Chapter 38
Viewers 15k

✨ Chapter 38



အန်ဒါဆန်က ယခင်နှင့်ကွဲပြားသောအမိန့်ကို ကြားလိုက်ရပြီး မြို့စားကြီးကို ကြည့်လိုက်မိသည်။ သို့သော် သူ၏တည်ငြိမ်သော စကားလုံးများအောက်တွင် လူသတ်ချင်စိတ်ကို အန်ဒါဆန် ခံစားနိုင်ပေသည်။ ထို့နောက် ကိုယ်ကိုကိုင်းညွတ်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့…"


ကားလို့စ်က ခေါင်းညိတ်လိုက်သည်။

"သွားတော့…"


ကျီလင်မှာ ထိုအကြောင်းနှင့် ပတ်သက်ပြီး ဘာမှမသိပေ။ ကားလို့စ်က သူ့ကို ဖျောင်းဖျရန် ရောက်မလာခဲ့သည်ကို မြင်ပြီး ကျီလင်က ပျော်ရွှင်ကာ စိတ်သက်သာရာရသွားသည်။ မကြာမီ ယှဉ်ပြိုင်မည့်နေ့သို့ ရောက်ရှိလာသည်။


ရက်အနည်းငယ်ကြာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီးနောက် ဤယှဉ်ပြိုင်ပွဲ၏သတင်းက အင်တာနက်ပေါ်တွင် လွှမ်းမိုးသွားခဲ့ပြီး အဓိကဝဘ်ဆိုဒ်များ၏ ခေါင်းကြီးပိုင်းသတင်းများအဖြစ် နေရာယူထားခဲ့သည်။ အဓိကမီဒီယာများက ပြိုင်ပွဲနေရာသို့ စုရုံးရောက်ရှိလာကြသည်။ မကြုံစဖူး ခမ်းနားထည်ဝါစွာ လူအားလုံးက ပြိုင်ပွဲကွင်း၌ စုရုံးနေကြသည်။


ကျီလင် ပြိုင်ပွဲကွင်းသို့ ရောက်ရှိလာပြီး ပြင်ဆင်ရေးအခန်းသို့ သွားချိန်တွင် နဉ်ယွီအား တွေ့လိုက်ရသည်။


နဉ်ယွီအပေါ် သူ၏မနာလိုမှုနှင့် မကျေနပ်မှုများကို ဖော်ပြရန်အတွက် ကျီလင်က လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး နဉ်ယွီထံ ဒေါသတကြီး ပြောလိုက်သည်။

"မင်း စောင့်ကြည့်နေ... ငါ မင်းကို အနိုင်ယူပြမယ်…"


နဉ်ယွီက သူ့ကို ကြည့်နေ၏။ သူ၏ ကျောက်စိမ်းရောင် မျက်လုံးများက တည်ငြိမ်ပြီး စိတ်မဝင်စားသလိုပင်။ သူ့နှုတ်ခမ်းများမှာ မျှော်လင့်တောင့်တသော အပြုံးကို ပုံဖော်ထားသည်။

"တကယ်လား... ဒါဆို မင်းရဲ့ ခွန်အားတွေကို အပြည့်အဝ ထုတ်သုံးပြီး ငါ့ကို ကြည့်ခွင့်ပေးပါဦး..."


နဉ်ယွီက ကျီလင့်အနားသို့ တိုးကပ်ကာ သူ့မျက်လုံးများကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း အဓိပ္ပါယ်ရှိစွာ ပြောလိုက်သည်။

"မင်းက သူ့အတွက် ဘာလုပ်ပေးနိုင်လဲဆိုတာ ငါ့ကို ပြပေးပါဦး…"


ကျီလင်က နဉ်ယွီ၏ စူးရှသော အကြည့်ထဲသို့ သက်ဆင်းသွားသည်။ ထိုမျက်လုံးများ၏ အနက်ရှိုင်းဆုံးနေရာတွင် သူ နားမလည်နိုင်သော ခံစားချက်မျိုး ရှိနေပုံရပြီး ၎င်းက သူ့အား ခဏမျှ စိတ်လွတ်သွားစေသည်။ သို့သော် ကျီလင်က အလျင်အမြန်ပင် သူ့စိတ်ကို စုစည်းလိုက်သည်။ ထို့နောက် အေးစက်စွာ လှောင်ပြောင်ပြီး နဉ်ယွီ့အား ရိုင်းစိုင်းသည့် စကားလုံးများဖြင့် ဆက်လက်ပြောဆိုရန် အသင့်ပြင်လိုက်သည်။


ရလဒ်အနေဖြင့် နဉ်ယွီက မဆိုင်းမတွပင် လှည့်ထွက်သွားလေသည်။ မြင့်မားပြီး အားကောင်းသည့် နောက်ကျောပြင်တစ်ခုက ကျီလင့်အား ကျောခိုင်းကာ တဖြည်းဖြည်း ထားရစ်လေခဲ့သည်။


ကျီလင်က သူ့ပါးစပ်ဟလျက်သားပင် ကျန်ရစ်ခဲ့သည်။

"..."


သူ မပြောရသေးသည့် ယုတ်မာသော စကားလုံးများကို ပြန်လည်မျိုချလိုက်ရသည်။ ကျီလင်က လှောင်ရယ်ပြီးနောက် ပြင်ဆင်ရေးအခန်းဆီသို့ လျှောက်သွားလိုက်သည်။


ပထမဦးစွာ ကျီလင်က သူ့အစေခံကို ခေါ်လိုက်သည်။ အစေခံ၏နားထဲသို့ စကားအနည်းငယ်ကို တိုးတိုးလေးပြောကာ နဉ်ယွီ့အား သွားရောက်ဒုက္ခပေးရန် ညွှန်ကြားလိုက်သည်။ ထို့နောက် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သည်။


ယှဉ်ပြိုင်ပွဲကို သေသေချာချာ တရားမျှတစေရန်အတွက် ယှဉ်ပြိုင်သူနှစ်ဖက်စလုံးက စံသတ်မှတ်ထားသော တူညီသည့် မက်ခါကိုသာ အသုံးပြုရမည်။ ထိုသို့မဟုတ်ဘဲ သူတို့၏ကိုယ်ပိုင် မက်ခါများကိုသာအသုံးပြုပါက ယှဉ်ပြိုင်မှုက ခွန်အားချင်းပြိုင်ဆိုင်မှု မဟုတ်တော့ဘဲ ငွေကြေးအင်အား ပြိုင်ဆိုင်မှုဖြစ်လာပေလိမ့်မည်။


သို့သော် တူညီသော မက်ခါများ အသုံးပြုရမည်ဆိုသော ဤကိစ္စတွင် ကျီလင်အတွက် လွန်စွာအခွင့်အလမ်းမသာခဲ့ပေ။ ထို့အပြင် စစ်ပွဲပေါင်းတစ်ရာ အတွေ့အကြုံရှိသည့် စွမ်းအားမြင့် ဆင့်ကဲပြောင်းလဲလာသူ နဉ်ယွီက အမှိုက်တစ်စဖြစ်သည့် ကျီလင်ကို အနိုင်ယူခြင်းမှာ အခြေခံအားဖြင့် ကိုယ်လက်မလှုပ်ရှားနိုင်သူများကို စွမ်းအားအပြည့်ဖြင့် ညှင်းပန်းနှိပ်စက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ မူလပိုင်ရှင်က မိုက်မဲပြီး အဆိပ်အတောက်ဖြစ်စေသော အချစ်ရူး ဦးနှောက်မရှိသည့် ဇာတ်ကောင်ဖြစ်သော်လည်း နဉ်ယွီကို အနိုင်မယူနိုင်မှန်း သူလည်း သိပေသည်။ ထို့ကြောင့် သူက အစေခံအား နဉ်ယွီ၏မက်ခါကို နှောင့်ယှက်ဖျက်ဆီးရန် စေခိုင်းခဲ့ပြီး ယုတ်မာသောနည်းဖြင့် အနိုင်ယူရန် ကြိုးစားခဲ့သည်။ သို့သော် အင်ပါယာဥပဒေအရ ထိုသို့သော လုပ်ရပ်မျိုးကို လုံးဝပင် ခွင့်ပြုမထားပေ။


ရလဒ်အနေဖြင့် ယခင်ဘဝ၌ ကျီလင်က ဂုဏ်သိက္ခာကျဆင်းခဲ့ရသည်။


ကျီလင်က ဇာတ်ကြောင်းအတိုင်း အလေးအနက်ထား လျှောက်လှမ်းခဲ့ရုံမျှသာပင်။ အလွန်အမင်း ဆိုးရွားသော အခြေအနေ၌ ဤနည်းအားဖြင့် နဉ်ယွီကို ခြိမ်းခြောက်နိုင်ပြီး ကျင်းဆွေ့အား ဒေါသတကြီး ဖြစ်စေလိမ့်မည်။ ထို့နောက် ကျင်းဆွေ့က နဉ်ယွီကို ကာကွယ်ရန် ကိုယ်တိုင်ကိုယ်ကျ အရေးယူဆောင်ရွက်ခဲ့သည်။


အစေခံက အပြင်သို့ထွက်သွားပြီး မကြာမီမှာပင် ပြန်လာခဲ့သည်။ ထို့နောက် လုပ်ဆောင်ပြီးသွားကြောင်း အကြည့်တစ်ချက်ဖြင့် ကျီလင့်အား အချက်ပြလိုက်သည်။ ထိုအခါမှသာ ကျီလင်က စိတ်တည်ငြိမ်သွားခဲ့သည်။


အားလုံးကတော့ အဆင်သင့်ဖြစ်နေပြီ... လိုအပ်တာအားလုံးက အရှေ့ဘက်က တိုက်ခတ်လာမဲ့လေပဲ...


ယှဉ်ပြိုင်ပွဲ၏ VIP အခန်း၌ ကားလို့စ်က ဆိုဖာပေါ်တွင် ထိုင်နေပြီး လက်နှစ်ဘက်လုံးဖြင့် တုတ်ချောင်းကို ကိုင်ဆောင်ထားသည်။ သူ၏မျက်ခုံးများ၌ အုံ့မှိုင်းပြီး အေးစက်မည်းမှောင်သော အကြည့်တစ်ခု ရှိနေပေသည်။


အန်ဒါဆန်က သူ့အနားတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး ကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းရာ၌ အမြဲတမ်း တည်ငြိမ်ကာ ယုံကြည်စိတ်ချနိုင်ပေသည်။ နဉ်ယွီ၏ 'မတော်တဆ သေဆုံးခြင်း' အမှုကို ဖြစ်စေရန်အတွက် နဉ်ယွီ့အား ပူးပေါင်းဝန်းရံသတ်ဖြတ်ရန် SS အဆင့်ရှိသည့် ဆင့်ကဲပြောင်းလဲသူ သုံးယောက်ကို ရှာဖွေထားခဲ့သည်။ နဉ်ယွီ သေချာပေါက် သေဆုံးမည်မှာ ထင်ရှားနေသော်လည်း သူတို့ မအောင်မြင်ခဲ့ပေ။


နဉ်ယွီက နောက်ယောင်ခံလိုက်သူ သုံးဦးထံမှ မတော်တဆ လွတ်မြောက်သွားခဲ့ပြီး ဘရန်ဒန်၏ နေအိမ်တွင် ပုန်းအောင်းနေခဲ့သောကြောင့် ထပ်မံတိုက်ခိုက်ရန် အခွင့်မရှိတော့ပေ။


ဒါပေမဲ့ ဒါက တကယ်ကို... ကံကောင်းခြင်းပဲလား...


ကားလို့စ်က ကံကောင်းခြင်းဟု ခေါ်သည့်အရာကို တိုက်ဆိုင်မှုတစ်ခုဟုသာ အမြဲတမ်း ယုံကြည်ခဲ့သည်။ ကြိုတင်ပြင်ဆင်မှုများ လုံလောက်နေသရွေ့ ကံကောင်းခြင်းဆိုသည့်ကိစ္စမှာ မရှိပေ။ ကားလို့စ်က သူ တိုက်ခိုက်လိုသော ပြိုင်ဘက်အတွက် တစ်ဖက်သားကို ဤကဲ့သို့ 'ကံကောင်းမှု' မျိုးကို ဘယ်သောအခါမှ မပေးခဲ့ပေ။ သို့သော် ယခုတစ်ကြိမ်တွင် နဉ်ယွီက ကံကောင်းစွာ လွတ်မြောက်သွားခဲ့သည်။


နဉ်ယွီက ထူးခြားသော မည်သည့်စွမ်းရည်ကိုမျှ မပြသခဲ့ပေ။ သူ ထွက်ပြေးလွတ်မြောက်သွားသည့် အချိန်က တိုက်ဆိုင်မှုများဖြင့် ပြည့်နှက်နေပြီး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ ၎င်းက အမှန်တကယ်ပင် ကံကောင်းသွားသည်ဟု ထင်ရ၏။


ဒီတော့ ဒါက ကံကောင်းမှုတစ်ခုပဲလား... ဒါမှမဟုတ် သူ့အစွမ်းကို ဖုံးကွယ်ထားတာလား...


ကားလို့စ်က သူ့မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။ ဤလူက ထင်ထားသလောက် မရိုးရှင်းသည်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။


ငါ ဒီလူကို လျှော့တွက်မိသွားတာပဲ...


အခြား VIP အခန်းများတွင် လူများဖြင့် ပြည့်နေသည်။


ဝမ်ယန်က မျက်ခုံးများကို ကျုံ့ထားရင်း ပြိုင်ပွဲကွင်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက မှိုင်းမှုန်နေ၏။ အဆုံး၌ ကျီလင်ကို ရပ်တန့်ရန် နည်းလမ်းမရှိသလို ဤယှဉ်ပြိုင်ပွဲကို ရပ်တန့်ရန်လည်း နည်းလမ်းမရှိပေ။ ယခုအချိန်၌ ကျီလင် ဘေးကင်းလုံခြုံရန်အတွက်သာ သူ မျှော်လင့်နိုင်ပေသည်။


ဘရန်ဒန်က အခြားအခန်းတွင် ရှိနေပြီး အတွင်းပိုင်းအခြေအနေကိုလည်း အာရုံစိုက်နေသည်။ သူ့နှလုံးသားက လေးလံနေပြီး မည်သည့်ကိစ္စပင်ရှိပါစေ ကျီလင့်အား ထိခိုက်ခွင့်ပြုမည် မဟုတ်ပေ။


တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော အခြားအထက်တန်းလွှာများက ယှဉ်ပြိုင်ရာနေရာသို့ ရောက်ရှိလာခဲ့ကြပြီး ဤမကြုံစဖူးတိုက်ပွဲအပေါ် အာရုံစိုက်ခဲ့သည်။


ယှဉ်ပြိုင်ရာနေရာသို့ မလာရောက်နိုင်သော အင်တာနက်သုံးစွဲများက အမျိုးမျိုးသော ပလက်ဖောင်းများမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့ကြသည်။


အင်တာနက်ပေါ်ရှိ ဆွေးနွေးပြောဆိုနေကြသည့် ခေါင်းစဉ်မှာ အထပ်မြင့် အဆောက်အအုံကို တစ်ထပ်ပြီးတစ်ထပ် ဆောက်လုပ်နေသကဲ့သို့ မြင့်တက်လာပေသည်။ အားလုံးနီးပါးက ကျီလင်၏ ကိုယ်စွမ်းကိုယ်စကို လှောင်ပြောင်နေကြသည်။ မိနစ်အနည်းငယ်အတွင်း ကျီလင်က ဤယှဉ်ပြိုင်ပွဲအား ရှုံးနိမ့်လိမ့်မည်ဟု လောင်းကြေးထပ်ခဲ့ကြသည်။


"ကျီလင်လိုမျိုးအမှိုက်ကို ငါတို့ရဲ့ အကောင်းဆုံး နဉ်ယွီက လျှပ်တပြတ်ကို အနိုင်ယူနိုင်တယ်…"


"တစ်ရာက နည်းသေးတယ်... ငါတို့ရဲ့ အကောင်းဆုံး နဉ်ယွီကို မင်းက အထင်သေးနေတာလား... ငါတို့ရဲ့နဉ်ယွီက S-အဆင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ပဲ…"


"တချို့လူတွေက ကိုယ့်အခြေအနေကို ကိုယ်မသိကြဘူး... အခြားသူတွေက သူ့ကို အနှောင့်အယှက်မပေးပါဘူး... သူကသာ အရိုက်ခံရဖို့ အခြားသူတွေဆီ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဆက်သနေတာ... ဘာဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့…"


"နဉ်ယွီကော လုပ်ထား...အားးး အဲဒီအထက်တန်းလွှာအမှိုက်ကောင်ကို သင်ခန်းစာလေး နည်းနည်းလောက် ပေးလိုက်…"


"နဉ်ယွီက အကောင်းဆုံးပဲ…"


ကျီလင်က မက်ခါထဲတွင် ထိုင်ကာ စိတ်ပူနေပြီး အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို ပုံမှန်အတိုင်း မသိနားမလည်နေခဲ့ပေ။


ဤဇာတ်ကွက်ကို ယခင်ဘဝ၌ တစ်ကြိမ်သာ ဖြတ်သန်းခဲ့ဖူးသော်လည်း လိုက်ဖက်ညီသော လူ့ဘောင်အဖွဲ့အစည်းမှ သာမန်လူငယ်တစ်ဦးအတွက် နောက်တစ်ကြိမ် ပြန်လည်စတင်ရန် အလွန်ကြောက်စရာကောင်းနေဆဲပင်။ ဂျပန်ရုပ်ပြစာအုပ်များတွင်သာ မြင်ဖူးသည့် မက်ခါများကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုရမည်ဟု ကျီလင် တစ်ခါမှ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။


ကံကောင်းထောက်မစွာဖြင့် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် အလွန်မြင့်မားသော အင်ပါယာလူ့အဖွဲ့အစည်းက မက်ခါများကို ပြုလုပ်ဖန်တီးခဲ့ကြသည်။ ၎င်းတို့က မောင်းနှင်ရအလွန်ခက်ခဲပြီး မြင့်မားသော ကန့်သတ်ချက်များလည်း ရှိပေသည်။ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ ဉာဏ်ရည်ဉာဏ်သွေးဖြင့်သာ ၎င်းကို မောင်းနှင်နိုင်သည်။ သို့သော်လည်း ယာဉ်မောင်းသူ၏ တိုက်ခိုက်ရေးအသိပညာက အလွန်အရေးကြီးပြီး အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်နေဆဲပင်။


သူ့လက်များကိုသာ အညစ်ပတ်မခံခဲ့လျှင် ကျီလင် သေချာပေါက် အရိုက်ခံရလိမ့်မည်။


သူ့နဖူးပေါ်ရှိ ချွေးအေးများကို သုတ်လိုက်ပြီး သူ့ရှေ့မှတံခါးက ဖြည်းညှင်းစွာ ပွင့်လာသည်ကို ကြည့်နေမိသည်။ လီဗာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ချိန်တွင် 'ဘန်း' ဟူသော ပေါက်ကွဲသံနှင့်အတူ ပြေးထွက်သွားလေသည်။


'ဘန်း' ဟူသော ပေါက်ကွဲသံကြီးဖြင့် ပြိုင်ပွဲကွင်းတွင် မက်ခါနှစ်စီး ပေါ်ထွက်လာခဲ့သည်။ ပြန့်ကျဲနေသော ဖုန်မှုန့်များနှင့်အတူ အနီးနားရှိ ပရိသတ်များ၏ အော်ဟစ်သံများကလည်း ပြန့်လွင့်နေသည်။


ကျီလင်က ရှင်းရှင်းလင်းလင်း မကြားရဘဲ ရှေ့သို့သာ ကြည့်နေခဲ့သည်။ သူ လှည့်ကွက်များကို ပြုလုပ်ခဲ့သော်လည်း နဉ်ယွီ၏ မက်ခါ ပျက်သွားသည်အထိ ပထမမိနစ်အနည်းငယ်၌ သူ အသက်ရှင်ရန်အတွက် လုပ်ရန် လိုအပ်နေသေးသည်။ သို့မဟုတ်ပါက နဉ်ယွီ မတော်တဆမှု မဖြစ်မီအချိန်၌ပင် သူ ရှုံးနိမ့်သွားလိမ့်မည်ဖြစ်ပြီး အလွန်အရုပ်ဆိုးသွားလိမ့်မည်။


အဆိုပါ မက်ခါနှစ်စီးက စံသတ်မှတ်ထားသည့် တူညီသောမက်ခါများဖြစ်ကြသော်လည်း ကြည့်ရှုသူများ ခွဲခြားရလွယ်ကူစေရန်အတွက် နဉ်ယွီက အဖြူရောင်ဖြစ်ပြီး ကျီလင်က အနီရောင် ဖြစ်သည်။


နဉ်ယွီ၏လက်အောက်တွင် နောက်ထပ် မိနစ်အနည်းငယ်ကြာ ခုခံနိုင်စေရန်အတွက် ကျီလင်ကလည်း များစွာအားစိုက်ထုတ်ပြီး သရုပ်ဖော်မှုကို သင်ယူခဲ့သည်။ ဤတိုက်ခိုက်ရေးစက်ကို သင်ယူခြင်းက သူ့ခေါင်းကိုပင် ပြောင်သွားစေသော်လည်း မစ်ရှင်ပြီးမြောက်စေရန်အတွက် သူ လုပ်နိုင်ခဲ့သည်။


နောက်တစ်စက္ကန့်တွင် ဆန့်ကျင်ဘက်ခြမ်းရှိ အဖြူရောင် မက်ခါက ရွေ့လျားသွားသည်။


ကျီလင်က သူ၏အာရုံကို ပြန်လည်စုစည်းလိုက်ပြီး မက်ခါပေါ်ရှိ လေဆာဓားရှည်ကို ဆွဲထုတ်ကာ သေလုမျောပါးအခြေအနေကဲ့သို့ နှုတ်ဆက်လိုက်သည်။


ကျီလင်က ကိုယ့်ကိုယ်ကို အလွန်သတိထားနေပြီး နဉ်ယွီ့အား အနိုင်ယူရန်ကို စဉ်းပင်စဉ်းစားမနေခဲ့ပေ။ သူ၏ရည်ရွယ်ချက်မှာ နဉ်ယွီ၏ တိုက်ခိုက်မှုကို မည်သို့ ရှောင်ရှားရန်နှင့် ကြိုးစားပြီး အချိန်ပိုကြာကြာ ဆွဲထားနိုင်ရန် ဖြစ်သည်။


ခါတိုင်းလိုမျိုး အားနည်းတဲ့ ကျီလင်ကို မကြည့်နဲ့ဦး...


ကျီလင်က ကြီးမားသော ဖိအားများနှင့် ကြုံရချိန်တွင် သာမန်ထက် ကျော်လွန်ပြီး လုပ်ဆောင်နိုင်သည့် လူမျိုးပင်။ ကျောင်း၌ ကျောင်းတက်နေစဉ်က သူသည် သာမာန်မျှသာဖြစ်သော်လည်း စာမေးပွဲကြီးတစ်ခုနှင့် ကြုံသည့်အခါတိုင်း ပုံမှန်ထက် အမြဲတမ်း ပိုကောင်းနေတတ်သည်။ သူ၏ လက်တွေ့စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက အလွန်ကောင်းမွန်ပေ၏။


အခြေအနေက ပိုတင်းကျပ်ပြီး ခက်ခဲလေလေ သူ၏ အလားအလာကို ပိုပြီးနှိုးဆွနိုင်လေလေဖြစ်၏။


တကယ်တမ်း၌ အချက်အလက်များမှ သဲလွန်စအချို့ကို မြင်တွေ့နိုင်ပေသည်။ အရေးကြီးကိစ္စများစွာ ဝန်းရံလာချိန်တွင် သူက လုံးဝ ပျာယာခတ်သွားမည့်အစား အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။


အဖြူရောင်မက်ခါ၏ တိုက်ခိုက်မှုက အလွန်ပြင်းထန်လှသည်။ လှုပ်ရှားမှုများက သွက်လက်ချောမွေ့ပြီး အချိန်အတော်ကြာ တိုက်ပွဲဝင်ခဲ့သော စစ်သားတစ်ဦးအဖြစ် ထိုက်တန်လှပေသည်။ ကျီလင်က အသည်းအသန် ရှောင်ထွက်နေရပြီး စိတ်မချမ်းမြေ့စရာကောင်းနေ၏။ နဉ်ယွီ၏လက်မှ တစ်ကြိမ်ပြီးတစ်ကြိမ် လွတ်မြောက်ရန်မှာ ခက်ခဲလှသည်။ သို့သော် အင်အားကွာဟချက်မှာ ကြီးမားလွန်းသဖြင့် အကြိမ်ပေါင်းများစွာ ရှောင်တိမ်းပြီး နောက်ဆုံးတွင် ကျီလင်က နဉ်ယွီထံတွင် ဖမ်းမိသွားခဲ့သည်။


နဉ်ယွီက ကျီလင့်မက်ခါ၏ ဘယ်ဘက်လက်ကို ဓားဖြင့်ခုတ်လိုက်သည်။ မက်ခါ၏ ဘယ်ဘက်လက်မှာ လုံးဝဖြတ်တောက်ခံလိုက်ရသောကြောင့် လျှပ်စစ်မီးပွားများ ပေါ်ထွက်လာသည်။


ကျီလင်က မြေပြင်ပေါ်သို့ လှိမ့်ချလိုက်သည်။ ထို့နောက် နဉ်ယွီ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသဖြင့် ထွက်ပြေးသွားပြန်သည်။


မင်း ငါ့ကို လိုက်ဖမ်းတယ်... မင်း ငါ့ကို ရိုက်တယ်... နောက်ပြီး ငါက ပုန်းမယ်...


ထိုနည်းဖြင့် မိနစ်အနည်းငယ် ကုန်ဆုံးသွားလေသည်။


ကျီလင်က ရုတ်တရက် အံအားသင့်သွား၏။

တစ်ခုခုတော့ မှားနေပြီ...အားးး…


ငါ–ငါ သူ့ကို မိနစ်အတော်ကြာလောက်တော့ ရှောင်နိုင်တယ် ဟုတ်တယ်မလား...


နဉ်ယွီ၏မက်ခါ၌ ပြဿနာရှိသင့်သည်မှာ သေချာပေ၏။


ဒါပေမဲ့ ဘာကြောင့်လဲ... နဉ်ယွီက အခုအချိန်အထိ ဘာပြဿနာမှ ရှိသေးပုံမရဘူး...


ပြီးသွားပြီ... ငါ ဆက်ပြီးတောင့်မခံနိုင်တော့ဘူး အားးး


ငါ ဒီလို အသတ်ခံရမှာတော့ မဟုတ်ဘူးမလား...


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေစဉ် အွန်လိုင်းပရိသတ်များကလည်း အားမရကြောင်း ပြောဆိုခဲ့ကြသည်။


ကျီလင်က ယှဉ်ပြိုင်ကွင်းပေါ်သို့ ခြေချလိုက်သည်နှင့် ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိဘဲ ရိုက်နှက်ခံနေရသည်။ ခေါင်းကို အကိုင်ခံထားရသည့် ကြွက်ကလေးတစ်ကောင်ကဲ့သို့ လုံးလုံးလျားလျား တူနေပြီး ကြည့်ရှုသူ တစ်ယောက်ချင်းစီတိုင်းက နှစ်ထောင်းအားရနေကြသည်။


"ငါ မင်းတို့ကို ပြောသားပဲ သံသယဝင်စရာမရှိပါဘူးလို့... သခင်လေးကျီက နောက်ထပ် မိနစ်ပိုင်းလောက်ပဲ ခံနိုင်မယ်လို့ ထင်တယ်…"


"သူက ဆိုးဆိုးရွားရွား အရိုက်ခံရပြီး မကြာခင်မှာ အသက်ကို ချမ်းသာပေးဖို့ ဒူးထောက် တောင်းဆိုလိမ့်မယ် ထင်တယ်…"


"အထက်တန်းလွှာတွေအတွက် တကယ်ကို ရှက်စရာပဲ... ဒါက လက်ရှိ အင်ပါယာ အထက်တန်းလွှာတွေရဲ့ ပုံစံပဲ... နဉ်ယွီရဲ့ ခြေထောက်ကို မဖို့တောင် မထိုက်တန်ဘူး…"


"ဟားဟားဟား... ငါ ဒီအကြောင်းနဲ့ ပတ်သက်ပြီး တစ်နှစ်ပတ်လုံး ရယ်နေနိုင်တယ်…"


အားလုံးက ကျီလင် အရိုက်ခံရပြီး မြေကြီးပေါ် လူးလိမ့်နေသည်ကို ဝမ်းသာအားရဖြင့် ကြည့်နေကြသည်။ နောက်တစ်စက္ကန့်တွင် ကျီလင်က နဉ်ယွီထံမှ အသတ်ခံရတော့မည့်ပုံ ပေါ်သော်လည်း တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်မျှ အချိန်ကုန်ဆုံးသွားခဲ့သည်။


ကျီလင်က ခေါင်မာမာဖြင့် ရှောင်နေဆဲပင်။ အနီရောင် မက်ခါက စုတ်ပြတ်ရှုံ့တွနေပြီး ကြည့်ပျော်ရှုပျော်မရှိသော်လည်း မရှုံးသေးပေ။


ကျီလင်က မရှုံးသေးရုံသာမက အခြားသူများက သူ ဆက်လက်တောင့်မခံနိုင်တော့ကြောင်း တွေးနေချိန်၌ သူက တစ်ကြိမ်ပြီးတစ်ကြိမ်ပင် ရှောင်တိမ်းနိုင်ခဲ့သည်။


"ဒါ... ဒါက ဘာတွေဖြစ်နေတာလဲ…"


"သူက ဘာလို့ မရှုံးသေးတာလဲ…"


ကျီလင့်မက်ခါ၏ ဘယ်ဘက်လက်မောင်းက အဖြတ်ခံရပြီး ပြင်းပြင်းထန်ထန် အလဲထိုးခံရသည်ကို တွေ့လိုက်ရချိန်ကလည်း နောက်ဆုံးတွင် ဤတစ်ကြိမ်က အဆုံးသတ်ပဲဟု အားလုံးက ထင်နေခဲ့ကြသည်။


ဒီကလေးက စကြဝဠာငယ်လေးတစ်ခုလိုမျိုး ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ခေါင်းမာမာနဲ့ ဇွတ်ရှောင်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ...


ထို့နောက် ကျီလင်က နဉ်ယွီဆီသို့ ပြေးသွားပြီး နဉ်ယွီကို အလဲထိုးချလိုက်သည်။


သေစမ်း... ငါတို့ ထင်ယောင်ထင်မှား မြင်ချင်တာတွေ မြင်နေတာတော့ မဟုတ်ဘူးမလား...


ကျီလင်က အမှန်တကယ် ပြန်လည်တိုက်ခိုက်ခဲ့သည်။ သူက အချိန်အကြာကြီး တောင့်ခံခဲ့ရုံသာက ပြန်၍လည်း တိုက်ခိုက်ခဲ့သည်။


ဒီလူပေါ်ကြော့လေးက ရုတ်တရက်ကြီး ဆင့်ကဲပြောင်းလဲလာတာ မဟုတ်ဘူးမလား...



✨✨✨