Chapter 51
Viewers 15k

✨ Chapter 51



ကြာပွတ်က အသားမဲသောကောင်လေး၏ ခန္ဓာကိုယ်ကိုပေါ် ကျရောက်တော့မည့်အချိန်တွင် ရုတ်တရက် သန်မာသောလက်တစ်ဖက်က ကြာပွတ်၏အဖျားကို ပြင်းထန်စွာ ဆုပ်ကိုင်လာခဲ့သည်။ အရပ်မြင့်မြင့်အမျိုးသားတစ်ဦးက အသားမဲမဲ ကောင်လေးကို သူ့နောက်၌ကာကွယ်ထားပြီး ကျီလင်ကို မျက်မှောင်ကြုတ်လျက် ကြည့်လာခဲ့သည်။  


ဘရန်ဒန်က သူ့အား အောင်မြင်စွာ တားဆီးနိုင်သည်ကို ကျီလင် မြင်ချိန်တွင် စိတ်သက်သာရာရသွားသော်လည်း သူ့မျက်နှာပေါ်တွင်မူ မယုံကြည်နိုင်သော အမူအရာပေါ်လာပြီး ဒေါသတကြီးပြောလိုက်သည်။ 

"ရှေ့ကနေဖယ်ပေး..."


လူမြင်ကွင်းကြီးထဲ သာမန်လူတစ်ယောက်ကို ရိုက်နှက်နေတာတွေ့တယ်မလား...ဒီတစ်ခါတော့ ခင်ဗျား ဘာတတ်နိုင်သေးလဲ ကြည့်ရတာပေါ့...


ဘရန်ဒန်က ကြာပွတ်၏အဖျားကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး နှုတ်ခမ်းများစေ့၍ သူ့အရှေ့ရှိ မေးမော့ကာရန်စနေသည့်အမူအရာဖြင့် လှပသောကောင်ငယ်လေးကို ကြည့်လိုက်သည်။ ခဏအကြာတွင် သူ့မျက်လုံးများထဲ ကူကယ်ရာမဲ့မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။  


အမှန်တွင် သူ ကျီလင်ကို သတိထားမိသည်မှာ ကြာပြီဖြစ်သောကြောင့် သူ့ကိုတားရန် အချိန်မီရောက်လာနိုင်ခဲ့သည်။ သို့သော် အကြည့်တစ်ချက်ဖြင့် ကျီလင်က မည်သူ့ကိုမျှ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိသည်ကို သူပြောနိုင်သည်။ ကျီလင်၏ ကြာပွတ်က တစ်ဖက်လူ၏အရေးပါသောနေရာများကို ရှောင်ရှားခဲ့ပြီး သူ့လှုပ်ရှားမှုက လုံလောက်စွာ မမြန်ဆန်သလို မပြင်းထန်နေချေ။ သူ့အနားရှိလူများက သူ့ကို အလွယ်တကူ တားနိုင်ပေသည်။


ဘရန်ဒန် လူပေါင်းများစွာကို မြင်ဖူးခဲ့ပေသည်။ ကျီလင်က လူ့အသက်ကို ဘာမဟုတ်သကဲ့သို့ ဆက်ဆံတတ်သည့် ရက်စက်သူမဟုတ်ချေ။ ကောင်ငယ်လေး၏မျက်လုံးများထဲရှိ ရန်စမှုက ရှင်းလင်းစွာပင် သူ့ကို ရည်ရွယ်သည်။ 


သူ၏စိစစ်ချက်အရ ဤကဲ့သို့ ပြဿနာရှာရခြင်းမှာ သူနှင့် ကျင်းဆွေ့၏အာရုံစိုက်မှုရရှိရန်သာဖြစ်ပြီး အခြားသူကို အမှန်တကယ် မထိခိုက်စေချင်ပေ။


၎င်းက အစွယ်နှင့် လက်သည်းလေးများရှိသော ကြောင်ပေါက်လေးတစ်ကောင်နှင့် တူပေသည်။ ကြမ်းတမ်းပုံရသော်လည်း အနီးကပ်ကြည့်ပါက ၎င်းမှာ ဟန်ဆောင်မှုသာဖြစ်သည်ကို မြင်နိုင်သည်။ 


ကျီလင်က သံထည်ကဲ့သောမျက်နှာနှင့် အေးစက်စက်နှလုံးသားရှိသည်ဟု နာမည်ကြီးသော မာရှယ်က နှုတ်ခမ်းများဖွင့်ပြီး သူ့ကိုအပြစ်တင်လာရန် စောင့်ဆိုင်းနေခဲ့သည်။ သို့သော် အချိန်အတန်ကြာ စောင့်ဆိုင်းပြီးသည့်တိုင် ဘရန်ဒန်က ဘာမှမပြောလာဘဲ သူ့အားရှုပ်ထွေးသောအမူအရာဖြင့်ကြည့်နေသည်ကို ကျီလင်မြင်လိုက်ရသည်။

ဘရန်ဒန်က ညင်သာစွာသက်ပြင်းချပြီး ကူကယ်ရာမဲ့၊ အလိုလိုက်သောအကြည့်ဖြင့် သူ့ကိုကြည့်လာခဲ့သည်။ 


ကျီလင် : ?


အစ်ကိုကြီးရေ လာနောက်နေတာလား... ခင်ဗျားဘာဖြစ်နေတာလဲ...ကျွန်တော် ဒီလောက်တောင် လုပ်ခဲ့တာကို ခင်ဗျားအနည်းဆုံး တစ်ခုခုတော့ပြပေးလို့ရမလား...


ထိုအချိန်တွင် ကျင်းဆွေ့လည်း ဖြည်းညင်းစွာ ရောက်လာခဲ့သည်။


ဘရန်ဒန်က ကျီလင်ကိုတားရန် လုံလောက်ပြီး ကျီလင်ကို ကသိကအောက်အခြေအနေ၌ မထားမည်ကို သူ သိသောကြောင့် အလျင်စလိုမလာခဲ့ချေ။ 


ဘရန်ဒန် မြင်သည်ကို သူလည်း သဘာဝအတိုင်း နားလည်သည်။ ကောင်ငယ်လေးက ထိုလှုပ်ရှားမှုမလုပ်မီ သူ့တို့ဘက်သို့ တိတ်တဆိတ် ကြည့်လာသည်ကို မြင်ခဲ့ရ၏။ 


သူ မနေ့ကမှ ပြဿနာရှာသေးထားတာဆိုပေမယ့်...ငါ တကယ် ဘာမှမတတ်နိုင်ဘူး...


ကျီလင်က ကျင်းဆွေ့၏အမူအရာကိုမြင်ချိန်တွင် တစ်ခုခုမှားနေပြီဟု ခံစားရကာတွေးလိုက်မိသည်။ 

ငါ လုံလုံလောက်လောက် ရက်စက်အောင် သရုပ်မဆောင်ခဲ့မိလို့များလား...ဒါပေမယ့် ငါအရမ်းအလွန်ကြီးလည်း မလုပ်နိုင်ဘူးလေ...


ကျီလင်က ဘရန်ဒန်၏လက်ထဲရှိ ကြာပွတ်ကို ပြင်းပြင်းထန်ထန် ပြန်ဆွဲလုသော်လည်း မဆွဲနိုင်သောကြောင့် ရိုးရှင်းစွာပင် လွှတ်လိုက်သည်။ သူက ဘရန်ဒန်ကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။ 

"ခင်ဗျား ဘာဖြစ်ချင်လို့လဲ..." 


သို့သော် ကျီလင်တိုက်ခိုက်ရန် အခွင့်အရေး ထပ်မရှာနိုင်သေးမီ ကျင်းဆွေ့က လက်ဆန့်ပြီး သူ့ကိုဆွဲကာ ထိုနေရာမှ ချက်ချင်းလှည့်ထွက်လာခဲ့သည်။ 


ကောင်ငယ်လေးတွင် ရည်ရွယ်ချက်ဆိုးမရှိသည်ကို သူ သိသော်လည်း စောစောက ကောင်ငယ်လေး၏အပြုအမူမှာ လူအများကို ဒေါသဖြစ်စေနိုင်သည်။ သူ ထိုနေရာ၌ ဆက်နေဦးမည်ဆိုပါက သာမန်လူထုဝေဖန်ခံ ပစ်မှတ်ဖြစ်လာလိမ့်မည်ဖြစ်သည်။ အချို့အရာများက သီးသန့်ပြောရမည်ဖြစ်ကာ ကျန်သည်များကို ဘရန်ဒန်ကိုင်တွယ်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။  


ကျီလင်က ကျင်းဆွေ့ သူ့ကိုဘာစကားမှမပြောဘဲ ဆွဲခေါ်လာရန် မမျှော်လင့်ခဲ့ချေ။ သူ ချက်ချင်းရုန်းကန်လိုက်သော်လည်း သူ၏ခွန်အားက ကျင်းဆွေ့အရှေ့တွင် သစ်ပင်ကိုလှုပ်ရန်ကြိုးစားနေသော နှံကောင်ကဲ့သို့ ဖြစ်နေသည်။ သူက ထိုလူ့ကို အနည်းငယ်မျှပင် မတွန်းထုတ်နိုင်သောကြောင့် မျက်နှာနီမြန်းလာခဲ့သည်။ 


ကျင်းဆွေ့က ကျီလင်ကို သူ့အခန်းထဲသို့တည့်တည့်ခေါ်သွားခဲ့သည်။ သူ့နောက်ရှိ သတ္တုတံခါး အလိုအလျောက်ပိတ်သွားသံကိုကြားချိန်တွင် သူ ကျီလင်ကို လွှတ်ပေးလိုက်သည်။ 


ကျီလင်၏ဆံပင်များက ရုန်းကန်မှုကြောင့် အနည်းငယ်ရှုပ်ပွနေပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သွားခဲ့သည်။


သူ့ရှေ့ရှိ အရပ်မြင့်ပြီး ပိန်ပါးသောအမျိုးသား၏မျက်နှာချောချောက တည်တင်းနေပြီး နှင်းလွှာတစ်လွှာဖုံးအုပ်ထားသကဲ့သို့ဖြစ်နေသည်။ သူ၏ပါးလွှာသောနှုတ်ခမ်းများက မျဉ်းဖြောင့်တစ်ကြောင်းကဲ့သို့ စေ့ပိတ်နေသည်။ ကျီလင် စောစောက ကျင်းဆွေ့ သူ့အား မည်သို့ကြမ်းကြမ်းတမ်းတမ်းဆွဲခေါ်လာခဲ့သည်ကို သတိရသွားပြီး ခဏခန့်အံ့အားသင့်သွားခဲ့သည်။ 


နောက်ဆုံးတော့ အံ့သြစရာဖြစ်လာပြီပဲ... ကြည့်ရတာ ငါဒီတစ်ခါတော့ မှန်သွားပုံပဲ... နောက်ဆုံးတော့ ကျင်းဆွေ့ဒေါသထွက်လာခဲ့ပြီ... 


ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေကို ဆက်ထိန်းထားရပြီး ကျိုးကြောင်းမဆီလျော်တဲ့ပြဿနာတွေ ဆက်ရှာရမယ်... ကျင်းဆွေ့ရဲ့ထင်ယောင်ထင်မှားတွေကို ဖျက်ဆီးပြီး ငါ့ရဲ့ပုံစံအစစ်မှန်ကို မြင်ခိုင်းရမယ်...  


ကျီလင်က ချက်ချင်းမေးမော့ကာ မျက်လုံးများနီမြန်းလာပြီး ကျင်းဆွေ့ကို မကျေမနပ်ပြောလိုက်သည်။

"ခင်ဗျားက သာမန်လူတစ်ယောက်အတွက်နဲ့ ကျွန်တော့်ကိုတားခဲ့တာပဲ... ခင်ဗျား ကျွန်တော့်ကို လုံးဝဂရုမစိုက်မှန်းမြင်နေရတယ်...ခင်ဗျား ကျွန်တော့်ကိုအရူးလုပ်ဖို့ ချော့ခဲ့တာမလား..."


ကျင်းဆွေ့က ကောင်ငယ်လေး၏ဒေါသမျက်လုံးများကို ကြည့်လိုက်သည်။ 


ဒါဆို... ဒီကလေးက ငါ့ကိုအပြစ်တင်နေတုန်းပဲပေါ့... 


သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ 


ကျီလင် မသိစိတ်အရ နောက်သို့ခြေတစ်လှမ်းဆုတ်မိသွားပြီး သူ မတုံ့ပြန်နိုင်မီ ကျင်းဆွေ့က ရုတ်တရက်လက်ဆန့်လာကာ သူ့ခါးကိုဆုပ်ကိုင်၍ ရင်ခွင်ထဲသို့ ညင်သာစွာ ဆွဲသွင်းလာခဲ့သည်။ ကျင်းဆွေ့၏ နွေးထွေးသောအသက်ရှူသံက သူ့နားရွက်ပေါ်ဖြတ်ပြေးသွားပြီး ဩရှရှအသံက သူ့နားထဲတိုးဝင်လာခဲ့သည်။ 

"ကိုယ်တောင်းပန်ပါတယ်... ကိုယ်မင်းကို လျစ်လျူရှုခဲ့မိတယ်..." 


ကျီလင်: ???


ကျီလင်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းမော့ပြီး အလွန်နီးကပ်သောအကွာအဝေးမှ ကျင်းဆွေ့၏မျက်လုံးများကို ကြည့်လိုက်သည်။ ထိုရွှေရောင်မျက်ဆံများထဲ နူးညံ့မှုများ တဖြည်းဖြည်း ပေါ်လွင်လာသည်ကို ကျီလင် ထင်ရှားစွာမြင်လိုက်ရသည်။ 


ကျင်းဆွေ့က ကျီလင်၏မေးဖျားကို လက်တစ်ဖက်ဖြင့် ဆွဲမော့ပြီး သူ့နှုတ်ခမ်းတွင် ကူကယ်ရာမဲ့သောအပြုံးတစ်ခုပေါ်လာခဲ့သည်။ 

"ကိုယ် ဒီအတောအတွင်း အလုပ်အရမ်းများနေလို့ပါ...မင်းကိုလျစ်လျူရှုထားဖို့ မရည်ရွယ်ပါဘူး...ဒေါသမထွက်ပါနဲ့...မင်း ဒေါသထွက်ရင် ကိုယ်နာကျင်ရတယ်..."


ကျီလင် ချက်ချင်းပင် ကောင်းကင်မှ ငရဲသို့ရောက်သွားသလိုခံစားလိုက်ရသည်။ သူ့မျက်လုံးများထဲ စိတ်ပျက်အားလျော့မှုများထွက်ပေါ်လာပြီး လက်နှစ်ဖက်က ဒေါသဖြင့် တုန်ယင်လာခဲ့သည်။


ငါ့အသက်ကို ရင်းပြီး အချိန်အကြာကြီးကြိုးစားခဲ့တာတောင် သူ ဒေါသမထွက်ဘူးပေါ့လေ...အဲဒီအစား သူက ငါ့ကို လျစ်လျူရှုထားမိလို့ ငါက ဒီလိုမျိုးလှည့်ကွက်တွေ လုပ်နေတာလို့တောင် ထင်နေလိုက်သေးတယ်... 


အေးစက်ပြီး ကိုယ်ကျိုးမကြည့်တဲ့ ဧကရာဇ်ဘယ်ရောက်သွားလဲ... သာမန်လူတွေရဲ့အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ဂရုအစိုက်ဆုံးလို့ပြောခဲ့တဲ့ ဧကရာဇ်ဘယ်ရောက်သွားတာလဲ... ပြီးတော့ ခင်ဗျားက စာအုပ်ထဲက အဓိကဇာတ်ဆောင်လေ... ခင်ဗျားက ကားလို့စ်လို ဘာအမြင်မှမရှိတဲ့ ဗီလိန်အရူးမှမဟုတ်တာ...


အကြောင်းပြချက်မရှိဘဲ သာမန်လူတွေကို ရိုက်နှက်တတ်တဲ့ ငါ့လို အထက်တန်းလွှာလူပေါ်ကြော့ကိုတွေ့တာတောင် သူက ငါစိတ်ဆိုးမှာ စိုးရိမ်နေသေးတာလား...


ကျီလင်က ဒေါသတကြီးပြောလိုက်သည်။

"အဲဒါကို ဘယ်သူက ဂရုစိုက်နေလို့လဲ... အဲဒီ ဇာတ်နိမ့်က ဒီတိုင်း ကျွန်တော့်ကို ရိုင်းရိုင်းစိုင်းစိုင်းကြည့်နေလို့ အပြစ်ပေးခဲ့တာ..." 


ကျင်းဆွေ့က ချစ်မြတ်နိုးစွာပြောလိုက်သည်။ 

"ကောင်းပြီ ကောင်းပြီ...မင်းမှန်တယ်..."


ကျီလင် : "... "


ကျင်းဆွေ့က ကျီလင်ကို တင်းကြပ်စွာဖက်ထားပြီး သူတို့အလွန်နီးကပ်နေချိန်တွင် ကျီလင်၏ခန္ဓာကိုယ်က သူ အနည်းငယ်အားထပ်သုံးလျှင် ကျိုးပဲ့သွားမည့်ကဲ့သို့ အလွန်နူးညံ့နေသည်ကို သိလိုက်ရသည်။ သို့သော် ထိုကဲ့သို့ ပိန်ပါးသော ခန္ဓာကိုယ်အောက်တွင် ခိုင်မာပြီး တည်မြဲသော နှလုံးသားတစ်ခုရှိပေ၏။ ကျီလင်က မီးထဲတိုးဝင်သော ပိုးဖလံကဲ့သို့ သူ့ကိုချစ်မြတ်နိုး၍ သူ့အတွက်အသက်စွန့်လိုစိတ်ရှိသည်။


ကိုယ် ဒါတွေအားလုံးကို ရှင်းရှင်းလင်းလင်းနားလည်နေမှတော့ မင်းရဲ့ခေါင်းမာတဲ့ ဟန်ဆောင်မှုကြောင့်နဲ့ မင်းရဲ့ခံစားချက်တွေကို ဘယ်လိုလုပ်ထပ်လျစ်လျူရှုနိုင်မှာလဲ...


ပြီးတော့ ကျီလင် ငါ့ကိုဂရုစိုက်မှန်းသိသာတယ်... မဟုတ်ရင် သူ ဘာလို့ဒီလိုမျိုးအဓိပ္ပာယ်မရှိတာတွေကို လုပ်နေရမှာလဲ... သူက ရှက်လို့သာ ဝန်ခံဖို့ငြင်းနေတာ...


ကျင်းဆွေ့၏နှလုံးသားအောက်ခြေက တစ်စုံတစ်ခုကြောင့် တဖြည်းဖြည်းပျော့ပြောင်းလာခဲ့သည်။ 


သူက ကောင်ငယ်လေး၏ဆံပင်ကိုထိကာ သူ့အနားသို့တိုးကပ်ပြီး ခပ်ဖွဖွရယ်မောလိုက်သည်။ 

"ကိုယ်မှားမှန်းသိပါပြီ...မင်းကိုယ့်ကို ဘယ်လိုမှခွင့်လွှတ်နိုင်မှာလဲ... မင်းပြောသမျှ ကိုယ်လုပ်ပေးမယ်လို့ ကတိပေးတယ် ဟုတ်ပြီလား..." 


ကျင်းဆွေ့၏နူးညံ့ပြီး အလိုလိုက်ဟန်အမူအရာကိုကြည့်ကာ ကျီလင်၏စိတ်တစ်ခုလုံး ပြိုပျက်သွားခဲ့သည်။ 


ကျွန်တော်က အရမ်းကောက်ကျစ်ရိုင်းစိုင်းတာလေ...ခင်ဗျားက ကျွန်တော့်ကို ဘာလို့ဒေါသမထွက်ရတာလဲ...


သူ ကျင်းဆွေ့၏ ကော်လံကိုဆုပ်ကိုင်လှုပ်ယမ်းချင်မိခဲ့သည်။


အစ်ကိုကြီးရယ် ကျေးဇူးပြုပြီး ခင်ဗျား မျက်လုံးလေးဘာလေးပြန်ဆေးပါဦး...ခင်ဗျားက အခုမျက်စိမှုန်နေ...မဟုတ်ဘူး မျက်စိကန်းနေတာပဲ...ခင်ဗျားရဲ့ ဘယ်မျက်လုံးက ကျွန်တော် ခင်ဗျားရဲ့အာရုံစိုက်မှုရဖို့ ကြိုးစားနေတာလို့ မြင်နေရတာလဲ...အဲ ကျွန်တော်က ခင်ဗျားရဲ့အာရုံစိုက်မှုလိုချင်လို့ တမင်လုပ်တယ်ဆိုပေမယ့် အဲဒါက ကျွန်တော် ဘယ်လောက်ရက်စက်ကြောင်း ပြချင်လို့ပဲလေ...ကျွန်တော့်ကို လာချော့စေချင်လို့မှမဟုတ်တာ...


ခင်ဗျား တကယ်လမ်းမှားနေပြီ...


ကျင်းဆွေ့၏နှလုံးသားက ကောင်ငယ်လေး၏မှင်သက်နေသောမျက်လုံးများကိုကြည့်ပြီး နူးညံ့သွားခဲ့သည်။ 


သူ ကောင်ငယ်လေး၏နီမြန်းသောနှုတ်ခမ်းများကို စိုက်ကြည့်လိုက်သည်။ ၎င်းက အလွန်ချိုမြိန်ပြီး ဆွဲဆောင်မှုရှိနေပုံရသည်။ ထို့အပြင် ကောင်ငယ်လေး သူ့ရင်ခွင်ထဲရှိနေစဉ် ကောင်ငယ်လေး၏ လည်ပင်းနားရှိ လန်းဆန်းသောရနံ့ကို ကျင်းဆွေ့ရှူရှိုက်မိခဲ့ပြီး မနေနိုင်ဘဲ ထိုညက လွဲချော်သွားခဲ့သောအနမ်းကို သတိရမိသွားကာ သူ့စိတ်ထဲ ထူးဆန်းသောတောင်းတမှုအချို့မြင့်တက်လာခဲ့သည်။ 


ကျီလင် မူလက အလွန်ဒေါသထွက်ပြီး စကားမပြောချင်ခဲ့သော်လည်း သူ့ကိုစိုက်ကြည့်၍ ရုတ်တရက် ထိုညကကဲ့သို့ နက်မှောင်လာသော ကျင်းဆွေ့၏မျက်လုံးများကိုမြင်ချိန်တွင် သူ့ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားခဲ့သည်။ ချက်ချင်းရောက်လာနိုင်သော အန္တရာယ်၏သတိပေးချက်ကြောင့် သူ့ဦးရေပြားများပင် ထုံတက်လာခဲ့သည်။ 


ကျီလင် ရုတ်တရက် ကျင်းဆွေ့ကိုတွန်းထုတ်ရန် လက်ဆန့်ပြီး အကြည့်လွှဲကာပြောလိုက်သည်။ 

"ရတယ် ထားလိုက်တော့...ကျွန်တော်ခင်ဗျားကိုခွင့်လွှတ်တယ်..."


ကျင်းဆွေ့ အနည်းငယ်အံ့အားသင့်သွားပြီး ကောင်ငယ်လေး၏ ရှက်သွေးဖြာနေသောဘေးတိုက်မျက်နှာကို ကြည့်ကာ သူ့မျက်လုံးထဲရှိတပ်မက်မှုများ ပျောက်ကွယ်သွား၍ ကူကယ်ရာမဲ့မှုများသာ အစားထိုးဝင်ရောက်လာခဲ့သည်။ 


ဒီကလေးက တကယ့်ကိုပဲ...စောစောကတင် ပြဿနာရှာထားပေမယ့် နောက်ဆုံးကျတော့ ဘာမှတောင်ပြောမလာပဲ ငါ့ကိုခွင့်လွှတ်ပေးလာတယ်...


ပြီးတော့ ငါ့အတွက်လုပ်တာမဟုတ်ဘူးလို့တောင် ပြောလိုက်သေးတယ်...


ကျီလင်က သူ့အောက်နှုတ်ခမ်းကိုကိုက်ပြီး ကျင်းဆွေ့ကိုမကြည့်ဝံ့ဘဲ တိုးဖွဖွပြောလိုက်သည်။ 

"ခင်ဗျား... ခင်ဗျား ဘာလို့ ကျွန်တော့်ကိုမလွှတ်ပေးသေးတာလဲ...ကျွန်တော် ပြဿနာထပ်မရှာတော့ပါဘူး..." 


သူ၏ပထမဆုံးအနမ်းကို ကာကွယ်ဖို့ရန် ကျီလင် အပေးအယူလုပ်ပြီး သူ့ကိုယ်သူ အရှက်ခွဲခဲ့ရသည်။ 


ကျင်းဆွေ့၏နှုတ်ခမ်းထောင့်များက အနည်းငယ် ကော့တက်သွားခဲ့သည်။ သူ အနည်းငယ် ဝန်လေးနေသော်လည်း လက်လွှတ်ပေးလိုက်ဆဲဖြစ်သည်။ 


ပြောရလျှင် သူယခင်က ထိုကဲ့သို့မောက်မာပြီး ကြီးစိုးသောလူမျိုးကိုသဘောမကျခဲ့ဘဲ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသည်ဟု ထင်ခဲ့သော်လည်း ယခု ကျီလင်က သူ့အရှေ့၌ ထိုကဲ့သို့လှည့်ပတ်ပြီး သူ့အာရုံစိုက်မှုရရှိရန် ကြိုးစားနေသည်ကိုကြည့်ကာ သူ လုံးဝ မငြီးငွေ့သလိုခံစားခဲ့ရသည်။


၎င်းမှာ ချစ်စရာကြောင်ပေါက်လေးတစ်ကောင်က သူ့အာရုံစိုက်မှုရရှိရန် အရှုပ်ထုပ်လေးလုပ်ပြနေသည်ကို ကြည့်ရခြင်းနှင့်တူသည်။ 


အဲဒါက သူ ငါ့ကို ဂရုစိုက်လို့ပဲမလား... သူငါ့ကို ဂရုမစိုက်ဘူးဆိုရင် ဘာလို့ ဒီလိုမျိုးလုပ်မှာလဲ...  


ကျင်းဆွေ့ ထိုအကြောင်းတွေးပြီး ဒေါသမထွက်ခဲ့ချေ။ ထိုအစား သူ့စိတ်ထဲ၌ ချိုမြိန်မှုခံစားနေရပြီး ကျီလင်ကို ပို၍ပို၍စနောက်ချင်ခဲ့သည်။ ထိုကောင်လေး သူ့အတွက် ဘာထပ်လုပ်ပေးနိုင်မည်ကို သူမြင်ချင်သည်။ 


ငါ့ကို သဝန်တိုတာကတောင် ဒီလောက်ချစ်ဖို့ကောင်းနေမယ်ဆိုရင်...


ကျင်းဆွေ့၏နက်ရှိုင်းသော ရွှေရောင်မျက်လုံးများထဲ နူးညံ့မှုအရိပ်အယောင်များထွက််ပေါ်လာခဲ့သည်။ သူလက်မြှောက်ကာ ကျီလင်၏ ခေါင်းကိုပွတ်သပ်ပေး၍ ပြောလိုက်သည်။  

"ဒီအချိန်အပိုင်းအခြားပြီးသွားရင် ကိုယ်မင်းကို ကောင်းကောင်းအဖော်ပြုပေးပါ့မယ်... ဒီအတောအတွင်းတော့ အခြေစိုက်စခန်းထဲမှာပဲ လိမ်လိမ်မာမာနဲ့နေနော်... ဟုတ်ပြီလား..." 


အမှန်တွင် အခြားသူများ၏ပြစ်တင်ဝေဖန်မှုများကြောင့် ကောင်ငယ်လေးနာကျင်သွားမည်ကို သူ မစိုးရိမ်မိပါက ကောင်ငယ်လေး၏လုပ်ရပ်များကို လုံးဝတားလိမ့်မည်မဟုတ်ချေ။ သူပို၍ပင် မြင်ချင်မိခဲ့သည်။ သို့သော် လူအများ၏ပြောဆိုချက်များက ကြောက်မက်ဖွယ်ကောင်းလှသည်။ ဧကရာဇ်တစ်ယောက်အနေနှင့်ပင် သူ မထိန်းချုပ်နိုင်သောအရာများစွာရှိပြီး ကောင်ငယ်လေးကို မနာကျင်စေချင်ပေ။ 


ကောင်ငယ်လေးက အလွန်ဖြူစင်လွန်းပြီး ထိုကဲ့သို့အရာမျိုးကို ခံနိုင်မည်မဟုတ်ချေ။ 


ကျီလင်က ကျင်းဆွေ့၏ ဦးနှောက်ပတ်လမ်းပြောင်းလဲသွားသည်ကို သတိရသွားသောကြောင့် ပြဿနာထပ်မရှာဝံ့ဘဲ ရှုံ့မဲ့စွာပြောလိုက်သည်။ 

"သိပါပြီ..."


ကျင်းဆွေ့ ကျေနပ်သွားခဲ့ပြီး ကျီလင်ကိုလွှတ်ပေးလိုက်သည်။ သူ ကောင်ငယ်လေး၏လျင်မြန်စွာ ထွက်သွားသော နောက်ကျောကိုကြည့်ကာ နှုတ်ခမ်းထောင့်များ မြင့်တက်သွားခဲ့သည်။ 


………………


ကျီလင်က သေလမ်းရှာရန် အဆက်မပြတ်ကျရှုံးခဲ့သောကြောင့် အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။ သူ အဆိုးဆုံးအရာများကိုပင် လုပ်ခဲ့သည်ဟု ခံစားရသော်လည်း မည်သို့ဆက်လုပ်ရမည်ကိုမသိသောကြောင့် အခန်းထဲ၌သာ တစ်နေကုန်နေ၍ စိတ်ဓာတ်ကျနေခဲ့သည်။ 


တစ်နေ့တွင် အပြင်မှ ကျယ်လောင်သော အချက်ပေးသံတစ်ခု ရုတ်တရက် ထွက်လာခဲ့သည်။



✨✨✨