✨ Chapter 49
သေလမ်းရှာခြင်း
အင်ပါယာ၏နယ်မြေက ကြီးမားပြီး နာဒိုဂလက်ဆီမှာ ဝေးလံခေါင်သီ၍ အန္တရာယ်ရှိသည့် အင်ပါယာနယ်နိမိတ်နှင့်ဆက်စပ်နေသော နဂါးငွေ့တန်းအဝေးထိန်းစနစ်တစ်ခုဖြစ်သည်။ ၎င်းနှင့် ကြီးကျယ်ခမ်းနား၊ တည်ငြိမ်သော အင်ပါယာကြယ်က လုံးလုံးကွာခြားသော လောကနှစ်ခုဖြစ်သည်။
အကွာအဝေးကြီးလွန်းသောကြောင့် ကြယ်တာရာစစ်သင်္ဘောက နာဒိုဂလက်ဆီသို့ရောက်ရန် အာကာသမျိုးစုံကို ခုန်ကျော်သွားရမည်ဖြစ်သည်။ ကျီလင်က သူ၏ စွမ်းရည်များကို ပြသရန်အသင့်ဖြစ်နေသော်လည်း Cအဆင့် ခန္ဓာကိုယ်သာရှိသောကြောင့် အာကာသခုန်ကျော်နေစဉ်အတွင်း သူ၏အငြိမ်ခန်းတွင်း၌ နေပြီး ရောက်မှထွက်လာရုံသာတတ်နိုင်ခဲ့သည်။
ဆယ်ရက်ကြာပြီးနောက် ကြီးမားလှသော ကြယ်တာရာစစ်သင်္ဘောကြီးနှစ်စင်းက နာဒိုဂလက်ဆီ၏အဓိကကြယ်ဖြစ်သော ဖီးလ်ကြယ်သို့ ရောက်လာခဲ့ကြသည်။
ဒေသခံမြို့စောင့်တပ်၏ခေါင်းဆောင် ရေတပ်ဗိုလ်ချုပ်ကြီးတိုခါက ကြယ်တာရာစစ်သင်္ဘောများရောက်ရှိလာသည်ကို မြင်ချိန်တွင် အလွန်ပျော်ရွှင်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင် ဇာ့ဂ်ဘုရင်မကြောင့် သူတို့ခုခံရန် အလွန်ခက်ခဲနေခဲ့ပြီး စစ်ကူများရောက်ရှိလာရန် စောင့်ဆိုင်းနေခဲ့ရသည်။ ယခုအခါ ဧကရာဇ်နှင့် မာရှယ်တို့ပါ ရောက်လာသောကြောင့် ထိုတိုက်ပွဲ မကြာမီပြီးဆုံးလိမ့်မည်ဟု တွေးခဲ့သည်။
ကျီလင်က ဘရန်ဒန်၏ကြယ်တာရာစစ်သင်္ဘောဖြင့် လိုက်ခဲ့ပြီး ကျင်းဆွေ့က သူ၏ကိုယ်ပိုင်ကြယ်သင်္ဘောပေါ်တွင်ရှိနေသောကြောင့် သူတို့ လမ်း၌မတွေ့ခဲ့ရချေ။
သူတို့ နာဒိုဂလက်ဆီသို့ရောက်သည်နှင့် ဘရန်ဒန်နှင့် ကျင်းဆွေ့က သူတို့နှင့်ကိစ္စနှင့်သူတို့ အလုပ်ရှုပ်နေသောကြောင့် ကျီလင်ကို မည်သူမျှ အာရုံမစိုက်ခဲ့ချေ။
ကျီလင်က သူ၏အငြိမ်ခန်းထဲမှ တွားထွက်လာပြီး အစေခံ၏အကူအညီဖြင့် မူးဝေစွာမတ်တတ်ရပ်လိုက်သည်။ ၎င်းက အမှန်ပင် သက်တောင့်သက်သာမရှိလှချေ။
နာဒိုဂလက်ဆီသို့ တတ်နိုင်သမျှ မြန်မြန်ရောက်စေရန် သူတို့လမ်းတစ်လျှောက်၌ ခေတ္တမျှမရပ်ဘဲ အဆက်မပြတ်အာကာသခုန်ကျော်ခဲ့ပြီး အကွာအဝေးက အလွန်ရှည်လျားခဲ့သည်။ ထိုကဲ့သို့ အဆက်မပြတ်အာကာသခုန်ကျော်ခြင်းက ကျီလင်ကဲ့သို့ အဆင့်နိမ့်ဆင့်ကဲပြောင်းလဲသူ၏ခန္ဓာကိုယ်အတွက် ကြီးမားသောဝန်ဖြစ်သည်။
အခြားစစ်သားများကလည်း အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူများမဟုတ်ကာ အချို့မှာကျီလင်ထက်ပင် အဆင့်နိမ့်သော်လည်း သူတို့က တိုက်ပွဲပေါင်းရာကျော်ကြုံတွေ့ခဲ့ပြီး လေ့ကျင့်သင်ကြားထားသည့် စစ်သားများဖြစ်သောကြောင့် သူတို့၏လိုက်လျောညီထွေဖြစ်နိုင်စွမ်းက ကျီလင်ထက် များစွာသာလွန်သည်။
အဆုံးတွင် သခင်လေးကျီက အမှန်ပင် နူးညံ့သိမ်မွေ့သောလူတစ်ဦးဖြစ်သည်။
သို့သော် ၎င်းက ကျီလင်၏တိုက်ခိုက်လိုစိတ်ကို မတားဆီးနိုင်ချေ။ သူက အခန်းထဲတွင် ခဏခန့် အနားယူပြီးနောက် အားအင်နှင့် စိတ်ခွန်အားများပြန်လည်ရရှိလာကာ သရုပ်ဆောင်ရန်အတွက် အခွင့်အရေးရှာရန် လမ်းထွက်လျှောက်ခဲ့သည်။
ယခုတွင် ဖီးလ်ကြယ်အခြေစိုက်စခန်းတစ်ခုလုံးက တင်းမာသောအခြေအနေရှိနေပြီး ကျီလင်ကို မည်သူမှ ဂရုစိုက်မအားကြချေ။ သူ့ပတ်ဝန်းကျင်ရှိ စစ်သားများအားလုံးက လေးနက်သောအမူအရာများဖြင့် အလျင်စလိုရှိနေကြသည်။
ရိုးရိုးသားသားပြောရလျှင် တရုတ်နိုင်ငံဆိုရှယ်လစ် ယဉ်ကျေးမှုအလေ့အကျင့်ပါရှိသော ဆယ်ကျော်သက်တစ်ဦးအနေဖြင့် ကျီလင်က ယခုအခိုက်အတန့်တွင် အခြားသူများကို ဒုက္ခပေးရန် အလွန်ဝန်လေးနေပြီး စိတ်မသက်မသာဖြစ်ကာ အပြစ်ရှိသလို ခံစားနေရသည်။
အင်ပါယာကြယ်တွင် အနည်းငယ်ကောက်ကျစ်၊ ရက်စက်သည်က အဆင်ပြေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာရှိလူတိုင်းက အေးချမ်းသာယာနေပြီး သူ ထိုသို့မလုပ်လျှင်ပင် သူက ဆိုရှယ်မကျဟု ထင်ရသည်။ သို့သော် ဤနေရာတွင်မူ မတူချေ။
ဤနေရာရှိလူတိုင်းက သေခြင်းတရားတိုက်ပွဲနှင့် ခက်ခဲကြမ်းတမ်းသောဘဝကို ရင်ဆိုင်နေရပြီး သူအလွန်မောက်မာရိုင်းစိုင်းပြနေပါက ရိုက်နှက်ခံရမည်ဖြစ်သည်။ အထူးသဖြင့် ဧကရာဇ်နှင့် မာရှယ်တို့က စစ်သားများနှင့် အတူရှိနေချိန်တွင် ဖြစ်သည်။
အခြေစိုက်စခန်းတစ်ခုလုံးတွင် မီးခိုးရောင်များပြည့်နေပြီး စစ်သားများအားလုံးက အနက်ရောင်ယူနီဖောင်းများ ဝတ်ဆင်ထားကြကာ စည်းကမ်းတင်းကြပ်လှသည်။ မာရှယ်ဘရန်ဒန်က ကိုယ့်ကိုကိုယ် စည်းကမ်းကြီးသူတစ်ဦးဖြစ်ပြီး သူ၏စစ်တပ်ပေါ်တွင်လည်း စည်းကမ်းတင်းကြပ်သူဖြစ်သည်။ ကျင်းဆွေ့ပင်လျှင် ဧကရာဇ်ဖြစ်သော်လည်း စစ်တပ်ထဲ၌ ဘယ်သောအခါမှ အထွေအထူးမပြုလုပ်ခဲ့ဘဲ စစ်သားများနှင့်အတူ နေထိုင်စားသောက်ကာ စံနမူနာဦးဆောင်သူအဖြစ် အလွန်လေးစားခံရသည်။
သူတို့နှစ်ဦးလုံးက ထိုကဲ့သို့ စည်းကမ်းတင်းကြပ်သူများဖြစ်ကြပြီး အင်ပါယာကြယ်၏ ကြီးကျယ်မောက်မာသောပုံစံကိုမကြိုက်ကြချေ။ ထိုကဲ့သို့ အကြောင်းအရင်းများကြောင့် သူတို့ ယခင်ဘဝက ကျီလင်ကဲ့သို့လူမျိုးကို အလွန်မုန်းတီးခဲ့ခြင်းဖြစ်သည်။
အမှန်တွင် တစ်ခါတစ်ရံ ကျီလင်ကိုယ်တိုင်လည်း သူ ရိုက်နှက်ခံရရန်အကြွေးတင်နေသည်ဟု ခံစားခဲ့ရသည်။ အကယ်၍ သူက ဘေးလူဆိုလျှင် သူကဲ့သို့ လူမျိုးတွေ့ရပါက သူ မနေနိုင်ဘဲ ထုတ်ဆဲမိလိမ့်မည်ဖြစ်သည်။
သို့သော် ဇာတ်ကြောင်းကို လမ်းမှန်ပြန်ရောက်စေရန်၊ ဘရန်ဒန်နှင့် ကျင်းဆွေ့တို့ကို သူက သူတို့စိတ်ကူးထားသည့်အတိုင်း မဟုတ်ကြောင်းသဘောပေါက်စေရန်နှင့် သူက အခြားအထက်တန်းလွှာများနှင့် မကွာခြားကြောင်း သိစေရန် ကျီလင် ကြိုးစားရမည်ဖြစ်သည်။
ကျီလင် ဖိုက်တင်း... ဘာပဲဖြစ်ဖြစ် ငါက သူများတွေကို ထိခိုက်အောင်လုပ်လို့မရဘူးဆိုတော့ စိတ်အနှောင့်အယှက်ဖြစ်အောင်နေရင် နည်းနည်းလောက်တော့ သက်ရောက်မှုရှိမှာပဲ...
သို့သော် ရလဒ်အနေဖြင့် သူ ကျင်းဆွေ့နှင့် အခြားသူများ၏အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရချေ။
ကျီလင် ထိုအကြောင်းတွေးပြီး သူ၏ အစေခံကို အခြေအနေဆက်စောင့်ကြည့်ထားရန် ညွှန်ကြားကာ အနားယူရန်ပြန်သွားခဲ့သည်။
နာရီအနည်းငယ်ကြာပြီးနောက် သူ့အစေခံက ဆက်သွယ်ရေးစက်အသုံးပြု၍ ဧကရာဇ်နှင့် နဉ်ယွီတို့ ကန်တင်းတွင် ညစာအတူစားနေကြသည်ဟု သတင်းပို့လာခဲ့သည်။ ကျီလင်က ကန်တင်းသို့ ချက်ချင်းအပြေးအလွှားသွားခဲ့သည်။
ကန်တင်းက အလွန်ကျယ်ဝန်းပြီး လူရာပေါင်းများစွာ တစ်ချိန်တည်း စားသောက်ရန်လုံလောက်သည်။ ကျယ်ဝန်းသော ခန်းမထဲတွင် သတ္တုစားပွဲနှင့် ကုလားထိုင်များစွာကို သပ်သပ်ရပ်ရပ် စီစဉ်ထားပြီး စစ်သားများ နှစ်ယောက်တစ်စု သုံးယောက်တစ်စုထိုင်စားနေကြသည်။ ထိုအချိန်တွင် လူများစွာမရှိသောကြောင့် ထိုင်ခုံလွတ်များစွာရှိနေသည်။
ဤဝတ္ထု၏ ဇာတ်လိုက်များအနေဖြင့် ကျင်းဆွေ့နှင့် နဉ်ယွီတို့၏ပြီးပြည့်စုံသောအသွင်အပြင်နှင့် တောက်ပမှုရောင်ဝါများက ဖုံးကွယ်ရန်မဖြစ်နိုင်ချေ။ ကျီလင် သူတို့ကို တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်ရသည်။ ကျင်းဆွေ့က နေရာလွတ်များစွာဝန်းရံထားသော စားပွဲ၌ တစ်ဦးတည်းထိုင်နေပြီး နဉ်ယွီက သူ့ရဲဘော်များနှင့်အတူ တံခါးနားတွင် ထိုင်နေခဲ့သည်။
ကျီလင်က မျက်လုံးလှိမ့်လိုက်ပြီး ကျင်းဆွေ့ဆီသို့ တည့်တည့်သွားရမည့်အစား သူ့အစေခံကိုခေါ်ကာ နဉ်ယွီရှိရာသို့ လျှောက်သွားခဲ့သည်။
နဉ်ယွီက သူ့ဘေးနားရှိရဲဘော်တစ်ဦးနှင့် စကားပြောနေပြီး သူ၏ချောမောသော ဘေးဘက်မျက်နှာနှင့် အပြုံးဖွဖွတစ်ခုကို ဖော်ပြထားခဲ့သည်။
ကျီလင် ထိုနေရာသို့ တည့်တည့်လျှောက်သွားပြီး အစေခံသူ့ဆီပေးလာသောပန်းကန်ကို သတ္တုစားပွဲပေါ်သို့ချကာ မျက်ခုံးပင့်၍ မထီလေးစားသောအသံဖြင့်ပြောလိုက်သည်။
"ဖယ်ပေး...ငါဒီမှာထိုင်ချင်လို့..."
သူ ထိုစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် နဉ်ယွီက ရုတ်တရက်ခေါင်းလှည့်လာကာ သူ့ကိုမြစိမ်းရောင်မျက်လုံးများဖြင့်ကြည့်၍ မျက်မှောင်အနည်းငယ်ကြုတ်သွားခဲ့သည်။
ကျီလင်က သူဖြစ်ချင်သည်ကိုသာသိသကဲ့သို့ မောက်မာစွာ ပြန်ကြည့်လိုက်သည်။
နဉ်ယွီက များစွာမတုံ့ပြန်သော်လည်း သူ့ဘေးနားရှိရဲဘော်များက ဒေါသများထွက်လာကြကာ ကျီလင်ကို ဒေါသတကြီးပြောလာခဲ့သည်။
"ဟိုမှာ ထိုင်ခုံအလွတ်တွေအများကြီး ရှိနေတာပဲလေ..."
ကျီလင်က မေးမော့ကာ သရော်လိုက်သည်။
"ဒီထိုင်ခုံက မျက်စိထဲပိုအဆင်ပြေနေလို့... ဘာလဲ...မရဘူးလား..."
နဉ်ယွီ၏အချစ်ဆုံးသူငယ်ချင်းဖြစ်သော စစ်သားက နဉ်ယွီ၊ ကျီလင်နှင့် ဧကရာဇ်တို့၏ အချစ်တြိဂံအတင်းအဖျင်းအချို့ကို သိထားသည်။ အမှန်တွင် သူတို့၏ ယခင်ပြိုင်ပွဲက အတော်လေးကြီးမားခဲ့ပြီး သူ ကျီလင်ကိုမကျေမနပ်ဖြစ်ခဲ့ကာ သူ၏ အချစ်ဆုံးသူငယ်ချင်းက ထိုကဲ့သို့ ညစ်ညမ်းသောအထက်တန်းလွှာထံမှ ပစ်မှတ်ထားခံရသောကြောင့် ကံဆိုးလှသည်ဟု ခံစားခဲ့ရသည်။ သူက ကျီလင်၏ သေးသွယ်သော လက်နှင့် ခြေများကို ကြည့်ပြီး ဒေါသထွက်လာကာ နှာမှုတ်၍ အေးစက်စက်ပြောလိုက်သည်။
"ငါတို့ မင်းကို ဖယ်မပေးဘူးဆိုရင်ရော... မင်းဘာတတ်နိုင်မှာမို့လို့လဲ..."
ကျီလင်က ချက်ချင်းပင် သူ၏ဒေါသကိုထုတ်ပြပြီး စားပွဲကို လက်ဖြင့်ပြင်းပြင်းထန်ထန်ရိုက်ကာ အော်ပြောလိုက်သည်။
"မင်း ငါ့ကို ဘယ်လိုတောင် ရန်စရဲတာလဲ... မင်းလိုဇာတ်နိမ့်ကများ..."
"ဇာတ်နိမ့်"ဟူသော စကားထွက်လာသည်နှင့် လေထုက သိသိသာသာတင်းမာသွားပြီး နဉ်ယွီဘေးနားရှိရဲဘော်က ကျီလင်ကို အေးစက်စွာစိုက်ကြည့်လာပြီး မတ်တတ်ထရပ်ကာ အင်္ကျီလက်များကို ဆွဲတင်လာခဲ့သည်။
ကျီလင် ၎င်းကို မြင်ချိန်တွင် ပင့်သက်ရှိုက်မိသွားခဲ့သည်။
ငါ စကားနှစ်ခွန်းပဲ ပြောမိတာပါ...ဘာလို့အင်္ကျီလက် ဆွဲတင်နေတာလဲ... အဲဒါက အရမ်းရိုင်းရာမကျဘူးလား...
ကျီလင်၏မျက်နှာက ဖြူဖျော့သွားပြီး ချွေးများထွက်လာလုမတတ် တင်းမာလာခဲ့သည်။ ထို့နောက် နဉ်ယွီက ရုတ်တရက်မတ်တတ်ထရပ်ကာ သူ့ရဲဘော်၏ပုခုံးကိုဖိချပြီး ကျီလင်ဘက်သို့ ခေါင်းလှည့်၍ တည်ငြိမ်စွာပြောလာခဲ့သည်။
"ဒီနေရာကို မင်းဆီ ပေးလိုက်ပြီ..."
နဉ်ယွီက တစ်ဖက်လူအား တားလိုက်သည်ကိုမြင်ပြီးနောက် ကျီလင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ထို့နောက် မောက်မာသောအသွင်အပြင် တစ်ဖန်ပြသပြီး သရော်လိုက်သည်။
"မင်းတို့နေရာ မင်းတို့သိတော့ ပိုကောင်းတာပေါ့..."
နဉ်ယွီ၏ရဲဘော်က မယုံနိုင်ဖြစ်သွားခဲ့သည်။ ကျီလင်၏ဗီလိန်ဆန်သော အမူအရာကို မြင်ရသဖြင့် သူ ပို၍ပင် ထွက်မသွားချင်ဖြစ်သွားပြီး နဉ်ယွီကို မကျေမနပ်ဖြင့်ပြောလိုက်သည်။
"မင်း သူ့ကို ဘာလို့ခွင့်ပြုပေးလိုက်တာလဲ... မင်း သူ့ကိုကြောက်နေတာလား..."
နဉ်ယွီက ခေါင်းခါပြပြီး သူ၏မြစိမ်းရောင်မျက်လုံးများက ကျီလင်နှင့် ငြင်းခုံရန် စိတ်မဝင်စားသကဲ့သို့ လျစ်လျူရှုဟန်ပြကာ ပြောလိုက်သည်။
"အကျယ်အကျယ်ဖြစ်တာထက် အကျဉ်းချုံးဖြစ်တာ ပိုကောင်းတယ်... ပြီးတော့ ထိုင်ခုံအလွတ်တွေလည်းရှိနေသားပဲဟာ...ငါတို့ ဟိုကိုပဲ သွားကြရအောင်..."
သူ့ရဲဘော်က မသွားချင်သေးသော်လည်း နဉ်ယွီက ငြင်းခုံရန်ဆန္ဒမရှိသည်ကို မြင်သောကြောင့် နဉ်ယွီ၏ဆုံးဖြတ်ချက်ကိုလက်ခံပြီး ကျီလင်ကိုကျိန်ဆဲကာ သူ့ပန်းကန်သူသယ်၍ ထွက်သွားခဲ့သည်။
ကျီလင်က နဉ်ယွီထိုင်ခဲ့သော ထိုင်ခုံပေါ် တိုက်ရိုက်ထိုင်ချလိုက်ရာ တစ်ဖက်လူ၏ အပူရှိန်က အေးစက်နေသောသတ္တုထိုင်ခုံပေါ် ကျန်နေသေးသည်ကို ခံစားလိုက်ရသည်။ သူ မရည်ရွယ်ဘဲ ထွက်သွားသော နဉ်ယွီ၏နောက်ကျောသို့ တစ်ချက်လှမ်းကြည့်ပြီး အကြည့်ပြန်လွှဲလိုက်သည်။
ကျင်းဆွေ့လည်း စောစောက မြင်ကွင်းကို မြင်လိုက်မှာသေချာတယ်...
သို့သော် ကျင်းဆွေ့က သူ နဉ်ယွီကို အနိုင်ကျင့်နေသည့်တိုင် ဘာမှမလုပ်ဘဲ အလွန်ငြိမ်သက်နေခဲ့သည်။ ၎င်းက ဖြေရှင်းချက်မဟုတ်သည်ကို ကျီလင် သိလိုက်ရပြီး အခြားအကြံတစ်ခု ထပ်ထုတ်လိုက်သည်။
သူက သူ့ပန်းကန်ထဲရှိ အစားအသောက်များကို ငုံ့ကြည့်လိုက်၏။
နာဒိုဂလက်ဆီက အလွန်ဝေးလံခေါင်းပါးပြီး တစ်နှစ်ပတ်လုံးစစ်ဖြစ်နေသောကြောင့် ပါဝင်ပစ္စည်းများ အမြဲလိုလိုရှားပါးကာ ကန်တင်းရှိ အစားအစာအများစုက အလွန်ရိုးရှင်းသော စွမ်းအင်အစားအစာများသာသည်။ ၎င်းက အင်ပါယာကြယ်နှင့် လုံးဝမယှဉ်နိုင်ချေ။
လူတိုင်းက စစ်သားများဖြစ်သောကြောင့် ၎င်းကိုကျင့်သားရနေသော်လည်း ကျီလင်မှာ ထိုကဲ့သို့ရိုးရှင်းသောအစားအစာများကို တစ်ခါမှမစားဖူးခဲ့ချေ။
ဧကရာဇ်နှင့် မာရှယ်ပင်လျှင် ထိုကဲ့သို့ အစားအစာများစားရသည်ကို စိတ်မရှိကြချေ။ သို့သော် ကျီလင်က သူ၏ စိတ်မကျေနပ်မှုကို လူတိုင်းသိသွားစေချင်ခဲ့သည်။
သူက ပန်းကန်ထဲရှိ အစားအစာများကို ခက်ရင်းဖြင့်ထိုးယူကာ သေချာကြည့်ပြီး ရွံရှာဟန်ဖြင့် ပြောလိုက်သည်။
"ဒါက ဘာကြီးလဲ... လူစားတဲ့ဟာရော ဟုတ်ရဲ့လား..."
ကန်တင်းက ခဏတာခန့် တိတ်ဆိတ်သွားပြီး အစားစားနေသူတိုင်း လှုပ်ရှားမှုများရပ်တန့်သွားကြကာ ကျီလင်ရှိရာသို့ အေးစက်စွာ လှည့်ကြည့်လာခဲ့ကြသည်။
အမှန်တွင် စောစောက ကျီလင် နဥ်ယွီအား အနိုင်ကျင့်နေသည်ကို သူတို့လည်းမြင်ပေသည်။ သူတို့ ကျီလင်၏အပြုအမူအပေါ် အလွန်မကျေနပ်ဖြစ်သော်လည်း နဥ်ယွီက နောက်ဆုတ်ရန် ရွေးချယ်ခဲ့သောကြောင့် သူတို့လည်း ဒေါသများပြန်မျိုချရုံသာ တတ်နိုင်ခဲ့သည်။ သို့သော် ထိုအမှိုက်ကောင်အထက်တန်းလွှာက အမှန်ပင် ရွံရှာဖွယ်ကောင်းလွန်းသည်။ သူက ပြဿနာရှာရုံနှင့် မလုံလောက်ဘဲ လူအများစားနေသော အစားအစာကိုပင် မထီမဲ့မြင်ပြုလာခဲ့သည်။
အဲဒါက လူစားတာမဟုတ်ရင် ငါတို့စားနေတာဘာကြီးလဲ...
ငါတို့က ဒီမှာဇာ့ဂ်တွေကိုတိုက်ဖို့ အသက်စွန့်ပြီး ခက်ခက်ခဲခဲနေနေပေမယ့် မင်းလို အထက်တန်းလွှာကတော့ ငါတို့စားနေတာကို လူစားတာမဟုတ်ဘူးလို့ လာလှောင်ပြောင်တယ်ပေါ့လေ...
ငါတို့ရဲ့အစာစားချင်စိတ် မထိခိုက်အောင် သူ့ကို ဒီကနေ ကန်ထုတ်ပစ်ချင်နေပြီ...
ကျီလင်က သူ့ပန်းကန်ပြားပေါ်ရှိ စားစရာများကို ရွံရှာစွာထိုးဆွပြီး လူတိုင်း၏အမြင်ကို လုံးဝသတိမထားမိဟန်ဖြင့် ခက်ရင်းကို လေးလံစွာချလိုက်သည်။
ဟုတ်ပြီ... ဒါက ငါလိုချင်တဲ့ဟာပဲ...
ထိုအချိန်တွင် သူ့နောက်မှ တည်ငြိမ်၊ အားကောင်းသော ခြေသံထွက်ပေါ်လာခဲ့သည်။ အရပ်ရှည်ရှည်နှင့် ချောမောသောအမျိုးသားတစ်ဦးက သူ့ဆီသို့ ဖြည်းညှင်းစွာလျှောက်လာခဲ့သည်။
ကျင်းဆွေ့က ယနေ့တွင် အနက်ရောင်စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော်လည်း သူ့ယူနီဖောင်းက အခြားသာမန်စစ်သားများနှင့် သိသိသာသာကွဲပြားသည်။ လက်ကောက်ဝတ်နားတွင် ရွှေချည်ကွပ်ထားပြီး ပခုံးပေါ်တွင် ငွေရောင်ချည်ပန်းဖွားများ ကျဆင်းနေခဲ့သည်။ သူက သူ၏အနက်ရောင်ဆံပင်များကို နောက်သို့လှန်တင်ထားပြီး ချောမောသောမျက်နှာပေါ်ရှိ ရွှေရောင်မျက်လုံးများက တောက်ပနေလေသည်။
ကျင်းဆွေ့ နောက်ဆုံး၌ပေါ်လာသည်ကို ကျီလင် မြင်ချိန်တွင် သူ့စိတ်ထဲမှ ပြောလိုက်သည်။
ခင်ဗျား နောက်ဆုံးတော့ မလာဘဲ မနေနိုင်တော့ဘူးမလား...ခင်ဗျား ကျွန်တော့်ကို အမုန်းဆုံးဆိုတာ ကျွန်တော်သိသားပဲ... ကျွန်တော့်လို လူတစ်ယောက်က ဘာမှကြိုက်စရာမရှိဘူးမလား...
အခု ခင်ဗျား ဘာလုပ်မလဲ ကြည့်ရသေးတာပေါ့... ခင်ဗျား ကျွန်တော့်ကို ဆက်သည်းခံပြီး ကာကွယ်ပြနေရင် တခြားသူတွေရဲ့မကျေနပ်ချက်တွေကို နှိုးဆွပေးသလိုဖြစ်သွားလိမ့်မယ်...
ကျီလင် ခေါင်းမော့ပြီး ကျင်းဆွေ့ကို မျှော်လင့်တကြီး စိုက်ကြည့်လိုက်သည်။
ကျင်းဆွေ့က ကျီလင်၏တောက်ပသောမျက်လုံးများထဲရှိ မျှော်လင့်ချက်ကိုကြည့်ကာ တွေးလိုက်မိသည်။
ဒီကလေးက ငါ သူ့ဆီလာအောင်လို့ တမင်ပြဿနာရှာနေတာပဲ...
ကျင်းဆွေ့ ထိုသို့တွေးပြီး သူ၏နှုတ်ခမ်းပေါ်တွင် ကူကယ်ရာမဲ့သောအပြုံးတစ်ခုပေါ်လာခဲ့သည်။
ကောင်ငယ်လေးက သူ့ကို ခွင့်လွှတ်ရန် ငြင်းဆိုနေသော်လည်း သူခရီးထွက်မည်ကို သိရစဉ် သူ့နောက်သို့ လိုက်လာဆဲဖြစ်သည်။ ၎င်းက ကောင်ငယ်လေး၏ စိတ်ထဲ၌ သူရှိနေသေးသည်ကို ထင်ရှားစေသည်။
သူ စောစောက ငါ့ဆီက အာရုံစိုက်ခံရဖို့ ပေါက်ကရတွေ လျှောက်လုပ်ခဲ့တာရော... ငါ့ကို လျှို့ဝှက်ပြီး ကြည့်နေတာရော ငါသတိမထားမိဘဲ နေပါ့မလား...
ကျင်းဆွေ့၏မျက်လုံးထဲ ချစ်မြတ်နိုးမှုအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
ဒီလိုမျိုး ချစ်စရာကလေးလေးကို ဘယ်လိုလုပ် အလိုမလိုက်ဘဲနေနိုင်ပါ့မလဲ...
ငါ အရင်တုန်းက အဲဒါကို သေသေချာချာနားလည်ခဲ့ရင် ကောင်ငယ်လေးရဲ့ မောက်မာတဲ့အသွင်အပြင်အောက်က ဖုံးကွယ်ထားတဲ့ အစစ်အမှန်ဘက်ခြမ်းကို ရှာတွေ့လောက်မှာ... သူ့ရဲ့ အပြုအမူတွေက အဓိပ္ပာယ်မရှိတဲ့ပုံပေါက်ပေမယ့် တကယ်တော့ ဘယ်သူကိုမှမထိခိုက်စေဘူး...ငါအရင်တုန်းက တခြားသူတွေလိုပဲ သူ့ကို သေချာမကြည့်မိခဲ့ဘူး...
ငါ ဒီထက်မြန်မြန် သဘောပေါက်ခဲ့ရင် သူ့ ရဲ့စစ်မှန်ပြီး ဖြူစင်တဲ့ အတွင်းစိတ်ကို စောစောတွေ့ နိုင်လောက်တယ်...
ငါသူ့ကို သဘောကျနေတာကြာပြီထင်တယ်...
ပြန်လည်မွေးဖွားလာပြီး သူ့ကိုတစ်ခါထပ်တွေ့လိုက်ရတော့...
ငါ အရင်က သူ့ကို ဘယ်လောက်တောင် လွမ်းနေခဲ့လဲဆိုတာ သဘောပေါက်ခဲ့ရတယ်...ပြီးတော့ သူက ငါမှတ်မိထားတာတွေထက် ပိုလှပတယ်ဆိုတာ သိလာခဲ့ရတယ်...သူက အရမ်းလှပပြီး အရမ်းချစ်စရာကောင်းတယ်...
ကျင်းဆွေ့၏နှလုံးသားထဲ နူးညံ့မှုအရိပ်အယောင်များ တိုးဝင်လာခဲ့သည်။ သူ ကျီလင်အနားသို့လျှောက်သွားပြီး ဘေးနား၌ဝင်ထိုင်၍ ညင်သာစွာပြောလိုက်သည်။
"ကိုယ် မင်းကို မတရားခံရစေမိပြီ..."
ကျီလင် : "???"
ကျင်းဆွေ့က ခက်ရင်းကို ကောက်ကိုင်ပြီး ကျီလင် စောစောက ထိုးဆွထားသော အစားအစာတစ်ခုကို ကောက်ယူစားပြီးနောက် ပြုံးပြလာခဲ့သည်။
"ဒီဟာက ကြည့်ရတာ သာမန်ဆန်ပေမယ့် အရသာကတော့ သိပ်မဆိုးပါဘူး... ပြီးတော့ အာဟာရဓာတ်လည်းလုံလောက်တယ်..."
ကျီလင် : "... "
လျှပ်တစ်ပြက်အတွင်း ကျင်းဆွေ့က အခြားစားစရာတစ်ခုကို ခက်ရင်းဖြင့်ထိုးကာ ကျီလင်၏နှုတ်ခမ်းအနားသို့ ယူလာပေးခဲ့သည်။ ကျင်းဆွေ့၏ ရွှေရောင်မျက်လုံးများက ပြုံးယောင်သန်းနေပြီး ချော့မော့သောလေသံဖြင့် ပြောလာခဲ့သည်။
"စမ်းစားကြည့်ချင်လား..."
✨✨✨