✨ Chapter 46
ကျီလင် နောက်ဆုံးတွင် ဆွံ့အသွားခဲ့ပြီး နှုတ်ခမ်းများဖွင့်ဟကာ မည်သည်မျှမပြောနိုင်တော့ချေ။ သူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားပြီး သူ့စိတ်ထဲရှိ ဝမ်းနည်းမှုများက အဝေးလွင့်သွားခဲ့၏။
ကားလို့စ်က ဘေးနား၌ရပ်နေပြီး သူ၏တုတ်ချောင်းကိုင်ထားသောလက်များက ဖြည်းညှင်းစွာ တင်းကျပ်လာကာ မျက်လုံးများမှိုင်းညို့လာခဲ့သည်။ သူက ကျင်းဆွေ့နှင့် နဉ်ယွီတို့၏အတင်းအဖျင်းများကို တမင်ဖြန့်ခဲ့ပြီး ထိုကိစ္စကြောင့် ကျင်းဆွေ့ပေါ်ထားသည့် ကျီလင်၏အချစ်များကုန်ဆုံးသွားရန်မျှော်လင့်ခဲ့သည်။ သို့သော် ကျီလင်က ကျင်းဆွေ့ထံမှ မည်မျှလျစ်လျူရှု ဆက်ဆံခံနေရပါစေ ကျင်းဆွေ့ သူ့ဘက်လှည့်၍ ပြုံးပြလာသည်နှင့် သူ ချက်ချင်းခွင့်လွှတ်ပေးလိမ့်မည်ဖြစ်သည်။
ကားလို့စ်၏ နက်ရှိုင်းသောမျက်လုံးများတွင် အေးစက်သောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူက နှုတ်ခမ်းများတွန့်ကွေးပြီး ကျင်းဆွေ့ကိုပြုံးပြကာ အဓိပ္ပာယ်ရှိရှိပြောလိုက်သည်။
"အိုး အဲဒီတော့ အရှင်မင်းကြီးက နဉ်ယွီနဲ့ တွဲနေတာမဟုတ်ဘူးပဲ..."
ကျင်းဆွေ့ ကျီလင်ကို ချော့နေစဉ်မှာပင် ကားလို့စ်က မီးထဲလောင်စာထပ်ထည့်လာသည်ကို မြင်သဖြင့် သူ ကားလို့စ်၏ မျက်လုံးများကိုစိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။
"ဒါပေါ့ ခင်ဗျား ဒီကိစ္စကို ကောင်းကောင်းသိလိမ့်မယ်လို့ထင်ထားတာ..."
ကားလို့စ်က ပခုံးတွန့်ပြီး ပြောလိုက်သည်။
"အရှင်မင်းကြီး ပြောချင်တာကို ကျုပ်နားမလည်ဘူး..."
သူနှင့် ကျင်းဆွေ့ကြားရှိ လျှို့ဝှက်တိုက်ပွဲများက လူကြားထဲ ထုတ်ပြောရန် မဖြစ်နိုင်သောကြောင့် ကျီလင် ထိုကိစ္စကို နားလည်လိမ့်မည်မဟုတ်ချေ။ ၎င်းက ကျင်းဆွေ့ကို အကွက်ချနိုင်ရန် မျှော်လင့်ထားသော်လည်း နှမြောဖွယ်ကောင်းစွာပင် ကျီလင်၏အရူးအမူးစွဲလမ်းမှုကို မည်သည့်အရာမှ မယှဉ်နိုင်ချေ။
ငါ အရမ်းမနာလိုဖြစ်တာပဲ...
ကောင်ငယ်လေး အရူးအမူးချစ်ရတဲ့သူက ငါသာဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ...
ကားလို့စ်၏မျက်လုံးများ နက်မှောင်လာပြီး မနာလိုစိတ်များက သူ့နှလုံးသားကို အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်နေခဲ့သည်။ ကျီလင်က ကားလို့စ်၏အကြည့်များကို အမှတ်မထင်တွေ့လိုက်ရပြီး နှလုံးဆောင့်ခုန်သွားခဲ့သည်။ သူ့ကိုယ်သူ အမဲလိုက်ရန်ချောင်းခံနေရသော သားကောင်ကဲ့သို့ ခံစားရပြီး စိတ်မသက်မသာဖြစ်လာခဲ့သည်။
မဟုတ်မှ အဲဒီမြေခွေးအိုကြီး ငါ့ကို တစ်ခုခုတွက်ချက်ပြီး ကျင်းဆွေ့ကိုတားဖို့ ထပ်သုံးချင်နေတာများလား...
ထိုသို့တွေးပြီး သူ၏မသိစိတ်အရ ကျင်းဆွေ့နားသို့ အနည်းငယ်ပိုတိုးကပ်မိသွားခဲ့သည်။ ကျင်းဆွေ့က အလွန်အန္တရာယ်များသော်ငြားလည်း သူ့အသက်အန္တရာယ်အတွက် မစိုးရိမ်ရပေ။
ကားလို့စ်က ကျီလင် သူ့ကိုကြည့်ပြီး ကျင်းဆွေ့အနားတိုးကပ်သွားသည်ကို မြင်ကာ သူ့အကြည့်များကို ချက်ချင်းရုတ်သိမ်းလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူပြီး သူ့စိတ်ထဲရှိ မှောင်မိုက်နေသော ခံစားချက်များကို ဖိနှိပ်လိုက်သည်။ သူ ကောင်ငယ်လေးကို ဆွဲလုပြီး သူ့ဘေးနားတွင်သာ ချုပ်နှောင်ထားချင်ခဲ့သည်။ ထိုမှသာ သူ မည်သည့်နေရာကိုမျှ ထွက်ပြေးနိုင်မည်မဟုတ်ပေ။ သို့သော် သူ ထိုသို့မလုပ်နိုင်ချေ။
သူ ကောင်ငယ်လေးအား သူ့ကိုချစ်လာစေချင်သော်လည်း သူ့ဘေးနား၌ အတင်းအကျပ်နေခိုင်းလျှင် အမုန်းတရားများဖြင့်ကြည့်လာမည်ကို မလိုချင်ပေ။
သူ့အတွက် အခွင့်အရေးရလာရန် စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက်စောင့်မျှော်နေရမည်ဖြစ်သည်။
ကျင်းဆွေ့ မူလက ကျီလင်အား မချော့နိုင်မည်ကို အလွန်စိုးရိမ်ခဲ့သော်လည်း ရုတ်တရက် သူက လုံခြုံမှုပေးနိုင်သကဲ့သို့ ကျီလင် သူ့အနားချဉ်းကပ်လာသည်ကိုမြင်ချိန်တွင် သူ့နှလုံးသားက မနေနိုင်ဘဲပျော့ပြောင်းသွားခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ဦးထံမှ အားကိုးခံရသည်ကို အလွန်ပျော်စရာကောင်းသည်ဟု ခံစားခဲ့ရသည်။
သူ ယခင်ဘဝ၌ ကျီလင်ကို ထပ်ခါထပ်ခါတွန်းထုတ်ခဲ့မိသည်။ သူ ထိုအချိန်က သူ့ကို ချစ်မြတ်နိုးနေသူအပေါ် ထိုသို့ ဆက်ဆံရသည်အထိ မည်မျှရိုင်းစိုင်းပြီးရက်စက်သည်ကို သိချင်မိ၏။
ထိုကောင်ငယ်လေးက အလိုလိုက်ခံရပြီး ဂရုစိုက်ခံရသင့်သည်။
ကျင်းဆွေ့က ကျီလင်၏လက်ကို ဆွဲယူပြီး သူ့ဘေးတွင်ထိုင်ခိုင်း၍ နူးညံ့စွာပြောလိုက်သည်။
"မင်းဘာစားချင်လဲ... ကိုယ်မင်းအတွက်သွားယူပေးမယ်..."
ကျီလင်က ကားလို့စ်ကိုရှောင်ရန် ကျင်းဆွေ့ထံချဉ်းကပ်ခဲ့ပြီး ကျင်းဆွေ့က သူ့ကို ဆွဲခေါ်ကာ သူ့အနား၌ ထိုင်ခိုင်းခဲ့သည်။ သူ ဝံပုလွေနှင့် ကျားတစ်ကောင်ကြားညှပ်နေသကဲ့သို့ ခံစားရပြီး စိတ်ဆင်းရဲသွားခဲ့သည်။
ငါ ဒီငရဲလိုနေရာကနေ တကယ်ကြီးထွက်သွားချင်နေပြီ...
ဒီလိုအချိန်မျိုးမှာ ဘယ်သူက စားဝင်နိုင်ဦးမှာလဲ...
သူ ခေါင်းခါပြပြီး ကျင်းဆွေ့၏ကမ်းလှမ်းမှုကို ငြင်းလိုက်သည်။
ကျင်းဆွေ့က ကျီလင်ကို တစ်ခုခုကျွေးရန် ကျရှုံးခဲ့သော်လည်း ဂရုမစိုက်ဘဲ ဝန်ကြီးဂျယ်ရယ်နှင့် အခြားသူများဘက်သို့ ခေါင်းလှည့်ကြည့်ပြီး မထူးခြားစွာပြောလာခဲ့သည်။
"ခင်ဗျားတို့အားလုံး ဘာရပ်လုပ်နေကြတာလဲ...လာထိုင်ကြလေ..."
လူတိုင်းက အိပ်မွေ့ချခံထားရသကဲ့သို့ ဖြစ်နေကြသည်။
သူတို့အားလုံး ထိုစကားကြားပြီးနောက် ထိတ်လန့်ရာမှ သတိပြန်ဝင်လာကြသည်။ လူတိုင်းက ဧကရာဇ်နှင့် ကျီလင်ကို စူးစမ်းစွာကြည့်ပြီး စိတ်ထဲ၌ တွေးတောခဲ့ကြ၏။
အရှင်မင်းကြီး ဒီနေ့ လူကြားထဲ ဒီလိုမျိုးလုပ်တာ ဘာအဓိပ္ပာယ်များလဲ... အရှင်မင်းကြီးက ကြားနေအဖွဲ့ကိုပါ အနိုင်ယူဖို့ စိတ်ဆုံးဖြတ်ထားတာလား...
ဒါမှမဟုတ် မြို့စားကြီးကားလို့စ်နဲ့ တမင်ပြိုင်နေတာလား... သူက ကားလို့စ်ကို စိတ်လိုက်မာန်ပါမလုပ်ဖို့ သတိပေးချင်နေတာလား...
တိုတိုပြောရရင် ကျီလင်ကြောင့်တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး...
ဧကရာဇ်က သူ့အကြံကြောင့် ကျီလင်ကို ဒီလိုမျိုး မျက်နှာသာပေးနေတာဖြစ်ရမယ်... ဧကရာဇ်က တကယ်အကြံကြီးတာပဲ...ဒီနေ့ ကားလို့စ်က နည်းနည်းလိုသွားတော့ ကျီလင် ကျင်းဆွေ့ဘက် ယိုင်သွားတာပဲ...
လူတိုင်းက ထိုသို့တွေးပြီး ဧကရာဇ်နှင့် အမြဲတမ်းသဘောထားကွဲနေသော ကားလို့စ် မည်သို့တုံ့ပြန်လာမည်ကို သတိကြီးစွာဖြင့် ကြည့်နေခဲ့ကြသည်။
ထို့နောက် ကားလို့စ်က ဖြည်းညှင်းစွာလျှောက်လာပြီး ကျီလင်၏တစ်ဖက်ခြမ်းတွင် ဝင်ထိုင်ကာ ကျင်းဆွေ့ကို ရန်စသောအကြည့်ဖြင့်ကြည့်၍ တင့်တယ်စွာပြုံးလျက် ပြောလာခဲ့သည်။
"ကျုပ် ဒီမှာထိုင်လည်း အရှင်မင်းကြီး စိတ်မရှိလောက်ဘူးမလား..."
ကျင်းဆွေ့က ကားလို့စ်ကို နက်ရှိုင်းစွာ စိုက်ကြည့်ပြီး ယခင်ဘဝမှ ကားလို့စ်၏ ကျီလင်အပေါ် တွက်ချက်မှုနှင့် ထိခိုက်စေသည်များကို သတိရလာကာ လူသတ်ချင်စိတ်ပေါ်လာခဲ့သည်။ သို့သော် ယခုက လူကြားထဲ၌ စားပွဲလှန်ပစ်ရန် အချိန်မဟုတ်သေးသဖြင့် သူ့နှုတ်ခမ်းပါးများကိုတွန့်ကွေးကာ ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး..."
လူတိုင်း : !!!
ကျီလင်၏စိတ်ထဲ အော်ဟစ်လိုက်မိသည်။
ဒါပေမယ့် ကျွန်တော် စိတ်ရှိတယ်လို့ အားး...
သူ့ဘယ်ဘက်တွင် ကျင်းဆွေ့ထိုင်နေပြီး ညာဘက်တွင် ကားလို့စ်ထိုင်နေ၏။ သူက big bossကြီးနှစ်ဦး၏အလယ်တွင် sandwich ကဲ့သို့ ညပ်နေပြီး မျှော်လင့်ချက်မဲ့သလိုခံစားခဲ့ရသည်။
ထောင့်နားရှိ သမ်းတုန်းနှင့် ရို့စ်အတွက် နေရာမရှိချေ။ သူတို့နှစ်ဦးက အချိန်အတန်ကြာပုန်းအောင်းနေပြီး အဝေးတွင် ကျီလင် တစ်ယောက်တည်းထိုင်နေရကာ သူ့ဘယ်ဘက်နှင့် ညာဘက်တွင် အင်ပါယာရှိ သြဇာအာဏာအကြီးဆုံး လူနှစ်ဦးထိုင်နေပြီး သူ့အရှေ့တွင် အဆင့်မြင့်သော အင်ပါယာအထက်တန်းလွှာများ ထိုင်နေကြသည်။
Big bossကြီးနှစ်ယောက်က အရေးကြီးသောကိစ္စများဆွေးနွေးကြပြီး ကျီလင်ကို ရံဖန်ရံခါ ဗိုက်ဆာသလား ရေငတ်သလားဟု မေးမြန်းခဲ့ကြသည်။
ကျီလင်က သူ့ကိုကြည့်နေသော လူများကို ကြည့်ပြီး နောက်တစ်ကြိမ်ဘယ်သောအခါမှ ကစားရန် အပြင်မထွက်ချင်တော့ပေ။
ကျင်းဆွေ့က သူ့ကို နောက်တစ်ကြိမ် လှည့်ကြည့်လာချိန်တွင် ကျီလင် သတ္တိများ စုစည်းပြီးပြောလိုက်သည်။
"ကျွန်တော် အိမ်ပြန်ချင်တယ်... အရမ်းနောက်ကျနေပြီ..."
ကျင်းဆွေ့က ခဏရပ်သွားပြီး ပြုံးကာပြောလာခဲ့သည်။
"ကောင်းပြီ..."
ကျင်းဆွေ့ ခေါင်းလှည့်ကာ ဘေးဘက်ရှိ ကားလို့စ်ကိုတစ်ချက်ကြည့်ပြီး အေးစက်စက်သတိပေးချက်ကို ဖုံးကွယ်မထားဘဲ မတ်တတ်ထရပ်၍ ဝန်ကြီးဂျယ်ရယ်နှင့် အခြားသူများကို နှုတ်ဆက်လိုက်သည်။
"ဒီနေ့တော့ ဒီလောက်ပဲ... ကျွန်တော်တို့ နောက်အခါကျမှ တခြားကိစ္စတွေပြောကြရအောင်..."
ဧကရာဇ်က ပြန်ရန် စတင်နှုတ်ဆက်လာသောကြောင့် သဘာဝအတိုင်း မည်သူမျှ သူ့ကိုမတားဝံ့ကြဘဲ ရယ်မောကာ ပြောလိုက်ကြသည်။
"ကောင်းပါပြီ ကောင်းပါပြီ... အရှင်မင်းကြီး ကျေးဇူးပြုပြီး ဖြည်းဖြည်းသွားပါ..."
ကျင်းဆွေ့က အခြားသူများကို မကြည့်တော့ဘဲ ကျီလင်၏လက်ကိုကိုင်ကာ မတ်တတ်ထရပ်၍ ပြောလိုက်သည်။
"ကိုယ် မင်းကို ပြန်လိုက်ပို့ပေးမယ်..."
ကားလို့စ်က သူတို့ကိုတားရန် စကားတစ်ခွန်းမှမပြောခဲ့ဘဲ သူတို့ထရပ်နေသည်ကို ဂရုမစိုက်စွာကြည့်နေခဲ့သည်။ ကျီလင် ထွက်သွားတော့မည်ကို မြင်ချိန်တွင် သူတစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခပ်ဖွဖွရယ်ပြီး မျက်လုံးများကျဉ်းမြောင်းကာ အဓိပ္ပာယ်ရှိရှိပြောလိုက်သည်။
"အရှင်မင်းကြီး... အရှင်မင်းကြီးက တကယ်ပဲ နဉ်ယွီကို စိတ်မဝင်စားဘူးဆိုရင် ဘာလို့ အင်တာနက်ပေါ်မှာ ကောလဟာလတွေ ပေါ်လာခွင့်ပြုခဲ့တာလဲ..."
ကျင်းဆွေ့က ကောင်ငယ်လေး၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ သူ ကားလို့စ်ကို ထပ်ခါထပ်ခါ ပြဿနာရှာနေသည့်အတွက် ဒေါသထွက်မိသည်။ ကောလဟာလများကို အခြားသူများ ယုံသည်ဖြစ်စေ မယုံဖြစ်စေ ဂရုမစိုက်ပေ။ သို့သော် သူ့ကို လေးနက်စွာချစ်မြတ်နိုးနေသော ကောင်ငယ်လေးအတွက် ၎င်းက လျစ်လျူမရှုနိုင်သောအရာဖြစ်သည်။
ကျင်းဆွေ့က ကျီလင်ကို အပြစ်ရှိစိတ်ဖြင့် ကြည့်လိုက်သည်။ သူ ကားလို့စ်ကို သတ်ချင်နေသော်လည်း ယခုတွင် သူ့အတွက် ကောင်ငယ်လေးက အရေးအကြီးဆုံးဖြစ်သည်။
ထို့ကြောင့် သူက ကျီလင်၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ထိုနေရာမှ မတုံ့ဆိုင်းဘဲ ထွက်လာခဲ့သည်။
ကျီလင်က ကားထဲ၌ထိုင်ရချိန်တွင် ကားလို့စ်၏စကားကြောင့် ဒေါသဖြစ်နေဟန်ဆောင်ကာ ကားပြတင်းပေါက်ဘက်လှည့်၍ သူ ကျင်းဆွေ့ကိုယုံချင်သော်လည်း အတင်းအဖျင်းများကြောင့် မပျော်ရွှင်နေပုံဖြင့် အပြင်သို့ကြည့်နေခဲ့သည်။ သူ အိမ်ပြန်ရောက်ရန် အချိန်မည်မျှလိုသေးသည်ကို မနေနိုင်ဘဲ တွေးမိခဲ့သည်။
ကျင်းဆွေ့က နှုတ်ခမ်းများ အနည်းငယ်စေ့ပြီး ကောင်ငယ်လေး၏ဘေးဘက်မျက်နှာကို နက်မှောင်သောမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ ကောင်ငယ်လေးက သူ၏အကြည့်ကိုရှောင်ရန် အပြင်ဘက်သို့ခေါင်းလှည့်နေသောကြောင့် ဖြူဖွေးသွယ်လျသော လည်တိုင်လေးက ထွက်ပေါ်နေခဲ့သည်။ သူ၏ ရှည်လျားသော မျက်တောင်များက အနည်းငယ် တုန်ယင်နေပြီး သူ၏အပြာရောင်မျက်လုံးများက ကျောက်မျက်များကဲ့သို့ တောက်ပနေခဲ့သည်။
သူက အလွန်နူးညံ့ပြီး လှပနေခဲ့သည်။
သူ ယခင်က ထိုကဲ့သို့ အားနည်းပျော့ညံ့သောကလေးများကို သဘောမကျခဲ့ချေ။ သူက ကျီလင်မှာ အလိုလိုက်ခံထားရပြီး ကျိုးကြောင်းမဆီလျော်ကာ မောက်မာရိုင်းစိုင်းသူဟု ထင်ခဲ့သည်။ ကျီလင်တွင် အင်ပါယာ လူပေါ်ကြော့များ၏ ချို့ယွင်းချက်များ အားလုံးရှိနေသည်။
သူ ကျီလင်ကို အလွန်သဘောမကျဘဲ ရွံရှာသောကြောင့် ဘယ်သောအခါမှ လေးလေးနက်နက်မကြည့်ချင်ဘဲ သူ့ကိုသိရန် စိတ်မဝင်စားချေ။
သို့သော် ကျီလင် သေဆုံးခဲ့သည့်အခိုက်အတန့်တွင် သူ၏တစ်ဖက်ခြမ်းကို ကျင်းဆွေ့ရှာတွေ့ခဲ့ရသည်။
ထိုအချိန်က ကောင်ငယ်လေး၏မျက်လုံးများထဲရှိ ဇွဲလုံ့လနှင့် တောက်ပမှုများမှာ သူ ယခင်က တစ်ခါမှမမြင်ဖူးသကဲ့သို့ စူးရှတောက်ပနေပြီး သူ၏စိတ်ဝိညာဉ်ကိုတိုက်ရိုက်ထိမှန်စေခဲ့သည်။
ထိုအချိန်မှစ၍ သူထိုမြင်ကွင်းကို ဘယ်သောအခါမှ မေ့မရခဲ့ချေ။
ထိုအပေါ်ယံအရေပြားအောက်ရှိ အနှစ်သာရများက သူ့ကို အလိုအလျောက် ဆွဲဆောင်နိုင်ခဲ့သည်။
ကားက မြို့စားကြီးကျီထင်၏စံအိမ်ရှေ့တွင် ဖြည်းညင်းစွာရပ်သွားခဲ့သည်။
ကျီလင်က ကျင်းဆွေ့နှင့် နေရာကျဉ်းကျဉ်းလေး၌ အတူနေရန် ဝန်လေးသောကြောင့် အသက်ရှူမဝဖြစ်လာခဲ့သည်။ သူ ကားပေါ်မှခုန်ဆင်းရန် မစောင့်နိုင်တော့ဘဲ ထွက်သွားရန်ပြင်လိုက်သည်။ သို့သော် သူ အပြင်ထွက်ပြီးသည်နှင့် ကျင်းဆွေ့က ရုတ်တရက် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာပြီး ကားတံခါးပေါ် ဖိချလာခဲ့သည်။
သူ၏ကျောက အေးစက်သော ကားကိုယ်ထည်နှင့် ဖိကပ်သွားပြီး ထိုအမျိုးသား၏ပြင်းထန်သောရောင်ဝါက သူ့အပေါ်ဖုံးလွှမ်းလာခဲ့သည်။ ကျင်းဆွေ့၏ချောမောသောမျက်နှာက ညဘက်တွင် ပို၍နက်နဲနေပြီး ရွှေရောင်မျက်ဆံများက တောက်ပနေခဲ့သည်။
ကျီလင် ထိတ်လန့်သွားပြီး ပြောလိုက်၏။
"အရှင်—အရှင်ဧကရာဇ်…"
ကျင်းဆွေ့က သူ့ကို အချိန်အတန်ကြာနက်ရှိုင်းစွာကြည့်နေပြီး ခပ်နိမ့်နိမ့်အသံဖြင့် ပြောလာခဲ့သည်။
"မင်း အရင်တုန်းက ဘယ်သူမှမရှိတဲ့အချိန် ကိုယ့်ကို ဒီလိုမခေါ်ပါဘူး..."
ကျီလင် ငိုလုမတတ် ဖြစ်လာခဲ့သည်။
ဘယ်သူက အဲဒီလို အမှားသေးသေးလေးတွေကိုသတိထားနေသေးလို့လဲ... ကျွန်တော် သိတာဆိုလို့ ခင်ဗျားက အရမ်းဆိုးတယ်ဆိုတာပဲ...
သို့သော် သူက နှိမ့်ချစွာဖြင့်ခေါ်လိုက်ဆဲဖြစ်သည်။
"ကျင်းဆွေ့ကော..."
ကျင်းဆွေ့က သူ့ရှေ့ရှိ ကောင်ငယ်လေး၏ ရှက်ရွံ့နေသောအသွင်အပြင်ကိုကြည့်လိုက်သည်။ ကျီလင်၏မျက်လုံးများက တလက်လက်တောက်ပနေပြီး နှင်းဆီရောင်နှုတ်ခမ်းများက အနည်းငယ်ပွင့်ဟနေကာ ချစ်စဖွယ်ပုံလေးဖြင့် သူ့နာမည်ခေါ်လာခဲ့သည်။
နွေးထွေးသော အနွေးစီးကြောင်းတစ်ခုက သူ့နှလုံးသားထဲစီးဝင်သွားသကဲ့သို့ မာကျောသောမျက်နှာပြင်က တဖြည်းဖြည်းချင်း အရည်ပျော်လာပြီး ငှက်မွှေးလေးဖြင့် ခပ်ဖွဖွပွတ်သပ်လာသလို ခံစားလိုက်ရသည်။ သူ ထိုနှုတ်ခမ်းများပေါ်ရှိ ချိုမြိန်မှုကို ရုတ်တရက် စမ်းကြည့်ချင်လာသော ဆန္ဒပေါ်လာခဲ့၏။
ကျီလင်က ကျင်းဆွေ့၏မျက်လုံးများကို မိန်းမောစွာကြည့်နေပြီး အလွန်ကြောက်လာခဲ့သည်။ သူ ခဏခန့် ကြောင်အနေပြီး လက်ဆန့်ထုတ်ကာ ကျင်းဆွေ့ကိုတွန်းထုတ်သော်လည်း မတွန်းနိုင်ခဲ့ချေ။ ထိုအမျိုးသား၏မျက်နှာက ရုတ်တရက် နီးကပ်လာသဖြင့် ကျီလင် ထိတ်လန့်သွားပြီး ခေါင်းလှည့်လိုက်သည်။
နွေးထွေးသောအသက်ရှုသံက သူ့ပါးပြင်ကိုပွတ်တိုက်သွားပြီး အနည်းငယ် အေးမြသောအနမ်းက သူ့မျက်နှာပေါ် ကျရောက်လာခဲ့သည်။
ကျီလင် ခေါင်းလှည့်လိုက်သည်နှင့် တံခါးဝတွင် တိတ်ဆိတ်စွာရပ်နေပြီး မလှုပ်မယှက်စိုက်ကြည့်နေသော ဆံပင်ငွေရောင်ဖြင့်လူကို တွေ့လိုက်သည်။
ကျီလင်၏ခန္ဓာကိုယ်က တောင့်တင်းသွားတော့သည်။
✨✨✨