Chapter 54
Viewers 15k

✨ Chapter 54

ဂါဘရီရယ်



မူလက သာယာလှပသည့်ရှုခင်းကို ခံစားနေသော ကျီလင်မှာ ရုတ်တရက် အလွန်စိတ်မသက်မသာဖြစ်သွားခဲ့သည်။ ၎င်းမှာ ထမင်းစားနေစဉ် ရုတ်တရက် ကျောက်ခဲဝါးမိသကဲ့သို့ပင်။ ကျင်းဆွေ့က သာယာနေသောလေထုကို ဖျက်ဆီးလိုက်သကဲ့သို့ ကျီလင်ခံစားလိုက်ရသည်။ 


ဘယ်သူက ခင်ဗျားနဲ့ ချစ်သူဖြစ်နေလို့လဲ...


ကျင်းဆွေ့က ကျီလင်ကိုငုံ့ကြည့်လာခဲ့သည်။ သူက ကျီလင်၏မျက်နှာကို ညင်သာစွာဆွဲမော့ပြီး ရှက်နေဟန်ရှိသောမျက်လုံးများကိုစိုက်ကြည့်ကာ ခပ်ဖွဖွရယ်လိုက်သည်။ ထို့နောက် ခေါင်းအနည်းငယ်ငုံ့ပြီး ကျီလင်၏နှာဖူးပေါ် အနမ်းတစ်ပွင့်တံဆိပ်ခတ်၍ ပြောလိုက်သည်။ 

"ကိုယ်သဘောကျတဲ့သူက အမြဲတမ်း မင်းတစ်ယောက်တည်းပဲ..."


ကျီလင်၏မျက်လုံးများ ဝိုင်းစက်သွားခဲ့သည်။ 


ကျင်းဆွေ့က စကားတစ်လုံးချင်းပြောလာခဲ့သည်။ 

"အရင်ကပဲဖြစ်ဖြစ် အနာဂတ်မှာပဲဖြစ်ဖြစ် အတူတူပဲ..." 


ကိုယ်မင်းကို အခုမှပြောဖို့အခွင့်အရေးရတဲ့အတွက် တောင်းပန်ပါတယ်... 


ဒါပေမယ့် အရင်ဘဝကပဲဖြစ်ဖြစ် အခုဘဝပဲဖြစ်ဖြစ် မင်းတစ်ယောက်တည်းကိုပဲ ကိုယ်သဘောကျခဲ့တာ... 


ကျီလင်၏အမူအရာက အနည်းငယ် ထုံထိုင်းသွားသော်လည်း ထိုမျှ မအံ့သြသွားချေ။ သူ ဝန်မခံချင်သော်လည်း ဤအချိန်အတွင်းရှိ ကျင်းဆွေ့၏အပြုအမူများအရ သူ့ကို သဘောကျနေသည်မှာထင်ရှားလှသည်။


၎င်းက ယခင်ဘဝထက်ပင် ဆိုးရွားသောရလဒ်ဖြစ်သည်။ 


ယခင်ဘဝက အနည်းဆုံး မစ်ရှင်ကျရှုံးပြီး gong နှင့် shouတို့ အတူမရှိရုံသာ ဖြစ်ခဲ့သည်။ ဤဘဝတွင်မူ သူက ဇာတ်လိုက် gongကို လုယူမိသည့် ကောက်ကျစ်သောအမြှောက်စာဇာတ်ကောင်ဖြစ်လာသည်။ 


ဒီထက်ပိုပြီးတော့ စိတ်ပျက်စရာကောင်းတာရှိပါဦးမလား... 


ငါ ဘာအမှားလုပ်ခဲ့မိလို့လဲ...


သူ ဘာလို့ ငါ့ကို ကြိုက်နေရတာလဲ...


ကျင်းဆွေ့က အလွန်အံ့အားသင့်ပြီး တုံ့ပြန်ရန်မေ့နေပုံရသော ကောင်ငယ်လေးကို ချစ်မြတ်နိုးစွာကြည့်လိုက်သည်။ သူက ကျီလင်၏နားတစ်ဝိုက်ရှိ ဆံနွယ်များကို ညင်ညင်သာသာပွတ်သပ်ပေးပြီး တိုးဖွသောအသံဖြင့်ပြောလိုက်သည်။ 

"ရှန်းယွင်ကြယ်က ချစ်သူတွေက ဘာလို့ ဒီနေရာမှာ ကတိသစ္စာပြုလာကြလဲ သိလား...ဘာလို့လဲဆိုတော့ ဒီနေရာမှာ ဒဏ္ဍာရီတစ်ခုရှိတယ်...ကတိသစ္စာပြုထားတဲ့ နှစ်ယောက်ထဲက တစ်ယောက်က သစ္စာဖောက်ခဲ့မိရင် ဒီချောက်နက်ကြီးထဲ ထာဝရပြုတ်ကျသွားရလိမ့်မယ်..."


ကျီလင်၏ဒူးများ ပျော့ခွေလုမတက်ဖြစ်သွားခဲ့သည်။ 


မဟုတ်သေးပါဘူး ဘယ်သူက အဲဒါကို ဂရုစိုက်နေလို့လဲ...ခင်ဗျား ဒီတိုင်း အပျော်သဘောနဲ့ပဲ မတွေးနိုင်ဘူးလား... ခင်ဗျားဘာသာခင်ဗျား တခြားတစ်ယောက်နဲ့ကြိုက်သွားရင်တောင် ကျွန်တော် ဂရုမစိုက်ဘူး... 


သို့သော် ကျင်းဆွေ့၏ရွှေရောင်မျက်လုံးများထဲရှိ လေးနက်သော အလင်းရောင်ကိုကြည့်ကာ သူ၏ကိုယ်ပိုင်ကာရိုက်တာကို ကျီလင် ပြန်သတိရမိမိသွားသည်။ အဆုံးတွင် သူက အလွန်စိတ်လှုပ်ရှားနေသောအသံဖြင့် ပြောရုံသာတတ်နိုင်ခဲ့သည်။

"ကျင်းဆွေ့ကော..." 


တောင်းပန်ပါတယ်...ဒါပေမယ့် ဘာမှထပ်မပြောနိုင်တော့ဘူး... ဘာမှပြောစရာလည်း မရှိတော့ဘူး...ခင်ဗျားနဲ့ ဘယ်လိုညှိနှိုင်းရမှာလဲ... 


သူက ကျင်းဆွေ့၏အကြည့်များကို ရှောင်ရှားရန် ခေါင်းလှည့်လိုက်ကာ ဤနေရာမှ ချက်ချင်းထွက်သွားနိုင်ရန် ဆုတောင်းမိသည်။ သူရုတ်တရက် အကြံတစ်ခုရကာ ပြောလိုက်သည်။ 

"ကျွန်တော် ဗိုက်ဆာနေပြီ... ရှန်းယွင်က အစားအသောက်တွေက နာမည်ကြီးတယ်လို့ပြောခဲ့တာမလား... သွားစားကြရအောင်လေ..." 


ကျင်းဆွေ့က ကျီလင်ကို ခဏခန့် နက်ရှိုင်းစွာစိုက်ကြည့်နေပြီး ရုတ်တရက် နှုတ်ခမ်းများဖွင့်ဟကာ ခပ်ဟဟရယ်မောလိုက်သည်။ 

"ကောင်းပါပြီ..." 


သူ ဤနေရာသို့ လာရခြင်းမှာ ကျီလင်အပေါ် သူ၏ခံစားချက်များ ဖွင့်ပြောရန်ဖြစ်ပြီး သူ့ခံစားချက်များက လေးနက်သည်ကို ကျီလင်သိစေရန်ဖြစ်၏။ သူ ကျီလင်အပေါ်ထားရှိသောခံစားချက်များက ကာမဂုဏ်စိတ်သက်သက်သာ မဟုတ်သည်ကို သက်သေပြရန် အချိန်ယူမည်ဖြစ်ပြီး စိုးရိမ်ပူပန်နေရန် မလိုတော့ချေ။


ကျီလင်၏မျက်နှာက နီရဲလာပြီး လှည့်ထွက်သွားလိုက်သည်။ သူ ခဏမျှနှောင့်နှေးနေပါက ကျင်းဆွေ့ထံမှ အနမ်းခံရမည်ကို စိုးရိမ်ပေသည်။ 


ငါ လမ်းတစ်လျှောက်လုံး ဒီလောက်ခက်ခက်ခဲခဲပုန်းဖို့ ကြိုးစားခဲ့တာကို...


ကျင်းဆွေ့က အရှုံးမပေးဘဲ ငါ့ကိုဒီလိုနေရာမျိုးခေါ်လာပြီး ချစ်ကြောင်းကြိုက်ကြောင်းတောင်ဝန်ခံလိုက်သေးတယ်... ဒီလိုမျိုးဆက်သွားနေရင် ငါတကယ်ကြီး အမျိုးသားဇာတ်လိုက်နဲ့ ချစ်မိသွားတော့မယ်...


ကျီလင်က လမ်းတစ်လျှောက်လုံး မိန်းမောတွေဝေကာ စိတ်ဓာတ်ကျနေခဲ့သည်။ သူ တိတ်ဆိတ်နေ၍ သူ့အတွေးများ ပေါ်သွားမည်စိုးသောကြောင့် ကျင်းဆွေ့ကို မကြည့်ဝံ့ခဲ့ချေ။ ကျင်းဆွေ့က သူ့ကို တောင်ခြေရှိ မြို့ငယ်လေးတစ်ခုသို့ ခေါ်သွားခဲ့သည်။ ထိုနေရာရှိအဆောက်အဦးများကို လှပသောကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး အိမ်ခေါင်မိုးများတွင် ချွန်ထက်သောထောင့်များရှိနေကာ နတ်ဘုံကဲ့သို့လှပနေသည်။ 


ကျင်းဆွေ့က ရှန်းယွင်ကြယ်တွင် အကျော်ကြားဆုံးဟုဆိုသည့် စားသောက်ဆိုင်၌ ဘိုကင်တင်ထားပြီးဖြစ်သည်။ အစားအသောက်များကို ဤနေရာ၌သာ စားသုံးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤမြို့မှထွက်သွားသည်နှင့် မူလအရသာ ပျက်သွားလိမ့်မည်ဖြစ်သည်။ 


ဤနေရာက ရှုခင်းနေရာဖြစ်ပြီး ရှန်းယွင်ကြယ်ရှိဒေသခံများအပြင် အခြားဝတ်စုံများဝတ်ထားသည့် လူများစွာကို မြင်တွေ့ရပေသည်။ သူတို့က အခြားဂြိုဟ်များမှ သို့မဟုတ် ဂလက်ဆီများမှ ခရီးသွားများဖြစ်ပုံရသည်။ ကြယ်သင်္ဘောပေါ်ရှိ စစ်သားအချို့ကိုလည်း ကျီလင်တွေ့ခဲ့ရသည်။ သူတို့ကလည်း သူတို့၏ ကိုယ်ပိုင်အကြောင်းပြချက်များဖြင့် အပန်းဖြေခရီးထွက်နေပုံရသည်။


ထိုပတ်တန်းကျင်ရှိလေထုက သက်တောင့်သက်သာရှိလှသည်။ 


ကျင်းဆွေ့က ကျီလင်အတွက် နေရာစီစဉ်ပေးကာ အစားအသောက်များသွားယူရန် ထရပ်ပြီး ကျီလင်ကို တစ်ယောက်တည်းခဏထိုင်စောင့်ခိုင်းခဲ့သည်။ 


ကျီလင် ဘေးပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်ရာ ရုတ်တရက် စားသောက်ဆိုင်တစ်ဖက်ခြမ်းရှိဆိုင်တွင် နဉ်ယွီနှင့် စစ်သားအချို့အတူထိုင်နေကြကာ ပြောဆိုရယ်မောနေကြသည်ကို တွေ့လိုက်ရသည်။ 


သူတို့နှစ်ဦးကြားတွင် လမ်းလေးတစ်ခုခြားနေလျက်ရှိသည်။ နဉ်ယွီ၏ပြုံးရွှင်နေသောမျက်နှာက ကျီလင် ယခုကြုံတွေ့နေရသော အခက်အခဲများနှင့် ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။ ကျီလင် ရုတ်တရက် ဒေါသများထွက်လာခဲ့သည်။ 


ဇာတ်လိုက်တစ်ယောက်အနေနဲ့ မင်း ဘာလို့ ဒီလောက်တောင်စိတ်အေးလက်အေးရှိနေရတာလဲ...ငါ ဒီမှာ မင်းယောင်္ကျားကို လုယူခါနီးဖြစ်နေပြီလေ...ဘာလို့ ဒေါသမထွက်ဘဲ အေးအေးဆေးဆေးနေနေရတာလဲ...မင်းက သာမန်လူလို အပြင်ထွက်ပြီး စားသောက်၊ ပျော်ပါးနိုင်သေးတယ်ပေါ့... ဒါက လုံးဝမတရားတာပဲ...


မင်း ကံကြမ္မာဆီက ဆွဲဆောင်ခံရပြီး ကျင်းဆွေ့ကို နက်နက်ရှိုင်းရှိုင်းချစ်သွားရမှာ မဟုတ်ဘူးလား...ဇာတ်လိုက်တစ်ယောက်အနေနဲ့ မင်းလူကို မင်း ပြန်ယူသွားပေးလို့ရမလား...


ကျီလင်၏မျက်လုံးများက တစ်ယောက်တည်းတိုက်ပွဲဝင်နေရသကဲ့သို့ မှုန်မှိုင်းလာပြီး ပို၍စိတ်ပျက်လာခဲ့သည်။


နဉ်ယွီက ထိုနေရာတွင် ခဏခန့်ထိုင်ပြီး ရုတ်တရက် မတ်တတ်ထရပ်ကာ ထွက်သွားသည်ကို ကျီလင်တွေ့လိုက်ရသည်။ ကျီလင်၏မျက်လုံးများလှုပ်ရှားသွားပြီး ကျင်းဆွေ့ မရောက်လာသေးသောကြောင့် မတ်တတ်ထရပ်ကာ နဉ်ယွီနောက်သို့လိုက်သွားခဲ့သည်။  


သူ နဉ်ယွီထွက်သွားရာနောက်သို့လိုက်၍ လမ်းထောင့်တစ်ခုကိုချိုးပြီးနောက် မနီးမဝေးရှိ နဉ်ယွီကို လှမ်းမြင်လိုက်ရသည်။ သူက စျေးဆိုင်ငယ်လေးရှေ့တွင်ရပ်နေပြီး လက်ဆောင်ပစ္စည်း သို့မဟုတ် ထိုကဲ့သို့တစ်ခုခုအား ကြည့်နေသည်ကို ကျီလင်တွေ့လိုက်ရသည်။


ကျီလင် ထိုမြင်ကွင်းကိုမြင်ချိန်တွင် ဒေါသများအပြည့်ဖြစ်သွားခဲ့သည်။

ငါကတော့ မင်းအချစ်ရေးအတွက် ကြိုးစားလိုက်ရတာ... မင်းကတော့ ဘာမှမဖြစ်နေသလိုမျိုး ကစားနိုင်သေးတယ်ပေါ့... အရမ်းများသွားပြီ...ငါဒါမျိုးလက်မခံနိုင်ဘူး...


ကျီလင် ထိုအနားသို့ ဒေါသတကြီးလျှောက်သွားပြီး သူ၏မကျေနပ်မှုများကို ဖော်ပြရန် နှုတ်ခမ်းဖွင့်ဟလိုက်သော်လည်း သူ့စိတ်ထဲရှိသမျှကို မထုတ်ပြနိုင်သောကြောင့် ဘာပြောရမည်မသိဖြစ်သွားခဲ့သည်။ 


အဲ ငါပြောလိုက်ရင် ဒုက္ခရောက်သွားလိမ့်မယ်...


သို့သော် နဉ်ယွီက သူ့ကို တွေ့သွားပြီး မျက်မှောင်အနည်းငယ်ကြုတ်ကာကြည့်လာခဲ့သည်။ 


ကျီလင်က နဉ်ယွီခေါင်းလှည့်လာသည်ကိုမြင်ချိန်တွင် ခဏခန့်စိုက်ကြည့်ပြီး တောင့်တင်းစွာပြောလိုက်သည်။

"အရှင်က မင်းကိုကြိုက်မှာမဟုတ်ဘူး... သူ ဒီနေ့ ငါ့ကိုဖွင့်ပြောပြီးသွားပြီ..." 


နဉ်ယွီ: "..."


ကျီလင် ထိုသို့ပြောပြီးနောက် ၎င်းက အလွန်အဓိပ္ပာယ်မဲ့သည်ကို သဘောပေါက်သွားခဲ့သည်။ သူ့မျက်နှာတစ်ခုလုံးပူတက်လာပြီး မြေပြင်ပေါ်ရှိ အက်ရာထဲသို့ဝင်၍သေးသေးလေးဖြစ်ကာ ပျောက်ကွယ်သွားချင်မိသည်။ 


ဒါပေမယ့် ငါ အဲဒါမဟုတ်ရင်လည်း သူ့ကို တခြားဘာပြောနိုင်ဦးမှာမို့လို့လဲ...ငါ သူ့ကို ကျေးဇူးပြုပြီး မင်းရဲ့အချစ်စစ်ကို ပြန်ခေါ်ပေးလို့ရမလားဆိုပြီး တိုက်ရိုက်သွားပြောဖို့မှမဖြစ်နိုင်တာ... 


နဉ်ယွီက ကျီလင်ကို ဖော်မပြနိုင်အောင် ရှုပ်ထွေးနေသော အစိမ်းရောင်မျက်လုံးများဖြင့် ကြည့်လာခဲ့သည်။ သူ့အသံက တောင်ကျစိမ့်စမ်းရေကဲ့သို့ ကြည်လင်သာယာနေသော်လည်း အေးစိမ့်မှုများဖြင့် ပြည့်နေခဲ့သည်။ 

"အဲဒါ ငါနဲ့ဘာဆိုင်လို့လဲ...." 


နဉ်ယွီ၏သဘောထားကို ကျီလင်မြင်လိုက်ရချိန်တွင် သူ့နှလုံးသားတစ်ခုလုံးအေးခဲသွားခဲ့သည်။ 


မူလဇာတ်လိုက် shou အနေနဲ့ အဓိက ဇာတ်လိုက်gongကို မကြိုက်ဘူးဆိုတာက... မင်း... မင်း…


ကံကြမ္မာရဲ့နှောင်ကြိုးအချစ်က ဘယ်ရောက်သွားတာလဲ...မင်း ဘယ်လိုလုပ်ပြီး ဒီလိုပြောနိုင်ရတာလဲ...


ကျီလင် အလွန်ဒေါသထွက်ကာ ငိုချလုမတတ်ဖြစ်လာခဲ့သည်။ သူ နဉ်ယွီကို နီမြန်းနေသော မျက်လုံးများဖြင့် ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်သည်။ 


နဉ်ယွီလည်း သူ့ကိုပြန်ကြည့်လာခဲ့သည်။ 


ဒါက ငါ့ဘဝမှာ ငါ တခြားလူကိုရန်သွားစပေမယ့် တစ်ဖက်လူက ငါ့ကိုဘာစကားမှပြန်မပြောဘဲ ငိုခိုင်းထားတဲ့ ပထမဆုံးအကြိမ်ပဲ... 


နဉ်ယွီ တစ်ခဏခန့် တိတ်ဆိတ်နေပြီး နောက်ဆုံးတွင် နူးညံ့စွာသက်ပြင်းချကာ ပြောလာခဲ့သည်။  

"ဒီကိစ္စက ငါနဲ့ဘာမှမဆိုင်ပေမယ့်... ဒါပေမယ့် အရှင်က မင်းကို သဘောကျတယ်ဆိုတာ သေချာလို့လား..."


ကျီလင် ခဏခန့် မှင်သက်သွားပြီး နဉ်ယွီကို ဗလာဖြစ်စွာကြည့်လိုက်သည်။


မင်း လုံးဝဂရုမစိုက်ဘူးလို့ ငါ ထင်နေတာ...ဒီ ရုတ်တရက်ထပြောလာတဲ့စကားက ဘာသဘောလဲ.. 


ရုတ်တရက် ကျီလင်၏ခေါင်းထဲ အတွေးတစ်ခုဝင်လာခဲ့ပြီး မျက်လုံးများ ဝိုင်းစက်သွားခဲ့သည်။


ဖြစ်နိုင်တာက...နဉ်ယွီ ကျင်းဆွေ့ကို ဂရုစိုက်နေသေးလို့ပဲဖြစ်ရမယ်...ဒါဆို စောစောက သူ့မာနကြောင့် ဂရုမစိုက်ချင်ယောင်ဆောင်လိုက်တာများလား... 


ကျီလင် ထိုသို့တွေးပြီးစိတ်သက်သာရာရသွားခဲ့သည်။ 


အဲဒါဖြစ်နိုင်တယ်...နဉ်ယွီရဲ့ မာနကြီးတဲ့ဇာတ်ကောင်အရဆို သူ့စိတ်ထဲမှာကျင်းဆွေ့ကို တိတ်တိတ်လေးသဘောကျနေရင်တောင် ငါ့ရှေ့မှာ ဖော်ပြမှာမဟုတ်ဘူး...သူ သေချာပေါက် ဂရုမစိုက်ချင်ယောင်ဆောင်နေတာပဲ...ငါ့အတွက် မျှော်လင့်ချက်ရှိသေးတယ်...


ကျီလင် ရုတ်တရက် သတိပြန်ဝင်လာပြီးမေးမော့ကာ ပြောလိုက်သည်။ 

"ဒါပေါ့ အရှင်က ငါ့ကို တကယ်သဘောကျတာ..." 


သူ ထိုသို့ပြောပြီးနောက် နဉ်ယွီ၏တုံ့ပြန်မှုကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ 


နဉ်ယွီ၏နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့သည်။ သူက ခေါင်းငုံ့ကာ ကျီလင်၏နားရွက်အနားသို့တိုးကပ်ပြီး ခပ်ဖွဖွရယ်လာခဲ့သည်။ 

"သူ မင်းကို ဘယ်လောက်ထိသဘောကျလဲဆိုတာ ငါ ကြည့်ချင်မိတယ်..." 


နဉ်ယွီက ထိုသို့ပြောပြီး သူဝယ်ထားသော ပစ္စည်းများကိုယူကာ ကျီလင်ဘေးမှ ဖြတ်သွားခဲ့သည်။ 


ကျီလင်က နဉ်ယွီ၏နောက်ကျောကို ခဏခန့် မှင်သက်စွာစိုက်ကြည့်ပြီး သူ့မျက်နှာက ပျော်ရွှင်မှုဖြင့် တောက်ပလာခဲ့သည်။ 


နဉ်ယွီက ငါ့ကို ခြိမ်းခြောက်သွားတာ... ဒါ ကောင်းတဲ့လက္ခဏာပဲ... ငါနောက်ဆုံးတော့ သူ့ရဲ့အနိုင်ရချင်စိတ်ကို နှိုးဆွလိုက်မိပြီ... ဒါပဲလေ... သွား မင်းရဲ့ကံကြမ္မာဖူးစာဖက်ကို ငါ့လိုလူရဲ့လက်ထဲကနေ ပြန်လုယူလိုက်တော့...


ကျီလင် ထိုသို့တွေးပြီး ဇာတ်ကြောင်းကို ပြန်ကယ်တင်နိုင်သေးသည်ဟု ခံစားခဲ့ရသည်။ ထို့နောက် သူ စားသောက်ဆိုင်သို့ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် ကျင်းဆွေ့ သူ့ကိုစိုးရိမ်တကြီးလိုက်ရှာနေလိမ့်မည်ဖြစ်သည်။ 


သို့သော် သူ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရုတ်တရက် တစ်ခုခုမှားနေသကဲ့သို့ ခံစားလိုက်ရသည်။ 


ကျီလင် မော့ကြည့်လိုက်ရာ ကောင်းကင်ပေါ်မှ မရေမတွက်နိုင်သော ဥက္ကာခဲများ ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။ ဥက္ကာခဲများက ကောင်းကင်ယံကိုဖြတ်ကာ မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ပြုတ်ကျလာခဲ့သည်။ ၎င်းက ကြောက်မက်ဖွယ်ရာ ပျက်စီးမှုများကိုဖြစ်စေပြီး ဂြိုဟ်တစ်ခုလုံး တုန်ခါသွားစေခဲ့သည်။  


ကျီလင် နေရာတွင်သာ အေးခဲနေပြီး လှုပ်ရှားရန်မေ့လျော့သွားကာ ထိုကြောက်မက်ဖွယ်ရာမြင်ကွင်းကို ကြောင်တက်တက်စိုက်ကြည့်နေခဲ့သည်။ 


ဒီဂြိုဟ် တိုက်ခိုက်ခံနေရပြီ... 


ဒီဘဝမှာ တော်တော်များများပြောင်းလဲသွားတာပါ...ငါ ဘယ်လိုလုပ် ဒီလိုတိုက်ခိုက်မှုမျိုး ကြုံနေရသေးတာလဲ... 


ကျီလင်၏မျက်လုံးများထဲ စိုးရိမ်မှုများပေါ်လာခဲ့သည်။ သူချက်ချင်းပြန်လှည့်ကာ ကျင်းဆွေ့အနားသို့ ပြေးသွားချင်ပြီး ကျင်းဆွေ့အနားမှ ထွက်လာခဲ့မိသည့်အတွက် နောင်တရသွားခဲ့သည်။ 


ငါ ကျင်းဆွေ့နဲ့ မနေချင်ဘူးဆိုပေမယ့်.. အနည်းဆုံးတော့ သူ့အနားနေရင် လုံခြုံနိုင်သေးတယ်... စနစ်က ခုထိပြန်မလာသေးဘူး...ငါဒီနေရာမှာပဲ မသေလိုက်နိုင်ဘူး...


ကျီလင်က သူ၏ကြောက်လန့်မှုများကို မျိုသိပ်ပြီး ပြေးနိုင်သမျှမြန်မြန်ပြေးလိုက်သည်။ သို့သော် ရုတ်တရက် ကောင်းကင်မှ ကျောက်တုံးကြီးတစ်ခု ပြုတ်ကျလာခဲ့သည်။ ကျီလင် လျင်မြန်စွာရှောင်တိမ်းကာ မြေပြင်ပေါ်သို့လဲကျသွားခဲ့သည်။ သူ မော့ကြည့်လိုက်ရာ ကျောက်တုံးကြီးတစ်ခုက သူ သွားမည့်လမ်းအားပိတ်ထားသည်ကိုတွေ့လိုက်ရပြီး သူ့မျက်နှာဖြူဖျော့သွားခဲ့သည်။


ထို့နောက် ငွေရောင်မျက်နှာဖုံးတပ်ထားပြီး အနက်ရောင်ဆံပင်တိုနှင့် အနက်ရောင်မျက်ဆံများရှိသော အမျိုးသားတစ်ဦးက အရှုပ်အထွေးများကြားမှ သူ့အနားသို့ တစ်လှမ်းချင်းလှမ်းလာနေသည်ကို ကျီလင်တွေ့လိုက်ရသည်။ 


ကျီလင်က တစ်ဖက်လူ၏ငွေရောင်မျက်နှာဖုံးအောက်ရှိ အနွေးဓာတ်မရှိသော အနက်ရောင်မျက်လုံးများကို ကြည့်လိုက်သည်။ 


ရုတ်တရက် အအေးဓာတ်တစ်ခုက သူ့ခန္ဓာကိုယ်ထဲ ဖြတ်သန်းဝင်ရောက်လာခဲ့သည်။ 



✨✨✨