✨Chapter 18
ပြန်ပေးဆွဲခြင်း
ကျီလင် အစမ်းသဘောဖြင့် မက်ဆေ့တစ်စောင် ပေးပို့လိုက်သောအခါ သမ်းတုန်းက ချက်ချင်းတုံ့ပြန်ခဲ့သည်။ ကျီလင် အပျော်လွန်သွားပြီး ချက်ချင်းပင် သူနှင့်တွေ့ရန်ချိန်းလိုက်သည်။ သူ ထိုလူကို ရွေးချယ်ပြီးဖြစ်သောကြောင့် တည်နေရာက အရေးမကြီးတော့ချေ။ ထို့ကြောင့် သမ်းတုန်းက တည်နေရာကိုသတ်မှတ်ခဲ့ပြီး သူနှင့် ကျီလင် မြို့ပြင်၌ တွေ့ဆုံကြမည်ဖြစ်သည်။
ကျီလင်ကဲ့သို့ အဆင့်အတန်းမြင့် အထက်တန်းလွှာများက အင်ပါယာမြို့လယ်တွင် နေထိုင်လေ့ရှိသော်လည်း အင်ပါယာကြယ်ပေါ်၌ အင်ပါယာမြို့တော်အပြင် အခြားမြို့ပြဧရိယာများစွာရှိပေသည်။ ထို့ကြောင့် "မြို့ပြင်"ဟူသည်က ယျေဘုယျအားဖြင့် ကျန်မြို့ပြဧရိယာကို ရည်ညွှန်းခြင်းဖြစ်သည်။
အင်ပါယာမြို့လယ်နှင့် ပိုနီးလေလေ အင်ပါယာကြယ်ပေါ်ရှိ အထက်တန်းလွှာများ၏အဆင့်အတန်းနှင့် တည်နေရာ ပိုကောင်းလေလေဖြစ်သည်။ မြို့လယ်နှင့် ပိုဝေးလေလေ ထိုနေရာရှိလူများ၏ အဆင့်အတန်း ပိုနိမ့်လေလေဖြစ်သည်။ မြို့ပြများ၏ အစွန်ဆုံးဧရိယာများတွင် သာမန်လူများနေထိုင်ကြသည်။ သူတို့က အခြားကြယ်နယ်ပယ်များတွင် စွမ်းအားကြီးသော ဆင့်ကဲပြောင်းလဲသူများနှင့် ဘီလျံနာများဖြစ်ကြသော်လည်း အင်ပါယာကြယ်ပေါ်သို့ရောက်ချိန်တွင် အထက်တန်းလွှာများ၏မျက်လုံးထဲ၌ သူတို့က မူလဇစ်မြစ်မဖယ်ရှားနိုင်သည့် ဇာတ်နိမ့်များသာဖြစ်သောကြောင့် မြို့ပြင်ဧရိယာ၌သာ နေထိုင်နိုင်သည်။
ယခင်ဘဝတွင် ကျီလင်က တာဝန်များကိုသာ အာရုံစိုက်ခဲ့ပြီး အခြားအတွေးများမရှိခဲ့သောကြောင့် မြို့ပြင်သို့ ယခုမှ ပထမဆုံး ရောက်ဖူးခြင်းဖြစ်သည်။
အင်ပါယာမြို့လယ်၏ သာယာဝပြောမှုနှင့် ယှဉ်ပါလျှင် ထိုနေရာက ပို၍သာမာန်ဆန်ပုံရသည်။ လမ်းမများပေါ်ဝင်ထွက်သွားလာနေသူများက သာမန်လူများဖြစ်ကြပြီး ကျီလင်၏မျက်လုံးများထဲ စပ်စုလိုစိတ်များပေါ်လာခဲ့သည်။
သမ်းတုန်းက လူဆိုးတစ်ယောက်ဖြစ်သော်လည်း ကျီလင်နှင့်ရင်ဆိုင်ရချိန်တွင် အလွန်ရိုသေလေးစားပြီး ကျီလင်၏ဖိနပ်ကိုလျက်ရန် မစောင့်နိုင်တော့ချေ။
ကျီလင်က အဆင့်အတန်းမြင့်သော အထက်တန်းလွှာတစ်ဦးဖြစ်၍ သမ်းတုန်း၌ မိတ်ဖွဲ့ရန် အခွင့်အရေးမရှိခဲ့ချေ။ သူက ကျီလင်နှင့်အတူ သွားလာနိုင်သည့် ရို့စ်နှင့် အခြားသူများကို မနာလိုဖြစ်နေသည်မှာ ကြာလှပြီဖြစ်၏။ ထို့ကြောင့် ဤတစ်ကြိမ်တွင် သမ်းတုန်းက ကျီလင်၏ရွှေပေါင်လုံးကို ဖက်ထားရန် ကျိန်ဆိုခဲ့သည်။
သမ်းတုန်းက ကျီလင်ကို မျက်စိကျဖွယ်မရှိသော အဆောက်အအုံတစ်ခုဆီခေါ်သွားပြီး သိုဝှက်စွာပြောလာခဲ့သည်။
"သခင်လေးကျီ... ဒီနေရာရဲ့အပြင်ပိုင်းကိုပဲ မကြည့်ပါနဲ့... အတွင်းပိုင်းက ကျေနပ်စေရမယ်လို့အာမခံပါတယ် ဟီးဟီး..."
ကျီလင်က သူ့ကို အူကြောင်ကြောင်လေး ကြည့်လိုက်သည်။
သမ်းတုန်းက ရယ်မောလာခဲ့၏။
"မနေ့ညက ဆိုဆာကြယ်ကနေ ကျွန်အသစ်တချို့ရောက်လာတယ်လေ... သူတို့ ဒီနေ့ လေလံပွဲလုပ်ကြမှာ..."
ကျီလင်က 'ကျွန်' ဟူသော စကားကိုကြားချိန်တွင် မျက်ခုံးပင့်မိပြီး ဘာဖြစ်နေသည်ကို နားလည်သွားခဲ့၏။
အင်ပါယာ၏လက်ရှိသဘာဝက မည်မျှပင် တရားမမျှတစေကာမူ ၎င်းက ဖွံ့ဖြိုးတိုးတက်ပြီး ယဉ်ကျေးမှုရှိသည့် အင်ပါယာတစ်ခုဖြစ်နေဆဲပင်။ အနည်းဆုံးအပေါ်ယံပေါ်၌ ဒီမိုကရေစီနှင့် တရားမျှတမှုရှိသည့်နိုင်ငံဖြစ်သောကြောင့် ရှေးပဒေသရာဇ်စနစ်မရှိကာ ကျွန်များတည်ရှိရန်လည်းခွင့်မပြုချေ။ ကျီလင်ကဲ့သို့ အထက်တန်းလွှာများပင်လျှင် အပေါ်ယံ၌ တရားမျှတမှုရှိပြီး လွတ်လပ်စွာပြောဆိုခွင့်ရှိသည်ကို မြင်နိုင်သည်။
ဒါပေမယ့် ဒီလိုမျိုးစနစ်အောက်မှာ အရုပ်ဆိုးပြီး ညစ်ပတ်တဲ့ ဆန္ဒတွေရှိတဲ့ အထက်တန်းလွှာတချို့က ဘယ်လိုလုပ်ကျေနပ်နိုင်ပါ့မလဲ...
အမှန်တွင် အင်ပါယာက ကျွန်များအသုံးပြုခြင်းကို ခွင့်မပြုထားသော်လည်း ကျွန်များ ရှိနေဆဲဖြစ်ပြီး အချို့အထက်တန်းလွှာများကြား၌ လျှို့ဝှက်စွာပျံ့နှံ့နေဆဲဖြစ်သည်။ မရေမတွက်နိုင်သော လူများက ခုခံနိုင်စွမ်းမလုံလောက်ဘဲ အထက်တန်းလွှာများ၏ ကစားစရာများဖြစ်လာရန် အတင်းအကြပ်ဖိအားပေးခံရပြီး တရားမျှတမှုက အမည်ခံသပ်သပ်သာဖြစ်သည်။
ယနေ့ညလေလံပွဲက ထိုကဲ့သို့ ဥပဒေမဲ့သော နေရာဖြစ်သည်မှာထင်ရှား၏။
ကျီလင် မပါဝင်ချင်ဖြစ်သွားပြီး သမ်းတုန်းကို ထွက်လာရန် တောင်းဆိုမိသည့်အတွက် နောင်တရမိခဲ့သည်။
နောက်တစ်ခါကျ ဒီလူကို မရှာတာပိုကောင်းမယ်ထင်တယ်...
သူနှင့် သမ်းတုန်းတို့ လေလံခန်းမဆီသို့ ရောက်လာခဲ့ပြီး ဒုတိယထပ်ရှိ VIPခုံများ၌ ထိုင်ခဲ့ကြသည်။ ကျီလင်က ထိုကိစ္စများကို စက်ဆုပ်ရွံရှာသောကြောင့် ဘေးပတ်ဝန်းကျင်ကိုသာ အာရုံပြောင်းခဲ့သည်။
သူ စိတ်မရှည်ဖြစ်လာချိန်မှာပင် ပထမထပ်ရှိခန်းမကို အမှတ်မထင်ကြည့်မိသွားခဲ့သည်။ ကျီလင်၏မျက်လုံးများက ထောင့်နား၌ရပ်နေသော လူကိုမြင်လိုက်ရစဉ် အံ့သြမှုဖြင့် ဝိုင်းစက်သွားခဲ့သည်။
ငါ နဉ်ယွီကို ဒီမှာ တကယ်ကြီးလာတွေ့နေတာပဲ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
ဒါပေမယ့် တွေ့ရင်တောင် ဘာလုပ်နိုင်မှာလဲ... ငါ့မှာ နဉ်ယွီကို ပြဿနာရှာဖို့ အကြောင်းအရင်းမှမရှိနေတာ...
ကျီလင် စိတ်ပျက်လက်ပျက်ဖြစ်နေစဉ် ရုတ်တရက် သူ့ဘေးနားမှ အာမေဋိတ်သံကို ကြားလိုက်ရသည်။ သမ်းတုန်းက လက်ရန်းနားတွင်ရပ်နေပြီး နဉ်ယွီ၏ တည်ရှိမှုကို သိသာထင်ရှားစွာ သတိပြုမိခဲ့ကာ သူ့အမူအရာက ပို၍ချဲ့ကားပြလာခဲ့သည်။
"အဲဒါ နဉ်ယွီမလား..."
သမ်းတုန်းက အနက်ရောင်ဆံပင်၊ အစိမ်းရောင်မျက်လုံးများရှိကာ ရှည်လျားဖြောင့်စင်းပြီး သန်မာသောခြေတံများဖြင့် နဉ်ယွီ၏ရှည်လျား ကြော့ရှင်းနေသော အသွင်အပြင်ကို ကြည့်လိုက်သည်။ ထိုအသွင်အပြင်က လူအများကို မျက်စိမခွာနိုင်ဖြစ်စေခဲ့သည်။ သမ်းတုန်းက မနာလိုဖြစ်သွားပြီး ချဉ်တူးစွာပြောလိုက်သည်။
"ကျစ် သာမန်လူတစ်ယောက်က တက်သစ်စကြယ်ပွင့်၊ နိုင်ငံ့အိုင်ဒေါဖြစ်လာနိုင်လို့လား... သူ့လို အလှပန်းအိုးက ဘယ်လိုတိုက်ခိုက်နိုင်မှာမို့လို့လဲ... ငါ့လို သခင်လေးမျိုးနဲ့ လာကစားပြီး အလုပ်ကျွေးပြုတာ ပိုမကောင်းဘူးလား..."
အဲဒီလိုမျိုး ထူးချွန်ထက်မြက်ပြီး ခေါင်းမာတဲ့အလှလေးကို ငါ့ကိုယ်အောက်မှာဖိထားရင်း ပြင်းပြင်းထန်ထန်နှိပ်စက်နိုင်မယ်ဆိုရင် စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်မလား...
သမ်းတုန် ထိုကဲ့သို့တွေးမိခဲ့သည်။ သို့သော် နဉ်ယွီက သာမန်လူဖြစ်သည့်တိုင် သူ မလှုပ်ရှားဝံ့သည့်သူဖြစ်နေသည်မှာ နှမြောစရာပင်။ သူက အများသူငှာ၏ အမြင်ကိုဆန့်ကျင်ရန် အရည်အချင်းမပြည့်မီချေ။ ထို့အပြင် နဉ်ယွီက မာရှယ်ဘရန်ဒန်၏လူ ဖြစ်နေသေးသည်။
သူ အနည်းငယ် နှမြောသလိုခံစားရပြီး ခေါင်းလှည့်လိုက်ချိန်မှာပင် ကျီလင်က သူ့အား လောင်ကျွမ်းသောအကြည့်များဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရကာ သမ်းတုန်ချက်ချင်းထိတ်လန့်သွားခဲ့သည်။
ငါ အမှားတစ်ခုခုများပြောမိလို့လား...
ကျီလင်က သူ့ကို လေးနက်စွာကြည့်ပြီး သမ်းတုန်း၏ပုခုံးကို လက်တစ်ဖက်ဖြင့် ပုတ်ကာ အသိအမှတ်ပြုမှုများဖြင့် ပြောလိုက်သည်။
"မင်းပြောတာမှန်တယ်... အဲဒါက အဓိပ္ပာယ်ရှိတယ်..."
တုန်ယင်နေတဲ့ သမ်းတုန်း- "?"
×××××
ကျီလင်မှာ ယနေ့ အပြင်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းက အလွန်ကောင်းသွားသည်ဟု ခံစားလိုက်ရသည်။
ဒီလောက်ဝေးတဲ့နေရာမှာတောင် နဉ်ယွီနဲ့ တွေ့နိုင်တယ်ဆိုတော့ ငါတို့နှစ်ယောက်ကြားမှာ တစ်နည်းနည်းနဲ့ ကံကြမ္မာငင်နေတာမဟုတ်ဘူးလား...
ဂန္တဝင်တွင်လောက်မယ့် ရေစက်ပဲ...
သမ်းတုန်း၏ စကားများကြောင့် ကျီလင်မှာ အလွန်စိတ်အားထက်သန်သွားရသည်။ ထိုစကားများက မျှော်လင့်ချက် အလင်းတန်းတစ်ခုကဲ့သို့ သူ့စိတ်ကို အလင်းပွင့်သွားစေခဲ့သည်။
ယခင်က သူ လမ်းဆုံးကို ရောက်လုရောက်ခင်ဖြစ်သွားဖူးသည်။ ယခုဘဝတွင် နဉ်ယွီကို ပြဿနာရှာရန်အတွက် အကြောင်းပြချက်မရှိသော်လည်း သူက အနိုင်ကျင့်သူတစ်ယောက် ဖြစ်နေဆဲပင်။ အထက်တန်းလွှာများက လူမဆန်သော မကောင်းဆိုးဝါးများဖြစ်ကြသည်။
လူဆိုးတစ်ယောက်က မကောင်းတာလုပ်တာကို အကြောင်းပြချက်ပေးနေရဦးမှာလား ကြိုက်တာတွေ့ရင် အရယူလိုက်ရုံပဲ...
သမ်းတုန်းက ဟိုအဆင့်နိမ့်ကျွန်တွေနဲ့ပဲ ကစားရဲတာလေ... နဉ်ယွီလိုမျိုး ဇာတ်လိုက်အရှိန်အဝါနဲ့ နိုင်ငံ့အိုင်ဒေါမျိုးကို သူ မထိရဲဘူး... ဒါပေမယ့် ငါကတော့ မတူဘူးလေ... ငါ မလုပ်ရဲတာ ဘာမှမရှိဘူးကွ...
ငါ့ရဲ့မစ်ရှင်က နဉ်ယွီကို ဆန့်ကျင်ရတဲ့ မလိုတမာစိတ်နဲ့ အမြှောက်စာအမျိုးသားဇာတ်ကောင်ဖြစ်ဖို့မဟုတ်လား... အခု ငါ့ရဲ့ဇာတ်ကောင်အရဆို နဉ်ယွီကို သတ်လိုက်ရင်တောင်မှ ပြဿနာရှိမနေဘူး... အမှန်တရားက ရက်စက်ချက်ပဲ...
သေချာပေါက် နဉ်ယွီကို သူ မသတ်ပေ။ နဉ်ယွီအား ဆက်လက်ပြဿနာရှာရန်အတွက် အကြောင်းပြချက်ရလာသောကြောင့် ကျီလင်မှာ ပျော်ရွှင်နေလေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသည်က နောက်ဇာတ်ကြောင်းနှင့် ဆက်နွယ်နေသောကြောင့်ဖြစ်သည်။
ထိုသည်ကို တွေးမိသွားသောအခါ ကျီလင်က သမ်းတုန်းအား နူးညံ့သောချစ်ခြင်းတို့ဖြင့် ပြည့်လျှမ်းနေသော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။
ငါ လူမှန်ကိုရှာတွေ့ခဲ့ပြီပဲ... သူက တကယ်ကို ကံကောင်းတဲ့လူယုံလေးပဲ...
သမ်းတုန်းက အခုကြည့်လိုက်တော့လည်း အမြင်ကပ်စရာမကောင်းတော့သလိုပဲ... ဒီကောင်က နည်းနည်းရိုင်းပေမယ့် လိမ္မာပါးနပ်မှုရှိတယ်... သူ့မျက်လုံးတွေက သေးပေမယ့် ဆွဲဆောင်မှုရှိတယ်... ပြီးတော့ သူ့မျက်နှာပေါ်မှာ မှဲ့ခြောက်လေးတွေရှိပေမယ့်လည်း ချစ်ဖို့ကောင်းသား... သူ့ခေါင်းပေါ်က အစိမ်းရောင်ဆံပင်တိုလေးတွေကတောင်... အဟွတ်... ကောင်းကောင်းမွန်မွန် အသက်ရှင်ဖို့ ခေါင်းပေါ်မှာ အစိမ်းရောင်လေးရှိတာကလည်း မဆိုးလှပါဘူး...
သမ်းတုန်းမှာ ကျီလင်၏ ညင်သာသော်လည်း ပူပြင်းလှသည့် အကြည့်များအောက်တွင် တစ်ကိုယ်လုံး မရိုးမယွဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ အလွန်စိတ်လှုပ်ရှားကာ မသက်မသာခံစားနေရသည်။ အကြောင်းအရင်းမယ်မယ်ရရမရှိဘဲ ထိုသို့အကြည့်ခံနေရသောကြောင့် ရုတ်တရက် သူ့စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာလေသည်။
မဟုတ်မှ သခင်လေးကျီက ငါ့ကို သဘောကျနေတာလား...
သမ်းတုန်းမှာ ကျီလင်က ကျွန်လေလံပွဲများအပေါ် စိတ်ဝင်စားမှု မရှိတော့သည်ကို တွေးမိသွားသည်။ ထို့အပြင် ကျီလင်၏ လေးလေးနက်နက် ဖောဖောသီသီချီးကျူးလာသော ချီးကျူးစကားများကို တွေးမိသွားသောအခါ သမ်းတုန်းမှာ တစ်စုံတစ်ခုအား အလင်းပြခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သခင်လေးက တကယ်ကြီး ငါ့ကိုချိန်နေတာလားဟ...
သမ်းတုန်း၏ မျက်နှာပေါ်ရှိ အမူအရာများမှာ တဖြည်းဖြည်း တောင့်တင်းသွားလေသည်။
အဲ့ဒီအကြိုက်ကြီးက တကယ်ကို သူမတူတာဘဲ...
ကျီလင်၏ ချောမောသိမ်မွေ့လှသောမျက်နှာကို သမ်းတုန်း ဂရုတစိုက်ကြည့်မိသည်။ ပန်းချီကားထဲမှ ထွက်လာသော မင်းသားတစ်ပါးကဲ့သို့လှပသော ထိုအထက်တန်းလွှာ အမျိုးသားမှာ သေချာကြည့်ပါလျှင် နဉ်ယွီထက် မဆိုးပါချေ။ ကန့်သတ်မထားသော တစ်မူထူးခြားသည့် အလှမျိုးဖြစ်သည်။
သမ်းတုန်း သတိမထားမိဘဲ တံတွေးမျိုချမိသည်။ သူ့ ခံတွင်းမှာ အလွန်ခြောက်သွေ့နေ၏။ သမ်းတုန်းမှာ သူကသာ အခြားသူများအား ဆော့ကစားဖူးပြီး သူ့ကို လာကစားဖူးသူမရှိဖူးပေ။
တကယ်လို့ သခင်လေးကျီသာ တကယ်ကစားချင်တယ်ဆိုရင်... ငါက ဘယ်နေရာက ဆော့ပေးရမှာလဲ... ဒါမှမဟုတ် ... ငါက...
သမ်းတုန်း၏ မျက်နှာအမူအရာမှာ ခံစားချက်အမျိုးမျိုးဖြင့် ရှုပ်ထွေးနေသည်။ သူ့မျက်နှာတွင် ရှားရှားပါးပါး ရှက်သွေးဖြာနေမိသည်။ သူ ကျင်းလင်ကို ရှက်ကိုးရှက်ကန်း ကြည့်လိုက်ကာ ကျီလင် စကားပြောလာမည်ကို စိတ်လှုပ်ရှားစွာ စောင့်နေမိသည်။
ကျီလင်မှာ နောက်ဆုံးတွင် သူ၏မစ်ရှင်ကို ပြန်ဆက်နိုင်တော့မည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေလေသည်။ သူ သမ်းတုန်းကို တစ်ချက်ကြည့်လိုက်ကာ ထိုလူယုံလေးက အဘယ့်ကြောင့် ရုတ်တရက်ကြီး ရှက်သွေးဖြာနေရသည်ကို သိချင်သွားသည်။
သူ့ကြည့်ရတာ ရှက်တတ်တဲ့သူမျိုးပုံလည်း မပေါက်ပါဘူး... အရင်ဆုံး နဉ်ယွီကို လိုချင်နေတာ ငါပဲမဟုတ်ဘူးလားဟ... ယုတ္တိရှိရှိပြောရရင်တော့ ငါက အများကြီး အနိုင်ကျင့်ခဲ့တာလေ...
သို့သော်လည်း ကျီလင်မှာ ထိုအကြောင်းများစဉ်းစားရမည်ကို အလွန်ပျင်းသောကြောင့် သူ လူယုတ်မာဆန်ဆန်ပြုံးကာ လက်ခါပြလိုက်သည်။
"ငါတစ်ခါမှ အဲ့ဒီလို တက်သစ်စကြယ်ပွင့်ဆိုတာလေးတွေနဲ့ မကစားဖူးသေးဘူး... သူ့ကို ငါ့ဆီခေါ်လာခဲ့... ဒီသခင်လေးက အပျော်လေးနည်းနည်း လိုချင်နေတယ်..."
သမ်းတုန်း: "..."
ကျီလင်က မျက်ခုံးပင့်ပြလိုက်သည်။
"ဘာလဲ... ငါပြောတာကို မကြားလိုက်ဘူးလား..."
ခဏကြာသောအခါ သမ်းတုန်းက ခြောက်ကပ်ကပ်ရယ်လိုက်သည်။
"ကျွန်တော်ကြားလိုက်တယ်... သူ့ကို သခင်လေးဆီ သေချာပေါက်ခေါ်လာခဲ့ပေးမယ်..."
ချီး... သခင်လေးကျီက ငါ့ကိုစိတ်ဝင်စားနေတယ်လို့ ထင်ခဲ့တာလေ... ငါ အတွေးလွန်မိသွားတာလား... သခင်လေးကျီက ငါ့ကို ဘယ်လိုလုပ် စိတ်ဝင်စားပါ့မလဲ... အား... မသိတော့ဘူး...
သမ်းတုန်းမှာ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားရသော်လည်း ကံကောင်းစွာဖြင့် သူ၏စိတ်အခြေအနေကို အမြန်ပြန်ထိန်းညှိလိုက်နိုင်သည်။
နဉ်ယွီက ကိုင်တွယ်ရန်ခက်ခဲသော်လည်း ကျီလင်က ပြောပြီးပြီဖြစ်သောကြောင့် မည်ကဲ့သို့ကိစ္စမျိုးရှိနေပါစေ လှလှပပ ပြီးဆုံးသွားစေရန် သူ့အနေဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။
သမ်းတုန်း၏ ပြတ်ပြတ်သားသားအဖြေကို ကျီလင် အလွန်ကျေနပ်မိသည်။ သို့သော်လည်း ထိုသူက ကောင်းကောင်းမွန်မွန်ပြန်ပြောနေသည်ကို အနည်းငယ်စိုးရိမ်နေမိသည်။ ထို့အပြင် သမ်းတုန်းက နဉ်ယွီကို မည်သို့အရယူမည်ကိုလည်း သူ မသိပေ။
နဉ်ယွီက သာမာန်ပန်းအိုးမျိုးမဟုတ်သည်ကို သတိပြုရမည်။ သူက သိမ်မွေ့ကာသိက္ခာရှိပြီး အန္တရာယ်မပြုနိုင်သည့်ပုံပေါက်သော်လည်း ထိုသူက အလွန်သန်မာသော ဆင့်ကဲပြောင်းလဲပြီး စစ်သားတစ်ယောက်ဖြစ်ကာ ဇာ့ဂ်များကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အမှန်တကယ်အတွေ့အကြုံရှိသောသူဖြစ်သည်။
အဲ့ဒီနဉ်ယွီက သွေးနဲ့စစ်မီးကြားမှာ ဖြတ်သန်းလာတာ... ငါ့ကိုယ််ငါနဲ့ ဟိုပွေရှုပ်တဲ့သမ်းတုန်းကို အတူပေါင်းချည်ထားရင်တောင် သူ့သွားကြားညပ်မှာ မဟုတ်ဘူး... သူ့နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့က လုံးဝကိုမဖြစ်နိုင်ဘူး... နောက်ဆုံးတစ်ခေါက်တုန်းကလည်း နဉ်ယွီကိုဖမ်းဖို့ သေချာကြိုတင်ပြင်ဆင်ထားပါရက်နဲ့ ...
ကျီလင် ရုတ်တရက် စိုးရိမ်မိသွားသောကြောင့် အနည်းငယ် တုံ့ဆိုင်းမိသွားကာ မေးလိုက်သည်။
"မင်းက ဘယ်လိုလုပ်မှာလဲ..."
သမ်းတုန်းမှာ စိတ်ပိုင်းဖြတ်ပြီးဖြစ်သောကြောင့် သူ့ရင်ဘက်ကိုပုတ်လိုက်ကာ အာမခံလိုက်သည်။
"ကျွန်တော့်မှာ ကိုယ့်နည်းနဲ့ကိုယ်ရှိတယ်..."
သူ ညစ်တစ်တစ်ပုံဖြင့် ရယ်လိုက်ပြီး ပြောသည်။
"ကျွန်တော့်လက်ထဲမှာ ပစ္စည်းကောင်းလေးတွေရှိတယ်... သူ့အပေါ်သာ အဲ့ဒီပစ္စည်းတွေသုံးလိုက်လို့ရှိရင် သူ့ဟာသူ ဘယ်လောက်ကြီးသန်မာတဲ့ ဆင့်ကဲပြောင်းလဲသူဖြစ်ဖြစ်... ကျွန်တော်တို့လက်ထဲမှာပဲ... "
ကျီလင်က "အိုး" ဆိုသည်ကို အရှည်ကြီးဆွဲပြောလိုက်သည်။ သူ့စိတ်ထဲတွင် အဓိပ္ပာယ်ကို နားလည်လိုက်လေသည်။
ကြည့်ရတာ ဒီကောင်တော့ ဆေးခတ်ထည့်လိုက်တော့မှာ နေမယ်...
အဲ့ဒီလို ရွံစရာကောင်းတဲ့နည်းလမ်းကမှ သမ်းတုန်းရဲ့ ပုံမှန်ပုံစံပဲ... ဘာပဲဖြစ်ဖြစ်ပါ ငါတို့အားလုံးက ကြက်အစပ်လိုကောင်တွေချည်းဆိုတော့ ရွံစရာကောင်းတာနေနေ ဘာနေနေ အရေးမကြီးပါဘူး... လိုချင်တာကိုရနေသရွေ့... ငါတို့က ရှင်းရှင်းပဲ... အဲ့ဒီလိုတွေကို ဂရုစိုက်မနေဘူး...
ထို့သို့ဖြင့် ကျီလင်က စိတ်သက်သာရစွာခေါင်းညိတ်ပြလိုက်သည်။
"သွား... သူ့ကို ငါ့ဆီခေါ်လာခဲ့..."
သမ်းတုန်းက အမိန့်ကိုနာခံကာ ထွက်သွားလိုက်သည်။ နဥ်ယွီနှင့် ကစားနိုင်တော့မည်ကို သူတွေးမိသွားသောအခါ အလွန်စိတ်လှုပ်ရှားနေမိသည်။ ဖက်စရာ ရွှေပေါင်လုံးတစ်ခုရှိရခြင်း၏ ခံစားချက်မှာ အလွန်ကောင်းလေသည်။
သခင်လေးကျီလက်အောက်မှာ ငါ လုပ်ချင်တာလုပ်ရတဲ့ခံစားချက်က အရမ်းကောင်းတာပဲ...
ကျီလင်က လေလံအိမ်မှ တစ်ယောက်တည်းထွက်လာခဲ့ပြီး သီးသန့်အခန်းကျယ်ကြီးထဲတွင် စောင့်ဆိုင်းနေခဲ့သည်။ ထိုသီးသန့်ခန်းမှာ ပို၍လုံခြုံကာ အထက်တန်းလွှာများက အမှောင်ထဲကကိစ္စများကို ပြုလုပ်ရာတွင် ငှားလေ့ရှိသောအခန်းမျိုးဖြစ်သည်။ ထိုသည်က သူတို့၏ နောက်ရွှေ့မည့်အကွက်အတွက် အလွန်သင့်တော်လေသည်။
ကျီလင်တစ်ယောက် အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်နေမိသည်။ သမ်းတုန်းက ယုံကြည်ချက်အလွန်ရှိနေသော်လည်း သူ မအောင်မြင်မီအထိ ကျီလင်မှာ စိတ်မအေးနိုင်ပေ။ ယနေ့သာ အလွဲလွဲအချော်ချော်ဖြစ်သွားခဲ့ပါလျှင် နောင်တွင် ဤကဲ့သို့ အခွင့်ကောင်းက ထပ်ရောက်လာတော့မည်မဟုတ်ပေ။
ကျီလင် သူ၏ယခင်ဘဝအကြောင်း ပြန်တွေးမိသွားသည်။ ထိုအခေါက်တွင် ဇာတ်ကြောင်းအရ မျက်နှာဖြတ်ရိုက်ခံရရန် စစ်ဌာနချုပ်သို့သွားခဲ့သော်လည်း ဘရန်ဒန်၏ကန်ထုတ်သည်ကို ခံလိုက်ရသည်။ ထို့အပြင် ကားလို့စ်က ဗီဒီယိုကို ဖြန့်လိုက်သောကြောင့် ကွန်ယက်တစ်ခွင်လုံးက ဝိုင်းဝန်းလှောင်ပြောင်သည်ကို ခံခဲ့ရသည်။ ထို့ကြောင့် သူ အလွန်အမင်းမနာလိုဖြစ်ကာ သူ၏လူယုံနှင့် ဆင့်ကဲပြောင်းလဲသူသက်တော်စောင့်ကို နဉ်ယွီအား ပြန်ပေးဆွဲရန် စေခိုင်းခဲ့သည်။ နဉ်ယွီက အလွန်သန်မာလှသည်။ သူ နောက်ဆုံး အဖမ်းမခံရမီအထိ ထိုနှစ်ယောက်ကြောင့် သတိလွတ်ကာ ဒဏ်ရာအမြောက်အများရရှိခဲ့သည်။ ကျီလင်မှာ ဆိုဖာပေါ်တွင်ထိုင်ကာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သည်။
✨✨✨