Chapter 17
Viewers 2k

✨ Chapter 17



ဝမ်ယန်က ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူ့မျက်လုံးများထဲရှိ ရှုပ်ထွေးနေသော ခံစားချက်များကို ဖုံးကွယ်ရန် မျက်လွှာချလိုက်သည်။ အမှန်တွင် စောစောက ကားလို့စ် နဉ်ယွီကိုဖယ်ရှားရန် အဆိုပြုလာချိန်၌ သူ တားဆီးရန် စိတ်ကူးမရှိခဲ့ပေ။ သူ့အတွက် အခြားသူများ၏ဘဝကို လျစ်လျူရှုခြင်းက ပုံမှန်ပင်ဖြစ်သည်။


ကျီလင်သာ ပျော်နေသရွေ့ ငါ့ရဲ့တစ်နယ်တည်းသားလို့ခေါ်တဲ့လူရဲ့အသက်ကို စတေးရရင်တောင် ဘာကိစ္စရှိမှာလဲ... 


သို့သော် သူမမျှော်လင့်ထားသည်က နောက်ဆုံး၌ ကားလို့စ်ကို တားဆီးခဲ့သူမှာ ကျီလင်ကိုယ်တိုင်ပင် ဖြစ်သည်။


နဉ်ယွီကို မနာလိုမုန်းတီးနေတဲ့ ကျီလင်...


အထက်တန်းလွှာတစ်ယောက်အနေဖြင့် ကျီလင်က အဆင့်တန်းမြင့်သည်။


သူတော်ကောင်းယောင်ဆောင်ပြီး တစ်ကိုယ်ကောင်းဆန်သည့် သူကိုယ်တိုင်နှင့် ယှဉ်လျှင် မောက်မာပုံရသော ကောင်ငယ်လေးကမှ အခြားသူများ၏ဘဝကို အမှန်တကယ် ဂရုစိုက်ခဲ့သည်။


သူက မကျေမနပ်ဖြစ်ကာ ဝမ်းနည်းနေသော်လည်း သူတစ်ပါးကို ထိခိုက်စေလိုစိတ်မရှိပေ။ သူက မောက်မာပြီး ရက်စက်ဟန်ဆောင်တတ်သော်လည်း အမှန်တွင် သူ့နှလုံးသားက မည်သူ့ကိုမဆို ကြင်နာတတ်ကာ သူ၏ 'ရန်သူ' အတွက်ပင် ခုခံကာကွယ်လိုစိတ်ရှိခဲ့သည်။ ထိုအရာအားလုံးကို ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် သူ(ဝမ်ယန်)၏ အကျည်းတန်သော အလိုဆန္ဒများကြောင့် ထိုလှပသော ရှုထောင့်များစွာအား လျစ်လျူရှုထားမိသည်ကို သဘောပေါက်သွားခဲ့၏။


ကောင်ငယ်လေး၏သန့်စင်သော နေရောင်ခြည်ကဲ့သို့နှလုံးသားနှင့် နှိုင်းယှဉ်ပါက သူ့နှလုံးသားက ကမ္ဘာမြေအောက်ရှိ ချောက်နက်ကြီးကဲ့သို့ မှောင်မိုက်နေသောကြောင့် သူ့ကို ရှက်ရွံ့မိစေခဲ့သည်။


ကျီလင်က ရုတ်တရက်ကြီး တိတ်ဆိတ်သွားကြသော ဗီလိန်နှစ်ယောက်ကိုကြည့်လိုက်ပြီး ထိတ်လန့်သွားခဲ့သည်။ 


စောစောက ငါ့သဘောထားကို ခဏလေးနဲ့ ပြောင်းလိုက်မိလို့ သူတို့ သံသယဝင်သွားတာဖြစ်နိုင်မလား...


ကျီလင် စိတ်လှုပ်ရှားစွာဖြင့် စနစ်ကိုအကူအညီတောင်းရန် ပြင်လိုက်မိချိန်တွင် ကားလို့စ်က ရုတ်တရက် ခပ်ဖွဖွရယ်မောလာခဲ့သည်။ သူ၏အညိုရောင်မျက်လုံးများက တွင်းနက်ကြီးကဲ့သို့ နက်မှောင်နေပြီး ဖြည်းညှင်းစွာ ပြောလာခဲ့သည်။

"ကိုယ် တောင်းပန်ပါတယ်...ကိုယ် ပြောခဲ့တာက နည်းနည်း မသင့်လျော်ဘူးဖြစ်သွားတယ်...ဟုတ်တယ်...မင်းရဲ့အဆင့်အတန်းနဲ့ သူ့ကို စိတ်ပူနေစရာမလိုဘူး..."


ကျီလင် ရုတ်တရက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ 

ကားလို့စ် သူ့အကြံအစည်ကို ဖယ်လိုက်တဲ့ပုံရတယ်...ငါ နောက်ဆိုရင် သူ့ရှေ့မှာ နဉ်ယွီကို မုန်းတဲ့ပုံ ဆက်မပြရဲတော့ဘူး...ငါ နည်းနည်းလေး ပိုသရုပ်ဆောင်ပြလိုက်တာနဲ့ အဲဒီကြောက်စရာကောင်းတဲ့ ဗီလိန်ကားလို့စ်က 'သတ်' ဆိုတာပဲပြောလာလိမ့်မယ်...အာ ငါ ဒီကိစ္စကို ချက်ချင်း ကျော်သွားစေချင်ပြီ...


ကျီလင် ဂုဏ်ယူဟန်ဆောင်ကာ နှာမှုတ်ပြလိုက်သည်။


ကားလို့စ် ကောင်ငယ်လေးကို လောဘကြီးစွာ စိုက်ကြည့်မိခဲ့သည်။ အနည်းငယ်တုန်ယင်နေသော ရွှေရောင်မျက်တောင်များအောက်တွင် အပြာနုရောင်မျက်လုံးများက အလှဆုံးကျောက်မျက်ရတနာကဲ့သို့ ကြည်လင်နေလေသည်။ သူ၏မောက်မာဟန်ဆောင်သော အမူအရာက လူအများကို မျက်လုံးမခွာနိုင်လောက်အောင်ပင် ချစ်ဖွယ်ကောင်းလှသည်။ ကားလို့စ်၏ လည်စေ့က အနည်းငယ် ရွေ့လျားသွားကာ သူ၏စိတ်နှလုံးထဲရှိ ထူးဆန်းသောဆန္ဒကို ဖိသိပ်ပြီး တွန့်ဆုတ်စွာဖြင့် မတ်တတ်ထရပ်လိုက်သည်။


၎င်းကိုမြင်ချိန်တွင် ကျီလင်၏စိတ်ထဲ၌ အလွန်ပျော်သွားခဲ့၏။ 

နောက်ဆုံးတော့ ဗီလိန်ကြီးပြန်တော့မှာလား...


ကားလို့စ်က သူ့ကို နက်ရှိုင်းစွာ ကြည့်လာခဲ့သည်။  

"နောက်တစ်ခါ မင်း တစ်ယောက်ယောက်ကို ဖြေရှင်းချင်လာရင် ကိုယ့်ကိုပြော... ကိုယ် မင်းအတွက် ဖြေရှင်းပေးမယ်... ဟုတ်ပြီလား..."


ကျီလင်၏စိတ်ထဲမှ ပြောလိုက်မိသည်။

ဘယ်သူက ခင်ဗျားကို အကူအညီတောင်းရဲမှာလဲ...ဘယ်သူ အဖမ်းခံရပြီး ဘယ်သူသေမလဲဆိုတာ သိမှာမဟုတ်ဘူး... ပြန်ကြည့်ရင် ဘာမှကောင်းတာရှိမှာမဟုတ်ဘူး... ကျွန်တော် ခင်ဗျားကို အကူအညီတောင်းရင်တောင် လက်မခံပါနဲ့...


ကျီလင် မျက်တောင်ခတ်ပြီး ဝတ်ကျေတမ်းကျေပြောလိုက်သည်။

"သိပါပြီ အန်ကယ်ကားလို့စ်..."


ကားလို့စ်က ကျီလင်၏သဘောမတူသော မျက်လုံးများကိုကြည့်ကာ သူ လုံးဝနားထောင်မည်မဟုတ်သည်ကို ထင်ရှားစွာ သိလိုက်၏။

ဒီကလေးကတော့ အရမ်းခေါင်းမာတာပဲ...


ကားလို့စ် အနည်းငယ် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။ 


ကြည့်ရတာ ငါ သူ့ကို ပိုအာရုံစိုက်ရတော့မယ့်ပုံပဲ... ရို့စ်သာ ငါ့ကို အချိန်မီအစီရင်မခံလို့ ငါ ဘရန်ဒန့်ကို တကယ်လှုပ်ရှားခွင့်ပြုခဲ့ရင် ကျီလင် အခု ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ...


အရင်ဘဝက ကိစ္စတွေကို ကောင်ငယ်လေးဆီမှာ ထပ်ဖြစ်လာခွင့်မပြုတော့ဘူး..


ထိုအချိန်တွင် ဝမ်ယန်က ကားလို့စ်ကို ရိုသေစွာ ပြောလာခဲ့သည်။

"ကျွန်တော် မြို့စားကြီးကို လိုက်ပို့ပေးပါ့မယ်..."


ကားလို့စ်က သူ့ကို အဓိပ္ပါယ်ပါသော အကြည့်တစ်ခုပေးပြီး သူ့တုတ်သူကိုင်ကာ လှည့်ထွက်သွားခဲ့သည်။


ဝမ်ယန်က ကားလို့စ်နောက် ခြေတစ်လှမ်းအကွာတွင်ရှိနေပြီး သူ့မျက်လုံးများက သူ့အရှေ့ရှိ ဆံပင်အညိုဖြင့် အမျိုးသား၏ နောက်ကျောအပေါ် ကျရောက်သွားကာ သူ့မျက်လုံးများထဲ ညို့မှိုင်းနေသော အကြည့်တစ်ခု ဖြတ်သွားခဲ့သည်။


အရင်ဘဝတုန်းက ကျီလင် နဉ်ယွီကို ပြဿနာရှာဖို့ သွေးထိုးခံခဲ့ရတာ...တကယ်တော့ အဲဒါက ခင်ဗျားမြင်ချင်တာပဲမလား... ခင်ဗျား အဲဒီကိစ္စမှာ ဝင်စွက်ဖက်ဖို့ အစမပြုခဲ့တဲ့ အကြောင်းရင်းက ခင်ဗျားနဲ့ စိတ်ချင်းတူတဲ့ အထက်တန်းလွှာတွေရှိတယ်ဆိုတာ ခင်ဗျားသိထားလို့ပဲ...သူတို့က နဉ်ယွီရဲ့အရှိန်အဟုန်ကို အသုံးမချနိုင်တော့ နဉ်ယွီကို ပြင်းပြင်းထန်ထန်ပြုတ်ကျအောင် ကြိုးစားကြလိမ့်မယ်...လူတိုင်းက နဉ်ယွီရဲ့ဟာသတွေကိုကြည့်ဖို့ စောင့်နေကြတာ...


ဒါပေမယ့် နဥ်ယွီက ဧကရာဇ်ဆီက တန်ဖိုးထားခံရတဲ့သူဆိုတော့ သူ့ကိုချက်ချင်းအနိုင်ကျင့်တာက သံသယဖြစ်စရာမလိုအောင် ကျင်းဆွေ့ကိုဆန့်ကျင်နေတာပဲ... အဲဒါကြောင့် လူတိုင်းက စောင့်ပဲကြည့်နေခဲ့ကြတယ်...ကျီလင် တစ်ယောက်တည်းကပဲ မိုက်မိုက်မဲမဲထွက်လာခဲ့တာ...


ဒါပေမယ့် အဲဒါက သူကိုခွင့်မလွှတ်နိုင်တဲ့ အကြောင်းပြချက်မဟုတ်ဘူး...


သူ့ကိုခွင့်မလွှတ်နိုင်တဲ့အချက်က စစ်ဌာနချုပ်က ဗီဒီယိုကိုတင်ခဲ့ပြီး ကျီလင်ကို စတားကွန်ယက်တစ်ခုလုံးရဲ့တိုက်ခိုက်မှု၊ လှောင်ပြောင်မှုတွေခံခဲ့ရစေလို့ပဲ...


ဝမ်ယန်၏အကြည့်များက အေးစက်သွားခဲ့သည်။


နဉ်ယွီကို ပြဿနာရှာနိုင်သူများစွာ ရှိပေသည်။ သို့သော် ကျင်းဆွေ့နှင့် ဘရန်ဒန်တို့ အချိန်မီရပ်တန့်နိုင်ချိန်တွင် စစ်ဌာနချုပ်၌ ဖြစ်ပျက်ခဲ့သည်များကို ကားလို့စ်တစ်ဦးတည်းကသာ ထုတ်ပြနိုင်ပေသည်။ သူက နောက်ကွယ်မှချုပ်ကိုင်ကာ ဗီဒီယိုတစ်ခုသာ တင်ခဲ့သော်လည်း ၎င်းက မသိနားမလည်သော သာမန်လူများအား သူတို့ချစ်ခင်လေးစားသည့် သူရဲကောင်းများကို အထက်တန်းလွှာများက မည်သို့နှိမ့်ချ၊ စော်ကားနေသည်ကို မြင်နိုင်စေရန်ဖြစ်ပြီး ဘရန်ဒန်နှင့် ကျင်းဆွေ့တို့ကို ပေါ်တင်မျက်နှာဖြတ်ရိုက်လိုက်ခြင်းနှင့် ညီမျှသည်။


ကျီလင်က နောက်ပိုင်းတွင် အပြစ်ပေးခံရသော်လည်း သူက သာမန်လူများ၏ ဒေါသကိုမဖြေဖျောက်နိုင်ရုံသာမက သူတို့၏နှလုံးသားထဲအတွင်းပိုင်း၌ မယုံကြည်မှုမျိုးစေ့များ စိုက်ပျိုးပေးသလိုဖြစ်သွားခဲ့သည်။


ခင်ဗျားကသာ နောက်ကွယ်မှာပုန်းနေပြီး အရာအားလုံးကို တကယ်ထိန်းချုပ်နေတဲ့သူပဲ...စစ်သားတစ်ယောက်မှမရှိတော့ရင် ကျင်းဆွေ့ ကြိုးစားပမ်းစားဖန်တီးထားတဲ့ အခြေအနေကိုပြောင်းပြန်လှန်နိုင်တယ်... ဒါပေမယ့်...ခင်ဗျားဆီက လက်ကိုင်တုတ်အဖြစ် အသုံးချခံလိုက်ရတဲ့ ကျီလင်က ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူးလား...


သူကိုယ်တိုင် အန်ကယ်ကားလို့စ်လို့ခေါ်တဲ့ သူ ယုံကြည်ရတဲ့လူက သူ့ကို ချောက်ကမ်းပါးအစွန်းဆီ ရက်ရက်စက်စက်ပို့ပေးတဲ့သူလို့ ကျီလင် ဘယ်တုန်းကမှ အိပ်မက်မက်ဖူးမှာမဟုတ်ဘူး...


ဒီဘဝမှာရော ခင်ဗျား သူ့ကို 'ကာကွယ်' ပေးတာ ဘာအတွေးတွေရှိနေလို့လဲ...အဲဒါက ကာကွယ်ပေးချင်စိတ်အစစ်အမှန်လား... ဒါမှမဟုတ် တခြားတွက်ချက်မှုတစ်ခုခုလား...


ဝမ်ယန် ကားလို့စ်ကို ကောင်းစွာသိသောကြောင့် ကားလို့စ်က တစ်ယောက်ယောက်ကို စိတ်ရင်းမှန်ဖြင့် ဆက်ဆံလိမ့်မည်ဟု သူ မယုံကြည်ပေ။


ထိုအချိန်တွင် သူ့အရှေ့ရှိ ကားလို့စ်က ရပ်တန့်သွားကာ ခေါင်းလှည့်ပြီး သူ့ကို နက်ရှိုင်းစွာ စိုက်ကြည့်လာခဲ့သည်။ သူ့နှုတ်ခမ်းပါးများက ကွေးတက်သွားပြီး ပြောလာခဲ့သည်။  

"မင်းမှာပြောစရာရှိရင် အခုပြောလို့ရပြီ..."


ဤနေရာတွင် အခြားမည်သူမျှမရှိပေ။


ဝမ်ယန် ဖြည်းညှင်းစွာ ခေါင်းမော့လိုက်သည်။ သူ့မျက်နှာပေါ်၌ ရှိနေကျဖြစ်သည့် ယဉ်ကျေးပျူငှာမှုက မှိန်ဖျော့သွားပြီး သူ၏နက်မှောင်သော မျက်လုံးများတွင် မည်သည့်ခံစားချက်မျှမရှိနေကာ ကားလို့စ်၏မျက်လုံးများကိုလည်း မရှောင်ခဲ့ပေ။


ကားလို့စ်က သူ့လက်ထဲမှ တုတ်ချောင်းကို မြေကြီးဖြင့် အသာထိလိုက်ရာ ကျောက်လမ်းနှင့် တိုက်သွားပြီး ရွှေနှင့် ကျောက်လမ်းထိခတ်သံထွက်လာခဲ့သည်။ သူ့မျက်လုံးများက သိမ်းငှက်ကဲ့သို့ စူးရှနေလေ၏။ သူ့နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုထွက်လာပြီး ဩရှရှအသံဖြင့် ပြောလာခဲ့သည်။

"ခန့်မှန်းကြည့်ရအောင်...ငါ ဒီနေ့ ဒီကို ဘာလို့လာလဲ မင်း သိချင်နေတာမလား..."


ဝမ်ယန်၏အနက်ရောင်မျက်လုံးများက နက်ရှိုင်းသွားပြီး ခဏအကြာတွင် နှုတ်ခမ်းများဖွင့်ဟကာ ကြည်လင်အေးစက်သောအသံဖြင့် ပြောလိုက်သည်။

"မဟုတ်ဘူး... ကျွန်တော်သိချင်တာက ခင်ဗျား တကယ်ပဲ ဘာလိုချင်နေလဲဆိုတာပဲ..."


ကားလို့စ်၏မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူ့ကို အေးစက်စွာ ကြည့်လာခဲ့သည်။


ဝမ်ယန်က ကားလို့စ်၏ရောင်ဝါကို မကြောက်ရွံ့ပေ။ သူ၏ ဖီးနစ်မျက်လုံးများက စူးစမ်းမှုပြည့်နေပြီး အနည်းငယ်ပင့်တက်သွားခဲ့သည်။ 

"အဲဒါက ကျီထင်ကို အနိုင်ယူဖို့ပဲဆိုရင် ဒီလိုလုပ်ဖို့မလိုဘူးမလား..."


ကားလို့စ်၏စိတ်ထဲ သတ်ဖြတ်လိုစိတ်က ဖြည်းညင်းစွာ ပေါ်ပေါက်လာခဲ့သည်။


သူ ထိုကဲ့သို့ မည်သို့ရှေ့တိုးရမည်မသိ၊ နောက်ဆုတ်ရမည်မသိသူများကို သဘောမကျသလို ထိန်းချုပ်ရခက်သူများကိုလည်း သဘောမကျချေ။ ဝမ်ယန်က ထိုကဲ့သို့ ထိန်းချုပ်ရခက်ပြီး မည်သို့ရှေ့တိုး၊ နောက်ဆုတ်ရမည်မသိသူတစ်ဦး ဖြစ်လာခဲ့သည်။ 


ကားလို့စ်၏လေသံက အေးစက်နေပြီး စကားတစ်လုံးချင်းဖိပြောလာခဲ့သည်။ 

"ငါ မင်းကို အရင်တစ်ခေါက်တုန်းက ပြောခဲ့ပါတယ်...ကိုယ်ပိုင်တာမဟုတ်ရင် သူများအပိုင်ကို စိတ်ကူးမယဉ်နေနဲ့လို့... ကြည့်ရတာ မင်းနားမထောင်တဲ့ပုံပဲ..."


ဝမ်ယန် အနည်းငယ်ပြုံးလိုက်ပြီး နှိမ့်ချမှုမရှိဘဲ ပြောလိုက်သည်။ 

"ကျွန်တော်လည်း အရင်တစ်ခေါက်က ပြောခဲ့ပါတယ်...ခင်ဗျား ဘာကိုဆိုလိုလဲဆိုတာ ကျွန်တော်နားမလည်ဘူးလို့...ကျီမိသားစုက ကျွန်တော့်အတွက် ခြေနင်းကျောက်သာသာပဲ...ကျွန်တော်က ကျွန်တော်တို့အစီစဉ်ကိုပဲ ဂရုစိုက်တာ..." 


ကားလို့စ်က သူ့ကိုစိုက်ကြည့်ပြီး ရုတ်တရက် ရှေ့တိုးလာကာ အဓိပ္ပာယ်ရှိသောရယ်သံတစ်ခုပေးလာခဲ့၏။

"တကယ်လား... ဒါဆို ငါက ကျီလင်ကို လိုချင်တာဆိုရင်ရော အဆင်ပြေလား..." 


ဝမ်ယန်၏ဘေးနားချထားသော လက်က တင်းကျပ်သွားပြီး သွေးကြောများ ပေါက်ထွက်လုမတတ်ဖြစ်သွားသော်လည်း နောက်အခိုက်အတန့်တွင် လျင်မြန်စွာလျော့သွားခဲ့သည်။ ၎င်းက မြန်ဆန်လွန်းသောကြောင့် မမြင်နိုင်လုနီးပါးပင်။


သူက ပခုံးတွန့်ကာ ခပ်ဖွဖွရယ်လိုက်သည်။ 

"ဒါပေါ့-- ကိစ္စမရှိဘူး..."


ကားလို့စ်က သူ့လက်ထဲရှိ တုတ်ချောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ဝမ်ယန်ကို သူ၏အနက်ရောင်မျက်လုံးမှတစ်ဆင့် သူ၏ခံစားချက်အစစ်မှန်များနှင့် အတွေးမှန်များမြင်နေသကဲ့သို့ စူးစိုက်စွာကြည့်လိုက်သည်။ 


အရင်ဘဝကဆိုရင် ငါ ယုံချင်ယုံနိုင်လောက်တယ်...


နှမြောစရာပဲ...


ကားလို့စ်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုပေါ်လာခဲ့ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။ 

"နောင်ကျရင် မင်းဒီနေ့ပြောခဲ့တဲ့စကားကို မှတ်မိလိမ့်မယ်လို့ မျှော်လင့်ပါတယ်..." 


×××××


ထိုအချိန်၌ ကျီလင်က ဗီလိန်နှစ်ယောက်ထွက်သွားသည်ကိုကြည့်ပြီး ဆိုဖာပေါ်တွင် ငါးဆားနယ်တစ်ကောင်ကဲ့သို့ လှဲလျောင်းလိုက်သည်။


ကျီလင် - [စနစ်... ဒီနေ့ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး မင်း ပြောချင်တာရှိလား...]


စနစ်က ခံစားချက်မရှိစွာပြောလာခဲ့သည်။ 

[မရှိပါဘူး...]


ကျီလင်: [တကယ်မရှိဘူးလား...]


စနစ်- [တကယ်ပါ...]


ကျီလင် : [ဒါဆို မင်းက ရှိုးကြည့်တာအပြင် ဘာအသုံးကျလဲ...]


 စနစ်- […]


အောင်မြင်စွာ အနိုင်ကျင့်နိုင်ခြင်းက ကျီလင်အတွက် ထိုးနှုက်မှုကြီးဖြစ်ခဲ့ပြီး ဝမ်းနည်း စိတ်ဓာတ်ကျသောစိတ်အခြေအနေမျိုးဝင်စေခဲ့သည်။


ယခင်ဘဝမှ ဇာတ်ကြောင်းအရ နဉ်ယွီကို အနိုင်ကျင့်ရန် ကျရှုံးပြီးနောက် အထက်တန်းလွှာများထံမှ လှောင်ပြောင်စော်ကားမှုများနှင့် အင်တာနက်အသုံးပြုသူများထံမှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ယင်းအရာများအားလုံးကို နဉ်ယွီကြောင့်ဟု ထင်မြင်လာခဲ့သည်။ ထို့ကြောင့် သူ့နောက်လိုက်ခွေးများ၏အကြံပြုချက်ဖြင့် နဉ်ယွီကို ပြန်ပေးဆွဲခဲ့သည်။ ထို့နောက် နဉ်ယွီက သူရဲကောင်းဘရန်ဒန်ထံမှ "တိုက်ဆိုင်စွာ" ကယ်တင်ခံခဲ့ရသည်။ 


အခုတော့ ဒီဇာတ်ကွက်တွေအားလုံး သွားပြီပေါ့...


ကားလို့စ်က နဉ်ယွီကို ကူသတ်ပေးဖို့ ကမ်းလှမ်းပေမယ့် ငါ ငြင်းရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး...


ရို့စ်ကလည်း ဟိုတစ်ခေါက်ပြီးတည်းက ငါ့ဖုန်းကို လုံးဝပြန်မဖြေဘူး...


ငါ မလိုချင်ဘူးလို့ပြောနေပေမယ့် နဉ်ယွီကိုအနိုင်ကျင့်ရမှာ ငါကိုယ်တိုင်ပဲဖြစ်သင့်တယ်... 


ကျီလင်က ယခင်ဘဝကကဲ့သို့ ကားလို့စ် ကျင်းဆွေ့ကို အခက်တွေ့စေရန် သူ၏ ဗီဒီယိုတင်လာလိမ့်မည်ဟုတွေးပြီး ၎င်းကို နောက်ဆုံးမျှော်လင့်ချက်အဖြစ်ဆုပ်ကိုင်ရုံသာတတ်နိုင်ခဲ့သည်။ သို့သော် ရက်အနည်းငယ်စောင့်ပြီးနောက်တွင် ဘာမှမဖြစ်လာခဲ့ချေ။ ထိုအဖြစ်အပျက်က ဘယ်တုန်းကမှ မဖြစ်ဖူးခဲ့သလိုမျိုးပင်။


ဒါဆို ငါ နဉ်ယွီကို ဘာအကြောင်းပြချက်နဲ့ ပြဿနာရှာရတော့မှာလဲ...


ဒီကမ္ဘာပေါ်မှာ အကြောင်းအရင်းမဲ့ မုန်းတီးတာမျိုး ဘာလို့မရှိတာလဲ... 


ကျီလင် နေ့တိုင်း စကားကွန်ယက်ပေါ်ရှိ ကျင်းဆွေ့၏သတင်းများကို ကြည့်နေခဲ့ရပြီး စိတ်ဓာတ်ကျသွားခဲ့သည်။ 


ငါ့လို ကောက်ကျစ်ယုတ်မာတဲ့ အမြောက်စာဇာတ်ကောင်မရှိရင် သူတို့ဆက်ဆံရေးက ဘယ်လိုလုပ်တိုးတက်မှာလဲ...ငါ နဉ်ယွီနဲ့ ကျင်းဆွေ့ အတူရှိအောင် ဘယ်လိုလုပ်ရမလဲ...ဘရန်ဒန်အတွက် သူရဲကောင်းက အလှလေးကိုကယ်တင်တဲ့ အခွင့်အရေးမျိုး ဘယ်လိုဖန်တီးပေးရမှာလဲ...  


စဉ်းစားကြည့်မှ ငါ့လို တစ်ခါမှမချစ်ဖူးတဲ့ အဖြောင့်စစ်စစ်က အစကတည်းက ဘယ်လိုလုပ်ပြီး ဒီလိုခက်ခဲတဲ့ တာဝန်တွေလုပ်ဖို့ သဘောတူခဲ့မိပါလိမ့်... 


ရှင်သန်နေထိုင်ရတာ လုံးဝမလွယ်ဘူး...


ဝမ်းနည်းစရာပဲ...


×××××


ကားလို့စ်ကို နောက်ဆုံးအကြိမ်စမ်းသပ်ပြီးကတည်းက ဝမ်ယန်၏ စိတ်အခြေအနေမှာ ပို၍လေးလံလာခဲ့သည်။ 


ကြည့်ရတာ ဒီတစ်ခါ ကားလို့စ်ရဲ့ပစ်မှတ်က တကယ်ပဲ ကျီလင်ထင်တယ်...သူရော ကောင်ငယ်လေးရဲ့ကောင်းတဲ့ဘက်ခြမ်းကို ရှာတွေ့ခဲ့လို့များလား... 


ကားလို့စ်က ရုပ်ဖျက်ရာတွင် အလွန်ကောင်းမွန်ပြီး ကျီလင်၏ ယုံကြည်မှုကို ရရှိထားပေသည်။ ထိုကြောင့် အခြေအနေအပေါ် အခွင့်ကောင်းယူပြီး ကားလို့စ်ကို သူ မတားဆီးနိုင်မည်ကိုစိုးရိမ်၏။


ကျီလင်၏နှလုံးသားထဲတွင် ကျင်းဆွေ့တစ်ယောက်တည်းသာရှိပြီး သူ့ဘေးနား၌ ပြန်လည်မွေးဖွားလာသော ကားလို့စ်ရှိနေသည်ဟုတွေးမိချိန်တိုင်း ဝမ်ယန်၏စိတ်ထဲ မနာလိုမှု၊ နာကျင်မှု၊ မကျေနပ်မှုများ ခံစားခဲ့ရသည်။ 


သူ မနေနိုင်ဘဲ ကျီလင်ဆီ သွားလည်ချိန်တိုင်း ကျီလင်က ကျင်းဆွေ့အတွက် တိတ်တဆိတ်ဝမ်းနည်းလျက် ခေါင်းငိုက်စိုက်ကျ စိတ်ပျက်လက်ပျက်ရှိနေသည်ကို မြင်ပြီး ဝမ်ယန် ပိုနာကျင်ခဲ့ရသည်။


ကျီလင်က အိမ်‌၌ ရက်အတန်ကြာ စိတ်ဓာတ်ကျနေခဲ့ပြီး နောက်ဆုံးတွင် ဤကမ္ဘာ၌ သူ့ကိုယ်တိုင်ကလွဲပြီး မည်သူ့ကိုမှ အားကိုး၍မရသည်ကို နားလည်ခဲ့၏။ 


အိမ်ပြန်နိုင်ဖို့ ငါ တက်ကြွနေမှပဲရမယ်...  


အချိန်များက တစ်နေ့ထက်တစ်နေ့ ကုန်ဆုံးလာပြီး နောက်ဇာတ်ကွက်ဖြစ်သော "နန်းတော်ပွဲတော်"က ပို၍ပို၍နီးကပ်လာသည်ကိုမြင်ချိန်တွင် သူ အိမ်၌ဆက်ထိုင်နေ၍မရတော့ဟု ဆုံးဖြတ်ချက်ချခဲ့သည်။ 


သူ အပြင်ထွက်ပြီး သူ့ကိုယ်သူကယ်တင်နိုင်သေးလားကိုသိရန် အခွင့်အရေးရှာရမည်ဖြစ်သည်။ မောက်မာပြီး ကြီးစိုးသော အထက်တန်းလွှာတစ်ဦးအဖြစ် အပြင်ထွက်၍ လျှောက်ကစားသည်က သူ၏ မောက်မာမှုကိုပြရန် မရှိမဖြစ်လိုအပ်သော စံနှုန်းတစ်ခုဖြစ်သည်။


ရို့စ်က အသုံးမဝင်တော့သည်မှာ နှမြောစရာပင်။ သူ့ကိုထပ်အားမကိုးနိုင်တော့သဖြင့် အခြားတစ်ယောက်ရှာရမည်ဖြစ်သည်။ 


ကံကောင်းစွာပင် သူ့ကို တွယ်ကပ်ချင်ကြသော နောက်လိုက်ခွေးအများအပြားရှိပေသည်။ ကျီလင်က သူ၏လိပ်စာ စာအုပ်ကို ဖွင့်ပြီး အချိန်အတန်ကြာ ဂရုတစိုက်ကြည့်ကာ အပြင်ဘက်၌ အဆိုးဆုံးဂုဏ်သတင်းရှိသည့် ဝန်ကြီးသမ်း၏အငယ်ဆုံးသား လူပေါ်ကြော့ သမ်းတုန်းကို ရွေးချယ်ခဲ့၏။


ထိုလူက ညံ့ဖျင်းသောအကြိုက်ရှိပြီး အမြဲတမ်း လူပေါင်းစုံနှင့်ကစားလေ့ရှိသည်။ ထိုလူက အသုံးအဖြုန်းကြီးပြီး အကျင့်ပျက်ပြားသော အထက်တန်းလွှာများကြား၌ပင် အထင်သေးခံရသောအမျိုးအစားဖြစ်သည်။ သူ့တွင် ဝန်ကြီးဖြစ်သောအဖေမရှိလျှင် အစောကြီးကတည်းက အင်ပါယာကြယ်ပေါ်မှ ရှင်းလင်းခံရလောက်ပေသည်။ 


ကျီလင် ယခင်က သူ့ကို မဆက်သွယ်ဖူးခဲ့ချေ။ သူ၏မသိစိတ်အရ ထိုကဲ့သို့လူမျိုးနှင့် ဝေးဝေးရှောင်ခဲ့သည်။ ကောက်ကျစ်ယုတ်မာသော အထက်တန်းလွှာအဖြစ် သရုပ်ဆောင်သည်ကပင် သူ့အတွက် ခက်ခဲလွန်းနေပြီဖြစ်ရာ သမ်းတုန်းကဲ့သို့လူမျိုးနှင့် ပတ်သက်မိပါက သူ မထိန်းထားနိုင်မည်ကို စိုးရိမ်ခဲ့သည်။ 


သို့သော် ယခု သူ့တွင် ရွေးချယ်စရာမရှိချေ။ ရို့စ် ဦးဆောင်လေ့ရှိသောအဖွဲ့မှ လူအားလုံးက သူ့ကိုရှောင်နေကြပေသည်။ သူတို့အားလုံးက ကားလို့စ်ထံမှ သတိပေးခံထားရနိုင်ချေရှိသောကြောင့် ကျီလင်က သမ်းတုန်းကဲ့သို့ အနိမ့်စား အထက်တန်းလွှာလူပေါ်ကြော့ကိုသာ ရှာနိုင်သည်။ သူ့ကံကိုစမ်းရန် မကောင်းသောအရာများလုပ်လိုပါက ထိုကဲ့သို့လူမျိုးကို အားကိုးရလိမ့်မည်ဖြစ်သည်။ 



✨✨✨