Chapter 45
Viewers 15k

✨ Chapter 45

 ဆရာကြီး



ကျင်းဆွေ့က ဝန်ကြီးဂျယ်ရယ်ကို တွေ့ရန်လာခဲ့ခြင်းဖြစ်သည်။ သူ့အဆိုပြုချက်က အောင်မြင်စွာကျော်ဖြတ်သွားနိုင်သော်လည်း ထိုမူဝါဒကို အမှန်တကယ်အကောင်အထည်မဖော်မီ သွားရမည့်လမ်းက ရှည်လျားနေဆဲဖြစ်ပြီး အမှားအယွင်းသေးသေးလေးကပင် ထိုကိစ္စကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန် အနှောင့်အယှက်ဖြစ်လာနိုင်သည်။


ကောက်ကျစ်သော မြေခွေးအိုကြီးဂျယ်ရယ်၏လက်ထဲတွင် မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်များ ထုတ်လုပ်ရန်အတွက် အရေးပါသောကုန်ကြမ်းပစ္စည်းများ ရှိနေသည်။ သူကလည်း သာမန်ပြည်သူများအား မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်အမြောက်အများ မရောင်းချလိုသောကြောင့် ကားလို့စ်ကို ပိုမျက်နှာသာပေးကာ သဘောကျနေသည်။ ထို့ကြောင့် ကျင်းဆွေ့က လူကိုယ်တိုင်လာရန်ဆုံးဖြတ်ခဲ့သည်။ ဝန်ကြီးဂျယ်ရယ်က လူထုခေါင်းဆောင်ဖြစ်ပြီး အသိတရားရှိနေသေးသရွေ့ သူ့လက်အောက်ကိုသိမ်းသွင်းရန် မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။ 


ထိုရက်ထဲ၌ ကျင်းဆွေ့ အထက်တန်းလွှာများကြား လှည့်ပတ်နေရသောကြောင့် အလွန်အလုပ်များနေခဲ့ပြီး ကျီလင်ကိုတွေ့ရန် အချိန်မရှိခဲ့ချေ။ 


သို့သော် သူ့ကို ဤနေရာ၌ တွေ့ရရန်မမျှော်လင့်ခဲ့ပေ။


သူတို့လမ်းခွဲခဲ့ကြသည့် နောက်ဆုံးတစ်ခေါက်အကြောင်းပြန်တွေးပြီးနောက် ကျင်းဆွေ့၏ မျက်လုံးများထဲ ရှုပ်ထွေးမှုအရိပ်အယောင်များပေါ်လာခဲ့သည်။


ကျီလင် သူ့ကိုရှောင်ပြီး ထိုနေရာမှထွက်သွားချင်နေသည်ကိုမြင်ချိန်တွင် သူ ရုတ်တရက် နှုတ်ခမ်းများဖွင့်ဟကာ ခေါ်လိုက်သည်။ 

"ရှောင်လင်..." 


ကျီလင် ထိုနေရာတွင် တောင့်တင်းစွာရပ်နေပြီး ကျင်းဆွေ့နှင့် ဝန်ကြီးဂျယ်ရယ်တို့အတူရှိနေသည်ကိုမြင်လိုက်ရသည်။ သူတို့က စီးပွားရေးအကြောင်း ဆွေးနွေးနေပုံရသည်။ ကျင်းဆွေ့၌ အရေးကြီးသောအခြေအနေများရှိပြီး သူ့ကိုလျစ်လျူရှုထားရန် ကျီလင်မျှော်လင့်ခဲ့သော်လည်း ရုတ်တရက် ကျင်းဆွေ့ထံမှ အတားခံခဲ့ရသည်။ 


၎င်းကို မြင်ချိန်တွင် သူ့ဘေးရှိ သမ်းတုန်းက စိတ်လှုပ်ရှားစွာပြောလာခဲ့သည်။ 

"သခင်လေးကျီ အရှင်ဧကရာဇ်က သခင်လေးကို အရင်စခေါ်နေတယ်..."


ကျီလင်က သူ့ကို အမူအရာမဲ့စွာစိုက်ကြည့်ပြီး သေစေနိုင်သောအကြည့်တစ်ချက်ပေးလိုက်သည်။  


ဒီကောင်တွေကတော့ တကယ် မျက်စိမပါတာပဲ...


သမ်းတုန်း : "???" 

ငါ တစ်ခုခုမှားပြောမိလို့လား... 


ကျင်းဆွေ့က ကျီလင်၏လျစ်လျူရှုမှုနှင့် သူ့ကိုတုံ့ပြန်ရန် ဆန္ဒမရှိသည်ကိုကြည့်ပြီး ပြီးခဲ့သည့်တစ်ခေါက်က ထိုကောင်လေး ဝမ်းနည်းစွာထွက်ပြေးသွားသည်ကို သူ သတိရမိသွား၏။ သူ ယခင်ကပြောခဲ့သည်များကို ကျီလင် အမှတ်ထားနေဆဲဖြစ်မည်ကို ကျင်းဆွေ့စိုးရိမ်မိသည်။ သူ့စိတ်ထဲ ညင်သာစွာသက်ပြင်းချပြီး ထိုအနားသို့ တိုက်ရိုက်လျှောက်သွားကာ မေးလိုက်သည်။ 

"ဘာဖြစ်လို့လဲ..." 


ကျီလင် ရူးတော့မလိုပင် ဖြစ်သွားခဲ့သည်။ 

ဟေး ကျွန်တော် ဒီမှာ ခင်ဗျားကိုလျစ်လျူရှုနေတယ်လေ...ခင်ဗျားမှာ တိုင်းပြည်ရဲ့ဧကရာဇ်တစ်ပါးအနေနဲ့ မာနလေး ဘာလေးမရှိဘူးလား...ဘာလို့ ကျွန်တော့်ဆီ အရင်စလာနေတာလဲ... 


သူက ဒေါသထွက်နေသေးဟန်ဆောင်ပြီး တစ်ဖက်သို့လှည့်ကာ ထွက်ပြေးရန်ကြိုးစားလိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် ကျင်းဆွေ့ထံမှ အဆွဲခံခဲ့ရသည်။ ထိုလူ၏အေးစက်သောလက်ချောင်းများက ကျီလင်၏ လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလာခဲ့သည်။ 


ကျီလင်က ထိတ်လန့်တကြား ခေါင်းမော့ကြည့်လိုက်ရာ ကျင်းဆွေ့၏ နက်ရှိုင်းသောရွှေရောင်မျက်လုံးများနှင့် ဆုံလိုက်ရသည်။  


ကျင်းဆွေ့က သူ့ကို နူးညံ့စွာကြည့်လာခဲ့သည်။ 

"ကိုယ့်ကို ဘာလို့ စကားမပြောတာလဲ..." 


ကျီလင်က သူ့နှုတ်ခမ်းသူ ခေါင်းမာစွာဖိကိုက်ပြီး ကျင်းဆွေ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။  

ကျွန်တော် ဒေါသဖြစ်နေတုန်းပဲ... ဒေါသဖြစ်နေတုန်းပဲ ဒေါသဖြစ်နေတုန်းပဲ... ခင်ဗျားကို လုံးဝ ခွင့်မလွှတ်ဘူး...


ကျင်းဆွေ့က ကောင်ငယ်လေး၏ မျက်လုံးထဲရှိ ခေါင်းမာမှုနှင့် ဒေါသများကိုကြည့်ပြီး နှလုံးသားအနည်းငယ် နာကျင်လာခဲ့သည်။ သူလုပ်ခဲ့သောအမှားများကိုပြန်သတိရပြီး နှစ်ပေါင်းများစွာ ကျီလင်ကို နာကျင်စေခဲ့သည့်အတွက် သူ့ကိုယ်သူအပြစ်တင်ပြီး နောင်တရမိသည်။ 


အမှန်တွင် ကျီလင် ထိုနေ့က ဒေါသထွက်ခဲ့သည့်အကြောင်းအရင်းမှာ သူ့ကို သဘောကျပြီး ဂရုစိုက်နေဆဲဖြစ်သောကြောင့်ပင်... 


သူ့စကားတိုင်းကို စိတ်ထဲထည့်ပြီး ဝမ်းနည်းနေခဲ့သည်။ 


အဲဒီလိုကောင်ငယ်လေးကို... ဘယ်လိုလုပ် မသနားဘဲ နေနိုင်မှာလဲ...သူ့ကို အလိုလိုက်ပြီး ချော့ချင်စိတ်မပေါ်ဘဲနေပါ့မလား...


၎င်းကိုတွေးပြီး ကျင်းဆွေ့၏မျက်လုံးများထဲ သနားကြင်နာမှုအရိပ်အယောင်များရပေါ်လာခဲ့သည်။ သူ လက်မြှောက်ပြီး ကျီလင်၏ပါးပြင်များကို ညင်သာစွာပွတ်သပ်လိုက်သည်။ သူ၏ရွှေရောင်မျက်ဆံများက နက်ရှိုင်းနေပြီး နှုတ်ခမ်းပါးများကို အနည်းငယ်ဖွင့်ဟကာ ခပ်ဖွဖွရယ်မောလိုက်သည်။ 

"ဟမ်း..."


သူ ယနေ့ စကားမပြောပါက ကျင်းဆွေ့ သူ့ကို သေချာပေါက်လွှတ်ပေးမည်မဟုတ်ဟု ကျီလင် သဘောပေါက်သွားသည်။ ကျီလင် အနည်းငယ် စိတ်ဆင်းရဲသွားပြီး ခေါင်းမာစွာဖြင့် နောက်တစ်ကြိမ်ထွက်ပြေးရန်ကြိုးစားကာ နောက်ဆုံးတွင် စိတ်ဆိုးနေသောအသံဖြင့်ပြောလိုက်သည်။ 

"ကျွန်တော့်ကိုလွှတ်... ကျွန်တော် ပြန်တော့မယ်... "


ငါ ဒီလိုမျိုးနူးညံ့နုယွနေတဲ့ ကျင်းဆွေ့နဲ့ နီးနီးကပ်ကပ်မနေချင်ပါဘူးနော်... အဲဒါက အရမ်းအန္တရာယ်များလွန်းတယ်...


ကျင်းဆွေ့ သက်ပြင်းဖွဖွချပြီး ယခင်က ကျီလင်ကိုအလွန်လျစ်လျူရှုမိသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။ 


ငါ ကျီလင်ကို ဒီလိုမျိုး ဒေါသထွက်အောင်လုပ်ခဲ့မိတာပဲ... မဟုတ်ရင် သူ ငါ့ကိုမြင်တာနဲ့ရှောင်ပြီး ဒီလိုမျိုးထွက်သွားချင်နေပါ့မလား...သူ့နှလုံးသားထဲမှာ ငါ့ကို သေချာပေါက် မစွန့်လွှတ်နိုင်ဘဲ ဂရုစိုက်နေသေးတော့ နာကျင်နေမှာပဲ... 


မင်း အရင်က ကိုယ့်နောက်ကို အမြဲလိုက်ခဲ့တယ်...ဒီတစ်ခါတော့ ကိုယ်မင်းကို ပြန်ချစ်ပေးတော့မယ်...


ကျင်းဆွေ့က ကျီလင်၏ ရိုင်းစိုင်းမှုကို စိတ်ထဲမထားဘဲ အပြုံးဖြင့်ပြောလိုက်သည်။ 

"ကိုယ်နဲ့ ခဏလောက်လိုက်ထိုင်ပေးဦး... ပြီးရင် ကိုယ် မင်းကို ကိုယ်တိုင်လိုက်ပို့ပေးမယ်...မြို့စားကြီးကျီထင် စိတ်မရှိမှာ သေချာတယ်..."  


ကျီလင် အလွန်အံ့အားသင့်သွားခဲ့သည်။ 

အစ်ကိုကြီးရေ... ခင်ဗျားရုတ်တရက်ကြီး ဘာလို့အရမ်းတွေ စိတ်ရှည်ပြနေရတာလဲ... ပြီးတော့ အဖေ့ကိုတောင် အသုံးချလိုက်သေးတယ် ကျွန်တော် အဲဒါကို ဘယ်လိုပြန်ဖြေရတော့မလဲ...ခင်ဗျားရဲ့ပင်ကိုယ်စရိုက်နဲ့ ဘယ်လိုလုပ် လူတစ်ယောက်ကို ညင်ညင်သာသာနဲ့ ထပ်ကာထပ်ကာချော့ခေါ်နေရတာလဲ... 


ကျီလင် ကျင်းဆွေ့ထံမှ ဆွဲခေါ်ခံရလုနီးပါးဖြစ်နေကာ ကူကယ်ရာမဲ့နေစဉ်တွင် ရုတ်တရက် ပြေပြစ်၊ချောမွေ့သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။


ကားလို့စ်က အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး တုတ်ချောင်းကိုင်ကာ လျှောက်လာခဲ့သည်။ သူ၏အညိုရောင်မျက်ဆံများက ကျင်းဆွေ့ကိုကြည့်နေပြီး ကျီလင်၏လက်ကို ဆုပ်ကိုင်ထားသော ကျင်းဆွေ့၏လက်များအပေါ် အကြည့်စူးစူးကျရောက်သွားခဲ့သည်။ သူ့နှုတ်ခမ်းပါးပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီးပြောလာခဲ့သည်။ 

"အရှင်မင်းကြီးလည်း ဒီကိုရောက်နေတာပဲ..." 


ကျင်းဆွေ့က မျက်ခုံးပင့်သွားပြီး သူ၏ ရွှေရောင်မျက်ဆံများတွင် အေးစက်သောအရိပ်အယောင်တစ်ခုဖြတ်ပြေးသွားခဲ့သည်။ 

ခင်ဗျားလည်း ဝန်ကြီးဂျယ်ရယ်ရဲ့ လက်ထဲက အရင်းအမြစ်တွေကြောင့် ဒီမှာရှိနေတာမလား... 


"အင်း..." 


ကားလို့စ်က ကျင်းဆွေ့စကားထဲရှိ အေးစက်မှုကို မခံစားမိသကဲ့သို့ အနည်းငယ်ပြုံးကာ သက်ပြင်းချလိုက်သည်။ 

"အရှင်မင်းကြီး သိပ်မကြာသေးခင်က အချစ်စစ်တွေ့ခဲ့တယ်လို့ ကျုပ်ကြားမိတယ်...အဲဒါ တကယ်ဂုဏ်ပြုစရာပဲ...နဉ်ယွီက တကယ်တော်လွန်းတယ်... အရှင်မင်းကြီးတို့နှစ်ယောက်က တကယ့်ကို ကောင်းကင်ဘုံက တွဲဖက်ပေးလိုက်တဲ့ စုံတွဲပါပဲ..." 


ကျင်းဆွေ့၏မျက်လုံးများက ရုတ်တရက်အေးစက်သွားခဲ့သည်။ 


သို့သော် သူ ကားလို့စ် နှင့် ဖြေရှင်းရန် အချိန်မရှိသေးချေ။ 


နောက်ဆုံးတစ်ခေါက်တွင် သူ နဉ်ယွီကို တစ်ကြိမ်သာ ကူညီခဲ့သော်လည်း ကျီလင် အလွန်ဝမ်းနည်းသွားခဲ့သည်။ သူနှင့် နဉ်ယွီ၏အတင်းအဖျင်းများက ကျီလင်ကို ဝမ်းနည်းစေမည်စိုးသောကြောင့် မီဒီယာများတွင် ဆက်တင်ခွင့်မပြုခဲ့သော်လည်း ထိုပုံမှန်မဟုတ်သော ကားလို့စ်က သူ၏ ကျော်ကြားမှုကို ဖိနှိပ်ရုံသာမက အများပြည်သူထင်မြင်ချက်ကို တမင်တကာခြယ်လှယ်ပြီး သူနှင့် နဉ်ယွီ၏ အတင်းအဖျင်းများကို ဖြန့်ခဲ့သည်။ 


ဆိုတော့ ဒီတစ်ခါရော ခင်ဗျား ဘာရည်ရွယ်ချက်နဲ့ လုပ်နေပြန်တာလဲ...


ကျီလင် ကျင်းဆွေ့ထံမှ မည်သို့ကျိုးကြောင်းဆီလျော်စွာ ရုန်းထွက်ရမည်ကို စဉ်းစားနေစဉ် ကားလို့စ် ရုတ်တရက် ရောက်လာသောကြောင့် ခေါင်းကိုက်သွားသော်လည်း ကားလို့စ်၏စကားများကိုကြားလိုက်ရစဉ် သူ့မျက်လုံးများရုတ်တရက် တောက်ပလာခဲ့သည်။


ငါ စောစောက စိတ်လှုပ်ရှားနေတော့ အဲဒါကိုတောင် မတွေးမိလိုက်ဘူး... 


အင်တာနက်ပေါ်က အတင်းအဖျင်းအကြောင်းတွေးမိရင် ငါဘယ်လောက်တောင် အသဲကွဲလိုက်မလဲ... 


ယခင်က သူ ကားလို့စ်၏ပြဿနာရှာပြီး အကျင့်ပျက်လူဆိုးလုပ်နေသည်ကို အမြဲမုန်းတီးခဲ့သော်လည်း ဤတစ်ကြိမ်တွင် ထိုလူအိုကြီးက အချိန်ကိုက်ရောက်လာ၍ အလွန်ထက်ထက်မြက်မြက် ပြောတတ်သည်ဟု ခံစားခဲ့ရသည်။ 


ဒီလိုအတွေးမျိုးရှိတဲ့လူတွေကို ငါအရမ်းသဘောကျတာပဲ...


ကျီလင်က ချက်ချင်းမျက်ရည်များ ညှစ်ထုတ်လိုက်ပြီး ကျင်းဆွေ့၏ လက်ကိုခါချကာ အံကြိတ်၍ ဝမ်းနည်းစွာဖြင့်ပြောလိုက်သည်။ 

"ခင်ဗျားမှာ နဉ်ယွီရှိပြီးသားလေ... ဘာလို့ ကျွန်တော့်ကို လာဂရုစိုက်နေသေးတာလဲ..." 


ကျင်းဆွေ့ ထိုစကားကြားချိန်တွင် မျက်နှာအနည်းငယ်ပြောင်းသွားခဲ့သည်။ 

ဒါဆို ကျီလင်က ဒီကိစ္စကြောင့် ငါ့ကို စိတ်ဆိုးနေတာကိုး... 


ကံမကောင်းစွာဖြင့် သူရှင်းပြလျှင်ပင် ကျီလင်ယုံလိမ့်မည်မဟုတ်ချေ။ ကားလို့စ်၏ လှည့်ကွက်က သူ့ကိုအမှန်တကယ် အခက်တွေ့စေလှသည်။


ကျီလင် ထိုသို့ရုန်းရင်းဆန်ခတ်လုပ်လိုက်သောကြောင့် လူတိုင်း သူတို့ကို သတိထားမိလာကြသည်။ 


ဘာတွေဖြစ်နေတာလဲ... အရှင်မင်းကြီးနဲ့ မြို့စားကြီးကားလို့စ်တို့ အချင်းချင်းချကုန်ကြပြီလား...သူတို့အချင်းချင်းမတည့်မှန်းသိပေမယ့် အပေါ်ယံမှာ အမြဲတမ်း ဖော်ရွေဟန်ဆောင်နေခဲ့ကြတာပဲမလား...


စောစောက ဝင်ရှုပ်ခဲ့သော သမ်းတုန်းပင်လျှင် ခေါင်းပြတ်နေသော ကြက်တစ်ကောင်ကဲ့သို့ တိတ်တဆိတ်တုန်ယင်နေပြီး သူ မတော်တဆ ပြဿနာကြီးတစ်ခု၌ ဝင်ပါမိသည်ကို သဘောပေါက်သွားခဲ့၏။


ဝန်ကြီးဂျယ်ရယ်နှင့် အခြားအထက်တန်းလွှာများကလည်း ထိုမြင်ကွင်းကို အတွေးများစွာဖြင့် ကြည့်လာခဲ့ကြသည်။


ကျင်းဆွေ့နှင့် ကားလို့စ်ကြားက ရန်ပွဲကို လူသိများပေမယ့် ကျီလင်က ဘယ်လိုလုပ်ပါလာရတာလဲ...ကျီလင်က ဦးနှောက်မရှိ၊ အလိုလိုက်ခံရတဲ့ အရူးအဖြစ် နာမည်ကြီးရုံပဲရှိတာလေ...မဟုတ်မှ မြို့စားကြီးကျီထင်ကြောင့်များလား... အခုက ကျင်းဆွေ့ အထောက်အပံ့လိုနေတဲ့အချိန်ဆိုတော့လည်း... 


ထိုသို့တွေးပြီးနောက် လူတိုင်းရုတ်တရက် သဘောပေါက်သွားခဲ့ကြသည်။ 


ဒီတော့ သူတို့နှစ်ယောက်က မြို့စားကြီး ကျီထင်ရဲ့အထောက်အပံ့ရဖို့ ပြင်ဆိုင်နေကြတာပေါ့...အဲဒီငတုံးကောင်ကျီလင်က အဲဒါကို မသိဘူးပဲ...သူက တကယ်စဉ်းစားဉာဏ်မရှိဘဲ အရှက်မဲ့လွန်းတယ်... အရှင်မင်းကြီးကိုတောင် ဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောရဲသေးတယ်... အရှင်မင်းကြီး သူ့ကို လွယ်လွယ်နဲ့ မလွှတ်ပေးမှာစိုးမိပါရဲ့...  


လူတိုင်းက ကျီလင်ကိုသနားလှောင်ပြောင်သောအကြည့်များဖြင့် ကြည့်နေပြီး အရှင်မင်းကြီးအား ထပ်၍စိတ်ဆိုးစေမည်ကိုစိုးရိမ်နေကြသည်။ ထိုအချိန်တွင် ကျင်းဆွေ့က သက်ပြင်းချပြီး လက်မြှောက်ကာ ကျီလင်၏မျက်လုံးထောင့်ရှိမျက်ရည်စများကို ညင်သာစွာပွတ်သုတ်ပေးလိုက်သည်။ ထို့နောက် သူ့ကို လေးနက်စွာကြည့်ပြီး ပြောလာခဲ့သည်။ 

"ကိုယ်နဲ့ နဉ်ယွီက ဘာမှမဆိုင်ဘူး.. အဲဒါတွေအားလုံးက ကောလဟာလတွေပဲ..." 


 လူတိုင်း - "???"


ငါတို့ ထင်ယောင်ထင်မှားဖြစ်နေတာများလား... အရှင်မင်းကြီးက စိတ်မဆိုးရုံတင်မကဘူး အဲဲဒီလိုမျိုး ကျိုးကြောင်းမဆီလျော်တဲ့ အရူးကိုတောင် နှစ်သိမ့်ပေးနေသေးတယ်လား...ပြီးတော့ နဉ်ယွီနဲ့ ဘာမှ မပတ်သက်ဘူးလို့တောင် ရှင်းပြလိုက်သေးတယ်... အရှင်မင်းကြီးက ကျီလင်ကို အမုန်းဆုံးမဟုတ်ဘူးလား... 


ကျီလင် : "???"


ဘာလို့ ခဏခဏနားမလည်နိုင်စရာတွေလုပ်နေရတာလဲ...အင်တာနက်ပေါ်မှာ ကောလဟာလတွေ ဖြန့်တုန်းကဖြန့်ပြီးတော့ အခုမှ ပေါ့ပေါ့ပါးပါးလာငြင်းနေရလား...ခင်ဗျား ဘာလို့ အဲဒီလောက်တောင် အရှက်မဲ့ရတာလဲ...ကျွန်တော်က အရူးလုပ်ရလွယ်တဲ့သူလို့ ထင်နေတာလား...  


ပြီးတော့ ဘာလို့လာရှင်းပြနေရတာလဲ...ဘာမှမကြားချင်နေပါဘူးနော်...


မူလက သူ ဆက်လက်ရုန်းကန်ပြီး ဘာမှနားမထောင်ချင်၊ ဘာမှမယုံဟု ပြောခဲ့သော်ငြားလည်း ကျင်းဆွေ့က နှစ်ကြိမ်သုံးကြိမ်ရှင်းပြလာခဲ့သည်။ အကယ်၍ သူခေါင်းမာမာဖြင့် ဆက်ငြင်းနေပါက ကျင်းဆွေ့ အကြိမ်အနည်းငယ် ထပ်ရှင်းပြလာမည်ကိုစိုးမိသည်။ နောက်ဆုံးတွင် သူ၏ ကာရိုက်တာက ကျင်းဆွေ့ကို အကြွင်းမဲ့ချစ်မြတ်နိုးသူဖြစ်ပြီး ကျင်းဆွေ့ ထိုသို့ပြောလာသည်ကို ကြားရလျှင် သူဝမ်းသာပျော်ရွှင်ပြီး ကျေးဇူးတင်စွာဖြင့် မျက်ရည်များကျသင့်သည်။ 


ကျီလင် နောက်ဆုံးအကြိမ် ရုန်းကန်ရန်ကြိုးစားပြီး အကြည့်လွှဲလိုက်သည်။ 

"ဒါပေမယ့် ကျွန်တော်က သူ့လောက်မတော်ဘူးလို့ အင်တာနက်ပေါ်မှာပြောနေကြတယ်...အရင်က ခင်ဗျားလည်း အဲဒီလို ပြောခဲ့တယ်လေ..."


ကျင်းဆွေ့ ခဏခန့်တိတ်ဆိတ်သွားပြီး ပြောလာခဲ့သည်။ 

"ကိုယ် တောင်းပန်ပါတယ်..." 


ကျီလင်: "!!!"  

ကျွန်တော်တို့ အခုလူကြားထဲမှာနော်... ခင်ဗျားရဲ့ပုံရိပ်ပျက်စီးသွားမှာ မကြောက်ဘူးလား...


ထိုနေရာရှိလူတိုင်း အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ သူတို့ ယခင်က အနည်းငယ် ထိတ်လန့်နေလျှင် ယခုမူ အလွန့် အလွန် ထိတ်လန့်နေပြီဖြစ်သည်။ 


ငါတို့ ဘယ်ရောက်နေကြတာလဲ...ဘာတွေဖြစ်နေကြတာလဲ...


ကျင်းဆွေ့က ထိုကိစ္စနှင့်ပတ်သက်၍ အခြားသူများ မည်သို့တွေးမည်ကို ဂရုမစိုက်ချေ။ သူက အင်ပါယာ ဧကရာဇ်တစ်ဦးဖြစ်သဖြင့် သူအလိုရှိသမျှ မလုပ်ဆောင်နိုင်သော်လည်း သူ ဂရုစိုက်သောသူကိုပင် ကာကွယ်နိုင်စွမ်းမရှိသည်အထိ မဆိုးလှသေးချေ။ သူ ယခင်က ကာကွယ်ပေးလိုသူနှင့် မဆုံခဲ့သေးရုံသာဖြစ်သည်။ 


ယခုမူ သူ တစ်စုံတစ်ယောက်ကိုအလိုလိုက်ချင်ပြီး မည်သူ့ကိုမှ ဂရုမစိုက်ချေ။ 


ကျင်းဆွေ့က ကျီလင်၏ မျက်လုံးများကို စိုက်ကြည့်ပြီး ဖြည်းညှင်းစွာဖြင့် လေးလေးနက်နက်ပြောလိုက်သည်။ 

"ကိုယ် အရင်က ဘက်လိုက်ခဲ့မိတာပါ...ဒါပေမယ့် ကိုယ်မှားသွားတယ်ဆိုတာ သိခဲ့ရတယ်...မင်းက သူ့ထက် ဘာမှမနိမ့်ကျနေပါဘူး... အဲဒီနေ့က မင်းအကောင်းဆုံးကြိုးစားပြီး ကောင်းကောင်းလုပ်ခဲ့တယ်..." 


သူ ခဏခန့်ရပ်သွားပြီး နူးညံ့စွာဆက်ပြောလာခဲ့သည်။ 

"ကိုယ် မင်းကို နားလည်မှုလွဲခဲ့တာပါ... ကျေးဇူးပြုပြီး ကိုယ့်ကို တစ်ခါလောက် ခွင့်လွှတ်ပေးလို့ရမလား... ဟင်..." 


ကျီလင် ကျင်းဆွေ့၏ရိုးသားသောအမူအရာကို ကြည့်ကာ သူ၏နူးညံ့သောစကားလုံးများကို နားထောင်ပြီး နှုတ်ခမ်းများ အနည်းငယ်တုန်ယင်လာခဲ့သည်။ 


ဆရာကြီး...သူက ဆရာကြီးပဲ အား...


ခင်ဗျား သေချာပေါက် အိမ်စာလုပ်လာခဲ့တာမလား...ဒီစကားတွေက ခင်ဗျား အရင်က ကျွန်တော့်ကို အရှက်ခွဲခဲ့တဲ့စကားတွေထက်တောင် အနုစိတ်ပြီး ပြောပေါက်ပိတ်သေးတယ်...ရိုးရိုးသားသားတောင်းပန်ပြီးတော့ ရှင်းပြချက်ပါပေးတယ်တဲ့လား...ဒါက လေးနက်တဲ့ကြံစည်မှုပဲ...အကြံအစည်ကြီးလိုက်တာ...


သို့တိုင် ကျင်းဆွေ့ကို စွဲလမ်းနေသော ဦးနှောက်မဲ့ အချစ်ရူးဖန်တစ်ဦးအနေဖြင့် သူ ချစ်ရသော အိုင်ဒေါထံမှ ထိုကဲ့သို့ စိတ်ရင်းမှန်ဖြင့် တောင်းပန်ခံရပြီး ခွင့်လွှတ်ပေးရန် ပြောနေသည်ကို မယုံဟု အတင်းငြင်းလိုက်လျှင် အကျိုးအကြောင်းဆီလျော်မှုမရှိချေ။ မည်သို့ဖြစ်စေ ယခင်ဘဝမှ အရာများစွာက ယခုထိ ဖြစ်မလာသေးချေ။


ငါက တကယ်ကြီး နာကျင်နေတာမှမဟုတ်ဘဲ...ပြီးတော့ အများဆုံးမှ နည်းနည်း မတူသွားရုံပဲရှိမှာ... 


ငါ သူ့ကို လက်မခံဖို့ ဆက်ငြင်းနေမယ်ဆိုရင် ငါ့ဇာတ်ရုပ်က တကယ်ပျက်ဆီးသွားလိမ့်မယ်... အဲဒီအချိန်ကျရင် မစ်ရှင်ကို အပြီးသတ်ဖို့ အသာထားဦး ငါ့အသက်ငါတောင် ကယ်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်ချင်စရာပဲ... 


အချိန်အတန်ကြာပြီးနောက် ကျီလင်၏ မျက်တောင်များ တဖျပ်ဖျပ်ခတ်လာကာ မယုံကြည်သောအသံဖြင့် မေးလိုက်၏။ 

"ခင်..ခင်ဗျား တကယ်ပဲ အဲဒီလိုထင်တာလား..." 


ကျင်းဆွေ့၏မျက်လုံးများက နူးညံ့သွားပြီး ခေါင်းငုံ့ကာပြောလာခဲ့သည်။ 

"အင်း..." 



✨✨✨