✨ Chapter 43
မတော်တဆ
သူ၏ယခင်ဘဝတွင် အောင်မြင်စွာ မျက်နှာဖြတ်ရိုက်ခံရပြီးနောက် အိမ်၌ ပိတ်ထားခံခဲ့ရသည်။ အခြေအနေအရ ကျင်းဆွေ့က သူ့ကိုအပြစ်မပေးဟု ကတိပေးခဲ့သော်လည်း မြို့စားကြီးကျီထင်က ဧကရာဇ်၏ဒေါသကိုဖြေဖျောက်ရန် ကျီလင်ကို အိမ်ထဲပိတ်ထားရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ချေ။
ကျီလင် ဤဘဝ၌ ထိုသို့မဖြစ်ခဲ့သည့်တိုင် အပြင်ထွက်ရန် ခံစားချက်မရှိနေချေ။
သူ နေ့စဉ်နေ့တိုင်း အိမ်တွင်သာနေပြီး အင်တာနက်ပေါ်မှသတင်းများကို တစ်နေ့လုံးကြည့်နေခဲ့သည်။
ပြောစရာမလိုအောင်ပင် စိတ်လှုပ်ရှားဖွယ်သတင်းအချို့ကို သူတွေ့ခဲ့သည်။ မူလက ကျင်းဆွေ့ပြန်လည်မွေးဖွားလာပြီးနောက် သူ့ကို ပြိုင်ပွဲမှ အလှလေးကိုကယ်တင်သည့်သူရဲကောင်းကဲ့သို့ ကာကွယ်ပေးခဲ့သောကြောင့် ဤဘဝတွင် အချို့ကိစ္စများက ကွဲပြားသွားလိမ့်မည်ဟု သူထင်ခဲ့သည်။ သူနှင့် နဉ်ယွီကြား မည်သည့် ကောလဟာလမျှတက်လာလိမ့်မည်မဟုတ်ဟု ထင်ခဲ့သော်လည်း အံ့သြစရာကောင်းစွာပင် ၎င်းက ပုံမှန်အတိုင်း တစ်ဖန်ဖြစ်လာခဲ့ပြန်သည်။
ထို့အပြင် ၎င်းက ယခင်ဘဝထက်ပင် ဆိုးနေသေးသည်။
ထိုနောက်ကွယ်၌ မည်သူမှမရှိဟုပြောလျှင်ပင် သူ မယုံချေ။
၎င်းကြောင့် ကျီလင် အနည်းငယ်စိတ်ရှုပ်ထွေးသွားပြီး ကျင်းဆွေ့၏သဘောထားကို မသေမချာဖြစ်သွားခဲ့သည်။
ကျင်းဆွေ့ ဒါမျိုးမလုပ်သင့်ဘူး... သူ အရင်ကငါ့ခံစားချက်တွေကို ဂရုစိုက်တယ်လို့ပြောခဲ့တာ မဟုတ်ဘူးလား... ငါခန့်မှန်းတာ တစ်ခုခုမှားနေသွားတာများလား... ကျင်းဆွေ့က တကယ်တော့ နဉ်ယွီကို ကြိုက်နေတုန်းပဲလား...
ထိုအတွေးက ကျီလင်ကို အံ့အားသင့်စေပြီး စိတ်ပျက်အားလျော့နေသောအခြေအနေမှ ပြန်လည်ရှင်သန်လာစေခဲ့သည်။
ကျင်းဆွေ့က ပြန်လည်မွေးဖွားလာပြီးတာတောင် ဇာတ်ကြောင်းနောက်လိုက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး.... ပြီးတော့ အဲဒါက အရင်ကထက်တောင် ပိုအားပြင်းသေးတယ်...
ကြည့်ရတာ သူ လူတွေရဲ့စိတ်ကိုအနိုင်ယူဖို့ နဉ်ယွီနဲ့ဆက်ဆံရေးကို လက်မလျှော့သေးတဲ့ပုံပဲ... အင်းပေါ့လေ ပြောရရင် သူ့လိုဧကရာဇ်တစ်ယောက်က ငါ့လို အမြှောက်စာအတွက် နည်းနည်းလေးအပြစ်ရှိစိတ်ဝင်ရုံနဲ့ သူ့ရဲ့ကြီးမားတဲ့ ကြိုးစားအားထုတ်မှုတွေကို ဘယ်လက်လွှတ်နိုင်ပါ့မလဲ... သူက ဆင်ခြင်တုံတရားရှိတဲ့လူဆိုတော့ ဘယ်လိုကြည့်ကြည့် နဉ်ယွီနဲ့အတူရှိတာ ပိုအကျိုးရှိမှန်း သိမှာပဲ...
ဒီလိုတွေးကြည့်တော့လည်း သိပ်မဆိုးပါဘူး...
ကျီလင် နေ့စဥ်နေ့တိုင်း အင်တာနက်ပေါ်ရှိ ကျင်းဆွေ့နှင့် နဉ်ယွီတို့၏ အတင်းအဖျင်းများကို ပျော်ရွှင်စွာကြည့်နေခဲ့သည်။ ၎င်းက ရိုးရှင်းစွာပင် သူ၏ဝိညာဉ်အတွက် အားဖြည့်စာဖြစ်သည်။ သူ အတင်းအဖျင်းမျိုးစုံကိုဖတ်ပြီး အလွန်ပျော်နေခဲ့သည်။
သို့သော် သူ ရက်အနည်းငယ်ကြာ မပျော်နိုင်မီ တစ်နိုင်ငံလုံးကို တုန်လှုပ်စေသည့် ကြီးကြီးမားမားကိစ္စတစ်ခုဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ ကျင်းဆွေ့နှင့် နဉ်ယွီတို့၏အတင်းအဖျင်းများကို ဂရုမစိုက်နိုင်တော့ချေ။
ဝမ်ယန် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ပထမဆုံးအကြိမ်လွှတ်တော်တွင် ကျင်းဆွေ့က မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်များ၏ဈေးနှုန်းကို လျှော့ချရန် အဆိုပြုခဲ့ပြီး ၎င်းက အခက်အခဲမရှိဘဲ ကျော်ဖြတ်သွားနိုင်ခဲ့သည်။ အဆိုပြုချက်အရ နောင်လာမည့်သုံးနှစ်အတွင်း မူလမျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်များ၏စျေးနှုန်းကို အဆတစ်ရာလျှော့ချမည်ဖြစ်ကာ ၎င်းကို အင်ပါယာ၏တရားစီရင်ပိုင်ခွင့်အောက်၌ စီမံခန့်ခွဲရေးဂြိုဟ်တိုင်းတွင် အသုံးပြုနိုင်မည်ဖြစ်သည်။
တစ်နည်းဆိုရလျှင် တစ်ချိန်က မရေမတွက်နိုင်သောသာမန်လူများတတ်နိုင်ရန် ခက်ခဲခဲ့သည့် တန်ဖိုးကြီးသောမျိုးရိုးဗီဇ ဆင့်ကဲဖြစ်စဉ်အေးဂျင့်များက မကြာမီ မည်သူမဆိုရရှိနိုင်သည့် သာမန်အသုံးအဆောင်ပစ္စည်းများ ဖြစ်လာတော့မည်ပင်။
၎င်းက အနိမ့်စားအဆင့် သာမန်မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်သာဖြစ်သည့်တိုင် မရေမတွက်နိုင်သော သာမန်ပြည်သူများအတွက် အောင်ပွဲခံရန်လုံလောက်သည့် ကြီးမားသောကိစ္စဖြစ်နေဆဲပင်။ ၎င်းက ပိုသန်မာသောခန္ဓာကိုယ်နှင့် အသက်ပိုရှည်လာမည်ကိုဆိုလိုသည်။
ယခု အနိမ့်ဆုံးဆင့်များဖွင့်ပေးလာလျှင် အနာဂတ်၌ အထက်တန်းအဆင့်များ ရလာနိုင်လိမ့်မည်ဖြစ်သည်။ လူတိုင်းက မျှော်လင့်ချက်အပြည့် ဖြစ်နေကြ၏။
ကျင်းဆွေ့၏ဂုဏ်သတင်းက ရုတ်တရက် ထိုးတက်လာခဲ့ပြီး စတားကွန်ယက်ပေါ်တွင် ကျေးဇူးတင်စကားသံများပြည့်နှက်နေ၏။ သူ့အကြောင်း မကောင်းပြောဝံ့သူမည်သူမဆို မရေမတွက်နိုင်သောလူများထံမှ တိုက်ခိုက်ခံရလိမ့်မည်ဖြစ်သည်။
ဧကရာဇ်က သူ၏ကတိကို ဖြည့်ဆည်းပေးပြီး ယခင်က အထက်တန်းလွှာများ၏လက်ထဲ လုံးလုံးလျားလျားကျရောက်ခဲ့သော မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်များကို အမှန်တကယ်ဖွင့်ပေးခဲ့သည်။
မကျေမနပ်သော အထက်တန်းလွှာများပင်လျှင် ထိုကြောက်စရာကောင်းသည့် လူထုအမြင်ဖြင့် ဖိနှိပ်ခံရပြီး စကားတစ်ခွန်းမှ ထုတ်မပြောဝံ့ခဲ့ချေ။
ဤအဖြစ်အပျက်နှင့် နှိုင်းယှဉ်ပါက ကျင်းဆွေ့နှင့် နဉ်ယွီကြားရှိ အတင်းအဖျင်းများမှာ အရေးမပါဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် ၎င်းက အတင်းအဖျင်းမျှသာဖြစ်သော်လည်း မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်မှာ အင်ပါယာတစ်ခုလုံးပြောင်းလဲသွားစေမည့်အရာဖြစ်သည်။ ၎င်းက မရေမတွက်နိုင်သောလူများကို အကျိုးပြုပြီး လူတိုင်းနှင့်သက်ဆိုင်ပေသည်။ ၎င်းက သမိုင်းကြောင်းကိုကျဆင်းသွားစေပြီး အင်ပါယာ၏ပုံစံကိုပြောင်းလဲရန် လုံလောက်သည်။
ကျီလင်ပင်လျှင် ထိုအဖြစ်အပျက်က အင်ပါယာအပေါ်၌ ကြီးမားသောအကျိုးသက်ရောက်မှုဖြစ်နိုင်မည်ကို မြင်နိုင်သည်။
မရေတွက်နိုင်သော အထက်တန်းလွှာများက တိတ်တဆိတ်အံကြိတ်ရုံသာ တတ်နိုင်ကြသည်။
သို့သော် ကျီလင်ကို အမှန်တကယ်ထိတ်လန့်စေသည်မှာ ထိုကိစ္စ၏ကြီးမားသော သက်ရောက်မှုကြောင့် မဟုတ်ချေ။ အမှန်တွင် သူ့ယခင်ဘဝ၌ ကျင်းဆွေ့၏အကြံပြုချက်က ပယ်ချခံရပြီး မအောင်မြင်ခဲ့ချေ။
ဝမ်ယန်နှင့် ကားလို့စ်တို့က ပါလီမန်၌ လွှတ်တော်အမတ်နေရာအများစုကို ထိန်းချုပ်ရန်ပူးပေါင်းခဲ့ကြသည်။ လွှတ်တော်အမတ်တစ်ဦးအနေဖြင့် ဝမ်ယန်က ကျင်းဆွေ့၏အဆိုပြုချက်ကို ကန့်ကွက်ကာ ပယ်ချခဲ့သည်။ ကျင်းဆွေ့က အချိန်အတန်ကြာကြိမ်းမောင်းခံခဲ့ရပြီး လူတိုင်းက သူ့ကို ကြောင်သူတော်ဧကရာဇ်ဖြစ်ကာ သူ၏အဆိုပြုချက်မှာ ရှိုးပြရန်သက်သက်ဟု ပြောခဲ့ကြသည်။
အဆုံးတွင် ဇာတ်လိုက်က သေချာပေါက်အနိုင်ရမည်ကို ကျီလင်သိသော်လည်း ဝမ်ယန်နှင့် ကားလို့စ်၏ပူးပေါင်းမှုက ကျင်းဆွေ့အတွက် များစွာဒုက္ခဖြစ်စေခဲ့သည်။
သို့သော် ဤတစ်ကြိမ်၌ ကျင်းဆွေ့အောင်မြင်ခဲ့သည်။
ဒါဆို အဲဒါက ဝမ်ယန် ကားလို့စ်နဲ့ မပူးပေါင်းရုံတင်မဟုတ်ဘဲ ကျင်းဆွေ့ဘက် ရောက်သွားတယ်လို့ ဆိုလိုတာပေါ့...
ဒါ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
ဝမ်ယန်ကတော့ တကယ်အားကိုးမရတဲ့ မျက်နှာနှစ်ဖက်နဲ့လူပဲ...
ကျီလင် မျက်မှောင်ကြုတ်ကာ အခန်းထဲလှည့်ပတ်လျှောက်နေခဲ့သည်။ ထိုပြောင်းလဲမှုက သူ့ကို ကျင်းဆွေ့၏ ပြန်လည်မွေးဖွားခြင်းထက်ပင် ပို၍စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ အကြောင်းမှာ ထိုအရာက သေးငယ်သော ချစ်ရေးချစ်ရာကိစ္စမဟုတ်တော့ဘဲ လောကကြီးတစ်ခုလုံးနှင့် ဆက်စပ်နေသော အဓိကကိစ္စရပ်တစ်ခု ဖြစ်သောကြောင့်ပင်။
၎င်းက ဤလောကအတွက် ကောင်းသောအရာဖြစ်သော်လည်း ဇာတ်ကြောင်းမှသွေဖယ်ခြင်းမှာ အလွန်လေးနက်ပြီး လောကကြီးတစ်ခုလုံး၏ဦးတည်ရာကိုပြောင်းလဲစေနိုင်သည်။
ကျီလင် တုန်လှုပ်ချောက်ချားစွာဖြင့် စနစ်ကို မေးလိုက်သည်။ -
[မင်း ဒီကိစ္စကို ဘယ်လိုထင်လဲ...]
ထိုအချိန်တွင် စနစ်လည်း တုန်လှုပ်နေပြီး မပေါ့လျော့ဝံ့ဘဲ လေးနက်စွာပြောလာခဲ့သည်။ -
[ငါ ဘာတွေဖြစ်နေလဲဆိုတာသိအောင် ဌာနချုပ်ကို ပြန်သွားချင်တယ်...အဲဒီအချိန်အတွင်း မင်းဒီမှာ တစ်ယောက်တည်းနေခဲ့လို့ အဆင်ပြေလား...]
ကျီလင် : [ဘာမေးနေစရာလိုသေးလို့လဲ...မင်းဒီမှာနေလည်း ဘာမှမှအသုံးမဝင်ပဲ...]
စနစ်- […]
ကျီလင် - [ငါ့အတွက် ပြန်လည်မွေးဖွားတဲ့အကြောင်း မေးပေးဖို့သတိရဦးနော်...]
စနစ်- […]
ကျီလင်က သူ့ကိုအလွန်မဖော်ရွေဟု အမြဲခံစားရသော်လည်း စနစ်က သဘောထားကြီးကြီးနှင့် သူ့ကိုဂရုမစိုက်ရန်ဆုံးဖြတ်ခဲ့သည်။
ငါက စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့ စနစ်ပဲ...
ထိုအလွန်အရေးပါသော ပြောင်းလဲမှုကြောင့် ကျီလင်နေ့တိုင်း အပြင်၌ ဖြစ်နေသည်များကို စောင့်ကြည့်ခဲ့သည်။
အခု ကျင်းဆွေ့နဲ့ ဝမ်ယန် ပူးပေါင်းပြီး ကားလို့စ်ကိုအနိုင်ယူတော့မှာလား... ကားလို့စ် ဘယ်လိုတုံ့ပြန်မှာလဲ... ဒါမှမဟုတ် ကားလို့စ် အဲဒါကို မျှော်လင့်ထားပြီးသားလား...
အရင်တစ်ခေါက် ရွေးကောက်ပွဲကတည်းက ဝမ်ယန် သူနဲ့ ပူးပေါင်းမှုကို ဖြတ်ပစ်ခဲ့တာဖြစ်မယ်...
ထိုအကြောင်းပြောမှ သူ မြေခွေးအိုကြီးကားလို့စ်နှင့် မတွေ့ရသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်ကာ ဝမ်ယန်လည်း သူ့အရှေ့တွင် ပေါ်မလာသေးသဖြင့် အနည်းငယ် စိတ်အေးနေသည်။
သို့သော် ရက်အနည်းငယ်အကြာတွင် ကိစ္စကြီးတစ်ခုထပ်ဖြစ်လိမ့်မည်ကို ကျီလင်သိပေသည်။
မကြာမီ နာဒိုဂလက်ဆီမှ ဇာ့ဂ်များ ကျူးကျော်လာသည့် သတင်းထွက်လာလိမ့်မည်ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ဇာ့ဂ်ဘုရင်မနှစ်ဦး အဖွဲ့ကိုဦးဆောင်နေသောကြောင့် ကျင်းဆွေ့ကိုယ်တိုင် ထွက်တိုက်ရလိမ့်မည်ဖြစ်ကာ နဉ်ယွီလည်း ဤတိုက်ပွဲ၌ တစ်ဖန်တောက်ပလာလိမ့်မည်ဖြစ်သည်။ မူရင်းဝတ္ထုတွင် ကျင်းဆွေ့၏ အချစ်ရေးအတည်ပြုခြင်းက အရေးကြီးသောဇာတ်ကွက်တစ်ခုဖြစ်သည်။
ထို့အပြင် ကျီလင်က ထိုတိုက်ပွဲ၌ ဘရန်ဒန်ကို မတော်တဆကယ်ရလိမ့်မည်ဖြစ်သည်။ အပြန်ခရီးတွင် သူတို့ အန္တရာယ်အရှိဆုံးအခြေအနေနှင့် ကြုံတွေ့ရလိမ့်မည်ဖြစ်သည်။
သို့သော် ယခုတွင် အရာအားလုံးမသိနိုင်ဖြစ်လာပြီး ကျီလင် သူ့ယခင်ကကဲ့သို့ ဆက်လက်နေထိုင်ရမည်လားကို ချီတုံချတုံဖြစ်ခဲ့သည်။ နောက်ဆုံးတွင် လူများစွာနှင့် အရာများစွာက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ထိုနေ့တွင် သူ ရုတ်တရက် သမ်းတုန်းထံမှ ဖိတ်ခေါ်ချက်တစ်ခုရရှိခဲ့သည်။
သူနှင့် သမ်းတုန်း နဉ်ယွီကိုပြန်ပေးဆွဲခဲ့သည့် ယခင်တစ်ခေါက်မှစ၍ သမ်းတုန်း အသက်အန္တရာယ်မရှိသည်ကို ကျီလင် သေချာစေပြီးနောက် ထိုသူ့ကိုထပ်မဆက်သွယ်ဘဲ သူ့ကိစ္စနှင့်သူ အလုပ်ရှုပ်နေခဲ့သည်။ ကျီလင် ထိုသူ့ကို လိုအပ်ချိန်မှသာ အသုံးချသကဲ့သို့ ဖြစ်သွားသောကြောင့် အနည်းငယ်ရှက်မိသွားသည်။
သူ တစ်ချိန်လုံး အိမ်၌နေရသည်မှာ အနည်းငယ်ငြီးငွေ့လာပြီဖြစ်သောကြောင့် သမ်းတုန်း၏ဖိတ်ကြားချက်ကို လက်ခံပြီး အပြင်ထွက်ကာ လေကောင်းလေသန့်ရှူရန် ဆုံးဖြတ်ခဲ့သည်။
ပြီးခဲ့သည့်တစ်ခေါက်က သင်ခန်းစာကြောင့်ဖြစ်ကောင်းနိုင်သည် ယခုတစ်ကြိမ်တွင် သမ်းတုန်းက ကျီလင်ကိုရှုပ်ထွေးသောနေရာသို့မဖိတ်ဘဲ ထိုအစား ဝန်ကြီးဂျယ်ရယ်၏အိမ်၌ ပွဲတက်ရန်ဖိတ်ခဲ့သည်။
ဝန်ကြီးဂျယ်ရယ်မိသားစုက အင်ပါယာ၌ နေထိုင်သည်မှာ ကြာပြီဖြစ်သော အထက်တန်းလွှာမိသားစုဖြစ်သည်။ ထိုမိသားစုက မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်များထုတ်လုပ်သည့် အဓိကကုန်ကြမ်းများထဲမှတစ်ခုကိုပိုင်ထားသောကြောင့် အလွန်ချမ်းသာသည်။ သူက နှစ်စဥ်နှစ်တိုင်း စူပါစက်ရုံများစွာအတွက် မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်များထုတ်လုပ်ရန် ကုန်ကြမ်းအမြောက်အများ ထောက်ပံ့ပေးလေ့ရှိသည်။
ဝန်ကြီးဂျယ်ရယ်၏လက်ထဲ အရေးကြီးသောအရင်းအမြစ်များ ကိုင်ထားရုံသာမက အသိကျွမ်းလည်းပေါသည်။ သူ့အိမ်၌ ပါတီပွဲမျိုးစုံကျင်းပလေ့ရှိပြီး အင်ပါယာကြယ်အတွင်း အလွန်နာမည်ကြီးပေသည်။
ထိုနေရာသို့ ကျီလင်ရောက်ချိန်တွင် သမ်းတုန်းက သူ့အား အချိန်အတန်ကြာစောင့်နေသည်ကို တွေ့ခဲ့ရသည်။ ထို့အပြင် ရို့စ်လည်း ထိုနေရာ၌ရှိနေသောကြောင့် သူအံ့သြသွားခဲ့သည်။
သမ်းတုန်းက သူ့ကို စိတ်လှုပ်ရှားစွာကြည့်ပြီး ခွေးတစ်ကောင်ကဲ့သို့ ပြေးလာခဲ့သည်။
"သခင်လေးကျီ... နောက်ဆုံးတော့ ရောက်လာပြီပဲ..."
ရို့စ်က အအေးနန်းဆောင်၌ စွန့်ပစ်ခံထားရသော ကိုယ်လုပ်တော်ကဲ့သို့ နောက်မှလိုက်လာပြီး တောင့်တင်းစွာပြုံးပြလာခဲ့သည်။
"သခင်လေးကျီ..."
ကျီလင်က သူ့အချစ်ဟောင်းနှင့် အချစ်သစ်နှစ်ဦးလုံး အတူရှိနေသည်ကိုမြင်ရသော်လည်း စိတ်မသက်မသာမဖြစ်ခဲ့ချေ။
ဟီးဟီး ပြန်လည်မွေးဖွားလာတဲ့ ကြောက်စရာလူတွေနဲ့ယှဉ်ရင် ဒီခွေးကလေးအုပ်စုက နည်းနည်းဆိုးသွမ်းပြီး သူတို့ကာရိုက်တာက နည်းနည်းကောက်ကျစ်ပုံရပေမယ့် အနည်းဆုံးတော့ ပေါင်းသင်းဆက်ဆံရလွယ်သေးတယ်... ငါ့ကိုယ်ငါ မတော်တဆ ထုတ်ဖော်ပြမိပြီး အသတ်ခံရမှာကြောက်နေစရာမလိုဘူး...
ကျီလင် ယခင်ဘဝက ထိုကဲ့သို့ပွဲများစွာတွင် ပါဝင်ခဲ့ဖူးသောကြောင့် အလွန်သက်တောင့်သက်သာဖြစ်နေခဲ့သည်။ သူတို့က သောက်စားကြပြီး အတူအတင်းပြောခြင်းကလွဲ၍ ဘာမှမလုပ်ကြချေ။
ထို့အပြင် ချိန်းတွေ့ရန်လည်း လုပ်နိုင်သေးသည်။ သို့သော် ကျီလင်က ထိုအထက်တန်းလွှာများကြား၌ နာမည်ကြီးသောကိစ္စကို အမြဲလိုလိုဖယ်ထုတ်ထားခဲ့သည်။
သမ်းတုန်း၏ဒဏ်ရာများ အားလုံး ပျောက်ကင်းသွားပြီဖြစ်သည်။ သူက လွယ်လွယ်ကူကူ မေ့ပျောက်တတ်သော ဇာတ်ကောင်ဖြစ်ကာ သူ့ကိုအရိုက်ခံရစေသည့် ကျီလင့်အကြံဆိုးကို အပြစ်မတင်ခဲ့ချေ။ ထိုအစား သူက သူ့ကို ကာကွယ်ရန်ထွက်လာပေးသည့် ကျီလင်၏အပြုအမူကြောင့်ထိရှသွားပြီး ဘယ်သောအခါမှမမေ့ဘဲ ကျေးဇူးတင်နေခဲ့သည်။ ကျီလင်က သူ့ကို အလွန်ဂရုစိုက်သဖြင့် သူလည်း ကျီလင်အတွက် သူ့ကိုယ်သူစတေးရန်ဆန္ဒရှိပေသည်။
ရို့စ်က ကားလို့စ်ထံမှ သတိပေးခံထားရသောကြောင့် ကျီလင်နှင့်အတူလျှောက်လည်ရန် မဝံ့ရဲခဲ့ချေ။ သို့သော် သူ မပေါ်လာမိသည့်အချိန်အတွင်း ကျီလင်၏ ဘေးနားရှိသူ့ရာထူးကို သမ်းတုန်း သိမ်းပိုက်သွားလိမ့်မည်ဟု စိတ်ပင်မကူးမိခဲ့ချေ။ သူ့စိတ်ထဲ ချဉ်တူးနေပြီး တိတ်တဆိတ်မနာလိုဖြစ်ကာ သမ်းတုန်းကို အမျိုးမျိုးကဲ့ရဲ့လှောင်ပြောင်ခဲ့သည်။
သူ တစ်ချက်လေးမကြည့်မိသည်နှင့် အလွန်ကြီးမားသောလျှို့ဝှက်ကြံစည်မှုက ရောက်လာခဲ့သည်။
ကျီလင် သူ့နဖူးသူ ပွတ်သပ်ပြီး ဘာမှမမြင်ဟန်ဆောင်ခဲ့သည်။
ကံကောင်းစွာဖြင့် သမ်းတုန်းက အလွန်အရေထူပေသည်။ ရို့စ်၏သဘောထားက ထူးဆန်းသည်ဟု သူ ယောင်ဝါးဝါးခံစားမိပြီး သူ့ကိုပစ်မှတ်ထားနေပုံရသော်လည်း စိတ်ထဲမထားခဲ့ချေ။ ရို့စ်က ထိုကဲ့သို့ စကားပြောလေ့ရှိသည်ဟုသာ တွေးခဲ့သည်။ သူ့ အာရုံအလုံးစုံက ကျီလင်အပေါ်ကျရောက်နေပြီး စိတ်လှုပ်ရှားစွာပြောလာခဲ့သည်။
"သခင်လေးကျီ သိလားတော့မသိဘူး... မကြာသေးခင်တုန်းက မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်ဘဏ်တစ်ခု လုယက်ခံခဲ့ရတယ်..."
ကျီလင် မျက်ခုံးပင့်ပြီး စိတ်ဝင်စားမှုအချို့ပြခဲ့သည်။
မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်များက အင်ပါယာ၏ရှင်သန်မှုအခြေခံအုတ်မြစ်ဖြစ်ပြီး အင်ပါယာအထက်တန်းလွှာများအတွက် အရေးအပါဆုံးအရာဖြစ်သည်။ မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်ဘဏ်တိုင်း၌ အင်ပါယာစစ်သည်များ ထူထပ်စွာစောင့်ကြပ်နေပြီး လုယက်ခံရရန်မပြောနှင့် သာမန်လူများပင်လျှင် အနားမကပ်နိုင်ချေ။ အင်ပါယာမြို့တော်တွင် မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်ကို ခိုးယူခြင်း သို့မဟုတ် လုယက်ခြင်းက ရာဇဝတ်မှုကြီးတစ်ခုဖြစ်သည်။ ကျီလင် သိသလောက်ဖြစ်နိုင်ချေတစ်ခုသာရှိသည်။
သေချာစွာပင် သမ်းတုန်းက ဆက်ပြောလာခဲ့သည်။
"အဲဒီအဆိုပြုချက်ရလဒ်ထွက်လာပြီးလို့မှ မကြာသေးဘူး မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်ဘဏ်ကို သူပုန်တွေ လုယက်လာကြပြီ... အဲဒီမှာစောင့်နေတဲ့ SS အဆင့် ဆင့်ကဲပြောင်းလဲသူကိုတောင် သူပုန်တပ်မှူးဂါဘရီရယ်က သတ်ပစ်ခဲ့သေးတယ်...ပြောကြတာတော့ ရှိနေတဲ့ အင်ပါယာအထက်တန်းလွှာတွေနဲ့ စစ်သားတွေကိုသတ်ပစ်ပြီး သွေးချောင်းစီးခဲ့တယ်ဆိုပဲ..."
သူ ၎င်းကိုပြောချိန်တွင် သူ၏မျက်လုံးများထဲ ကြောက်ရွံ့မှုများရှိနေခဲ့သည်။
သူပုန်များ၏လျှို့ဝှက်ဆန်းကြယ်သောခေါင်းဆောင် ဂါဘရီရယ်က အင်ပါယာအထက်တန်းလွှာများကို ကြောက်ရွံ့စေပြီး သူ့အမည်ကိုထုတ်ဖော်ပြောရန်ပင် တွန့်ဆုတ်စေနိုင်သည့် တစ်ဦးတည်းသောသာမန်ဆင့်ကဲပြောင်းလဲသူဖြစ်သည်။
ထိုအဆင့်မြင့်အထက်တန်းလွှာများ၏အမြင်တွင် မည်သည့် SSအဆင့် ဆင့်ကဲပြောင်းလဲသူများ သို့မဟုတ် နဉ်ယွီကဲ့သို့ ပြည်သူ့အိုင်ဒေါလျှင်ပင် မည်မျှသန်မာနေပါစေ သူတို့အာရုံထဲထည့်ရန်မလိုချေ။ ထိုသူများမှာ တစ်ခဏတာ ထင်ရှားရုံသာဖြစ်ပြီး စွမ်းအားကြီးအထက်တန်းလွှာများရှေ့တွင် သာမန်ဆင့်ကဲပြောင်းလဲသူဟုခေါ်သော ဇာတ်နိမ့်များက သူတို့အသုံးချခံ၊ မောင်းထုတ်ခံများသာဖြစ်ပြီး သူတို့ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။
တက်သစ်စကြယ်ပွင့် နဉ်ယွီကဲ့သို့ နိုင်ငံ့အိုင်ဒေါပင်လျှင် ရို့စ်ကဲ့သို လူပေါ်ကြော့များထံမှ ကဲ့ရဲ့၊ အရှက်ခွဲခံရနိုင်သည်။ အထက်တန်းလွှာမျိုးနွယ်စုများက မျိုးရိုးနိမ့်မျိုးနွယ်ကို သူတို့ထက်အနည်းငယ်ပိုအစွမ်းထက်သူရှိရုံမျှဖြင့် သူတို့၏နှလုံးအောက်ခြေမှ အမှန်တကယ်လေးစားလိမ့်မည်မဟုတ်ချေ။
သို့သော် ဂါဘရီရယ်ကမူ ကွာခြားကာ ချွင်းချက်ဖြစ်သည်။
သူက အင်ပါယာအထက်တန်းလွှာများကို ဆန့်ကျင့်ပြီး ကြောက်ရွံ့စေနိုင်သူဖြစ်၍ သူတို့၏လေးစားမှုကို မလိုအပ်နေချေ။
သူ့ပုံသဏ္ဍာန်၊ အထောက်အထား သို့မဟုတ် သူ၏အမည်ရင်းကိုပင် မည်သူမျှမသိကြချေ။ သူပေါ်လာစဥ်တိုင်း ငွေရောင်မျက်နှာဖုံး၀တ်ထားပြီး သူ၏ လှုပ်ရှားမှုများက လျှို့ဝှက်ဆန်းကြယ်လှသည်။ သို့သော် သူပေါ်လာချိန်တိုင်း အင်ပါယာအထက်တန်းလွှာများက မုန်းတီး၊ ကြောက်ရွံ့ကြကာ သူ့ကို လျင်မြန်စွာဖယ်ရှားချင်ကြသည်။
အဆုံးတွင် သူက အလွန်စွမ်းအားကြီးသောကြောင့် သူတို့ မည်သည်မျှမလုပ်နိုင်ကြဘဲ ကူကယ်ရာမဲ့နေခဲ့သည်။
သူက သာမန်လူတစ်ယောက်ဖြစ်သော်လည်း သူ့တွင် SSS အဆင့် ဆင့်ကဲပြောင်းလဲသူတစ်ဦး၏ခွန်အားရှိသည်။ ကြီးမားလှသော ကြယ်တာရာအင်ပါယာ အထက်တန်းလွှာတစ်ခုလုံး၌ပင် SSS အဆင့် အင်အားရှိသူမှာ ဘရန်ဒန်နှင့် ကျင်းဆွေ့သာရှိသည်။
ထိုကဲ့သို့ စွမ်းအားရှိသော ဆင့်ကဲပြောင်းလဲသူတစ်ဦးက မက်ခါနှင့် စစ်သင်္ဘောတစ်စင်းကို လက်ဗလာဖြင့်ပင် အပိုင်းပိုင်းဆုတ်ဖြဲနိုင်သည်။ ၎င်းက ကျီလင်၏အမြင်တွင် ဒဏ္ဍာရီတစ်ခုနှင့်တူသည်။
၎င်းက SS-အဆင့်ထက် တစ်ဆင့်သာမြင့်သည်ဟု ထင်ရသော်လည်း အင်အားကွာခြားချက်က ကြီးပေသည်။ ၎င်းက ဒေတာဖြင့်ပင် တိုင်းတာရခက်သော စူပါစွမ်းအားဟု ဆိုနိုင်သည်။
ကျင်းဆွေ့က အင်ပါယာတော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်ပြီး ဘရန်ဒန်က အင်ပါယာအထက်တန်းလွှာတစ်ဦး ဖြစ်သည်။ သူတို့တွင် မြင့်မြတ်သောသွေးနှင့် ကြွယ်ဝသောအရင်းအမြစ်များပိုင်ဆိုင်ထားသော်လည်း နှစ်ပေါင်းများစွာတိုင် အင်ပါယာ၌ ထိုကဲ့သို့ စွမ်းအားကြီးသူမှာ လူနှစ်ဦးတည်းသာရှိခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော ဂါဘရီရယ်၏အထောက်အထားကို မည်သူမျှ သေချာမသိကြသော်လည်း သူက သာမန်လူတစ်ဦးဖြစ်ပြီး ထိုကဲ့သို့စွမ်းအားများ ပိုင်ဆိုင်ထားသည်ကိုမူ လူတိုင်းသိကြ၏။
၎င်းက ကျင်းဆွေ့ လက်ရှိအနေအထားကိုပြောင်းရန် စိတ်ပိုင်းဖြတ်ထားရသည့် တကယ့်အကြောင်းရင်းဖြစ်နိုင်သည်ဟု ကျီလင် တွေးမိသည်။ ကျင်းဆွေ့က သူပုန်များ၏ရန်ကို အလွန်စိုးရိမ်နေခဲ့သည်။
အားနည်းသူများမည်မျှရှိပါစေ သူတို့ကို အလေးအနက်ထားလိမ့်မည် မဟုတ်သော်လည်း ဂါဘရီရယ်ကဲ့သို့ သန်မာသူတစ်ယောက်က အင်ပါယာကို ခေါင်းကိုက်စေရန် လုံလောက်သည်။ သူ၏အထောက်အထားကိုဖော်ပြပြီး အသေခံရန် အင်ပါယာကြယ်သို့ မရောက်လာသရွေ့ အခြားမည်သည့်နေရာကိုမဆို လွတ်လပ်စွာ သွားလာနိုင်၏။ သူ၏လက်များတွင် အထက်တန်းလွှာများ၏သွေးများ စွန်းထင်းနေသဖြင့် မရေတွက်နိုင်သော အထက်တန်းလွှာများကို ကြောက်လန့်စေပေသည်။
ကျင်းဆွေ့နှင့် ဘရန်ဒန်တို့က သူ့ကို သတ်နိုင်သော်လည်း သူတို့၏အဆင့်အတန်းဖြင့် ထိုလျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပြေးနေသူကို စကြဝဠာအနှံ့ လိုက်လံရှာဖွေရန် ကိုယ့်အဆင့်ကိုယ် မနှိမ့်ချနိုင်ပေ။
အချို့ဖျက်ဆီးရေးလက်နက်များက သူ့ကိုသတ်နိုင်သော်လည်း ဂါဘရီရယ်မှာ အလွန်ပါးနပ်ပြီး ထက်မြက်ကာ တစ်နေရာတည်း၌ အချိန်အကြာကြီး ဘယ်သောအခါမှ မနေဘဲ အခြားသူများကို ဖျက်ဆီးရေးလက်နက်များသုံးရန် လုံးဝအခွင့်အရေးမပေးသောကြောင့် လူအများကို ကူကယ်ရာမဲ့စေခဲ့သည်။
သူပေါ်ထွက်လာမှုက အင်ပါယာ၏ ယခင်အုပ်ချုပ်မှုပုံစံ၌ ယိုပေါက်တစ်ခုရှိနေသည်ကို ပြသခဲ့ပြီး ထိုကဲ့သို့ ထိန်းချုပ်မရသည့်သန်မာသောလူကလည်း သာမန်သူများကြား၌ မွေးဖွားလာနိုင်သည်ကို သိစေခဲ့၏။
သူက အလွန်စွမ်းအားကြီးမားသောကြောင့် အင်ပါယာတစ်ခုလုံးကို ကူကယ်ရာမဲ့ဖြစ်စေခဲ့သည်။
အခု တစ်ယောက်ပဲရှိသေးပေမယ့်...အနာဂတ်မှာ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်ရှိလာရင် ဘယ်လိုလုပ်မလဲ...
ကျင်းဆွေ့အတွက် ဂါဘရီရယ်က ထိုမျှကြောက်စရာမကောင်းချေ။ သူ မည်မျှ သန်မာနေပါစေ သူက လူတစ်ဦးသာဖြစ်သည်။ သူ၏ကိုယ်ပိုင်စွမ်းအားက အင်အားကြီးသော အင်ပါယာနှင့် မယှဉ်နိုင်ချေ။ အခြားသူများ သူ့ကို ကြောက်နိုင်သော်လည်း ကျင်းဆွေ့ကမူ မကြောက်ပေ။ သူ အင်ပါယာကြယ်၌ ပေါ်လာဝံ့သရွေ့ သို့မဟုတ် သူ့ကိုယ်ပိုင်အထောက်အထားကို ထုတ်ဖော်ဝံ့သရွေ့ သူသေမည်မှာ သေချာသည်။ သို့သော် သူ ကိုယ်စားပြုနေသည့် အဆုံးမဲ့ဖြစ်နိုင်ချေများကမူ ကျင်းဆွေ့ကို အမှန်ပင် ထိတ်လန့်စေ၏။
✨✨✨