✨ Chapter 44
အဲဒီလိုမျိုး သဘာဝဆင့်ကဲပြောင်းလဲသူတွေ ပိုပိုများလာတဲ့အခါကျ ဂါဘရီရယ်လို အင်အားကြီးလူရဲ့ ဦးဆောင်မှုနဲ့ သူတို့ ပိုပိုမကျေမနပ်ဖြစ်လာပြီး အင်ပါယာကို ဖြုတ်ချဖို့ ကြိုးပမ်းကြရင်ရော...အဲဒါက အချိန်အတော်ကြာနိုင်ပေမယ့်လည်း...
ကျင်းဆွေ့က အဝေးကြီးကို လှမ်းကြည့်ပြီး ထိုဖြစ်နိုင်ချေကိုမြင်ခဲ့သည်။ အကြိမ်တစ်သောင်း၌ တစ်ကြိမ်ခန့်သာ ဖြစ်နိုင်ချေရှိသော်လည်း ထိုသို့ကိစ္စမျိုးဖြစ်လာမည်ကို သူ ခွင့်မပြုနိုင်သလို သူ၏ အင်ပါယာအုပ်စိုးမှု လုယက်ခံရမည်ကိုလည်း ခွင့်မပြုနိုင်ချေ။ ထို့ကြောင့် သူက ထိုအခြေအနေကို အစပြုပြောင်းလဲရန် ရွေးချယ်ခဲ့သည်။ ထိုသာမန်လူများကို အင်ပါယာအစိတ်အပိုင်းတစ်ခုဖြစ်လာရန် ခွင့်ပြုပါက ပုန်ကန်ရန်မလိုဘဲ သူတို့လိုချင်သည့်အရာကို ရနိုင်မည်ဖြစ်သည်။
ဤနည်းဖြင့် သူပုန်များ တည်ရှိရန်မလိုအပ်တော့ဘဲ ပဋိပက္ခများပျောက်ကွယ်သွားကာ အထက်တန်းလွှာများ၏ စွမ်းအားလည်း အားပျော့သွားပြီး သူ၏အင်ပါယာအာဏာကို ခြိမ်းခြောက်လာနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ပြင် ကျင်းဆွေ့လည်း သူ၏ထိန်းချုပ်မှုအောက်၌ အလွန်အနှိုင်းမဲ့အင်အားကြီးသောနိုင်ငံတစ်ခု ရှိလာနိုင်ပြီး သူက တစ်ဦးတည်းသော ထိပ်တန်းအုပ်စိုးသူ ဖြစ်လာလိမ့်မည်ဖြစ်သည်။
၎င်းက ကျင်းဆွေ့၏ရည်ရွယ်ချက်အစစ် ဖြစ်သည်။
ဤရှုထောင့်တစ်ခုတည်းမှနေ၍ အကဲဖြတ်ရလျှင် ကျီလင် သူ့ကို လေးစားမိ၏။ အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေအရ အင်ပါယာမှာ အလွန်ကြီးပွားချမ်းသာကာ တည်ငြိမ်နေပြီး ပြုပြင်ပြောင်းလဲရန် အချိန်မဟုတ်သေးချေ။ သို့သော် ကျင်းဆွေ့က မရေမတွက်နိုင်သောနှစ်များ၌ ဖြစ်လာနိုင်ချေရှိသည်များကို မြင်တွေ့ခဲ့သည်။ သူက ထိုသို့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရန် သတ္တိရှိခဲ့ပြီး ဆန့်ကျင်မှုများကို စောင့်ဆိုင်းနေမည့်အစား ထိုအရာများမဖြစ်လာမီ အခြေအနေကို ပြုပြင်ပြောင်းလဲရန်ကြိုးစားသည်က သာမန်လူများ မလုပ်နိုင်သောအရာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လူတစ်ဦးက အရာခပ်သိမ်းပေါ်ထိုင်နေရစဉ် ထိုကဲ့သို့အပြောင်းအလဲမျိုးလုပ်ပြီး စွန့်စားရန် ခဲယဉ်းလှ၏။ ထို့အပြင် သူက အင်ပါယာအထက်တန်းလွှာတစ်ခုလုံးနှင့် မရေမတွက်နိုင်သောနှစ်များတိုင် ခိုင်မာစွာ အမြစ်တွယ်နေသည့် စည်းမျဉ်းများကို စိန်ခေါ်ရမည်ဖြစ်သည်။
သူ မအောင်မြင်ပါက သေဆုံးရလိမ့်မည်သာ။
ဂါဘရီရယ် အတွက်မူ...
သူ့ကို လူသတ် ၊ သွေးအေး ၊ ကောက်ကျစ် ၊ ရက်စက်စသည့် ကြောက်မက်ဖွယ် စကားလုံးမျိုးစုံဖြင့် သုံးနှုန်းလေ့ရှိသည်။ အင်ပါယာအထက်တန်းလွှာများက ထိုအမျိုးသားကို အရက်စက်ဆုံးစကားများသုံးပြီး လူမဆန်သောအကြမ်းဖက်သမား သူပုန်အဖြစ် ဖော်ပြရန် မတုံ့ဆိုင်းကြချေ။
ဂါဘရီရယ်ကိုကြိမ်းမောင်းခြင်းက အထက်တန်းလွှာများအတွက် နိုင်ငံရေးအရ မှန်ကန်သောအပြုအမူဖြစ်သည်။ သူတို့စိတ်အတွင်းရှိ ကြောက်ရွံ့မှု၊ မနာလိုမှုများကိုဖုံးကွယ်ရန် ရက်စက်ကြမ်းကြုတ်သော စကားလုံးများအသုံးပြုကြလေသည်။ အထက်တန်းလွှာများ ထိန်းချုပ်ထားသော မီဒီယာနှင့် လူထုအမြင်များကလည်း သူ့ကို အသရေပျက်ရန် ရည်ရွယ်ချက်ဖြင့် အမျိုးမျိုးဖိနှိပ်ချုပ်ချယ်ခဲ့ကြသည်။ ဤနည်းဖြင့် သူ့ကို ထောက်ခံပြီး ချဉ်းကပ်ရန် လူအများကို ကြောက်ရွံ့စေခဲ့သည်။
အမှန်တွင် ကျီလင် ပထမ၌ ဂါဘရီရယ်ကို ဖော်ပြသည့် စကားလုံးအချို့ကို ယုံကြည်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ထိုလူကို သူ့ကိုယ်တိုင်မြင်ခဲ့ရသောကြောင့် ထိုအရာများက အင်ပါယာအထက်တန်းလွှာများ သူ့ကို သိက္ခာချသောလှုံ့ဆော်မှုတစ်ခုဟု ခံစားလာခဲ့ရသည်။
သူ့ယခင်ဘဝ၌ ဇာ့ဂ်ကျူးကျော်မှုအတွင်း ဇာတ်ကြောင်းလိုက်နာရန်အတွက် ကျင်းဆွေ့နှင့်အတူ နာဒိုဂလက်ဆီသို့ လိုက်သွားခွင့်ပြုရန် သူ့ဖခင်ကို အတင်းအကြပ် တောင်းဆိုခဲ့သည်။ တိုက်ပွဲအပြီးအပြန်လမ်းတွင် ကျီလင် ကားလို့စ်ထံမှ သစ္စာဖောက်ခံရပြီး သူပုန်များလက်ထဲ ကျရောက်ခဲ့သည်။
၎င်းက သူ့ယခင်ဘဝတွင်ကြုံဖူးခဲ့သမျှထဲ အန္တရာယ်အရှိဆုံးအတွေ့အကြုံဖြစ်သည်။
ကားလို့စ်နှင့် ကျင်းဆွေ့ကြားရှိ တိုက်ပွဲက အလွန်ပြင်းထန်သည်။ ကျင်းဆွေ့နှင့် နဉ်ယွီတို့က တိုက်ပွဲ၌ တစ်ဖန်ကျော်ကြားလာသည်ကို ကားလို့စ့်မြင်ချိန်တွင် ကျင်းဆွေ့ သူလိုချင်သည့်အရာရသွားမည်စိုးသောကြောင့် ကျီလင်ကိုသစ္စာဖောက်ရန်ကြံခဲ့သည်။ ကျော်ကြားသော အဆင့်မြင့် အထက်တန်းလွှာတစ်ဦးအနေဖြင့် ကျီလင်က လူသတ်သူပုန်များ၏ ပြန်ပေးဆွဲသတ်ဖြတ်ခြင်းခံရပါက ကျီလင် သူ့ကို မကြိုက်လျှင်ပင် သူ၏သေဆုံးမှုအတွက် တာဝန်ယူရမည်ဖြစ်သည်။ ကျင်းဆွေ့က ကျီလင်အတွက်လက်စားချေရန်နှင့် သူပုန်များကိုနှိမ်နင်းရန် တပ်များစေလွှတ်ရမည်ဖြစ်သည်။
သို့သော်လည်း ထိုသူပုန်များက လျှို့ဝှက်ပြီး အပုန်းအောင်းတော်ကာ လူထု၏ ကာကွယ်မှုခံထားရသောကြောင့် ဖိနှိပ်မှု စတင်သည်နှင့် သွေးထွက်သံယို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများက ရှောင်လွှဲမရချေ။
ထိုသို့ဆိုလျှင် ကျင်းဆွေ့ ဝီရိယစိုက်ထုတ်ကာ ဖန်တီးထားသည့် ဖော်ရွေစိတ်ထားကောင်းသော ဧကရာဇ်ပုံရိပ်လည်း ပျက်စီးသွားလိမ့်မည်ဖြစ်သည်။
ကားလို့စ်က ကျင်းဆွေ့ကို ရွေးချယ်မှုပြုလုပ်ခိုင်းရန် ဤနည်းကိုအသုံးပြုခဲ့ပြီး ကျီလင်က အထက်တန်းလွှာများနှင့် သူပုန်များကြား မကျေနပ်ချပ်များ နှိုးဆွပေးရန်အတွက် ကျပန်းရွေးချယ်ခဲ့သော လက်ကိုင်တုတ်တစ်ခုသာဖြစ်သည်။
ထိုအချိန်က ကျီလင် သူပုန်များထံမှ ပြန်ပေးဆွဲခံခဲ့ရပြီး အလွန်ကြောက်ရွံ့နေခဲ့သည်။ သူပုန်များက အထက်တန်းလွှာများအား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ရသည်ကို အနှစ်သက်ဆုံးဖြစ်ပြီး ဂါဘရီရယ်က ရက်စက်ကြမ်းကြုတ်ကာ သွေးအေး၍ လူမဆန်ကြောင်း သူကြားဖူးသည်။ ဝတ္ထုဇာတ်ကြောင်းအရ နောက်ပိုင်းတွင် သူ့အခန်းပါသေးသောကြောင့် ယခု သူ သေမည်မဟုတ်ဟု ဆိုထားသော်လည်း ၎င်းကို ဝတ္ထုထဲ၌ အသေးစိတ်မရေးထားချေ။
သူ၏ရက်စက်ကောက်ကျစ်သော အမြှောက်စာဇာတ်ကောင်က ခဏဖယ်ရှားခံလိုက်သည်။ အစပိုင်းတွင် သူ သေဆုံးပြီဟူသောသတင်းက ပျံ့နှံ့လာခဲ့သည်။ ကျင်းဆွေ့နှင့် ကားလို့စ်တို့က သောင်းနှင့်ချီသော စကားလုံးများဖြင့် တိုက်ခိုက်ခံခဲ့ကြပြီး နောက်ဆုံးအရေးကြီးသောအခိုက်အတန့်၌ သူ ရုတ်တရက် ပြန်လွတ်မြောက်ကာ ကျင်းဆွေ့၏ အကျပ်အတည်းကို ကူညီဖြေရှင်းခဲ့သည်။
ထိုအချိန်တွင် ကျီလင်၏စိတ်ထဲ စကားတစ်ခွန်းသာ ရှိတော့သည်။
: ချီးတဲ့မှ
ငါ သေချာပေါက် အသက်ရှင်လိမ့်မှာဆိုပေမယ့် ဘယ်လို၊ ဘယ်အချိန်၊ ဘယ်နေရာမှာ... ညှဉ်းပန်းနှိပ်စက်ခံရသေးလား မခံရဘူးလား...အဲဒါတွေကို ဘာမှမပြောထားဘူးလို့ အားးးး …
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အထက်တန်းလွှာတစ်ယောက်အနေနဲ့ ငါက အထက်တန်းလွှာတွေကို အမုန်းဆုံးဆိုတဲ့ သူပုန်တွေလက်ထဲ ရောက်သွားတာလေ... ဘယ်လိုလုပ် အဆုံးသတ်ကောင်းမှာလဲ...
ကျီလင် အလွန်ထိတ်လန့်ပြီး စိတ်ပျက်အားငယ်နေစဉ်မှာပင် ငွေရောင်မျက်နှာဖုံးဝတ်ဆင်ထားသည့် အနက်ရောင်ဆံပင်၊ အနက်ရောင်မျက်ဆံများဖြင့် လျှို့ဝှက်ဆန်းကြယ်သောလူတစ်ဦးကို တွေ့ခဲ့ရ၏။
ထိုသူက သူ့ကိုမသတ်သလို နာကျင်စေရန်မလုပ်ခဲ့ချေ။
သူပုန်အခြေစိုက်စခန်းအတွင်း သာမာန်ဆင့်ကဲပြောင်းလဲသူများ သူ့အပေါ်ထားသည့် ရန်လိုမုန်းတီးမှု၊ စက်ဆုပ်ရွံရှာမှုများကိုခံစားနိုင်ပြီး ဂါဘရီရယ်ကြောင့်သာ မဟုတ်ပါက သူ အမှန်တကယ် ညှဉ်းပန်းနှိပ်စက်ခံရပြီး သတ်ခံရနိုင်သည်။
သို့သော် ဂါဘရီရယ်က သူ့ကို ခဏတာ အကျဉ်းချထားရုံမှတစ်ပါး မည်သည်မျှမလုပ်ခဲ့ဘဲ လွှတ်ပေးခဲ့သည်။
ထိုအချိန်က ကျီလင် ဂါဘရီရယ်ကို နားမလည်ခဲ့ချေ။ သူ အလွန့်အလွန်ကြောက်ရွံ့နေသဖြင့် ထိုနေရာမှ ထွက်ပြေးလွတ်မြောက်ချင်ခဲ့သည်။ သို့သော် သူထွက်သွားပြီး နောက်ဆုံးတွင် ရုတ်တရက်နားလည်လာခဲ့သည်။ ဂါဘရီရယ်က ကားလို့စ်၏အကြံအစည်ကိုမြင်တွေ့ခဲ့ပြီး ပြည်သူများနှင့် အထက်တန်းလွှာများကြား စစ်ပွဲမဖြစ်စေလိုသလို အပြစ်မဲ့ပြည်သူများသွေးမြေခရန် ကားလို့စ်ထံမှ အသုံးချမခံလိုခဲ့ချေ။ သူလုပ်ခဲ့သမျှအစွန်းရောက်ပုံရသော အရာအားလုံးမှာ အများသူငှာအကျိုးအတွက်သာဖြစ်ပြီး အထက်တန်းလွှာများကို မုန်းတီးတိုက်ခိုက်လိုသည်မဟုတ်ပေ။
ထိုကြောင့် သူ ကျီလင်ကို မသတ်ခဲ့ချေ။
အကယ်၍ ထိုအချိန်၌ ထိုလူမပေါ်လာခဲ့ပါက သူ လွန်ခဲ့သောအချိန်တည်းကပင် ဤကမ္ဘာ၌ ဒုတိယအကြိမ်ပြန်စတင်နေရလောက်သည်။
သူ ထွက်မသွားမှ ငွေရောင်မျက်နှာဖုံးဖြင့် ထိုလူက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော်လည်း သူထွက်သွားပြီးနောက် ရုတ်တရက် ထိုသူ့ကို သိပ်မကြောက်မတော့ချေ။ ထိုလူက အခြားသူများပြောသကဲ့သို့ သွေးအေး၊ ရက်စက်သော အကြမ်းဖက်လူသတ်သမားမဟုတ်ဟု ကျီလင် အလိုလိုခံစားမိခဲ့သည်။
ထိုလူက အလွန်ဆင်ခြင်တုံတရားရှိပြီး တည်ငြိမ်သောသူဖြစ်သည်။
ထိုလူက သူ့ကိုယ်ပိုင်နာမည်ဆိုးများနှင့် လုံးလုံးမတူနေချေ။
နောက်ပိုင်းတွင် ကျီလင် ၎င်းကို သိခဲ့ရပြီး ထက်မြက်သူအချို့လည်း ရှင်းရှင်းလင်းလင်း မြင်လာခဲ့ကြသည်။ ဂါဘရီရယ်က သန်မာသူဖြစ်ရုံသာမက ပညာရှိသူတစ်ဦးဖြစ်သောကြောင့် လူအများက ပို၍မနာလိုဖြစ်လာကြပြီး သူ့ကို အချိန်တိုင်းအပုပ်ချကာ လျင်မြန်စွာဖယ်ရှားနိုင်ရန် မျှော်လင့်ခဲ့ကြသည်။
ကျီလင်၏အာရုံများက အတိတ်မှပြန်ရောက်လာပြီး သမ်းတုန်းကိုကြည့်ကာ ဝတ်ကျေတန်းကျေအပြုံးဖြင့် ပြောလိုက်သည်။
"အဲဒီလိုလား...ဒါပေမယ့် အရှင်ဧကရာဇ်က မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်တွေစျေးလျှော့ချဖို့နဲ့ ပြည်သူတွေဆီဖွင့်ပေးဖို့ အဆိုပြုခဲ့တာဆိုတော့ အနာဂတ်ကျရင် ဒီလိုကိစ္စမျိုး ထပ်ဖြစ်လာမှာမဟုတ်ဘူးလို့ ငါထင်တယ်..."
သမ်းတုန်းက ရုန်းကန်နေသောအမူအရာဖြင့် ပြောလိုက်သည်။
"ထင်တာပဲ…"
မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်ဘဏ်များကို ဂါဘရီရယ် မဖောက်ထွင်းတော့သည်က ကောင်းမွန်သောအရာဖြစ်သော်လည်း အထက်တန်းလွှာများအားလုံးက သာမန်လူများထက် ပိုသန်မာရန် ဆန္ဒရှိကြပြီး ဂါဘရီရယ်ကို အပြစ်တင်ကြကာ သူသေသွားလျှင် ပိုကောင်းလိမ့်မည်ဟုတွေးကြ၏။
သမ်းတုန်းက ခါးသီးစွာပြောလိုက်သည်။
"ဘယ်လိုတောင်ထူးဆန်းတဲ့လူလဲမသိဘူး...သူ့မှာ သတ္တိရှိနေရင် သူ့မျက်နှာအစစ်ကိုပြလေ..."
ကျီလင် : အမ်း သူက အရူးမှမဟုတ်ပဲ...
ရို့စ်ကလည်း မကျေမနပ်ဝင်ပြောလာခဲ့သည်။
"ဟက် သူက သေချာပေါက် အရမ်းရုပ်ဆိုးလို့ပဲဖြစ်ရမယ်..."
ကျီလင် : မင်းတို့ကောင်တွေက အရမ်းစိတ်သဘောထားသေးသိမ်ကြတာပဲ...
သမ်းတုန်း - "ပြီးတော့ သူ့က ဘာလို့ ဒီလိုထူးဆန်းတဲ့နာမည်ကြီးရှိနေရတာလဲ...ခေါ်ရထောက်လိုက်တာမှ...ဘယ်လိုသောက်ကျိုးနည်းမှန်းကို မသိဘူး..."
ကျီလင် ခဏခန့် ကြောင်အသွားပြီးနောက် သတိရသွားခဲ့သည်။
အခုကြယ်တာရာခေတ်က နှစ်ပေါင်းထောင်ချီကြာပြီဆိုတော့ ရှေးကမ္ဘာက ဒဏ္ဍာရီဇာတ်လမ်းတွေကို ဘယ်သူမှ မသိကြဘူးကိုး ...
ကျီလင် ချောင်းအနည်းငယ်ဟန့်ကာ ပြောလိုက်သည်။
"ဂါဘရီရယ်ဆိုတာက ရှေးကမ္ဘာဒဏ္ဍာရီမှာ ကောင်းကင်တမန်နတ်သားတစ်ယောက်ရဲ့နာမည်လေ...သူက ပညာရှိပြီး မြင့်မြတ်တယ်...သူက နတ်ဘုရားသင်္ကေတပဲ..."
ကျီလင် ပြောပြီးသွားချိန်တွင် သမ်းတုန်း နှင့် ရို့စ်နှစ်ယောက်လုံးက သူ့ကို ဗလာဖြစ်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"?"
သမ်းတုန်းက ပြောလာခဲ့သည်။
"ကောင်းကင်တမန်နတ်သားဆိုတာ ဘာကြီးလဲ…"
ရို့စ်က ပြောလာခဲ့သည်။
"နတ်ဘုရားက ဘာကြီးလဲ ... "
ကျီလင် : "... "
ကျီလင် အလွန်စိတ်ထိခိုက်သွားသော်လည်း စူးစမ်းလိုစိတ်ရှိသော ကလေးနှစ်ဦး၏အမူအရာကိုကြည့်ကာ သူ ရှင်းပြလိုက်ဆဲဖြစ်သည်။
"နတ်ဘုရားနဲ့ ကောင်းကင်တမန်နတ်သားတွေဆိုတာက ရှေးကမ္ဘာမြေကြီးက ဘာသာရေးလက်ရာဖြစ်တဲ့ <ကျမ်းစာ> ထဲက ဇာတ်ကောင်တွေပဲ…"
သူ အာပေါက်မတတ် အချိန်အတန်ကြာရှင်းပြခဲ့ပြီး အခြေခံသိထားသည်များကိုပြောလိုက်သောကြောင့် နောက်ဆုံးတွင် ထိုနှစ်ဦးက သူ ဘာဆိုလိုသည်ကို နားလည်သွားခဲ့ကြသည်။
ထို့နောက် ရို့စ်နှင့် သမ်းတုန်းက သူ့ကို အလွန်အမင်း လေးစားအားကျစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"သခင်လေးကျီက ဒီလောက်အသိပညာကြီးမားလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး...ဟိုးရှေးရှေးက ကမ္ဘာမြေဒဏ္ဍာရီနဲ့ သမိုင်းကိုတောင် ရှင်းရှင်းလင်းလင်း ပြောနိုင်တာပဲ..."
သမ်းတုန်းက ပြောလိုက်သည်။
"ကျွန်တော့်မှာ ရှေးခေတ်သမိုင်းကို အထူးလေ့လာတဲ့ ဟိုးအဝေးက အစ်ကိုဝမ်းကွဲတစ်ယောက်ရှိတယ်...သူ ဒီအကြောင်းကို ကြားဖူးမယ်လို့တောင် မထင်ဘူး..."
ရို့စ်က သဘောတူလာခဲ့သည်။
"ငါလည်း ဒါကို ပထမဆုံးကြားဖူးတာပဲ... ရှေးကမ္ဘာမြေပေါ်မှာ ဒီလိုဒဏ္ဍာရီမျိုးတွေ ရှိမှန်း ခုမှသိတယ်..."
သမ်းတုန်း - "သခင်လေးကျီကတော့ တကယ့်ကို သခင်လေးကျီပါပဲ..."
ရို့စ်: "တကယ် လေးစားမိတယ်..."
ကျီ-ပညာရှိ-လင်ကမူ သူတို့ကို အမူရာမဲ့စွာ ကြည့်နေခဲ့သည် ။
"..."
သမ်းတုန်းနှင့် ရို့စ်တို့က ကျီလင်ကို မရေမတွက်နိုင်အောင် လှပသောစကားလုံးများဖြင့် အချိန်အတန်ကြာ ချီးမွမ်းခဲ့ကြပြီး သူတို့၏ ကပ်ဖားယက်ဖားလုပ်သည့်တာဝန်ကို အပြည့်အဝထမ်းဆောင်နေကြကာ ကျီလင်ကို ကောင်းကင်ထိရောက်အောင် ချီးကျူးခဲ့ကြသည်။ ထို့နောက် ဂါဘရီရယ်အကြောင်း ဆက်လက်ညည်းညူကာ ကဲ့ရဲ့တိုက်ခိုက်ကြတော့သည်။
သမ်းတုန်း - "သူ တကယ်ကြီး အဲဒီလိုနာမည်မျိုးရွေးခဲ့တာပဲ...သူကိုယ့်သူ နတ်ဘုရားရဲ့တမန်တော်လို့ ထင်နေတာလား... သူက တကယ်အရှက်မရှိတာပဲ...ဟား..."
ရို့စ်က သဘောတူခဲ့သည်။
"အမှန်ပဲ...တကယ်အရှက်မရှိဘူး..."
သမ်းတုန်းက မထီမဲ့မြင်ပြောလာခဲ့သည်။
"သူတို့လို နိမ့်ကျတဲ့ သာမန်လူတွေက သာမန်လူတွေဖြစ်နေတုန်းပဲ...အဲဒီလိုရှေးဒဏ္ဍာရီကိုတောင် တကယ်ယုံနေကြတာ... ဘာကိုနတ်ဘုရားလဲ...အဲဒီအချိန်တုန်းက ကမ္ဘာမြေက အရမ်းခေတ်နောက်ကျပြီး တခြားအဆင့်မြင့်မားတဲ့အရာတွေ တည်ရှိနေတာကို နတ်ဘုရားဆိုပြီး အထင်မှားကိုးကွယ်နေတာလို့ပဲထင်တယ်..."
ရို့စ်က သရော်လာခဲ့သည်။
"အမှန်ပဲ...အခုနေ ငါတို့ အဲဒီအဆင့်နိမ့်ဂြိုဟ်တွေဆီသွားမယ်ဆိုရင် ငါတို့ကိုတောင် အဲဒီလူတွေက နတ်ဘုရားဆိုပြီး ကိုးကွယ်ကြလိမ့်မယ်..."
သမ်းတုန်း : "ဟားဟား... မင်းပြောတာမှန်တယ်..."
ရို့စ် - "ဘာဒဏ္ဍာရီ ဘာနတ်ဘုရားတွေမှ မရှိဘူး...ဒီတိုင်း ကမ္ဘာမြေကလူသားတွေက အရမ်းတုံးပြီး ခေတ်နောက်ကျနေတာပဲ..."
ကျီ-ငတုံး-လင်က အမူအရာမဲ့စွာ ရယ်လိုက်သည်။
"ဟား ဟား..."
ကမ္ဘာမြေကလူတွေက မင်းတို့ဘိုးဘေးတွေဆိုတာ မေ့သွားတဲ့ပုံပဲ…သူတို့ကို ဒီလိုမျိုးရှုတ်ချပြောဖို့ မင်းတို့ တကယ်အဆင်ပြေလို့လား...
ကျီလင် ထိုတုံးအသောစကားဝိုင်း၌ ဆက်လက်မပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ဉာဏ်ရည်မသန်စွမ်းသူများနှင့် စကားပြောရသည်က အချိန်ဖြုန်းနေခြင်းသာဖြစ်သည်။ သူ အစာစားနေလျက် ပတ်ပတ်လည်ကို ငေးမောကြည့်ရှုနေခဲ့သည်။ ရုတ်တရက် သူ့ရှေ့၌ ပုံရိပ်တစ်ခုကိုတွေ့လိုက်သည်။ သူ အလွန်ထိတ်လန့်သွားပြီး ချောင်းဆိုးကာ မျက်ရည်များဝဲတက်လာခဲ့သည်။
သူ လျင်မြန်စွာ ခေါင်းငုံ့ပြီး ထောင့်နားသို့တတ်နိုင်သမျှကပ်ပါ သူ့ကိုယ်သူပြောနေခဲ့သည်။
ငါ့ကိုမတွေ့ဘူး၊ ငါ့ကိုမတွေ့ဘူး...ငါ့ကို မတွေ့ဘူး...
ထိုအချိန်တွင် ရို့စ်နှင့် သမ်းတုန်းတို့က ချောမော၊ မြင့်မြတ်သော ဆံပင်အနက်ရောင်၊ ရွှေရောင်မျက်လုံးများဖြင့် လူကို တွေ့သွားကြပြီး သူတို့၏မျက်လုံးများထဲ လေးစားမှု၊ စိတ်လှုပ်ရှားမှုများ ပြလာခဲ့ကြသည်။
အရှင်ဧကရာဇ်က တကယ်ကြီး ဒီကိုရောက်နေတာပဲ...
ကျီလင် တိတ်တဆိတ် ခိုးထွက်သွားရန် ပြင်လိုက်သည်။
သို့သော် သမ်းတုန်းက ရုတ်တရက်သတိပြန်ဝင်လာပြီး သူ့ကို အော်ပြောလာခဲ့သည်။ သူ၏ကျယ်လောင်သော အသံကို မီတာတစ်ရာအကွာမှ ကြားရနိုင်ပေသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့၏။
"သခင်လေးကျီ...အရှင်ဧကရာဇ်လည်း ဒီကိုရောက်နေတယ်..."
ကျီလင် သူ့ကို သေအောင်လည်ပင်းညှစ်သတ်ချင်မိသွားခဲ့သည်။ သူက ဖြူဖျော့သောမျက်နှာဖြင့် ခေါင်းမော့လိုက်ပြီး သူ့မျက်နှာက သူ့အရှေ့ရှိလူ၏ ရွှေရောင်မျက်ဆံများထဲ တည့်တည့်ဝင်ရောက်သွားခဲ့သည်။
ကျီလင် : "... "
ငါ အခု အိမ်ပြန်ဖို့ အရမ်းနောက်ကျသွားပြီလား...
✨✨✨