✨ Chapter 53
ကျင်းဆွေ့နှင့် ဘရန်ဒန်တို့၏ ပြန်လည်မွေးဖွားလာမှုကြောင့် တိုက်ပွဲက အလွန်ချောမွေ့၍ စောစီးစွာပြီးဆုံးသွားခဲ့ပြီး အသေအပျောက်ပင်များစွာမရှိခဲ့ချေ။
၎င်းကြောင့် နဥ်ယွီ၏လုပ်ဆောင်မှုမှာ ကျေနပ်ဖွယ်ကောင်းရုံသာဖြစ်ခဲ့ပြီး ယခင်ဘဝကကဲ့သို့ တောက်ပရန် အခွင့်ရေးမရခဲ့ချေ။ ၎င်းကို သာမန်စွမ်းဆောင်မှုတစ်ခုအဖြစ်သာ မှတ်ယူနိုင်ပြီး အစမှအဆုံးအထိ သူ ကျင်းဆွေ့နှင့် များစွာ မတွေ့ခဲ့ရချေ။
၎င်းက ကျီလင်ကို အလွန်စိုးရိမ်စေခဲ့သည်။
ယခင်ဘဝက နဥ်ယွီမှာ ဤစစ်ပွဲ၌ တောက်ပခဲ့ပြီး သဘာဝအတိုင်းပင် ကျင်းဆွေ့နှင့် ဆက်ဆံရေးထူထောင်ခဲ့ပေသည်။ သို့သော် ဤဘဝတွင် သူတို့က သာမန်ဖြတ်သွားဖြတ်လာအဆင့်သာ ရှိနေသေးဆဲဖြစ်သည်။
ကျင်းဆွေ့၏ ပြန်လည်မွေးဖွားလာမှုက အရာအားလုံးကို ပြောင်းလဲစေခဲ့သည်။
လူတိုင်းက လုံးလုံးကွဲပြားသောလမ်းကြောင်းများကိုစတင်လျှောက်ခဲ့ကြသည်။ ဤသို့ဆက်သွားပါက ဇာတ်လိုက် gong နှင့် shouတို့ ကွဲသွားကြလိမ့်မည်ဖြစ်သည်။
သူတို့ အခု ဘယ်လိုဆက်ဆံရေးတည်ဆောက်နိုင်တော့မှာလဲ...ပြီးတော့ ငါ့ပုံရိပ်ငါ ဖျက်ဆီးဖို့ကြိုးစားတာက လုံးဝ အကျိုးသက်ရောက်မှုမရှိနေဘူး... ငါ ဘာပဲလုပ်လုပ် ကျင်းဆွေ့က ငါ သူ့ဆီကအာရုံစိုက်ခံရအောင် လုပ်နေတယ်လို့ပဲ ခံစားနေတာ...
ကျီလင် အလွန်ဒေါသထွက်ကာ သွေးအန်ချင်မိခဲ့သည်။ သို့သော် သူ ရွေးချယ်ရာမရှိတော့ဘဲ သူ့ကိုယ်သူ ချောင်ပိတ်စေရန် လုပ်နေမိသလိုပင် ခံစားလာခဲ့ရသည်။
ဤအရာများအားလုံးက ကျီလင်ကို အလွန်စိတ်ရှုပ်ထွေးစေခဲ့သည်။
ငါလုပ်ခဲ့တာတွေက စိတ်အနှောင့်အယှက်ဖြစ်ဖို့ မလုံလောက်ဘူးလား...တခြားသူတွေဆီကနေ အမုန်းခံရအောင်လုပ်ဖို့က ဘာလို့ ဒီလောက်ခက်လာရတာလဲ...
အပြန်လမ်းတွင် ကျီလင် သေလမ်းထပ်ရှာရန် ခွန်အားမရှိတော့ဘဲ ကိုယ့်ကိုကိုယ် သံသယဝင်စပြုလာခဲ့သည်။
ငါ ဇာတ်ကြောင်းကို ပြန်မကယ်နိုင်တော့မှာစိုးနေပြီ...
ထိုအကြောင်းပြောရလျှင် ယခင်ဘဝက ကျီလင် အောင်မြင်စွာသေလမ်းရှာနိုင်ပြီး မျက်နှာဖြတ်ရိုက်ခံရကာ အပြန်လမ်းတွင် သူတစ်ဦးတည်း အားငယ်စွာကျန်ခဲ့သည်။ ရလဒ်အနေဖြင့် သူ ကားလို့စ်ထံမှ သစ္စာဖောက်ခံရပြီး သူပုန်များလက်ထဲသို့ ကျရောက်ကာ ကြောက်မက်ဖွယ်ကောင်းသော သူပုန်ခေါင်းဆောင်ဂါဘရီရယ်နှင့် ပက်ပင်းတွေ့ခဲ့ရသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ လူတိုင်းက သူ့ကိုကာကွယ်ထားကြပြီး ကျင်းဆွေ့က သူ့ကို သူ့လက်ဖဝါးထဲထည့်ထားရန်ပင် မစောင့်နိုင်ဖြစ်နေခဲ့သည်။
ဤအမြင်မှဆိုလျှင် ၎င်းက ကျင်းဆွေ့ ပြန်လည်မွေးဖွားလာခြင်း၏တစ်ခုတည်းသော အကျိုးကျေးဇူးဖြစ်သည်။
အန္တရာယ်ရှိလာမည်မဟုတ်ကို ကျီလင်သိသော်လည်း သူ အမှန်တကယ် ကြောက်ရွံ့နေပြီး နောက်တစ်ကြိမ် ပြန်ပေးထပ်ဆွဲမခံချင်တော့ပေ။ အင်ပါယာကြယ်သို့ ဘေးကင်းစွာပြန်သွားနိုင်လျှင် ပိုကောင်းသည်။
ကျင်းဆွေ့ ငါနဲ့အပြင်လျှောက်လည်ဖို့ အမြဲမတွေးနေသရွေ့တော့ အရာအားလုံး အဆင်ပြေလောက်ပါတယ်...
ကျီလင်၏ခန္ဓာကိုယ်က ပြင်းထန်သော အာကာသအဆက်မပြတ်ခုန်ကျော်ခြင်းအတွက် မသင့်တော်သည်ကို ကျင်းဆွေ့ သိသည်။ ထို့ကြောင့် သူ အပြန်လမ်း၌ တမင်တကာအရှိန်နှေးချခဲ့၍ အပြန်ခရီးက အသွားကထက် များစွာပိုကြာနေလေသည်။
ထို့ကြောင့် သူ ကျင်းဆွေ့နှင့် ပို၍အချိန်ကုန်ဆုံးခဲ့ရလေသည်။
ကျီလင် ရိုးရှင်းစွာပင် ခေါင်းကိုက်ခဲ့ရသည်။
ယနေ့နံနက် သူ အိပ်ရာထပြီးနောက် ဆေးကြောသန့်စင်ကာ တံခါးအက်ကွဲကြောင်းကို ဂရုတစိုက်ဖွင့်၍ အပြင်ဘက်သို့လှမ်းကြည့်လိုက်သည်။
ဟုတ်ပြီ ကျင်းဆွေ့မရှိဘူး...အရမ်းကောင်းတယ်...
ကျီလင် တိတ်ဆိတ်စွာလမ်းလျှောက်ထွက်လာပြီး မနက်စာသွားစားရန်ပြင်လိုက်သည်။
ကြယ်တာရာစစ်သင်္ဘော၏အတွင်းပိုင်းက အလွန်ကြီးမားပြီး မြို့ငယ်လေးတစ်ခုနီးပါးတူသည်။ ကျီလင် အလွန်မပေါ်လွင်အောင်နေသော်လည်း လမ်းတစ်လျှောက်တွင် စပ်စုသော အကြည့်များစွာရခဲ့ဆဲဖြစ်သည်။
ဖီးလ်ကြယ်တိုက်ပွဲအပြီးတွင် ကျီလင်က အရှင်မင်းကြီး၏အချစ်တော်လေးဖြစ်ကာ အရှင်မင်းကြီးက သူ့ကိုကောင်းကင်ယံသို့ မြှောက်တင်ရန်ပင် မစောင့်နိုင်တော့သည်ကို လူတိုင်းသိခဲ့ကြသောကြောင့် လူတိုင်းက သူ့အကြောင်းကို အလွန်သိချင်နေကြသည်။
ဒီအင်ပါယာကြယ်ပေါ်က နာမည်ကြီးအရူးကောင်က ဧကရာဇ် ချစ်မြတ်နိုးတာခံရအောင် ဘာများထူးခြားနေလို့လဲ...
သူ့မှာ မျက်နှာလှလှလေးတစ်ခုပဲရှိတာ မဟုတ်ဘူးလား...
လူတိုင်း၏အကြည့်ကြောင့် ကျီလင် စိတ်မသက်မသာဖြစ်လာပြီး မျက်နှာတည်တည်ထားကာ ဘယ်ကိုမှမကြည့်ခဲ့ချေ။ သူ ထိုကဲ့သို့အာရုံစိုက်မှုမျိုးကို လုံးဝလက်မခံချင်ပေ။
ဒါတွေအားလုံးက ဟိုလူယုတ်မာ ကျင်းဆွေ့ကြောင့်ပဲ...
သူ ကြယ်တာရာစစ်သင်္ဘောပေါ်ရှိ ကန်တင်းသို့ စိတ်ပျက်လက်ပျက်ရောက်လာပြီး တံခါးထဲဝင်လိုက်သည်နှင့် ကျင်းဆွေ့က သူ့အား လက်ပြနှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။
ကျီလင် မေ့လဲလုမတတ်ဖြစ်သွားခဲ့သည်။
ငါ ဘာလို့ သူ့ကိုရှောင်လို့မရတာလဲ... သူကရော ငါ့ကိုတွေ့ဖို့ ဒီမှာထိုင်စောင့်နေတာလား...
သူ ဒေါသထွက်သွားသော်လည်း သူ့အရှေ့ရှိ ရွှေရောင်မျက်လုံးဖြင့် ချောမောသောမျက်နှာနှင့် တစ်ဖက်လူ၏နူးညံ့သောအကြည့်များကိုမြင်ရစဉ် သူ တွန့်ဆုတ်စွာ ဆက်လျှောက်သွားဆဲဖြစ်သည်။
ကျင်းဆွေ့က လက်ဆန့်ထုတ်ပြီး ကျီလင်ကို သူ့ရင်ခွင်ထဲတိုက်ရိုက်ဆွဲထည့်ကာ သူ့ပေါင်ပေါ်ထိုင်ခိုင်းခဲ့သည်။ သူ့လက်ချောင်းများက ကောင်ငယ်လေး၏ ပျော့ပျောင်းကာ ရှုပ်ထွေးနေသော ရွှေရောင်ဆံနွယ်များကို ပေါ့ပေါ့ပါးပါးပွတ်သပ်ပေးလိုက်သည်။ သူက ကောင်ငယ်လေး၏အနည်းငယ်ရဲနေသော ပါးပြင်များကိုကြည့်ကာ ခပ်ဖွဖွရယ်မောလိုက်သည်။
"မင်း အားဖြည့်အစားစာတွေစားတာ ကျင့်သားမရသေးမှန်း ကိုယ်သိတယ်... ကိုယ်တို့ ဒီနေ့ ရှန်းယွင်ကြယ်မှာ တစ်ရက်ဝင်နားကြမယ်...ရှန်းယွင်ကြယ်က ရှုခင်းနဲ့ အစားအသောက်တွေကြောင့်နာမည်ကြီးတာ... မင်းသေချာပေါက်ကြိုက်လောက်တယ်..."
ကျီလင် ခဏခန့် တောင့်တင်းသွားပြီး ပြောလိုက်သည်။
"မလိုပါဘူး... အဲဒါက တစ်ကွေ့တစ်ပတ်ကြီးသွားရသလိုဖြစ်နေလိမ့်မယ်..."
ရှန်းယွင်ကြယ်က သူတို့၏အပြန်လမ်းပေါ်၌ မရှိချေ။
ကြယ်သင်္ဘောကို လူတစ်ယောက်အတွက်နဲ့ ကွေ့ပတ်သွားခိုင်းတာက လွန်လွန်းတယ်... သူ သေချာပေါက်အလှတရားကြောင့် မျက်စိကန်းသွားတာပဲဖြစ်ရမယ်...ငါသူ့ကိုတားရမယ်...
သို့သော် ကျင်းဆွေ့က ကျီလင်၏ငြင်းဆန်မှုကို လုံးလုံးဂရုမစိုက်ခဲ့ပေ။ ထိုအစား ကျီလင်က အလွန်ကြင်နာပြီး စဉ်းစားဆင်ခြင်ဉာဏ်ရှိသည်ဟု ခံစားခဲ့ရသည်။ ကျီလင်က အရေးပါသောကိစ္စများတွင် အလွန်စဉ်းစားနိုင်စွမ်းရှိသူဖြစ်သည်။ ကျင်းဆွေ့၏ အမူအရာက ပို၍နူးညံ့လာခဲ့သည်။
"ကိစ္စမရှိပါဘူး...ကိုယ်တို့ အလျင်မလိုနေဘူး...."
စစ်သားများစွာက ဘရန်ဒန်နှင့်အတူ ဦးစွာထွက်ခွာသွားပြီးဖြစ်သည်။ ကျင်းဆွေ့က သူနှင့်အတူ လူအချို့ကိုသာ ခေါ်ဆောင်၍ အန္တရာယ်ရှောင်ရှားရန် တမင်တကာလမ်းလွှဲသွားခဲ့သည်။
သူ ဤတစ်ကြိမ်တွင် ကောင်းစွာပြင်ဆင်ခဲ့ပြီး စစ်တပ်ထဲရှိလူမှန်သမျှကို ကြိုတင်စစ်ဆေးကာ ကားလို့စ် စိုက်ထားသောသံချောင်းများကို ဆွဲထုတ်၍ သတင်းပေါက်ကြားမှုမရှိစေခဲ့ချေ။
ကျင်းဆွေ့ မည်သည့်မတော်တဆမှုကိုမျှ မဖြစ်စေချင်ပေ။
ကျီလင် ထပ်ပြီးငြင်းဆန်လိုက်သော်လည်း ကျင်းဆွေ့က ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်။
"ဒါဆို အဲဒီလိုပဲထားလိုက်တော့မယ်..."
ကျီလင် : "... "
သူက ထိုအမျိုးသား၏ တောင့်တင်းခိုင်မာသောပေါင်ပေါ်တွင် ထိုင်နေရပြီး တင်းကျပ်စွာပွေ့ဖက်ခံထားရကာ မလှုပ်ရှားဝံ့ဘဲ သူ့စိတ်သူတည်ငြိမ်စေရန် လုပ်နေခဲ့ရသည်။
စိတ်လျှော့ စိတ်လျှော့...
သူ၏သက်တောင့်သက်သာမဖြစ်မှုကို လျှော့ချရန် ကျီလင် ခေါင်းမော့ပြီး အဝေးသို့လှမ်းကြည့်၍ အာရုံပြောင်းလိုက်သည်။ မမျှော်လင့်စွာပင် ကန်တင်း၏တစ်ဖက်ထောင့်၌ နဉ်ယွီတစ်ယောက်တည်းထိုင်ပြီး တိတ်ဆိတ်စွာ မနက်စာစားနေသည်ကို တွေ့လိုက်ရသည်။
ဟေး နဉ်ယွီလည်း ဒီကိုရောက်နေတာပဲ...
သူ ဘရန်ဒန်နဲ့ ပြန်မလိုက်သွားဘူးလား...
ကျီလင် နဉ်ယွီကိုတွေ့လိုက်ချိန်၌ ပို၍ ဝမ်းနည်းလာခဲ့ပြီး သူ့အမူအရာက အိပ်မွေ့ချခံရသကဲ့သို့ ဖြစ်လာခဲ့သည်။ သူ ကျင်းဆွေ့ကို အသိပြန်ဝင်လာစေရန် ရေအေးများဖြင့် လောင်းချချင်မိခဲ့သည်။
ဒီလိုမျိုး တော်ပြီး ဆွဲဆောင်မှုရှိတဲ့ဇာတ်လိုက်တစ်ယောက်လုံး ခင်ဗျားရှေ့မှာရှိနေတယ်လေ...သူက ဇွဲရှိတယ်၊ သတ္တိရှိတယ်၊ ဖြောင့်မတ်မှန်ကန်တယ်...ကျွန်တော့်မှာ မရှိသမျှ အားသာချက်တွေအကုန်လုံးရှိနေတာကို...ခင်ဗျား ဘာလို့ အဲဒီလိုမျိုးလူကျ သွားမကြိုက်ဘဲ ကျွန်တော့်လို အရှုံးသမားအမြောက်စာဇာတ်ကောင်ကို လာကြိုက်နေရတာလဲ... ခင်ဗျား တကယ်ပဲ ဘာဖြစ်နေတာလဲ...
ကျင်းဆွေ့က ကျီလင် စိတ်ပျံ့နေသည်ကိုသတိပြုမိ၍ သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ နဉ်ယွီကိုတွေ့လိုက်ရပြီး သူ့မျက်လုံးများ အနည်းငယ်မှိန်ဖျော့သွားခဲ့သည်။
ကျီလင် အရင်ကအကြောင်းတွေကို ထပ်တွေးနေပြန်ပြီပဲ...
ဒီကလေး ဘယ်တော့မှ သူ့မနာလိုမှုတွေလွှတ်ချပြီး နဉ်ယွီက ငါနဲ့ဘာမှမဆိုင်ဘူးဆိုတာနဲ့ ငါ သူ့ကို တကယ်ကြိုက်တယ်ဆိုတာ ယုံလာမှာလဲ...
ကျင်းဆွေ့၏မျက်လုံးများထဲ ကူကယ်ရာမဲ့မှု အရိပ်အယောင်များပေါ်လာခဲ့သည်။ သူ ဤဘဝတွင် နဉ်ယွီနှင့် အမည်ခံဆက်ဆံရေးမျိုး မရှိရသေးချေ။ သူက လူအများ၏ စိတ်ကိုအနိုင်ယူရန်အတွက် နဉ်ယွီကို ချီးကျူးခဲ့သော်လည်း ၎င်းမှာ ဟန်ပြသက်သက်သာဖြစ်သည်။
သို့သော် ၎င်းက ကောင်ငယ်လေးကို စိတ်ပျက်၊ ဝမ်းနည်းစေရန်လုံလောက်သည်။ ပို၍ဆိုးသွားစေသည်မှာ ကားလို့စ်က ထိုအချက်ကိုဆုပ်ကိုင်ပြီး ကောလဟာလများဖြန့်ကာ သူ့ကိုအဆက်မပြတ် တိုက်ခိုက်ခဲ့သည်။
သို့သော် ကျင်းဆွေ့က မည်သူ့ကိုမှအပြစ်မတင်နိုင်ချေ။ နောက်ဆုံးတွင် ၎င်းက သူ့အမှားသာဖြစ်သည်။ သူ၏ လျစ်လျူရှုမှုက ကောင်ငယ်လေးကို နာကျင်စေပြီး ကားလို့စ့်အတွက် အခွင့်ကောင်းယူနိုင်သော အခြေအနေဖြစ်စေခဲ့သည်။
ပျက်စီးမှုများက သဲလွန်စမရှိတော့သော်လည်း သူ ဖန်တီးခဲ့သောအက်ရာများက ပြုပြင်ရန်ခက်ခဲလှသည်။
ယခင်ဘဝက သူလုပ်ခဲ့သည်များကို ပြန်တွေးမိပြီး ကျင်းဆွေ့၏စိတ်ထဲ နာကျင်လာခဲ့သည်။ သူ ကောင်ငယ်လေး၏ ဘေးတိုက်မျက်နှာကို လောဘကြီးစွာစိုက်ကြည့်ပြီး ပထမဆုံးအကြိမ်အဖြင့် ပြန်လည်မွေးဖွားလာရသည့်အတွက် ကံကောင်းသည်ဟု ခံစားခဲ့ရသည်။
ကံကောင်းချင်တော့...အဲဒီအရာတွေ ဖြစ်မလာသေးဘူး...
မင်း အဲဒီလိုအရာတွေ မသိသေးတာ ကောင်းတယ်...
မဟုတ်ရင် ကိုယ် မင်းကို ဒီလိုမျိုး နီးနီးကပ်ကပ်ပွေ့ဖက်နိုင်မယ့် အခွင့်အရေးမျိုး ထပ်မရနိုင်မှာကို စိုးမိတယ်...
သူက စက်ဆုပ်ဖွယ်ကောင်းသော လူလိမ်တစ်ယောက်နှင့်တူလှသည်။ သူက ထိုသည်းမခံနိုင်သောအဖြစ်မှန်များကို ဖုံးကွယ်ကာ ဘာမှမဖြစ်သကဲ့သို့ဟန်ဆောင်ပြီး သူ့ချစ်ရသူ၏ကြင်နာမှုကိုရရှိရန် ရုပ်ဖျက်ထားခဲ့သည်။ သူ၏မိမိကိုယ်ကို အပြစ်တင်စိတ်နှင့် နာကျင်မှုများအားလုံးကို သူ့နှလုံးသားထဲ မြှုပ်နှံထားပြီး မည်သူမှရှာမတွေ့နိုင်စေရန် သတိထားခဲ့သည်။
ကျင်းဆွေ့ မျက်လွှာချလိုက်ပြီး သူ့ခံစားချက်များက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
ကျီလင်က ကျင်းဆွေ့ကိုတတ်နိုင်သမျှ အမြန်ဆုံးဖယ်ရှားနိုင်ရန်အတွက် အလွန်ကောင်းမွန်စွာ ပြုမူခဲ့သည်။ သူက အနည်းငယ်စားသောက်ပြီးနောက် ကျင်းဆွေ့၏ပေါင်ပေါ်မှခုန်ဆင်းကာ ရှက်သွေးဖြာနေသောမျက်နှာဖြင့် ပြောလိုက်သည်။
"ဗိုက်ဝသွားပြီ..."
ကျင်းဆွေ့က သူ့မျက်လုံးထဲရှိခံစားချက်များကို ဖုံးကွယ်ပြီး ပြုံးကာ ပြောလိုက်သည်။
"တကယ်လား..."
ကျီလင်က အားတက်သရောခေါင်းညိတ်ပြလိုက်သည်။
ကျင်းဆွေ့က ကျီလင်ရှက်နေခြင်းဖြစ်မည်ဟု တွေးမိသော်လည်း ၎င်းကိုမဖော်ထုတ်ခဲ့ချေ။ ထိုအစား ကျင်းဆွေ့က သူ့ခေါင်းကိုထိကာ ပြောလိုက်သည်။
"ဒါဆို သွားနားတော့လေ... ကိုယ်တို့ အဲဒီကို နေ့လယ်လောက်မှ ရောက်လောက်မယ်..."
___
ကျီလင်က ကျင်းဆွေ့ကိုရှောင်ရန် သူ့အခန်းထဲ၌သာ နေခဲ့သည်။ ကျင်းဆွေ့က နေရာတိုင်း၌ရှိနေသောကြောင့် သူ အပြင်မထွက်ချင်ခဲ့ပေ။
အချိန်က တဖြည်းဖြည်းကုန်ဆုံးလာပြီး နေ့လည်ခင်းသို့ရောက်လာခဲ့သည်။
လေးနာရီထိုးတွင် တံခါးခေါက်သံတစ်ခုထွက်လာခဲ့သည်။
ကျီလင်က တံခါးကိုအချိန်အတန်ကြာ စိုက်ကြည့်ပြီး သူ့စိတ်သူပြင်ဆင်ကာ သူ့ကိုယ်သူပြောနေခဲ့သည်။
ရပါတယ်...အဆင်ပြေပါတယ်...အသား နည်းနည်းယူခံရရုံပဲဟာ...ဘာကိစ္စရှိမှာမို့လို့လဲ...ငါ ကျောင်းတတ်တုန်းကလည်း သူငယ်ချင်းတွေနဲ့ ပေါင်းဖူးတာပဲမလား...
ကျင်းဆွေ့က လူမဟုတ်ဘူးလို့ပဲ သဘောထားကြရအောင်...
မဟုတ်သေးဘူး...NPCနဲ့ ချစ်ရမယ်လို့ပဲ သဘောထားကြရအောင်...
ငါ မစ်ရှင်ပြီးလို့ အိမ်ပြန်နိုင်သရွေ့ ဒါက ဘာမှမဟုတ်ဘူး...
ကျီလင်၏စိတ်က ရုတ်တရက်လှုပ်ရှားလာခဲ့သည်။
သူ သတ္တိများစုဆောင်းပြီး ရှေ့သို့လျှောက်သွားကာ တံခါးဖွင့်လိုက်သည်။
ကျင်းဆွေ့က ပေါ့ပေါ့ပါးပါးအဝတ်အစားများကို ပြောင်းဝတ်ထားပြီး ကွက်တိကျသောမီးခိုးရောင်အဝတ်အစားက သူ၏ ပြီးပြည့်စုံသောခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။ သူ့တွင် ကျယ်ပြန့်သောပခုံး၊ ကျဉ်းမြောင်းသောခါးရှိပြီး သူ့ခြေထောက်များက ဖြောင့်စင်းကာ ခိုင်ခံ့နေသည်။ သူ၏အနက်ရောင်ဆံပင်များကို ခေါင်းနောက်တွင်စုချည်ထားပြီး သူ၏ရွှေရောင်မျက်လုံးများက ပြုံးယောင်သမ်းနေကာ ကျီလင်ကို ပြောလာခဲ့သည်။
"ဆင်းကြရအောင်..."
ကျီလင်က ကျင်းဆွေ့၏လက်ကိုဆွဲကိုင်၍ ရက်ပေါင်းများစွာကြာပြီး နောက်ဆုံးတွင် ကြယ်သင်္ဘောပေါ်မှဆင်းလာခဲ့သည်။
သူ ခေါင်းမော့ကြည့်ပြီး အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ချေ။
ဒီဂြိုဟ်က အရမ်းလှတာပဲ...
အမှန်တွင် ရှန်းယွင်ကြယ်က အတော်လေးနာမည်ကြီးပြီး ကားလို့စ် သူ့ကိုပေးခဲ့သည့် ပင်လယ်ပြာကြယ်ကဲ့သို့ လှပကျော်ကြားသည်။ သို့သော် သူ့ယခင်ဘဝကဖြစ်စေ ယခုဘဝဖြစ်စေ ကျီလင်က မစ်ရှင်များနှင့် အလုပ်များနေပြီး အိမ်ပြန်ရန်အတွက်သာ အာရုံစိုက်ထားခဲ့သောကြောင့် ဤလောကရှိအလှတရားများကို ဂရုစိုက်ရန်အချိန်မရခဲ့ချေ။
ယခု သူ့အရှေ့ရှိ အဆုံးမဲ့သော တိမ်တိုက်များကိုကြည့်ကာ အံ့အားသင့်နေခဲ့သည်။ သူတို့က တိမ်များအုံ့ဆိုင်းနေသော တောင်ထိပ်တွင် ရပ်နေပြီး တောင်ထိပ်များပေါ်တွင် နတ်နန်းတော်များကဲ့သို့ အဆောက်အဦးမျိုးစုံရှိနေကာ နတ်ဘုံနှင့်တူလှသည်။
ပြောရလျှင် ဤနေရာက ရှန်းရှဝတ္ထုများထဲရှိ နတ်ဘုံလောကနှင့်တူပြီး ကျင်းဆွေ့၏ ကြီးမားသောကြယ်သင်္ဘောက သိပ္ပံစိတ်ကူးယဉ်ဝတ္ထုမှ ထွက်လာသကဲ့သို့ဖြစ်သည်။ ကြီးမားသောကြယ်သင်္ဘောက ရှန်းယွင်ကြယ်တွင် ရပ်တန့်နေပြီး စိတ်ကူးယဉ် သိပ္ပံလောကနှင့် ရှန်းရှလောကချိတ်ဆက်သွားသလိုပင်။
သို့သော် ဤလောကရှိ စိတ်ကူးယဉ်သိပ္ပံစွမ်းအင်က သံသယဝင်ရန် မလိုအောင်ပင် ပိုအားကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ရှန်းယွင်ကြယ်က အင်ပါယာ၏ နယ်မြေထဲမှတစ်ခုဖြစ်သောကြောင့်ပင်။ ဤဂြိုဟ်ပေါ်ရှိလူများက သဘာဝအတိုင်းသန်မာပြီး လှပကြသော်လည်း မရေမတွက်နိုင်သောနှစ်ပေါင်းများစွာ ဆင့်ကဲပြောင်းလဲလာခဲ့သည့် အင်ပါယာအထက်တန်းလွှာများနှင့် မယှဉ်နိုင်ချေ။ အားနည်းသူများက သန်မာသူများ၏ လက်အောက်ခံရုံသာတတ်နိုင်ခဲ့သည်။
ခပ်လှမ်းလှမ်းရှိ တိမ်ပင်လယ်မှ လှေငယ်တစ်စင်း လွင့်မြောလာခဲ့သည်။ လှေပေါ်တွင်လိုက်ပါလာသော အဖြူရောင်အဝတ်အစားဖြင့်လူက လေးစားစွာဖြင့် ဦးညွှတ်ပြလာခဲ့သည်။ သူ့တွင် ချွန်မြသောနားရွက်နှင့် ကျောက်မျက်ရတနာကဲ့သို့ မျက်ဆံများရှိပြီး ဤဂြိုဟ်၏ ဒေသခံဖြစ်သည်။
ကျင်းဆွေ့က တစ်ဖက်လူကို တစ်ချက်မျှကြည့်ပြီး ခေါင်းပြန်လှည့်ကာ ကျီလင်၏ လက်ကိုဆွဲ၍ အပြုံးဖြင့်ပြောလိုက်သည်။
"ကိုယ် မင်းကို နေရာတစ်ခုဆီ ခေါ်သွားပေးမယ်.."
အဖြူရောင်ဝတ်စုံဖြင့်လူက လှေငယ်ကိုပြန်မောင်းနှင်ပြီး တိမ်ပင်လယ်ထဲသို့ ဖြည်းညှင်းစွာ လွင့်မြောလာခဲ့သည်။ ကျီလင်က လှေထဲ၌ထိုင်ပြီး အောက်ကိုငုံ့ကြည့်လိုက်ရာ လှေနံဘေးတစ်ဖက်တစ်ချက်စီတွင် လှော်တက်ဆယ်ချောင်းရှိပြီး လေများရိုက်ခတ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းက မည်သည့်နည်းပညာ ဖြစ်သည်ကို သူ မသိချေ။ သူအဝေးသို့ တစ်ဖန်လှမ်းကြည့်လိုက်ရာ တိမ်ပင်လယ်ထဲရှိ တောင်အထပ်ထပ်များကို တွေ့လိုက်ရသည်။ အချို့တောင်ထိပ်များတွင် သက်တန့်အလင်းရောင်များဝန်းရံနေလျက်ရှိသည်။
အိမ်မက်တစ်ခုလိုပဲ အရမ်းလှလွန်းတယ်...
ကမ္ဘာမြေမှကောင်လေး ကျီလင်၏ နှုတ်ခမ်းများပွင့်ဟသွားခဲ့သည်။
သူတို့ကမ္ဘာမြေတွင်လည်း ဟိုလိုဂရက်ဖစ် နည်းပညာများစွာရှိသော်လည်း ကိုယ်ပိုင်မျက်စိနှင့်မြင်ရသည်ထက် အံ့သြဖွယ်ကောင်းသောအရာမရှိချေ။
ကျင်းဆွေ့က သူ့ဘေးနားတွင်ထိုင်ပြီး ကျီလင်၏စပ်စုသောကလေးတစ်ဦးကဲ့သို့ ဝိုင်းစက်နေသည့် မျက်လုံးများကိုကြည့်ကာ ပြုံးမိသွားခဲ့သည်။ အနာဂတ်တွင် သူအချိန်ရတိုင်း ကျီလင်ကို အပြင်ခေါ်သွားပေးရန်ဆုံးဖြတ်လိုက်သည်။ အင်ပါယာတွင် ဤနေရာထက်ပိုလှသော ရှုခင်းများစွာရှိသည်။ ဤကလေး အင်ပါယာကြယ်တွင်နေပြီး ထိုအထက်တန်းလွှာလူပေါ်ကြော့များနှင့် တစ်နေကုန်အချိန်ဖြုန်းခြင်း၍ လိမ္မာသောကလေးမှ ဆိုးသွမ်းသောကလေးအဖြစ် ဖျက်ဆီးခံရမည့်အစား သူ့အနားတွင်နေသည်က ပိုကောင်းသည်။
ထိုအခါ ဆိုးသွမ်းရန် စိတ်ကူးရှိတော့မည်မဟုတ်ချေ။
ကျီလင်က ကျင်းဆွေ့၏ရှုခင်းမှာ သူဖြစ်နေသည်ကို မသိဘဲ အပြင်ဘက်သို့ ငေးကြည့်နေခဲ့သည်။ လှေက တောင်ထိပ်တစ်ခုဘေးသို့ ဖြည်းညင်းစွာ ဆိုက်ကပ်သွားခဲ့သည်။
ကျင်းဆွေ့က ကျီလင်ကိုပြောလိုက်၏။
"ကိုယ်တို့ရောက်ပြီ..."
သူတို့က ကျောက်လှေကားထစ်များပေါ် လျှောက်သွားခဲ့ကြသည်။ ကျင်းဆွေ့က လမ်းတစ်လျှောက် ကျီလင်၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားသဖြင့် ကျီလင်၏မျက်နှာတစ်ခုလုံးနီရဲနေခဲ့သည်။ သူ့စိတ်ထဲတွင် ကျင်းဆွေ့ကိုငြင်းဆန်ကာ မနီးစပ်ချင်သော်လည်း ဤရှန်းယွင်ကြယ်အကြောင်းကိုမူ အမှန်တကယ်သိချင်နေပြီး လျှောက်ကြည့်ချင်ခဲ့သည်။ သို့သော် သူ၏လက်ရှိပင်ကိုယ်စရိုက်က သူ့ကိုအဝေးကြီးသွားရန် ခွင့်မပြုထားပေ။ ထို့ကြောင့် သူက ဂရုမစိုက်ဟန်ဆောင်ပြီး မျက်လုံးများဖြင့် လှည့်ပတ်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
ကျင်းဆွေ့က ကျီလင်၏ကိုးရိုးကားယားဆန်ပြီး ရှက်ရွံ့နေသောအသွင်အပြင်ကိုကြည့်ကာ သူ့မျက်လုံးများထဲ အပြုံးတစ်ခုပေါ်လာခဲ့သည်။
သူ ကျီလင်ကို တောင်ထိပ်ရှိကျောက်စိမ်းနှင့်တူသည့် ကျယ်ပြန့်သောစင်မြင့်တစ်ခုဆီ ခေါ်သွားခဲ့သည်။ ၎င်းတွင် ရှည်လျားသောသမိုင်းကြောင်း ရှိသည်။ ၎င်းပေါ် ရပ်နေပါက အောက်ဘက်ရှိ အဆုံးမရှိသောတိမ်ပင်လယ်ကို မြင်နိုင်သည်။ ၎င်းက လှပ၍ အံ့မခန်းဖွယ်ကောင်းသော်လည်း အန္တရာယ်ရှိလှသည်။ လူအများက သတိမထားမိပါက ပေတစ်သောင်းအနက်ရှိသည့်ချောက်နက်ထဲသို့ အချိန်မရွေးကျသွားနိုင်သကဲ့သို့ ခံစားရစေသည်။
ကျီလင် ထိုနေရာကို စူးစမ်းစွာကြည့်နေပြီး ဓာတ်ပုံမရိုက်နိုင်သည့်အတွက် နှမြောမိသွားခဲ့သည်။ ၎င်းက ဓာတ်ပုံမရိုက်ဘဲ ခရီးထွက်ရသကဲ့သို့ နောင်တရဖွယ်ကောင်းလှသည်။
ထိုအချိန်တွင် ကျင်းဆွေ့၏နက်ရှိုင်းပြီး ပြတ်သားသောအသံကိုကြားလိုက်ရသည်။
"ဒီနေရာကို ရှန်းယွင်ပွဲကြည့်စင်လို့ခေါ်တယ်...ဒီနေရာက ရှင်းယွင်ကြယ်က ချစ်သူတွေ ကတိသစ္စာပြုကြတဲ့နေရာပဲ..."
ကျီလင် : "…"
အရှင်ဧကရာဇ်ရေ ခင်ဗျား ဒီလိုမျိုး အချစ်ထဲနစ်မြုပ်နေရလား...နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လေးနက်တဲ့အရာတစ်ခုခု တွေးနေလို့မရဘူးလား...
✨✨✨