Chapter 40
Viewers 15k

✨ Chapter 40

 အချစ်



သူက ကားလို့စ်ကဲ့သို့ အကြံအစည်ကြီးသည့်လူစားမျိုးဖြစ်သည်။ သို့သော် ကားလို့စ်က အမြဲတမ်း သူတော်ကောင်းမျက်နှာဖုံးဝတ်ဆင်ထားပြီး တင့်တယ်သော အထက်တန်းလွှာတစ်ဦးအဖြစ် ဟန်ဆောင်ချိန်တွင် ကျင်းဆွေ့က ဘယ်သောအခါမှ ပျော်ရွှင်ခြင်း၊ ဒေါသ ဝမ်းနည်းမှုများ မပြခဲ့သည့် အေးစက်သောလူဖြစ်သည်။ ဤကမ္ဘာတွင် မည်သူမျှ သူ့စိတ်ထဲရှိ ခံစားချက်အစစ်အမှန်ကို မခန့်မှန်းနိုင်ချေ။ 


ထို့ကြောင့် ရုတ်တရက် ခံစားချက်များပြည့်လျှံလာပြီး အလွန်ဒေါသထွက်နေပုံရသော ကျင်းဆွေ့က အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းလှသည်။ 


သူ နံရံသို့လက်ထောက်လိုက်စဉ် ကျီလင်၏သွားများက ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်တုန်နေပြီဖြစ်သည်။ 


ကျင်းဆွေ့က ကောင်ငယ်လေး၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုများကိုကြည့်နေခဲ့သည်။ အချိန်အတန်ကြာပြီးနောက် သူမျက်လုံးများမှိတ်ကာ တစ်ဖန်ပြန်ဖွင့်လိုက်သည်။ သူ၏ရွှေရောင်မျက်ဆံများထဲတွင် မမြင်နိုင်သော နာကျင်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့၏။


သူ့မှတ်ဉာဏ်ထဲသို့ သူ တစ်ဘဝလုံး မေ့မရခဲ့သည့် ကောင်ငယ်လေး၏ဖြူဖျော့ကာ သွေး‌ရောင်ကင်းမဲ့နေသောပုံရိပ်က တစ်ဖန်တိုးဝင်လာခဲ့သည်။


တိမ်မည်းများ၊ ဆူးများဖြင့် ဖျက်ဆီးခံထားရသည့် သံမဏိများကြားတွင် "နဉ်ယွီ"မျက်နှာဖြင့်လူက သူ့ရှေ့၌ရပ်နေခဲ့သည်။ ထိုလူက အန္တရာယ်အရှိဆုံးအခိုက်အတန့်တွင် တုံ့ဆိုင်းခြင်းမရှိဘဲ ကားလို့စ်၏မိုကြိုးရိုက်ချက်ကို သူ့အစား ခံယူခဲ့ကာ တဖြည်းဖြည်းချင်းပြုတ်ကျလာခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရုပ်ဖျက်ထားသောအသွင်အပြင်က မှိန်ဖျော့သွားပြီး နောက်ဆုံးတွင် ကောင်ငယ်လေး၏ မူလအသွင်အပြင်ထွက်ပေါ်လာခဲ့သည်။ 


ကျီလင်က သူ့ရင်ခွင်ထဲပြိုလဲကျလာပြီး ဖြူဖျော့ကာ သွေးမဲ့နေခဲ့သည်။


သို့သော် သူ၏မျက်လုံးပြာများက မီးခိုးများထဲမှ နောက်ဆုံးမီးတောက်ကဲ့သို့ တောက်ပနေခဲ့သည်။ သူ့ဘဝ၏ နောက်ဆုံးအခိုက်အတန့်တွင် အားဖျော့သောလေသံဖြင့် လေးနက်စွာပြောလာခဲ့သည်။ 

[ကျွန်...ကျွန်တော် တောင်းပန်ပါတယ်... ခင်ဗျားနောက်လိုက်တာမျိုး ထပ်မလုပ်တော့ပါဘူး...]


[ခင်ဗျားနဲ့ နဉ်ယွီ ပျော်ရွှင်ပါစေ...]


ထိုဖျော့တော့သော စကားလုံးများက လေထုထဲရှိသွေးရနံ့များနဲ့အတူ လွင့်ပါးလုမတတ် ပေါ့ပါးနေခဲ့သည်။ သို့သော် ၎င်းက မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့သည့် သူ၏နှလုံးသားကို အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။ 


၎င်းက အလွန်အရေးကြီးသည့် အရာတစ်ခု တိတ်တဆိတ်ပျောက်ဆုံးသွားသကဲ့သို့ပင်။


ထိုအချိန်မှစပြီး မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာတိုင်အောင် ထိုမြင်ကွင်း၏ အသေးစိတ်တိုင်းက ထင်ထင်ရှားရှားအသက်ဝင်လိုက်ပါလာခဲ့သည်။ 


ထို့နောက်တွင် ကောင်ငယ်လေးက နဉ်ယွီကို နာကျင်အောင်လုပ်ရန်သွားခဲ့ခြင်းမဟုတ်ဘဲ အမှန်တွင် သူက နဉ်ယွီကို ကယ်တင်ရန်သွားခဲ့ခြင်းဖြစ်သည်ကို သိခဲ့ရ၏။ 


နဉ်ယွီက သူ၏ချစ်ရသူဟု ကျီလင်ယုံကြည်ခဲ့သောကြောင့် ကားလို့စ်ထံမှ ရှာတွေ့ခံရမည့် အန္တရာယ်ကိုပင် ဂရုမစိုက်ဘဲ နဉ်ယွီဆီသို့သွားကာ သူ့အသက်ဖြင့် ပေးဆပ်ခဲ့သည်။  


သူ၏မောက်မာပြီး ကြီးစိုးသောအသွင်အပြင်ကို ဖုံးအုပ်ကာ နဉ်ယွီကို လွတ်မြောက်ရန် အခွင့်အရေးပေးခဲ့သည်။


ထိုကဲ့သို့ မောက်မာဟန်ဆောင်သည်က ကျီလင်၏နောက်ဆုံးသော မိမိကိုယ်ကို လေးစားမှုဖြစ်နိုင်သည်။ 


သူ နဉ်ယွီကို အလွန်မနာလိုဖြစ်ပြီး မုန်းတီးသော်လည်း အဆုံးတွင် သူတို့ကို ကူညီရန် သူ့ကိုယ်ပိုင်အသက်ကို အသုံးပြုခဲ့ဆဲဖြစ်သည်။ 


ထိုကောင်လေးက သူ့ကို ချစ်မြတ်နိုးသည်ကို ကျင်းဆွေ့အမြဲသိခဲ့ပေ၏။ သူ တစ်ချိန်က လူများစွာထံမှကြိုက်နှစ်သက်ခံရမြဲသောကြောင့် ၎င်းကို ကျင့်သားရလာခဲ့ပြီး ကျီလင်၏အချစ်ကို ဖိနပ်စုတ်တစ်ရံကဲ့သို့ လျစ်လျူရှုကာ စွန့်ပစ်ခဲ့သည်။ သူ့မျက်လုံးများထဲတွင် ထိုကောင်လေးက စက်ဆုပ်ရွံရှာဖွယ်ကောင်းကာ မိမိကိုယ်ကိုမသိသူများထဲမှ တစ်ယောက်သာဖြစ်သည်။ 


ထိုလူများလိုအပ်သည်က သူ၏အချစ်မဟုတ်ဘဲ သူ၏အသွင်အပြင်၊ အဆင့်အတန်းကိုသာဖြစ်သည်။ ထိုကဲ့သို့ စျေးပေါသောအချစ်က သူ မလိုအပ်ဆုံးအရာဖြစ်ခဲ့သည်။ 


ထိုကောင်ငယ်လေးကလည်း သူတို့ကဲ့သို့ဟု သူတွေးခဲ့မိသည်။ 


သို့သော် နောက်ဆုံးတွင် သူမှားခဲ့သည်ကို သဘောပေါက်ခဲ့ရ၏။ 


ဤလောက၌ သူ့ကို အလွန်ဖြူစင်စွာနှင့် ပြင်းပြင်းထန်ထန်ချစ်မြတ်နိုးသူတစ်ဦး အမှန်တကယ်ရှိသည်ကို နားလည်ခဲ့ရသည်။ သူ ထိုကောင်ငယ်လေးကို အကြိမ်ကြိမ်နာကျင်စေပြီး အကြိမ်ကြိမ်တွန်းထုတ်ခဲ့သော်လည်း ထိုကောင်လေးကမူ သူ့ကိုလက်မလွှတ်နိုင်ဆဲဖြစ်ကာ သူ့အပေါ်ထားသည့် အချစ်များကိုမရပ်တန့်ခဲ့ချေ။


ထိုကောင်ငယ်လေးက သူ့အတွက် မည်သည့်အရာကိုမဆို လုပ်လိုစိတ်ရှိသည်။ 


အတိတ်နှင့် အနာဂတ်တစ်လျှောက်လုံးတွင် ထိုကောင်လေးကဲ့သို့ သူ့ကိုချစ်မြတ်နိုးနိုင်သူမျိုး ဘယ်သောအခါမှရှိလာလိမ့်မည်မဟုတ်ပေ။ 


ထိုအချစ်က မထူးဆန်းသော်လည်း ထူးခြားသည်။


၎င်းက စကြဝဠာတစ်ခုလုံးရှိ မရေမတွက်နိုင်အောင် အဖိုးတန်သော ရတနာများအားလုံးထက်ပင် အဖိုးထိုက်တန်သည်။ 


သို့သော် သူ ၎င်းကို ဆုံးရှုံးခဲ့ရချိန်အထိ နားမလည်နိုင်ခဲ့ချေ။


ကျင်းဆွေ့၏မျက်လုံးများထဲတွင် နာကျင်မှုနှင့် ဝမ်းနည်းမှုအရိပ်အယောင်များတဖြည်းဖြည်းပေါ်လာခဲ့သည်။


သူ မည်သည့်အရာကိုမျှ နောင်တရမည်မဟုတ်ဟုထင်ခဲ့သော်လည်း ကောင်ငယ်လေး သေဆုံးသွားချိန်တွင် ထိုသို့မဟုတ်သည်ကိုသိခဲ့ရ၏။ သူ ကောင်ငယ်လေး၏ သေဆုံးမှုကို နာကျင်စွာ နောင်တရပြီး ညဘက်တိုင်း အိပ်မပျော်နိုင်ခဲ့ချေ။


သူ ကောင်ငယ်လေးအသက်ရှင်နေစဉ်က ကောင်းကောင်းမဆက်ဆံခဲ့မိသည့်အတွက် နောင်တရသည်။ သူ့ကို တစ်ကြိမ်မျှ လေးလေးနက်နက်မကြည့်ခဲ့သည့်အတွက်လည်း နောင်တရသည်။ 


သူ ထိုကောင်ငယ်လေး၏ နှလုံးသားကို ထပ်ခါထပ်ခါ နင်းချေခဲ့မိသည်။ 


ကောင်ငယ်လေးက သူ၏အေးစက်သောနှလုံးသားကိုအက်ကြောင်းထင်လာစေရန် သူ့ကိုယ်ပိုင်အသက်ကို အသုံးမချမီအထိပင်။ ထိုအက်ရာက အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်မသွားဘဲ တဖြည်းဖြည်း ပိုကျယ်ပြန့်လာပြီး နောက်ဆုံးတွင် သူ့နှလုံးသားတစ်ခုလုံးအက်ရာများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။


လူတိုင်း၏အမြင်တွင် သူက အေးစက်ပြီးခံစားချက်များဖော်ပြလေ့မရှိသော ဧကရာဇ်ဖြစ်သည်။ လူတိုင်းက သူ့အတွက် သေပေးခဲ့သည့် ကောင်ငယ်လေးကို သူမေ့သွားသည်မှာ ကြာပြီဟုထင်ခဲ့ကြသည်။ 


လူတိုင်းက သူ့ကိုနှလုံးသားမရှိသူဟု တွေးခဲ့ကြ၏။ 


သို့သော် သူတစ်ဦးတည်းကသာ အက်ရာများမှဖြစ်ပေါ်လာသော ကွန်ရက်က အရာအားလုံးကို တိတ်တဆိတ်ပြောင်းလဲခဲ့ကြောင်း သိပေသည်။


ထိုကြောင့် နဉ်ယွီကို စေ့စပ်ပွဲကိုဖျက်ရန် အစပြုပြောခဲ့သည်။


နဉ်ယွီကလည်း အလွန်လျင်မြန်စွာ သဘောတူခဲ့သည်။ ကျင်းဆွေ့ ထိုအဖြေကို မျှော်လင့်ထားပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နဉ်ယွီက သူ့ကိုထိုမျှမကြိုက်နှစ်သက်သည်ကို သူ ကောင်းကောင်းသိထားသောကြောင့်ဖြစ်သည်။ သူတို့နှစ်ဦးက ချစ်သူများမဟုတ်ဘဲ ရည်မှန်းချက်နှင့် အကျိုးစီးပွားတူသော မဟာမိတ်များအဖြစ်အတူရှိခဲ့ကြသည်။ အောက်ဆုံးအဆင့်ရှိ သာမန်လူမှ မြင့်မားသောအဆင့် ဆင့်ကဲပြောင်းလဲသူအဖြစ်သို့ တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်လာခဲ့ပြီး နောက်ဆုံးတွင် သာမန်ပြည်သူများအားလုံး၏ မျှော်လင့်ချက်ဖြစ်လာနိုင်သူက စိတ်ခံစားချက်ထက် ဆင်ခြေတုံတရားရှိရန်လိုအပ်သည်။


နဉ်ယွီက အရာအားလုံးကို မြင်ခဲ့ပြီးသားဖြစ်သည်။


ကောင်ငယ်လေး၏သေဆုံးမှုက သူတို့ကြားရှိ ဘယ်သောအခါမှ မနီးစပ်ခဲ့သည့်ဆက်ဆံရေးကို အလွယ်တကူချိုးဖြတ်နိုင်ခဲ့သည်။  


ထို့ကြောင့် သူတို့၏ဆက်ဆံရေးကို ငြိမ်းချမ်းစွာအဆုံးသတ်ခဲ့သည်။


သူတို့တွင် လုပ်ဆောင်အလုပ်များစွာ ကျန်နေဆဲဖြစ်ပြီး ဝမ်းနည်းရန်အချိန်မရှိချေ။


ဤသို့ဖြင့် နှစ်ပေါင်းများစွာကျော်လွန်လာခဲ့သည်။


နောက်ဆုံးတွင် အင်ပါယာက သူမျှော်လင့်ထားသည့်အတိုင်းဖြစ်လာခဲ့သည်။ 


အချို့လူများက သူ့ကို တော်ဝင်မိသားစု၏မျိုးရိုးဆက်ခံရန် လက်ထပ်စေချင်ခဲ့ကြသည်။ 


သို့သော် တစ်စုံတစ်ယောက် ထိုအကြောင်းပြောလာချိန်တိုင်း သူ့ရင်ခွင်ထဲ မျက်လုံးများမှိတ်လျက်ရှိခဲ့သည့် ကောင်ငယ်လေးကိုသာ အမြဲတွေးမိခဲ့သည်။ ထိုကောင်လေး သူ့နောက်အမြဲလိုက်ပြီး သူ့ကို ချစ်မြတ်နိုးသောမျက်လုံးများဖြင့်ကြည့်နေသည်ကို တွေးမိခဲ့သည်။ 


ကျီလင်သာ အသက်ရှင်နေသေးရင်....


ငါ သူ့ကိုလက်ထပ်နိုင်ရင် ငါ သေချာပေါက် အရမ်းပျော်ရမှာပဲ...


ငါ တစ်ကြိမ်လောက်တော့ သူဆန္ဒကို ဖြည့်ဆည်းပေးချင်တယ်...


ကံမကောင်းစွာပင် အဆုံး၌ ၎င်းက သူ၏စိတ်ကူးသက်သက်သာဖြစ်သည်။


တချို့အမှားတွေက တစ်ခါမှားပြီးရင် ဘယ်တော့မှပြန်ပြင်ဖို့အခွင့်အရေးမရှိတော့ဘူး...


မြို့စားကြီးကျီထင်နှင့် မြို့စားကတော်တို့က အင်ပါယာကြယ်ကို စိတ်ပျက်အားလျော့စွာ ထားသွားခဲ့ကြသည်။ ကျင်းဆွေ့က သူတို့အတွက် အစွမ်းကုန်ပြုပြင်ပေးရန်ကြိုးစားသော်လည်း သူတို့က မည်သည့်အရာကိုမှလက်မခံဘဲ သူတို့ကို ဝမ်းနည်းစေသည့်နေရာမှ ထွက်ခွာသွားခဲ့သည်။


ဤလောကတွင် မည်သည့်အရာကိုမဆို ဖန်တီးနိုင်ပြီး တန်ဖိုးဖြင့် တိုင်းတာနိုင်သော်လည်း လူ့နှလုံးသားကမူ တန်ဖိုးဖြင့်တိုင်းတာ၍မရကာ ပြင်ဆင်၍လည်းမရချေ။ 


သူ့ကိုယ်ပိုင်နှလုံးသားအပါအဝင် မည်သူ့ကိုမှ မပြုပြင်နိုင်ချေ။ 


သူစွန့်လွှတ်ခဲ့ရသောအရာက အသေးအဖွဲ့အရာတစ်ခုထက်မပိုဟု ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူစွန့်လွှတ်ခဲ့ရသည်မှာ လောကကြီးတစ်ခုလုံးပိုင်ဆိုင်ထားလျှင်ပင် ဘယ်သောအခါမှ ပြန်မရနိုင်သည့်ထူးခြားသော ရတနာတစ်ခုဖြစ်သည်ကို သိလာခဲ့ရ၏။ 


ငါ့ကို ချစ်မြတ်နိုးခဲ့တဲ့ ဖြူစင်ပြီး အပြစ်အနာအဆာကင်းမဲ့တဲ့ နှလုံးသား...


နောင်နှစ်ပေါင်းများစွာတိုင်အောင်ပင် ကောင်ငယ်လေး၏ အချစ်မျက်လုံးများဖြင့်ကြည့်သည့်ပုံရိပ်များ၊ သူ့ကို ပြုံးပြီး ကျင်းဆွေ့ကောဟု ခေါ်သည့်ပုံရိပ်များ၊ သူ၏မနာလို၊ဒေါသထွက်ခဲ့သော ပုံရိပ်များက သူ့မှတ်ဉာဏ်ထဲမှ အဆက်မပြတ်ပေါ်ထွက်လာကာ သူ မည်မျှရက်စက်ခဲ့သည်ကို ရှင်းလင်းစွာ မှတ်မိနေစေ၍ လွတ်မြောက်ရန် အခွင့်အရေးမပေးခဲ့ချေ။ 


ငါ တစ်ချိန်က သူ့ကို ကောင်းကောင်းဆက်ဆံခဲ့မယ်ဆိုရင် ဒီလောက်ထိဖြစ်လာမှာမဟုတ်ဘူး...


ဒါပေမယ့် ငါ မလုပ်ခဲ့ဘူး...


သူက သူ့ကိုနက်ရှိုင်းစွာချစ်မြတ်နိုးသည့် ကောင်ငယ်လေးကို သေခြင်းတရားချောက်နက်ဆီသို့ ကိုယ်တိုင်တွန်းပို့ခဲ့သူဖြစ်သည်။


သူ ၎င်းကို ပြန်အမှတ်ရချိန်တိုင်း ဘယ်သောအခါမှ မပျောက်ကင်းခဲ့သည့် သူ့အတွင်းပိုင်းရှိဒဏ်ရာက ဆုတ်ဖြဲခံရကာ သွေးထွက်စေခဲ့သည်။ ၎င်းက သူလည်း နှလုံးသားရှိသူဖြစ်ပြီး နာကျင်ခံစားနိုင်သူဖြစ်သည်ကို သိစေခဲ့၏။


၎င်းက ကောင်ငယ်လေး သူ့အတွက် ထားခဲ့သည့် ပြစ်ဒဏ်ဖြစ်ကောင်းဖြစ်နိုင်သည်။


ထိုအရာများ အားလုံးက သူ့ကိုယ်ပိုင်အမှားဖြစ်သည်ကို သိစေခဲ့သည်။ 


သူကဲ့သို့လူမျိုးက ထိုကဲ့သို့ဆက်ဆံရေးမျိုးရရှိရန် မထိုက်တန်သည်ကို သိစေခဲ့သည်။


သို့သော် ရယ်စရာကောင်းသည်မှာ...


သူကဲ့သို့ ရက်စက်သောလူက ကောင်းကင်ဘုံ၏မျက်နှာသာပေးခြင်းကို ခံရပြီး ပြန်လည်စတင်ရန် အခွင့်အရေးရရှိခဲ့သည်။ 


ကျင်းဆွေ့၏မျက်လုံးတွင် ကိုယ့်ကိုကိုယ်လှောင်ရယ်မှုတစ်ခုပေါ်လာခဲ့သည်။ သူ့အရှေ့ရှိ ကောင်ငယ်လေး၏ထင်ရှားသောမျက်နှာကိုကြည့်ကာ အနည်းငယ်လောဘကြီးလာခဲ့သည်။ ယခင်က သူ၏အေးခဲနေသော နှလုံးသားက ပြင်းထန်စွာနာကျင်လာပြီး တစ်စုံတစ်ခုဖြည်းညင်းစွာ စီးဆင်းလာပုံရသည်။ 


ဟင့်အင်း... အဲဒါက လက်ဆောင်တစ်ခုတော့မဟုတ်ဘူး...


ဘုရားသခင်က ငါလုပ်ခဲ့တဲ့ အမှားတွေကို ငါ့ကိုယ်ပိုင်မျက်စိနဲ့မြင်နိုင်အောင်၊ ငါ ဘယ်လောက်ထိ ရက်စက်ခဲ့လဲဆိုတာ သိနိုင်အောင်လို့ ပြန်လည်မွေးဖွားစေခဲ့တာဖြစ်မယ်... 


အဲဒါက ငါ့ကို စူးစူးဝါးဝါးစိုက်ကြည့်ပြီး ပြောနေသလိုပဲ... 


အခု မင်းပြန်လာပြီ... မင်းဘာဆက်လုပ်မှာလဲ... မင်း လူတစ်ယောက်ကို ဘယ်လိုချစ်ရမလဲဆိုတာ တကယ်ရောသိရဲ့လား...  


ကျင်းဆွေ့၏ နက်ရှိုင်းသောမျက်လုံးများထဲတွင် နာကျင်သောအကြည့်က ဖျတ်ခနဲလွင့်ပြယ်သွားခဲ့သည်။


ဟုတ်တယ်... ငါ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ကြည့်စမ်းပါဦး...


ငါ့ရဲ့အထင်သေးမှုနဲ့ လျစ်လျူရှုမှုတွေကြောင့်သာ မဟုတ်ရင် ကျီလင်က သူ့ကိုယ်သူသက်သေပြဖို့နဲ့ နဉ်ယွီကိုစိန်ခေါ်ခဲ့မှာလဲ... ငါ့ဆီက အကြည့်လေးတစ်ချက်ရဖို့ သူ အများကြီး ကြိုးစားခဲ့တာ... 


သူ့ကိုအရှက်ခွဲနေတာမှန်း သူသိပေမယ့် ငါ့အတွက်နဲ့ ဖြစ်ပျက်ခဲ့တာတွေအားလုံးကို လျစ်လျူရှုခဲ့တယ်... 


သို့သော် သူကမူ သူ့ကိုနှစ်ပေါင်းရာနှင့်ချီ နှိပ်စက်ပြီး ညတိုင်းပြန်လည်နိုးထစေကာ လိုချင်သော်လည်း မရနိုင်သည့် ချစ်ခြင်းမေတ္တာကို အလွယ်တကူနင်းချေခဲ့မိသည်။


ငါ ဘာလို့ ဒီထက်စောစော ပြန်မလာနိုင်ခဲ့တာလဲ...


ငါ ဒီထက်ပိုစောရင် ပိုကောင်းမှာ... 


ကျီလင်က သူ့အရှေ့ရှိ စကားတစ်ခွန်းမှမပြောဘဲ ကြောက်မက်ဖွယ်ရောင်ဝါဖြင့် ရပ်နေသော ဧကရာဇ်ကိုကြည့်ကာ ကြောက်လန့်မှုကြောင့် မြေပြင်ပေါ်သို့ ထိုင်ချလုမတတ် ခြေထောက်များပျော့ခွေလာခဲ့သည်။


ခ...ခင်ဗျား အဲလောက်ထိ ဒေါသထွက်ဖို့လိုလို့လား...  


နဉ်ယွီက အဆင်ပြေနေတာပဲကို...


ကျွန်တော်ကသာ အရိုက်ခံခဲ့ရတဲ့သူပါ...


ကျီလင် မျက်ရည်မထွက်ဘဲ ငိုချင်လာခဲ့သည်။ ကျင်းဆွေ့၏ အသက်ရှူသံများက ပို၍ပို၍တင်းမာလာပြီး ကြောက်မက်ဖွယ်ကောင်းလာသည်ကိုမြင်ချိန်တွင် ကျီလင်ရုတ်တရက် မျက်ရည်များဝဲတက်လာခဲ့၏။ သူ့အရှေ့ရှိ အနက်ရောင်ဆံပင်၊ ရွှေရောင်မျက်လုံးများဖြင့် လူကိုကြည့်ကာ သနားဖွယ်ဟန်ဆောင်ပြီး တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။

"အ...အရှင်ဧကရာဇ်..."


ထိုတုန်ယင်နေသည့် 'အရှင်ဧကရာဇ်' ဟူသောအသံက တစ်စုံတစ်ခုကို ညင်သာစွာထိလိုက်သည့် လက်တစ်စုံကဲ့သို့ပင်။ 


ရပ်တန့်နေသောအချိန်များ ဆက်ရွေ့လျားလာပြီး အတိတ်က အတွေးများကို ပစ္စုပ္ပန်သို့ ပြန်ရောက်လာစေခဲ့သည်။ 


ကျင်းဆွေ့ နောက်ဆုံးတွင် လက်မြှောက်လိုက်သည်။ 


ကျင်းဆွေ့က ကျီလင်၏အကြည့်များကြားမှာပင် ကျီလင်၏မျက်လုံးထောင့်ရှိမျက်ရည်စများကို ညင်သာစွာသုတ်ပေးလိုက်သည်။ ထို့နောက် နေရာနှင့်အချိန်များ ကူးပြောင်းလာပြီး ဝေးကွာသော အနာဂတ်ဆီမှ လွင့်မြောလာသကဲ့သို့ ပေါ့ပါးသည့်အသံဖြင့် သူပြောလိုက်၏။  


"ကိုယ် တောင်းပန်ပါတယ်..." 



✨✨✨


ကြည့်ရတာ ကျင်းဆွေ့က ဒီပြိုင်ပွဲမတိုင်ခင်ကမှ ပြန်လည်မွေးဖွားလာတာနေမယ်၊ ဒီမတိုင်ခင်ကတော့ သူ့အရင်ဘဝကလိုပဲ ကျီလင်ကို မာမာထန်ထန် ဆက်ဆံခဲ့တာဆိုတော့🥹