Chapter 14
Viewers 2k

✨ Chapter 14



ဒုတိယဗိုလ်ချုပ်ဟော့ခ်က ကျီလင်ကို သူ့နောက်တွင်ထားပြီး ကြက်ပေါက်လေးကို ကာကွယ်နေသည့် ကြက်အိုမကြီးကဲ့သို့ ခိုင်မာစွာ အကာအကွယ်ပေးခဲ့သည်။ သူက ရှက်ရွံ့သောမျက်နှာဖြင့် ခြောက်ကပ်စွာ ရယ်လိုက်သည်။ 

"ကြီးမြတ်လှတဲ့မာရှယ်ရယ်... သခင်လေးကျီက ဘာရယ်ဆိုလိုတာမဟုတ်ပါဘူး... သူက ဒီတိုင်းစနောက်နေရုံပါ... ဒေါသမထွက်ပါနဲ့..."     

                                                                                                                                                                                                                                                                                                     ဒုတိယဗိုလ်ချုပ်ဟော့ခ် စကားပြောပြီးသွားသည်နှင့် ဘရန်ဒန်၏မျက်လုံးထဲ ဖုံးကွယ်မရသည့် သတ်ဖြတ်လိုစိတ်များပေါ်လာသည်ကို တွေ့လိုက်ရ၏။ သူ၏ ထွားကြိုင်းသော ခန္ဓာကိုယ်က ခဏခန့်တောင့်တင်းသွားပြီး နဖူးပေါ်မှ ချွေးအေးများ စီးကျလာခဲ့သည်။ 


သို့သော် ဟော့ခ်က မြို့စားကြီးကားလို့စ်၏ ညွှန်ကြားချက်ကို သတိရသွားပြီး အံတင်းတင်းကြိတ်ကာ မလှုပ်မရှားရပ်နေခဲ့သည်။ သူ့နောက်ဘက်ရှိလက်ကို ဝှေ့ယမ်းပြပြီး မျက်လုံးထောင့်မှ ကျီလင်နှင့် ရို့စ်ကိုအမြန်ထွက်သွားရန် အချက်ပြလိုက်သည်။ 


ကျီလင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ 

ဒုတိယဗိုလ်ချုပ်ဟော့ခ်က အရင်ဘဝတုန်းက ဒီနေရာမှာပေါ်မလာခဲ့ပါဘူး...ဘာလို့ အခုမှ ရုတ်တရက်ကြီး ငါ့ကိစ္စကိုလာရှုပ်ရတာလဲ...  


ကျီလင်က ဒုတိယဗိုလ်ချုပ်ဟော့ခ်၏ အချက်ပြမှုကို မမြင်ချင်ယောင်ဆောင်ပြီး ဘရန်ဒန်ကို ဆက်လက်ရန်စလိုက်သည်။ 


သူက နဉ်ယွီကိုလက်ညှိုးထိုးပြပြီး နှာမှုတ်လိုက်သည်။ 

"ကျွန်တော် နောက်နေတယ်လို့ ဘယ်သူပြောလို့လဲ... အဲဒီဇာတ်နိမ့်က ကျွန်တော့်ကို အထင်သေးရဲနေတာ... သူ့ကို ဒီနေ့သင်ခန်းစာမပေးရဘဲနဲ့ လုံးဝထွက်သွားမှာမဟုတ်ဘူး..."  


သူ့လုပ်ရပ်နှင့် စကားများက အလွန်အရှက်မဲ့နေခဲ့သည်။ 


နဉ်ယွီက သူ့ကို အေးစက်စွာ ကြည့်ပြီး နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်သည်။ သူ၏ချောမောသောမျက်နှာထက်တွင် နှင်းခဲတစ်လွှာဖုံးလာပုံရနေသည်။ 


ဘရန်ဒန်က ကျီလင်ကို လျစ်လျူရှုပြီး ဒုတိယဗိုလ်ချုပ်ဟော့ခ်ကို စိုက်ကြည့်လိုက်သည်။ သူ၏ ဩရှရှလေသံထဲတွင် အေးစက်မှုများပါဝင်နေကာ စကားတစ်လုံးချင်းဖိပြောလိုက်သည်။ 

"ထွက်သွား..." 


ဒုတိယဗိုလ်ချုပ်ဟော့ခ်က သူ့ထံသို့ ကြီးမားသော ဖိအားရောက်ရှိလာသည်ကို ခံစားခဲ့ရသည်။ 


ဘရန်ဒန် ဒီလောက်ထိဒေါသထွက်နေမယ်လို့ မမျှော်လင့်ထားဘူး...ဒါပေမယ့် ငါအခု ထွက်သွားလိုက်ရင် ကျီလင်က တစ်ရက်လောက် မစားနိုင်၊ လမ်းမလျှောက်နိုင်ဖြစ်တော့မှာ အသေအချာပဲ... စစ်တပ်ထဲမှာ ဘရန်ဒန်နဲ့ ထိပ်တိုက်မတွေ့ချင်ဘူးဆိုပေမယ့် ဒီနေ့ ကျီလင် တစ်ခုခုဖြစ်သွားရင် မြို့စားကြီးကားလို့စ်က ငါ့ကိုအသေသတ်လိမ့်မှာ... 


၎င်းကိုတွေးပြီးနောက် ဒုတိယဗိုလ်ချုပ်ဟော့ခ်၏အကြည့်များက ပြင်းထန်လာကာ ဘေးနားရှိ သူ့လက်အောက်ငယ်သားများကို ပြောလိုက်သည်။ 

"မင်းတို့က ဘာစောင့်နေကြတာလဲ... စစ်ဌာနချုပ်ထဲမှာ ပျင်းတဲ့သူတွေစုနေတာလား.. ဘာလို့ သခင်လေးကျီကို ဒီကနေ မခေါ်သွားကြလဲ..." 


သူ့လက်အောက်ငယ်သားများ ချက်ချင်းနားလည်သွားကြပြီး ကျီလင်၏ခုခံမှုကို လျစ်လျူရှုကာ ယဉ်ကျေးစွာဖြင့် အပြင်သို့ အတင်းဆွဲထုတ်သွားခဲ့ကြသည။


ကျီလင်က ကိစ္စများ ဤအခြေအနေသို့ ပြောင်းလဲသွားရန် မမျှော်လင့်ထားချေ။ သူအံ့အားသင့်သွားပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။ 

"ငါထွက်သွားမယ်လို့ ဘယ်သူပြောလို့လဲ ဝူးဝူး--"


နောက်ဆုံးတွင် သတိပြန်ဝင်လာသော ရို့စ်က ရှင်သန်လိုစိတ်ဖြင့် ကျီလင်၏ပါးစပ်ကိုဖုံးအုပ်ကာ ကျီလင်ကို စစ်သားအနည်းငယ်နှင့်အတူ သူ၏ရှိရှိသမျှခွန်အားဖြင့် အတင်းဆွဲထုတ်ခဲ့သည်။ 


ကျီလင်က စိုက်ကြည့်ရုံသာတတ်နိုင်ခဲ့သည်။ 

ဝူးး ဝူး...ငါမသွားဘူး ငါ မျက်နှာဖြတ်ရိုက်ခံရဖို့စောင့်နေတာကွ... မင်းတို့လူယုတ်မာတွေ ငါ့ကိုလွှတ်စမ်းလို့...သေစမ်း...


ဘရန်ဒန်၏မျက်လုံးများ နက်မှောင်သွားကာ မကြာမီ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သို့သော် သူ ခြေလှမ်းလိုက်သည်နှင့် ဒုတိယဗိုလ်ချုပ်ဟော့ခ်၏ ပိတ်ဆို့ခြင်းခံလိုက်ရပြန်သည်။


ဘရန်ဒန်၏ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ ခဏအကြာတွင် သူက သူ့ကိုတားရန် အသည်းအသန်ကြိုးစားနေသော လူကိုငုံ့ကြည့်လိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ လေထုဖိအားက အလွန်နိမ့်ကျသွားပြီး အေးစက်လာခဲ့သည်။  


ဒုတိယဗိုလ်ချုပ်ဟော့ခ်၏ အပြုံးက တဖြည်းဖြည်းချင်း တင်းမာလာခဲ့သည်။


ဘရန်ဒန်၏ စိတ်ထဲ၌ လူသတ်လိုစိတ်များတိုးဝင်လာခဲ့သည်။ သူ ထိုပြဿနာရှာနေသူကို အမှန်တကယ် သတ်ပစ်ချင်လာသော်လည်း အကြောင်းပြချက်အချို့က သူ့ဒေါသကို ရပ်တန့်စေပြီး တဖြည်းဖြည်းချင်း တည်ငြိမ်လာစေခဲ့သည်။


ကောင်ငယ်လေး၏ပုံရိပ်က သူ့မြင်ကွင်းထဲမှ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။


သူ ကျီလင်နောက်လိုက်သွားပြီး ကျီလင်ကို နောက်တစ်ကြိမ်ထပ်ကြည့်ချင်ခဲ့သော်လည်း သူ့ကိုတားရန်ကြိုးစားနေသော ဒုတိယဗိုလ်ချုပ်ဟော့ခ်၊ သူ့ပတ်ဝန်းကျင်ရှိ လူတိုင်း၏ကြောက်ရွံရိုသေသော အကြည့်များနှင့် နဉ်ယွီ၏ တည်ကြည်နေသော မျက်လုံးများကိုမြင်လိုက်ရချိန်တွင် သူ ၎င်းကို ယခုလောလောဆယ် မလုပ်နိုင်သေးသည်ကို သဘောပေါက်သွား၏။


လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူအလွန် အလွန်ရှည်လျားသော အိပ်မက်တစ်ခု မက်ခဲ့သည်။


အိပ်မက်ထဲတွင် သူနှင့် ကျင်းဆွေ့က နောက်ဆုံး၌ ရန်သူများအားလုံးကိုအနိုင်ယူနိုင်ခဲ့ပြီး သူတို့လိုချင်သော ကမ္ဘာတစ်ခုဖန်တီးနိုင်ခဲ့သည်။ ဤသို့ဖြင့် နှစ်ပေါင်းများစွာကျော်လွန်ပြီးနောက် သူတောင်းတခဲ့သော အဆုံးသတ်ရခဲ့ပြီး ကျေနပ်ဖွယ်ကောင်းသည်ဟု ယူဆနိုင်သည်။ 

ငါ့မှာ နောင်တရစရာမရှိဘူးဆိုပေမယ့် တကယ်ရော နောင်တမရဘဲနေခဲ့ရဲ့လား... 


ဘရန်ဒန် သူ့အိမ်တွင် လှဲလျောင်းလျက် သူ၏ရှည်လျားသောဘဝအဆုံးသတ်ရန် တည်ငြိမ်စွာ စောင့်စားနေချိန်တွင် ရုတ်တရက် နောင်တရစရာများရှိနေသေးသည်ကို သဘောပေါက်သွားခဲ့၏။ 

                                                                                                                                                                           ထိုနောင်တက သေးငယ်ပြီး အချိန်ကြာလာသည်နှင့်အမျှ သူ့နှလုံးသား၏အနက်ရှိုင်းဆုံးထောင့်၌ တမင်တကာမြှုပ်ထားခဲ့သည့် ထိုနောင်တလေးကို မေ့လျော့စပြုလာခဲ့သည်။ 


သို့သော် သူ့ဘဝ၏ နောက်ဆုံးအခိုက်အတန့်တွင် ၎င်းကို တဖန်ပြန်တွေးမိခဲ့သည်။


ထိုမှသာ သူ ၎င်းကို ဘယ်သောအခါမှလက်မလွှတ်နိုင်ခဲ့သည်ကို သဘောပေါက်ခဲ့၏။


ငါ အရမ်းနောင်တရတယ်... 


သူ့မှတ်ဉာဏ်များထဲ ထင်ရှားစွာရှိနေဆဲဖြစ်သော ကောင်ငယ်လေးက မောက်မာပြီး ကြီးစိုးပုံရသော်လည်း အမှန်တွင် ကြင်နာပြီး သတ္တိရှိသော ကောင်လေးတစ်ယောက်ဖြစ်သည်။ သူ၏အချစ်အတွက် ရဲစွမ်းသတ္တိများအားလုံးကို လောင်ကျွမ်းစေခဲ့သော်လည်း နောက်ဆုံးတွင် ကောင်းမွန်သောအဆုံးသတ်မရရှိဘဲ အလှပဆုံးအရွယ်၌ ကြေကွဲစရာကောင်းစွာ အဆုံးသတ်ခဲ့ရသည်။ 


သူ့ကြိုးစားမှုကို မည်သူမှ ဂရုမစိုက်သလို သူ၏ရိုးသားမှုကို မည်သူမှမမြင်ခဲ့ချေ။ 


သူ ငါ့ကို ကယ်ခဲ့တာတောင်မှပဲ... 


သူ့စိတ်ထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသော မလိုမုန်းထားမှုကြောင့် ထိုကောင်လေးကို ထိုက်တန်သောဆုလာဘ်နှင့် လေးစားမှုမပေးခဲ့ဘဲ ထိုကောင်လေး ချောက်နက်ကြီးဆီသို့ တစ်လှမ်းပြီးတစ်လှမ်းလျှောက်သွားသည်ကို လျစ်လျူရှုမိခဲ့သည်။ 


သူ့ဘဝ၌ ကောင်ငယ်လေးအပေါ် တင်နေသည့်အကြွေးကသာ သူ၏တစ်ခုတည်းသော နောင်တဖြစ်သည်။  


ထိုကောင်လေးက သူကာကွယ်ရန် ကျရှုံးခဲ့သည့် တစ်ဦးတည်းသောလူဖြစ်သည်။ 


သူ့ဘဝ၏နောက်ဆုံးအခိုက်အတန့်တွင် သူ့နှလုံးသားထဲ နစ်မြုပ်နေသော ထိုမျိုးစေ့က စိတ်အလိုမကျစွာ မြေပြင်ပေါ်ထွက်လာပြီး သူရှင်းလင်းစွာ မတွေးတောနိုင်ခဲ့သည်ကို သဘောပေါက်စေခဲ့၏။ အကယ်၍ သူနောက်ထပ်အခွင့်အရေးရလာမည်ဆိုပါက ထိုကောင်လေးကို ဘယ်သောအခါမှ နားလည်မှုလွဲပြီး ထပ်နာကျင်စေလိမ့်မည်မဟုတ်ချေ။ သူ ထိုကောင်လေးကို ဂရုစိုက်ပေးပြီး ကာကွယ်ပေးလိုသည်က အသက်ကယ်ပေးခဲ့သော ကျေးဇူးကြောင့်သာမဟုတ်ဘဲ ထိုကောင်လေးက လူတိုင်းထံမှ ကောင်းမွန်စွာ ဆက်ဆံခံထိုက်သူဖြစ်သောကြောင့်ဖြစ်သည်။


သူ့ကိုပြန်တွေ့နိုင်ရင် ကောင်းမယ်ဆိုပေမယ့် အဲဒါက အရမ်းနောက်ကျသွားပြီ... ငါ့ရဲ့နောင်တကို အခေါင်းထဲကိုပဲ ယူသွားနိုင်တယ်...


ဘရန်ဒန် ၎င်းကိုတွေးပြီးနောက် မျက်လုံးများ ဖြည်းညှင်းစွာမှိတ်ချလိုက်သည်။  


သူ မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် လွန်ခဲ့သော နှစ်နှစ်ရာကျော်ခန့်သို့ ပြန်ရောက်လာခဲ့သည်။  


ဘရန်ဒန် ထိုအချက်ကိုလက်ခံရန် ရက်ပေါင်းများစွာအချိန်ယူခဲ့ရပြီး ထိုအရာများအားလုံးက သူ့စိတ်ကူးသက်သက်သာမဟုတ်ဘဲ သူ အမှန်တကယ် ပြန်လည်မွေးဖွားလာသည်ကို သိလိုက်ရ၏။ ထို့နောက် ထိန်းချုပ်မရသော အတွေးတစ်ခုက သူ့စိတ်ထဲရူးသွပ်စွာ တိုးဝင်လာပြီး သူ့အတွေးများကို သိမ်းပိုက်ခဲ့သည်။ 

"ကျီလင်...သူရော အဆင်ပြေနေလား..." 


ဘရန်ဒန် ကျီလင်ကို တိုက်ရိုက်သွားကြည့်ချင်သော်လည်း သူ့တွင် ကျီလင်ကိုတွေ့ရန် အကြောင်းမရှိသည်ကို ရှင်းလင်းစွာ သဘောပေါက်ခဲ့သည်။ သူ၏ အထောက်အထားနှင့် လက်ရှိအခြေအနေအရ သူအလိုရှိသမျှလုပ်ခွင့်မရနိုင်သောကြောင့် သူ၏အတွင်းစိတ်ဆန္ဒများကို အပြင်းအထန်ဖိနှိပ်ခဲ့ရသည်။ 


ငါ စိတ်ရှည်လက်ရှည်နဲ့...


ကောင်ငယ်လေး ငါ့ရှေ့မှာ နောက်တစ်ကြိမ် ပေါ်လာဖို့စောင့်နေမယ်... 


ယခင်ဘဝက သူနှင့် နဉ်ယွီ နာဒိုဂလက်ဆီမှ ပြန်လာပြီး မကြာမီတွင် ကျီလင်က မနာလိုမှုကြောင့် နဉ်ယွီကိုပြဿနာရှာရန် စစ်ဌာနချုပ်သို့ရောက်လာခဲ့သည်။ ယခင်ဘဝက သူ ကျီလင်အား ရက်ရက်စက်စက်နှင်ထုတ်ခဲ့သည်ကို ဘရန်ဒန် ရှင်းရှင်းလင်းလင်းမှတ်မိနေ၏။ သူ ကျီလင်ကို လူရှေ့သူရှေ့၌ အရှက်ခွဲခဲ့ပြီး အထက်တန်းလွှာများကြား ဟာသဖြစ်စေခဲ့သည်။ သူ ထိုကဲ့သို့ အထက်တန်းလွှာလူပေါ်ကြော့များကို မုန်းပေသည်။ သူတို့က အင်ပါယာကြယ်ပေါ်တွင် ယုတ်ညံ့သောဘဝဖြင့် ဇိမ်ရှိရှိနေထိုင်ရန် လောဘကြီးနေကြပြီး တိုက်ပွဲများကြား အသက်စွန့်တိုက်ခဲ့သော စစ်သားများကို စော်ကားရန် သက်တောင့်သက်သာရှိနေကြဆဲဖြစ်သည်။ 


အဲဒီလိုလူတွေက အခုပိုင်ဆိုင်ထားတဲ့အရာတွေနဲ့ မထိုက်တန်ဘူး... ငါလည်း လေးစားခံရဖို့မထိုက်တန်ဘူး... 


ထိုအထက်တန်းလွှာများ၏ ယုတ်ညံ့ပြီးဆိုးရွားသောတဖက်ခြမ်းက ဘရန်ဒန်ကို ကျင်းဆွေ့ဘက်သို့သွားရန် လှုံ့ဆော်ခဲ့ပြီး အရာအားလုံးပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။


သို့သော် ဤဘဝတွင်မူ ထိုနေ့ရောက်လာရန် ဒေါသနှင့် ရွံရှာမှုကြောင့်မဟုတ်ဘဲ စောင့်မျှော်နေခဲ့သည်။ ၎င်းက သူ ကျီလင်ကိုတွေ့ရန် ကျိုးကြောင်းဆီလျော်သည့် တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်သည်။ သူ ကျီလင်ကို ထပ်တွေ့ချင်မိသည်။ 


ကျီလင်ကို တွေ့လိုသောဆန္ဒက ကားလို့စ်နှင့်တိုက်ပွဲ၊ သူ၏ ယုံကြည်ချက်များနှင့် အရာအားလုံးကို မေ့သွားစေခဲ့သည်။ 


ယမန်နေ့ကပင် ဘရန်ဒန် အလွန်စိတ်လှုပ်ရှားနေပြီး သူ၏တရားဝင်တာဝန်များကို အာရုံမစိုက်နိုင်ခဲ့ချေ။ သူက ကျီလင်၏ ရောက်လာမှုကို တစ်ယောက်ယောက်သတင်းပို့လာရန် စောင့်မျှော်နေခဲ့ပြီး မည်သို့ရင်ဆိုင်ရမည်ကို တွေးနေခဲ့သည်။  


ကောင်ငယ်လေးက အလိုလိုက်ခံထားရရုံသာဖြစ်သည်။ သူက ကျင်းဆွေ့ကို အလွန်သဘောကျလွန်းသောကြောင့် ထိုကိစ္စကို စိတ်မြန်လက်မြန်လုပ်ခဲ့ခြင်းဖြစ်သည်။ သူက အခြားသူများကို ထိခိုက်ရန် မရည်ရွယ်ခဲ့ချေ။ သူက အခြားယုတ်ညံ့သော အထက်တန်းလွှာများနှင့် မတူချေ။ ဤတစ်ကြိမ်တွင် ထိုကောင်ငယ်လေးကို တွေ့သည်နှင့် သူ ရက်ရက်စက်စက်ဆက်ဆံလိမ့်မည်မဟုတ်ပေ။ 


ကျီလင်ကို ထပ်တွေ့ဖို့တွေးထားမှတော့ သူ့ကို ဘယ်လိုလုပ်မတရားခံရစေမှာလဲ... သို့သော် ဘရန်ဒန် တစ်နေကုန်စောင့်ဆိုင်းနေခဲ့သည့်တိုင် ကျီလင်ရောက်လာသည်ကို မတွေ့ခဲ့ရချေ။


ထိုမှသာ သူပြန်လည်မွေးဖွားလာပြီးနောက် ကားလို့စ်နှင့် ကျီလင်ကဲ့သို့ အချို့အရာများ မသိမသာပြောင်းလဲသွားသည်ကို ဘရန်ဒန်သိခဲ့ရ၏။                                                                                    


ကားလို့စ်လုပ်ခဲ့သည့်အရာများက အင်ပါယာကြယ်တစ်ခုလုံး ပျံ့နှံနေခဲ့သည်။ 

အဲဒီအဆိပ်ပြင်းတဲ့လူက ဒီတစ်ကြိမ်ရောဘာလုပ်ဖို့ စီစဉ်နေပြန်တာလဲ... သူက အရင်ဘဝတုန်းက ကျီလင်ကို သတ်ခဲ့တာ... ဒီဘဝရော ကျီလင်နဲ့ ကျီမိသားစုကိုထပ်အသုံးချချင်နေတာလား... ကျီလင်ရဲ့ သဘောထားပြောင်းလဲသွားတာ ကားလို့စ်နဲ့ ဆိုင်နေတာလား... 


ဘရန်ဒန်က လေးလံသော စိတ်အခြေအနေတွင် ရှိနေခဲ့သည်။ သူ ၎င်းကို တစ်ဖန်ထပ်ကြုံလျှင်ပင် သူ၏ရည်ရွယ်ချက်အောင်မြင်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်သည်ကို သိပေ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းက ကွဲပြားမှုများပြားလွန်းပြီး အချို့အရာများက တိတ်တဆိတ်ပြောင်းလဲနေပြီဖြစ်သောကြောင့်ပင်။ 


ထိုပြောင်းလဲမှုများကြောင့် ကျီလင်လာမည်မဟုတ်ဟု ဘရန်ဒန်တွေးမိခဲ့သည်။ 


သို့သော် ထိုအချိန်တွင် သူ၏လက်အောက်ငယ်သားထံမှ အစီရင်ခံစာကို ရုတ်တရက် ရရှိခဲ့သည်။ ဘရန်ဒန်က လုပ်နေသမျှအရာအားလုံးကို ချက်ချင်းပစ်ချပြီး မနှောင့်နှေးဘဲ ပြေးသွားခဲ့သည်။ သူ နောက်ဆုံးတွင် အကြွေးတင်နေခဲ့သော ကောင်ငယ်လေးကို ပြန်မြင်ခဲ့ရသည်။ ယခုလက်ရှိ ကောင်ငယ်လေးက သူ့မျက်လုံးထဲမှ ပျောက်မသွားဘဲ အလွန်လှပပြီး တောက်ပနေခဲ့သည်။  


ယခင်ဘဝက သူ့ကို လေးနက်စွာ နားမလည်ခဲ့ဘဲ ရွံရှာ၊ မုန်းတီးခြင်းသာဖြစ်ခဲ့သည်။ သူ ထိုကောင်ငယ်လေးဆီမှ တစ်ကြိမ်ကယ်တင်ခံခဲ့ရသော်လည်း ၎င်းက ကောင်ငယ်လေး၏စိတ်လိုက်မန်ပါ အပြုအမူဖြစ်ပြီး ကောင်းကင်နှင့်ကမ္ဘာကြီး၏စည်းမျဉ်းကိုမသိဟုတွေးကာ များစွာမပြောင်းလဲပေးခဲ့ချေ။  


သို့သော် သူ မြင်သောအရာက အပေါ်ယံမျှသာဖြစ်သည်။


အဆုံးတွင် ၎င်းက သူ့ကို ကောင်ငယ်လေး၏ စစ်မှန်သော နှလုံးသားနှင့် ဖြူစင်ရဲရင့်သော တစ်ဖက်ခြမ်းကို နားမလည်နိုင်ဖြစ်စေခဲ့ချေ။ 


သူ့အပေါ် မလိုမုန်းထားတာတွေ ဖယ်ပြီးကြည့်မိခဲ့ရင် ငါ သူ့ကို နည်းနည်းလောက်နားလည်နိုင်လောက်လား... 


နောင်တရခြင်းနှင့် ကိုယ့်ကိုကိုယ် အပြစ်တင်မှုက ဘရန်ဒန်ကို စိတ်ရှုပ်ထွေးပြီး လေးလံစေခဲ့သည်။ သို့သော် သူတို့ အမှန်တကယ်ပြန်တွေ့ချိန်၌ ဘာပြောရမည်ကို သူ မသိတော့ချေ။ 


မရေတွက်နိုင်သော ဂြိုဟ်သားမျိုးနွယ်များ၊ ရန်သူများနှင့် သွေးစွန်းနေသော လူသတ်ကွင်းများကို ရင်ဆိုင်ရသည့်တိုင် သူ ဘယ်သောအခါမှ မတုန်လှုပ်ခဲ့ချေ။ သို့သော် ယခုအခိုက်အတန့်၌ တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် စကားတစ်ခွန်းပြောရန် သတ္တိများကို ခက်ခဲစွာ စုဆောင်းလိုက်သည်။ 


ရလဒ်အနေဖြင့် ထိုဟော့ခ်ဆိုသောလူက ခုန်ထွက်လာပြီး သူ့ကိုတားလာခဲ့သည်။  


ဒုတိယဗိုလ်ချုပ်ဟော့ခ်က ကားလို့စ်၏ လူဖြစ်သည်ကို ဘရန်ဒန်သိသည်မှာ ကြာလှပြီဖြစ်၏။ ၎င်းက စစ်ဌာနချုပ်၌ ကားလို့စ်ထားထားသော ချက်စ်အပိုင်းအစတစ်ခုဖြစ်သည်။ 


ဒါပေမယ့် အရင်ဘဝတုန်းကတောင် ပေါ်မလာခဲ့သူက ဘာလို့ရုတ်တရက်ကြီး ခုန်ထွက်လာတာလဲ... 


အဖြေက ခန့်မှန်းရလွယ်ပေသည်။ ကားလို့စ်၏ အမိန့်ကြောင့်သာ ဒုတိယဗိုလ်ချုပ်ဟော့ခ်က သူ့ကို တတ်နိုင်သမျှတားဆီးလာခြင်းဖြစ်သည်။ 


ကားလို့စ် ခင်ဗျား ဒီတစ်ခါရောဘာလိုချင်ပြန်ပြီလဲ...


ဘရန်ဒန်က အသက်ပြင်းပြင်းရှူပြီး သူ၏ ပြန့်ကျဲနေသော အတွေးများကိုစုစည်းကာကာ ဒုတိယဗိုလ်ချုပ်ဟော့ခ်ကို အေးစက်စက်စိုက်ကြည့်၍ နွေးထွေးမှုမရှိသော လေသံဖြင့်ပြောလိုက်သည်။ 

"ဒုတိယဗိုလ်ချုပ်ဟော့ခ် ခင်ဗျား ဘာလုပ်နေတယ်ဆိုတာ သိရဲ့လား..."


ဒုတိယဗိုလ်ချုပ်ဟော့ခ်၏ တစ်ကိုယ်လုံးအေးစက်လာခဲ့သည်။ သူ့ရှေ့ရှိလူက မည်မျှကြောက်စရာကောင်းပြီး အေးစက်သည်ကို သူသိသောကြောင့် တင်းမာစွာပြုံးပြီးပြောလိုက်သည်။


"မင်း အရမ်းဒေါသထွက်နေမှန်း ငါသိပါတယ်... ဒါပေမယ့် ဘာမှကြီးကြီးမားမားမဖြစ်ခဲ့ဘူးလေ ဟုတ်တယ်မလား... အဲဒါက ဒီတိုင်းစကားနဲ့နောက်လိုက်ရုံပဲကို... မင်းက အများကြီးအရွယ်ရောက်နေပြီးသားပါ... ဘာလို့ ကလေးနဲ့လိုက်ပြိုင်နေဦးမှာလဲ... ပြီးတော့ ဒီကိစ္စလေးနဲ့ မြို့စားကြီးကျီထင်ကို မစော်ကားသင့်ဘူးလေ... အဲဒါက မတန်ဘူးဟုတ်တယ်မလား..." 


ဘရန်ဒန်၏မျက်လုံးများ အေးစက်သွားခဲ့သည်။


ဒုတိယဗိုလ်ချုပ်ဟော့ခ်၏နဖူးမှ ချွေးအေးများစီးကြယျလာခဲ့သည်။ သူစိုးရိမ်နေစဉ်မှာပင် ဘရန်ဒန်က စကားတစ်လုံးချင်း ဖိပြောလာသည်ကို ကြားလိုက်ရ၏။ 


"ခင်ဗျားဘာသာ ခင်ဗျားပဲ ဂရုစိုက်..." 


ဒုတိယဗိုလ်ချုပ်ဟော့ခ်က ခဏမျှ ကြောင်နေပြီးနောက် လျင်မြန်စွာ ဦးညွှတ်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ ကြွက်သားများက ကြောက်ရွံ့မှုကြောင့် တောင့်တင်းနေခဲ့၏။ 

"အင်းအင်း ငါသိပါတယ်..." 


ဒုတိယဗိုလ်ချုပ်ဟော့ခ်၏ စိတ်ထဲတိတ်တဆိတ်ပြောနေခဲ့သည်။ 

အရှင်ဘရန်ဒန်က တကယ်ဒေါသထွက်နေတာပဲ... ကြည့်ရတာ ဒီတစ်ခါတော့ သူတကယ် ဒေါသထွက်သွားတဲ့ပုံပဲ... ဒီအကြောင်းကို သခင်ကားလို့စ်ဆီ ပြန်တင်ပြရမယ်...


စစ်သားများ၏ စိတ်ထဲတွင် ပြောနေခဲ့သည်။ 

ကြီးမြတ်လှတဲ့အရှင်ဘရန်ဒန်က လူတိုင်းရှေ့မှာ ဒုတိယဗိုလ်ချုပ်ဟော့ခ်ကို မျက်နှာသာမပေးဘဲ ပြောခဲ့တာပဲ... ကြည့်ရတာ သူတကယ်ကြီး ဒေါသထွက်နေတဲ့ပုံပဲ...


ကျီလင် ထွက်သွားခဲ့ပြီး ဒုတိယဗိုလ်ချုပ်ဟော့ခ်လည်း ကြောက်လန့်တကြား ထွက်သွားခဲ့သည်။


ဘရန်ဒန်က နောက်ဆုံးတွင် နဉ်ယွီအပေါ် အကြည့်များကျရောက်သွားပြီး သူ့မျက်လုံးများထဲ ရှုပ်ထွေးသော အကြည့်များပေါ်လာခဲ့သည်။                                                                              


ထိုလူက ယခင်ဘဝတွင် သူသဘောအကျဆုံးလူဖြစ်သည်။ နဉ်ယွီက ထူးချွန်သောစစ်သည်တစ်ဦးဖြစ်ပြီး သူနှင့်ဘေးချင်းယှဉ်လျက်တိုက်ပွဲဝင်ခဲ့သော ရဲဘော်ဖြစ်သည်။ ထိုသူက သာမန်လူတစ်ဦးအဖြစ်မွေးဖွားလာသော်လည်း မည်သည့်အထက်တန်းလွှာထက်မှ မနိမ့်ပါးနေချေ။ သူ၏ အင်အားနှင့်ထူးချွန်မှုက သံသယရှိရန်မလိုပေ။


ထူးချွန်သောစစ်သည်တစ်ဦးက သူ၏ မူလနောက်ခံကြောင့် မနစ်မွန်းနေသင့်ချေ။ ထို့ကြောင့် ဘရန်ဒန်က သူ့ကိုရာထူးတိုးပေးရန် မတုံ့ဆိုင်းခဲ့ကာ နဉ်ယွီကလည်း သူ့မျှော်လင့်ချက်များကို ဘယ်သောအခါမှ မပျက်စီးစေခဲ့ချေ။ အမှန်တွင် သူက အခွင့်အရေးကိုသာ ထောက်ပံ့ပေးခဲ့ပြီး ကျန်အရာများအားလုံးက နဉ်ယွီကိုယ်တိုင်ရရှိလာခြင်းဖြစ်သည်။


နဉ်ယွီက သာမန်လူများမှာ အထက်တန်းလွှာများထက် မဆိုးရွားကြောင်းသက်သေပြရန် သူ၏ကိုယ်ပိုင်ခွန်အားကို အသုံးပြုခဲ့သည်။ သူတို့ချို့တဲ့နေသည်မှာ လုံလောက်သော တရားမျှတမှုသာဖြစ်သည်။ 


ထိုအရာများအားလုံးက သူ့ကိုအလွန်ဆွဲဆောင်နိုင်ခဲ့ပြီး သဘောကျခြင်းဆီသို့ ပြောင်းလဲသွားစေခဲ့သည်။ 


ဒါပေမယ့် ဘာဆက်ဖြစ်ခဲ့လဲ... 


ဘရန်ဒန် ဂရုတစိုက်စဉ်းစားလိုက်သည်။ 



✨✨✨