✨ Chapter 15
ပျက်စီးခြင်း
ကားလို့စ်သေဆုံးပြီးနောက်တွင် သူက ကျင်းဆွေ့နှင့်အတူ သစ္စာဖောက်များရှင်းထုတ်၍ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် အလွန်အလုပ်များနေခဲ့သည်။ အင်ပါယာ၏နှစ်လရှည်ကြာ ပျက်ဆီးနေမှုက ကားလို့စ်၏ရိုးရှင်းသောသေဆုံးမှုဖြင့် ပြီးဆုံးသွားလိမ့်မည်မဟုတ်ချေ။ သူတို့သွားရမည့် ခရီးရှည်ကြီးတစ်ခုရှိနေသေးဆဲဖြစ်သည်။
မူလက ကျီလင်သေဆုံးပြီးနောက် ကျင်းဆွေ့နှင့် နဉ်ယွီတို့ အတူလက်တွဲသွားကြလိမ့်မည်ဟု သူထင်ခဲ့သော်လည်း အံ့ဩစရာကောင်းစွာပင် သူတို့နှစ်ဦးလုံးက သူတို့၏ဆက်ဆံရေးကို အဆုံးသတ်ခဲ့ကြသည်။ အဆုံးတွင် သူတို့က ချစ်သူများမဖြစ်လာကြဘဲ သူငယ်ချင်းများ သို့မဟုတ် ရှေ့ဆက်သွားရန် ရည်မှန်းချက်တူသည့် ပါတနာများဖြစ်လာကြကာ ၎င်းထက်မပိုခဲ့ချေ။
ထိုအချိန်မှသာ သူ နဉ်ယွီအား ဘယ်သောအခါမှ အမှန်တကယ်နားမလည်ခဲ့သည်ကို သဘောပေါက်ခဲ့ရ၏။
နဉ်ယွီ ကျင်းဆွေ့နှင့် အတူမရှိသည့်အတွက် သူ ပျော်ရွှင်သင့်သော်လည်း အမှန်တွင် မပျော်ခဲ့ချေ။ သူ၏ခံစားချက်များကို တည်ငြိမ်စွာမြုပ်နှံထားပြီးဖြစ်ကာ ဘယ်သောအခါမှ ထုတ်မပြောခဲ့ချေ။
ကျီလင်၏သေဆုံးမှုက အရေးမပါသည့် အသေးအဖွဲ့ကိစ္စဖြစ်ပုံရသော်လည်း ကိစ္စများစွာက တိတ်တဆိတ်ပြောင်းလဲလာခဲ့သည်။
နဉ်ယွီအပေါ်ထားသည့် သူ၏ခံစားချက်များကိုမသေချာသလို ကျီလင်အပေါ် မည်သို့ရှုပ်ထွေးသည့် ခံစားချက်များရှိသည်ကို မသိချေ။ သို့သော် ဤဘဝတွင်သေချာသောအရာတစ်ခုရှိသည်။
ကျီလင်က တကယ်ပဲ မကောင်းတဲ့စိတ်ရှိတယ်ဆိုရင် သူဘယ်လိုလုပ် အဲဒီလိုအရာမျိုးလုပ်ဖို့ သတ္တိရှိမှာလဲ...လူတိုင်းလက်လျှော့လိုက်တဲ့ အချိန်မှာတောင် သူက ငါ့ရှေ့မှာ ပေါ်လာခဲ့တယ်...
သူက တစ်ဖက်လူကို အကြွေးတင်ထားသူဖြစ်ပြီး ဤဘဝတွင် ထိုသူအား ထပ်မံနာကျင်စေမည်မဟုတ်သလို မည်သူ့ကိုမှ ထိုသူ့အပေါ် နာကျင်အောင်လုပ်ရန် အခွင့်အရေးပေးမည်မဟုတ်ချေ။
ဘရန်ဒန်က နဉ်ယွီကို အက်ရှသောအသံဖြင့် ပြောလိုက်သည်။
"မင်း မတရားခံခဲ့ရပြီပဲ... "
နဉ်ယွီ၏နူးညံ့သော မျက်လုံးများကတည်ငြိမ်နေပြီး ရိုးသားမှုနှင့် တည်ငြိမ်မှုအရိပ်အယောင်များရှိနေသည်။ သူက ပြုံးကာ ပြောလာခဲ့၏။
"ရပါတယ်... အဲဒါက ဘာမှမဟုတ်ဘူး..."
သူနှင့် လူများစွာက နဉ်ယွီကို ထိုကဲ့သို့ကြင်နာမှုကြောင့် နှစ်သက်သဘောကျခဲ့ခြင်းဖြစ်သည်။
နဉ်ယွီက သူနှင့်အတူ ရှင်ခြင်းနှင့်သေခြင်းတရားကို ဖြတ်သန်းခဲ့ဖူးသော သူငယ်ချင်းများထံမှ အဝိုင်းခံလိုက်ရသည်။ သူတို့အားလုံးက ထိုစကားကိုကြားချိန်တွင် ဝမ်းနည်း၊ ဒေါသထွက်ပြီး ကူကယ်ရာမဲ့သွားကြသည်။ လူတိုင်းက ကျီလင်အပေါ် သူတို့၏ မကျေနပ်မှုများကို ဖွင့်ဟခဲ့ကြသည်။
"မာရှယ် အဲဒီအညစ်အကြေးကောင်က ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းလဲဆိုတာ မသိလို့..."
"အေးလေ ငါတို့က သူတို့အတွက်လည်း အသေခံတိုက်ပွဲဝင်ခဲ့ရတာကို...သူက ငါတို့ကို အထင်တသေးနဲ့ စော်ကားလာသေးတယ်... သူ့မှာ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ..."
"ဒေါသထွက်စရာပဲ..."
"ဒုတိယဗိုလ်ချုပ်ဟော့ခ်သာ မတားခဲ့ရင် ငါအဲဒီအညစ်အကြေးကို ငါ့တစ်ဘဝလုံးနဲ့ ပေးဆပ်ရရင်တောင် သတ်ပစ်တယ်..."
"သူက အထက်တန်းလွှာမလား... သူ့လို အားနည်းပျော့ညံ့တဲ့ ကောင်စုတ်လေးကများ..."
ဘရန်ဒန်က သူ့လက်အောက်ငယ်သားများကို ရှုပ်ထွေးသောအမူအရာဖြင့်ကြည့်လိုက်သည်။ သူ၏နှလုံးသားက နာကျင်နေပေသည်။ နဉ်ယွီက သူ၏နောက်ခံကြောင့် ထိုကဲ့သို့ ဆက်ဆံမခံရသင့်ပေ။ ၎င်းက မတရားသော်လည်း ဤတစ်ကြိမ်တွင် သူ့ကို တရားမျှတမှုမပေးနိုင်ချေ။
၎င်းတင်မကဘဲ ထိုလူများက ကျီလင်အား ဤနည်းဖြင့် ပြောဆိုနေကြသည်ကို ကြည့်ပြီး သူ့နှလုံးသားထဲ ဒေါသအရိပ်အယောင်များခံစားခဲ့ရသည်။
မင်းတို့ဘာမှမသိဘူး... အဲဒီကောင်လေးက ဘယ်လောက်သတ္တိရှိလဲဆိုတာ မင်းတို့မသိဘူး...သူက မင်းတို့ ပြောသလိုမျိုးမဟုတ်ဘူး... သူက တခြားယုတ်ညံ့တဲ့ အထက်တန်းလွှာတွေနဲ့မတူဘူး...
မင်းတို့တွေ ဘာမှမသိဘူး...
ဘရန်ဒန်၏ ညာလက်က တင်းကြပ်သွားပြီး ရုတ်တရက်ပြောလိုက်သည်။
"တော်လောက်ပြီ..."
ဘရန်ဒန်၏ပြင်းထန်သော ဒေါသက လူတိုင်းကို တိခနဲတိတ်သွားစေခဲ့၏။ လူတိုင်းက သူ့ကို ကြောက်လန့်တကြားကြည့်လာခဲ့ကြသည်။
မာရှယ်အရမ်းဒေါသထွက်တာက ရှားရှားပါးပါးပဲ... ဒီလောကမှာ မာရှယ်ကို ဒေါသထွက်အောင်လုပ်နိုင်တာ သိပ်မရှိဘူး...
မာရှယ်က သူတို့လို အင်ပါယာအထက်တန်းလွှာတွေကို အရမ်းမကြိုက်တဲ့ပုံပဲ... ဟုတ်တယ်မလား...
သူတို့တွေးနေစဉ်မှာပင် ဘရန်ဒန်က သူတို့ကို အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်ပြီး နှုတ်ခမ်းပါးများတင်းတင်းစေ့ကာ စကားတစ်လုံးချင်း ဖိပြောလာခဲ့သည်။
"လူတွေကို အပေါ်ယံကြည့်ပြီး အလွယ်တကူ အကဲဖြတ်တာက တစ်ဖက်ပိတ်တဲ့လုပ်ရပ်ပဲ...မင်းတို့တွေ နားလည်ကြရဲ့လား..."
နဥ်ယွီ ရုတ်တရက် မျက်ခုံးပင့်ကာ သံသယစိတ်ဖြင့်ကြည့်လိုက်သည်။
စစ်သားများ -"???"
သူ စောစောကလေးတင် ကျီလင်ကို ဒေါသထွက်နေတာမဟုတ်ဘူးလား...
×××××
ဒုတိယဗိုလ်ချုပ်ဟော့ခ်၏လူများက ကျီလင်ကို အပြင်ဘက်သို့ လေးစားစွာ ပို့ဆောင်ခဲ့သည်။ သူတို့ စစ်ဌာနချုပ်ထဲမှ ထွက်လာပြီးသည်နှင့် ရို့စ်က သူ့လက်များကို လျင်မြန်စွာ လွှတ်ပေးပြီး ဘေးနားတွင်ရပ်ကာ ပြောလာခဲ့၏။
"ပြန်ကြရအောင်..."
ကျီလင်က ရို့စ်ကို ဒေါသတကြီးတွန်းထုတ်လိုက်သည်။
"ငါ့ရှေ့ကနေဖယ်စမ်း...ငါ ပြန်သွားမှာ..."
သို့သော် ဤတစ်ကြိမ်တွင် တံခါးနားရှိအစောင့်များက အမိန့်ရရှိထားသောကြောင့် တံခါးကိုအသေကိုင်ထားပြီး ပြောလာခဲ့သည်။
"ခွင့်ပြုချက်မရှိဘဲ စစ်ဌာနချုပ်ထဲဝင်လို့မရပါဘူး..."
ချီးပဲ...
ကျီလင် လက်လျှော့ရန် ဆန္ဒမရှိချေ။
ဘရန်ဒန်ဒေါသထွက်လာဖို့ ငါ ဒီလောက်တောင်စောင့်ခဲ့ရတာ...ငါ ဘယ်လိုလုပ်ပြီး ဒီလိုမျိုးလွယ်လွယ်ပြန်နိုင်မှာလဲ...
သူ ထပ်ဝင်ရန် ကြိုးစားခဲ့သော်လည်း အစောင့်များက ကျောက်တောင်ကြီးထက်ပင် ပို၍ခိုင်မာစွာရပ်နေကြသောကြောင့် ကျီလင် ဘာမှမတတ်နိုင်ခဲ့ချေ။
ကျီလင် ထိုနေရာ၌ ခြေကုန်လက်ပန်းကျစွာ အချိန်အတန်ကြာရပ်နေသည်။ ရို့စ်က သူ့ကို ဟိုဗာကားထဲသို့ ဆွဲသွင်းခဲ့၏။
ဒါဆို ဒီတိုင်းပဲထားလိုက်ရတော့မှာလား...
ဒီလိုမျိုးပြန်သွားရတော့မှာပေါ့လေ...
ဒါပေမယ့် မပြန်ရင်တောင် ငါဘာလုပ်နိုင်မှာမို့လို့လဲ...ငါ စစ်ဌာနချုပ်ဂိတ်ကိုတောင် ဖြတ်မဝင်နိုင်ဘူးလေ...
ရို့စ်က ကျီလင်၏မျက်နှာ နီလိုက် ဖြူလိုက်ပြောင်းနေသည်ကိုကြည့်ပြီး သူက ကျီလင့်ဒေါသများ၏ ပစ်မှတ်ဖြစ်လာမည်ကိုစိုးရိမ်မိခဲ့သည်။ ထို့ကြောင့် သူက ကျီလင်ကိုအိမ်ပြန်ပို့ပြီးသည်နှင့် အမြန်ပြေးထွက်သွားခဲ့ကာ ကျီလင် တစ်ယောက်တည်း အိမ်တံခါးဝ၌ ဗလာဖြစ်စွာ ကျန်နေခဲ့သည်။
သူ့အခန်းထဲပြန်ရောက်သည်အထိ ကျီလင် သတိပြန်မဝင်လာသေးဘဲ အိမ်မက်တစ်ခုကဲ့သို့ ခံစားနေရသည်။
ဘယ်လိုလုပ်ပြီး ဒီလိုတွေဖြစ်ကုန်တာလဲ...
ငါ မျက်နှာဖြတ်ရိုက်ခံရပြီး စစ်ဌာနချုပ်ကနှင်ထုတ်ခံရတဲ့၊ လူကြားထဲ အရှက်ခွဲခံရတဲ့ဇာတ်ကွက်က ဘယ်ရောက်သွားတာလဲ...ဘာလို့ ဘာမှမဖြစ်ဘဲ ဒီတိုင်းအိမ်ပြန်လာခဲ့ရတာလဲ...အစကနေ အဆုံးအထိ ဘယ်သူမှ ငါ့ကို ရက်စက်တဲ့စကားတစ်ခွန်းတောင် မပြောခဲ့ကြဘူး... အေးစက်ပြီး ကြောက်ဖို့ကောင်းပါတယ်ဆိုတဲ့ မာရှယ်ဘရန်ဒန်တောင် 'မင်း' တစ်လုံးပဲ ပြောရသေးတာကို...ပြီးတော့ ရုတ်တရက်ကြီး ရောက်လာတဲ့ ဒုတိယဗိုလ်ချုပ်ဟော့ခ်ဆီက နှောင့်ယှက်ခံခဲ့ရရော...
ငါ သူ့အခြေစိုက်စခန်းကိုသွားပြီး သူရဲ့သဘောအကျဆုံးရဲဘော်ကို အရှက်ခွဲခဲ့တာတောင် ဘာမှသိပ်မတုံ့ပြန်ဘဲနဲ့ ဒုဗိုလ်ချုပ်ဟော့ခ် ငါ့ကို အဝေးပို့တာကိုဒီတိုင်းလွှတ်ပေးလိုက်တယ်ပေါ့လေ...ဘာလို့မတားခဲ့တာလဲ...သူ စကားပြောဘယ်လိုပြောရမလဲဆိုတာ မေ့သွားတာလား...
သံထည်လိုလူ မာရှယ်က ငါလို လူပေါ်ကြော့တွေမျိုးကို အရွံဆုံးမလား... ဒီလိုအရေးကြီးတဲ့အချိန်ကျမှ ရုတ်တရက်ကြီး ဘာဖြစ်သွားတာလဲ...
ကျီလင် အလွန်ဒေါသထွက်ကာ သူ့ရင်ဘတ်သူ ရိုက်လိုက်၏။
ငါ ဘယ်သူမှယုံလို့မဖြစ်ဘူး...ငါ ဘယ်သူ့မှ အားကိုးလို့မရတော့ဘူး...
ကျီလင် အချိန်အတန်ကြာ စိတ်ဓာတ်ကျနေပြီးနောက် ရုတ်တရက် သတိရမိသွားသည်။
ငါ ဒီနေ့ မျက်နှာဖြတ်ရိုက်ခံဖို့ မအောင်မြင်ဘူးပေါ့... ငါက စစ်ဌာနချုပ်အထိတောင် သွားပြီး မောက်မာတဲ့ပုံသရုပ်ဆောင်ခဲ့ရတာ...နဉ်ယွီကိုတောင် ခက်ခက်ခဲခဲအရှက်ခွဲခဲ့သေးတာကိုလေ...
ယင်းကိုသဘောပေါက်ပြီးနောက် ကျီလင်၏မျက်နှာက ရုတ်တရက် ဖြူဖျော့သွားပြီး သူ့၏အမူအရာက အလွန်ဆိုးရွားသွားခဲ့သည်။
သူ၏ဘဝနှစ်ခုလုံးတွင် ပထမဆုံးအကြိမ်အဖြစ် မျက်နှာဖြတ်ရိုက်မခံခဲ့ရခြင်းဖြစ်သည်။
သူ ထိတ်လန့်သွားခဲ့၏။
ဘာမှားသွားတာလဲ...ဘာလို့ ဒုတိယတစ်ခေါက်က ပထမတစ်ခေါက်ထက် ပိုခက်နေရတာလဲ...ငါ ဘာမှလည်းမလုပ်ခဲ့ပါဘူး... ဘာလို့ ရုတ်တရက်ကြီး ခက်တဲ့ပုံစံပြောင်းသွားရတာလဲ...
"ဒေါက် ဒေါက် ဒေါက်..."
တံခါးခေါက်သံ ထွက်လာခဲ့သည်။
စိတ်ဆင်းရဲနေဆဲဖြစ်သော ကျီလင် ခေါင်းမော့ကြည့်လိုက်ရာ ငွေရောင်ဆံပင်၊ အနက်ရောင်မျက်လုံးများဖြင့် ချောမောသောအမျိုးသားတစ်ဦးက တံခါးဖွင့်၍ ဝင်လာသည်ကိုမြင်လိုက်ရ၏။
ဒီလူ ဒီရက်ပိုင်းထဲ ငြိမ်နေတာမလား...ဘာလို့ ဒီကိုထပ်ရောက်လာပြန်ရတာလဲ...
ကျီလင် သူ့ခံစားချက်များကို ခဏခန့် မထိန်းနိုင်ဖြစ်သွားပြီး သူ့မျက်နှာက အနည်းငယ် မှောင်မည်းသွားခဲ့သည်။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ...
ဝမ်ယန်က ကျီလင် စစ်ဌာနချုပ်သို့သွားခဲ့သည်ကို ကြားခဲ့ပြီးဖြစ်၏။ သူ၏ယခင်ဘဝ၌ ကျီလင်က နဉ်ယွီကိုပြဿနာရှာရန်သွားခဲ့သော်လည်း ဘရန်ဒန်ထံမှ ရက်ရက်စက်စက် နှင်ထုတ်ခံခဲ့ရသည့်သတင်းရှိခဲ့သည်။ ထိုအကြောင်းက အင်ပါယာကြယ်တစ်ခုလုံးပျံ့သွားပြီး ကျီလင်က ရုတ်တရက် လူသိများသော ဟာသတစ်ခုဖြစ်လာခဲ့၏။ အထက်တန်းလွှာများက ကျီလင်ကို ကိုယ့်အင်အားကိုယ်မသိဘဲ သာမန်လူတစ်ဦးကိုပင် မျက်နှာတက်နင်းခွင့်ပြုသောကြောင့် ရယ်မောခဲ့ကြပြီး အထက်တန်းလွှာ အသိုင်းအဝိုင်းထဲ မျက်နှာပျက်ခဲ့ရသည်။
သို့သော် ယင်းက မပြီးသေးချေ။ မကြာမီမှာပင် နဉ်ယွီကို စော်ကားနေသည့် ကျီလင်၏ဗီဒီယိုကို အမည်မသိလူထံမှ အင်တာနက်ပေါ်အတင်ခံခဲ့ရသည်။ ကျီလင်၏ စကားများက မရေတွက်နိုင်သော သာမန်လူများကိုဒေါသထွက်စေခဲ့သည်။ ဘဝကိုလောဘကြီးပြီး သေခြင်းတရားကိုကြောက်သော ယုတ်ညံ့သည့် အထက်တန်းလွှာတစ်ဦးက သေခြင်းမှ ပြန်လည်မွေးဖွားလာသော သူရဲကောင်းကို
အရှက်မရှိ နှိမ်ချပြောဆိုခဲ့သည်။ ကျီလင်က ချက်ချင်းပင် ကွန်ရက်တစ်ခုလုံးထံမှ တိုက်ခိုက်ခံခဲ့ရသည်။ လူအများက သူ့ကို နေ့တိုင်းကျိန်ဆဲကြပြီး သေသွားရန်ပြောဆိုခဲ့ကြ၏။
ကျီလင်က အထက်တန်းလွှာများ၏ ကဲ့ရဲ့ရှုတ်ချခြင်းကိုခံရရုံသာမက သာမန်လူများထံမှ မရေမတွက်နိုင်သော အွန်လိုင်းအကြမ်းဖက်မှုများကိုလည်း ခံခဲ့ရသည်။ ထိုအဖြစ်အပျက်က ကျီလင်အား နဉ်ယွီကို ပို၍မုန်းသွားစေပြီး ၎င်းကြောင့်ပင် သူ အမှားများကို ထပ်ခါထပ်ခါကျူးလွန်မိခဲ့သည်။ သို့သော် ထိုအရာများက နောင်မှသာ ဖြစ်လာမည်ဖြစ်၏။
အတိုချုပ်ပြောရလျှင် ကားလို့စ်၏ ယခုဘဝပြောင်းလဲမှူများကြောင့် ကျီလင်ထံ ရို့စ် မရောက်လာသဖြင့် ကျီလင်လည်း စစ်ဌာနချုပ်သို့သွားရန်မလိုဟု ဝမ်ယန်ထင်ခဲ့သည်။ ထိုကိစ္စမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်လာနိုင်ဟု ဝမ်ယန်တွေးထားသော်လည်း မမျှော်လင့်စွာပင် တစ်ရက် နောက်ကျခဲ့သော်ငြား နောက်ဆုံး၌ ကျီလင် စစ်ဌာနချုပ်သို့ သွားဆဲဖြစ်သည်။ သူ အမှန်ပင် ပေါ့လျော့မိခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင်မူ ကားလို့စ်က လက်ဦးမှုရယူခဲ့သောကြောင့် မည်သည့်အဖြစ်အပျက်မှမဖြစ်ခဲ့ဘဲ ကျီလင် စစ်ဌာနချုပ်ထဲမှ လုံခြုံစွာထွက်လာနိုင်ခဲ့သည်။
ထိုရလဒ်ကို ဝမ်ယန် ပထမဆုံးသိရချိန်၌ ရှုပ်ထွေးသော ခံစားချက်များဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချမိခဲ့၏။
တော်သေးလို့ပေါ့...ကျီလင် အဆင်ပြေနေတယ်... ကားလို့စ်ရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဒီတစ်ကြိမ်မှာ သူ ကျီလင်ကို ကာကွယ်ခဲ့တယ်...
ဝမ်ယန်က ကျီလင်ကို စိုးရိမ်နေသောကြောင့် ကျီလင်ဆီသို့ သွားလိုသည့် သူ့စိတ်သူ မထိန်းနိုင်ခဲ့ချေ။ သူ အထဲဝင်လိုက်သည်နှင့် ကျီလင်၏ ဒေါသထွက်နေသော အကြည့်ကို တွေ့လိုက်ရပြီး ရုတ်တရတ် စိတ်ပူသွားခဲ့သည်။
ငါမသိတဲ့ တခြားတစ်ခုခုများ ဖြစ်ခဲ့သေးတာလား...
ဝမ်ယန် တိုးဖွသောလေသံဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ...မင်း မပျော်ဘူးလား..."
ကျီလင် ဝမ်ယန်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
ငါ ဘယ်လိုလုပ်ပျော်နိုင်မှာလဲ...ငါ အခုမျက်နှာဖြတ်ရိုက်မခံရရင် ဘယ်လိုလုပ် လူရယ်ခံရတော့မှာလဲ... ဘယ်လိုလုပ် စတားကွန်ယက်မှာ တိုက်ခိုက်ခံရတော့မှာလဲ...အဲဒီလိုဆို နဉ်ယွီကိုပြဿနာထပ်ရှာဖို့ ဘာအကြောင်းပြချက်ရှိတော့မှာလဲ... အခု ဘာမှမဖြစ်ခဲ့တော့ နဉ်ယွီကို ဘယ်လိုမုန်းရမလဲ...နောက်ကျရင် ဇာတ်ကွက်က ဘယ်လိုလုပ်ပေါ်လာမှာလဲ...
ကျီလင်က မပျော်မရွှင်ဖြင့် ပြောလိုက်သည်။
"ဒီကို ဘာလာလုပ်တာလဲ..."
ဝမ်ယန် ခဏခန့် တိတ်ဆိတ်သွားပြီး တည့်တိုးပြောလာခဲ့သည်။
"မင်း စစ်ဌာနချုပ်ကိုသွားခဲ့တယ်လို့ ကိုယ်ကြားတယ်..."
ကျီလင်၏စိတ်ထဲ ပြောလိုက်မိသည်။
သူ တကယ်ကြီး ငါ့အကြောင်းကို တိတ်တိတ်လေးစုံစမ်းနေတာပဲ...ဖုံးကွယ်တာတောင် မလုပ်နေဘူး...ငါ့ကို အရူးထင်နေတာလား...
သို့တိုင် ကျီလင် ဆက်လက်တည်ငြိမ်ဟန်ဆောင်ပြီး ပြောလိုက်သည်။
"အင်း..."
ဝမ်ယန်က ကျီလင်၏မျက်လုံးများထဲရှိ စိတ်ပျက်မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုကို ကြည့်လိုက်သည်။ သူ့ရှေ့တွင် ကောင်ငယ်လေး၏ဒေါသက ဖုံးကွယ်မရချေ။
သူ နိုင်လာတာတောင် ဘာလို့ ဒီလောက်ဒေါသထွက်ပြီး စိတ်ညစ်နေရတာလဲ... ကျင်းဆွေ့က နဉ်ယွီကို သဘောကျတဲ့ပုံပြခဲ့တာကြောင့်လား...
အမှန်တွင် ၎င်းက ဘာမှမဟုတ်ချေ။ ၎င်းက ဟာသသက်သက်ဖြစ်သည်ကို လူတိုင်းသိသော်လည်း ကောင်ငယ်လေးကမူ အတည်ယူခဲ့သည်။ ယင်းက ကျီလင် တုံးအ၍မဟုတ်ဘဲ သူ ထိုလူကို အလွန်ဂရုစိုက်သောကြောင့်ဖြစ်သည်။ သူ၏ မူလရည်ရွယ်ချက်မှာ နဉ်ယွီကိုဖိနှိပ်ရန်မဟုတ်ဘဲ ထိုလူ၏အာရုံစိုက်မှုရရှိရန်သာဖြစ်သည်။
ဝမ်ယန်၏နှလုံးသားထဲ၌ မနာလိုမှုဖြင့် ချဉ်စူးလာခဲ့သည်။
မင်း သူ့ကို အရမ်းချစ်တာပဲလား...
ဒါပေမယ့် သူက မင်းကိုချစ်မှာမဟုတ်ဘူး... မင်း ဘာလို့ အဲဒါကိုနားမလည်နိုင်ရတာလဲ...
ဝမ်ယန်၏နှုတ်ခမ်းများ လှုပ်ခတ်သွားသော်လည်း နောက်ဆုံးတွင် ကောင်ငယ်လေး၏ညှိုးငယ်သောအကြည့်များကို တောင့်မခံနိုင်တော့ဘဲ သူ့ဆန္ဒကို ဆန့်ကျင်ကာ နှစ်သိမ့်ပေးလိုက်သည်။
"မင်း နဉ်ယွီကိစ္စကြောင့် စိတ်ညစ်နေတာဆိုရင် စိတ်ထဲသိပ်မထည့်နဲ့...ဧကရာဇ်က သူ့ကို သဘောကျမှာမဟုတ်ဘူး..."
ကျီလင် ၎င်းကို လုံးဝမယုံချေ။
အရင်ဘဝတုန်းက ကျင်းဆွေ့ နဉ်ယွီကို ကြိုက်နေတာကို ငါ့မျက်လုံးနဲ့ကိုယ်တိုင်မြင်ခဲ့တာ...
ကျီလင် ပြန်မေးလိုက်၏။
"မင်း ဘယ်လိုသိလဲ..."
ဝမ်ယန်က ပြောလာခဲ့သည်။
"ဧကရာဇ်ရဲ့အဆင့်အတန်းက အရမ်းမြင့်တယ်...ပြီးတော့ မင်းတစ်ယောက်တည်းကပဲ သူ့ဘေးမှာရပ်ဖို့ ထိုက်တန်တာ...နဉ်ယွီက သာမန်လူတစ်ယောက်လေ... ဧကရာဇ်က သူ့ကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ..."
ထိုလူ၏အသံက နူးညံ့ပြီး သူ၏အမူအရာက ရိုးသားနေပေသည်။ သူ၏စကားက ကျိုးကြောင်းဆီလျော်လွန်းသည့်အတွက် ကျီလင်သာ မူလပိုင်ရှင်ဖြစ်ပါက အလွယ်တကူအချော့ခံရနိုင်ပြီး ထိုကိစ္စကို ထပ်ဂရုမစိုက်ဘဲ ပျော်ရွှင်နေလောက်၏။
ကံမကောင်းစွာဖြင့် ယခုကျီလင်ကမူ စိတ်မသက်သာရုံသာမက ပို၍ပင် စိတ်အခြေအနေဆိုးသွားခဲ့သည်။
နဉ်ယွီကို သဘောမကျတဲ့ ကျင်းဆွေ့အကြောင်း ငါ တစ်ခါမှ အိပ်မက်မမက်ဖူးဘူး...
×××××
စာရေးသူမှာ ပြောစရာရှိပါတယ်...
ကျီလင် : ငါမသွားဘူး... ငါထွက်မသွားဘူး...ငါ ဒီနေ့ သေခြင်းတရားနဲ့ မျက်နှာဖြတ်ရိုက်မခံရသေးဘူး... ငါ့ကို မခေါ်သွားကြနဲ့...ငါမသွားဘူး...
ဘရန်ဒန် : ဘယ်သူက သူ့မျက်နှာကို ရိုက်ရဲတာလဲ... ရက်စက်တဲ့ နတ်ဘုရား.JPG
ကျီလင် "…"
စာရေးသူ- တတိယမြောက် စံနှုန်းနှစ်ထပ်နဲ့ခွေးလေး အွန်လိုင်းပေါ်တက်လာတာ ကြိုဆိုပါတယ်.... နွေးနွေးထွေးထွေးလက်ခုပ်တီးပေးကြပါ...
✨✨✨