✨ Chapter 19
အရှက်ခွဲခြင်း
မိနစ်နှစ်ဆယ်ခန့်ကြာသောအခါ အခန်းတံခါးပွင့်လာခဲ့သည်။ သူ့အရှေ့သို့ သမ်းတုန်းတစ်ယောက် ခေါင်းမော့မေးချီကာ ဝင်လာသည်။ သူ့အနောက်တွင် ဆင့်ကဲပြောင်းလဲပြီး သက်တော်စောင့်နှစ်ယောက်က အရပ်ရှည်ရှည်လူတစ်ယောက်ကို သယ်လာကြသည်။ ထိုသူမှာ တစ်ကိုယ်လုံး အားနည်းနေသကဲ့သို့ ခေါင်းငိုက်စိုက်ပါလာသောကြောင့် မျက်နှာကို ကွဲကွဲပြားပြား မမြင်ရပေ။ သို့သော် သူ၏ သွယ်လျသောပုံသဏ္ဌာန်မှာ တစ်ချက်ကြည့်ရုံနှင့်ပင် ပြောနိုင်သည်။
သမ်းတုန်းက နဉ်ယွီကို တကယ်ကြီးခေါ်လာတာဟ...
ကျီလင် ရုတ်တရက် မတ်တတ်ရပ်မိသွားကာ အလွန်အမင်းအံ့အားသင့်နေမိသည်။ သမ်းတုန်းက ထိုမျှလုပ်နိုင်စွမ်းရှိလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။
သမ်းတုန်းမှာ ထိုကဲ့သို့ကိစ္စများအား လုပ်ရာတွင် အလွန်အတွေ့အကြုံရှိသူဟု ဆိုရမည်။ သူ နဉ်ယွီကို ဆွဲခေါ်လာသော်လည်း ပေါ့ပေါ့တန်တန်မလုပ်ရဲပေ။ ပြောရမည်ဆိုလျှင် သန်မာသော ဆင့်ကဲပြောင်းလဲပြီးသူများက မရိုးရှင်းပေ။ သမ်းတုန်း၏လူနှစ်ယောက်က နဉ်ယွီကို အခန်းအလယ်ရှိ သတ္တုကုလားထိုင်ပေါ်သို့ ပစ်တင်လိုက်သည်။ နန်ယွီ၏ ခြေလက်များကို အထူးသတ္တုခြေကျင်းများဖြင့် ခတ်ထားသည်။ ကျီလင်က အနောက်သို့ အနည်းငယ်ဆုတ်ကာ ဘေးဖယ်နေလိုက်သည်။
သမ်းတုန်းက အရှေ့ထွက်လာပြီး နဉ်ယွီ၏ဆံပင်ကိုလှန်ဆွဲလိုက်ကာ သူ၏ချောမောသောမျက်နှာကို ဖွင့်ဟလိုက်သည်။ ထို့နောက် သူက ကျီလင်ကို ဝင့်ဝင့်ကြွားကြွားပြုံးပြလိုက်ကာ ရိုရိုသေသေပြောလိုက်သည်။
"သခင်လေးကျီ... ကျွန်တော် ခင်ဗျားလိုချင်တဲ့သူကို ရလာခဲ့ပြီ..."
ကျီလင်က နဉ်ယွီကိုကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများ ခေတ္တ ဗလာဖြစ်သွားရသည်။
သူ့အရှေ့ရှိ ထိုသူမှာ ယနေ့ စစ်တပ်ယူနီဖောင်းကို ဝတ်ဆင်မထားဘဲ သာမန်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားသည်။ ဘောင်းဘီခြေထောက်ကို အနက်ရောင်ဘွတ်ဖိနပ်ထဲသို့ ညှပ်ထည့်ထားသောကြောင့် သူ၏ခြေထောက်များကို ပိုမိုရှည်လျားကာ သွယ်လျသွားပုံပေါ်စေလေသည်။ နဉ်ယွီမှာ ခေါင်းမော့လျက်သားဖြင့် ကုလားထိုင်ပေါ် အတင်းထိုင်ခိုင်းခံထားရသည်။ သူ၏မျက်လုံးများမှာ မပွင့်တပွင့်ဖြစ်နေကာ အဖြူရောင်မြူလွှာတစ်လွှာက သူ၏အစိမ်းရောင်မျက်ဝန်းများကို ဖုံးလွှမ်းထားသည်။ အနက်ရောင်ဆံနွယ် တစ်ပင်နှစ်ပင်စမှာ ချွေးဖြင့် နဖူးပေါ်ကပ်နေသည်။ အနှီသူမှာ တတ်နိုင်သမျှ နိုးကြားနေစေရန်အတွက် နှုတ်ခမ်းကိုကိုက်ထားသောကြောင့် နှုတ်ခမ်းဖျားတွင် သွေးစအနည်းငယ်ရှိနေသည်။
သူ ကျီလင်ကို အေးစက်စက်ပြန်ကြည့်နေသည်။ သူ၏မျက်ဝန်းများမှာ ရီဝေဝေဖြစ်နေသော်လည်း အကြည့်က စူးရှလှသည်။ သူ၏ရင်ဘက်မှာ အနည်းငယ် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။
ထောင်ချောက်မိနေသော ကျားသစ်ပျိုတစ်ကောင်ကဲ့သို့ အန္တရာယ်ရှိပြီး၊ ခုခံနိုင်စွမ်းမဲ့နေသော်လည်း ညှို့ယူနိုင်စွမ်းရှိနေလေသည်။
ကျီလင် သူ့အရှေ့ရှိ ချောမောသော ထိုသူကိုကြည့်နေမိသည်။ ကျီလင်မှာ ထိုသူကို အထက်စီးမှကြည့်နေသော်လည်း ထိုသူက သန်မာပြီး အန္တရာယ်ရှိလှသည်ကို ခံစားနေရသည်။ ထိုသူက လုံးဝဖမ်းချုပ်ခံထားရပြီး မလှုပ်နိုင်လျှင်သော်မှ ကျီလင်မှာ ထိုသူကို လုံးဝအထင်မသေးရဲပါချေ။
ထိုသည်မှာ သာမန်လူနှင့် စစ်သည်တော်ကြားမှ ကွာခြားချက်ဖြစ်သည်။
ထို့အပြင် နဉ်ယွီက အဘယ့်ကြောင့် နိုင်ငံ့အိုင်ဒေါဖြစ်လာရသနည်းဆိုသည့် အကြောင်းအရင်းလည်းရှိသေးသည်။
သူက သန်မာသည်၊ ချောမောကာ စိတ်ဓာတ်ခိုင်မာသည့်အပြင် သူ၏ယှဉ်၍မရသည့် နှစ်လိုမှုက လူများကို ဆွဲဆောင်နိုင်လေသည်။ ကျင်းဆွေ့၊ ကားလို့စ်၊ ဘရန်ဒန်နှင့် ဝမ်ယန်ကဲ့သို့ လူမျိုးများပင် ထိုဆွဲဆောင်မှုအောက်မှ မလွတ်ကြချေ။
ကျီလင်ပင် မှင်သက်မိသွားကာ ရင်ခုန်လာမိသည်။
ဇာတ်လိုက်အရှိန်အဝါကတော့ တကယ်ကြောက်စရာပဲ...
ငါက အဖြောင့်ကြီးပါနော်...
နောက်ဆုံးတွင် ကျီလင် စိတ်ငြိမ်သွားသည်။ သူ နဉ်ယွီကို အထင်မြင်သေးစွာကြည့်လိုက်သည်။ ကျီလင်က လူပေါ်ကြော့တစ်ယောက်ကဲ့သို့ နဉ်ယွီ၏မေးစေ့ကို ဖျစ်ကာ လှောင်ပြုံးပြုံးလိုက်သည်။
"မင်း ငါ့လက်ထဲကိုရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး... မင်းရော အဲ့လိုထင်မိလား..."
ကျီလင်က ထိုအစိမ်းရောင်မျက်ဝန်းများကိုစိုက်ကြည့်ရင်း အရှေ့သို့ ပိုကိုင်းလိုက်သည်။ ထိုကိုယ်နေဟန်ထားက လူတစ်ယောက်ကို အနိုင်ကျင့်နေသည့် လူဆိုးတစ်ဦးကဲ့သို့ ခံစားရစေသောကြောင့် ကျီလင် အလွန်စိတ်လှုပ်ရှားနေမိသည်။ သူ ကြောက်ရွံ့ခြင်းနှင့် စိတ်လှုပ်ရှားခြင်းကို တစ်ချိန်တည်းခံစားနေရသည်။
နဉ်ယွီက သူ့ကို ပြန်စိုက်ကြည့်လိုက်သည်။ သူ၏ အသက်ရှူနှုန်းမှာ ပို၍မြန်ဆန်လာလေသည်။ အတော်ကြာကာမှ သူက အေးစက်စက်စကားလုံးတစ်လုံးကို ရေရွတ်လိုက်သည်။
"သေလိုက်..."
"ဝိုး... အတော်ခေါင်းမာပါ့လား..."
ကျီလင်က စဉ်းမျဉ်းများအတိုင်း မလိုက်ပါသည့် ဗီလိန်နှစ်ယောက်ထက်စာလျှင် ပိုချစ်စရာကောင်းသည့် နဉ်ယွီကဲ့သို့ မာဆတ်ဆတ်သူမျိုးကို ပိုသဘောကျသည်။ ကျီလင်မှာ ချက်ချင်းဆိုသလို ဇာတ်ကောင်ထဲဝင်ရောက်သွားကာ မျက်နှာထက်တွင် "ဒေါသနှင့် အရှက်ခွဲခံရခြင်း" ဆိုသည့် အမူအရာကို ဖော်ပြလိုက်သည်။ သူ နဉ်ယွီကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး မေးစေ့ကို ကိုင်ထားသောလက်ကိုလည်း အားပိုထည့်လိုက်သည်။
နဉ်ယွီ၏မျက်နှာထက်တွင် နာကျင်မှုအရိပ်အယောင်ဖြစ်ပေါ်လာသည်။ သူ၏ ဖြူဖျော့သော အသားအရေတွင် အနီရောင်သန်းသွားကာ သူ၏ရင်ဘက်မှာလည်း တစ်စုံတစ်ခုအား အားတင်းထားရသကဲ့သို့ နိမ့်ချည်မြင့်ချည်ဖြစ်နေလေသည်။ ကျီလင်မှာ သမ်းတုန်းဆိုသည့်လူဆိုးကောင်က နဉ်ယွီအပေါ် မည်သည်ကို သုံးလိုက်သလဲဆိုသည်ကိုမသိသော်လည်း ယခု မမေးရဲသေးပေ။
နဉ်ယွီက အပြည့်အဝ သတိမလည်သေးသည်ကို မြင်သောအခါမှ သူ စိတ်သက်သာရာရသွားသည်။ နောက်ဆုံးတစ်ခေါက် နဉ်ယွီက သူ့ထံမှ ချောက်ချခံရသောအခါတွင် ဘရန်ဒန်ကို အကူအညီတောင်းခဲ့သည်။ နဉ်ယွီ၏ဉာဏ်ရည်နှင့် စိတ်တည်ငြိမ်မှုအရဆိုလျှင် ယခုလောက်ဆိုလျှင် ဘရန်ဒန်ဆီသို့ အချက်ပြပို့ပြီးလောက်ပြီ ဖြစ်လိမ့်မည်။ ကျီလင်က ဘရန်ဒန် ကယ်တင်ရန်ရောက်လာမီအထိ အချိန်ဆွဲထားရန်သာ လိုအပ်လေသည်။
ဘရန်ဒန်က မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို ကျီလင် မသိပေ။ ထို့အပြင် ဘေးမှ ကြည့်နေသူများရှိသောကြောင့် အတည်ပေါက်လုပ်ရန် လိုနေသေးသည်။ ကျီလင်က လူယုတ်မာအကြည့်ဖြင့် ပြောလိုက်သည်။
"မင်းကိုမင်း ဘာထင်နေတာလဲ... မင်းက ငါ့လက်ထဲကိုရောက်နေတာတောင် ငါ့ကိုအထင်သေးသလို ကြည့်နိုင်သေးတယ်ပေါ့လေ... မင်းကို သတ်ပစ်လ်ိုက်မယ်..."
နဉ်ယွီက မထူးခြားနား ခပ်ထေ့ထေ့အကြည့်မျိုးဖြင့် ကျီလင်ကို အနည်းငယ် မျက်လုံးဝင့်ကြည့်လိုက်သည်။ တိတ်ဆိတ်နေသော်လည်း အထင်သေးမှုများအပြည့်ပင်။
ကျီလင်မှာ ရုတ်ချည်း ဒေါသထွက်သွားလေသည်။
နဉ်ယွီက ထိုကဲ့သို့ မယဉ်မကျေးအမူအရာဖြင့် ကျီလင်ကို ဒေါသထွက်အောင်လုပ်နေသည်ကို သမ်းတုန်းမြင်သောအခါ သူ ချက်ချင်းကူညီရန်ထွက်လာလိုက်ပြီး ပြောလိုက်သည်။
"ကျစ်... သူက ဒီလောက်စိတ်ကြီးတဲ့လူလို့ မထင်ခဲ့မိဘူး... သူနဲ့ ဘယ်လိုကစားကြမှာလဲ သခင်လေးကျီ..."
ထိုမေးခွန်းမှာ ကျီလင်အား အမှန်တကယ် အကျပ်ရိုက်စေ၏။ သူက အခြားသူများအပေါ် လှည့်ကွက်များသုံးရသည်ကို အမှန်တကယ်မသိချေ။ သို့သော်လည်း ထိုသည်က ကျီလင်ကို ဉာဏ်များတတ်သောလူတစ်ယောက်အဖြစ် ဟန်ဆောင်နေခြင်းမှ မတားဆီးနိုင်ပေ။ သူ သမ်းတုန်းကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"အဲ့ဒီလိုကိစ္စတွေကအစ ငါ့ကို မေးနေသေးတာလား... ငါ့အတွက် အရင် ပြင်ဆင်မပေးနိုင်ဘူးလား..."
သမ်းတုန်း ကြောင်သွားကာ ရှက်ရှက်နှင့်ပြောလိုက်သည်။
"တောင်းပန်တယ်... ကျွန်တော် အတွေးမပေါက်လိုက်မိဘူး..."
ကျီလင့်တွင် ကစားရန်နည်းလမ်းများမရှိဟု သမ်းတုန်းသံသယမဝင်မိပေ။ သို့သော်လည်း ကောင်းကောင်းမစဉ်းစားနိုင်သည့်အတွက် သူ့ကိုယ်သူ စိတ်ပျက်မိသွားသည်။ သခင်လေးကျီက သူ့ကို ကိစ္စသေးသေးလေးကအစ လိုက်ပြောနေရသည်။ သူ သခင်လေးကျီ အချိန်ကောင်းလေးရရန်အတွက် အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားမှ ဖြစ်တော့မည်။
သမ်းတုန်းက ချက်ချင်းအနောက်လှည့်လိုက်ကာ သူ့ဘေးရှိ သက်တော်စောင့်ကို တစ်ခုခုအား တီးတိုးပြောလိုက်သည်။ များမကြာမီ ထိုသက်တော်စောင့်က ငွေရောင်သေတ္တာတစ်ခုကိုယူပြီး ပြန်ရောက်လာသည်။ သမ်းတုန်းက သေတ္တာကိုဖွင့်ကာ ကျီလင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သေတ္တာအတွင်းတွင် အထူးအမှတ်အသားတစ်ခုနှင့် ဆေးထိုးအပ်တစ်ခုရှိနေသည်။
ကျီလင်မှာ ယခုထိ မတုံ့ပြန်နိုင်သေးသော်လည်း ကုလားထိုင်တွင် အချည်ခံထားရသော နဉ်ယွီမှာ ထိုဆေးထိုးအပ်ကို မြင်လိုက်ရသည်နှင့် အမြဲတစေအေးစက်ကာ တည်ငြိမ်နေတတ်သော သူ၏မျက်ဝန်းများမှာ ရုတ်တရက် ကျုံ့ဝင်သွားကြသည်။ နဉ်ယွီမှာ ရုတ်ချည်း ရုန်းကန်လာကာ ကျီလင်ကို သတ်ပစ်ချင်နေသကဲ့သို့ ကြည့်နေခဲ့သည်။
နဉ်ယွီ၏ လူသတ်ချင်နေသော အကြည့်များကြောင့် ကျီလင် ထိတ်လန့်သွားရသည်။
နဉ်ယွီကို ဒီလောက်ပြင်းပြင်းထန်ထန်တုံ့ပြန်သွားအောင် ဘာကများလုပ်လိုက်တာလဲဟ...
သူ သမ်းတုန်းကို လှည့်ကြည့်လိုက်သည်။
ကျီလင်တစ်ယောက် ထိုပစ္စည်းကိုသိသင့်သည်ဟု သမ်းတုန်း ခံစားလိုက်ရသည်။ သို့သော်လည်း သူက တွေးပေးတတ်သော လူယုံလေးဖြစ်ချင်သောကြောင့် လိုရမယ်ရ ရှင်းပြလိုက်သည်။
"အဲ့ဒါက မျိုးရိုးဗီဇဖျက်ဆေးလေ... သူ့လိုပြည်သူတစ်ယောက်က စစ်တပ်ထဲကိုဝင်ပြီး သူ့ကိုယ်သူ မြင့်မြတ်တယ်လို့ထင်နေတာက သူ့ရဲ့ အဆင့်မြင့်ဆင့်ကဲပြောင်းလဲမှုကြောင့် မလား... ဒီဆေးကိုသာ သူ့အပေါ် သုံးလိုက်မယ်ဆိုရင်... ချက်ချင်း အသုံးမကျတဲ့သူဖြစ်သွားပြီး ဘယ်သူမှတောင် သူ့ကို ကယ်နိုင်မှာမဟုတ်ဘူး... အဲ့ဒါဆို သူ့ကို သခင်လေးကျီ ကြိုက်တဲ့အချိန်တိုင်း ကစားလို့ရပြီပေါ့... သူ သခင်လေးကို ခုခံနိုင်မှာကို မဟုတ်ဘူး... ဟီး ဟီး ဟီး..."
ပွေရှုပ်သူတစ်ယောက်အနေဖြင့် သမ်းတုန်းတွင် အတူမပျော်ပါးဖူးသည့်သူဟူ၍ မရှိပေ။ ထိုအထဲတွင် ဆင့်ကဲပြောင်းလဲသူများလည်း ပါဝင်လေသည်။ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အသတ်ခံရခြင်းမှကာကွယ်ရန် ထိုနည်းလမ်းဖြင့် လူတစ်ယောက်အား ဖျက်ဆီးခြင်းကို လုပ်ဖူးသည်မှာလည်း တစ်ခါမကတော့ပေ။
သမ်းတုန်း၏ ကပ်ဖားရပ်ဖားအပြုံးကို ကြည့်ရင်းဖြင့် ကျီလင်မှာ ကျက်သီးထသွားရသည်။
သမ်းတုန်းမှာ လူတစ်ယောက်အား ထိုသို့ပြုလုပ်သည်ကို ကိစ္စကြီးတစ်ခုဟု ထင်မှတ်မထားသော်လည်း ကျီလင်မှာမူ ထိုသည်က မည်မျှရက်စက်သည်ကို သိလေသည်။
နဉ်ယွီက သာမန်လူတစ်ဦးအဖြစ်မှ သေခြင်းရှင်ခြင်းကို ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းလာရပြီးမှ ယနေ့ကဲ့သို့ အဆင့်အတန်းနှင့် ဂုဏ်သရေကိုရရှိလာခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ထိုသူမှာ အခြားသူတစ်ယောက်၏လက်အတွင်း ကျရောက်သွားခဲ့ရသည်နှင့် အရှုံးသမားဖြစ်သွားကာ သူပိုင်ဆိုင်သမျှအရာအားလုံး ဖျက်ဆီးခံရပြီး မျက်ရှူစစ်သည်တော်တစ်ယောက်အဖြစ်မှ အထက်တန်းလွှာများ၏ ကစားစရာပစ္စည်းတစ်ခုအဖြစ်သို့ လုံးဝ ပြောင်းလဲခံလိုက်ရသည်က ဂုဏ်ယူဖွယ်နဉ်ယွီကို ရွံ့နွံထဲသို့ နင်းချလိုက်သကဲ့သို့ပင်။ သူ့အတွက် ပြန်လှည့်ရန်အခွင့်အရေးမရှိတော့ပေ။
ထိုသို့မျိုးသာ သူထံဖြစ်လာပါလျှင် ကျီလင်မှာ သေလိုက်သည်ကသာ ပိုကောင်းသည်ဟု ခံစားလိုက်ရသည်။
ထိုနည်းလမ်းမှာ အလွန်ဆိုးရွားသောကြောင့် ကျီလင်မှာ တွေးကြည့်ရုံနှင့်ပင် ကြောက်ရွံ့မိသည်။
နဉ်ယွီ အကြည့်တွေပြောင်းသွားတာ မထူးဆန်းတော့ပါဘူး...
အထက်တန်းလွှာလူပေါ်ကြော့များ၏ မျက်လုံးထဲတွင် ထိုနည်းလမ်းဖြင့် လူတစ်ယောက်ကိုဖျက်ဆီးခြင်းက သူတို့ကိုယ်သူတို့ စိတ်ကျေနပ်စေရန်အတွက်သာဖြစ်ကာ စကားထဲထည့်ပြောရန်ပင် မတန်ပေ။
သမ်းတုန်းမှာ ကျီလင်၏ စိတ်ကူးအမှန်ကို မတွေးမိပေ။ ကျီလင်၏ ခန့်မှန်းရခက်သော ရှုပ်ထွေးသည့်အကြည့်များကိုကြည့်ရင်း ကျီလင်က သူ့ကြောင့် စိတ်ညစ်သွားရသည်ဟု တွေးမိသွားလေသည်။ ထို့ကြောင့် သူ နဉ်ယွီ၏ဆံပင်ကိုဆွဲပြီး သူ၏သွယ်လျသောလည်ပင်းကို ဖော်လိုက်ကာ ကိစ္စရှင်းမည်လုပ်လိုက်သည်။
ထိုသည်ကိုမြင်လိုက်ရသောအခါ ကျီလင် အလွန်ထိတ်လန့်သွားပြီး သူ၏မျက်နှာမှာလည်း ရုတ်ချည်းဖြူဖျော့သွားလေသည်။ သူ စိတ်ထဲတွင် တွေးလိုက်မိသည်။
လခွမ်းဟေ့... ငါ ဒါကို မလုပ်နိုင်ဘူးဟ...အားးးးးးးး...
တစ်ချိန်တည်းမှာပင် သူ အရှေ့သို့ပစ်ဝင်ပြီး အော်လိုက်သည်။
"ရပ်လိုက်..."
သမ်းတုန်း လှုပ်ရှားခါနီးဆဲဆဲအချိန်၌ ကျီလင်၏ ဟိန်းဟောက်သံကြောင့် ထိတ်လန့်သွားသည်။ သူ အသိပြန်ဝင်လာချိန်တွင် မျိုးဗီဇဖျက်ဆေးက ကျီလင်၏လက်ထဲသို့ ကျရောက်နေပြီဖြစ်၏။ သူ့လက်ဗလာကို ကြည့်လိုက်ပြီးနောက် ကျီလင်ကို ဗလာကျင်းနေသည့် အမူအရာဖြင့် မော့ကြည့်လိုက်သည်။
ကျီလင်လည်း သူ့ကိုကြည့်နေရင်း အမူအရာက အနည်းငယ် တောင့်တင်းသွားသည်။
ပတ်ပတ်လည်ရှိလေထုက ထူးဆန်းသော အခြေအနေသို့ ရောက်ရှိသွားပေ၏။
ပြိုလဲလုနီးပါးဖြစ်နေသည့် ကျီလင်က မျက်ဆံလှန်ကာ သမ်းတုန်းကို စိုက်ကြည့်လိုက်ပြီး အေးစက်စွာဖြင့် အသက်ပြင်းပြင်းတစ်ချက်ကို ရှိုက်ထုတ်လိုက်သည်။
"ကျန်တာတွေကို ငါ့ဆီ လွှဲထားခဲ့လိုက်တော့… မင်းက ဘေးဘက်ကို သွားလိုက်…"
သမ်းတုန်း ကြောင်အသွားပြီး ရုတ်တရတ် နားလည်သွားသည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ သခင်လေးကျီက သူကိုယ်တိုင်လုပ်ချင်ကြောင်း သဘောပေါက်သွားပေ၏။
ဟုတ်တယ် သူ့လက်နဲ့ ဒီလောက်ကောင်းတဲ့ ထုတ်ကုန်ကို ညှဉ်းပန်းနှိပ်စက်နိုင်တာက ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းလိုက်မလဲ...အာ ငါက အဲဒါကို လုယူလုနီးပါးဖြစ်သွားခဲ့တာပဲ... နောက်ပြီး သခင်လေးကျီ သဘောကျတဲ့ လူကို ထိတောင်ထိရဲလိုက်သေးတယ်...
သမ်းတုန်းက လူယုတ်မာအပြုံးဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ ကောင်းပါပြီ…"
သမ်းတုန်းက မည်သည်ကိုမှ သတိမထားမိဘဲ ဘေးဘက်သို့ နာနာခံခံ ပြန်ဆုတ်သွားသည်ကို ကျီလင် တွေ့လိုက်ရသည်။ သူ့လက်ထဲရှိ အာလူးပူပူကို ချက်ချင်း လွှင့်ပစ်ရန် မစောင့်နိုင်တော့သော်လည်း အနည်းငယ်မျှ စိတ်သက်သာရာရသွားခဲ့သည်။ သို့သော် ဤကဲ့သို့အန္တရာယ်ရှိသည့် ပစ္စည်းတစ်ခု အခြားသူများလက်ထဲ ရောက်ရှိသွားလျှင်…
မတော်တဆ နဉ်ယွီ့လက်ထဲသို့ ရောက်ရှိသွားပါက ကျီလင် ငိုပင်မငိုနိုင်တော့ပေ။ သူ့ကိုယ်တိုင် သိမ်းထားလိုက်သည်က ပို၍လုံခြုံပေ၏။
ဘရန်ဒန် စောစော ရောက်လာပါစေဟုသာ ဆုတောင်းရင်း ထိုးဆေးကိုယူကာ နဉ်ယွီဆီသို့ 'သူ၏အစွမ်းကို ပြသရန်' တစ်ဖန် ရောက်လာခဲ့သည်။
နဉ်ယွီက သူ့ကို မျက်လုံးထဲတွင် ရွံရှာမုန်းတီးသော အကြည့်ဖြင့် အေးစက်စွာ ကြည့်နေပြီး အံတင်းတင်းကြိတ်ထားသည်။ ကျီလင်အား သူနှင့်အတူ သေစေချင်သကဲ့သို့ သူ့မျက်နှာထားက တင်းမာနေသည်။
ကြည့်နေရင်းဖြင့် ကျီလင်၏နှလုံးသားလေးက အပြစ်ရှိသလို ခံစားလိုက်ရသည်။ သို့သော် မတတ်နိုင်ပေ။ သူလည်း အသက်ရှင်လျက် အိမ်ပြန်ချင်သေးသည်။
ငါ မင်းအပေါ်ကို တကယ်ဘာမှမလုပ်ဘူးလို့ ကတိပေးတယ်... ငါ မင်းကို ဘရန်ဒန်ဆီ ပို့ပေးမယ်... မင်းက ဒီလိုကြင်နာပြီးမွန်မြတ်တဲ့ အကျင့်စရိုက်ရှိပြီး အရမ်းကိုတာဝန်ယူတတ်တဲ့ လူတစ်ယောက်လေ... မင်းသာ အမှန်တရားကို သိသွားရင် ငါ့ကို သေချာပေါက် နားလည်ပေးလိမ့်မယ်၊ ဟုတ်တယ်မလား... ငါသာ ပြန်သွားနိုင်ရင် မင်းရဲ့ကြီးမြတ်လှတဲ့ ကြင်နာမှုကို သေချာပေါက် ငါ မမေ့ပါဘူး...
ပြောရမည်ဆိုလျှင် ယခင်ဘဝက သူ နဉ်ယွီကို ပြန်ပေးဆွဲပြီး ဖျက်ဆီးပစ်လုနီးပါးဖြစ်ခဲ့သည်။ ထို့ကြောင့် ၎င်းက ဘရန်ဒန်ကို ဒေါသထွက်စေပြီး နဉ်ယွီကို ကာကွယ်ပေးရန်အတွက် သူ့အိမ်တွင် နေထိုင်စေခဲ့သည်။ ဘရန်ဒန်၏အိမ်၌ ဘရန်ဒန်က ရဲရင့်ပြီး ခေါင်းမာသော နဉ်ယွီကို ပို၍နှစ်သက်လာခဲ့သည်။ ထို့အပြင် ကျင်းဆွေ့သည်လည်း နဉ်ယွီနှင့် အဆက်အဆံလုပ်ရန် အမှန်တကယ် အခွင့်အရေးရလာခဲ့ပြီး gong နှင့် shou အကြား ပထမဆုံးအကြိမ် ဆက်ဆံရေးတစ်ခု ရှိလာခဲ့သည်။
ဤဇာတ်ကွက်၏ အရေးပါပုံကို စဉ်းစားကြည့်မိ၏။ ကျီလင်က နဉ်ယွီထံသို့ နောက်တစ်ကြိမ် ချဉ်းကပ်ရန် သတ္တိမွေးလိုက်ပြီး မျိုးဗီဇဖျက်ဆေးအား နဉ်ယွီရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် ရက်စက်ပြီး ရွံရှာဖွယ်ကောင်းသော အပြုံးကို ထုတ်ဖော်ပြလိုက်သည်။ သူက ဗီလိန်ဇာတ်ရုပ်ကို အပြည့်အ၀ သရုပ်ဆောင်လိုက်သည်။
"ခုဏကတောင် မင်းက အရမ်းမာနကြီးနေတုန်းပဲမလား… အခု ဘာလို့ စကားမပြောတော့တာလဲ…"
နဉ်ယွီက သူ့ကို အန္တရာယ်ရှိသည့်အကြည့်ဖြင့် ကြည့်နေပြီး အသက်ရှုသံများက နှေးကွေးလေးလံနေသည်။ သူ့မျက်နှာက ကြက်သွေးရောင် သန်းနေသော်လည်း သူ့မျက်လုံးများထဲရှိ အေးစက်စက် အလင်းရောင်က ကျီလင်၏ခန္ဓာကိုယ်ကို အကြိမ်ပေါင်းတစ်သောင်းမျှ အစိတ်စိတ်အမွှာမွှာ ဖြိုခွဲပစ်မည့်ပုံနှယ်။
"ဘာလို့ ဒီအတိုင်း ငါ့ကို သတ်မပစ်သေးတာလဲ…"
အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ… ငါ ကိုယ့်ဘာသာကိုယ် သတ်သေလိုက်ရင်တောင် မင်းကို သတ်ပစ်ဖို့ဆိုတာမဖြစ်နိုင်ဘူး...
ကျီလင် စိတ်ထဲမှ တွေးလိုက်မိသည်။ သို့သော် သူ့မျက်နှာတွင် ကရုဏာတရားကင်းမဲ့သည့် အပြုံးတစ်ခု ပေါ်ထွက်လာသည်။
"သေချင်လို့လား… အဲ့လောက်မလွယ်ဘူးနော်…"
ကျီလင်က မျက်လွှာများကို ချကာ အခြားသူများ၏ လက်ခုပ်အတွင်းသို့ ကျရောက်နေသည့် သူ့ရှေ့ရှိ ရဲရင့်ပြီး ဖြောင့်မတ်မှန်ကန်သောသူကို ငုံ့ကြည့်လိုက်သည်။ ထိုသူမှာ အလွန်ဖရိုဖရဲဖြစ်နေပြီး ချောမောကာ တလက်လက်တောက်ပနေသည်။ ၎င်းက လူများအား ဖော်ပြ၍မရနိုင်သည့် ခံစားချက်မျိုးကို ဖန်တီးပေးစွမ်းနိုင်သည်။ သူ့(ကျီလင်)ကိုပင် သူ့(နဉ်ယွီ)ခြေရင်း၌ အရှုံးပေးဒူးထောက်စေနိုင်သည်အထိ ပြီးပြည့်စုံသည့် စိတ်ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။
✨✨✨