✨ Chapter 21
သူ့မှတ်ဉာဏ်အပေါ်၌သာ အဖန်တလဲလဲ အမှီပြုပြီး တစ်ဖက်လူ၏ အသွင်အပြင်ကို ပုံဖော်နေရ၏။ သူ မမျှော်လင့်ထားသည့် အရာတစ်ခုမှာ ထိုကဲ့သို့အခြေအနေမျိုးတွင် ဖြစ်ပေါ်လာသည့် သူတို့၏ ပြန်လည်ဆုံဆည်းမှုပင်ဖြစ်၏။
ယခင်ဘဝက ကျီလင်အပေါ် သူ၏ပျက်ကွက်ခဲ့မှုများကို ပြန်တွေးရင်း ယခုလောလောဆယ် သူ၏စိတ်လက်မာန်ပါ အပြုအမူကို ပြန်သတိရသွားချိန်တွင် ဘရန်ဒန်၏ မျက်လုံးများက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များဖြင့် ထင်ဟပ်တောက်ပနေပေသည်။ သူ့ဘေးတွင် ချထားသောလက်ကို လက်သီးဆုပ်လိုက်မိပြီး သူ့လည်ချောင်းထဲ၌ တစ်ခုခု ကပ်နေသည့်ပုံပင်။
အချိန်ခဏမျှ သူ ဘာပြောရမည်မှန်း မသိခဲ့ပေ။
ကျီလင်က ဘရန်ဒန်၏ မှောင်မည်းနေသော မျက်နှာမှတစ်ဆင့် ဆုပ်ထားသောလက်သီများကို ကြည့်လိုက်မိသည်။ ထို့နောက် ယခုလောလောဆယ် သတ္တုသော့ကို တို့ဟူးကဲ့သို့ ချေမွလိုက်သည့် မြင်ကွင်းကို ပြန်တွေးမိပြီး ကျီလင်မှာ တံတွေးမျိုချကာ နှလုံးသားထဲတွင် ကြောက်လန့်သွားသည်။ နောက်ဆုံးအကြိမ်က ဘရန်ဒန်၏ ပေါ့ပေါ့ပါးပါး ရိုက်ချက်ကြောင့် သူ သွေးအန်သွားခဲ့ပြီး ယခုအချိန်အထိ တုန်လှုပ်နေဆဲပင်။ ကျီလင် သူ့စိတ်ထဲ၌ မျက်ရည်များ ဖြိုင်ဖြိုင်ကျကာ ဒူးထောက်ပြီး ခွင့်လွတ်ပေးရန် အသနားခံလုဆဲဆဲပင်။
သို့သော်လည်း ဇာတ်ကွက်အတွက်ကြောင့် မည်သို့ပင်ဆိုစေကာမူ ရှေ့သို့ ခြေတစ်လှမ်းဆက်တိုးရန် သူ့တွင် သတ္တိအလုံအလောက်ရှိ၏။
၎င်းက သေးငယ်သည့် ခြေလှမ်းတစ်ခုဟု ထင်ရသော်လည်း သူ့အတွက်မူ ပြန်လည်မွေးဖွားရန် ကြိုးပမ်းမှုတွင် ကြီးမားသော ခြေလှမ်းတစ်ရပ်ပင်။
သူက မျိုးဗီဇဖျက်ဆေးကဲ့သို့ အကြင်နာမဲ့သောအရာကိုပင် ထုတ်ပြလာခဲ့ပြီး ယခင်အကြိမ်ကထက် ပိုလွန်ကဲလာပေသည်။ ထို့ကြောင့် ဘရန်ဒန်က ပိုဒေါသထွက်သွားပေလိမ့်မည်။
ဒါပေမယ့် ခင်ဗျားရဲ့အချစ်အတွက် ကျွန်တော် တိုက်ခိုက်ရမယ်...
ကျီလင်က သူ့မျက်လုံးများကိုမော့ပြီး အကြည့်မလွှဲဘဲ ဘရန်ဒန်ကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကိုမော့၍ ရန်စသလိုကြည့်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
"ခင်ဗျား ဘာဖြစ်ချင်လို့လဲ…"
ဘရန်ဒန်က ခဏမျှ သူ့ကို ကြည့်နေပြီးနောက် သူ့ခြေထောက်ကို မြှောက်လိုက်သည်။
ကျီလင်၏နှလုံးသားမှာ တဒိတ်ဒိတ်ခုန်နေပြီး 'နောက်ဆုံးတော့ အရိုက်ခံရတော့မယ်'ဟု သူ့စိတ်ထဲမှ ပြောလိုက်သည်။ သို့သော် ယခုအချိန်တွင် သူ့ဘေးနား၌ ငုံးတစ်ကောင်ကဲ့သို့ တုန်ယင်နေသည့် သမ်းတုန်းက ရုတ်တရက် ခုန်ထလာပြီး ဘရန်ဒန်၏ မြှောက်ထားသော ခြေထောက်ကို အပြင်းအထန် လှမ်းဖက်ကာ တုန်တုန်ယင်ယင်ဖြင့် တောင်းပန်လိုက်သည်။
"အရာရှိကြီးမာရှယ် ခင်ဗျား သခင်လေးကျီကို အပြစ်မတင်ပါနဲ့... အဲဒါတွေအားလုံးက ကျွန်တော့်အကြံတွေပါ..."
ဘရန်ဒန်: "..."
ကျီလင်: "..."
ကျီလင် အနည်းငယ် ထိရှသွားသည်မှာ ပြောစရာပင်မလိုပေ။ သူ တုန်ယင်နေသည့် သမ်းတုန်းကို ကြည့်လိုက်သည်။ အနှီလူယုံက သူ့ဘောင်းဘီထဲ သေးပေါက်ချလောက်သည်အထိ ကြောက်လန့်နေသော်လည်း သူ့အတွက် ရှေ့ထွက်ပြီး တောင်းပန်ပေးရန် ဆန္ဒရှိနေဆဲပင်။ နောက်ဆုံးအကြိမ် ဒုဗိုလ်ချုပ်ဟော့ခ်ထက်ပင် အဆပေါင်းများစွာ မရေမတွက်နိုင်အောင် ပိုထိရှသွားပေသည်။
ဒါပေမယ့် ငါ မျက်နှာဖြတ်ရိုက်ခံရဖို့ တောင်းဆိုလိုက်တဲ့အချိန်တိုင်း ဘာလို့ လူတိုင်းက ရှေ့ထွက်လာပြီး ငါ့ကို ကာကွယ်ပေးနေရတာလဲ... အား ငါ လုံးဝ မလိုအပ်ဘူးလေ...
လူတစ်ယောက်က သူလုပ်ခဲ့သည့်ကိစ္စများကို သူကိုယ်တိုင်တာဝန်ယူသင့်ပေသည်။ မျိုးဗီဇဖျက်ဆေးကို ထုတ်ယူလာခဲ့သူမှာ သမ်းတုန်းဖြစ်သော်လည်း နဉ်ယွီအား ပြန်ပေးဆွဲရန် လှုံ့ဆော်ပေးသူမှာ သူကိုယ်တိုင်ပင်ဖြစ်၏။ သမ်းတုန်းမှာ လူကောင်းတစ်ယောက်ဟု မဆိုနိုင်သော်လည်း သူ့အတွက် ဓားချက်ကို ကိုယ်စားတားဆီးပေးရန် အကြောင်းပြချက်မရှိပေ။ ထို့အပြင် ယုတ်မာသော အမြှောက်စာတစ်ယောက်အနေဖြင့် လူမုန်းခံရစေရန်မှာ သူ့အပေါ်၌သာ တာဝန်ရှိပေ၏။
ဘယ်သူမှ ငါ့ဆီကနေ လုယူသွားလို့မရဘူး...
ကျီလင် သမ်းတုန်းကို စိုက်ကြည့်ပြီး အော်ပြောလိုက်သည်။
"မင်းဝင်မပါနဲ့ သူ့ကို မတောင်းပန်နဲ့…"
ထိုသို့ပြောပြီး ဘရန်ဒန်ထံသို့ မျက်နှာမူကာ မေးစေ့ကို မော့လိုက်သည်။
"နဉ်ယွီကို တစ်ခုခုလုပ်ဖို့ သူ့မှာ ဘယ်လိုလုပ်ပြီး သတ္တိရှိမှာလဲ… သူက ကျွန်တော့်အမိန့်အတိုင်း လိုက်လုပ်ရုံပဲ… ခင်ဗျားမှာသာ အရည်အချင်းရှိရင် ကျွန်တော့်ဆီ လာတိုက်ခိုက်လို့ရတယ်…"
မူလက သမ်းတုန်းမှာ အံကြိတ်ပြီး ကျီလင် မတော်တဆဖြစ်မည်ကို ကြောက်ရွံ့သဖြင့် အမြန်ရှေ့ထွက်ရပ်ခဲ့သည်။ ကျီလင်သာ အမှန်တကယ် မတော်တဆဖြစ်သွားခဲ့လျှင် မြို့စားကြီးကားလို့စ်က သူ့ကို သေချာပေါက် လွှတ်ထားလိမ့်မည် မဟုတ်ပေ။ ကားလို့စ်နှင့် ဘရန်ဒန်တို့က သူ ရန်စ၍မရနိုင်သော လူများဖြစ်ကြသော်လည်း ကားလို့စ်က ဘရန်ဒန်ထက် ပိုကြောက်စရာကောင်းသည်ဟု သမ်းတုန်း ခံစားမိသည်။ နောက်ဆုံး ဘရန်ဒန်က သူ့ကို အများဆုံးလုပ်နိုင်သည်မှာ အသေသတ်ပစ်ရုံသာဖြစ်ပြီး ကားလို့စ်က သူ့ကို သေသည်ထက် ပိုဆိုးသည့်ဘဝရောက်အောင် လုပ်နိုင်ပေသည်။
သို့သော် သခင်လေးကျီက ဤမျှ ဖြောင့်မတ်သူဟု သူ မမျှော်လင့်ခဲ့ပေ။ ဒေါသထွက်နေသော မာရှယ်ဘရန်ဒန်နှင့် ရင်ဆိုင်ရချိန်တွင် သူက လုပ်ဖော်ကိုင်ဖက်တစ်ဦးအတွက် မားမားမတ်မတ် ထောက်ခံပေးလိုစိတ်ရှိသောကြောင့် သမ်းတုန်း ချက်ချင်းပင် မျက်ရည်ကျလာခဲ့ရသည်။
ဘရန်ဒန်: "....."
ဘရန်ဒန်က ဒေါသထွက်ကာ ခေါင်းမာနေပုံပေါက်သော ကျီလင်ကို ကြည့်လိုက်ပြီးနောက် မျက်ရည်များကျကာ တုန်ယင်နေသော သမ်းတုန်းကို ကြည့်လိုက်သည်။ အမှန်တကယ်တွင် သူ ကျီလင်ကို ဆန့်ကျင်ရန်စရန်အထိ ပြင်ဆင်မထားခဲ့ပေ။
ဒီလိုအသေးအမွှားကိစ္စလေးကြောင့် ကျီလင်ကို ဘယ်လိုလုပ်ပြီး နာကျင်အောင်လုပ်နိုင်ရမှာလဲ... ဒါပေမယ့် ငါက ကျီလင့်ကို နာကျင်စေချင်တယ်လို့ လူတွေက ဘာလို့ အမြဲထင်နေရတာလဲ...
သူ သမ်းတုန်းကို ကြည့်လိုက်သည်။
ဘရန်ဒန့်အကြည့်က ရေခဲတမျှအေးစက်နေသည်။
ဒါဆို ဒီကောင်က တရားခံ ဟုတ်တယ်မလား...
ကျီလင်က တစ်ကိုယ်ကောင်းဆန်သည့် ကလေးတစ်ယောက်သာသာပင်။ သူ့တွင် လူများကို ဒုက္ခရောက်စေလိုသည့် ရည်ရွယ်ချက်မရှိသလို သူ့နှလုံးသားမှာလည်း ဖြူစင်ပေ၏။ သူက ဤကဲ့သို့ကိုယ်ကျင့်သိက္ခာမကကောင်းသည့်အထက်တန်းလွှာမျိုးနွယ်တွင် မွေးဖွားလာပြီး ကောက်ကျစ်သည့်မြေခွေးများနှင့် ခွေးလိုမျိုးသူငယ်ချင်းများ၏ ဝန်းရံခံထားရပေသည်။ ထို့အကြောင်းများကြောင့်သာ ဤကဲ့သို့ကိစ္စများကိုလုပ်ရန် သူ့အား ဆွဲချသွားခြင်းပင်။
ထို့အပြင် ကျီလင်က သမ်းတုန်းကို ကာကွယ်ပေးရန်ပင် ကြင်နာတတ်သည့် လူမျိုးဖြစ်၏။
သူက ဘယ်လိုလုပ်ပြီး မျိုးဗီဇဖျက်ဆေးကို ယူလာရမှာလဲ...
သမ်းတုန်း ယူလာခြင်းသာဖြစ်ရပေမည်။ အနှီ သမ်းမိသားစုမှ ကောင်လေးက မည်မျှဆိုးသွမ်းခဲ့လဲ သူ မသိပေ။ ဘရန်ဒန်လည်း တစ်ကြိမ်၊ နှစ်ကြိမ်မျှ ကြားဖူးသော်လည်း ယခင်က သူ့လက်အတွင်းသို့ ကျရောက်မလာခဲ့သလို ထိုကိစ္စကိုလည်း ဂရုမစိုက်ခဲ့ပေ။
၎င်းကိစ္စအားလုံးမှာ လူကောင်းလေးတစ်ဦးကို လမ်းမှားသို့ ဦးဆောင်ပေးခဲ့သော သမ်းတုန်းကဲ့သို့ လူများကြောင့်သာဖြစ်ပြီး ထိုလူများကြောင့် သူ့စိတ်ကို ရှုပ်ထွေးစေသည်မှာလည်း ထိုလူများကြောင့်ပင်။
ဘရန်ဒန်က ရုတ်တရက် လူသတ်ရန်စိတ်ဆန္ဒများ ပေါ်ထွက်လာပြီး သူ့ဒေါသက သမ်းတုန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သူ၏သတ်ဖြတ်လိုသည့် အရောင်အဝါမှာ ပြင်းထန်အေးစက်နေ၏။ 'ထွက်သွားစမ်း' ဟု အသံတိုးတိုးဖြင့် အံကြိတ်ပြောကာ သမ်းတုန်းကို ကန်ထုတ်လိုက်သည်။
သမ်းတုန်းက နောက်ပြန်လွင့်ထွက်သွားပြီး နံရံနှင့်တိုက်မိကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ပါးစပ်အပြည့် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီးနောက် သူ့အသက်ရှူသံများက မူမမှန်တော့ပေ။
သို့သော် ဘရန်ဒန်က သူ့ကို အေးစက်စွာ တစ်ချက်သာ ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို ရုတ်သိမ်းလိုက်သည်။
ထို့နောက် ရှေ့သို့လျှောက်သွားပြီး မြေပြင်ပေါ်ကျနေသော မျိုးဗီဇဖျက်ဆေးကို အမှုန့်ချေပစ်လိုက်သည်။ တိတ်ဆိတ်သော အခန်းထဲတွင် ဖန်ကွဲသံ တကြွပ်ကြွပ်က တိတ်ဆိတ်သောည၌ မုန်တိုင်းမလာမီ မိုးခြိမ်းသံကဲ့သို့ပင်။ ကြောက်ရွံ့မှုကြောင့် ဦးရေပြားရှိ ချွေးပေါက်များကိုပင် ပွင့်ထွက်သွားစေသည်။
ကျီလင်က သူ့ရှေ့ရှိလူကို ဗလာသက်သက် စိုက်ကြည့်နေမိသည်။ ကြောက်ရွံ့မှုက သူ့အား တစ်ခဏမျှ လှုပ်ရှားရန် မေ့လျော့သွားစေသည်။
ထိုလူ၏အရပ်ရှည်ရှည် ရုပ်သွင်ပြင်က သံနက်ရောင် စစ်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူ့မျက်နှာက အေးစက်နေ၏။ တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားသော နှုတ်ခမ်းသားအောက်တွင် ချွန်ထက်သော မေးရိုးကောက်ကြောင်းရှိပြီး အနီရင့်ရောင်ဆံပင်မှာလည်း တဖြည်းဖြည်း သွေးများသိပ်သည်းလာသည့် အရောင်ကဲ့သို့ပင်။ အနှီသူက ထိုနေရာတွင် မလှုပ်မယှက် ရပ်နေလျှင်ပင် လူများအား အူထဲအသည်းထဲမှ တုန်လှုပ်သွားစေနိုင်သည်။ ဤသည်မှာ မရေမတွက်နိုင်သော တိုင်းတစ်ပါးလူမျိုးများကို ကြောက်ရွံ့တုန်လှုပ်စေသည့် အရာတစ်ခုပင်။
စစ်ပွဲတွေရဲ့ အင်ပါယာနတ်ဘုရား အားးး...
ယခုအချိန်တွင် ကျီလင်မှာ ဤအရှိန်အဝါကို အလွန်ရှင်းလင်းစွာ ခံစားမိသည်။
ထို့အပြင် ဤတစ်ကြိမ်၌ ဘရန်ဒန်က ပြီးခဲ့သည့်အကြိမ်ကထက် ပိုမိုကြောက်စရာကောင်းနေ၏။
ကျီလင်၏အမူအရာမှာ တောင့်တင်းပြီး ဖျော့တော့နေလျက်ဖြစ်ကာ စိတ်ထဲ၌ မျက်ရည်များမကျဘဲ ငိုချင်လာသလို ခံစားရသည်။ မြေကြီးပေါ်တွင် သေလား ရှင်လား မသိရသေးသည့် သမ်းတုန်းကို တိတ်တဆိတ် ကြည့်လိုက်သည်။ မိုးကြိုးနှင့် အလားသဏ္ဌာန်တူသည့် ဘရန်ဒန်၏ကန်ချက်ကို တားဆီးနိုင်မည်ဆိုလျှင် သူ အသက်ရှင်နိုင်လားဟု လျှို့ဝှက်စွာ တွေးတောမိသည်...
ဒါက အနိုင်အရှုံး ဆုံးဖြတ်ပေးမဲ့အချိန်ပဲ အား...
ဘရန်ဒန်က သူ့ရှေ့ရှိ အံ့ဩပြီးစကားမပြောနိုင်သော ဆယ်ကျော်သက်လေးကို ကြည့်ပြီး လတ်တလော ဖြစ်ပေါ်နေသော ဒေါသမီးများက ဖြည်းဖြည်းချင်း ငြိမ်သက်သွားခဲ့သည်။ သူ ဆယ်ကျော်သက်လေး အပြစ်တင်ခံရမည်ကို နည်းနည်းလေးမျှ သည်းမခံနိုင်သောကြောင့် သူ့ဒေါသများအား သမ်းတုန်းအပေါ်သာ ပေါက်ကွဲခဲ့ပြီး ကရုဏာမဲ့စွာ ရိုက်နှက်ခဲ့သည်။
သို့သော် တစ်ချက်ကြည့်လိုက်ရုံဖြင့် ယခုလုပ်လိုက်သော သူ၏လုပ်ရပ်များက ဆယ်ကျော်သက်ကို ခြောက်လှန့်မိပေပြီ။ သူ့အား ဒေါသထွက်နေသည်ဟု အထင်အမြင် လွဲမှားသွားမည်ကိုလည်း ဘရန်ဒန် စိုးရိမ်မိသည်။
ဘရန်ဒန်မှာ စိတ်ညစ်သွားပြီး ဆယ်ကျော်သက်လေး၏ အပြာရောင်မျက်လုံးလှလှလေးများကို ကြည့်လိုက်သည်။ ထို့နောက် ယခင်ဘဝက အကြောင်းအရာများကို ပြန်သတိရသွားပြီး နောက်ဆုံး မီးပင်လယ်ထဲတွင် တောင့်တင်းသွားလေသည်။ သူ့ရှေ့တွင် ပေါ်ထွက်လာသော ဆယ်ကျော်သက်လေး၏ မျက်လုံးများက တောက်ပနေသည်မှာ တလက်လက်တောက်ပနေသည့် ကြယ်လေးများကဲ့သို့ပင်... ထိုပုံရိပ်ကို သူ့စိတ်ဝိညာဉ်ထဲ၌ ထွင်းထုထားသည်မှာ ကြာပြီဖြစ်၏။ ထိုပုံရိပ်က သူ့အား နောင်တရစေပြီး နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် မရေမတွက်နိုင်အောင် နာကျင်ခံစားရစေသည်။
ဆယ်ကျော်သက်လေး၏ ပုံမှန်အပြုအမူလေးကြောင့်မျှဖြင့် လူတိုင်းက သူ့ကို နားလည်မှုလွဲခဲ့ကြပြီး သူသည်ပင် အမှန်တရားကို စောစောစီးစီးကပင် မမြင်နိုင်ခဲ့ပေ။ ထို့အပြင် သူ သေဆုံးသွားပြီးသည့်တိုင်အောင် ဤအချင်းအရာကို နားမလည်ခဲ့ပေ။
ကံကောင်းစွာဖြင့် ထိုသူမှာ အခုအချိန်ထိ အသက်ရှင်နေဆဲပင်။
အရာအားလုံးကို ပြန်လည်ပြုပြင်နိုင်ရန် အခွင့်အရေးရှိနေလျက်ပင်။
သူ့နှလုံးသားက သံကဲ့သို့ မာကျောသွားသည်မှာ အချိန်အတော်ကြာပြီဟု ဘရန်ဒန် ထင်ထားခဲ့ပေသည်။ သို့သော် လူတစ်ဦးတစ်ယောက်ကြောင့် မတူညီကွဲပြားသည့် စိတ်ခံစားချက်ကို ခံစားခဲ့ရသည်မှာ ဤတစ်ကြိမ်က ပထမဦးဆုံးအကြိမ်ပင်။ ယခုအကြိမ်တွင် သူ ကျီလင်နှင့် သေသေချာချာလေး ရင်းနှီးချင်လှ၏။
သူ ဆုပ်ထားသောလက်ကို ဖြည်လိုက်ပြီး သူတွေးထားသည့် နူးညံ့သိမ်မွေ့သည့် အမူအရာကို ဖော်ပြကာ ထိတ်လန့်နေသည့် ဆယ်ကျော်သက်လေးကို စိတ်တည်ငြိမ်သွားစေရန် ကြိုးစားလိုက်သည်။
သို့သော် ရှေ့သို့ ခြေတစ်လှမ်းသာ လှမ်းရသေး၏။
ဆယ်ကျော်သက်လေး၏ မျက်နှာက ပိုပြီးဖျော့တော့သွားပြီး တစ်လှမ်းပြီးတစ်လှမ်း တုန်လှုပ်စွာ နောက်ပြန်ဆုတ်သွားသည်ကို မြင်လိုက်ရသည်။ ထို့အပြင် ထိုအပြာရောင် မျက်လုံးများက ထိတ်လန့်မှုများနှင့် ပြည့်လျက်ပင်။
ဆယ်ကျော်သက်လေး၏ ဖျော့တော့နေသည့်မျက်နှာနှင့် ထိတ်လန့်နေသော မျက်လုံးများက ချွန်ထက်သောဓါးသွားကဲ့သို့ပင်။ ဘရန်ဒန်၏ မပျက်စီးနိုင်သော အပြင်ပန်းအသွင်အပြင်ကို ဝါးလုံးလေးတစ်လုံးကဲ့သို့ ထိုးဖောက်သွားလေသည်။ သူ့နှလုံးသား၏အနူးညံ့ဆုံး အောက်ခြေအစိတ်အပိုင်းလေးကို ထိမှန်သွားပြီး မထင်မရှား နာကျင်မှုသေးသေးလေးကို ဖြစ်ပေါ်စေကာ သူ့ခြေထောက်များက ထိုနေရာမှာပင် ကျောက်ချသွားရလေသည်။
ကျီလင်က သူ့အား အလွန်ကြောက်လန့်နေလိမ့်မည်ဟု ဘရန်ဒန် မထင်ထားခဲ့ပေ။
အမှန်တကယ်၌ သူက သူ့(ကျီလင်)ကို အနည်းငယ်မျှ နှစ်သိမ့်ပေးချင်ရုံပင်။
ဘရန်ဒန်က ကောင်လေး၏ ထိတ်လန့်နေသောအကြည့်ကို ကြည့်ပြီး တစ်ခဏမျှ ရှေ့သို့ဆက်သွားသင့်လား သို့မဟုတ် နောက်ပြန်ဆုတ်သင့်လား သူ မသိတော့ပေ။ အချိန်အတော်ကြာပြီးနောက် သူ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"မကြောက်ပါနဲ့…"
ကျီလင်မှာ ဆက်ပြီးနောက်မဆုတ်နိုင်တော့ပေ။ သူ့နောက်ကျောက အေးစက်စက်နံရံကို ထိနေပြီး သူ့ရှေ့မှ အရပ်ရှည်ရှည် အမျိုးသားကို ကြောက်စိတ်ဖြင့် ကြည့်နေသည်။ သူအရိုက်ခံရရန် အဆင်သင့်ဖြစ်နေပေပြီ။ သို့သော် ဘရန်ဒန်က ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်လိုက်ရပြီး မကြောက်ရန် ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျီလင် အံ့အားသင့်သွားပြီး သူ့မျက်လုံးများက သံသယအကြည့်မျိုးဖြင့် မကြည့်ဘဲမနေနိုင်တော့ပေ။
ကျီလင် ဘရန်ဒန်၏ ကြောက်လန့်ဖွယ်ကောင်းပြီး အေးစက်နေသော မျက်နှာကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။
ငါ နဉ်ယွီကို ဒီလောက်စုတ်ပြတ်နေအောင် လုပ်ခဲ့တာ… မျိုးဗီဇဖျက်ဆေးကိုတောင် သုံးလုနီးပါးပဲလေ…
ခင်ဗျား စိတ်မဆိုးဘူးလား...
ကျီလင် စိတ်ထဲမှ ပြောလိုက်သည်။
တခြားအကြောင်းတွေကို ပြောမယ်ဆိုရင်တောင် နဉ်ယွီက အနည်းဆုံးတော့ ခင်ဗျားနဲ့ သေအတူရှင်မကွာ ပခုံးဖက်ပေါင်းသင်းခဲ့ကြတဲ့ရဲဘော်ရဲဘက်တွေလေ… ငါ့ရဲ့ကြံရာပါ သမ်းတုန်းကိုလည်း ခင်ဗျားက သတ်လုနီးပါးပဲ… ဒါတောင် ငါ့လိုတရားခံကို လွှတ်ပေးမလို့လား...
သောက်ကျိုးနည်းကို 'မကြောက်ပါနဲ့' နဲ့တဲ့လား…
ဒေါသထွက်နေသည့် မာရှယ်ထံမှ ရွှံ့အိုင်သဖွယ် ရိုက်နှက်ခံရနိုင်ဖွယ်ရှိပြီး ပြန်လည်ရှင်သန်ခြင်း စမှတ်နေရာသို့ ပြန်ပို့ခံရမည်ဟု တွေးလိုက်မိရာ ကျီလင်၏ခြေထောက်များက အနည်းငယ် ပျော့ခွေသွားပြီး ပြောလိုက်မိသည်။
"ခင်ဗျား ကျွန်တော့်ကိုထိရဲရင် ကျွန်တော့်အဖေက ခင်ဗျားကို ဒီအတိုင်းလွှတ်ထားမှာ မဟုတ်ဘူး…"
ကျီလင်က ပြင်းထန်လှသည့်အကြည့်များဖြင့် သူ့ကို စိုက်ကြည့်နေသော်လည်း တုန်လှုပ်နေသည့် ခန္ဓာကိုယ်က သူ၏အတွင်းစိတ်များကို လုံးလုံးလျားလျား ထုတ်ဖော်နေပေသည်...
ဘရန်ဒန်: "..."
သိသိသာသာပင် ကြောက်လန့်နေသော်လည်း ခေါင်းမာကာ မာနကြီးဟန်ဆောင်နေသည့် ဆယ်ကျော်သက်လေးကို ဘရန်ဒန်က ကြည့်လိုက်သည်။ သို့သော် ကျီလင်က ဒေါသထွက်နေသည်လား ရယ်စရာကောင်းသည်လား သူ မသိပေ။ သူ့နှလုံးသားမှာ ကူကယ်ရာမဲ့မှု၊ ဒုက္ခနှင့် သနားစိတ်များဖြင့်သာ ပြည့်နှက်နေသည်။
သူသာ ယခင်အတိတ်မှသူဖြစ်ပါက ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အထင်သေးခြင်းနှင့် မုန်းတီးခြင်းများကိုသာ ခံစားရပေလိမ့်မည်။ ထို့အပြင်က ကျီလင်က သေရမည်ကို ကြောက်တတ်ပြီး လောဘကြီးသည့် မကောင်းဆိုးဝါးတစ်ကောင်ဟုသာ တွေးမိပေမည်။ ထိုကဲ့သို့လူမျိုး သေသွားခြင်းက သနားမှုနှင့်မထိုက်တန်လှပေ။
သို့သော် ယခုမူကား ဆယ်ကျော်သက်လေးအပေါ် အနည်းငယ်မျှသော ဆိုးရွားသည့်ခံစားချက်ကို မခံစားရတော့ပေ။
ယခုအချိန်တွင် ဆယ်ကျော်သက်လေး၏ လုပ်ရပ်မှာ အတုအယောင်မဟုတ်ပေ။ သူက ကြီးကျယ်ခမ်းနားပြီး ကြီးပွားချမ်းသာသော အင်ပါယာကြယ်တွင် မွေးဖွားလာခဲ့ပြီး ငယ်စဉ်ကတည်းက မိဘများ၏လက်ထဲတွင် ပြုစုစောင့်ရှောက်ခြင်းခံခဲ့ရသည်။ အခြေခံကျကျဆိုရသော် ထိုသူက နာကျင်ရမည်ကို ကြောက်ရွံ့သော စိုးရိမ်ပူပန်တတ်သည့် ကလေးငယ်တစ်ဦးမျှသာဖြစ်သည်။ သို့သော် ခံစားချက်ကို ထိန်ချုပ်ထားပြီး စိုးရိမ်ပူပန်နေပုံရသည့် ထိုကလေးက မီးတောင်များကိုလည်း ဖြတ်ကျော်နိုင်ပေသည်။ လူတိုင်းက သူ့ကို လက်လျှော့လိုက်ချိန်တွင် သူ့(ဘရန်ဒန်)ရှေ့တွင် ပေါ်ထွက်လာရန် သူ့အသက်ကိုပင် စွန့်ရဲခဲ့သည်။
သူ့အား မထီမဲ့မြင်ပြုပြီး နာကျင်စေခဲ့သူကို ကယ်တင်ဖို့ရန်အတွက်ပင်။
ဒါက ဘယ်လိုကြင်နာမှုမျိုးလဲ…
ဒီလိုလုပ်ဖို့ သတ္တိတွေဘယ်လောက်တောင် လိုမလဲ…
ဆယ်ကျော်သက်လေးက အပေါ်ယံတွင် အခြားသောအထက်တန်းလွှာများနှင့် ကွာခြားမှုမရှိသော်လည်း အရေးကြီးသော အခိုက်အတန့်၌ ပေါ်ထွက်လာသော ရဲစွမ်းသတ္တိနှင့် ကြင်နာမှုက အမိနိုင်ငံကို ကာကွယ်ပေးနေသော မည်သည့်စစ်သားထက်မဆို ယုတ်လျော့မည်မဟုတ်ပေ။ သူ့မှာ အခြားသူများထက် အကြောက်တရားကင်းမဲ့ပြီး တောက်ပသည့် နှလုံးသားတစ်ခုရှိပေ၏။ သို့သော် သူနှင့်ထိုက်တန်သည့် လေးစားဂုဏ်ပြုမှုကို မရရှိခဲ့ပေ။
လူတိုင်းက နဉ်ယွီ၏ကောင်းကွက်ကို မြင်ကြသော်လည်း မည်သူကမျှ သူ၏ကောင်းကွက်ကို မမြင်ခဲ့ကြပေ။
ဤသည်မှာ မတရားပေ။
လက်တစ်ဖက်က ဘရန်ဒန်၏နှလုံးသားကို ဖျစ်ညှစ်ထားသကဲ့သို့ နာကျင်သွားရသည်။
✨✨✨