Chapter 39
Viewers 15k

✨ Chapter 39



နဉ်ယွီက မကြာမီ သတိပြန်ဝင်လာပြီး ကျီလင်ကို ထပ်မံဖိနှိပ်ခဲ့သော်လည်း အင်တာနက်ပေါ်ရှိ လှောင်ပြောင်မှုများက တဖြည်းဖြည်းဖြင့် ပျောက်ကွယ်သွားခဲ့သည်။


တစ်စုံတစ်ယောက်က စတင် တွန့်ဆုတ်လာသည်။


"သူက မွေးရာပါချို့တဲ့မှု C အဆင့် ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့ မွေးဖွားလာတာမလား... မြို့စားကြီးကျီထင်တောင် သူ့ကိုယ်ခန္ဓာရဲ့ ကျန်းမာကြံ့ခိုင်မှုကို တိုးတက်အောင် ကူညီပေးနိုင်မယ့် နည်းလမ်းမရှိဘူးတဲ့... အဲဒါကြောင့် သူ့ကို အမြဲတမ်း အလိုလိုက်ထားခဲ့တာ... မင်းတို့မှာ C အဆင့် ခန္ဓာကိုယ်ဖွဲ့စည်းမှုရှိပြီး တိုက်ခိုက်ရေးကို မလေ့လာထားဘူးဆိုရင် ဒီလိုအချိန်အကြာကြီး တောင့်ခံထားဖို့က မလွယ်ဘူးမလား..."


"နဉ်ယွီက အရမ်းစွမ်းအားကြီးပေမဲ့ ဒီကလေးက အခြားသူတွေ ပြောသလိုမျိုး အမှိုက်တစ်စတော့ ဖြစ်ပုံမရပါဘူး..."


"မင်းရဲ့အသံကို တိုးထားစမ်း... ငါသာဆိုရင် သေနေလောက်ပြီ..."


"သူက အမှိုက်ကောင်လို့ မင်းတို့အားလုံး မပြောခဲ့ကြဘူးလား... အင်ပါယာထဲက သာမန်လူပေါ်ကြော့လေးက ဒီလိုမျိုးလုပ်နိုင်တယ်လား…"


"သူက ဘာလို့ မရှုံးသေးတာလဲ... အခုထိ တောင့်ခံနေတုန်းပဲ... ဘာလို့ ရှုံးနိမ့်သွားတာကိုပဲ ဝန်မခံရတာလဲ…"


"တကယ်တော့ ရှုံးနိမ့်ကြောင်းကို ဝန်ခံဖို့က ကြီးကြီးမားမား ကိစ္စတော့မဟုတ်ဘူး... အခု သူ ရှုံးနိမ့်ကြောင်းကို ဝန်ခံလိုက်ရင်တောင် သိပ်ပြီးအရုပ်ဆိုးမှာ မဟုတ်ဘူး ဟုတ်တယ်မလား... ဘာပဲဖြစ်ဖြစ် သူ အစွမ်းကုန်ကြိုးစားခဲ့တယ်လေ..."


"C အဆင့် ခန္ဓာကိုယ်ဖွဲ့စည်းမှုရှိတဲ့ အထက်တန်းလွှာ တစ်ယောက်က အဲဒီလိုလည်း လုပ်နိုင်တယ်ပေါ့…"


"ငါက နဉ်ယွီကောရဲ့ဘက်က ရပ်တည်နေတုန်းပဲ…"


"ဒါပေမဲ့ နဉ်ယွီက တမင်သက်သက် အထိုးခံလိုက်တာလား..."


"မဖြစ်နိုင်ပါဘူး... သူက အင်အားကြီးသူတွေကို ကြောက်တတ်တဲ့ လူစားမျိုး မဖြစ်နိုင်ဘူး..."


ကျီလင်က နောက်တစ်ကြိမ် အလဲထိုးခံခဲ့ရပြီး ကြီးမားလှသော မက်ခါကြီးက မြေပြင်ပေါ်သို့ အကြိမ်ပေါင်းများစွာ လှိမ့်သွားလေသည်။ shock absorption system ပါရှိသောငြား ကျီလင်က မူးဝေသလို ခံစားနေရဆဲပင်။


[TN: shock absorption system ဆိုတာ မော်တော်ယာဉ်တွေမှာပါတဲ့ စနစ်တစ်ခုပါ။ ယာဉ်တွေကို ထောက်ကန်ထားရတဲ့ ဝင်ရိုးပေါ်က စပရင်တွေရဲ့ ဖိအားနဲ့ ပြန်ကန်အားတွေကို စုပ်ယူလျော့ကျစေတဲ့ စနစ်ပါ။]


အစပိုင်းတွင် နဉ်ယွီ၏မက်ခါ ပျက်စီးမည့်အချိန်က နှောင့်နှေးနေသည်ဟု ကျီလင် ထင်ထားခဲ့ပြီး မြန်မြန် ပျက်စီးသွားစေရန် အသည်းအသန် ဆုတောင်းနေခဲ့သည်။ နောက်ဆုံး၌ နဉ်ယွီ၏မက်ခါက လုံးဝ ကမောက်ကမ မဖြစ်နိုင်ကြောင်းကို တဖြည်းဖြည်း သိရှိလာခဲ့သည်။


သို့မဟုတ် တစ်စုံတစ်ယောက်က သူ လုပ်နေသည့်ကိစ္စကို ရှာဖွေတွေ့ရှိသွားပြီး တားဆီးခဲ့ခြင်းလည်း အတော်လေးဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် ပြန်လည်မွေးဖွားလာတဲ့ လူတွေက အများကြီးပဲလေ...


၎င်းကိုစဉ်းစားရင်း ကျီလင်၏နှလုံးသားက အလွန်ဝမ်းနည်းပြီး ဒေါသဖြစ်သွားသည်။

ဒီအလိမ်အညာ ဗီလိန်အုပ်စုကတော့...အားးး…


မင်းတို့မှာ ရည်ရွယ်ချက်ကောင်းတွေ မရှိဘူးဆိုတာ ငါ သိပါတယ်... နောက်ပြီး မင်းတို့အားလုံးက နဉ်ယွီ့ကို ကူညီနေတာပဲ... အရင်က သူတို့ရဲ့ အပြုအမူကြောင့် စိတ်ရှုပ်ခဲ့ရတာကို ငါ မယုံနိုင်သေးဘူး... သူတို့ကိုယ်တိုင် ပြောင်းလဲသွားတယ်လို့ ထင်ထားခဲ့တာ...


ထိုးနှက်ခံရသော ကျီလင်မှာ အလွန်စိတ်ပျက်သွားသည်။


နဉ်ယွီ အမှားလုပ်မိရန်မှာ မဖြစ်နိုင်တော့ကြောင်းကို တွေ့လိုက်ရသည်။ ကျီလင်က သေချာပေါက် နဉ်ယွီ၏ ပြိုင်ဘက်မဟုတ်ပေ။

ဒါဆို ငါ ဘာလို့ ရှုံးနိမ့်ကြောင်း ဝန်မခံရတာလဲ...


သို့သော် သူက နဉ်ယွီကို အလွန် 'မုန်းတီး' သည်။

ရှုံးနိမ့်ကြောင်းကို ဝန်ခံတာက ငါ့ရဲ့ပင်ကိုယ်စရိုက်နဲ့ မကိုက်ညီဘူးလေ...အားးး…


ကျီလင်က အဆုံးမရှိ ရုန်းကန်နေချိန်၌ နဉ်ယွီ၏မက်ခါက သူ့ဆီသို့ တစ်ဖန်ပြန်ရောက်လာခဲ့ပြီး အဖြူရောင်အရိပ်က လျှပ်စီးလက်သကဲ့သို့ အလွန်လျင်မြန်လှသည်။ ကျီလင်မှာ ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ အရိုက်ခံခဲ့ရပြီး ဖြစ်သောကြောင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။


ထိုအချိန်တွင် အနက်ရောင် မက်ခါတစ်စီးက ရုတ်တရက် ကောင်းကင်ယံမှ ရောက်ရှိလာခဲ့သည်။ 'ဘန်း' ဟူသော ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ သက်ဆင်းသွားသည်။


ထိုအနက်ရောင် မက်ခါက သူတို့ လက်ရှိ အသုံးပြုနေသော စံသတ်မှတ်ထားသည့် မက်ခါထက် အဆများစွာပိုကြီးသည်။ အရည်အသွေး ပြည့်ဝသော ကိုယ်ထည်က သူ၏လှပပြီး ပြတ်သားသော ကောက်ကြောင်းပုံသဏ္ဌာန်ကို ဖော်ပြထားသည်။ အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေသော အနက်ရောင် သတ္ထုအသွင်အပြင်က မာကျောမှုနှင့် ပြည့်နှက်နေသည်။ ဖြန့်ကားထားသောအတောင်ပံများက ချွန်ထက်သော ဓားသွားနှစ်လက်ကဲ့သို့ပင်။ ဖျက်ဆီးပစ်၍မရနိုင်သော အေးစက်မှုနှင့်အတူ တောက်ပနေ၏။


ပြိုင်ပွဲကွင်းပြင်မှာ တိတ်ဆိတ်သွား၏။


လူတိုင်းက ထိုမက်ခါကို မှတ်မိပေ၏...

ဒါက ဧကရာဇ်ရဲ့ မက်ခါပဲ...


အင်ပါယာတစ်ခုလုံးတွင် အစွမ်းထက်ဆုံးနှင့် အထူးခြားဆုံး တိုက်ခိုက်ရေး မက်ခါပင်။


ကျီလင်က သူ့ရှေ့ရှိ သံမဏိကိုယ်ထည်ကြီးကို သတိလက်လွတ် ငေးကြည့်နေမိသည်။ ရှုံးပွဲမရှိသည့် နတ်ဘုရားတစ်ပါးက သူ့ရှေ့သို့ ဆင်းသက်လာသကဲ့သို့ပင်။ ၎င်း၏ အသွင်အပြင်က ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်သွားစေခဲ့သည်။


အခု ခင်ဗျားက ဒီမှာ ဘာလုပ်နေလဲ...


ကျွန်တော်က အသတ်ခံရတော့မယ်... နဉ်ယွီက ဘာမှမဖြစ်ဘူးလေ...


ခင်ဗျား ဟီးရိုးတစ်ယောက် ဖြစ်လာစရာအကြောင်း လုံးဝမရှိတော့ဘူး... အိုကေလား...


ကျီလင်မှာ စိတ်ရှုပ်သွားရသည်။


ရလဒ်အနေဖြင့် နောက်အခိုက်အတန့်တွင် သူ့ရှေ့ရှိ အနက်ရောင်မက်ခါက ကြောက်မက်ဖွယ်ကောင်းစွာဖြင့် ဒူးကို ကွေးညွှတ်ကာ အင်အားသုံးပြီး အဖြူရောင် မက်ခါကို မိုးကြိုးတစ်ခုကဲ့သို့ ပြင်းပြင်းထန်ထန် ရိုက်ချသည်ကို ကျီလင် မြင်လိုက်ရသည်။


ကျီလင် : ဟမ်...


ကျီလင်က သူ့အရှေ့ရှိ နဉ်ယွီ၏အဖြူရောင်မက်ခါအား လက်သီးတစ်ချက်တည်းဖြင့် ထိုးနှက်ခဲ့သည့် နတ်ဘုရားကဲ့သို့ အနက်ရောင်မက်ခါကို ဗလာဖြစ်စွာ စိုက်ကြည့်နေခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူ့စိတ်ထဲ မေးခွန်းအမှတ်အသားများဖြင့် ပြည့်သွားခဲ့သည်။


ကျင်းဆွေ့ အရင်က ပုံမှန်ပဲမဟုတ်ဘူးလား... ဘာတွေဖြစ်နေတာလဲ...သူ နဉ်ယွီကို ဘာလို့ဝင်တိုက်တာလဲ...သူ ရုတ်တရက်ကြီး ဝက်ရူးပြန်တာတော့မဟုတ်ဘူးမလား…မကောင်းတော့ဘူး... ခင်ဗျားက ဇာတ်လိုက်လေ...ခင်ဗျား ထိန်းထားမှရမယ်...ခင်ဗျားက ကျွန်တော် အိမ်ပြန်နိုင်ဖို့ ကျွန်တော်ရဲ့တစ်ခုတည်းသော မျှော်လင့်ချက်လို့...


ကျီလင် ငိုလုမတတ်ဖြစ်သွားခဲ့၏။


သူ မှင်သက်နေစဉ်မှာပင် ပြိုင်ကွင်းထဲ၌ အေးစက်ခမ်းနားသော အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

"အနိုင်ရရှိသူကို ဆုံးဖြတ်ပြီးပါပြီ...ပြိုင်ပွဲပြီးဆုံးသွားပါပြီ..."


နဉ်ယွီ၏အမည်ကို တိုက်ရိုက်မပြောခဲ့သော်လည်း နဉ်ယွီက တစ်ချိန်မဟုတ် တစ်ချိန်၌ အနိုင်ရမည်ကို လူတိုင်းမြင်နိုင်ကြပြီး နဉ်ယွီက ဤပြိုင်ပွဲကို အနိုင်ရခဲ့သည်မှာ သံသယဖြစ်စရာပင်မလိုချေ။


သို့သော် ထိုနေရာတွင်မူ တိတ်ဆိတ်နေကြဆဲဖြစ်သည်။ 


ဒါဆို ဧကရာဇ်က ပြိုင်ပွဲကိုဝင်စွက်ဖက်ဖို့ မက်ခါကို ကိုယ်တိုင်ကိုယ်ကျမောင်းခဲ့တာပေါ့...ဒီလိုအရာမျိုးက...အင်ပါယာရဲ့ သမိုင်းကြောင်းတစ်လျှောက်လုံးမှာ ပထမဆုံးပဲ...


သူက ဧကရာဇ်တစ်ပါးအနေဖြင့် တရားမျှတသောပြိုင်ပွဲတစ်ခုတွင် ဝင်ရောက်စွက်ဖက်ခဲ့လေသည်။


၎င်းကလည်း အင်ပါယာအထက်တန်းလွှာတစ်ဦးကို ကာကွယ်ရန်ဖြစ်သည်။


၎င်းက သိသိသာသာပင် မတရားနေချေ။


စတားကွန်ယက်ပေါ်ရှိလူများအားလုံး ခဏခန့် တိတ်ဆိတ်သွားပြီး သူတို့၏မကျေနပ်မှုများကို စတင်ဖော်ပြလာကြသည်။


[ T/N - ဒီအပိုင်းကစပြီး ကြယ်ကွန်ယက်ကို စတားကွန်ယက်လို့ ပြောင်းရေးပါ့မယ် ]


"ငါ ဧကရာဇ်ကို သာမန်ပြည်သူတွေနဲ့ အနီးကပ်ဆုံး တရားအမျှတဆုံးလို့ ထင်ခဲ့တာ...သူ အရင်က နဉ်ယွီအတွက် ကျီလင်ကို အပြစ်ပေးခဲ့တယ်လို့တောင် ပြောခဲ့သေးတာ...ငါတော့ သူ သရုပ်ဆောင်နေတာလို့ပဲထင်တယ်...ဒီလိုမျိုး အရေးကြီးတဲ့အခိုက်အတန့်မှာ သူ ဘယ်သူ့ကို တကယ်ကာကွယ်ပေးလဲဆိုတာ ကြည့်ရင် သိနိုင်တာပဲလေ…"


"နောက်ဆုံးတော့လည်း သူတို့က သူတို့ရဲ့ အထက်တန်းလွှာတွေကို ကာကွယ်နေတုန်းပဲ...သူတို့ အရင်က ငါတို့ကိုသက်သပ်ရှိုးလုပ်ပြနေတာ..."


"ငါတို့အားလုံးကို အရူးတွေလို့ထင်နေတာလား..."


"မင်းတို့ အခု အိမ်မက်ကနေ နိုးလာကြပြီလား..."


"ဧကရာဇ်တစ်ယောက်အနေနဲ့...အဲဒါကနည်းနည်းလွန်လွန်းတယ်မလား..."


"နဥ်ယွီ အနိုင်ရမှာကို လက်မခံချင်ဘူးဆိုရင်တောင် ဘာဖြစ်လဲ...နဉ်ယွီ နိုင်နိုင်မှန်း လူတိုင်းသိနေကြတာပဲကို..."


"မင်းတို့ အဲဒီ အင်ပါယာအထက်တန်းလွှာတွေကို မျှော်လင့်ချက်မထားသင့်ဘူး... ဒါပေါ့ ဧကရာဇ်ပါဆိုမှ အထက်တန်းလွှာတွေရဲ့ အကျိုးစီးပွားကိုပဲ ကာကွယ်ပေးမှာပေါ့ ဟီးဟီး..."


"ငါတော့ ငါတို့ရဲ့နဉ်ယွီအတွက်ပဲ စိတ်မကောင်းဖြစ်မိတယ်...သူ့ကို အဝေးကနေ လှမ်းဖက်ထားပေးချင်လိုက်တာနော်..."


 "..."


မိနစ်အနည်းငယ်အတွင်း အင်တာနက်ပေါ်ရှိ အကြောင်းအရာက အကြိမ်များစွာပြောင်းလဲခဲ့သည်ကို ကျီလင် မသိချေ။ သူ ရှင်းလင်းခံရလုနီးပါးဖြစ်ခဲ့သော်လည်း ယခုတွင် ကျင်းဆွေ့က အပြစ်တင်ခံရသူ နေရာယူကာ အင်တာနက်သုံးစွဲသူများ၏ မကျေနပ်မှုများကို ထုတ်ဖော်ရန် ပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။


ကျီလင် မက်ခါထဲမှ မိန်းမောကြောင်အစွာဖြင့် ထွက်လာပြီး သူ့အရှေ့ရှိ အနက်ရောင်မက်ခါကြီးကို တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်သည်။


သာမန်လူတွေရဲ့အားအထားရဆုံး သူငယ်ချင်းကောင်းကြီး ကျင်းဆွေ့က ဘယ်ရောက်သွားတာလဲ...ခင်ဗျား ဘာလို့ဒီလိုမျိုးဖြစ်သွားတာလဲ...


ခင်ဗျားရော ပြန်လည်မွေးဖွားလာသလား... ဒါမှမဟုတ် ဘရန်ဒန်ကြောင့် လမ်းလွဲသွားတာလား...


ကျီလင် စိတ်ဓာတ်ကျနေစဉ်မှာပင် အနက်ရောင်မက်ခါ၏အလယ်၌ အပေါက်တစ်ခုပွင့်လာပြီး အရပ်မြင့်မြင့်ပုံရိပ်တစ်ခုက မီတာများစွာမြင့်သော မက်ခါပေါ်မှ ခုန်ဆင်းလာကာ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လာသည်ကို တွေ့လိုက်ရ၏။


ကျင်းဆွေ့က သူ၏ချောမောသော မျက်နှာကိုထုတ်ဖော်ရန် ခေါင်းမော့လိုက်သည်။ သူ၏ရွှေရောင်မျက်ဆံများတွင် အေးစက်သော အလင်းရောင်တစ်ခု ရှိနေသည်။ သူက သူ့အနောက်ရှိ ကျီလင်ကိုလှည့်မကြည့်ဘဲ နဥ်ယွီ၏မက်ခါဆီသို့ တည့်တည့်လျှောက်သွားကာ မက်ခါ၏ တံခါးပေါက်စွန်းကို လှမ်းကိုင်ပြီး ပျက်စီးနေသော တံခါးဖုံးကိုတိုက်ရိုက်ဆွဲဖြဲ၍ နဉ်ယွီကို အထဲမှ ဆွဲထုတ်လိုက်သည်။


နဉ်ယွီ၏နှုတ်ခမ်းများက အနည်းငယ်ဖျော့တော့နေပြီး ဒဏ်ရာရသွားပုံရသည်။ သူက ကျင်းဆွေ့ကို မျက်လွှာပင့်ကြည့်လာခဲ့သည်။ သူ၏ မြစိမ်းရောင်မျက်လုံးထဲရှိ အလင်းရောင်က လှုပ်ခတ်သွားပြီး အသံတိုးဖွဖွလေး ထွက်လာခဲ့သည်။

"အရှင်မင်းကြီး..." 


ကျင်းဆွေ့က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"မင်း အဆင်ပြေရဲ့လား..."


နဉ်ယွီက ခေါင်းခါပြလာခဲ့သည်။

"အဆင်ပြေပါတယ်... ကြီးကြီးမားမားမဟုတ်ပါဘူး..."


ကျင်းဆွေ့ လှုပ်ရှားခဲ့ချိန်၌ သူ့ခွန်အားကို ထိန်းချုပ်ခဲ့ပြီး သူ တစ်ချက်ကြည့်ရုံမျှဖြင့် နဉ်ယွီ ဒဏ်ရာမရသည်ကို ပြောနိုင်၏။ ကားလို့စ်က နဉ်ယွီကို တိတ်တဆိတ်တားရန် တစ်စုံတစ်ဦးစီစဉ်ထားသည်ဟု ဆိုသော်လည်း ယခုအချိန်တွင် ၎င်းက အဓိကအကြောင်းအရာမဟုတ်ချေ။ ကျင်းဆွေ့ ရပ်တန့်သွားကာ နဉ်ယွီကို တောင်းပန်ဟန်မျက်လုံးများဖြင့်ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။

"ငါ မင်းကို မတရားခံရစေမိပြီ...အဲဒါက ပြိုင်ပွဲဆိုပေမယ့်...အနိုင်ရတဲ့သူ ဆုံးဖြတ်ပြီးသွားပြီဆိုတော့ ငြိမ်းချမ်းရေးယူလိုက်တာ ပိုကောင်းမယ်ထင်တယ်...မင်းရော ဘယ်လိုထင်လဲ..."


နဉ်ယွီက နားလည်မှုရှိသော အပြုံးပြပြီး ပြောလာခဲ့သည်။

"အရှင်ပြောတာ မှန်ပါတယ်...ကျွန်တော် စောစောက စိတ်လိုက်မာန်ပါနဲ့မို့လို့ အချိန်မှီ မရပ်လိုက်မိတာပါ..."


ကျင်းဆွေ့ အနည်းငယ် ပြုံးလိုက်သည်။

"ရပါတယ်..."


ကျီလင် မူလက တုန်လှုပ်ချောက်ချားနေပြီး ကျင်းဆွေ့လည်း ပြန်လည်မွေးဖွားလာသည်ဟု ထင်လုနီးပါးဖြစ်သွားခဲ့သည်။ သို့သော် ကျင်းဆွေ့ သူ့ကို ရုတ်တရက် ဝင်ကယ်ပြီးနောက် သူ့ကိုပင်မကြည့်ဘဲ နဉ်ယွီထံသို့ တန်းပြေးသွားကာ လူတိုင်း၏ရှေ့၌ ချစ်ခင်ကြင်နာပြသည်ကို တွေ့လိုက်ရ၍ ကျီလင် သူ့အတွေးများကိုသူ သံသယဝင်မိသွားသည်။


ကျင်းဆွေ့ ငါ့ကို လာကူညီတာမဟုတ်ဘူးထင်တယ်...


ကျီလင်၏မျက်လုံးများ တောက်ပလာခဲ့သည်။


အဲဒါဖြစ်နိုင်ချေရှိတယ်...


ယခုဘဝတွင် လိပ်ပြာအကျိုးသက်ရောက်မှုကြောင့် နဉ်ယွီ သူ့ကို မညှာတာဘဲ ရိုက်နှက်ခဲ့သည်။ နဉ်ယွီက ပြိုင်ပွဲကို သေချာပေါက်အနိုင်ယူနိုင်သောကြောင့် ကျင်းဆွေ့က အလှလေးကို ကယ်တင်သည့် သူရဲကောင်းလုပ်ရန်လိုပေ။ ၎င်းက နဉ်ယွီအတွက် လိုအပ်သောအရာမဟုတ်ချေ။


သို့သော် သာမန်လူတစ်ဦးဖြစ်သော နဉ်ယွီက ပြိုင်ကွင်းထဲ၌ ကျီလင်ကို အမှန်တကယ်ရိုက်သတ်မိပါက သူအနိုင်ရသွားလျှင်ပင် ဒုက္ခကြီးရောက်လိမ့်မည်မှာ သေချာသည်။


ငါက စိတ်ရှိတိုင်း သတ်ပစ်လို့ရတဲ့လူတစ်ယောက်မို့လို့လား... လုံးဝမဟုတ်ဘူး...


ဤကိစ္စတွင် ကျီလင်က နဉ်ယွီကို သတ်နိုင်သော်လည်း နဥ်ယွီက ကျီလင်ကိုသတ်မိပါက သူ ရူးသွပ်သော လက်တုံ့ပြန်မှုများကို ခံစားရမည်ဖြစ်သည်။ အထက်တန်းလွှာတစ်ဦးကို သတ်ခြင်းက သူ ထိ၍မရသော အောက်ဆုံးမျဉ်းဖြစ်သည်။


ပြိုင်ပွဲက တရားမျှတသော်လည်း ဤလူ့အဖွဲ့အစည်းကမူ မမျှတချေ။


အခြားအထက်တန်းလွှာများက သူတို့၏ အာဏာကိုထိန်းသိမ်းနိုင်ရန် နဉ်ယွီကို ဆန့်ကျင်ကာ အဆုံးမဲ့ဒုက္ခများရင်ဆိုင်စေလိမ့်မည်ဖြစ်သည်။ ထို့အပြင် သူ့မိဘများဖြစ်သော မြို့စားကြီးကျီထင်နှင့် မဒမ်မာရီနာတို့ကလည်း နဉ်ယွီ၏ အသက်ကိုယူရန် မည်သည့်အရာကိုမဆို လုပ်လိမ့်မည်ဖြစ်သည်။


ထို့ကြောင့် ကျင်းဆွေ့၏လုပ်ရပ်က သူ့ကို ကယ်တင်ပုံရသော်လည်း အမှန်တွင် သူက နဉ်ယွီကို ကာကွယ်နေခြင်းဖြစ်သည်။ ဤနည်းဖြင့် နဉ်ယွီက ပြိုင်ပွဲကိုလှလှပပအနိုင်ရနိုင်သလို သူ၏မိဘနှင့် အခြားအထက်တန်းလွှာများကို မစော်ကားမိဘဲ လူတိုင်း၏စာနာစိတ်များ ရရှိနိုင်မည်ဖြစ်သည်။ ၎င်းက ရိုးရှင်းသော်လည်း ကောင်းကျိုးရနိုင်ကာအန္တရာယ်ကင်းပေသည်။ 


အဲဒါက ဇာတ်ကွက်ဆက်သွားဖို့ မှန်တဲ့နည်းလမ်းပဲ...


ကျီလင် ၎င်းကိုတွေးလိုက်မိစဉ် သူ့စိတ်ထဲ မျှော်လင့်ချက်များ တစ်ဖန်ဝင်ရောက်လာခဲ့သည်။ 


ဇာတ်လိုက်က ကောင်းကောင်းလုပ်ခဲ့တယ်... 


ငါ သူ့ကို အထင်လွဲခဲ့တာပဲ... 


လူတိုင်း၏အာရုံများက တောက်ပသောဧကရာဇ်နှင့် ဇာတ်လိုက် shou နဉ်ယွီအပေါ်ကျရောက်နေစဉ် အမြှောက်စာဇာတ်ကောင်လေး ကျီလင်က တိတ်တဆိတ် ထွက်သွားခဲ့သည်။ 


ငါ ဒီနေ့ တကယ်ပင်ပန်းနေပြီ...


ဤဘဝတွင် အရာများစွာ ပြောင်းလဲသွားသော်လည်း သူ အိမ်ပြန်နိုင်မည့် ဇာတ်ကြောင်းသို့ သေချာပေါက်ပြန်လှည့်နိုင်မည်ဖြစ်သည်။ 


ကျီလင် သူ၏ပြင်ဆင်ခန်းသို့ပြန်ရောက်လာခဲ့ပြီး ရေအေးဖြင့် မျက်နှာကိုဆေးကြောကာ အားအင်အချို့ပြန်ရလာစေရန် ခဏခန့်အနားယူနေခဲ့သည်။ ထို့နောက် တံခါးဖွင့်ကာ ထွက်သွားရန် ပြင်ဆင်ခဲ့သည်။ 


ယခု လူတိုင်းက အပြင်ဘက်၌စုဝေးနေကြဆဲဖြစ်ပြီး ဤနေရာတွင် မည်သူမျှမရှိနေ‌ချေ။ ကျီလင် စင်္ကြံအလွတ်ထဲ၌ တစ်ယောက်တည်း လမ်းလျှောက်နေပြီး ထောင့်တစ်ခုသို့ချိုးလိုက်စဉ် ရုတ်တရက် တစ်စုံတစ်ဦးနှင့် ဝင်တိုက်မိခဲ့သည်။ သူ တောင်းပန်စကားဆိုရန် မော့ကြည့်လိုက်ချိန်မှာပင် သူ့တစ်ကိုယ်လုံးတောင့်တင်းသွားခဲ့သည်။ သူ အံ့အားသင့်စွာဖြင့် နှုတ်ခမ်းများပွင့်ဟသွားပြီး စကားများပျောက်ရှသွားခဲ့သည်။ 


ငါ အမြင်များမှားနေတာလား...ကျင်းဆွေ့ကို ဒီမှာ ဘယ်လိုလုပ်တွေ့နေရတာလဲ... 


ကျင်းဆွေ့က စောစောလေးကတင် အပြင်မှာ နဉ်ယွီနဲ့ စကားပြောနေတာမလား... 


ခင်ဗျားရဲ့အချစ်ကလေးကို နှစ်သိမ့်ပေးမယ့်အစား ဒီနေရာမှာ တစ်ယောက်တည်းဘာလုပ်နေတာလဲ... 


ကျင်းဆွေ့ ခေါင်းအနည်းငယ်ငုံ့ကာ သူ့အရှေ့ရှိ အံ့အားသင့်နေသော ကောင်ငယ်လေးကိုကြည့်လိုက်သည်။ ကောင်ငယ်လေးက အနည်းငယ်ရှက်ရွံ့နေပြီး သူ၏ ဖြူဖွေးသောပါးပြင်ပေါ်တွင် နီမြန်းမှု မပျောက်ကွယ်သေးချေ။ သူ၏ မျက်လုံးများထဲ ရှုပ်ထွေးသောခံစားချက်များ ဖြည်းညှင်းစွာပေါ်ပေါက်လာခဲ့သည်။ 


အမှန်တွင် သူ စောစောက ကျီလင်နှင့် စကားပြောချင်ခဲ့သော်လည်း ထိုသို့မလုပ်ခဲ့ချေ။ 


သူ ကောင်ငယ်လေးကို နောက်ထပ်မလိုလားအပ်သည့် ထင်မြင်ယူဆချက်များနှင့် အကျိုးကြောင်းမခိုင်လုံသော တိုက်ခိုက်မှုများ မခံရစေရန် မီးမောင်းမထိုးပြချင်ခဲ့ပေ။ ထို့ကြောင့် သူ့နှလုံးသားထဲ၌ ကျီလင်ကို တွေ့ချင်နေသော်လည်း နောက်လှည့်မကြည့်ခဲ့ချေ။  


ကျီလင် သူ့အရှေ့ရှိလူကို ဗလာဖြစ်စွာကြည့်ကာ ခဏခန့်ကြောင်အနေပြီးနောက် တိုက်ဆိုင်မှုတစ်ခုဖြစ်နိုင်သည်ဟုတွေးလိုက်မိ၏။ 


ကျင်းဆွေ့လည်း ပြန်တော့မလို့ထင်တယ်...ဘာပဲဖြစ်ဖြစ် သူနဲ့ထပ်တွေ့မှတော့ ငါ ဘယ်လောက်ပင်ပန်းနေပါစေ ဆက်သရုပ်ဆောင်ရမယ်... 


ကျီလင်၏မျက်တောင်များ တုန်ခါသွား၍ ကျင်းဆွေ့ကို နီရဲနေသော မျက်လုံးများဖြင့် ဒေါသတကြီးကြည့်ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။ 

"ကျွန်တော့်ကို ကူညီပါလို့ ဘယ်သူပြောလို့လဲ...ခင်ဗျားမရှိရင်တောင် ကျွန်တော်သူ့ကို အနိုင်ယူနိုင်ပြီးသား..."


ကျင်းဆွေ့က စကားမပြောဘဲ သူ့ကိုစိုက်ကြည့်နေဆဲဖြစ်သည်။


ကျီလင် ထိုအကြည့်များကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။ ကျင်းဆွေ့၏မျက်လုံးများက သူ့ကို တစ်ခုခုမှားနေပြီဟုခံစားရစေသည်။ သူ တုန်ယင်သွားပြီးဆက်ပြောလိုက်၏။ 

"ကျွန်တော် ခင်ဗျားကိုပြမယ်...ကျွန်တော်က သူ့ထက်ပိုကောင်းတယ်ဆိုတာကို..." 


နဉ်ယွီ...


သူ ထိုစကားလုံးကိုမူ မပြောခဲ့ချေ။ 


ရုတ်တရက် အေးစက်သောလေညှင်းက သူ့လည်ပင်းဘေးမှ ဖြတ်သွားခဲ့သည်။ 


ကျင်းဆွေ့ ရုတ်တရက် လက်ဆန့်ပြီး ကျီလင်၏အနောက်ဘက်ရှိနံရံပေါ် လက်ထောက်လိုက်သည်။ သူ ခေါင်းငုံ့ကာ ကျီလင်၏မျက်နှာအနားသို့ ချဉ်််းကပ်လာခဲ့သည်။ သူ၏စူးရှသောရွှေရောင်မျက်ဆံများက ကျီလင်ကို စူးစူးရှရှစိုက်ကြည့်ပြီး မေးရိုးများတင်းကြပ်သွားခဲ့သည်။ သူ၏ နှုတ်ခမ်းပါးများက သူ တည်ငြိမ်နေသောအခြေအနေမရှိကြောင်း ညွှန်ပြနေခဲ့သည်။


ကျီလင် ချက်ချင်းပင် လန့်ဖျပ်သွားခဲ့သည်။


ဘုရားရေ...ကျင်းဆွေ့ရဲ့ဒီလိုမျိုးလေးနက်တဲ့အမူမရာကိုမြင်ရတာ ငါ့ဘဝနှစ်ခုလုံးမှာ ဒါပထမဆုံးအကြိမ်ပဲ...တကယ်ကြောက်စရာကောင်းတာပဲ... 


ယခင်ဘဝက ထိုလူ သူ့ကိုမည်မျှမုန်းတီးနေပါစေ အမြဲတမ်းလျစ်လျူရှုထားခဲ့သည်။ သူ့ကို အင်ပါယာကြယ်မှမောင်းထုတ်ရန် အမိန့်ပေးခဲ့စဉ်မှာပင် ကျီလင်က သူ့ကိုဒေါသထွက်စေရန် အရည်အချင်းမပြည့်မီသကဲ့သို့ မည်သည့်အမူအရာမျှ မပြသခဲ့ချေ။



✨✨✨