Chapter 47
Viewers 15k

✨ Chapter 47

 လေ့လာရေးခရီး



ကျီလင်၏ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့သည်။


ငါ..ငါ ယောင်္ကျားတစ်ယောက်ဆီက အနမ်းခံလိုက်ရလား...  


ငါ အမြန်မရှောင်ရင် ငါ့ရဲ့ပထမဆုံးအနမ်းကို ဆုံးရှုံးရလိမ့်မယ် QAQ


သူ အလွန်ထိတ်လန့်သွားရသော်လည်း ကျင်းဆွေ့၏မျက်လုံးများထဲရှိ သံသယအရိပ်အယောင်ကိုတွေ့ရချိန်၌ ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။ 


အာ... ငါ ကျင်းဆွေ့ရဲ့ အနမ်းကို အလိုလိုရှောင်မိလိုက်တာပဲ...  


ကျီလင်က ကျင်းဆွေ့ကို အချိန်အတန်ကြာစိုက်ကြည့်ပြီး ဒေါသနှင့် ရှက်ရွံ့မှုအရိပ်အယောင်များပြကာ ဒေါသတကြီးပြောလိုက်သည်။ 

"ခင်...ခင်ဗျားကို ဘယ်သူက ဒီလိုလုပ်ဖို့ပြောလို့လဲ...ကျွန်တော် ခင်ဗျားကို ခွင့်မလွှတ်ရသေးဘူး..." 


သူ ထိုသို့ပြောပြီးနောက် သူ့စိတ်အတွင်းရှိထိတ်လန့်မှုကို ဖုံးကွယ်ရန် မျက်လုံးပြူးလိုက်သည်။


ကျင်းဆွေ့က ကျီလင်၏နီရဲနေသော ပါးပြင်များကို ကြည့်လိုက်သည်။ ကောင်ငယ်လေး၏ဝိုင်းစက်နေသောမျက်လုံးများ၌ ရှက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ဖြင့် တောက်ပနေသည်။ ခဏအကြာတွင် သူ၏မျက်လုံးများထဲ ကူကယ်ရာမဲ့မှုအရိပ်အယောင်က တဖြည်းဖြည်းပေါ်လာခဲ့သည်။ 


ငါရှင်းပြပြီးတာတောင် ဒီကလေး အင်တာနက်ပေါ်က ကောမန့်တွေကို ဂရုစိုက်နေတုန်းပဲ... 


ပြီးတော့ ငါ အရင်တုန်းက သူ ဒီလိုမျိုးရှက်တတ်မှန်း မသိခဲ့ဘူး... ငါ့နောက်ကိုလိုက်ပြီး အမြဲဝန်ခံနေတာကိုမြင်တော့ သူ အရမ်းရဲရင့်တယ်လို့ တွေးခဲ့မိတာ... 


တကယ်တော့ သူက ရိုးရှင်းတဲ့ကလေးတစ်ယောက်ပဲ... 


ကျင်းဆွေ့က ကျီလင်၏ ရှက်သွေးဖြာနေသောမျက်နှာကို ကြည့်လိုက်သည်။ သူ့ကိုရှောင်သွားသည့်အတွက် သူ စိတ်မဆိုးဘဲ ကျီလင်က ပို၍ချစ်စဖွယ်ကောင်းလာသည်ဟု ခံစားရကာ မနေနိုင်ဘဲ ခပ်ဖွဖွရယ်မိသွားသည်။ 

"ကိုယ် သိပြီ..."  


သူက ကောင်ငယ်လေး၏ မျက်နှာကို နက်ရှိုင်းစွာစိုက်ကြည့်ပြီး သူ့ကို ရင်ခွင်ထဲထည့်၍ ပွတ်သပ်ပေးချင်မိသည်။ ကောင်ငယ်လေး၏ရှက်တတ်ကာ ချစ်စဖွယ်ကောင်းပုံကိုမြင်ရရန် ပိုအနိုင်ကျင့်ချင်မိသည်။ သို့သော် ယခုက အချိန်မှန်မဟုတ်သေးချေ။ 


ကျင်းဆွေ့က ဖြည်းညှင်းစွာခေါင်းလှည့်ပြီး ဘေးနားတွင် တိတ်တဆိတ်ရပ်နေသော ငွေရောင်ဆံပင်ဖြင့်လူကို မျက်လုံးများမှေးကာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲ လျစ်လျူရှုမှုနှင့် အေးစက်မှုများသာ ရှိတော့သည်။  


လွန်ခဲ့သောရက်အနည်းငယ်က ဝမ်ယန် သူ့ထံလာရန်အစပြုခဲ့ပြီး သူ့ကို လွှတ်တော်၌ ထောက်ခံလိုသည်ဟုပြောခဲ့သည်။ သို့ရာတွင် အခြေအနေတစ်ခုရှိသည်။ ၎င်းက ကျီလင်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံရန်ဖြစ်သည်။ 


သူ၏ယုံကြည်မှုကိုရရှိရန် ဝမ်ယန်က ကားလို့စ်နှင့် ပူးပေါင်းခဲ့ဖူးကြောင်း ရိုးသားစွာဖြင့် အစပြုပြောခဲ့သည်။ အကယ်၍ ကျင်းဆွေ့က ထိုလူ၏ ရည်မှန်းချက်နှင့် သူ၏ယခင်ဘဝက ကျီလင်အပေါ် သစ္စာဖောက်ခဲ့ခြင်းကို ရှင်းလင်းစွာမသိလျှင် ထိုလူမှာ ကျီလင်ကို အလွန်မြတ်နိုးသည်ဟု ယုံကြည်မိလိမ့်မည်ဖြစ်သည်။


သူ ဝမ်ယန်ကို မယုံသော်လည်း သူ့တောင်းဆိုမှုကို ကျင်းဆွေ့လက်ခံလိုက်သည်။ သူ တစ်ဖက်လူကို အသုံးချနိုင်သရွေ့ မည်သည့်ရည်ရွယ်ချက်နှင့် ချဉ်းကပ်လာသည်ကို ဂရုမစိုက်ချေ။ အကယ်၍ ဝမ်ယန်က သူ့ထံလာရဲပါက သူလည်း လက်ခံရဲသင့်သည်။ အခြားပူးပေါင်းကြံစည်မှုများ ရှိရှိ၊ မရှိရှိက သူ၏စွမ်းဆောင်ရည်နှင့် သတ္တိရှိ၊ မရှိအပေါ် မူတည်ခဲ့သည်။ 


ထို့အပြင် ဝမ်ယန် မပြောလျှင်ပင် သူကျီလင်ကို ကောင်းကောင်းဆက်ဆံမည်ဖြစ်သည်။ 


ဒီတစ်ကြိမ်တော့ မင်း အခုလိုမျိုး ကောင်းကောင်းပြုမူရင် ပိုကောင်းလိမ့်မယ်... မဟုတ်ရင် ကျီလင်ကို နာကျင်စေတဲ့အဖိုးအခအတွက် မင်းပြန်ပေးဆပ်ရလိမ့်မယ်...


ဝမ်ယန်က ကျင်းဆွေ့၏မျက်လုံးများကိုကြည့်ရန် ခေါင်းမော့လာသော်လည်း သူ့မျက်လုံးထဲရှိသတိပေးချက်ကို နားမလည်သကဲ့သို့ လေးစားစွာပြောလာခဲ့သည်။ 

"အရှင်မင်းကြီး... သခင်လေး..." 


ကျီလင်က ရှက်ရွံ့နေပြီး ဝမ်ယန်၏ တည်ရှိမှုကိုလျစ်လျူရှုလိုက်သည်။ ကျင်းဆွေ့က သူ့ကိုလွှတ်လိုက်သည်နှင့် အိမ်ဘက်လှည့်ကာ ပြေးတော့သည်။ 


ဝမ်ယန်က ကျင်းဆွေ့ကို ဦးညွှတ်ပြီး သူ့နောက်လိုက်သွားခဲ့သည်။ 


ကျင်းဆွေ့က ကျီလင်ကိုမတားဘဲ မြို့စားကြီးကျီထင်၏အိမ်တော်တံခါးကို ကျီလင်၏နောက်ကျော ပျောက်ကွယ်သွားချိန်အထိကြည့်နေခဲ့ပြီး သူ့မျက်လုံးများထဲ နက်ရှိုင်းသောအရိပ်အယောင်များ ပေါ်လာခဲ့သည်။


သူ့ခံစားချက်များက သေချာနေပြီဖြစ်သောကြောင့် လွှတ်ထားရန် မဖြစ်နိုင်သော်လည်း အလွန်တွန်းအားပေးရန်လည်းမဖြစ်နိုင်ချေ။ ကောင်ငယ်လေး သူ့ကို လက်ခံလာမည့်အချိန်အတွက် စောင့်ဆိုင်းရန် သူ့တွင် စိတ်ရှည်မှု အလုံအလောက်ရှိပေသည်။


………………


ကျီလင် နောက်ပြန်မလှည့်ဝံ့ဘဲ အရှိန်ပြင်းပြင်းဖြင့် လျှောက်လာခဲ့သည်။ သူ့ခြံဝန်းထဲသို့ ရောက်ချိန်တွင် သူ့နောက်မှ ဝမ်ယန် တိတ်တဆိတ်လိုက်လာသည်ကို တွေ့လိုက်ရပြီး အနည်းငယ် မျက်နှာပူတက်လာခဲ့သည်။


သူ စောစောက ကျင်းဆွေ့နှင့်ဝေးရာသို့ ထွက်သွားရန်ကိုသာ ဂရုစိုက်ခဲ့ပြီး ဝမ်ယန်ကို အာရုံစိုက်ရန် အချိန်မရှိခဲ့ချေ။ ယခု သူစိတ်ငြိမ်သွားချိန်တွင်မူ ရှက်သလို ခံစားလာခဲ့ရသည်။


ငါ့လို အဖြောင့်စစ်စစ်ယောက်ျားတစ်ယောက်အတွက် အတင်းနမ်းခံရတာထက် ပိုဆိုးတာ ဘာရှိဦးမှာလဲ...ပြီးတော့ ငါတို့ဘေးမှာ ကြည့်နေတဲ့လူလည်း ရှိနေသေးတယ်...


ဝမ်ယန်က အလွန်ငြိမ်သက်နေသောကြောင့် ထိုလူ၏စိတ်ထဲ သူ့ကို လှောင်ပြောင်နေလိမ့်မည်ဟု ကျီလင် ခံစားခဲ့ရသည်။


သူ့မှာ ဘာလို့ အလိုက်သိစိတ်လေးဘာလေးမရှိတာလဲ...ငါ ဒီမှာ ရှက်နေတာကို သူ မမြင်ဘူးလား...


ကျီလင်၏စိတ်ထဲ ပိုပိုရှက်လာပြီး ထိုလူကိုကြည့်ကာ ဒေါသတကြီးပြောလိုက်သည်။ 

"မင်းက ဒီမှာဘာလုပ်နေတာလဲ..."


ဝမ်ယန်က မျက်လွှာပင့်ကြည့်လာခဲ့သည်။ သူ့မျက်လုံးများတွင် အလင်းရောင်မရှိဘဲ အနက်ရောင်တွင်းနက်ကြီးကဲ့သို့ မှောင်မဲနေကာ ထုံပေပေဖြင့်ပြောလာခဲ့သည်။ 

"ဧကရာဇ်က မင်းကို အရမ်းသဘောကျတဲ့ပုံပဲ... မင်း မပျော်ဘူးလား..." 


ကျီလင် : "... "


ရက်စက်တယ်...ဒီလူက တကယ်ရက်စက်တဲ့လူပဲ...သူ ပါးစပ်ဟလိုက်တာနဲ့ သူများခေါင်းကို တူနဲ့ထုခံရသလို ခံစားရအောင်လုပ်ပြီ...


ကျီလင် မျက်ရည်များဝဲတက်လာပြီး ပြောလိုက်သည်။

"ပျော်ပါတယ်..."


ဝမ်ယန်က သူ့ကို စေ့စေ့စိုက်ကြည့်ပြီး စိုးရိမ်မှုအရိပ်အယောင်ပြကာ ပြောလာခဲ့သည်။

"ဒါပေမယ့် မင်းကြည့်ရတာ အရမ်းပျော်နေပုံမရဘူး..." 


ကျီလင် ထိုစကားကြားရစဥ် အလွန်ဝမ်းနည်းသွားပြီး ဝမ်းနည်းစိုးရိမ်သောအမူအရာပြကာ သက်ပြင်းချလိုက်သည်။  

"အရင်တုန်းက ဧကရာဇ် ငါ့ကိုမကြိုက်ဘူးဆိုတာ အသိသာကြီးလေ...အခုမှ ဘယ်လိုလုပ် ငါ့ကို ရုတ်တရက်ကြီး ကြိုက်သွားနိုင်မှာလဲ...ငါ အရမ်းပျော်နေပေမယ့်လည်း မယုံရဲဘူး... သူ ငါ့ကို တကယ်ကြိုက်တာလား... သူ ငါ့ကို ဘယ်လောက်ကြာကြာ ကြိုက်မှာလဲ...ဒါမှမဟုတ် သူ မနက်ဖြန် ငါ့ကို မကြိုက်တော့ဘူးလားဆိုပြီးစိုးရိမ်နေရတယ်..."


ဝမ်ယန်၏လက်များက အနည်းငယ် တင်းကျပ်သွားခဲ့သည်။ ကောင်လေး၏ မျက်လုံးများထဲရှိအကြည့်တွင် စိုးရိမ်မှုနှင့် ဝမ်းနည်းမှုများကို ဖော်ညွှန်းနေသောကြောင့် ဝမ်ယန်၏နှလုံးသား နစ်မြုပ်သွားခဲ့ရသည်။ 


ပျော်ရွှင်စရာတစ်ခုလို့ထင်ရပေမယ့် တကယ်ဖြစ်ပျက်လာတဲ့အခါမှာ သူ မယုံရဲနေဘူး...သူ စိတ်ပျက်ရမှာစိုးနေတာ... ကောင်ငယ်လေးရဲ့ မောက်မာတဲ့နှလုံးသားကို အဲဒီရက်စက်တဲ့လူက ဖြည်းဖြည်းချင်း ချနင်းခဲ့တာပဲ...


မနာလိုမှုနှင့် မုန်းတီးမှုများက ဝမ်ယန်၏စိတ်ထဲ တိုးဝင်လာခဲ့သည်။ သူ ချစ်ရသော ကောင်ငယ်လေးကို လက်မလွှတ်ချင်သလို ထိုအေးစက်သောလူ၏လက်ထဲ မထည့်ပေးချင်ပေ။


သို့သော်…


အချိန်အတန်ကြာပြီးနောက် ဝမ်ယန်က မျက်လုံးများမှိတ်ပြီး ဖြေးညှင်းစွာ ပြောလိုက်သည်။

"မဟုတ်ဘူး...သူ မင်းကို သေချာပေါက် ကြိုက်လာလိမ့်မယ်..."


သူ့နှလုံးသားထဲသို့ အမှောင်ထု တစ်ဖန်ဝင်ရောက်လာပြီး ယခင်ဘဝကဲ့သို့ သူချစ်ရသောကောင်ငယ်လေးကို သူ့အတွက် လုယူထားချင်သည့် ယုတ်မာသော အတွေးရိုင်းများဝင်လာသော်လည်း ထိုကဲ့သို့ မလုပ်နိုင်ချေ။


ငါ အဲဒီလိုလုပ်လိုက်ရင် အရင်ဘဝနဲ့ ဘယ်လိုလုပ်ကွာခြားပါ့မလဲ...


ဒီဘဝမှာတော့ ကောင်ငယ်လေး ပျော်ရွှင်ဖို့ကိုပဲ ငါ မျှော်လင့်မိတယ်...


ကျင်းဆွေ့က အေးစက်ပြီး ရက်စက်တတ်သော်လည်း သူကဲ့သို့လူမျိုးအတွက် ခံစားချက်များက လဲလှယ်ရောင်းဝယ်နိုင်သော ကုန်ပစ္စည်းတစ်ခုထက် မပိုချေ။ ထို့ကြောင့် ယခင်ဘဝတွင် သူ၏ကိုယ်ပိုင်အကျိုးအတွက် သာမန်လူတစ်ဦးဖြစ်သည့် နဉ်ယွီနှင့် လက်တွဲရန် ရွေးချယ်ခဲ့သည်။


ကျင်းဆွေ့က သူ့ကိုဆွဲဆောင်နိုင်ရန် လုံလောက်သည့် အကျိုးရလဒ်များ ပေးသရွေ့ မည်သူနှင့်မဆို ပူပေါင်းနိုင်သည်။ ယခု ဤမျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့် အဆိုပြုချက်နှင့် နှိုင်းယှဉ်လျှင် နဉ်ယွီနှင့် အတင်းအဖျင်းများက ကျင်းဆွေ့အတွက် အရေးမပါတော့ချေ။ ကျင်းဆွေ့ ထိုကဲ့သို့ ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆနေသရွေ့ နဉ်ယွီကို စွန့်လွတ်ရန် ဆန္ဒရှိမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူနှင့် ပူးပေါင်းဆောင်ရွက်သည်က ပိုအကျိုးရှိသောကြောင့်ပင်။


ကျီလင်က ဝမ်ယန်၏ခိုင်မာပြီး ရိုကျိုးသောအမူအရာကိုကြည့်လိုက်သည်။ သူ၏အနက်ရောင်မျက်လုံးများက ကတိပေးနေသကဲ့သို့ လေးနက်တည်ကြည်နေသည်။


ကျီလင် ပြောလိုက်ချင်မိသည်။

အစ်ကိုကြီးရေ သရုပ်မဆောင်ပါနဲ့တော့... ကျွန်တော့်ရဲ့ အကန့်အသတ်ရှိတဲ့ အရည်အချင်းနဲ့ဆို ဘာမှမတတ်နိုင်ဘူး... ခင်ဗျားက ရင့်ကျက်တဲ့ လွှတ်တော်အမတ်ဖြစ်နေပြီလေ...ကိုယ့်ဘာသာနေတတ်ဖို့ သင်ယူသင့်နေပြီ...' 


သို့သော် သူအရှေ့ရှိလူ၏ချောမောလှပသောမျက်နှာကိုကြည့်ပြီး ထိုသူ၏စိတ်ထဲရှိ ရက်စက်ကောက်ကျစ်မှုများကို ပြန်သတိရကာ မပြောဝံ့တော့ပေ။


ခဏအကြာတွင် တောင့်တင်းသော အသံဖြင့် ပြောလိုက်သည်။

"အိုး..."


………………


ကျီလင် ထိုည‌၌ အိပ်မပျော်ခဲ့ချေ။ သူ မျက်လုံးမှိတ်လိုက်သည်နှင့် ကျင်းဆွေ့၊ ဘရန်ဒန် ၊ ကားလို့စ် ၊ ဝမ်ယန်နှင့် အခြားသူများ၏မျက်နှာများကို ပြန်မြင်ယောင်လာခဲ့သည်။ လျစ်လျူရှုမှု၊ ရက်စက်မှု၊ ကောက်ကျစ်မှုစသည့် အခိုက်အတန့်များက သူ့အာရုံထဲ တစ်ခုပြီးတစ်ခုပေါ်လာခဲ့နေသည်။ သူ ရင်ဆိုင်နေရသည့် လက်ရှိအခြေအနေကိုတွေးပြီး ငိုချင်လာခဲ့သည်။


ယမန်နေ့ညကို ပြန်တွေးကြည့်ရလျှင် သူ၏ပထမဆုံးအနမ်း သို့မဟုတ် တစ်ခုခုဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်။ ထိုအနမ်း၏ အဓိပ္ပါယ်က ကျီလင်ကို အမှန်တကယ် ထိတ်လန့်စေခဲ့သည်။


ကျင်းဆွေ့က ငါ့ကို ဘာလို့နမ်းချင်နေရတာလဲ...


သူ ငါ့အပေါ် အပြစ်ရှိစိတ်နည်းနည်းခံစားရရင်တောင် ဒီလိုမျိုးအကြိမ်ကြိမ်ရှင်းပြပြီး ကိုယ့်ကိုကိုယ်နှိမ့်ချစရာလိုလို့လား... ပြီးတော့ ငါ့ကိုတောင် နမ်းဖို့ကြိုးစားလိုက်သေးတယ်... ဒါက သာမန်လူတွေ သူတို့ကြိုက်တဲ့သူနဲ့တွေ့မှ လုပ်ကြတဲ့ကိစ္စမလား... 


အဲဒါက အပြစ်ရှိစိတ်မဟုတ်ဘူး... သေချာပေါက် ငါ့ကိုလိုက်နေတာပဲ အား... 

ကျီလင် ပြိုလဲလုနီးပါးဖြစ်သွားခဲ့သည်။ 


ဟင့်အင်း မဟုတ်သေးဘူး...စိတ်ငြိမ်ငြိမ်လေးထားရအောင်... 


ကျင်းဆွေ့ ငါ့ရဲ့ဘာကိုကြိုက်သွားတာလဲ...


ကျီလင် ၎င်းကိုတွေးပြီး နောက်ဆုံးဖြစ်နိုင်ချေတစ်ခုကို တွေးမိခဲ့သည်။ 


စိတ်ပညာအရပြောမယ်ဆိုရင် သူတို့ပြန်လည်မွေးဖွားပြီးတဲ့နောက်မှာ ဆုံးရှုံးခဲ့တဲ့အရာကို အပြစ်ရှိစိတ်နဲ့ အကောင်းဆုံးအရာလို့ ခံစားလာလိမ့်မယ်... အဲဒီတော့ ငါ့ရဲ့သေဆုံးမှုက ကျင်းဆွေ့မျက်လုံးထဲမှာ လှပသွားခဲ့တာပဲ... 


ရယ်တော့ ရယ်စရာကောင်းပေမယ့် လူတွေက သူတို့မရနိုင်တာနဲ့ သူတို့ဆုံးရှုံးသွားတာတွေကို အမြဲငြိတွယ်တတ်ကြတာအမှန်တရားပဲ...


ငါလည်း ငယ်ငယ်တုန်းက မရနိုင်တဲ့အရုပ်တစ်ရုပ်ကို လိုချင်ခဲ့ပြီး အကြာကြီးမေ့လို့မရခဲ့ဘူး... ဒါပေမယ့် တကယ်လည်းရလာရော အဲဒါက ဘာမှမဟုတ်ဘူးဆိုတာ သိခဲ့ရတယ်...


ကျင်းဆွေ့အတွက်တော့ ငါက သူ့အရင်ဘဝမှာ သူ့ကို "အရူးအမူးစွဲလမ်း"ပြီး သူ့အတွက် အသက်ပေးသွားတဲ့ လူတစ်ယောက်ပဲ... သူက သွေးအေးပြီး မောက်မာတဲ့စရိုက်ရှိရင်တောင် ငါ့ကို နည်းနည်းတော့ အထင်ကြီးသွားလိမ့်မယ်...


သူ့မျက်လုံးထဲမှာ ငါ့ပုံရိပ်က အချိန်အကြာကြီး အလှဆုံးပုံရိပ်ဖြစ်နေလောက်တယ်...


သေဆုံးခြင်းနဲ့ အချိန်က အရာအားလုံးကို ကွဲပြားစေခဲ့တာပဲ...


အချိန်ကြာလာရင် ဆန်စေ့တောင်မှ လရောင်အဖြူအဖြစ်ပြောင်းနိုင်ပြီး ခြင်သွေးက နှင်းဆီနီအဖြစ် ပြောင်းသွားနိုင်တယ်... 


ကျီလင် ရုတ်တရက် တွေးလိုက်မိ၏။ 


သူတို့ ငါ့ကိုကြိုက်တာက ဒီတိုင်း သဘောကျရုံပဲဆိုရင် ဖျက်ဆီးပစ်ဖို့ သိပ်မခက်လောက်ဘူးမလား... 


သူတို့၏ခံစားချက်များက အစတည်းက ခိုင်မာမှုမရှိပေ။ သူ့အပေါ်ထားရှိသောခံစားချက်များက ယခင်ဘဝ၌ သူတို့အတွက် ပေးဆပ်ခဲ့သောကြောင့် ဖြစ်ပေါ်လာသည့် အပြစ်ရှိစိတ်များဖြစ်သည်။ ယခု သူက ကောင်းမွန်စွာနေပြီး ယခင်ဘဝမှ အရာများ မဖြစ်လာသေးချေ။ သူ ဆက်ကြိုးစားနေသရွေ့ သူတို့က သူ၏ပုံစံအစစ်ကို တွေ့မြင်လာလိမ့်မည်ဖြစ်သည်။ သူတို့မှတ်ဉာဏ်ထဲရှိ သူ့ပုံရိပ်က စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်ပြီး တကယ့်လူအစစ်က မှတ်ဉာဏ်ထဲကလူနှင့် ကွဲပြားကာ သူတို့၏ ချစ်မြတ်နိုးမှုနှင့် မထိုက်တန်သည်ကို သူတို့သဘောပေါက်လာကြမည်ဖြစ်သည်။ 


သူတို့ အရုပ်ကိုဝအောင်ကစားပြီးလျှင် လွှင့်ပစ်နိုင်သည်။ 


လရောင်ဖြူက ဆန်စေ့များအဖြစ် တစ်ဖန်ပြောင်းပြီး နှင်းဆီနီများက သွေးစက်များအဖြစ်သို့ တစ်ဖန်ပြောင်းသွားကာ လူ့နှလုံးသားကလည်း အေးစက်လာလိမ့်မည်ဖြစ်သည်။ 


လောကကြီး၌ အခက်အခဲများစွာရှိသော်လည်း ဆန္ဒပြင်းပြနေသောလူတစ်ယောက်အတွက် သေဆုံးသွားသည်ကပင် မလုံလောက်ချေ။ 


သေချာပေါက် ဇာတ်ကြောင်းကိုပြန်လှည့်ဖို့ ဖြစ်နိုင်ချေရှိရမယ်...


နောက်ဆုံးတွင် ကျီလင်၏မျက်လုံးများထဲ ခိုင်မာသောအကြည့်ပေါ်လာခဲ့သည်။ 


ရက်အနည်းငယ်အကြာတွင် နာဒိုဂလက်ဆီသို့ ဇာ့ဂ်များ ကျူးကျော်လာသည့် သတင်းထွက်ပေါ်လာလိမ့်မည်ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ဇာ့ဂ်ဘုရင်မပေါ်လာပြီး အရေးကြီးသောကိစ္စတစ်ရပ်ဖြစ်လာသောကြောင့် ကျင်းဆွေ့ကိုယ်တိုင်သွားစုံစမ်းရလိမ့်မည်ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် ဇာ့ဂ်ဘုရင်မတစ်ဦးတည်းသာမဟုတ်ဘဲ အခြားဘုရင်မတစ်ဦးကလည်း လျှို့ဝှက်စွာပုန်းအောင်းနေသည်ကို ကျီလင်သိသည်။ ဇာ့ဂ်များက သူတို့၏အင်အားကို ပါးနပ်စွာဖုံးကွယ်ထားပြီး အရေးကြီးသောအခိုက်အတန့်တွင် အခြားဇာ့ဂ်ဘုရင်မ တစ်ဦးက အခြေစိုက်စခန်းကို ရုတ်တရက်တိုက်ခိုက်ကာ ဘရန်ဒန်ကို အန္တရာယ်ရှိစေလိမ့်မည်ဖြစ်၍ ကျီလင်က သူ့ကိုကယ်တင်ရလိမ့်မည်ဖြစ်သည်။ 


သို့သော် ယခုတစ်ကြိမ်တွင် ကျင်းဆွေ့နှင့် ဘရန်ဒန်တို့ ပြန်လည်မွေးဖွားလာသောကြောင့် ၎င်းက ဖြစ်လာတော့မည်မဟုတ်ချေ။ သူတို့က တစ်ဖက်အဖွဲ့၏ အကြံကို သိထားပြီးဖြစ်သောကြောင့် ထိုအင်းဆက်မကောင်းဆိုးဝါးအုပ်စုကို တိုက်ခိုက်ရသည်မှာ ကလေးကစားသကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး ထိုစစ်ပွဲအတွင်း အန္တရာယ်ရှိလိမ့်မည်မဟုတ်ချေ။


၎င်းက အမှန်တကယ်ပင် ဇာတ်ကြောင်းပျက်စီးသွားပြီဖြစ်သည်။ 


ကျီလင် မူလက ဇာတ်ကြောင်းအတိုင်း ထိုခရီးကိုဆက်သွားရန် ဆန္ဒမရှိခဲ့ချေ။ ဤတစ်ကြိမ်၌ အန္တရာယ်ရှိလာမည်မဟုတ်သည်ကို သူသိသော်လည်း ယခင်ဘဝရှိအဖြစ်အပျက်က သူ့ကို စိတ်မသက်မသာ ဖြစ်နေဆဲဖြစ်သည်။ သူ အင်ပါယာကြယ်မှထွက်ပြီး သူပုန်များနှင့် ရင်ဆိုင်ရမည့် အန္တရာယ်ကို တစ်ဖန်မခံစားချင်ပေ။ ထို့အပြင် ဇာတ်ကောင်များ ပြန်လည်မွေးဖွားခြင်းကြောင့် သူ ထိုနေရာသို့သွားလည်း အသုံးဝင်မည်မဟုတ်သဖြင့် လက်လျှော့ရန် စိတ်ကူးခဲ့သည်။ 


သို့သော် ယခုမူ ကျီလင် စိတ်ပြောင်းသွားပြီဖြစ်သည်။


ဒီတိုက်ပွဲမှာ ဘာအန္တရာယ်မရှိတော့ဘူးဆိုတော့ ငါ ပိုတောင်သွားသင့်တာပေါ့...အဲဒါက ငါ့ကိုယ်ငါ ပြဖို့ အခွင့်အရေးကောင်းပဲ... ကျင်းဆွေ့အတွက် ငါ ပိုပြီး နာကျင်ဝမ်းနည်းပြလေ သူ ပိုပြီး နီးကပ်ချင်ဖြစ်လာလေပဲ... ငါ အရင်ကလို မောက်မောက်မာမာ လိုက်နှောင့်ယှက်နေရင် သူငါ့ကို မြန်မြန်ငြီးငွေ့ သွားလောက်တယ်...


ကျီလင်က သူ့ကိုယ်သူ လိမ္မာပါးနပ်သူတစ်ယောက်ဟု ခံစားခဲ့ရသည်။ သူ၏ ရည်ရွယ်ချက်က ကျင်းဆွေ့၏မျက်လုံးများထဲ စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံးလူ ဖြစ်လာရန်ပင်။ တစ်နည်းပြောရလျှင် ကျင်းဆွေ့ အမုန်းဆုံးပုံစံများကို ကျီလင် ပြုလုပ်တော့မည်ဖြစ်သည်။ 


ပထမဆုံးအဆင့်က ကျင်းဆွေ့ သူ့ကို မုန်းတီးလာစေရန် ဖြစ်၏။ 


 

✨✨✨