Chapter 50
Viewers 15k

✨ Chapter 50



ကျီလင်က ကျင်းဆွေ့ သူ့အား ညစာစားရန် ဆွဲဆောင်လာသည်ကိုကြည့်ပြီး ကြောင်အသွားခဲ့သည်။ တစ်ဖက်လူ၏ နတ်ဘုရားကဲ့သို့ ချောမောသောမျက်နှာနှင့် နှုတ်ခမ်းထောင့်ရှိအပြုံးကိုကြည့်ကာ သူ သတိမထားမိဘဲ သဘောတူလုနီးပါး ဖြစ်သွားခဲ့သည်။


ဒါပေမယ့် ငါက အလိုလိုက်ခံထားရတဲ့ လူပေါ်ကြော့ပဲ...ငါ ဒီကို နဉ်ယွီရဲ့ကောင်းကြောင်းတွေပြဖို့လာတာ...


ငါ ဒီနေ့ သူ့ကို မျက်နှာသာမပေးတော့ရော သူ ဘာတတ်နိုင်မှာလဲ...


ကျီလင်က ခေါင်းလှည့်လိုက်ပြီး အစားအစာများကို ရွံရှာစွာ ကြည့်ကာ ပြောလိုက်သည်။

"မစားဘူး..."


ကျင်းဆွေ့က ဒေါသလုံးဝမထွက်ခဲ့ချေ။ သူ့အမူအရာက မပြောင်းလဲသွားဘဲ နူးညံ့နေသောလေသံဖြင့် ဖြည်းညင်းစွာပြောလာခဲ့သည်။

"တစ်လုတ်လောက်ပဲစမ်းစားကြည့်လေနော်... ဟုတ်ပြီလား..."


သူက လက်မြှောက်ပြီး ကျီလင်၏နားတစ်ဝိုက်ရှိဆံပင်များကို ဇီဇာကြောင်သော ကြောင်လေးတစ်ကောင်အား ချော့နေသကဲ့သို့ အသာအယာပွတ်သပ်ပေးလာကာ ပြုံးယောင်သန်းနေသောမျက်လုံးများဖြင့် ချိုသာစွာ ပြောလာခဲ့သည်။

"မင်း ဗိုက်ဆာနေရင် ကိုယ် စိတ်မကောင်းဖြစ်ရလိမ့်မယ်..."


ကျီလင် : "... "


သူက ကျင်းဆွေ့၏ကော်လံကိုဆွဲကာ မေးချင်လာခဲ့သည်။

အရှင်မင်းကြီး ဘာတွေဖြစ်နေတာလဲ... ကျေးဇူးပြုပြီး ပုံမှန်ပြန်ဖြစ်ပေးလို့ရမလား...အခုက ကျွန်တော့်ကို တစ်ခုခုစားဖို့ ချော့ရမယ့်အချိန်မဟုတ်ဘူးလို့..."


ခင်ဗျား ဘေးနားက လူတွေရဲ့မျက်လုံးကို ကျေးဇူးပြုပြီးလှည့်ကြည့်ပါဦး...


ထိုမြင်ကွင်းကို ဘေးနားတစ်ဝိုက်ရှိ စစ်သားများလည်း ကြည့်နေခဲ့ကြသည်။ မူလက ဧကရဇ်ကျင်းဆွေ့ ကျီလင်ကို အပြစ်ပေးတော့မည်ဟု သူတို့တွေးထားသော်လည်း ဧကရာဇ်က ကျီလင်ကို ဆူပူကြိမ်းမောင်းခြင်းမပြုဘဲ သားဖြစ်သူကိုစိုးရိမ်နေသော အမေအိုကြီးကဲ့သို့ ညစာစားရန် ချော့မော့ပြောလာခဲ့သည်။


သူတို့အားလုံး စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။


ငါတို့က ဘယ်သူတွေလဲ...ငါတို့ ဘယ်ရောက်နေကြတာလဲ...ဘာတွေဖြစ်နေကြတာလဲ...


ကျီလင်၏စိတ်ထဲ၌ ခါးသီးမှုခံစားလိုက်ရပြီး ကျင်းဆွေ့ကို ဝိုင်းစက်နေသော မျက်လုံးများဖြင့် ခေါင်းမာစွာစိုက်ကြည့်လိုက်သော်လည်း ကျင်းဆွေ့က သူ့ထက်ပို၍ဆုံးဖြတ်ချက်ခိုင်မာနေခဲ့သည်။ ကျင်းဆွေ့က ထိုအပြုအမူကိုထိန်းထားပြီး လက်လျော့လိုစိတ်မရှိဟန်ဖြင့် သူ့ကို နူးညံ့စွာ ကြည့်နေခဲ့သည်။ 


ကျီလင် : "... "


အချိန်အတန်ကြာပြီးနောက် ကျီလင် ရှုံးနိမ့်သွားခဲ့ပြီး ကျင်းဆွေ့ ခွံ့လာသည့်စွမ်းအင်အစားစာကိုစားရန် တွန့်ဆုတ်စွာဖြင့် နှုတ်ခမ်းများဖွင့်ဟလိုက်သည်။


ဟေး...အရသာက တကယ်မဆိုးဘူးပဲ...


ကျီလင် ကျောင်းတက်စဉ်က ခေါက်ဆွဲခြောက်ကိုပင် တစ်လခန့် စားနိုင်ခဲ့သည်။ သူက အထက်တန်းလွှာဘဝကြောင့် အနည်းငယ် အလိုလိုက်ခံထားရသော်လည်း ထိုအာဟာရဖြည့်စွက်စာမှာ အမှန်တကယ် မဆိုးလှချေ။


ထားလိုက်တော့...ငါဗိုက်ဆာနေမှတော့ အရင်ဆုံးစားလိုက်ကြတာပေါ့...


ငါ ကျင်းဆွေ့ကိုစိတ်ဆိုးပြီး ခွင့်မလွှတ်သေးဘူးဆိုပေမယ့် မစ်ရှင်လုပ်ဖို့အတွက်နဲ့ ဘာမှမစားဘဲ နေလို့မရဘူးမလား... ငါ‌ ဗိုက်ဝပြီးမှပဲ ဆက်ပြဿနာရှာတော့မယ်...


ကျီလင် နောက်ဆုံး၌ စားရန်ဆန္ဒရှိလာသည်ကို မြင်ချိန်တွင် ကျင်းဆွေ့၏ မျက်လုံးများထဲ စိတ်သက်သာရာရမှုများ ပေါ်လာခဲ့သည်။ ကောင်ငယ်လေးက ပါးလေးများဖောင်းထွက်အောင် စားနေပြီး သူကို ခပ်စူးစူးစိုက်ကြည့်ရန်လည်း မမေ့လျော့ခဲ့ချေ။ ကျင်းဆွေ့ ပိုကြည့်လေ ပိုချစ်စရာကောင်းလာလေဟု ခံစားရပြီး ပို၍သဘောကျလာခဲ့သည်။


ငါ အရင်တုန်းက ဒီလောက်ချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့ ကလေးကို ဘယ်လိုတောင် ရက်ရက်စက်စက် လျစ်လျူရှုနိုင်ခဲ့ရတာလဲ...


ကျင်းဆွေ့၏စိတ်ထဲ၌ နောင်တရမှုများ တစ်ဖန်ခံစားလိုက်ရသည်။


ထိုကဲ့သို့ ချော့မော့၊ အလိုလိုက်ခြင်းဖြင့် နောက်ဆုံးတွင် ကျီလင် ညစာစားပြီးသွားခဲ့သည်။ ကျင်းဆွေ့ကမူ အစမှအဆုံးတိုင် နူးညံ့မှု၊ စိတ်ရှည်မှုများသာ ပြသခဲ့သည်။


ဘေးနားရှိလူများက အစပိုင်း၌ အလွန်အံ့အားသင့်ခဲ့ကြပြီး အလယ်တွင် ခံပြင်းဒေါသထွက်ကြကာ နောက်ဆုံးတွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိသွားကြသည်။ 


သေစမ်း ကြည့်ရတာ အရမ်းပင်ပန်းတာပဲ... သခင်လေးကို တစ်ခုခုစားခိုင်းဖို့က အရမ်းခက်ခဲလွန်းတယ်...အရှင်မင်းကြီးက တော်တော်လေးစိတ်ရှည်တာပဲ... လွယ်တော့မလွယ်ဘူး ဟူး...


ဧကရာဇ်အတွက် ဤနေရာ၌ တိုက်ပွဲဝင်သည်ကပင် လုံလောက်စွာ ခဲယဉ်းနေပြီဖြစ်သော်လည်း ထိုသခင်ငယ်လေးကိုစောင့်ရှောက်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရဆဲဖြစ်သည်။


ကျီလင်အတွက်မူ သူက အစပိုင်းတွင် မောက်မာလွန်းပြီး အရိုက်ခံရရန် လိုအပ်နေသော်လည်း ညစာစားပြီးနောက်တွင်မူ လူတိုင်း၏ဒေါသများက တဖြည်းဖြည်း လျော့ကျလာခဲ့သည်။ ကျီလင်က အမှန်တွင် ကြေးများရုံသာဖြစ်ပြီး အလိုလိုက်ခံထားရသော ကလေးတစ်ဦးဖြစ်သည်ကို လူတိုင်းတွေ့နိုင်ကြသည်။


သူတို့ မနေနိုင်ဘဲ သူတို့ကိုယ်ပိုင်မိသားစုမှ ကလေးဆိုးလေးများကို တွေးမိသွားခဲ့သည်။ သူတို့၏ ကလေးဆိုးလေးများက အလွန်ကြေးများလွန်းကြပြီး ဟိုဟာမစားချင်၊ သည်ဟာမစားချင်ဖြင့် လူအများကို ခေါင်းကိုက်စေပေသည်။ အလိုလိုက်ခံထားရသော အထက်တန်းလွှာ ကလေးတစ်ဦးအနေဖြင့် ကျီလင်က ထိုကဲ့သို့ စားစရာကို ကျင့်သားမရဘဲ စိတ်ဆိုးသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သူ စားခဲ့ဆဲဖြစ်ကာ မည်သည့်လွန်လွန်ကဲကဲအပြုအမူမျှမပြခဲ့ချေ။


အစပိုင်းရှိ ဇီဇာကြောင်ပြီး မသာယာသောစကားအချို့မှလွဲ၍ သူက ကောင်းကောင်းပြုမူကာ ကျွေးသမျှစားခဲ့သည်။


ထားပါတော့...ငါတို့လို အရွယ်ရောက်ပြီးသားလူတွေက သူ့လို အလိုလိုက်ခံထားရတဲ့ကလေးနဲ့ ဘာလို့ပြိုင်ငြင်းနေဦးမှာလဲ...


ငါတို့က ဘာမဟုတ်တာတွေကို အကြာကြီးကြည့်နေခဲ့တာပဲ...ကိုယ့်စားစရာကိုပဲ ကိုယ်အာရုံစိုက်တာ ပိုကောင်းမယ်...ငါတို့ နောက်ကျရင် ဇာ့ဂ်တွေနဲ့ တိုက်ခိုက်ရဦးမှာကို အချိန်ဖြုန်းလိုက်မိသေးတယ်... 


ကျင်းဆွေ့၏ အဆက်မပြတ်ချော့မော့မှုဖြင့် ကျီလင်က အားဖြည့်စာကို မကြိုက်ဟန်ဆောင်ကာ စားပြီးသွားခဲ့သည်။ သူ အလွန်ဗိုက်ပြည့်သွားသောကြောင့် မတော်တဆ လေချဥ်တက်မိသွားပြီး ချက်ချင်းပင် ရှက်ရွံ့မှုဖြင့် နီရဲသွားခဲ့သည်။ ထို့နောက် တစ်ခုခုမှားနေသည်ကို သူ သတိထားမိခဲ့သည်။


ဟေး...ဘာဖြစ်သွားတာလဲ...ဘာလို့ ငါ့ကို ဘယ်သူမှ အာရုံမစိုက်ကြတော့တာလဲ...


ငါ အချိန်အကြာကြီး ကြိုးစားထားတာတွေက ညစာစားလိုက်တာကြောင့်နဲ့ အကုန်သဲထဲရေသွန်ဖြစ်သွားတာလား...


ကျီလင် အံအားသင့်နေခဲ့သည်။


ကျင်းဆွေ့က ကျီလင်၏ ကြောင်တက်တက်အမူအရာကို ကြည့်ပြီး သူ့နှုတ်ခမ်းထောင့်များကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးကာ ခပ်ဖွဖွရယ်မောလိုက်သည်။  

"ကိုယ်ပြောသားပဲ...အဲဒါက အရသာသိပ်မဆိုးဘူးမလား..."


ကျီလင် : "... "


လင်ပေါင်ပေ့ အခုအရမ်းစိတ်ဆိုးနေလို့ စကားမပြောချင်တော့ဘူး...


သူ ဒေါသတကြီးထရပ်ပြီး ကျင်းဆွေ့၏ လက်ကိုဖယ်ကာ နှာမှုတ်လိုက်သည်။  

"ကျွန်တော် ခင်ဗျားကို ခွင့်မလွှတ်သေးဘူးနော်..."


ထို့နောက် သူ လှည့်ထွက်လာခဲ့သည်။


ကျင်းဆွေ့က စိတ်အနှောင့်အယှက်မဖြစ်ဘဲ ကျီလင် အလျင်အမြန်ထွက်သွားသည်ကို အပြုံးတစ်ခုဖြင့်ကြည့်နေခဲ့သည်။ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ်ကော့မတက်သွားဘဲ မနေနိုင်ခဲ့ချေ။


ခွင့်မလွှတ်သေးဘူးဆိုတာ ဘာကိုဆိုလိုတာလဲ... သူ တကယ်တော့ ရှက်နေပြန်တာမလား...သူ ဘာလို့ ဒီလောက်တောင် လွယ်လွယ်နဲ့ ရှက်တတ်ရတာလဲ...


အချိန်အတန်ကြာပြီးနောက် ကျင်းဆွေ့က အကြည့်များပြန်ရုတ်ပြီး လက်ကိုင်ပုဝါကို ခေါက်ကာ ဘာမှမထူးခြားသောအမူအရာဖြင့် လူတိုင်းကိုပြုံးပြ၍ ပြောလိုက်သည်။  

"ငါ မင်းတို့ကို ဟာသဖြစ်စေမိပြီ...အဲဒီကလေးက အင်ပါယာကြယ်ကနေ အပြင်ဘက်ထွက်လာဖူးတာ ဒါပထမဆုံးအကြိမ်ဆိုတော့ အပြင်ပတ်ဝန်းကျင်နဲ့ သိပ်လိုက်လျောညီထွေမဖြစ်သေးလို့ပါ... တကယ်တော့ သူ့မှာ ဘာရည်ရွယ်ချက်ဆိုးမှ မရှိဘူး..."


လူတိုင်းက ချက်ချင်းပင် တုံ့ပြန်လာခဲ့ကြသည်။


"ရပါတယ် ရပါတယ်...ကျွန်တော်တို့ သိပါတယ်..."


"အရှင်မင်းကြီး ကြိုးစားလိုက်ရပြီပဲ..."


"အရှင်မင်းကြီး ကျွန်တော်တို့ကို ရှင်းပြစရာ မလိုပါဘူး..."


"ကျွန်တော်တို့စိတ်ထဲမထားပါဘူး…"


"စိတ်မပူပါနဲ့ ကျွန်တော်တို့က ကလေးတစ်ယောက်နဲ့ ပြိုင်ငြိင်းမှာမဟုတ်ပါဘူး..."


………………


ကျီလင် သူ့အခန်းထဲသို့ ပြန်ရောက်လာပြီး နံရံကို ကြောင်တက်တက် စိုက်ကြည့်နေခဲ့သည်။


ငါဒီလောက်ထိ လုပ်ခဲ့တာကို ဘာလို့ ငါလိုချင်တဲ့အကျိုးသက်ရောက်မှုမရခဲ့တာလဲ...ဘာနေရာမှာ မှားသွားလို့လဲ... အရင်ဘဝတုန်းက ငါ နဉ်ယွီရဲ့ကောင်းကွက်တွေပြဖို့ ငါ့ရဲ့မောက်မာမှုတွေကိုတမင်တကာ အသုံးချခဲ့သေးတယ်...ပြောရရင် ငါ ဒီနေ့လုပ်ခဲ့တာလောက်တောင် မလုပ်ခဲ့ပေမယ့် ဘရန်ဒန်ဆီက အပြစ်ပေးခံခဲ့ရတယ်...


ဘယ်လိုလုပ် ဒီတစ်ခါကျ မတူတော့တာလဲ...ပြန်လည်မွေးဖွားလာတာနဲ့ ဒီလိုမျိုး အားလုံးပြောင်းလဲသွားရောလား...


ကျီလင် အလွန်ဒေါသထွက်ပြီး အိပ်မပျော်လုနီးပါးဖြစ်ခဲ့သည်။


နောက်နေ့မနက်တွင် ကျီလင် ပင်ပန်းသောမျက်လုံးများဖြင့် အိပ်ရာနိုးလာပြီး သူ လုံလုံလောက်လောက် ရက်စက်ရိုင်းစိုင်းစွာ မပြုမူမိခြင်းဖြစ်မည်ဟု တွေးလိုက်သည်။ နောက်ဆုံးတွင် သူတို့အားလုံး ပြန်လည်မွေးဖွားလာသောကြောင့် အခြေအနေက ပိုခက်ခဲသွားလိမ့်မည်ဖြစ်သည်။ သူက ကောက်ကျစ်ရက်စက်သောအရာတစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ကျင်းဆွေ့ သူ့ကို အပြစ်ပေးလာသည်အထိ ဘာမဆိုလုပ်ရမည်ဖြစ်၏။


ဒါပေမယ့် ဘယ်နည်းလမ်းကို အသုံးပြုသင့်လဲ...


ကျီလင်က သူ့အစေခံနှင့်အတူ လမ်းလျှောက်လာပြီး မျက်မှောင်ကြုတ်ကာ တွေးတောနေခဲ့သည် ။


ထိုအချိန်တွင် သူ့အရှေ့မှလာသော ဆူညံသံအချို့ကို ရုတ်တရက်ကြားလိုက်ရပြီး လှမ်းကြည့်လိုက်ရာ ဖီးလ်ကြယ်မှ ထောက်ပံ့ရေးပစ္စည်းများ လာပေးပို့သော သာမန်လူများဖြစ်သည်ကို တွေ့လိုက်ရသည်။


ဤနေရာက ဝေးလံခေါင်သီသော ဂြိုဟ်တစ်ခုဖြစ်သော်လည်း နေထိုင်သူအများအပြားရှိနေဆဲဖြစ်ပြီး သူတို့ကို ကြောက်မက်ဖွယ်ကောင်းသော ဇာ့ဂ်များ၏လက်ထဲမှ ကာကွယ်ပေးသော စစ်တပ်ကို အလွန်ကျေးဇူးတင်ရှိသောကြောင့် သူတို့ သိမ်းဆည်းထားသောအစားအစာများကို မကြာခဏ ပို့ပေးလေ့ရှိသည်။


ဘရန်ဒန်နှင့် ကျင်းဆွေ့တို့က ထိုလူများကို ရင်းနှီးကြပြီး ထိုသာမန်လူတစ်စုကို လူကိုယ်တိုင်ထွက်တွေ့ခဲ့ကြသည်။ ကျင်းဆွေ့က သာမန်လူများ၏ခေါင်းဆောင်နှင့် ရင်းရင်းနှီးနှီး စကားပြောနေခဲ့သည်။


ကျီလင်၏မျက်လုံးများ တောက်ပလာခဲ့သည်။


ဒါက ပြဿနာရှာဖို့ အခွင့်ရေးကောင်းပဲ...


သူက ချက်ချင်းပင် သူ့အစေခံကိုခေါ်ပြီး ဆက်လျှောက်သွားခဲ့သည်။ ဒေသခံသာမန်ပြည်သူများက အလွန်ရိုးရှင်းသော မီးခိုးရောင်အဝတ်အစားများကို ၀တ်ဆင်ထားကြကာ သူတို့၏အသွင်အပြင်က သာမန်ဆန်နေခဲ့သည်။ အပြင်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ရသောကြောင့်ဖြစ်နိုင်သည် သူတို့၏ အသားအရေက ပို၍မဲညစ်နေခဲ့သည်။


ကျီလင် ဖြတ်သွားစဉ်တွင် လူအုပ်စုထဲရှိ သာမန်လူအချို့က သူ့ကို သတိထားမိပြီး မသိစိတ်အရ လှမ်းကြည့်လာခဲ့ကြသည်။


လူကြီးများက ပို၍တည်ငြိမ်ကြပြီး ကျီလင်၏ထူးခြားကာ အထက်တန်းဆန်သောဝတ်စားမှုပုံစံကို မြင်ချိန်တွင် ဆက်မကြည့်ဝံ့တော့ဘဲ အကြည့်များ အမြန်ပြန်ရုတ်သိမ်းလိုက်ကြသည်။ သို့သော် အသားနက်မှောင်သော ကောင်လေးများထဲမှ တစ်ဦးက ကျီလင်၏အသွင်အပြင်ကို စွဲမက်သွားခဲ့သည်။


သူက တစ်နှစ်ပတ်လုံး တိုက်ပွဲများဖြစ်နေသည့် လူသွားလူလာနည်းသော ဖီးလ်ကြယ်တွင် မွေးဖွားခဲ့ပြီး နေထိုင်နေရာက အလွန်ခေါင်သီသောကြောင့် သူတို့၏ လူနေမှုအဆင့်အတန်းမှာ ကောင်းမွန်ခြင်းမရှိချေ။ သူမြင်ဖူးသမျှထဲ အချမ်းသာဆုံးလူက သူတို့၏မြို့တော်ဝန်ဖြစ်သည်။ မြို့တော်ဝန်ကို တွေ့လိုက်တိုင်း ထိုသူက အမြင့်မြတ်ဆုံးဟုခံစားရပြီး သူ့အသားအရေက အတော်လေးဖြူသည်ဟု တွေးမိခဲ့ရသော်လည်း ယခု ကျီလင်ကို တွေ့ရချိန်တွင် သူ့စိတ်ထဲ အတွေးတစ်ခု ရုတ်တရက် ဝင်လာခဲ့သည်။  


မြို့တော်ဝန်က ဘာမှမဟုတ်နေဘူး...


သူ့ရှေ့ရှိကောင်လေးက စွဲမက်ဖွယ်ကောင်းပြီး တောက်ပသော မျက်လုံးများရှိသည်။ ထိုသူ၏ဆံနွယ်လေးများက နေရောင်အောက်တွင် ရွှေရောင်သန်းကာတောက်ပနေလေသည်။ ထိုသူ၏အပြာရောင်မျက်လုံးများက သူမြင်ဖူးခဲ့သမျှ သမုဒ္ဒရာပုံများထက် အဆပေါင်းများစွာ ပိုလှပနေပြီး ကောင်းကင်ပြာထက် ပိုကြည်လင်နေသည်။ ထိုသူ၏အသားအရေက အပြစ်အနာအဆာလုံးဝမရှိဘဲ သူ မြင်ဖူးခဲ့သမျှ ဈေးအကြီးဆုံး ကြွေထည်များထက်ပင် ဖြူဖွေးလှပနေသည်။ ကောင်းကင်ဘုံမှ ဆင်းသက်လာသော မသေမျိုးနတ်သားလေးတစ်ပါးကဲ့သို့ပင် လှပ၊ မြင့်မြတ်နေသည်။


ထိုသူက သူမြင်ဖူးသမျှထဲ အလှပဆုံးလူသားဖြစ်သည်။


အသားမဲသော လူငယ်လေးက ကျီလင်ကို မှင်သက်စွာကြည့်နေခဲ့သည်။ ထိုနတ်သားလေးက သူ့ထံသို့ တဖြည်းဖြည်းနီးကပ်လာသည်ကိုမြင်ချိန်တွင် သူ့နှလုံးခုန်က ထိန်းမရအောင်ပင် ခုန်လာခဲ့သည်။


ဒီလိုလှပတဲ့လူက ငါ့ကိုကြည့်နေပြီး ငါ့ဆီတည့်တည့်လျှောက်လာတာ...မဟုတ်မှ သူ ငါနဲ့စကားပြောမလို့များလား...


သို့သော်လည်း နောက်အခိုက်အတန့်တွင် ထိုလှပသော လူငယ်လေးက သူ့ကို မျက်ခုံးပင့်ကာ ရွံရှာအထင်သေးဟန်ဖြင့်ကြည့်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူ၏အသံက ကြည်လင်ပြီး သာယာသော်လည်း စကားလုံးများက ရက်စက်နေသည်။

"မင်း ဘာတွေလာကြည့်နေတာလဲ...ငါ မင်းမျက်လုံးတွေကို ဖောက်ပစ်လိုက်ရမလား...သတိထားနေ..."


အသားမဲသော လူငယ်လေးက ကျီလင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

ဒီလောက်လှပတဲ့သူက… ဒီလိုစကားမျိုးပြောလိမ့်မယ်လို့...


သူ ခဏမျှ ကြောင်အသွားပြီး ကျီလင်ကို ဗလာဖြစ်စွာ စိုက်ကြည့်မိခဲ့သည်။


ကျီလင် ထိုကောင်လေး၏ထိတ်လန့်ပြီး စိတ်ဒဏ်ရာရသွားဟန် အသွင်အပြင်ကို ကြည့်ကာ အနည်းငယ် ရှက်ရွံ့သွားခဲ့သော်လည်း သေလမ်းရှာရန်အတွက် သူ ထိုသို့ပြုလုပ်ရမည်ဖြစ်သည်။ ဘရန်ဒန်နှင့်ကျင်းဆွေ့က ဤအခြေအနေကို သတိပြုမိပြီး သူတို့ရှိရာဘက်သို့ လျှောက်လာနေသည်ကို ကျီလင် သူ့မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ရသည်။ သူတို့ သူ့ကို အချိန်မှီတားနိုင်ရန် မျှော်လင့်ပြီး ရုတ်တရက် သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။


ကျီလင်က လက်မြှောက်ပြီး သူ့နောက်ရှိ အစေခံ၏ခါးမှ ကြာပွတ်ကို ဆွဲထုတ်လိုက်သည်။ သူက ထိုကောင်လေးကို ချိန်ရွယ်ပြီး အော်ပြောလိုက်သည်။

"ငါ့ကို ဆက်ကြည့်နေသေးတုန်းပဲလား... မင်း သေချင်နေတာလား..."


 

✨✨✨