဘူး... ငါမလုပ်နိုင်လို့သာပေါ့ မဟုတ်ရင် ဒီလူကို သတ်ပစ်လိုက်တာကြာပြီ...
သူ ကားလို့စ်နှင့် လက်တွဲဖြုတ်ခဲ့သော်လည်း ကားလို့စ်၏ရန်သူ မဖြစ်လိုသောကြောင့် ခပ်ခွာခွာနေခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် မတူချေ။ ကျီလင်ကို မည်သူမှ နာကျင်အောင်လုပ်ခွင့်မပေးနိုင်ချေ။
မည်သူမှ ကျီလင်ကို လက်ကိုင်တုတ်အဖြစ် စတေးခွင့်မရှိချေ။
ဝမ်ယန်၏ရင်ဘတ်က နိမ့်ချီမြင့်ချီဖြစ်လာခဲ့သည်။ သူက ကားလို့စ်ကို လေးနက်စွာစိုက်ကြည့်ပြီး အေးစက်စက်ပြောလိုက်သည်။
"သူ တစ်ခုခုဖြစ်သွားရင် ကျုပ် ခင်ဗျားကို အလွတ်ပေးမှာမဟုတ်ဘူး..."
ထိုသို့ပြောပြီးနောက် သူလှည့်ထွက်လာခဲ့သည်။
ကားလို့စ်က ထိုနေရာတွင် ရပ်နေပြီး ဝမ်ယန်ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးများထဲ အေးစက်သောအကြည့်ပေါ်လာကာ စားပွဲပေါ်ရှိပစ္စည်းများကို လက်တစ်ဖက်တည်းဖြင့် တွန်းချလိုက်သည်။ သူ၏တင်းမာသောမျက်နှာပေါ်တွင် ဒေါသများထိန်းမနိုင်စွာထွက်နေခဲ့သည်။
ဂါဘရီရယ်...
ကားလို့စ်က မျက်လုံးများခဏမှိတ်ပြီး ပြန်ဖွင့်ကာ သူ့ညာလက်ကိုတင်းကြပ်စွာဆုပ်လိုက်သည်။ သူက အင်ပါယာကြယ်တွင်အာဏာမရှိသူဖြစ်ပြီး ဤတစ်ကြိမ်၌ ကျင်းဆွေ့ သူ့ကောင်လေးကို အမြန်ဆုံးပြန်ရှာနိုင်ရန် မျှော်လင့်ရုံသာတတ်နိုင်ခဲ့သည်။
ပုန်းရတာကြိုက်တဲ့ ရွံရှာစရာကောင် ဂါဘရီရယ်...ငါ မင်းကို အနှေးနဲ့အမြန်ရှာတွေ့မှာပဲ...
သူ့ယခင်ဘဝတွင် ဂါရီရယ်နှင့် သူပုန်များ၏တည်ရှိမှုကိုသည်းခံပြီး မသတ်ခဲ့ရသည့် အကြောင်းအရင်းမှာ သူထိုလူများကို အလေးအနက်မထားဘဲ လူပြက်များအဖြစ် သက်မှတ်ခဲ့သောကြောင့်ပင်။ သူတို့က အင်ပါယာ၏အောက်ခြေမျဉ်းကို လှုံ့ဆော်မိသည့်တစ်နေ့၌ မလွဲမရှောင်သာ ရက်ရက်စက်စက်သုတ်သင်ခံရမည် ဖြစ်သည်။ ဂါဘရီရယ်အတွက်မူ သူ့မျက်နှာကို တစ်ခါမှမမြင်ဖူးသောကြောင့် အနည်းငယ် ဒုက္ခရောက်ပေသည်။
ကားလို့စ်၏အဆင့်အတန်းအရ သူပုန်များကို စကားထဲထည့်ပြောရန် အကြောင်းအရင်းမရှိချေ။ အမှန်တွင် သူနှင့် ကျင်းဆွေ့နှစ်ဦးလုံးက ထိုသူပုန်များကို အသုံချချင်ခဲ့ကြသည်။
အကယ်၍ ထိုသူပုန်များက အထက်တန်းလွှာများကို မုန်းတီးပြီး အပြစ်မဲ့သူများကို သတ်ရန်သာသိကာ ဂါဘရီရယ်က မိုက်ရူးရဲဆန်သူဖြစ်နေလျှင် သူ ကျင်းဆွေ့ထံသို့ တပ်ကူများစေလွှတ်ရန် လုံလောက်သော ဆင်ခြေရှိလိမ့်မည်ဖြစ်သည်။ ထိုလောဘကြီးသော ဇာတ်နိမ့်များကို ဟန့်ထားရန်နှင့် အထက်တန်းလွှာများ၏ စိုးရိမ်မှုကိုတည်ငြိမ်စေရန်ဟူသော ဆင်ခြင်ပေးနိုင်သည်။
အကယ်၍ သူပုန်များနှင့် ဂါဘရီရယ်က စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပြီး သူတို့၏ ကိုယ်ကျိုးစီးပွားကို လိုက်တတ်ပါက ကျင်းဆွေ့အတွက် ပြုပြင်ပြောင်းလဲမှုများလုပ်ရန် တွန်းအားဖြစ်လာမည်ဖြစ်သည်။
ဂါဘရီရယ်က ဦးနှောက်ရှိသူတစ်ယောက်ဖြစ်သည်ကို သက်သေပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခင်ဘဝတွင် ဂါဘရီရယ်က ကျီလင် အသတ်ခံရမည့်ဘေးကို တားဆီးခဲ့ပြီး ဘေးကင်းစွာပြန်လွှတ်ပေးခဲ့သည်။ သူ၏ရည်ရွယ်ချက်က သဘောထားကွဲလွဲမှုများ ပိုမဆိုးလာစေရန်နှင့် စစ်ပွဲကို မနှိုးဆွမိစေရန်ဖြစ်သည်။ လက်ရှိသူပုန်စစ်တပ်က အင်ပါယာနှင့် နှိုင်းယှဉ်ပါက အလွန်အားနည်းနေသေးသည်ကို သူကောင်းစွာသိသည်။ အကယ်၍ စစ်ဖြစ်ကြပါက ကျောက်တောင်ကို ကြက်ဥနှင့်ပေါက်နေရသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ သူ မည်မျှ သန်မာနေပါစေ လောကကို ချက်ချင်း မပြောင်းလဲနိုင်ချေ။
ကျင်းဆွေ့ကလည်း ၎င်းကိုနားလည်သောကြောင့် သူပုန်များ၏တည်ရှိမှုကို မမြင်ချင်ယောင်ဆောင်ပြီး အပြင်ဘက်၌ ဆက်လက်ရှင်သန်ခွင့်ပေးထားခဲ့သည်။ ကျင်းဆွေ့က ဂါဘရီရယ်မည်သူဖြစ်သည်ကို ဂရုမစိုက်ပေ။ သူဂရုစိုက်သမျှမှာ ထိုလူ၏တည်ရှိမှုနှင့် ထိုသူ့ကို အသုံးချနိုင်၊ မချနိုင်ဖြစ်သည်။
ဂါဘရီရယ်ကလည်း ၎င်းကိုနားလည်သည်။ သူက ရမ်းကား၊ ရက်စက် ပုံရသော်လည်း အမှန်တွင် သူက အလွန်တည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိသူဖြစ်သည်။
သူတို့က ဂါဘရီရယ်ကိုအသုံးချနေပြီး ဂါဘရီရယ်ကလည်း သူတို့ကို အသုံးချနေခဲ့သည်။ ဂါဘရီရယ်က ကျင်းဆွေ့ရော သူပါ ထိန်းချုပ်မရသည့် chess အပိုင်းအစဖြစ်ပြီး သူတို့ကို အချိန်မရွေးတွန်းလှန်နိုင်သည့် အစွန်းနှစ်ဘက်ဓားဖြစ်သည်။
သို့သော် ယခုဘဝတွင် ဂါဘရီရယ်အဘယ်ကြောင့် ထိုသို့လုပ်ခဲ့သည်ကို ကားလို့စ်နားမလည်ချေ။
သူ ရူးနေတာလား... သူ စစ်ပွဲကို စချင်နေတာလား...
ကားလို့စ်၏မျက်လုံးများက ပြောင်းလဲသွားခဲ့သည်။
ဂါဘရီရယ်... မင်း ဒီတစ်ခါရော ဘာလုပ်ဖို့ကြိုးစားနေပြန်တာလဲ...
တကယ်လို့ ကျီလင်တစ်ခုခုဖြစ်သွားရင် ငါ မင်းကို ဘယ်တော့မှအလွတ်ပေးမှာမဟုတ်ဘူး... ငါ မင်းကို ဆယ်ပေအနက်တူးရရင်တောင် တွေ့အောင်ရှာပြီး အပိုင်းပိုင်းဖြတ်ပစ်မယ်...
………………
ကျီလင် မူးဝေစွာနိုးလာပြီး မျက်လုံးများကိုပွတ်သပ်လိုက်သည်။ ထို့နောက် သူ့လက်ချောင်းများကိုပင် မမြင်နိုင်သည့် အမှောင်ခန်းတစ်ခုထဲ ပိတ်ခံထားရသည်ကို တွေ့လိုက်ရ၏။
သူ့အောက်တွင် အေးစက်နေသော သတ္တုကြမ်းခင်းသာရှိသည်။
သူ့နှလုံးခုန်သံက အလွန်မြန်လာပြီး လက်ဖဝါးတစ်ခုလုံးချွေးအေးများ ဖုံးလွှမ်းလာကာ သူ့ယခင်ဘဝက ဆိုးရွားသောအတွေ့အကြုံများကို ကျီလင်ပြန်သတိရမိသွား၏။
သို့သော် ယခုတစ်ကြိမ်က ယခင်ဘဝနှင့်အနည်းငယ်ကွာခြားသည်။ ယခင်ဘဝတွင် ဂါဘရီရယ်က သူ သူပုန်များ၏ လက်ထဲကျရောက်ပြီး သတ်ခံရလုနီးပါးဖြစ်ချိန်မှသာ ပေါ်လာခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင် ဂါဘရီရယ်က ဦးစွာပေါ်လာပြီး သူ့ကိုဖမ်းဆီးခဲ့သည်။ ထို့အပြင် အခြားသူပုန်များကိုလည်းမတွေ့ခဲ့ရချေ။
၎င်းက ကျီလင်ကို အနည်းငယ် စိတ်သက်သာရာရစေသည်။ ဂါဘရီရယ််က အလွန်ကြောက်စရာကောင်းသော်လည်း အနည်းဆုံး သူက ဆင်ခြင်တုံတရားရှိသော ခေါင်းဆောင်ဖြစ်ပြီး အထက်တန်းလွှာများကို ရူးသွပ်စွာမုန်းတီးနေသည့် ထိုသာမန်သူပုန်များနှင့်မတူချေ။ ထိုလူများကမူ အထက်တန်းလွှာများကို ရက်ရက်စက်စက် သတ်ရန်သာ သိကြသည်။
ကျီလင် ပထမဆုံးဖမ်းခံရစဉ်က အလွန်အံ့သြထိတ်လန့်ခဲ့သော်လည်း ယခုတွင် တည်တည်ငြိမ်ငြိမ်ရှိကာ သေချာတွေးတတ်နေပြီဖြစ်သည်။ သူ ပြန်ပေးဆွဲခံရခြင်းမှာ ထိုမျှအံ့သြစရာမရှိချေ။ ၎င်းက ကားလို့စ် ယခင်လမ်းကြောင်းကဲ့သို့လိုက်ပြီး သူ့ကို သစ္စာဖောက်ခဲ့ကြောင်း ပြနေသည်။ သူ့ကို သူပုန်များ လက်ထဲအပ်ပြီး သူ၏သေဆုံးမှုဖြင့် ကျင်းဆွေ့ကိုဖိအားပေးရန် ကြိုးစားခဲ့သည်။
ကျီလင် ထိုသို့တွေးပြီးနောက် ထိုလူယုတ်မာအိုကြီးကို အကြိမ်တစ်ရာခန့်ကျိန်ဆဲလိုက်သည်။
သူ ပြန်လည်မွေးဖွားပြီး ငါ့အပေါ်အရမ်းကြင်နာနေတော့ ဒီဘဝမှာ သစ္စာထပ်မဖောက်လောက်ဘူးလို့ထင်ခဲ့တာ... ကြည့်ရတာ ငါ အတွေးလွန်သွားတဲ့ပုံပဲ... သူ့လိုမျိုး ဗီလိန်အကြီးစားအပေါ် ငါ မျှော်လင့်ချက်မထားခဲ့သင့်ဘူး...
ငါပြောသလိုပဲ...လူဆိုးတွေက ပြန်လည်မွေးဖွားလာတာနဲ့ပဲ လူကောင်းဖြစ်မသွားဘူး...
ကျီလင် အသက်ပြင်းပြင်းရှူပြီး ဤအတွေ့အကြုံက ဒုတိယအကြိမ်ဟု သူ့ကိုယ်သူပြောကာ စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။
ငါ အရင်က ဂါဘရီရယ်နဲ့ တစ်ခါတွေ့ဖူးသားပဲဟာ...သူက စကားသိပ်မပြောပေမယ့် လူသားဆန်မှုရှိတော့ ငါ့ကိုသတ်မှာမဟုတ်ဘူး... ပြီးတော့ ငါ့ကိုသတ်လို့လည်း သူ ဘာကောင်းကျိုးမှရသွားမှာမဟုတ်ဘူး... သူတို့ရဲ့ လက်ရှိအခြေအနေက အင်ပါယာကို ရန်စလို့မရသေးဘူး...
ဒါပေမယ့်... အံ့သြစရာပဲ... ဂါဘရီရယ်က စစ်ပွဲမစချင်ဘူးဆိုရင် ဘာလို့ ငါ့ကိုဖမ်းနေသေးမှာလဲ...
သူ သေချာပေါက် ဒီလိုလုပ်မှာမဟုတ်ဘူး...
ကျီလင် ထိုအကြောင်းတွေးကာ အနည်းငယ်စိတ်မသက်မသာဖြစ်သွားသော်လည်း စောင့်နေရုံမှလွဲပြီး သူဘာမှမတတ်နိုင်ခဲ့ချေ။
အချိန်မည်မျှကြာသွားပြီဖြစ်သည်ကို သူ မသိချေ။ အခန်းက မှောင်မည်းကာ အလွန်တိတ်ဆိတ်နေပြီး သူ့အသက်ရှုသံကိုသာ ကြားနေရသည်။ ထိုကဲ့သို့ အထီးကျန်ဆန်ပြီး မှောင်မည်းသော ပတ်ဝန်းကျင်က ကျီလင်ကို စိုးရိမ်စိတ်ဝင်လာစေသည်။ ထိုအချိန်တွင် ခြေသံများကို သူကြားလိုက်ရသည်။
ရုတ်တရက် အခန်းတံခါးပွင့်သွားပြီး တောက်ပသောအလင်းရောင်များ ဝင်ရောက်လာကာ ကျီလင်ကို အလိုအလျောက် မျက်လုံးမှိတ်သွားစေခဲ့သည်။
တောက်ပသော အလင်းရောင်က ကျီလင်ကို မျက်လုံးအနည်းငယ်စူးသွားစေခဲ့သည်။ ကျီလင်၏အမြင်အာရုံက တဖြည်းဖြည်းမှုန်ဝါးရာမှ ပြန်ကြည်လင်လာခဲ့သည်။ သူ ခေါင်းမော့ပြီး သူ့အရှေ့ရှိ ငွေရောင်မျက်နှာဖုံးနှင့် အရပ်မြင့်မြင့် အေးစက်စက်အမျိုးသားကို ကြည့်လိုက်သည်။ ခဏအကြာတွင် ယခင်ဘဝကကဲ့သို့ ကြောက်ရွံ့နေသော အသွင်အပြင်ထုတ်ပြလိုက်သည်။
"ခင်ဗျား... ခင်ဗျား ဘာလို့ကျွန်တော့်ကို ပြန်ပေးဆွဲရတာလဲ... ခင်ဗျား ဘာလိုချင်လို့လဲ..."
ထိုလူက စကားတစ်ခွန်းမှမပြောဘဲ ကျီလင်အနားသို့ တစ်လှမ်းချင်းလျှောက်လာပြီး စိတ်ဝင်စားဖွယ်ကောင်းသောအရာကိုကြည့်နေရသကဲ့သို့ သူ့ကို အုပ်မိုးကြည့်လာခဲ့သည်။
ကျီလင် သူ့နှုတ်ခမ်းသူ စိတ်လှုပ်ရှားစွာကိုက်လိုက်မိသည်။
ခဏအကြာတွင် ငွေရောင်မျက်နှာဖုံးအောက်မှ အက်ရှရှအသံကို ကြားလိုက်ရသည်။
"ကိုယ်က မင်းကို ဘာလို့ပြန်ပေးဆွဲရတာလဲ ဟုတ်လား..."
ထို့နောက် သူ ခဏရပ်ပြီး အဓိပ္ပါယ်များပြည့်နေသောလေသံဖြင့် ဆက်ပြောလာခဲ့သည်။
"ဘာလို့လဲဆိုတော့ မင်းက အရမ်းတန်ဖိုးရှိတဲ့လူတစ်ယောက်လို့ ကားလို့စ်က ပြောလိုက်လို့ပေါ့..."
ကျီလင်၏မျက်ဆံများ ရုတ်တရက်ကျုံ့ဝင်သွားပြီး ထိတ်လန့်မှုဖြင့် မျက်လုံးများဝိုင်းစက်သွားခဲ့သည်။ ထို့နောက် သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုများပြည့်သွားပြီး နှုတ်ခမ်းများတုန်ယင်လာခဲ့သည်။
သူ စောစောက ကြောက်ဟန်ဆောင်ခဲ့သော်လည်း ယခုမူ အမှန်တကယ်ကြောက်နေပြီဖြစ်သည်။
ဇာတ်ကွက်က မှားနေပြီ... ဂါဘရီရယ်က ဘာလို့ ငါ့မေးခွန်းကို တိုက်ရိုက်ကြီးပြန်ဖြေနေတာလဲ... အရင်ဘဝတုန်းကလို ငါ့ကို လျစ်လျူရှုရမှာ မဟုတ်ဘူးလား... ဒီကိစ္စနောက်မှာ ဘယ်သူရှိလဲဆိုတာကို ဘာလို့လာပြောနေတာလဲ... မဟုတ်မှ ပြီးရင် ငါ့ကို နှုတ်ပိတ်သတ်တော့မလို့လား...
ကျီလင် ငိုလုမတတ်ဖြစ်သွားခဲ့သည်။ သူ ရုတ်တရက် ဤဘဝတွင် အရာများစွာပြောင်းလဲသွားသည်ကို သဘောပေါက်သွားခဲ့၏။
ဒါဆို ဂါဘရီရယ်လည်း ပြောင်းလဲသွားတာလား... သူ ဒီတစ်ခါတော့ ငါ့ကိုသတ်တော့မှာလား... ဒီဂါဘရီရယ်က အရင်ဘဝတုန်းက ဂါဘရီရယ်နဲ့ အတူတူပဲဆိုတာ ဘယ်သူအာမခံပေးနိုင်လဲ...
ကားလို့စ်နဲ့ ကျင်းဆွေ့ကြားကတိုက်ပွဲမှာ ငါက အပြစ်မရှိတဲ့သူလို့ မထင်ဘူးလား...
ကျီလင်၏လက်များက အနည်းငယ်တုန်ယင်နေပြီး နီမြန်းသောမျက်လုံးများဖြင့် တောင့်တင်းစွာပြောလိုက်သည်။
"ခင်- ခင်ဗျားလိမ်နေတာ...အန်ကယ်ကားလို့စ်က ကျွန်တော့်အပေါ် အဲဒီလိုမျိုးဘယ်တော့မှ လုပ်မှာမဟုတ်ဘူး..."
"တကယ်လား..."
ဂါဘရီရယ်က ထူးဆန်းစွာရယ်မောလျက် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ကျီလင်ကို အုပ်မိုးကြည့်ပြီး လှောင်ပြောင်ဟန်ရသော အက်ရှရှအသံဖြင့် ပြောလာခဲ့သည်။
"ဆိုတော့ မင်းက သူ့ကိုအရမ်းယုံတယ်ပေါ့..."
✨✨✨