Chapter 52
Viewers 15k

✨ Chapter 52

ကာကွယ်ခြင်း



ကျီလင် ခဏခန့်ကြောင်အသွားပြီး ၎င်းက ဇာ့ဂ်ဘုရင်မထံမှ တိုက်ခိုက်ခံရခြင်းဖြစ်နိုင်သည်ဟု သဘောပေါက်သွားခဲ့သည်။ ယခင်ဘဝတွင် အခြေစိုက်စခန်းကိုအလစ်ဝင်တိုက်ပြီး ဘရန်ဒန်ကိုအန္တရာယ်ဖြစ်စေခဲ့သော လျှို့ဝှက်ဇာ့ဂ်ဘုရင်မတစ်ကောင်ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သူတို့နှစ်ဦးလုံးပြန်လည်မွေးဖွားလာသောကြောင့် သေချာပေါက် ထိုကဲ့သို့အန္တရာယ်ရှိလာလိမ့်မည်မဟုတ်ချေ။ 


ကျီလင် သူ့စိတ်သူဖြေလျော့လိုက်သည်။


အပြင်ဘက်တွင် မှောင်မိုက်နေပြီး 'ဘွန်း' ဟူသော အသံများက နားအူမတက်ဆူညံနေသောကြောင့် ကျီလင် လုံးဝအနားမယူနိုင်ခဲ့ချေ။ သူ ၎င်းကိုတစ်ခါကြုံတွေ့ပြီးဖြစ်သော်လည်း ထပ်မံကြုံတွေ့ရန် စိတ်မသက်မသာဖြစ်နေဆဲဖြစ်သည်။ အဆုံးတွင် သူ၏သိချင်စိတ်ကို ထိန်းမထားနိုင်ဘဲ တိတ်တဆိတ် တံခါးဖွင့်ကာ ဘာဖြစ်နေသည်ကိုသွားကြည့်ရန် ထွက်လာခဲ့သည်။


သူ ရှိနေသော အဆောက်အဦးက အလွတ်ဖြစ်နေပြီး လမ်းတွင်မည်သူနှင့်မျှ မဆုံခဲ့ရချေ။ စစ်သားများအားလုံး စစ်တိုက်ရန် ထွက်သွားခြင်းဖြစ်နိုင်သည်။


ကျီလင်က သတ္တုကော်ရစ်တာတစ်လျောက်လျှောက်သွားခဲ့သည်။ အပြင်ဘက်ရှိတိုက်ပွဲမှာ ပြီးဆုံးလုနီးပါးဖြစ်နေသည်။ ကျီလင် ကော်ရစ်တာမှ ဂရုတစိုက်ခေါင်းထုတ်ပြီး အပြင်ကိုလှမ်းကြည့်လိုက်သည်။ 


ရလဒ်အနေဖြင့် ရုတ်တရက် ကြီးမားသောဇာ့ဂ်အလောင်းတစ်ခုက အပေါ်မှ ပြုတ်ကျလာခဲ့သည်။ ရုပ်ဆိုးသောမကောင်းဆိုးဝါးက သွေးများစီးကျနေပြီး ကျီလင်၏ ခြေထောက်နားပြုတ်ကျလာခဲ့သည်။ ၎င်းက မသေသေးပုံရကာ အနည်းငယ်လှုပ်ရွလာပြီး ကျီလင်ကို သူ၏ကြောက်စရာကောင်းသော အစွယ်များဖြဲပြလာခဲ့သည်။ 


အားးး  


ကျီလင် ကြောက်လန့်တကြား ထိုင်ချလိုက်ပြီး သူ့မျက်နှာက ဖြူဖျော့သွားကာ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ချေ။ 


သေစမ်း ငါ ထွက်မလာသင့်ဘူး...


စူးစမ်းချင်စိတ်က ကြောင်တစ်ကောင်ကိုသေစေနိုင်တယ်...


ဘရန်ဒန်က ဇာ့ဂ်ဘုရင်မနှစ်ကောင်ကိုသတ်ရန် ကျင်းဆွေ့နှင့်ပူးပေါင်းခဲ့သည်။ သူတို့က အခြေစိုက်စခန်းရှိပိုက်ကွန်မှလွတ်ထွက်သွားသောဇာ့ဂ်များကို ရှင်းလင်းနေခဲ့သည်။ ထိုအချိန်တွင် ကောင်ငယ်လေးက ကော်ရစ်တာမှ သတိကြီးစွာဖြင့် ခေါင်းထုတ်ကြည့်လာသည်ကို တွေ့လိုက်ရသည်။ သို့သော် ရုတ်တရက် သူ့အရှေ့သို့ ပြုတ်ကျလာသော ဇာ့ဂ်အလောင်းကြောင့် သူ့မျက်နှာက ကြောက်ရွံမှုဖြင့် ဖြူဖျော့သွားခဲ့သည်။


ဘရန်ဒန်၏မျက်လုံးများ အေးခဲသွားပြီး သူ၏မက်ခါမှ ရုတ်တရက်ခုန်ထွက်ကာ မြေပြင်ပေါ်သို့ ခုန်ဆင်းလာခဲ့သည်။ သူ့ မတုံ့ဆိုင်းဘဲ ကြောက်ရွံ့နေသော ကောင်ငယ်လေးကိုကူညီရန် ရှေ့တိုးသွားပြီး အနည်းငယ်တုန်ယင်နေသော ခန္ဓာကိုယ်ကိုပွေ့ဖက်ကာ ကျောပြင်ကို ညင်သာစွာပုတ်ပေး၍ ပြောလိုက်သည်။ 

"အဆင်ပြေပါတယ်... အဆင်ပြေပါတယ်..."


သူ ကောင်ငယ်လေး၏ကြောက်ရွံမှုကို ခံစားနိုင်ပေသည်။ သူ၏လက်မောင်းများကို ကောင်ငယ်လေးက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အားနည်းနေပုံရသည်မှာ ထင်ရှား၏။


သို့သော် ဘရန်ဒန်သတိရမိသွားသည်မှာ ယခင်ဘဝတွင် ကျီလင်က မက်ခါမောင်းနှင်လျက် ဇာ့ဂ်အလောင်းများနှင့် သွေးများပြည့်နေသည့်လမ်းကိုဖြတ်ကာ သူ့ဆီရောက်လာသော မြင်ကွင်းဖြစ်သည်။


တကယ်သေရမှာကြောက်ပြီး ဘဝကို လောဘကြီးတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလိုသတ္တိမျိုးရှိနိုင်မှာလဲ...


ကျီလင်က အလွန်အားနည်းပုံရသော်လည်း အရေးကြီးသောအခိုက်အတန့်တွင် မလိုအပ်သောသတ္တိဖြင့် သူ့အသက်ကိုစွန့်စားကာ လူအများအပြားမလုပ်နိုင်သော အရာကိုလုပ်ခဲ့သည်။


ဒါပေမယ့် ဒီဘဝမှာတော့ မင်းကို အဲဒီလိုသတ္တိမျိုး ဘယ်တော့မှ ထပ်မရှိစေချင်တော့ဘူး... မင်း အဲဒီလိုမျိုး စွန့်စားရမယ့်နေ့မျိုး ဘယ်တော့မှထပ်မရောက်လာစေချင်ဘူး... မင်းက အခုလိုမျိုး အကာအကွယ်ခံနေရဖို့ပဲလိုတယ်...


ဘာလို့လဲဆိုတော့ ကိုယ် မင်းကို ကာကွယ်ပေးချင်လို့ပဲ... မင်းက ကိုယ့်ကို ကယ်တင်တာ မဟုတ်ဘဲ ကိုယ်က မင်းကို ကာကွယ်ပေးမှာ...


ဘရန်ဒန်၏မီးခိုးရောင်မျက်ဆံများတွင် ရှုပ်ထွေးမှုနှင့် နူးညံ့မှုများရောယှက်နေပြီး သူ့နှလုံးသားထဲ မရင်းနှီးသောခံစားချက်အချို့ထွက်ပေါ်လာခဲ့သည်။ သူ ကောင်ငယ်လေးကို မခြောက်လှန့်မိစေရန် တတ်နိုင်သမျှတိုးနိုင်သောအသံဖြင့် ဖြည်းညင်းစွာပြောလိုက်သည်

"မကြောက်ပါနဲ့... ကိုယ်မင်းကို ကာကွယ်ပေးမယ်..." 


ကျီလင် စောစောက အမှန်တကယ်ထိတ်လန့်နေပြီး ဘရန်ဒန်ကို ထိတ်လန့်တကြားဖက်ထားမိခဲ့သည်။ သို့သော် ဘရန်ဒန်၏ညင်သာသောစကားလုံးများ ကြားလိုက်ရချိန်တွင် သူ့ခန္ဓာကိုယ်က တစ်ခဏခန့် တောင့်တင်းသွားခဲ့သည်။


ကျွန်တော်က ကြွက်တစ်ကောင်လို သူရဲဘောကြောင်ပြီး သေရမှာကြောက်နေတာကို ခင်ဗျားက ဘာလို့လာနှစ်သိမ့်ပေးနေသေးတာလဲ...ကျွန်တော် ခင်ဗျားကို ဒီဘဝမှာ ကယ်တောင်မကယ်ရသေးဘူးလေ... 


ကျီလင် ထိုအရာများအားလုံးကို ပို၍ပို၍ စိတ်ပျက်လာပြီး သူ့အမူအရာက ဗလာဖြစ်သွားကာ ဆက်လက်သရုပ်ဆောင်ရန်ပင် မေ့လျော့သွားခဲ့သည်။


သူ ၎င်းကို မည်သို့ဖြေရှင်းရမည်မသိဖြစ်နေစဉ် ရုတ်တရက်သူ့ရှေ့မှ အားပြင်းသော ခြေသံများထွက်ပေါ်လာခဲ့သည်။ အနက်ရောင်စစ်ဘွတ်ဖိနပ်နှင့် အနက်ရောင်စစ်ယူနီဖောင်းဝတ်ဆင်ထားသော အမျိုးသားက တည်ငြိမ်စွာဖြင့် သူတို့အနားသို့လျှောက်လာခဲ့သည်။


ကျင်းဆွေ့က ကျီလင်ကိုဖက်ထားသည့် ဘရန်ဒန်ကို အေးစက်နေသောရွှေရောင်မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူက သူတို့ကို စေ့စေ့စိုက်ကြည့်ပြီး ဩရှရှအသံဖြင့်ပြောလာခဲ့သည်။ 

"အရှေ့ဘက်ခြမ်းမှာရှင်းစရာတွေ ရှိနေသေးတယ်... မင်းသွားရှင်းပြီး ဒီနေရာကို ငါ့အတွက်ထားခဲ့လိုက်..." 


သို့သော် ဤတစ်ကြိမ်တွင် ဘရန်ဒန်က ချက်ချင်းမတုံ့ပြန်လာဘဲ ကျင်းဆွေ့၏မျက်လုံးများကို တိုက်ရိုက်ကြည့်လာကာ လေထဲ၌ ရပ်တန့်သွားခဲ့သည်။ 


ကျင်းဆွေ့က ဘရန်ဒန်ကို အေးစက်၊တင်းမာပြီး နက်မှောင်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ 


ခဏအကြာတွင် ဘရန်ဒန်က သူ့လက်ကို ဖြည်းညှင်းစွာ လွှတ်ပေးပြီး ကျီလင်ကို နက်ရှိုင်းသောမြတ်နိုးမှုများဖြင့် ကြည့်ကာ တစ်ဖက်သို့လှည့်၍ မတုံ့ဆိုင်းဘဲထွက်သွားခဲ့သည်။


သူ မလွှတ်ပေးချင်သော်လည်း ကျီလင်လိုအပ်သည်မှာ ကျင်းဆွေ့သာဖြစ်သည်။ 


အမြဲတမ်း ကျင်းဆွေ့တစ်ဦးတည်းသာဖြစ်သည်။


သူ ၎င်းကို ယခင်ဘဝကတည်းက ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်သည်။


ကျင်းဆွေ့က ဘရန်ဒန်ထွက်သွားသည်ကို ကြည့်ပြီးနောက် ကျီလင်ထံသို့ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။ ထို့နောက် သူ့ကို ညင်သာစွာပွေ့ချီကာ အခန်းထဲသို့ပြန်ပို့ပေးခဲ့သည်။  


ကျီလင်က ကျင်းဆွေ့ထံမှ အကြိမ်ပေါင်းများစွာ ခြောက်လှန့်ခံခဲ့ရသောကြောင့် မလှုပ်ရှားဝံ့ဘဲ ကျင်းဆွေ့၏ရင်ခွင်ထဲတွင် နာခံမှုရှိစွာနေခဲ့သည်။ ကျင်းဆွေ့က သူ့ကို အိပ်ရာပေါ်ဂရုတစိုက်ချပေးပြီး အိပ်ရာအစွန်း၌ထိုင်၍ နူးညံ့စွာပြောလာခဲ့သည်။ 

"ကြောက်နေတာလား..."


ဟုတ်တယ် အမှန်ပဲ... ကျွန်တော်ကသူရဲဘောကြောင်နေတဲ့သူ...ခင်ဗျားအမုန်းဆုံး သူရဲဘောကြောင်တဲ့သူပဲ... 


ကျီလင်က ဖျော့တော့စွာ ခေါင်းညိတ်ပြလိုက်သည်။


ကျင်းဆွေ့၏မျက်လုံးများက လှုပ်ခါသွားပြီး စောစောက အန္တရာယ်ရှိသော အခြေအနေကိုပြန်တွေးမိကာ သူ့နှလုံးသား အနည်းငယ်နစ်မြုပ်သွား၍ သက်ပြင်းချလိုက်မိသည်။  

"ကိုယ် မင်းကို အခန်းထဲမှာပဲ လိမ်လိမ်မာမာနေဖို့ပြောခဲ့တယ်လေ..."


ကျီလင်က ဘာစကားမပြောဘဲ နှုတ်ခမ်းများစေ့လိုက်သည်။


ကျင်းဆွေ့က ကူကယ်ရာမဲ့သောအကြည့်ကို ပြသခဲ့သော်လည်း ကောင်ငယ်လေးကို အပြစ်တင်ရန်ဝန်လေးနေ၏။ သူစောစောက အမှန်ပင် စိုးရိမ်ခဲ့ရသည်။ 


ငါ့ကလေးလေးက အရမ်းနုနယ်တော့ ဘယ်အန္တရာယ်ကိုမှ ခံနိုင်မှာမဟုတ်ဘူး... 


သူက ကားလို့စ်ရဲ့ပေါ့ပါးတဲ့ ထိုးနှက်ချက်ကိုတောင် မခံနိုင်တဲ့အထိ နုနယ်လွန်းတော့ ငါ့ရင်ခွင်ထဲမှာ သေဆုံးသွားခဲ့ရတာ...


ကျင်းဆွေ့ မျက်လုံးများမှိတ်လိုက်ပြီး သူ့မျက်လုံးထဲရှိနာကျင်မှုကို ဖုံးကွယ်လိုက်သည်။


ထိုမရေမတွက်နိုင်သောညများအတွင်း နောင်တနှင့် နာကျင်မှုများပေါ်လာခဲ့သည်။ သူ ကောင်ငယ်လေးကို ပြောရန်၊ မျှဝရန် အချိန်မရှိခဲ့သော အရာများစွာရှိသည်။ သူ ကောင်ငယ်လေးအပေါ် ကောင်းပေးရန်အချိန်ပင် မရှိခဲ့ချေ။ ထိုအချိန်က သူပြန်လည်ပြုပြင်ရန်အခွင့်အရေးဘယ်သောအခါမှ ရလိမ့်မည်မဟုတ်ဟု ထင်ခဲ့မိသည်။ 


အဘယ်ကြောင့်ဆိုသော် သူကဲ့သို့လူမျိုးက အမှားပြုပြင်ရန်အခွင့်အရေးနှင့် မထိုက်တန်သောကြောင့် ဖြစ်သည်။ 


အချိန်အတန်ကြာပြီးနောက် ကျင်းဆွေ့က လက်ဆန့်ထုတ်ကာ ကျီလင်ကိုညင်သာစွာစောင်ခြုံပေးပြီး လေးနက်စွာကြည့်လိုက်သည်။ 

"အိပ်တော့... အဲဒါက ပြီးသွားပြီ..."  


ဒီတစ်ခါတော့ ကိုယ်မင်းကို ကာကွယ်ပေးမယ်...


မင်းကို ဘယ်သူမှ ထပ်နာကျင်အောင်လုပ်ခွင့် မပေးတော့ဘူး...


 ………………


ကျင်းဆွေ့က ကျီလင်အိပ်ပျော်သည်အထိ စောင့်ပြီးနောက် ညင်သာစွာတံခါးပိတ်ကာ ထွက်သွားခဲ့သည်။ သူ အပြင်သို့လျှောက်သွားချိနမတွင် စစ်မြေပြင်က သန့်စင်ပြီးဖြစ်နေသည်ကို မြင်လိုက်ရ၏။ သံမဏိအခြေစိုက်စခန်းက ညအမှောင်တွင်တိတ်ဆိတ်နေပြီး လေထုထဲ၌ ဤနေရာတွင် ရက်စက်သောတိုက်ပွဲဖြစ်ခဲ့ကြောင်း သိသာစေသည့် သွေးနံ့အနည်းငယ်သာ ကျန်ရှိတော့သည်။ 


နီညိုရောင်ဆံပင်နှင့် မီးခိုးရောင်မျက်လုံးများရှိသော လူတစ်ယောက်က တံခါးဝတွင် အစောင့်ကဲ့သို့ရပ်နေခဲ့သည်။ သူထိုနေရာ၌ ရပ်နေသည်မှာ မည်မျှကြာပြီကို မည်သူမှ မသိချေ။ သူ ခေါင်းမော့လာပြီး အေးစက်သောမျက်နှာကို ထုတ်ပြ၍ ကျင်းဆွေ့ကို တည်ငြိမ်စွာကြည့်လာခဲ့သည်။ 


ကျင်းဆွေ့က တည်ငြိမ်စွာပြောလိုက်သည်။ 

"မင်း ငါ့ကို စောင့်နေတာပဲ..." 


ဘရန်ဒန်က ကျင်းဆွေ့ကို စိုက်ကြည့်လိုက်သည်။ သူ၏ချောမောသော မျက်နှာပေါ်ရှိ ရွှေရောင်မျက်ဆံများက ယခင်ကကဲ့သို အေးစက်နေပြီး ခံစားချက်များမြင်ရရန်ခက်ခဲပေသည်။ သူက မည်သည့်အရာကိုမျှ နှလုံးသားထဲမထည့်ထားပုံရသည်။


ဒါဆို ဒီတစ်ခါရော ကျီလင်ကို မင်းနှလုံးသားထဲတကယ်ထည့်ရဲ့လား...


ဒါမှမဟုတ် အရင်ဘဝက အပြစ်ရှိစိတ်ကြောင့်ပဲလား...


ဘရန်ဒန်၏ နံဘေးတွင်ချထားသောလက်များက ဖြည်းညှင်းစွာ တင်းကျပ်သွားခဲ့သည်။ 


ကျင်းဆွေ့၏ရင်ခွင်ထဲ ကျီလင်ရှိနေသည် မြင်ရချိန်တိုင်း ကျီလင် ကျင်းဆွေ့အား ချစ်မြတ်နိုးသော မျက်လုံးများဖြင့်ကြည့်နေသည့်မြင်ကွင်းကိုပြန်မြင်ယောင်လာခဲ့သည်။ သူ ၎င်းကိုတွေးလိုက်မိသည်နှင့် သူ့နှလုံးသားထဲ ချဉ်စူးသောခံစားချက်များ စီးဝင်လာခဲ့သည်။ 


ထိုကဲ့သို့ ခံစားချက်က သူ့ယခင်ဘဝ၌ နဉ်ယွီနှင့် ကျင်းဆွေ့တို့အတူတူရှိစဉ်ကပင် မခံစားခဲ့ရသောခံစားချက်မျိုးဖြစ်သည်။ 


ဒီခံစားချက်က သဝန်တိုတာများလား...


ငါလည်း သဝန်တိုတတ်တာပဲ...


ကျင်းဆွေ့က ကောင်ငယ်လေး၏ချစ်မြတ်နိုးမှုနှင့် ကောင်ငယ်လေးနှင့်သက်ဆိုင်သည့်အရာအားလုံး ပိုင်ဆိုင်နိုင်သောကြောင့် သူ မနာလိုဖြစ်မိသော်လည်း သူ လက်လွှတ်ပေးပြီး ကောင်ငယ်လေး ထွက်သွားသည်ကို ကြည့်ရုံသာတတ်နိုင်ခဲ့သည်။ သူက ကောင်ငယ်လေးအနားသို့ ချဥ်းကပ်ရန် အရည်အချင်းမပြည့်မီပေ။


ဘရန်ဒန်က အသက်ပြင်းပြင်းရှူပြီး ကျင်းဆွေ့၏မျက်လုံးများကိုကြည့်ကာ တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။

"မင်း သူ့ကို တကယ်သဘောမကျဘဲ အပြစ်ရှိစိတ်ခံစားနေရရုံဆိုရင် သူ့အနားကို ဒီလိုမျိုးဆက်မချဉ်းကပ်နဲ့တော့...သူ နာကျင်ရလိမ့်မယ်..." 


ကျင်းဆွေ့၏မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားပြီး ဘရန်ဒန်၏မျက်နှာကို စူးရှစွာ ကြည့်လိုက်သည်။ သူက သူ့သူငယ်ချင်းနှင့် အလွန်ရင်းနှီးပြီး သူတို့အချင်းချင်းပြန်လည်မွေးဖွားလာသည်ကို သိကြသည်။ 


ကျင်းဆွေ့၏ပါးလွှာသော နှုတ်ခမ်းများက အနည်းငယ်ပွင့်ဟလာပြီး မျက်လုံးများက ဓားသွားကဲ့သို့ထက်ရှကာ ညအမှောင်၏ အေးစက်မှုများပြည့်နေသောအသံဖြင့် ပြောလိုက်သည်။ 

"ငါ သူ့ကို မကြိုက်ဘူးလို့ မင်းဘယ်လိုလုပ်ပြောနိုင်ရတာလဲ..."



✨✨✨