Chapter 41
Viewers 15k

✨ Chapter 41

ကတိ



ကျီလင် ကျင်းဆွေ့ကို မှင်သက်စွာကြည့်နေခဲ့သည်။ သူ့ဦးနှောက်က လုံးလုံးအလုပ်မလုပ်နိုင်သော အခြေအနေသို့ ရောက်သွားခဲ့သည်။ အချိန်အတန်ကြာမှ ကျင်းဆွေ့ သူ့အား အမှန်တကယ် တောင်းပန်စကားဆိုခဲ့သည်ကို သဘောပေါက်သွား၏။


ငါ အိပ်မက်မက်နေတာလား ဒါမှမဟုတ် အိပ်မက်ဆိုးလား...


ကျင်းဆွေ့ တကယ်ကြီး ငါ့ကိုတောင်းပန်လာတာပဲ...မဟုတ်သေးဘူး...သူ ငါ့ကို ဘာလို့လာတောင်းပန်နေတာလဲ...ဟေး ခင်ဗျားကောင်းကောင်းလုပ်ခဲ့တာပဲကို... ကျွန်တော့်ကိုတောင်းပန်စရာမလိုပါဘူး... ကျေးဇူးပြုပြီး အရင်ကလိုပဲ ဆက်အေးစက်နေပေးပါ...


ကျွန်တော် ဘာတောင်းပန်တာမှ မလိုဘူး... ဟုတ်ပြီလား...


ကျီလင်၏စိတ်ထဲ အော်ပြောလိုက်နေမိသည်။


ကျင်းဆွေ့က ကျီလင်၏ဝမ်းနည်း၊ ထိတ်လန့်နေသော မျက်လုံးများကိုကြည့်လိုက်သည်။ သူ့သွေးကြောတစ်လျှောက် အအေးဓာတ်တစ်ခုစီးဆင်းလာပြီး အတွင်းအင်္ဂါများအေးခဲလုမတတ်ဖြစ်သွားခဲ့သည်။


ကောင်ငယ်လေးကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် နာကျင်စေခဲ့ပြီး ၎င်းကို သူ့ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်လိုက်ရသည်က သူ့မှတ်ဉာဏ်ထဲမှထက်ပင် ပို၍စစ်မှန်နေသည်။ သူ့နှလုံးသားထဲရှိ ပင့်ကူအိမ်ကဲ့သို့ ထူထပ်နေသောအက်ရာများက ကွဲကြေလုနီးပါးဖြစ်လာခဲ့သည်။


အချိန်အတန်ကြာပြီးနောက် ကျင်းဆွေ့က ကျီလင်၏မျက်လုံးများကို ညင်သာစွာစိုက်ကြည့်ပြီး ဩရှရှအသံဖြင့် ပြောလာခဲ့သည်။  

"မင်း ကိုယ့်ကို ဒီလိုနည်းနဲ့သက်သေပြစရာ မလိုပါဘူး...နောင်ကျရင်...ဒီလိုအန္တရာယ်များတဲ့ အရာမျိုးတွေ ထပ်မလုပ်နဲ့တော့..."


ကျီလင် မျက်မှောင်ကြုတ်၍ သူ့အရှေ့ရှိ အမြဲအေးစက်ကာ လျစ်လျူရှုတတ်သော အမျိုးသားက သူ့ကို နူးညံ့သောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကိုကြည့်ပြီး နောက်ဆုံးတွင် ဝမ်းနည်းလာခဲ့၏။


ဒါဆို ခင်ဗျားလည်း တကယ်ကြီးပြန်လည်မွေးဖွားလာတာပေါ့... အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ ခင်ဗျားက ဘာလို့ ဗီလိန်အဖွဲ့နဲ့ အတူတူဖြစ်သွားရတာလဲ...


ကျီလင် သူ့ကိုယ်သူ များစွာနစ်နာခဲ့သော ကလေးတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။ သူ ယခင်က အခက်အခဲများစွာကြုံတွေ့ခဲ့ရသော်လည်း သူ့ကိုယ်သူ သန်မာရန်၊ ဇွဲရှိရန်၊ ဘဝကိုအရှုံးမပေးရန် အစဥ်မပြတ်ပြောခဲ့သည်။ သို့သော် ကံကြမ္မာက သူ့ကို ရက်စက်စွာ ထိုးနှက်ဆဲဖြစ်သည်။ ယခု ကျင်းဆွေ့ထံမှ နှစ်သိမ့်ခဲ့ရချိန်တွင် သူ မျက်ရည်များမထိန်းနိုင်တော့ဘဲ ငိုရှိုက်မိတော့သည်။


ခင်ဗျား ဘယ်လိုလုပ် ဒီလိုလုပ်ရတာလဲ...


ခင်ဗျား အရမ်းလွန်သွားပြီ...


ကျင်းဆွေ့က ကျီလင်၏ ရုတ်တရက်မျက်ရည်များကျဆင်းလာသော မျက်နှာကို ငေးကြည့်နေခဲ့သည်။ ကောင်လေး၏ မျက်လုံးများတွင် ကူကယ်ရာမဲ့မှု၊ စိတ်ပျက်အားငယ်မှုများ ပြည့်နေပြီး စွပ်စွဲအပြစ်တင်နေသောအကြည့်က ထက်ရှသောဓားတစ်ချောင်းကဲ့သို့ သူ့နှလုံးသားတည့်တည့်ကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။


လက်ရှိသူက ကောင်ငယ်လေးကို အလွန်နက်ရှိုင်းစွာ နာကျင်စေခဲ့သည်ကို သဘောပေါက်ခဲ့သည်။ 


ဒီလိုနူးညံ့တဲ့စကားလုံးနည်းနည်းနဲ့တင် သူ့စိတ်ခံစားချက်တွေ ပြိုလဲကုန်ရအောင် ငါ အရင်က ဘယ်လောက်တောင် လျစ်လျူရှုပြီး နှလုံးသားမဲ့ခဲ့ပါလိမ့်...


ငါ အရင်က သူ့ကိုအရမ်းရက်စက်ခဲ့တာလား...


ငါ... ငါ ဘာလို့ စောစောပြန်မလာနိုင်ခဲ့ရတာလဲ...


ထိုအတွေးက သူ့စိတ်ထဲသို့ တစ်ဖန်ဝင်ရောက်လာခဲ့သည်။ 


ဘုရားသခင်က ငါ့ကို ပြန်လည်မွေးဖွားခွင့်ပေးပြီးတော့ ငါ ဘယ်လောက်ရက်စက်ခဲ့လဲဆိုတာကို ငါ့ကိုယ်ပိုင်မျက်လုံးနဲ့ မြင်ခွင့်ပေးတာဖြစ်မယ်...


ယခင်က သူ့ကိုယ်ကို အလွန်မုန်းတီးသော်လည်း ဘာမှမလုပ်နိုင်ချေ။


တောင်းပန်ပါတယ်...


အခုကစပြီး ကိုယ် မင်းကို ဝမ်းနည်းအောင် ဘယ်တော့မှထပ်မလုပ်တော့ဘူး... ဟုတ်ပြီလား...


ကျင်းဆွေ့၏ရွှေရောင်မျက်ဆံများထဲရှိ အလင်းရောင်က အနည်းငယ်မှိန်ဖျော့နေခဲ့သည်။ သူ လက်ဆန့်ထုတ်ပြီး ငိုနေသော ကောင်ငယ်လေးကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်၍ ကောင်ငယ်လေး၏နူးညံ့သော ဆံပင်များကို လက်ဖဝါးဖြင့် ညင်သာစွာ ပွတ်ပေးကာ တိုးဖွဖွပြောလိုက်သည်။

"မငိုပါနဲ့..."


ကျီလင်က ကျင်းဆွေ့၏ရင်ခွင်ထဲဖက်ခံထားရပြီး ညင်သာသောအသံဖြင့် နှစ်သိမ့်ပေးခံနေရပြီး သူ့နှလုံးသားက ဖန်ပုလင်းကဲ့သို့ ကွဲကြေလုနီးပါးဖြစ်လာခဲ့သည်။


ထိုလူ၏ချဉ်းကပ်မှုမှ ကပ်ပါလာသော အေးစက်စက်အငွေ့အသက်များက သူ့ကို တင်းကြပ်၊ ညင်သာစွာ ရစ်ပတ်နေပြီး လွတ်မြောက်ရန်နေရာမရှိသည့်ခံစားချက်ရစေ၏။ သူ၏အသိစိတ်နောက်ဆုံးမျဉ်းက သူ့ကို ဆက်လက်တည်ငြိမ်စေရန် တွန်းအားပေးနေခဲ့သည်။


ငါ ကျင်းဆွေ့ကို လက်ခံလို့မရဘူး...


သူက အဖြောင့်စစ်စစ်ဖြစ်သော်လည်း သူ၏လက်ရှိဇာတ်ကောင်က ကျင်းဆွေ့ကို စွဲလမ်းနေသူဖြစ်သည်။ သူ မည်မျှနာကျင်ရပါစေ ကျင်းဆွေ့ သူ့အပေါ် ချိုမြိန်မှု အနည်းငယ်ပေးလာသည်နှင့် သူ ချက်ချင်းပြန်လှည့်ကာ ကျင်းဆွေ့၏ ရင်ခွင်ထဲပစ်ဝင်နိုင်သည်။ 


သူ(မူလလူ)ဆိုရင် ကျင်းဆွေ့ နည်းနည်းပြုံးပြတာနဲ့ ပျော်ရွှင်ပြီး ကျေးဇူးတင်နေမှာ... ဒါပေမယ့် ငါကတော့ တကယ်မလုပ်နိုင်ဘူး...


ငါက အခကြေးငွေနဲ့ အလုပ်လုပ်တဲ့ ရေတပ်လိုပဲ...အိုင်ဒေါကို နေ့တိုင်းသဘောကျတယ်ပြောနေရတာက ကိစ္စမရှိဘူး...ဒါပေမယ့် တစ်နေ့မှာ အိုင်ဒေါက ရုတ်တရတ်ကြီး ငါ့ဘက်လှည့်လာပြီး မင်းခံစားချက်တွေလက်ခံတယ်၊ ငါတို့တွဲကြရအောင်လို့ ပြောလာရင်တော့ ကိစ္စရှိသွားပြီ...တွဲပြီးရင် ဘာဆက်ဖြစ်မလဲ...တွဲပြီးရင် နမ်းကြမယ်...နမ်းပြီးရင် papapaကြမယ်...


ကျီလင်၏မျက်လုံးများ နက်မှောင်လုမတတ်ဖြစ်လာခဲ့သည်။


သူက ဤဆိုးဝါးလှသော ကမ္ဘာ၌ ပိတ်မိနေမည့်အပြင် ယောင်္ကျားတစ်ဦးထံမှလည်း အလုပ်ခံရနိုင်ချေရှိသည်။ ထိုသို့သောအခြေအနေမျိုးတွင် ကျီလင်၏ပြင်းပြသောရှင်သန်လိုစိတ်က သူ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးသို့ တိုးထွက်လာခဲ့သည်။


ငါ အခု ကျင်းဆွေ့ကိုငြင်းရမယ်...


ယုန်တောင်မှ ပိတ်မိနေရင် လူကိုကိုက်တတ်သေးတာပဲ...


ကျီလင် ကျင်းဆွေ့ကို ကြမ်းတမ်းစွာတွန်းထုတ်ပြီး နီမြန်းသောမျက်လုံးများဖြင့်ကြည့်ကာ ဒေါသတကြီးပြောလိုက်သည်။

"ကျွန်တော့်ကို လာလိမ်မနေနဲ့...ခင်ဗျား စောစောလေးကတင် နဉ်ယွီကိုနှစ်သိမ့်ပေးနေတာ...ခင်ဗျား သူ့ကို သဘောကျနေတာ အသိသာကြီး...ပြီးတော့ ခင်ဗျား ဒီကိုလာတာက သူ့ကြောင့်ပဲ...သူ အဆင်ပြေတယ်ဆိုမှ ခင်ဗျား ဒီကို လာခဲ့တယ်...သူ ကျွန်တော့်ကို နာကျင်အောင်လုပ်မိလို့ လက်စားပြန်ချေခံရမှာ ခင်ဗျားစိုးရိမ်နေတာ...ကျွန်တော် သူ့ကိုဒုက္ခဆက်ပေးမှာ စိုးနေတာ...ခင်ဗျားဆီက ဒီလိုမျိုးအတုအယောင်ဟန်ဆောင်မှုတွေကို ကျွန်တော် မလိုဘူး..."


ကျင်းဆွေ့ အံ့အားသင့်သွားပြီး သူ့ရင်ခွင်က ဗလာဖြစ်သွားကာ သူ့မျက်လုံးများထဲရှိ နာကျင်မှုကို မထိန်းနိုင်လုမတတ်ဖြစ်သွားသည်။


သူ ပြန်လည်မွေးဖွားလာချိန်တွင် ပြိုင်ပွဲက စနေပြီဖြစ်ကာ သူ အစပိုင်း၌ ဝင်မပါရသည့်အကြောင်းရင်းမှာ ကျီလင်ကိုယ်တိုင် သူ့ဂုဏ်သိက္ခာကို ပြန်ယူနိုင်မည်ဟု မျှော်လင့်သောကြောင့်ပင်။ ထို့အပြင် သူ နောက်ဆုံးပေါ်လာခြင်းမှာ နဉ်ယွီအတွက် လုံးဝမဟုတ်ချေ။ သူ နဉ်ယွီကို တိုက်ရိုက် ဒဏ်ရာရစေပြီး ကျီလင်ဆီသို့ တန်းသွားပါက ဒေါသထွက်နေသောလူအများက သူတို့၏ဒေါသများကို ကျီလင်အပေါ် ပုံချကြမည်ဖြစ်ကာ သာမန်လူများ၏ပစ်မှတ်ဖြစ်သွားနိုင်သည်။


ထို့ကြောင့် သူ ကျီလင်ကို ဂရုမစိုက်ဟန်ဆောင်ပြီး နဉ်ယွီကို နှစ်သိမ့်ရန် ထိုနေရာတွင် နေခဲ့ကာ ၎င်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကိုလျှော့ချရန် ကြိုးစားသည်။ ဤနည်းဖြင့် မကျေနပ်သော လူအချို့ရှိလျှင်ပင် အများစုမှာ သူ့ကိုသာ လက်ညိုးထိုးလိမ့်မည်ဖြစ်ပြီး ကျီလင်ကိုမူ လျစ်လျူရှုကြပေလိမ့်မည်။


သို့သော် ၎င်းကို ကျီလင်နားမလည်ချေ။ သူမြင်သမျှမှာ သူ့ကိုချန်ထားပြီး နဉ်ယွီကို စကားသွားပြောသည့် မြင်ကွင်းဖြစ်၏။


ထိုကလေးက အမြဲရိုးရှင်း၊ ဖြူစင်ပြီး အခြားသူများကို ကူကယ်ရာမဲ့စေသည်။


အချိန်အတန်ကြာပြီးနောက် ကျင်းဆွေ့ သက်ပြင်းတစ်ချက်ချပြီး ညင်သာစွာ ရှင်းပြလိုက်သည်။

"မဟုတ်ဘူး...အဲဒါက ကိုယ် မင်းကိုကာကွယ်ဖို့ လုပ်ခဲ့တာပဲ..."


ကျီလင် ချက်ချင်းမေးလိုက်သည်။

"ဒါက ကျွန်တော့်ကိုကာကွယ်နေတယ်လို့ ခေါ်တာလား..."


ထိုကဲ့သို့ ရိုးရှင်းသောအမှန်တရားကို အခြားသူများဆိုပါက ကျင်းဆွေ့ ရှင်းပြရန် စိတ်မ၀င်စားသော်လည်း ဝမ်းနည်းနေသောကောင်ငယ်လေးကိုမြင်ချိန်တွင် ထိုသူ၏နားလည်မှုလွဲခြင်းနှင့် ဝမ်းနည်းမှုများကို သူ ခံနိုင်ရည်မရှိချေ။  


"အဲဒါက တရားမျှတတဲ့ ပြိုင်ပွဲလေ...ကိုယ် ဝင်ပါတာက ပြိုင်ပွဲစည်းကမ်းကို ဆန့်ကျင်တာပဲ...အဲဒီအချိန်မှာ ကိုယ် မင်းကို အရမ်းကာကွယ်ပြနေရင် မင်းက လူထုပစ်မှတ်ဖြစ်သွားလိမ့်မယ်... နားလည်ပြီလား..."


ကျီလင် ခဏမျှ ကြောင်အသွားခဲ့သည်။


ဒါဆို အဲဒါက ခင်ဗျားတွေးတာပေါ့...  


ဤအမှန်တရားက အလွန်ရိုးရှင်းပြီး နားလည်ရလွယ်ပေသည်။ သို့သော် သူစောစောက ထိုသို့မတွေးမိခဲ့ချေ။ ယခု ကျင်းဆွေ့၏စကားကို နားထောင်ရစဉ် သူ ပို၍ပင် ဒေါသထွက်လာကာ စိတ်ဆင်းရဲသွားခဲ့သည်။


သူ စောစောက နဉ်ယွီကိုကာကွယ်ခဲ့တာမဟုတ်ဘဲ ငါ့ကို ကာကွယ်နေတာပဲ...


သူပြန်လည်မွေးဖွားလာလို့ အပြစ်ရှိသလိုခံစားနေရတာ ငါ နားလည်နိုင်ပါတယ်... ဒါပေမယ့် သူ့ရဲ့ဇာတ်လိုက် shou အပေါ်ထားတဲ့ ခံစားချက်တွေက ငါ့ကို အရမ်းဝမ်းနည်းပြီး ဒေါသထွက်အောင်လုပ်နေတာပဲ...သူ ဘယ်လိုလုပ် နဉ်ယွီကို နှလုံးသားထဲ နည်းနည်းတောင်မထည့်ရတာလဲ...သူ ငါ့လို ကောက်ကျစ်ယုတ်မာတဲ့ အမြှောက်စာအတွက်နဲ့ ကြင်နာပြီး ဖြောင့်မတ်မှန်ကန်တဲ့ ဇာတ်လိုက် shou ကို လျစ်လျူရှုနေတာ...


ထိတ်လန့်စရာပဲ...


မဟုတ်ဘူး...ငါ၊ ကျီလင်က အရှုံးကို ဘယ်တော့မှ မလက်ခံဘူး...


သူ အသက်ပြင်းပြင်းရှူပြီး ကျင်းဆွေ့ကို စိုက်ကြည့်ကာ အေးစက်စက်ဖြင့်ပြောလိုက်သည်။

"တကယ်လား..."


ကျီလင် နောက်ဆုံး၌ ငြိမ်ကျသွားသည်ကို ကျင်းဆွေ့မြင်ချိန်တွင် သူဆိုလိုသည်ကို ကျီလင်နားလည်ပြီး သူ့တောင်းပန်မှုကို လက်ခံလိုက်ပြီဟု ထင်ခဲ့မိသော်လည်း ကျီလင်၏မျက်လုံးများတွင် မျက်ရည်များ ထပ်မံဝဲတက်လာကာ သူက အလွန်ကြောက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခုကဲ့သို့ မရင်းနှီးသောအကြည့်များဖြင့်ကြည့်နေသည်ကို မြင်လိုက်ရ၏။


ကျီလင်၏မျက်တောင်များက အနည်းငယ်တုန်ယင်လာပြီး မျက်ရည်များပြန်သိမ်းကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။ သူက ဝမ်းနည်းနေသော အပြုံးဖြင့် စကားတစ်လုံးချင်းပြောလိုက်သည်။  

"မင်းရဲ့အထက်တန်းလွှာအဆင့်အတန်းကလွဲပြီး သူ့ကို ဘာများယှဉ်နိုင်လို့လဲ..." 


နောက်ဆုံးတွင် ကျင်းဆွေ့၏အမူအရာက ပြောင်းလဲသွားခဲ့သည်။


ကျီလင်က သူပြောခဲ့သည့် ထိုစကားကို စကားတစ်လုံးချင်း ရှင်းရှင်းလင်းလင်းနှင့် ဖြည်းညှင်းစွာ ပြန်ပြောလာခဲ့သည်။ ကျီလင်၏မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းမှု၊ နာကျင်မှုများ ရောနှောနေသည်။ သူက ကျင်းဆွေ့၏ မျက်လုံးများကိုစိုက်ကြည့်ကာ ပြောလာခဲ့သည်။   

"ဒါက အဲဒီနေ့တုန်းက အရှင်ကိုယ်တိုင် ကျွန်တော့်ကိုပြောခဲ့တဲ့စကားပဲ...ကျွန်တော် စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း မှတ်မိတယ်..."


ကျင်းဆွေ့၏နှုတ်ခမ်းများ အနည်းငယ် လှုပ်သွားသော်လည်း မည်သည့်အသံမျှထွက်မလာခဲ့ချေ။


"အဲဒီအချိန်တုန်းက ကျွန်တော် နဉ်ယွီကို သွားစိန်ခေါ်လိမ့်မယ်လို့ ခင်ဗျား မမျှော်လင့်ထားဘူးမလား...ဒါပေမယ့် ကျွန်တော် မမျှော်လင့်ထားတဲ့အရာက ခင်ဗျား သူ့ကို အဲဒီလောက်ချစ်လိမ့်မယ်ဆိုတာပဲ..."  


ကျီလင်က သူ့ကို စိတ်ပျက်အားလျော့စွာကြည့်ပြီး လှောင်ပြုံးပြုံးကာ တည်ငြိမ်ရန် အစွမ်းကုန်ကြိုးစားနေသောအသံဖြင့် ပြောလာခဲ့သည်။

"ခင်ဗျားက လူတစ်ယောက်ကိုကာကွယ်ဖို့အတွက်နဲ့ ခင်ဗျား အထင်သေးဖူးတဲ့ ကျွန်တော့်လိုအမှိုက်ကောင်ကိုတောင်မှ လာဟန်ဆောင်ပေးဖို့ ဆန္ဒရှိနေတာပဲ..."


"အစက ကျွန်တော် မျှော်လင့်ချက်ထားမိပါသေးတယ်...အဲဒီနေ့က ခင်ဗျား ကျွန်တော့်ကိုငြင်းဖို့သက်သက်နဲ့ အကြောင်းပြချက်ရှာခဲ့တာလို့ထင်ခဲ့မိတယ်... ခင်ဗျား သူ့ကို တကယ်သဘောကျနေတယ်လို့ မယုံခဲ့ဘူး...ဒါပေမယ့် အခု နောက်ဆုံးတော့ ကျွန်တော်ယုံသွားပြီ..."  


ကျီလင် ပါးပြင်ပေါ်မှာ တိတ်တဆိတ်စီးကျနေသောမျက်ရည်များဖြင့် နာကျင်စွာ ပြုံးလိုက်သည်။  

"ခင်ဗျားက သူ့အတွက် ပြိုင်ပွဲမှာ ဝင်စွက်ဖက်ရတဲ့အထိ၊ သူ့အတွက် အတားအဆီးတွေ ဖယ်ရှားပေးပြီး သူ့အတွက် ပြဿနာအားလုံးရှင်းပေးရတဲ့အထိ သဘောကျနေတာပဲ...သူ့အတွက်နဲ့...ကျွန်တော့်ကိုပါလိမ်ရတဲ့အထိ..."


ကျီလင် စကားတစ်လုံးပြောလိုက်တိုင်း ကျင်းဆွေ့၏မျက်နှာ ဖြူဖျော့လာခဲ့သည်။


သူ ထိုကဲ့သို့ စက်ဆုပ်ဖွယ်လုပ်ရပ်များကို လုပ်မည်မဟုတ်ဟု ပြန်ချေပချင်ခဲ့သည်။  


ဒါပေမယ့် ငါ အခုမှ အဲဒီလိုမဟုတ်ဘူးလို့ ပြောရင်တောင်...ဘယ်သူက ယုံမှာလဲ...


ထိုဘဝ၏အတွေ့အကြုံများကြောင့်သာ မဟုတ်လျှင် နှစ်ပေါင်းရာနှင့်ချီ ခံစားခဲ့ရသည့် နာကျင်မှု၊ နောင်တရမှုများကြောင့်သာ မဟုတ်လျှင် သူ့ကိုယ်သူပင် ယုံနိုင်လိမ့်မည် မဟုတ်ချေ။


ငါ့ကိုယ်ငါတောင် ဒီလိုမျိုး တစ်ယောက်ယောက်ကို တကယ်ဂရုစိုက်မယ်လို့ မယုံနိုင်ဘူး...


ကျင်းဆွေ့ မျက်လုံးများ မှိတ်လိုက်ပြီး သူ့မျက်လုံးထဲရှိ ပင်ပန်းနွမ်းနယ်မှုနှင့် အားနည်းမှုများကို ဖုံးကွယ်ကာ ပြောလိုက်သည်။

"အဲဒီလိုမဟုတ်..."


ကျီလင် ရုတ်တရက် ဒေါသတကြီးအော်လာခဲ့သည်။ 

"တော်သင့်ပြီ..."


သူ ကျင်းဆွေ့ကို မုန်းတီးစွာကြည့်ပြီး မျက်ရည်များသုတ်ရန် လက်မြှောက်လိုက်သည်။ ကျီလင် နောက်ဆုံးတွင် ဆက်မထိန်းထားနိုင်တော့ဘဲ ဘေးဘက်လှည့်ကာ ကျင်းဆွေ့ထံမှ ထွက်ပြေးခဲ့သည်။


ကျင်းဆွေ့ ထိုနေရာတွင် ရပ်နေဆဲဖြစ်ပြီး ကောင်ငယ်လေး ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ ကောင်ငယ်လေး၏ အေးစက်နေသောအကြည့်က သူ့ကို မလှုပ်မယှက်ဖြစ်စေခဲ့သည်။


တစ်ခါတစ်ရံတွင် တစ်ကြိမ်ပျက်စီးပြီးသည်နှင့် အကြိမ်တစ်ရာ သို့မဟုတ် အကြိမ်တစ်ထောင်ကြာသည်အထိ ပြန်လည်ပြုပြင်ရန် ခက်ခဲသည်။


ချောက်နက်ထဲရောက်နေမှတော့ ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ ထွက်သွားဖို့ မျှော်လင့်နိုင်မှာလဲ...


ကယ်တင်ခံရရင်ရော...


ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီဘဝမှာတော့ ကျေးဇူးပြုပြီး မင်းကို ကာကွယ်ခွင့်ပြုပါ...ကိုယ် တစ်သက်လုံး မင်းဆီက ခွင့်လွှတ်မှုတောင်းနေရရင်တောင်မှ ကိစ္စမရှိဘူး...


 ..................

 

ကျီလင် စောစောက သာမာန်ထက်ပိုကဲစွာ သရုပ်ဆောင်ခဲ့ပြီး နောက်ဆုံးတွင် ကျင်းဆွေ့ကို ဖယ်ရှားနိုင်ခဲ့သည်။ သူ့အိမ်ပြန်ရောက်သည်နှင့် စနစ်ကို စိတ်မရှည်စွာ ခေါ်လိုက်သည်။


ကျီလင် - [ဒီမစ်ရှင်ကြီး ဖြစ်ချင်သလိုသာဖြစ်ပါစေတော့... ငါ မလုပ်တော့ဘူး...]


စနစ်- [စိတ်အေးအေးထားပါ...]


ကျီလင် : [ ငါ အခု ဘယ်လိုမှ စိတ်အေးအေးမထားနိုင်တော့ဘူး...]


စနစ်- […]


ကျီလင် - [သူလည်း ပြန်လည်မွေးဖွားလာတာဖြစ်ရမယ်...မဟုတ်ရင် သူငါ့ကို ဒီလိုမျိုးပြောစရာအကြောင်းမရှိဘူး... အမျိုးသားဇာတ်လိုက်က ပြန်မွေးဖွားလာမှတော့ ငါ ဒီမစ်ရှင်ကို ဘယ်လိုဆက်လုပ်ရတော့မလဲ...]


စနစ်လည်း ၎င်းကိုမြင်ခဲ့ပြီးဖြစ်သည်။ ၎င်းက မရှင်းလင်းသေးသောကြောင့် သူ ပါးနပ်စွာ ပြောလိုက်သည်- 

[ဒါပေမယ့် မင်း မစ်ရှင်ဆက်မလုပ်ရင် မင်းရဲ့ဆုကရော…]


နေရာတိုင်းတွင် ကြောက်စရာဘော့စ်များဖြင့် ပြည့်နှက်နေသည့် ဤထူးဆန်းသောကမ္ဘာကြီး၌နေရန် ခွင့်ပြုခဲ့မိသည်ကို ဒေါသထွက်မိသည်။ နေ့စဥ်နေ့တိုင်း အကြောက်တရားများဖြင့် ရှင်သန်နေရ၍ မည်သည့်အချိန်ပြုတ်ကျပြီး သေမည်ကို ကြောက်နေရသည်။ ထို့ကြောင့် ဦးစွာ သေလိုက်သည်က ပိုကောင်းပေလိမ့်မည်။ သူ အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

[အဲဒါက အလုပ်မဖြစ်ဘူးဆို ဖိုင်ပြန်တင်ပြီး ပြန်စလိုက်လေ...]


စနစ်က အနည်းငယ် ကိုးရို့ကားယားဖြစ်သွားခဲ့သည်- 

[အဲ...ငါတို့ ဒီကမ္ဘာပေါ်က ဇာတ်ကောင်တွေ ပြန်လည်မွေးဖွားလာရတဲ့အကြောင်းရင်းကို မသိသေးဘူး... အဲဒီတော့ ငါတို့ ဖိုင်ပြန်တင်ရင်တောင် အဲဒါကို မူလပုံစံအတိုင်း ပြန်ယူနိုင်မယ်လို့ အာမ မခံနိုင်သေးဘူး...]


ကျီလင် ထိုစကားကိုကြားချိန်တွင် မျက်လုံးများပြာတက်သွားပြီး မူးလဲလုမတတ် ဖြစ်သွားခဲ့သည်- 

[အဲဒီတော့ မင်းဆိုလိုတာက ပြန်စမယ်ဆိုရင်တောင် သူတို့အားလုံး ပုံမှန်ပြန်ဖြစ်သွားဖို့ အာမမခံဘူးပေါ့...]


စနစ် စကားမပြောဝံ့တော့ချေ။


ကျီလင် ဒေါသတကြီးပြုံးလိုက်သည် -

[ပထမမစ်ရှင် ကျရှုံးတာက ငါ့အမှားဆိုရင်တောင် အခု သူတို့အားလုံးပြန်လည်မွေးဖွားလာတာတော့ ငါ့အမှားမဟုတ်ဘူးမလား...ဒါက ငါတို့ အရင်က သဘောတူထားတာနဲ့ လုံးဝမတူဘူးနော်...ဒါက စာချုပ်ဖောက်ဖျက်တာပဲ...ငါ့ကို ဖြေရှင်းချက်ပေးမှရမယ်...]


 စနစ် - [စိတ်မပူပါနဲ့...ငါ ဒီအခြေအနေကို ငါ့အထက်လူကြီးတွေဆီပေးပြီး မင်းကို တတ်နိုင်သလောက် ဖြေရှင်းချက် ပေးဖို့ပြောလိုက်မယ်...]


ကျီလင် မထူးခြားစွာ ပြောလိုက်သည်။- 

[မင်းစကားတွေက ငါ့အတွက် အရမ်းရင်းနှီးတာပဲ...]


 စနစ် - [?]


ကျီလင် - [မနှစ်တုန်းက ငါ့အမေရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် အိမ်ဝယ်ခဲ့တယ်လေ... ဒါပေမဲ့ အိမ်ကို တကယ်လည်းပိုင်ရရော ပြထားတဲ့အိမ်မော်ဒယ်နဲ့ မကိုက်နေတာတွေ့လိုက်ရတယ်...ပွဲစားရဲ့ မူလကတိက မပြည့်သေးတဲ့တော့ သူတို့လည်း ပွဲစားဆီသွားပြီး အိမ်အကြောင်းမေးခဲ့တယ်...သိရသလောက်တော့ တစ်ဖက်က အရောင်းမန်နေဂျာက သူတို့ကို အမြဲတမ်း ဒီလိုပဲပြန်ဖြေတာတဲ့...]


 စနစ်- […]


ကျီလင် - [အဓိကအချက်အနေနဲ့တော့ အဲဒီကိစ္စက တစ်နှစ်လုံးငြင်းခုံနေရတာပဲ... ဆိုင်းဘုတ်တွေဆွဲချ တံခါးတွေ ပိတ်နဲ့...တစ်ဖက်လူကတော့ သေအောင် ငြိမ်နေတုန်းပဲ...]


စနစ် - […]


ကျီလင် ရိုးသားစွာ သက်ပြင်းချလိုက်သည်- 

[မင်းကတော့ အဲဒီလိုမဟုတ်လောက်ဘူးမလား...]


 စနစ်- [...] 

ငါ စကားမပြောရဲတော့ဘူး...ငါ စကားမပြောရဲတော့ဘူး...


 

✨✨✨