Chapter 20
Viewers 2k

✨ Chapter 20

ကယ်တင်ခြင်း



တော်တော့၊ တော်လိုက်တော့... 


သူက ဇာတ်လမ်းထဲတွင် အလွန်စိတ်နှစ်ဝင်လွန်းထားသောကြောင့် သူ့တွင် ဤမျှဆိုးရွားသည့် အကြံအစည်တစ်ခု ရှိလာသည်ဟု ကျီလင် ခံစားမိသည်။


မျိုးဗီဇဖျက်ဆေးကို သုံးရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။ ၎င်းကို ဤဘဝတွင် အသုံးပြုရန်မဖြစ်နိုင်သောကြောင့် တာဝန်ပြီးမြောက်ရန် နဉ်ယွီအား စကားလုံးများဖြင့် တိုက်ခိုက်ခြင်းကိုသာ အားကိုးနိုင်ခဲ့သည်။


ကျီလင် အသက်ပြင်းပြင်း ရှူလိုက်ရင်း နဉ်ယွီ၏အင်္ကျီကော်လံကို လက်တစ်ဖက်ဖြင့် ဆွဲယူပြီး အောက်သို့ဆွဲချလိုက်သည်။ ထိုလူ၏ လှပသည့်ညှပ်ရိုးမှာ ရှိုက်သံတစ်ချက်နှင့်အတူ ပေါ်ထွက်လာပြီး မျက်လုံးများက ရှင်းလင်းပြတ်သားနေပေသည်။

"ဒါကြောင့် မင်း ငါ့ကို အထင်သေးနေသေးရင်လည်း ဘာအရေးလဲ… အခု ငါလုပ်ချင်သလို လုပ်ခွင့်ပေးရုံကလွဲပြီး မင်းမှာ ရွေးချယ်စရာမရှိဘူး…"


ကိုယ်လုပ်ချင်တာကို လုပ်လိုက်~ ကိုယ်လုပ်ချင်တာကို လုပ်လိုက်၊ လုပ်ချင်တိုင်းလုပ်လိုက်~


ကျီလင် မသိစိတ်ဖြင့် သူ့စိတ်ထဲမှ ရေရွတ်နေမိသည်။ နဉ်ယွီ၏မေးစေ့ကို ညာလက်ဖြင့် ပင့်ယူကာ အနည်းငယ် ပူလောင်နေသော သူ့မျက်နှာနှင့် ရင်ဆိုင်လိုက်ပြီး ကြမ်းတမ်းစွာ ပြောဆိုလိုင်သည်။

"မင်းအသက်ကို ချမ်းသာပေးဖို့နဲ့ မသေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ငါပြောပြမယ်…"


သမ်းတုန်းမှာ ဘေးမှကြည့်နေရင်း အလွန်အမင်း စိတ်သောကရောက်နေ၏။

သခင်လေးကျီက ဘာလို့ မလှုပ်ရှားသေးတာလဲ... ဘာလို့ သူ ဒီလောက်တောင် စကားများနေရတာလဲ...


သူ ထိုနေရာတွင် ပိတ်မိနေပြီး မလှုပ်ရှားနိုင်သည့် နဉ်ယွီ၏ ဖြားယောင်းသွေးဆောင်တတ်သည့် အသွင်အပြင်ကို ကြည့်လိုက်ပြီး တံတွေး မမျိုချဘဲမနေနိုင်တော့ပေ။ ရှေ့သို့ ဆက်သွားကာ ကျီလင်၏ လက်ထဲမှအရာကို သိမ်းပိုက်ရန် စိတ်အားထက်သန်နေသော်လည်း အဆုံးတွင် ကျီလင်၏အပျော်ကို ဝင်ရောက်နှောင့်ယှက်ရန် သူ့တွင် သတ္တိမရှိခဲ့ပေ။ သူ အလွန်စိုးရိမ်ပူပန်လျက်ဖြင့် စောင့်ကြည့်ရုံသာ ကြည့်နိုင်သည်။


သခင်လေးကျီ ကစားလို့ပြီးသွားရင် ငါ့ကိုလည်း ဝင်ကစားဖို့ ဆုချချင်ဆုချနိုင်တယ်… အဲဒါလည်း ဖြစ်နိုင်တာပဲ...


ကျီလင်က 'ယုတ်မာပြီး အရှက်မရှိသည့် လူယုတ်မာ' ပုံစံဖြင့် နဉ်ယွီ၏ရှေ့တွင် အချိန်အတော်ကြာသည်အထိ သရုပ်ဆောင်နေခဲ့သည်။ မျိုးဗီဇဖျက်ဆေးအား ဆုပ်ကိုင်ထားပြီး သူ့ရှေ့တွင် လှုပ်ယမ်းပြနေပုံက ကိုယ့်ကိုယ်ကို မည်မျှအထင်ကြီးနေပြီး မည်မျှစက်ဆုပ်ဖွယ်ကောင်းလဲ ဆိုသည်ကို ဖော်ပြရန်ပင်မလိုအပ်ပေ။ တကယ်တမ်း၌ ကျီလင်သည်လည်း သူ့စိတ်ထဲတွင် အလွန်အမင်း စိုးရိမ်ပူပန်နေ၏။


အဘယ်ကြောင့်ဆိုသော် သူ့တွင် ပြောစရာစကားများ ကုန်ဆုံးသွားပြီဖြစ်သောကြောင့်ပင်။


ဘာလို့ ဘရန်ဒန်က ရောက်မလာသေးတာလဲ အားးးး…


နဉ်ယွီ၏ရင်ဘတ်က အနည်းငယ်မျှ တက်လိုက်ကျလိုက်ဖြစ်နေပြီး သူ့ရှပ်အင်္ကျီက ချွေးများဖြင့် စိုရွှဲနေကာ စိတ်မသက်မသာဖြစ်မှုကို ဖော်ပြနေပေသည်။ သို့သော် ထိုအစိမ်းရောင် မျက်လုံးများ၏ အကြည့်မှာ စူးရှနေဆဲပင်။ တစ်ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက ကျီလင်ကို လှောင်ပြောင်လိုက်သည်။

"တကယ်လား... ငါ မြင်တာတော့ မင်း ငါ့ကို မသတ်ရဲပါဘူး…"


ကျီလင်၏မျက်လုံးများက အမြီးနင်းခံရသော ကြောင်တစ်ကောင်ကဲ့သို့ ပြူးကျယ်သွားပြီး အော်ဟစ်ကြိမ်းမောင်းလေတော့သည်။

"ဘယ်သူက မင်းကို မသတ်ရဲတာလဲကွ…"


နဉ်ယွီက မျက်ခုံးများကိုပင့်ကာ ထီမထင်သလို ကြည့်၍ ပြောလိုက်သည်။

"ဒါဆို မင်း ငါ့ကို သက်သေပြလေ…"


ကျီလင်က ခေါင်းမာမာဖြင့် ပြောလိုက်သည်။

"မင်းကိုသတ်ရတာက ငါ့အတွက်တော့ စျေးပေါလွန်းတယ်…"


နဉ်ယွီက လှောင်ပြောင်လိုက်သည်။

"သိပြီ မင်းက သတ္တိမရှိရုံလောက်လေးပဲ…"


ကျီလင် သူ့ခြေထောက်နားသို့ ခုန်သွားကာ ပြောလိုက်သည်။

"မင်း ငါ့ကို ရန်စဖို့ ကြိုးစားနေတာလား…"


နဉ်ယွီက ပြန်ဖြေလာ၏။

"ရန်စတာဆိုရင်ရော ဘယ်လိုလုပ်မလဲ… မင်းမှာသာ အရည်အချင်းရှိရင် ငါ့ကို သတ်လို့ရတယ်လေ..."


သူ့မျက်လုံးများကို မော့ကြည့်လိုက်ချိန်တွင် မျက်လုံးများထဲတွင် လှောင်ပြောင်အေးစက်မှုများနှင့် ပြည့်နှက်နေ၏။ ထို့နောက် စကားလုံးများကို တစ်လုံးပြီးတစ်လုံး ပြောလာသည်။

"ဒါမှမဟုတ် ဧကရာဇ်က မင်းကို အပြစ်တင်မှာကို ကြောက်နေတာလား…"


ထိုစကားကိုကြားပြီးနောက် ကျီလင်၏အမူအရာက 'ဒေါသတကြီး' ဖြစ်သွား၏။

ငါ-ိုး မင်း တခြားအရာတွေကို ပြောမယ်ဆိုရင်တောင် ထပ်ပြီး ခံနိုင်ရည်ရှိချင်ယောင်ဆောင်နိုင်သေးတယ်... ဒါပေမဲ့ ကျင်းဆွေ့အကြောင်းကိုပြောပြီး မူလပိုင်ရှင်ရဲ့ သွားမထိသင့်တဲ့ ကြေးခွံကို သွားထိလိုက်တာပဲ... မင်းကို သတ်မပစ်ဖို့အတွက် ခွင့်လွှတ်စရာအကြောင်း မရှိတော့ဘူး...


သူ နဉ်ယွီ၏ကော်လံကို အားအများအပြားဖြင့် ဆုပ်ကိုင်လိုက်သောကြောင့် အနည်းငယ်မျှ တုန်ရီနေလေသည်။ ညာဘက်လက်ထဲရှိ ဆေးထိုးအပ်ကို လည်ပင်းနားသို့ မြှောက်ကာ ဒေါသတကြီး ပြောဆိုလိုက်သည်။

"ငါ မင်းကို မထိရဲဘူးလို့ မင်း ထင်လား…"


နဉ်ယွီ ပြုံးလိုက်ပြီး သူ့မျက်လုံးများက အေးစက်နေ၏။

"ဒါဆို မင်း လုပ်လို့ရပြီနော်…"


ကျီလင်: "..."


ညီလေးရေ မင်း ဘာဖြစ်နေတာလဲ... မင်း နည်းနည်းလောက်လေး အလိုက်သင့်လေး ပူးပေါင်းပေးလို့ မရနိုင်ဘူးလား QAQ


မင်းက မကောင်းမှုရဲ့ အတင်းခိုင်းစေမှုတွေအပေါ် ဘယ်တော့မှ ယိမ်းယိုင်မသွားသလို ဘယ်တော့မှလည်း ဦးမညွှတ်ဘူးဆိုတာ ငါသိပါတယ်... ဒါပေမယ့် လူတွေက သူတို့ အသက်ရှည်ဖို့ အမြဲတမ်း လိုက်လျောညီထွေဖြစ်အောင် သင်ယူထားရမယ်လေ... အထူးအခြေအနေတွေကို အထူးကိုင်တွယ်ဖြေရှင်းရမယ်... စိမ်းလန်းတဲ့ တောင်တန်းတွေမှာ ထင်းတွေမရှိရင်တောင် မကြောက်ရွံ့ဘဲ နေရမယ်... လူကြီးလူကောင်းတွေအတွက် လက်စားချေဖို့ အချိန်ဆယ်နှစ်ဆိုတာ နောက်ကျတယ်ရယ်လို့ မရှိဘူး... ငါလို ပုရွက်ဆိတ်တွေတောင် အသက်ရှင်နေသေးတာပဲ... မင်းရဲ့ အဲဒီလိုရန်လိုနေတဲ့စိတ်က ငါ့ကို အရမ်းခက်ခဲအောင် လုပ်နေတာပဲ...


အဲဒါကြောင့် ဘရန်ဒန်က ဘာလို့ မလာသေးတာလဲလို့ အားးး…


နောက်ဆုံးတွင် ကျီလင်မှာ အနည်းငယ် ထိတ်လန့်သွားပြီး သူ့စိတ်ထဲမှ ပြောလိုက်မိသည်။

ဒီတစ်ခေါက်က အရင်အခေါက်တွေနဲ့ မတူဘဲ ယာယီအစီအစဥ်တစ်ခုဖြစ်လို့ နဉ်ယွီမှာ အကူအညီတောင်းဖို့ အချိန်မရှိလိုက်ဘူး ဟုတ်တယ်မလား...


ကျီလင် ထိုအကြောင်းကို တွေးပြီး အဆင်မပြေဖြစ်လာပေသည်။

ဒါဆို ငါက ဒီပြဇာတ်ကို ဘယ်လိုမျိုး ဆက်ပြီးကပြနိုင်မှာလဲ...


သူ နဉ်ယွီကို သတ်ဖြတ်ချင်သည့် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။


နဉ်ယွီကလည်း သူ့ကို အေးစက်စွာ ကြည့်နေ၏။


သမ်းတုန်းမှာ ထိုမြင်ကွင်းကိုကြည့်ရင်း အံ့ဩလွန်း၍ ဆွံ့အပင်သွားရသည်။ အဘယ်ကြောင့် ထူးဆန်းသည့်ခံစားချက်မျိုး အမြဲတမ်း ခံစားနေရသည်ကို သူ မသိပေ။ နဉ်ယွီက ကျီလင်ကို တစ်ခုခုလှုပ်ရှားစေချင်သော်လည်း ကျီလင်မှာ ထိုသို့ပြုလုပ်ရန် သတ္တိမရှိခြင်းပင်။

မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး… ဒါက ငါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်ရမယ်... သခင်လေးကျီက မလုပ်ရဲဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


လေထုက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွား၏။


ရုတ်တရက် ကျယ်လောင်သော ဆူညံသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည့် အချိန်အထိပင်။


လေးလံလှသည့် သတ္တုတံခါးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အရပ်မြင့်မြင့် အေးတိအေးစက် အမျိုးသားတစ်ဦးက တံခါးဝတွင် ပေါ်ထွက်လာသည်။ ထိုသူက နောက်ခံအလင်းရောင်အောက်တွင် ရပ်နေပြီး အေးစက်မာကျောသည့် သူ့မျက်နှာက မှောင်ရိပ်အောက်တွင် ထွက်ပေါ်လာ၏။ သူ့တွင် အနီရင့်ရောင်ဆံပင်နှင့် မီးခိုးရောင်ဖျော့ဖျော့ မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားလေသည်။ ထိုမျက်လုံးများက အေးစက်ကာ သတ်ဖြတ်လိုစိတ်နှင့်အတူ တောက်ပနေသည်...


အဲဒီသူက ဘရန်ဒန် မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ...


ကျီလင်၏ အံ့အားသင့်နေသည့် အမူအရာက အေးခဲသွားပြီး အနှီမိုးကျရွှေကိုယ်လူသားကို ကြည့်လိုက်မိသည်။ ၎င်းက မီးဘေးအန္တရာယ်မှ သူ့အား လာရောက်ကယ်တင်မည့် စူပါဟီးရိုးတစ်ဦးကို တွေ့လိုက်ရသကဲ့သို့ပင်။


နောက်ဆုံးတော့ မင်း ရောက်လာပြီ...


သမ်းတုန်း၏ ကြောက်လန့်နေသောအမူအရာမှာ အေးခဲသွားပြီး သူ့နှုတ်ခမ်းများက ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရသည်။


အဲဒါက ဘယ်... ဘယ်လိုဖြစ်သွားတာလဲ...


နဉ်ယွီ၏အမူအရာကသာ တည်ငြိမ်နေ၏။ သူ စိတ်သက်သာသွားသလို သက်ပြင်းတစ်ချက်ချလိုက်ပြီး တောင့်တင်းနေသော ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း ဖြေလျှော့လိုက်သည်။


နောက်ဆုံးတော့ ဒီကိုရောက်လာပြီပေါ့…


ဘရန်ဒန်က တံခါးကို ဖျက်ဆီးဝင်ရောက်လာခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကုလားထိုင်တွင် ကြိုးတုပ်ခံထားရသော နဉ်ယွီကို တွေ့လိုက်ရသည်။ သူ့အဝတ်အစားများက ရှုပ်ပွနေပြီး ရှက်ရွံ့နေသည့်ပုံပင်။ ကျီလင်က နဉ်ယွီ၏လည်ပင်းအနားတွင် မျိုးဗီဇဖျက်ဆေးကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး သူ့မျက်ဆံများက သိသိသာသာ ကျုံ့သွားသည်။ ဘရန်ဒန်က ကျီလင်၏ လက်ကောက်ဝတ်ကို ဆွဲယူရန် ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပြီး အေးစက်စက် အော်ပြောလိုက်သည်။

"မင်း ဘာလုပ်မလို့လဲ…"


ကျီလင်က နာကျင်မှုကြောင့် ခပ်တိုးတိုး ညီးတွားလိုက်ပြီး မျိုးဗီဇဖျက်ဆေးအား လွှတ်ချလိုက်သည်။ ထို့နောက် ၎င်းဆေးက မြေပြင်ပေါ်သို့ ကျသွားပြီး ဘရန်ဒန်၏ ခြေထောက်များဆီသို့ လိမ့်သွားလေသည်။ သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ဘရန်ဒန်၏ ဒေါသထွက်နေသည့် အမူအရာကို မြင်လိုက်ရချိန်တွင် အလိုလို ကြောက်ရွံ့နေဆဲဖြစ်ပြီး သူ့မျက်နှာက ဖြူဆုတ်သွားပေသည်။


ဘရန်ဒန်က ကျီလင်၏ဖျော့တော့နေသော မျက်နှာကို ကြည့်ပြီး အနည်းငယ် ထိတ်လန့်သွား၏။ ရေအေးများဖြင့် လောင်းချခံလိုက်ရသော ရေအင်တုံတစ်ခုကဲ့သို့ အခုလောလောဆယ် ဖြစ်ပေါ်နေသောဒေါသမှာ နောက်ဆုံးတွင် ငြိမ်ကျသွားပေသည်။


နဉ်ယွီထံမှ ဒုက္ခရောက်နေကြောင်း အချက်ပြမှုကို လက်ခံရရှိပြီးနောက် နဉ်ယွီထံတွင် အန္တရာယ်ကျရောက်နေမှန်းကိုသာ သိပြီး ချက်ချင်းအပြေးအလွှား သွားခဲ့သော်လည်း မည်သူက ပြုလုပ်သည်ကို သူ မသိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤဘဝတွင် အပြောင်းအလဲများက များစွာဖြစ်ပွားခဲ့သောကြောင့်ပင်။ ထို့အပြင် ဘရန်ဒန်က ပထမဆုံးအနေဖြင့် ထိုလူက ကျီလင်ဖြစ်ကြောင်း မထင်ထားခဲ့ပေ...


သူ ဤအခန်းထဲသို့ ဝင်လာသည်နှင့် မျိုးဗီဇဖျက်ဆေးကို တွေ့လိုက်ရသည်။ ၎င်းနောက် ထိုဆေး၏အကျိုးဆက်ကို တွေးမိသွားပြီး ဒေါသဖြစ်သွားသောကြောင့် ကျီလင်ကို ရပ်တန့်ရန် မသိစိတ်မှနေ၍ အရှေ့သို့ဆက်လျှောက်သွားခဲ့သည်။


ဤအခိုက်အတန့်တွင် စိတ်တည်ငြိမ်သွားပြီးနောက် သူ စိတ်မြန်လက်မြန်ဖြင့် စိတ်လက်မာန်ပါပြုလုပ်မိကြောင်း ဘရန်ဒန် နားလည်သွားပြီး သူ့လက်ကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်သည်။


ကျီလင်သာ ဖြစ်ပါက ကိစ္စများက သူ အပေါ်ယံမြင်ခဲ့သည့်အတိုင်း မဖြစ်သင့်ပေ။ အမှန်တကယ်တွင် ယခင်ဘဝက အလားတူဖြစ်ရပ်မျိုး ဖြစ်ပျက်ခဲ့သည်။ နောက်ဆုံးအကြိမ် ကျီလင် စစ်ဌာနမှ နှင်ထုတ်ခံရပြီးနောက် မနာလိုဝန်တိုစိတ်ဖြင့် နဉ်ယွီကို ပြန်ပေးဆွဲခဲ့သည်။ သူသည်လည်း နဉ်ယွီကို ကယ်ဆယ်ရန် လိုက်သွားခဲ့ရသည်။ ကျီလင်က နဉ်ယွီအား တိုက်ခိုက်တော့မည်ကို သူ တွေ့လိုက်ရချိန်တွင် သူ တွန့်ဆုတ်မနေဘဲ ကျီလင်ကို တိုက်ခိုက်ကာ ဒဏ်ရာရစေခဲ့သည်။


ထိုအချိန်၌ သူက ဒေါသနှင့်မုန်တီးမှုတို့ဖြင့် လွှမ်းမိုးခံလိုက်ရပေသည်။ ထို့ကြောင့် ရှာဖွေတွေ့ရှိသင့်သည့် အသေးစိတ်အချက်များစွာကို သူ လျစ်လျူရှုထားမိသည်။


ကျီလင်သေဆုံးပြီး နှစ်အတော်ကြာသည်အထိ သူ ထိုမြင်ကွင်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြန်တွေးမိသည်။ ထိုအချိန်က ဆယ်ကျော်သက်လေးနှင့် ပတ်သက်ပြီး သူ အထင်မှားခဲ့မိကြောင်း တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။


ထိုအချိန်က ကျီလင်မှာ အနိုင်ရရှိပြီးဖြစ်သလို အသာစီးရနေပြီဖြစ်၏။ သူသာ အမှန်တကယ် နဉ်ယွီကို နာကျင်စေလိုလျှင် နဉ်ယွီကို ထိခိုက်ဒဏ်ရာမရဘဲ ကယ်တင်နိုင်ရန် သူ့အား အခွင့်အရေး ပေးလိမ့်မည်မဟုတ်ပေ။ ကျီလင့်ထံတွင် သူ့အား နောက်ကျအောင်လုပ်ရန် မရေမတွက်နိုင်သည့် နည်းလမ်းများရှိခဲ့ပေ၏။ ဘရန်ဒန်က ထိုအာဏာရှိ သူကောင်းမျိုးများ၏ ဆိုးညံ့ယုတ်မာသည့် နည်းလမ်းများကို သိထားပြီးဖြစ်သလို သူတို့ မည်သည်ကို လုပ်နိုင်လဲဆိုတာကိုလည်း သိပေသည်။ သို့သော် ကျီလင်က ထိုကဲ့သို့မလုပ်ခဲ့ပေ။


တကယ်တမ်း၌ ဆယ်ကျော်သက်လေးထံတွင် မည်သူ့ကိုမှ ထိခိုက်စေလိုစိတ် လုံးဝမရှိပေ။ ထိုသူက သူ့ဒေါသကို မထိန်းချုပ်နိုင်ဘဲ နဉ်ယွီကို မနာလိုလွန်းသောကြောင့်သာ ဤကဲ့သို့သောနည်းလမ်းဖြင့် သူ့ဂုဏ်သိက္ခာကို ပြန်လိုချင်ခဲ့ခြင်းပင်။ သူ မသွားခဲ့လျှင်ပင် ကျီလင်က နဉ်ယွီကို အမှန်တကယ် နာကျင်စေလိမ့်မည် မဟုတ်ပေ။


နောက်ဆုံးတွင် ထိုသူက စိတ်သဘောထားကောင်းပြီး ကြည့်ကောင်းသော ရုပ်ရည်ရှိသည့် ကလေးတစ်ယောက်သာဖြစ်သည်။


သို့သော် ထိုအချိန်က သူ ၎င်းကို နားမလည်ခဲ့ပေ။


သူ ထိုသူ့ကို နာကျင်စေခဲ့မိသည်။


ထိုအကြောင်းကို ပြန်တွေးတောမိချိန်တွင် ဘရန်ဒန်၏နှလုံးသားလေးက လေးလံသွားရသည်။ နောင်တတရားတို့က ကြီးမားသည့်ကျောက်တုံးကြီးတစ်ခုကဲ့သို့ သူ့နှလုံးသားကို ဖိနှိပ်ထားပြီး အသက်ရှူရပင် ခက်ခဲလာစေသည်။


သူ ခေါင်းကိုလှည့်၍ ကုလားထိုင်တွင် ကြိုးဖြင့်ချည်ထားသော နဉ်ယွီအား တစ်ချက်ကြည့်လိုက်ပြီး တိတ်တဆိတ် လျှောက်သွားကာ မာကျောလှသော သတ္တုသော့ကို လက်တစ်ဖက်တည်းဖြင့် ဖျစ်ညှစ်လိုက်သည်။ ထို့နောက် ကလစ်ဟူသော အသံတစ်သံနှင့်အတူ အထူသတ္တုသော့မှာ သူ့လက်ထဲတွင် အပိုင်းပိုင်း ကွဲအက်သွားသည်။ ဘရန်ဒန် ခဏမျှ ငုံ့ကြည့်လိုက်ပြီး နဉ်ယွီထံတွင် မည်သည့်ဒဏ်ရာမှ မရှိကြောင်း စစ်ဆေးအတည်ပြုလိုက်သည်။ သို့သော် နဉ်ယွီမှာ ဆေးကြောင့် ယာယီအားနည်းနေပေသည်။


ဤဘဝရှိ ဆယ်ကျော်သက်လေးက ထိုအတိုင်း မပြောင်းလဲဆဲပင်။ သိသိသာသာပင် သူ့ထံ၌ အားသာမှုများ ရှိနေသော်လည်း နောက်ဆုံးတွင် သူတစ်ပါးအား နာကျင်စေရန် စာနာစိတ်လုံးဝမရှိသည် မဟုတ်ပေ။ ခေတ္တခဏမျှသာ စကားလုံးများဖြင့် အခွင့်ကောင်းယူတတ်ပေသည်။


ဤမြင်ကွင်းကို သူ့မျက်လုံးများဖြင့် တစ်ဖန်ပြန်မြင်လိုက်ရချိန်၌ ဘရန်ဒန်က နောက်ဆုံးတွင် သူ၏ထင်မြင်ယူဆချက်ကို ယုံကြည်သွားခဲ့သည်။


ကျီလင်သာ လူများကို တကယ် နာကျင်စေသည်ဆိုလျှင် သူက အချိန်ဆွဲပြီး ဤမျှစာနာသနားနေမည် မဟုတ်ပေ။


ဘရန်ဒန်က လှည့်ကာ ကောင်လေး၏ ဖြူဖျော့နေသည့် မျက်နှာကို စိုက်ကြည့်ရင်း သူ့နှလုံးသားထဲတွင် ကူကယ်ရာမဲ့ခြင်း၊ နာကျင်ခြင်း၊ သနားခြင်းနှင့် နောင်တတရားတို့ ရောထွေးနေခဲ့သည်။

ပြီးခဲ့တဲ့အကြိမ်က ငါ ဘာကြောင့်များ ဒါကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရတာလဲ... သူ့ကို ဘယ်လိုလုပ်ပြီး ဒီလိုနာကျင်အောင် လုပ်နိုင်ရတာလဲ...


သူကဲ့သို့ ဂုဏ်သိက္ခာရှိသော မာရှယ်တစ်ဦးက အသိမဲ့သည့် ကလေးငယ်တစ်ဦးကို ဆူပူကြိမ်းမောင်းခဲ့သည်။


ဤသည်မှာ အကျင့်စာရိတ္တပျက်ပြားခြင်းပင်။


ဘရန်ဒန်က သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး သူ၏မီးခိုးရောင် မျက်ဆံများထဲတွင် ခံစားချက်များ ဝေ့ဝဲနေသည်။


ဤဘဝတွင် သူ ပြန်လည်မွေးဖွားလာခဲ့ကာ နောက်တစ်ဖန် ကျီလင့်အပေါ် နားလည်မှုလွဲပြီး ထိခိုက်မနာကျင်စေရန် ကောင်းစွာ ကာကွယ်စောင့်ရှောက်မည်ဟု ကတိပြုခဲ့သည်။ တကယ်တမ်း သူလည်း ဆယ်ကျော်သက်လေးကို ပြန်တွေ့ချင်နေခဲ့ခြင်းပင်။ နောက်ဆုံးအကြိမ်က ကျီလင် ထွက်သွားသည်အား သူ မတားနိုင်ခဲ့သလို သူ့ကိုတွေ့ရန် အကြောင်းပြချက်လည်း ခိုင်ခိုင်မာမာမရှိခဲ့ပေ။



✨✨✨