Chapter 42
Viewers 15k

✨ Chapter 42



ကျီလင်အိပ်ပျော်သွားခဲ့ပြီး ပြန်နိုးလာချိန်တွင် နောက်တစ်နေ့ နေ့လည်ပိုင်းဖြစ်နေပြီဖြစ်သည်။  


သူ ယမန်နေ့က ကျင်းဆွေ့ထံမှထွက်ပြေးရန် အကြောင်းပြချက်ရှာတွေ့ပြီး စနစ်ကိုဝေဖန်ခဲ့သော်လည်း စိတ်ခံစားချက်အလွန်ကျဆင်းနေဆဲဖြစ်သည်။ သူ ဇာတ်ကြောင်းကို ချိုးဖောက်ရန်ပင် တွေးမိသော်လည်း သူ မလုပ်နိုင်သည်ကို သိပေ၏။ 


စနစ်က သူ့ကို ကျေနပ်စေမည့်အဖြေပေးနိုင်သည်ဖြစ်စေ မပေးနိုင်သည်ဖြစ်စေ မစ်ရှင်ပြီးမြောက်ရန် သူ့ကိုယ်သူအားကိုးရမည်ဖြစ်ပြီး အခြားသူများအပေါ် မျှော်လင့်ချက်မထားနိုင်ချေ။ 


ငါ တက်ကြွနေမှရမယ်...အလုပ်မကြိုးစားရင် သေချာပေါက် ဘာရလဒ်မှရလာမှာ မဟုတ်ဘူး...


ငါ အိမ်ပြန်ချင်ရင် အခုမှလက်လျှော့လို့ မရဘူး...


ကျီလင် စိတ်အေးအေးထားကာ ဂရုတစိုက်စဉ်းစားပြီးနောက် အခြေအနေ အလွန်ဆိုးရွားနေသော်လည်း မျှော်လင့်ချက်မမဲ့သေးဟု တွေးလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် မစ်ရှင်ပြီးမြောက်ရန် အဆုံးအဖြတ်အခြေအနေမှာ အမျိုးသားဇာတ်လိုက်နှင့် ဇာတ်လိုက် shou တို့ ချစ်မြတ်နိုးပြီး ပျော်ရွှင်ဖွယ်ဇာတ်သိမ်းရရန်ဖြစ်သည်။ ပန်းတိုင်ရောက်နိုင်သရွေ့ လုပ်ငန်းစဉ်က အရေးမကြီးတော့ချေ။ 


သူတို့အားလုံး ပြန်မွေးဖွားလာရင်တောင် ဘာဖြစ်လဲ...ပြန်လည်မွေးဖွားတယ်ဆိုတာ အတွေ့အကြုံတစ်ခုတိုးလာပြီး အနာဂတ်မှာဖြစ်ပျက်မယ့်အရာတချို့ သိထားရုံပဲ... အသက်ရှင်နေတဲ့သူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အတွေးတွေ ပြောင်းလဲသွားတာမှမဟုတ်တာ...သူတို့စိတ်ထဲ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့အရာတွေက ပြန်လည်မွေးဖွားလာတာကြောင့်နဲ့ပဲ ပြောင်းလဲသွားမှာမဟုတ်ဘူး...  


အရူးတစ်ယောက်က ပြန်လည်မွေးဖွားလာတာနဲ့ပဲ ပညာရှိမဖြစ်သွားနိုင်သလို... အေးစက်ပြီး ကောက်ကျစ်တဲ့လူတွေကလည်း ပြန်လည်မွေးဖွားလာတာနဲ့ ကြင်နာသနားတတ်တဲ့လူတွေ ဖြစ်လာမှာမဟုတ်ဘူး... 


အဲဒီတော့ သူတို့အရင်ဘဝတုန်းက မုန်းခဲ့တဲ့သူကို ပြန်လည်မွေးဖွားလာတာနဲ့ပဲ ချစ်သွားကြမှာမဟုတ်ဘူး... 


ကျင်းဆွေ့နဲ့ ဘရန်ဒန်တို့ပြောင်းလဲပြီး ငါ့ကိုကြင်နာနေရတဲ့အကြောင်းအရင်းက ချစ်လို့မဟုတ်ဘဲ အပြစ်ရှိစိတ်ဝင်နေလို့ပဲ... ငါ သူတို့ကို အရင်ဘဝတုန်းက ကယ်ဖူးတော့ ငါသေလည်းသွားရော နောင်တတွေရလာကြလိမ့်မယ်...အဲဒီတော့ သူတို့ ပြန်လည်မွေးဖွားလာတာနဲ့ ပြန်ပြင်ဖို့ကြိုးစားကြမှာပဲ...တကယ်တော့ သူတို့က ဖြောင့်မတ်တဲ့အဖွဲ့ထဲမှာပါပြီးသား နှလုံးသားမဲ့တဲ့သူတွေမဟုတ်ဘူး... 


ကားလို့စ်နဲ့ ဝမ်ယန်ကိုပြောရရင် သူတို့နှစ်ယောက်လုံးက လူတစ်ယောက်သေတာအတွက် နောင်တမရမယ့် ရက်စက်ကောက်ကျစ်တဲ့ဗီလိန်တွေပဲ...သူတို့ ပြန်မွေးဖွားလာရင်တောင် သေချာပေါက် အကြံအစည်ကြီးတဲ့သူတွေဖြစ်နေဦးမှာပဲ... လူဆိုးတွေက ပြန်လည်မွေးဖွားလာတာနဲ့ပဲ စိတ်ပြောင်းပြီး လူကောင်းမဖြစ်လာနိုင်ဘူး...  


နောက်တစ်လှမ်းနောက်ပြန်ဆုတ်ရရင် သူတို့ အပြစ်ရှိသလိုခံစားရရ မရရ၊ အကြံအစည်ရှိရှိ မရှိရှိ အရေးမကြီးဘူး... အဓိကက ကျင်းဆွေ့ နဉ်ယွီကို ချစ်နေသရွေ့ မစ်ရှင်ပြီးဖို့မျှော်လင့်ချက်ရှိနေတုန်းပဲ....


ကျီလင် ထိုသို့တွေးပြီး နောက်ဆုံးတွင်ခွန်အားများပြန်လည်ရရှိလာကာ ယခုရင်ဆိုင်နေရသည့် အခြေအနေကို ဂရုတစိုက် ခွဲခြားစိတ်ဖြာရန်စပြုခဲ့သည်။


ယခင်ဘဝတွင် သူ နဉ်ယွီကို ဇာတ်ကြောင်းအရ အနိုင်ကျင့်ရာတွင် အောင်မြင်ခဲ့ပြီး ကျင်းဆွေ့က လူတိုင်းရှေ့၌ သူ၏အချစ်ကိုပြသရန် အလှလေးကို ကယ်တင်သောသူရဲကောင်းအဖြစ် ပါဝင်ခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် အထက်တန်းလွှာများအပေါ် သာမန်ပြည်သူများ ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ခဲ့ကြသည်။ ကျီလင် ထိုကဲ့သို့ စက်ဆုပ်ဖွယ်နည်းလမ်းကို အသုံးပြုခဲ့သည်မှာ အင်ပါယာ၏ဥပဒေကို ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။ ကျင်းဆွေ့က လူအများ၏ ဒေါသကိုဖြေဖျောက်ရန် သူ့ကို အပြစ်ပေးချင်ခဲ့သော်လည်း နဉ်ယွီက သူ့ကိုယ်စား တောင်းပန်စကားဆိုခဲ့ပြီး သူ့ကို ရက်ရောစွာ ခွင့်လွှတ်ခဲ့သည်။ ထို့ကြောင့် သူနောက်ဆုံး၌ အပြစ်ဒဏ်မှ ကင်းလွတ်ခဲ့ရသည်။ 


နဉ်ယွီ ထိုသို့လုပ်ရသည့်အကြောင်းကို တစ်ဖက်မှတွေးကြည့်လျှင် နဉ်ယွီက ကြာပန်းဖြူကာရိုက်တာဖြင့် စိတ်သဘောထားဖြူစင်သူဖြစ်ပြီး တစ်ဖက်လူကိုရန်စရက်စက်တတ်သူမဟုတ်ချေ။ သို့သော် တစ်ဖက်မှကြည့်လျှင် သူက အမှန်တကယ် ထက်မြက်သူဖြစ်သည်။ ထိုအချိန်၌ ကျီလင်ကိုသတ်လိုက်သည်က မည်သည့်ကောင်းကျိုးမှမရှိနိုင်သည်ကို သူ မြင်ပေ၏။ 


ဤသို့လုပ်ခြင်းဖြင့် ဂုဏ်သတင်းကောင်းရနိုင်ရုံသာမက အင်ပါယာအထက်တန်းလွှာများ၏ မနှစ်သက်မှုကို မနှိုးဆွမိစေနိုင်သောကြောင့် ကျင်းဆွေ့ သူ့ကို စိတ်ပူရန် မလိုအပ်တော့ချေ။ ထို့အပြင် မြို့စားကြီးကျီထင်ကိုလည်း စော်ကားမိလိမ့်မည်မဟုတ်ချေ။ 


နဉ်ယွီက ကြင်နာပြီး ရိုးသားဖြောင့်မတ်သော်လည်း ဉာဏ်ရည်နိမ့်ကျသည်ဟု မဆိုလိုချေ။


သို့သော် ယခုတစ်ကြိမ်တွင် သူရဲကောင်းထံမှ ကယ်တင်ခံရသူမှာ ကျီလင်ဖြစ်လာခဲ့သည်။ 


သာမန်အသိမှ ကွဲထွက်လာသော ကျင်းဆွေ့နှင့် ရင်ဆိုင်ရစဉ်တွင် ကျီလင်ထိတ်လန့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်ခဲ့သော်လည်း ယခု ဂရုတစိုက်တွေးကြည့်လျှင် ၎င်းက ထိုမျှမဆိုးနေချေ။ နဉ်ယွီက ကျော်ကြားမှုနှင့် ကံကောင်းမှုများရနေဆဲဖြစ်ကာ ကျင်းဆွေ့၏တိုက်ခိုက်မှုကြောင့် လူအများ၏စာနာမှုများလည်း ရရှိခဲ့သည်။


ဤတစ်ကြိမ်၌ ပြောင်းလဲသွားသည့်တစ်ခုတည်းသောအရာမှာ ကျင်းဆွေ့က အပြစ်တင်ခံရမည့်သူဖြစ်သွားခြင်းပင်။


သို့သော် ထိုအချိန်က ကျင်းဆွေ့၏ ကိုင်တွယ်ဖြေရှင်းမှုမှာ အလွန်ပါးနပ်သောကြောင့် လူအများ၏စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းထားနိုင်ပေသည်။ မကျေနပ်သောလူအချို့ ရှိလျှင်ပင် အခြေအနေကိုသက်ရောက်စေမည်မဟုတ်ချေ။ ဤနည်းဖြင့် ထိုအဖြစ်အပျက်မှ ရလာမည့်ဆိုးကျိုးများကို လျော့နည်းစေခဲ့သည်။ 


ထို့ကြောင့် ဤကိစ္စတွင် နဉ်ယွီသာမက ကျင်းဆွေ့ပါ အမှန်တကယ်ဆုံးရှုံးမှုမရှိခဲ့ချေ။ 


ကျီလင်ကို စိုးရိမ်စေပြီး ဒုက္ခရောက်စေသည်က နဉ်ယွီအပေါ်ထားသည့် ကျီလင်၏သဘောထားပင်။


အဘယ်ကြောင့်ဆိုသော် ကျင်းဆွေ့က နဉ်ယွီကို သူ့အတွက်နှင့် တိုက်ခိုက်ရန် မတုံ့ဆိုင်းခဲ့သောကြောင့်ဖြစ်သည်။  

                                                                                                                                                                                                                                                                                                                                     သူတို့(ကျင်းဆွေ့နှင့် နဉ်ယွီ)က ယခင်ဘဝ၌ စေ့စပ်ပြီးသားစုံတွဲဖြစ်သည်။ ကျင်းဆွေ့ အမှန်တကယ် ပြန်လည်မွေးဖွားလာပြီး သူ့အတွက်အပြစ်ရှိစိတ်ခံစားရလျှင်ပင် နဉ်ယွီကိုသာ ချစ်သင့်သည်။ 


ဤတွင် ပြဿနာစခဲ့သည်။


ကျင်းဆွေ့ရဲ့တည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိတဲ့ ကာရိုက်တာနဲ့ဆို ငါ့အတွက် အပြစ်ရှိစိတ်ခံစားရတာနဲ့ပဲ သူ့ချစ်သူကိုသူ မညှာမတာတိုက်ခိုက်ပါ့မလား...


အဲဒါက အဓိပ္ပါယ်မရှိဘူး...


ကျင်းဆွေ့ မနေ့က ပြောခဲ့တာတွေသာ အမှန်ဆိုရင် ငါက နဉ်ယွီထက် ပိုအရေးပါနေသလိုပုံပဲ... ငါ သူ့အတွက် တစ်ခါသေပေးလိုက်လို့ ငါ့ကောင်းကွက်တွေ နားလည်သွားတာနဲ့ပဲ ချစ်တဲ့သူ ပြောင်းသွားတာများလား....သူ အရင်က နဉ်ယွီကို ကြိုက်ခဲ့ပေမယ့် အခုတော့ ငါ့ကိုကြိုက်သွားတာများလား...


မဖြစ်နိုင်ဘူး...


ကျီလင် ၎င်းကိုတွေးမိစဉ် ထိတ်လန့်လာခဲ့ပြန်သည်။


မဟုတ်ဘူး... အဲဒီလိုမဖြစ်ရဘူး...


ကျင်းဆွေ့၏အေးစက်ပြီး ကြင်နာမှုကင်းမဲ့သော ဇာတ်ကောင်ဖြင့် နဉ်ယွီကိုချစ်မိသွားသည်မှာ မူရင်းစာရေးဆရာ၏ လှည့်ကွက်ဖြစ်ပြီး ၎င်းက တွန်းလှန်မရသော ကံကြမ္မာတစ်ခုပင်။


ငါသာ မူရင်းဝတ္ထုမဖတ်ခဲ့ဘူးဆိုရင် ကျင်းဆွေ့လိုလူမျိုးက နဉ်ယွီကို တကယ်ချစ်လိမ့်မယ်လို့ ယုံမှာမဟုတ်ဘူး...အဲဒီတော့ သူ့လိုလူမျိုးက ငါ သူ့အတွက် တစ်ခါသေပေးတာနဲ့ပဲ ငါ့ကို ဘယ်လိုလုပ်ချစ်မိသွားပါ့မလဲ.... 


ဒီလောက်လွယ်လွယ်လေး ချစ်နိုင်နေရင် သူက ရက်စက်၊ နှလုံးသားမဲ့တဲ့ ဧကရာဇ်ဟုတ်ပါတော့မလား...


ကျီလင် စိတ်ရှုပ်ထွေးနေခဲ့သည်။ 


ဒီလိုဖြစ်လာမယ်မှန်းသိရင် ငါ ကျင်းဆွေ့ကို ဘယ်တော့မှ ကယ်ခဲ့မှာမဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် ငါ အဲဒီလိုမလုပ်ရင်တောင် ကားလို့စ် သေချာပေါက် နိုင်မှာမှမဟုတ်ပဲ... ဘုရားသခင်က ငါ့ကို နောက်ထပ်အခွင့်အရေးပေးလာခဲ့ရင် ငါ အဲဒီနှလုံးသားမဲ့တဲ့ ခွေးဧကရာဇ်ကို ဘယ်တော့မှ ထပ်မကယ်ဘူး...


ကျီလင် ထိုအကြောင်းကို နေ့လည်ဘက်၊ ညဘက်များအပြင် အစားစားနေချိန်၊ အိပ်နေချိန်များ၌လည်း စဉ်းစားနေခဲ့သည်။ 


တစ်ခါတစ်ရံ သူ့ကိုယ်သူအားပေး၏။


တစ်ခါတစ်ရံ ဒေါသများထွက်လာပြန်သည်။


တစ်ခါတစ်ရံ မိန်းမောနေတတ်သည်။


တစ်ခါတစ်ရံ တုံ့ဆိုင်းကာ ရုန်းကန်နေရသည်။ 


သူ ၎င်းကို အချိန်တိုင်းစဉ်းစားကြည့်ခဲ့သော်လည်း အဖြေမဖော်ထုတ်နိုင်သေးကာ ကျင်းဆွေ့ အဘယ်ကြောင့်ထိုသို့လုပ်ခဲ့သည်ကို နားမလည်နိုင်ချေ။ တစ်ခုခုမှားနေပုံရသော်လည်း အဖြေမရှာနိုင်ခဲ့ပေ။ 


ငါ အဲဒီလိုမျိုး နက်ရှိုင်းတဲ့အတွေးတွေနဲ့ နားလည်ရခက်တဲ့သူတွေကို မုန်းလိုက်တာနော်... အား...


ထိုအဖြစ်အပျက်ကြောင့် ကျီလင်နေ့တိုင်း အိမ်ထဲမှအိမ်ပြင်မထွက်ဘဲ သူ့အနာဂတ်အတွက် စိုးရိမ်ပူပန်နေခဲ့သည်။ 


ထိုညတွင် သူ ထုံးစံအတိုင်း ခြံဝင်းထဲ၌ ထိုင်ပြီး ကောင်းကင်ကို မိန်းမောစွာကြည့်နေခဲ့သည်။ ကောင်းကင်ထဲရှိ တောက်ပနေသော ဂြိုဟ်တုကိုးလုံးက သူ့ကို ဤနေရာမှာ သူ့ကမ္ဘာမဟုတ်သည်ကို အချိန်တိုင်း သတိပေးနေသည်။ 


ဝမ်ယန် အပြင်ဘက်သို့လျှောက်လာပြီး လှမ်းကြည့်လိုက်ရာ မိန်းမောတွေဝေစွာထိုင်နေပြီး ကောင်းကင်ကို အထီးကျန် လွမ်းဆွတ်စွာမော့ကြည့်နေသည့် ဖြူဖျော့ဖျော့ကောင်ငယ်လေးကိုတွေ့လိုက်ရသည်။ 


သူက ဤကမ္ဘာကြီးနှင့် မသက်ဆိုင်နေသလိုပင်။


ဝမ်ယန်၏မျက်လုံးများတွင် ခါးသီးသောအရိပ်အယောင်များပေါ်လာခဲ့သည်။ ထိုနေ့က အဖြစ်အပျက်ကိုတွေးပြီး သူ့နှလုံးသားနစ်မြှုပ်ကာ နာကျင်သွားခဲ့သည်။ ကျီလင်နောက်ဆုံးတွင် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ အဆင်ပြေနေသော်လည်း ကျင်းဆွေ့ကို စွဲလမ်းသောသူ့အတွက် ရလဒ်မှာ ယခင်ဘဝနှင့် မတူနေချေ။ 


သူ အလွန်ချစ်မြတ်နိုးရသူက သူ့ကိုလျစ်လျူရှုပြီး အခြားသူကိုသာ ဂရုစိုက်နေသည်။                                                                                                                               


ကျင်းဆွေ့က ကျီလင်ကို ကယ်တင်ခဲ့ပုံရသော်လည်း အမှန်တွင် သူက နဉ်ယွီကို ကာကွယ်ခဲ့သည်ဖြစ်၏။ ထိုမှသာ နဉ်ယွီက ကျီလင်ထံမှ လက်မတုံ့ပြန်ခံရမည်ဖြစ်သည်။ သူ ၎င်းကို မြင်နိုင်သလို လူများစွာလည်း မြင်နိုင်ခဲ့သည်။ 


ထို့ကြောင့် ကျီလင်လည်း မြင်သင့်သည်။ 


အခု ကျီလင် ဘယ်လောက်တောင်ဝမ်းနည်းနေလိုက်မလဲ... 


ဝမ်ယန် ကျီလင်အနားသို့ ညင်သာစွာလျှောက်သွားခဲ့သည်။ သူ့နှလုံးသားထဲ၌ သနားညှာတာမှု၊ သည်းမခံနိုင်မှုများဖြင့် ပြည့်နေသည်။ ဝမ်ယန်က သူ၏နက်မှောင်သော မျက်လုံးများဖြင့် ကျီလင်၏မျက်နှာကို နူးညံ့စွာစိုက်ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။ 

"အရမ်းနောက်ကျနေပြီ...ဘာလို့ အနားမယူသေးတာလဲ..." 


ကျီလင် ခေါင်းလှည့်ကြည့်လိုက်ရာ သူ့အရှေ့၌ လေးစားစွာရပ်နေသည့် ငွေရောင်ဆံပင်ဖြင့်အမျိုးသားကို တွေ့လိုက်ရ၏။ 


ထိုသူ လွှတ်တော်အမတ်ဖြစ်လာပြီးနောက် သူ့ကို မျက်နှာချိုသွေးရန် အချိန်းဖြုန်းလိမ့်မည်မဟုတ်ဟု ထင်ခဲ့သည်။ ယခင်ဘဝ၌ အမြဲလိုလို ဝတ်ကျေတမ်းကျေမျှဆက်ဆံခဲ့သူက ယခုဘဝတွင် မည်သည့်အရာများတွေးနေသည်ကို ကျီလင် မသိချေ။ သို့သော် ထိုသူက နေ့စဥ်နေ့တိုင်း သူ့ရှေ့တွင် ပေါ်လာဆဲဖြစ်ပြီး သူ၏တည်ရှိမှုကိုပြရန်ကြိုးစားခဲ့သည်။ 


စိတ်ဓာတ်ကျနေသောကြောင့် ကျီလင်၌ ဝမ်ယန်ကို ဖော်ပြရန် စကားလုံးရှာမရချေ။ ထိုအကြောင်းစဉ်းစားကြည့်မှ ဝမ်ယန်လည်း ပြန်လည်မွေးဖွားလာသူပင်ဖြစ်သည်။ ကျီလင် ကူကယ်ရာမဲ့ဖြစ်သွားပြီး သူ့စိတ်ထဲ၌ အချိန်အတန်ကြာရှိနေခဲ့သော သံသယကို မနေနိုင်ဘဲ ထုတ်မေးလိုက်သည်။ 

"ဧကရာဇ်က ငါ့ကို ကြိုက်လိမ့်မယ်လို့ ထင်လား..."


ဝမ်ယန် ညအမှောင်ထဲရှိ ကောင်ငယ်လေး၏ဖြုူဖျော့ကာ နူးညံ့သောမျက်နှာလေးကို ကြည့်လိုက်သည်။ သူ၏ ကြည်လင်သော မျက်လုံးများတွင် ကူကယ်ရာမဲ့မှုနှင့် စိတ်အားငယ်မှုများမြင်နေရသည်။ သူ ထိုမေးခွန်းအား စိတ်ပျက်အားလျော့စွာ မေးလာသည်ကိုကြည့်ပြီး ဝမ်ယန်၏နှလုံးသားထဲ နာကျင်မှုနှင့် သနားစိတ်များခံစားဘာရကာ စကားမပြောနိုင်လုနီးပါးဖြစ်သွားခဲ့သည်။ 


ကျင်းဆွေ့က ကျီလင်ကို မကြိုက်သည်ကို သူ ကောင်းကောင်းသိပေသည်။ 


ယခင်ဘဝတွင် ကျီလင်က ကျင်းဆွေ့ကိုအလွန်စွဲလမ်းခဲ့သော်လည်း ကျင်းဆွေ့၏ အကြည့်တစ်ချက်ပင် ပြန်မရခဲ့ချေ။ ထိုလူက နှလုံးသားမရှိကာ တစ်စုံတစ်ဦးကိုချစ်နိုင်မည့်သူမဟုတ်ချေ။


သို့သော် ထိုကဲ့သို့ ရက်စက်သည့်အဖြေကို ကွဲကြေလုနီးပါးဖြစ်နေသည့် ကျီလင်ကို သူ မပြောရက်ခဲ့ပေ။


ဝမ်ယန် အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဖြည်းညှင်းစွာပြောလိုက်သည်။

"ဧကရာဇ် မင်းကို သေချာပေါက်ကြိုက်လိမ့်မှာပါ..." 


ကျီလင် ထိုစကားကြားချိန်တွင် မျက်နှာတစ်ခုလုံးဖြူဖျော့သွားပြီး သူ့ကိုယ်သူသတ်သေချင်စိတ် ပေါက်သွားခဲ့သည်။ 


ငါ ဘယ်လိုတောင်ရူးလိုက်လဲ... ဝမ်ယန်ကို အဲဒီမေးခွန်းသွားမေးရတယ်လို့... ငါလိုချင်တဲ့ အဖြေကိုပဲ ကြားချင်ရုံပါ... ငါ တခြားဘာမှမကြားချင်ဘူး... 


ကျီလင် မျက်ရည်များဝဲတက်လာပြီး နားမထောင်ဘဲ ခေါင်းမာစွာငြင်းဆန်လိုက်သည်။  

"မင်း ငါ့ကိုလိမ်နေတာ... သူ ငါ့ကိုကြိုက်မှာမဟုတ်ဘူး..."


ဝမ်ယန် ကျီလင်ကို နာကျင်မှုများဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏ ချစ်လှစွာသောကောင်ငယ်လေးမှာ ယခင်က ယုံကြည်မှုအပြည့်နှင့် မောက်မာတတ်သူဖြစ်ပြီး ကမ္ဘာပေါ်ရှိ အမြင့်မြတ်ဆုံးသောမင်းသားလေးဖြစ်ကာ လူတိုင်းထံမှ အချစ်ခံရရန်ထိုက်တန်ပေသည်။ သို့သော် ယခုတွင် ထိုကဲ့သို့ စကားများပြောလာခဲ့သည်။  


သူ ဘယ်လောက်တောင်နာကျင်ခဲ့လို့ ဒီလိုမျိုးကိုယ့်ကိုကိုယ် ယုံကြည်ချက်မဲ့တဲ့စကားမျိုးပြောလာရတာလဲ...


ဝမ်ယန် သူ့နံဘေး၌ချထားသော လက်များကို ဖြည်းညှင်းစွာ တင်းကြပ်လိုက်မိသည်။ သူ ကျီလင်၏ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချပြီး မျက်လွှာချကာ ကျီလင်၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းပါးများကို အနည်းငယ်ဖွင့်ဟပြီး တိုးဖွသောအသံဖြင့်ပြောလိုက်သည်။ 

"တကယ်လို့ သူ မင်းကို မကြိုက်ဘူးဆိုရင်...ဒါဆိုရင် မင်း... သူ့ကိုမကြိုက်တော့လို့ ရမလား..."


မင်း သူ့ကိုမကြိုက်ဘူးလို့ပြောလာတာနဲ့ ကိုယ် မင်းကို ဘယ်တော့မှ လက်မလွှတ်တော့ဘူး...


ကျီလင် ဝမ်ယန်၏ မျက်လုံးများကို ကြည့်လိုက်သည်၊။ ထိုအမျိုးသား၏ အနက်ရောင်မျက်လုံးများက အလွန်အမင်း ရှုပ်ထွေးနေကာ နက်နဲစွာဖိနှိပ်ထားသည့်ကြောက်စရာအရာတစ်ခုထွက်လာရန် အသင့်ဖြစ်နေသကဲ့သို့ ဖြစ်နေသည်။ သူ့စကားတစ်လုံးမှားလိုက်သည်နှင့် ထိုနတ်ဆိုးက လွတ်လာလိမ့်မည်ဖြစ်သည်။


ကျီလင် မသိစိတ်အရ တုန်ယင်သွားခဲ့သည်။ 


ငါ မင်းဆီကနေ သူ ငါ့ကိုမကြိုက်ဘူးလို့ ပြောတာလေး ကြားချင်ရုံပါ... မင်းက ငါ့ကို မေးခွန်းပြန်မေးပြီး ကြောက်အောင်ခြောက်နေတာပဲ...သေချာတယ် မင်းလို ဗီလိန်တစ်ယောက်နဲ့ သာယာတဲ့စကားဝိုင်းလုပ်လို့ရမှာ မဟုတ်ဘူး...


ကျီလင် သူ၏ကာရိုက်တာ ပြိုလဲစေရန် မဝံ့မရဲသောကြောင့် ဝမ်းနည်းစွာ မျက်လွှာချပြီး ဆို့နင့်သောအသံဖြင့်ပြောလိုက်သည်။

"ငါ- ဒါပေမယ့်... ငါ သူ့ကို ကြိုက်နေတာကို မရပ်နိုင်ဘူး..."


ဝမ်ယန် ၎င်းကိုကြားချိန်တွင် သူ့မျက်လုံးများထဲရှိ နက်ရှိုင်းစွာ တောက်လောင်နေသောမီးတောက်က ရေအေးဖြင့်လောင်းချခံရသကဲ့သို့ ဟုတ်ခနဲ ငြိမ်းသတ်သွားကာ မှိန်ဖျော့မှုသာ ကျန်ခဲ့၏။  


သူ့နှုတ်ခမ်းထောင့်များက အနည်းငယ်ပင့်တက်သွားပြီး သူ့အတွေးသူရယ်နေသကဲ့သို့ လှောင်ပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။ 


သူ ခဏအကြာတွင် မျက်လုံးများမှိတ်ပြီးပြန်ဖွင့်လိုက်သည်။ သူ၏အနက်ရောင်ဖီးနစ်မျက်လုံးများတွင် အလင်းရောင် တစ်စိုးတစ်စိမှမရှိတော့ဘဲ ထူထဲသောအမှောင်ထုတစ်ခုသာ ရှိတော့သည်။ သူက ကျီလင်လက်၏ ညင်သာစွာဆွဲယူပြီး နူးညံ့စွာပြောလိုက်သည်။ 

"ကိုယ် မင်းကို ကူညီပေးမယ်..."


ကျီလင် သူ့ကို ဗလာဖြစ်စွာကြည့်လိုက်သည်။ 


ဝမ်ယန်က ကျီလင်ကို လေးနက်စွာစိုက်ကြည့်ပြီး သူ၏အက်ရှသောလေသံဖြင့် ကတိစကား ပြောလာခဲ့သည်။ 

"အဲဒါက မင်းဆန္ဒဖြစ်နေသရွေ့... ကိုယ်မင်းကို ဖြစ်အောင် ကူညီပေးမယ်..." 


အရင်ဘဝတုန်းက မင်းကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ့်ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ဆန္ဒနဲ့ စက်ဆုပ်စရာနည်းလမ်းတွေသုံးခဲ့မိတယ်...


ဒီဘဝတော့ မင်းပျော်ရွှင်ဖို့ကိုပဲ ကိုယ်မျှော်လင့်တယ်... 


မင်းကို တခြားသူဆီ တွန်းပို့ရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး...


 

✨✨✨