✨ Chapter 16
ကံမကောင်းစွာဖြင့် ယခုကျီလင်ကမူ စိတ်မသက်သာရုံသာမက ပို၍ပင် စိတ်အခြေအနေဆိုးသွားခဲ့သည်။
နဉ်ယွီကို သဘောမကျတဲ့ ကျင်းဆွေ့အကြောင်း ငါ တစ်ခါမှအိပ်မက်မမက်ဖူးပါဘူး...
မင်းရဲ့ပါးစပ်က တကယ်စကားမပြောတတ်ဘူးပဲ...မကူညီနိုင်ရင်လည်းရပါတယ် ဘာလို့ မီးထဲ လောင်စာထပ်ထည့်နေရတာလဲ...မင်းရဲ့ အကောင်းမြင်စိတ်ကိုဖယ်ထားလိုက်...ငါ နဉ်ယွီကိုပြဿနာဆက်ရှာပါရစေ...ငါ့ကို ခုန်ချဖို့များ တွင်းတူးပေးနေသလားမှတ်ရတယ်...ဘယ်သူက မင်းနှစ်သိမ့်ပေးတာ လိုချင်နေလို့လဲ...ငါ့ကို နှစ်သိမ့်ပေးလို့ ဘာရမှာမို့လို့လဲ...
ဒီဗီလိန်က အရည်အချင်းမပြည့်မီဘူးပဲ...
ကျီလင် စိတ်ဓာတ်ကျနေသော်လည်း သူ့၌ ဆက်တိုက်ခိုက်ရန် အကြောင်းမရှိသည်ကို သူသိ၏။ သူ ခဏခန့် တွန့်ဆုတ်သွားပြီး ဝမ်းနည်းမှုမထိန်းနိုင်သော မျက်လုံးများဖြင့် ဝမ်ယန်ကို ကြည့်ကာ ပြောလိုက်သည်။
"ဧကရာဇ်က သူ့ကို သဘောကျမှာမဟုတ်ဘူးလို့ မင်းတကယ်ထင်တာလား..."
ဝမ်ယန်က လေးနက်စွာ ပြန်ပြောလာခဲ့သည်။
"အင်း...မင်း စိတ်ချလို့ရတယ်..."
ကျီလင် : "..."
သူတို့နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြသည်။
ဝမ်ယန်၏မျက်လုံးများက နက်ရှိုင်းပြီး နူးညံ့ကာ ရိုးသားနေစဉ် ကျီလင်၏ မျက်လုံးများက မှိန်ဖျော့ပြီး ထိုင်းမှိုင်းနေလေ၏။
ဒုတိယဘဝက အရမ်းခက်တာပဲ...ခက်လွန်းတယ်...
အရင်ဘဝတုန်းက ကောင်ကောင်းလုပ်ခဲ့ကြတဲ့ ငါ့လုပ်ဖော်ကိုင်ဖက်လေးတွေ ဒီဘဝကျမှဘာဖြစ်သွားတာလဲ...ဗီလိန်ဘဝကနေတောင် ပြောင်းလဲချင်ကြတဲ့ပုံပဲ...
ကျီလင်၏နှလုံးသားထဲ မျက်ရည်များဖြင့် ပြည့်နေခဲ့သည်။ သူ ဝမ်ယန်နှင့် ဆက်စကားမပြောချင်တော့သောကြောင့် လက်ဝှေ့ယမ်းပြကာ ဝမ်ယန်ကိုနှင်လွှတ်လိုက်သော်လည်း မကြာမီ အစေခံတစ်ဦးက အလျင်အမြန်ပြေးလာပြီး ကျီလင်ကို ရိုသေစွာ ပြောလာခဲ့သည်။
"သခင်လေး... မြို့စားကြီးကားလို့စ်ရောက်နေပါတယ်..."
ကျီလင် စားပွဲကိုရိုက်ကာ ပြောလိုက်ချင်မိသည်။
'မဟုတ်ဘူး...ပြန်လွှတ်လိုက်စမ်းပါ...'
တစ်ယောက်ပြီး တစ်ယောက်ရောက်လာတာ အဆုံးသတ်တယ်လို့ကိုမရှိဘူး...ငါ့ကို အသက်လေးတော့ ရှုခွင့်ပေးပါဦး...
သို့သော် အမှန်တွင် သူ ပြောလိုက်၏။
"အန်ကယ်ကားလို့စ်ကို မြန်မြန်ခေါ်လာခဲ့လိုက်..."
အသက်ရှင်ချင်ရင် သူရဲဘောကြောင်တတ်ရတယ်...
ကျီလင် ပြန်လှည့်ကြည့်လိုက်ရာ ဝမ်ယန်က ထွက်မသွားသေးဘဲ ထိုနေရာတွင်ရပ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ ကံမကောင်းစွာပင် ကားလို့စ် ဝင်လာပြီဖြစ်သောကြောင့် ဝမ်ယန်ကို နှင်ထုတ်ရန် အလွန်နောက်ကျသွားခဲ့သည်။
ကျီလင် လျင်မြန်စွာ သတိပြန်ဝင်လာခဲ့သည်။
ကားလို့စ်က လက်အိတ်ဖြူနှင့် တန်ဖိုးကြီးအ၀တ်အစားများ ၀တ်ဆင်ထားပြီး သူ့လက်ထဲမှ ဘယ်သောအခါမှမကျန်ခဲ့ဖူးသော ငွေရောင်ကြိမ်တုတ်ကို ကိုင်ထားသည်။ ကားလို့စ်က ခေါင်းမော့ထားကာ နူးညံ့သိမ်မွေ့သောမျက်လုံးများနှင့် ပြေပြစ်သောမျက်နှာကို ဖော်ပြထားပြီး နောက်ပြောင်သောလေသံဖြင့် ပြောလာခဲ့သည်။
"မျက်နှာလေးကိုကြည့်ပါဦး...ဘယ်သူလဲ...ဘယ်သူက ငါတို့ရဲ့ချစ်စရာလေးကို မပျော်မရွှင်ဖြစ်အောင်လုပ်တာလဲ..."
ချစ်... ချစ်စရာလေးတဲ့…
ကျီလင် ကြက်သီးထလုနီးပါး ဖြစ်သွားခဲ့သည်။
သူ့စိတ်ထဲ မညည်းညူဘဲ မနေနိုင်ခဲ့ချေ။
ခင်ဗျားကလွဲပြီး ဘယ်သူရှိရဦးမှာလဲ...
ဟော့ခ်က ကားလို့စ်၏လူဖြစ်နိုင်သည်ကို ကျီလင် နောက်မှသိခဲ့ရသည်။ အကြောင်းမှာ သူပြန်လည်မွေးဖွားပြီးနောက် ထိုလူက တစ်ခုခုမှားယွင်းနေပုံရပြီး နေ့တိုင်း တစ်ခုမဟုတ်တစ်ခု လုပ်တတ်ပေသည်။
ဟားဟား...ငါ့ကိစ္စတွေကို ဖျက်ဆီးခဲ့ပြီးတော့ ငါ့အိမ်တံခါးဆီထိ ကိုယ်ယောင်လာပြတယ်ပေါ့...အံ့ဩစရာပဲ...
ကျီလင်၏မျက်လုံးများက ညှိုးငယ်သွားပြီး ဖျော့တော့စွာ ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး..."
"တကယ်လား..."
ကားလို့စ်က ခပ်ဖွဖွရယ်လိုက်ပြီး ဘေးတွင်ရပ်နေသော ဝမ်ယန်အပေါ် အကြည့်များ ကျရောက်သွားကာ သူ့မျက်လုံးထဲ အေးစက်မှုများ ဝင်ရောက်လာခဲ့သည်။
မင်းက ကျီလင်ဆီလာခဲ့သေးတယ်ပေါ့ဟုတ်လား...မင်း ငါ့ရဲ့နောက်ဆုံးသတိပေးချက်ကို နားမထောင်တဲ့ပုံပဲ...
ဝမ်ယန်က ကားလို့စ်နှင့် အကြည့်ချင်းဆုံသွားပြီး ခဏအကြာတွင် သဘာဝအတိုင်း အကြည့်လွှဲလိုက်သည်။ သူ၏လက်ရှိအဆင့်အတန်းဖြင့် ဤနေရာတွင်ဆက်ရှိနေရန် အကြောင်းမရှိသော်လည်း ကားလို့စ်နှင့် ကျီလင်ကို နှစ်ယောက်တည်းထားခဲ့ရမည့်အပေါ် စိတ်မချသောကြောင့် ကားလို့စ်၏သတိပေးချက်ကို လျစ်လျူရှုကာ ထိုနေရာ၌ မလှုပ်မယှက်ရပ်နေခဲ့သည်။
ကားလို့စ်က သူ၏အကြည့်များကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းပြီး သူ့မျက်လုံးများထဲရှိ အေးစက်မှုကို ဖိနှိပ်လိုက်သည်။ သူ ဝမ်ယန်ကို နောက်မှ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ ယခုချိန်တွင် သူ၏ချစ်စရာလေးကို နှစ်သိမ့်ပေးသည်က အရေးကြီးဆုံးဖြစ်သည်။
သူရှေ့နှစ်လှမ်းတိုးပြီး ကျီလင်၏အနားသို့ လျှောက်လာခဲ့သည်။ သူ ခေါင်းငုံ့ပြီး နူးညံ့စွာ ပြုံးလိုက်သည်။
"မင်း မပျော်နေဘူးဆိုတာ မင်းမျက်နှာပေါ်မှာ ရေးထားတယ်လေ...ကိုယ်တော့ ဘာမှမဟုတ်ဘူးလို့မထင်ပါဘူး...မင်း ဒီတိုင်း ကိုယ့်ကိုမပြောချင်တာပဲနေမှာ..."
လေထုက အလွန်ကိုးရို့ကားယားဖြစ်နေပေသည်။ ဗီလိန်နှင့် ကသိကအောက်ဆန်စွာ စကားပြောနေရသည်က ကျီလင်ကို မသက်မသာဖြစ်စေသည်။
ကျီလင် ကားလို့စ်၏နူးညံ့ပြီး ပြုံးယောင်သန်းနေသောမျက်လုံးများကိုကြည့်ကာ သူ့ခြေဖျားထိပ်မှ အေးစက်မှုများဝင်လာသည်ကို မခံစားရဘဲ မနေနိုင်ခဲ့ချေ။ သို့သော် အဆုံးတွင် သူ၏မကျေနပ်မှုများက ကြောက်ရွံ့မှုကိုကျော်ဖြတ်နိုင်ခဲ့သည်။ ကားလို့စ်ကြောင့်သာ မဟုတ်ပါကအပြောင်းအလဲများစွာရှိမည်မဟုတ်သလို ယခုကဲ့သို့ ဇာတ်ကွက်ပြောင်းသွားလိမ့်မည်မဟုတ်ချေ။
ငါ နောက်ကျ ဘယ်လိုဆက်လုပ်ရတော့မှာလဲ...
ထိုအရာများက ကျီလင်၏စိတ်ကို ရှုပ်ထွေးစေခဲ့သည်။
ပြောရလျှင် ဤဝတ္ထု၏အမည်မှာ 'ကြယ်တာရာခေတ် Heartthrob ' ဖြစ်သည်။ အမည်အတိုင်းပင် ဤဝတ္ထုက hearttorb ဝတ္ထုဖြစ်ပြီး gong နှင့် shouတို့က အမှန်တကယ်ကို အားကောင်းသည်။ ဝတ္ထုထဲရှိ ဗီလိန်များအားလုံးက အဓိကဇာတ်လိုက် shou နဉ်ယွီကို သဘောကျကြကာ ဗီလိန်ကြီးကားလို့စ်လည်း ချွင်းချက်မဟုတ်ချေ။
(T/N Heartthrob novel ဆိုတာက - လူကြိုက်များ နာမည်ကြီးတဲ့ ဝတ္ထုမျိုးကိုပြောတာပါ)
သူက နဉ်ယွီကို ကြိုက်တယ်လို့ ရှင်းရှင်းလင်းလင်းမပြောထားပေမယ့် ကျင်းဆွေ့ကို ဆန့်ကျင်ဖို့ နဉ်ယွီကို ယှဉ်ပြိုင်သေးတာပဲမလား...သူ့ရည်ရွယ်ချက်က မဖြူစင်ပေမယ့် ခြုံပြောရရင် နဉ်ယွီအပေါ် စိတ်ဝင်စားမှုနည်းနည်းတော့ ရှိမှာပဲမလား...
ကားလို့စ်က အခု နဉ်ယွီကို သတိပြုမိသွားတာပဲဖြစ်ရမယ်...အရင်ဘဝတုန်းက လုပ်တဲ့ပုံစံအရဆို နဉ်ယွီကို မျက်နှာသာပေးပြီး ကျင်းဆွေ့ရဲ့အစီအစဉ်ကို ဖျက်ဆီးဖို့ နဉ်ယွီကိုဆွဲဆောင်မှာပဲ...ဒီနေ့ သူ ငါ့ကိစ္စတွေကို ဝင်စွက်ဖက်တာက သူ့စိတ်သူ ပြင်ဆင်ပြီးသွားလို့များ ဖြစ်နိုင်မလား...
ငါ ဒီနေ့ နဉ်ယွီကို အောင်အောင်မြင်မြင် ပြောဆိုနိုင်ခဲ့တာက သူ ဘရန်ဒန်ကို သူ့လူသူတောင် ကာကွယ်ဖို့ အရည်အချင်းမရှိဘူးလို့ ပြောချင်လို့များလား...အဲဒီနည်းနဲ့သာဆို ကားလို့စ်က နဉ်ယွီဆီကို အဆင့်တိုးချဲ့လို့ရနိုင်တယ်... သူ အရေးကြီးတဲ့ ချက်စ်အပိုင်းအစမရနိုင်ရင်တောင် ဘရန်ဒန်နဲ့ ကျင်းဆွေ့အတွက် ပြဿနာတွေ ထပ်လုပ်ပေးနိုင်တုန်းပဲ...
ကျီလင် ၎င်းကိုတွေးလိုက်မိချိန်တွင် ရုတ်တရက် ရွှင်လန်းလာခဲ့သည်။
အဆိပ်ပြင်းတယ်... တကယ်အဆိပ်ပြင်းတာပဲ...
ကျီလင်က ကားလို့စ်၏လျှို့ဝှက်ကြံစည်မှုကို မြင်လိုက်ရပြီဟုတွေးကာ စိတ်လှုပ်ရှားသွားခဲ့သည်။ သူ ခေါင်းငုံ့ပြီး စိတ်ဆင်းရဲနေဟန်ဆောင်ကာ ပြောလိုက်သည်။
" ဧကရာဇ်က နဉ်ယွီကို အရမ်းသဘောကျနေတယ်ဆိုပြီး ကြားခဲ့ရလို့..."
ကားလို့စ်က သူ့ကိုကြည့်ပြီး ဖြည်းညင်းစွာပြောလာခဲ့သည်။
"အဲဒီကိစ္စသေးသေးလေးကြောင့်လား..."
ကျီလင်က မကျေမနပ်ဖြင့် သူ့ကို မျက်လုံးပြူးကြည့်လိုက်သည်။
"အန်ကယ် ကြယ်ကွန်ယက်ပေါ်မှာ ပြောထားတာတွေကို မမြင်ရသေးလို့... ဧကရာဇ် သူ့ကို တကယ်ကြီးကြိုက်နေရင် ဘယ်လိုလုပ်မလဲ...ဧကရာဇ်က...သူ အရင်ကဆို သာမန်လူတွေကို အဲဒီလိုမျိူး ဆက်ဆံတာမဟုတ်ဘူး..."
ကြည့်လေ...နဉ်ယွီက မတူဘူးတွေ့လား... သွား သူ့အတွက် ကျင်းဆွေ့နဲ့ မြန်မြန်သွားဖိုက်ချည်တော့...
ကားလို့စ်က ကောင်ငယ်လေး၏ အနည်းငယ်နီမြန်းနေသော မျက်လုံးများကိုကြည့်ကာ မျက်လုံးများ တဖြည်းဖြည်း နက်မှောင်လာခဲ့သည်။
အဲဒီလူရဲ့နှလုံးသားက တုပ်တုပ်မလှုပ်တဲ့ ကျောက်တုံးတစ်တုံးလိုပဲ...မင်း သူ့ကို အဲဒီလောက်တောင် သဘောကျရလား... ပြီးတော့ ငါ့စိတ်နှလုံးထဲ ချုပ်တည်းထားရတဲ့ ဒီဒေါသကဘာများလဲ...မနာလိုမှုများလား...
ကားလို့စ်က ခပ်နိမ့်နိမ့်အသံဖြင့် ပြောလိုက်သည်။
"သူက ဒီတိုင်းဇာတ်နိမ့်တစ်ယောက်ပဲလေ... သူက မင်းရဲ့ခြေချောင်းလေးတွေနဲ့တောင် မယှဉ်နိုင်ဘူး...ဘာလို့ သူ့နဲ့ယှဉ်ပြီး ဒေါသထွက်နေဦးမှာလဲ..."
ဟီးဟီး ဒီလူအိုကြီးက အရမ်းဆိုးတာပဲ... အလိမ်အညာတွေ ပြောတာနဲ့ပဲ ကျွန်တော် မသိဘူးမထင်လိုက်နဲ့...ခင်ဗျားက ကျွန်တော့်ကို အမုန်းဆုံးပဲ...ကျွန်တော့်လို အညစ်အကြေးက နဉ်ယွီလောက်တောင် အသုံးမဝင်ဘူး...နဉ်ယွီက လူတိုင်းအချစ်ဆုံး နိုင်ငံ့အိုင်ဒေါပဲ...
ကျီလင်က ချဉ်စူးသောလေသံဖြင့် ပြောလိုက်သည်။
"ဒါပေမယ့် ဧကရာဇ်က…"
ကားလို့စ်က သူ့ကို တည်ငြိမ်စွာ ကြည့်လာခဲ့သည်။ ခဏခန့် တိတ်ဆိတ်နေပြီးနောက် ကားလို့စ် ပြောလာခဲ့သည်။
"မင်း သူ့ကို တကယ်မကြိုက်ဘူးလား..."
ကျီလင်က အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
ငါက ကျင်းဆွေ့ကို အရမ်းသစ္စာရှိတာ...အဲဒီတော့ နဉ်ယွီနဲ့ ငါ အစေးမကပ်တာသဘာဝပဲ...
ကားလို့စ်၏နှုတ်ခမ်းပါးများက အနည်းငယ် တင်းကြပ်သွားပြီး ကျီလင်ကို စေ့စေ့စိုက်ကြည့်လာခဲ့သည်။ အချိန်အတန်ကြာပြီးနောက် သူ ဖြည်းညှင်းစွာ ပြောလာခဲ့သည်။
"ဒီလိုဆိုရင်…"
ကျီလင် သူ့ကို မျှော်လင့်တကြီးကြည့်လိုက်သည်။
ကားလို့စ်၏မျက်လုံးများက နူးညံ့သွားပြီး ညင်သာစွာ ပြောလာခဲ့သည်။
"ကိုယ် မင်းအတွက် သူ့ကိုသတ်ပေးမယ်လေ... ဟုတ်ပြီလား..."
ကျီလင် : "..."
ထိုလူ၏အညိုရောင်မျက်ဆံများက သနားညှာတာမှုကင်းမဲ့နေကာ ရက်စက်မှုများ ရောယှက်နေခဲ့သည်။
သူ ဒီလိုပြောတာ အကြောင်းအရင်းမရှိ ငိုနေတဲ့ ကလေးတစ်ယောက်ကို ချော့နေသလိုပဲ... မင်း အရုပ်တွေကို မကြိုက်ဘူးလား...ကောင်းပြီ ငါ မင်းအတွက် ဖျက်ဆီးပေးမယ် ဒါမျိုးလေ...
ကျီလင် ကားလို့စ်ကို ဗလာဖြစ်စွာကြည့်နေပြီး သူ့အမူအရာ တဖြည်းဖြည်း တင်းမာလာကာ နှုတ်များပွင့်ဟသွား၍ ကျန်စကားလုံးများက လည်ချောင်းထဲ နစ်မြုပ်သွားခဲ့သည်။
ဘာလို့... လုပ်နေကျအတိုင်း မလုပ်ရတာလဲ...
ကားလို့စ်က လက်မြှောက်ပြီး ကျီလင်၏ ခေါင်းကိုထိကာ ညင်သာစွာ ပြောလိုက်သည်။
"မင်း သူ့ကိုမကြိုက်မှတော့ သူ့ကို ပျောက်ကွယ်သွားအောင်လုပ်လိုက်မယ်လေ..."
ကျီလင်၏နှုတ်ခမ်းများ လှုပ်ခတ်သွားပြီး ကားလို့စ်ကို ဗလာဖြစ်သော အကြည့်ဖြင့် မှင်သက်စွာ ကြည့်လိုက်သည်။
ကားလို့စ်က ကျီလင်၏အံ့အားသင့်နေပုံကိုကြည့်ပြီး သူ့မျက်လုံးများထဲတွင် အလိုလိုက်သောအကြည့်ကို မဖော်ပြမိဘဲမနေနိုင်ချေ။ သူ့နှုတ်ခမ်းထောင့်များက ကော့တက်လာခဲ့သည်။
နဉ်ယွီကို အခုဖယ်ထုတ်ဖို့က ငါ့အစီအစဉ်ထဲမှာမပါဘူး... အဲဒီလက်ကိုင်တုတ်က အနာဂတ်မှာ ပိုကြီးကျယ်တဲ့လူဖြစ်လာနိုင်တယ်ဆိုပေမယ့်...ကျီလင် ပျော်နေသရွေ့ ဘာမှအရေးမကြီးဘူး...
ကားလို့စ်၏အပြုံးက တောက်ပနေပြီး သံလိုက်ဓာတ်ပါသော အသံဖြင့် ပြောလာခဲ့သည်။
"အဲဒါကြောင့် ဝမ်းနည်းမနေနဲ့တော့..."
ခပ်နိမ့်နိမ့်အသံက ကျီလင်၏နားထဲသို့ ဝင်လာခဲ့သည်။ သူ ကားလို့စ်၏မထူးခြားဟန်ရှိနေသော အညိုရောင်မျက်လုံးများကိုကြည့်လိုက်သည်။ ရုတ်တရက် ကားလို့စ် အလေးအနက်ပြောနေသည်ကို သူသဘောပေါက်သွားခဲ့၏။
သူ တကယ်ကြီး နဉ်ယွီကိုဖယ်ရှားချင်နေတာပဲ...
ထိုသဘောပေါက်မှုက ကျီလင်ကို ချွေးစေးများ ကျလုမတတ်ဖြစ်စေခဲ့သည်။
ကားလို့စ် နဉ်ယွီကို တကယ်သတ်လိုက်ရင် ငါ ဒီမစ်ရှင်ကို ဘယ်လိုလုပ်ရတော့မလဲ... နောက်ပိုင်းဇာတ်ကွက်တွေ ဘယ်လိုလုပ်ထွက်လာတော့မလဲ...ကားလို့စ်က ကိစ္စတွေကို ပုံမှန်ဘယ်လိုကိုင်တွယ်လည်းမသိပေမယ့် ဒီလိုကိစ္စမျိုး ဖြစ်လာလို့မဖြစ်ဘူး...
နဉ်ယွီ သေလို့မရဘူး...
ကျီလင် မောက်မာစွာ မတ်တပ်ထရပ်ပြီး စိတ်မသက်မသာဖြင့် မျက်လုံးများလွှဲကာ ချောင်းခပ်ဖွဖွဆိုး၍ ပြောလိုက်သည်။
"ဒီကိစ္စကို ထားလိုက်တာပဲ ပိုကောင်းပါတယ်..."
ကားလို့စ်က သူ့ကိုကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရသည်။
ကျီလင်၏စိတ်ထဲဲ ထိုအကြောင်းအရာအဆုံးသတ်ရန် မည်သည့်အကြောင်းပြချက်သုံးရမည်ကို လျင်မြန်စွာတွေးလိုက်ပြီး ခဏအကြာတွင် ခေါင်းမော့ကာ မာနထောင်လွှား၍ အနည်းငယ် အထင်သေးနေသော လေသံဖြင့် ပြောလိုက်သည်။
"ဝမ်ယန်ပြောတာ မှန်တယ်...ဧကရာဇ် သူ့ကို သဘောကျဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
ကားလို့စ်၏အတွေးများကို ရှင်းလင်းနိုင်သည်အထိ သူ လုံလုံလောက်လောက် ရှင်းလင်းစွာ မပြောမိမည်ကိုစိုးသောကြောင့် လေးနက်စွာ ထပ်ပြောလိုက်သည်။
"သူက ဇာတ်နိမ့်တစ်ယောက်ပဲလေ... သူ့အကြောင်း စဉ်းစားတာက ကိုယ့်အဆင့်ကိုယ်နှိမ့်တာဖြစ်လိမ့်မယ်...အဲဒါကြောင့် သူ့ကို ဂရုမစိုက်နဲ့တော့..."
ကျီလင် ထိုသို့ပြောပြီးနောက် ကားလို့စ်နှင့် ဝမ်ယန်တို့နှစ်ယောက်လုံးက သူ့ကို အလွန်ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူ ချက်ချင်း ထိတ်လန့်သွားခဲ့သည်။
ငါပြောလိုက်တာက ပြဿနာတော့မရှိလောက်ပါဘူးနော် အားး...
သူတို့ ငါ့ကို ဘာလို့အဲဒီလိုမျိုးကြည့်နေကြတာလဲ...
ကြောက်စရာကောင်းသော ဗီလိန်နှစ်ဦးကို ရင်ဆိုင်ရချိန်တွင် ကျီလင်၏စိတ်ထဲ ကြောက်ရွံ့ထိတ်လန့်နေသော်လည်း ကျည်ဆန်ကိုက်ပြီး ဆက်ဟန်ဆောင်ရုံသာ တတ်နိုင်ခဲ့သည်။
စိတ်သဘောထားကောင်းသော်လည်း မောက်မာပြီး မထိလေးစားဟန်ဆောင်နေသည့် ကောင်လေးကို ကားလို့စ်ကြည့်လိုက်သည်။ သူ့နှလုံးသားအောက်ခြေ၌ တဖြည်းဖြည်း နူးညံ့မှုအရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။ သူ့အတွက် ထိုခံစားချက်က အလွန်ဆန်းသစ်လှသည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာပေါ်တွင် သူ့နှလုံးသားကို ပျော့ပျောင်းစေမည့် အရာများ သို့မဟုတ် လူများမရှိသလောက်ဖြစ်သောကြောင့်ပင်။ သို့သော် ကောင်ငယ်လေး၏လှုပ်ရှားမှုတိုင်းက သူ့နှလုံးသားထဲကျန်ရှိနေသော နူးညံ့မှုများကို အမြဲထိရှစေနိုင်သည်။
ကောင်ငယ်လေးက အရင်ဘဝတုန်းကလိုမျိုး ကြင်နာနေတုန်းပဲ...သူ တစ်ချိန်တည်းမှာပဲ စိတ်ပျက်မှု၊ သံသယနဲ့ ဝမ်းနည်းမှုတွေရှိခဲ့လောက်မလား... ဒါပေမယ့် သေခြင်းတရားလို အကျပ်အတည်းနဲ့ ရင်ဆိုင်ရလာချိန်မှာတော့ သူ ကျင်းဆွေ့ကို ကာကွယ်ပေးဖို့ ရွေးချယ်ခဲ့တုန်းပဲ... အဲဒီလိုလုပ်တာက ရက်စက်လွန်းတယ်...
သူ ဘယ်လို မတရားဆက်ဆံမှုမျိုးပဲ ခံရ ခံရ... ဘယ်လောက်ပဲ အရှက်ကွဲခဲ့ရပါစေ သူ့ နှလုံးသားထဲက နောက်ဆုံးလိုင်းကို ဖျောက်ဖျက်လို့မရဘူး...သူ့ရဲ့မောက်မာတဲ့ အပြင်ပန်းအောက်မှာ လူတိုင်းထက် ဖြူစင်သန့်ရှင်းတဲ့ နှလုံးသားရှိတယ်...သူ့နှလုံးသားအတွင်းပိုင်းကို အပြင်ကနေမြင်နိုင်လိုက်တာနဲ့ သူ့ဆီမှာ နက်နက်နဲနဲ ဆွဲဆောင်ခံရပြီး ရုန်းမထွက်နိုင်ဖြစ်သွားလိမ့်မယ်...
သူ အခု အရမ်းမနာလိုဖြစ်ပြီး ဝမ်းနည်းနေတာတောင် အဆုံးမှာ နဉ်ယွီကို တကယ် နာကျင်အောင်လုပ်ဖို့ မတွေးခဲ့ဘူး...သူက ဇာတ်နိမ့်တစ်ယောက်ရဲ့ဘဝကိုတောင် နာကျင်အောင်လုပ်ဖို့ ဝန်လေးနေပေမယ့် သူရဲ့အထက်တန်းလွှာမျက်နှာနဲ့ မာနကို မစွန့်လွှတ်နိုင်တော့ သူ ဂရုမစိုက်တဲ့ပုံမျိုး ဟန်ဆောင်ခဲ့တယ်...
ဒီကမ္ဘာပေါ်မှာ ဒီကလေးငယ်ထက် ပိုချစ်စရာကောင်းတဲ့ ရှိပါ့ဦးမလား...
ကားလို့စ်၏မျက်လုံးများထဲရှိ အကြည့်က ပို၍ ပို၍ နူးညံ့၊နက်ရှိုင်းလာခဲ့သည်။
✨✨✨