Chapter 13
Viewers 2k

✨ Chapter 13

ဘရန်ဒန်



ယနေ့ သူ၏ပစ်မှတ်မှာ ဂန္တဝင်ဇာတ်လိုက် ကျော် shou - နိုင်ငံ့အိုင်ဒေါ၊ တက်သစ်စကြယ်ပွင့်၊ နဉ်ယွီဖြစ်သည်။


ကျီလင် မျက်လုံးများ ကျဉ်းမြောင်းပြီး နေရာအနှံ့လိုက်ကြည့်ခဲ့သည်။ နဥ်ယွီနှင့် သူက ယခင်ဘဝ၌ အသိအကျွမ်းဟောင်းများဖြစ်ခဲ့ကြသော်လည်း သူ နဉ်ယွီကို တွေ့လိုက်တိုင်း ဇာတ်ဆောင်၏ ထူးခြားသောရောင်ဝါကို ခံစားခဲ့ရသည်။ သူက အလွန်တောက်ပသောကြောင့် မည်သူမျှ သူ၏ ဖြစ်တည်မှုကို လျစ်လျူမရှုနိုင်ချေ။


ချွေးများရွှဲပြီး ဖိုသီဖတ်သီဖြစ်နေသော အခြားသူများနှင့် နှိုင်းယှဥ်လျှင် နဉ်ယွီက ပြင်ပကမ္ဘာနှင့်မသက်ဆိုင်သည့် ရောင်ဝါဖြင့် မွေးဖွားလာသလိုဖြစ်နေ၏။ သူကအနက်ရောင် ဘောင်းဘီရှည်၀တ်ထားပြီး တောက်ပသော အနက်ရောင်စစ်တပ်စီးဖိနပ်များက ထိုသူ၏သွယ်လျဖြောင့်တန်းသော ခြေသလုံးပေါ် ရစ်ပတ်နေလျက်ရှိသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ရိုးရှင်းသော အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ထားပြီး သူ၏နူးညံ့ပျော့ပျောင်းသော အနက်ရောင်ဆံပင်တိုများက သူ့နဖူးပေါ်မှ ဝဲကျကာ ချွေးများဖြင့် အနည်းငယ်စိုစွတ်နေ၏။ သူက လေ့ကျင့်ခန်းလုပ်ထားဟန်ပေါ်နေသော်လည်း တည်ငြိမ်ပြီး အေးအေးဆေးဆေးပုံရနေဆဲဖြစ်သည်။ သူက တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့် ခေါင်းလှည့်လာကာ သူ၏ချောမော၊ ဖြောင့်စင်းသောမျက်နှာ ပေါ်ထွက်လာခဲ့သည်။ သူ၏မြစိမ်းရောင် မျက်လုံးများထဲ နူးညံ့၊ ခိုင်မာသော အလင်းရောင်တစ်ခုရှိနေလေ၏။


သူ၏ခေါင်းမှ ခြေဖျား၊ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း ယုတ်စွအဆုံး ဆံပင်ဖျားရှိ ချွေးစက်များကပင် ဇာတ်လိုက် ရောင်ဝါ လွှမ်းခြုံနေပုံရသည်။


၎င်းက ဇာတ်လိုက်များ၏ကိုယ်ပိုင် အထူးပြုလုပ်ချက်ဖြစ်သည်။


ကျီလင်၏အမူအရာက တည်ငြိမ်သွားပြီး လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။


သူ၏ ဝတ်စားဆင်ယင်မှုနှင့် အမူအရာက ဤနေရာနှင် အမှန်ပင် မကိုက်ညီနေချေ။ သူက ဆီဆေးပန်းချီထဲရှိ ပျင်းရိပြီး လှပသော အထက်တန်းလွှာကောင်လေးတစ်ဦးကဲ့သို့ပင်။ သူက ချွေးနှင့်သဲများပြည့်နေသော စစ်ရေးလေ့ကျင့်ကွင်းထဲသို့ တိတ်တဆိတ် လျှောက်သွားခဲ့၍ ချက်ချင်းပင် လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။


ကျီလင်က လူတိုင်း၏စူးစမ်းမေးမြန်းလိုသော အကြည့်များကို ရင်ဆိုင်ကာ နဉ်ယွီထံသို့ ခေါင်းမြင့်မြင့်မော့၍ လျှောက်သွားခဲ့သည်။ သူက မျက်ခုံးပင့်ပြီး သူ့အရှေ့ရှိ ဆံပင်အနက်ရောင်၊ မြစိမ်းရောင်မျက်လုံးများရှိသည့် အမျိုးသားကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။  

"မင်းက နဉ်ယွီလား..."


ရို့စ်က ကျီလင်၏ဘေးနား၌ စိတ်ဆင်းရဲသော အမူအရာဖြင့် ရပ်နေခဲ့သည်။ ကျီလင်၏ ခေါင်းမာမှုကို သူ တားဆီးနိုင်စွမ်းမရှိပေ။  


ငါအဖေကို အဲဒီအကြောင်းပြောခဲ့သားပဲ... အခုကတော့ ငါ့ဘဝကို ကံကြမ္မာအပေါ်မှာပဲ ပုံအပ်ထားရတော့မယ်...


ယခု သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကျီလင်နောက်လိုက်ပြီး သူ့ကို ထောက်ခံပေးရန် ဖြစ်သည်။


နဉ်ယွီက ကျီလင်ကို သံသယမျက်လုံးများဖြင့်ကြည့်လာပြီး ခဏခန့် ပြန်မဖြေခဲ့ချေ။


ကျီလင်က နဉ်ယွီကို အထင်တသေးအကြည့်များဖြင့် အေးစက်စွာ စိုက်ကြည့်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။

"ဟေး ငါ မင်းကို ပြောနေတယ်လေ...မင်း နားကန်းနေတာလား..."


သူ ထိုစကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် နဉ်ယွီက တုံ့ပြန်လာခြင်းမရှိသေးသော်လည်း သူ့နောက်ရှိစစ်သားများက လူအကောင်လိုက်ဝါးစားချင်ဟန် အကြည့်များကို ရုတ်တရက် ထုတ်ပြလာပြီး ကျီလင်ကို မကြင်နာသော မျက်လုံးများဖြင့် အေးစက်စွာ ကြည့်လာခဲ့ကြ၏။


ထိုစစ်သားများထဲတွင် သာမာန်လူသားများနှင့် အထက်တန်းလွှာများရှိသည်။ သူတို့တစ်ဦးချင်းစီတိုင်းက အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူများဖြစ်ကြသည်။ အစပိုင်း၌ လူအများက နဉ်ယွီကို အထင်သေးနှိမ့်ချခဲ့သော်လည်း တိုက်ပွဲပြီးနောက်တွင် သူတို့အားလုံးက သေခြင်းနှင့် ရှင်ခြင်းတရား၏ မိတ်ဆွေများဖြစ်သွားကြပြီဖြစ်သည်။ နဉ်ယွီက သူတို့ထဲရှိတော်တော်များများကို ကယ်တင်ခဲ့ပြီး သူတို့အားလုံးက သူ့ကို စိတ်ရင်းမှန်နှင့် လက်ခံယုံကြည်လာကြပြီဖြစ်သည်။


ယခုတွင် သူတို့၏လေးစားရသော ရဲဘော်ရဲဘက် အထက်လူကြီးက ကျီလင်ကဲ့သို့ အားနည်းဖျော့တော့ပြီး ဘာမဟုတ်သော ကောင်ငယ်လေးထံမှ အရှက်ခွဲခံရသည်ကို သည်းမခံနိုင်ပေ။ လူများစွာက ထိုမောက်မာသော ကောင်ငယ်လေးကို ဤနေရာက သူ မောက်မာချင်တိုင်း မောက်မာ၍ရသည့် နေရာမဟုတ်သည်ကို သိအောင် သင်ခန်းစာတစ်ခုပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


နဉ်ယွီက ၎င်းကိုမြင်ချိန်တွင် မျက်မှောင်အနည်းငယ်ကြုတ်သွားခဲ့သည်။ သူက ထိုသူများကို အကြည့်ဖြင့်တား၍ ကျီလင်ကို တည်ငြိမ်ပြီးနက်ရှိုင်းသော အကြည့်များဖြင့် လှည့်ကြည့်ကာ ရှင်းလင်းသောအသံဖြင့် ပြောလိုက်သည်။

"အင်း... ငါက နဉ်ယွီပဲ... မင်းက ဘယ်သူလဲလို့ မေးလို့ရမလား..."


ကျီလင်က အလွန်မောက်မာနေပုံရသော်လည်း အမှန်တွင် ထိုစစ်သားများ သူ့အား ရိုက်နှက်ဆုံးမလာမည်ကို လွန်စွာကြောက်နေခဲ့သည်။ ထို့ကြောင့် သူ့ကိုယ်သူမိတ်ဆက်ရန် ထပ်စောင့်မနေတော့ဘဲ ခေါင်းမော့ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"ငါက ကျီလင်ပဲ..."


ပြောစရာမလိုအောင် ငါက တော်တော်လေးနာမည်ကြီးတယ်လို့ဆိုရမယ်...


နာမည်ကောင်းနဲ့ မဟုတ်ပေမယ့်လို့ပေါ့...


သူ့နာမည်ကိုကြားသည်နှင့် လူတိုင်း၏ အမူအရာများပြောင်းလဲသွားပြီး လူများစွာက သူ့ကို ဒေါသနှင့် အံ့အားသင့်မှုများပြည့်နေသော အကြည့်များဖြင့် ကြည့်လာခဲ့ကြသည်။


ဟီးဟီး… သူတို့ ငါ့ကို ရိုက်ချင်ရင်တောင် ငါက ပေါ့ပေါ့ဆဆရိုက်လို့ရတဲ့ အထက်တန်းလွှာလူပေါ်ကြော့မျိုး မဟုတ်ဘူး... ငါက အထက်တန်းလွှာလူပေါ်ကြော့ပိရမစ်ထိပ်မှာ သံပြားထက်ပိုခိုင်မာတဲ့နောက်ခံနဲ့ ရပ်နေတဲ့ လူပဲ...


ကျီလင်၏အမည်က အခြားသူများအား ငြိမ်သွားစေသည်ကို မြင်ချိန်တွင် ရို့စ် သူ့နဖူးပေါ်ရှိ ချွေးအေးများသုတ်ရန် လက်အနည်းငယ်မြှောက်လိုက်သည်။


ငါတို့ အရိုက်တော့ မခံရလောက်တော့ဘူး...


နဉ်ယွီ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ တစ်ဖက်သူတွင် ရည်ရွယ်ချက်ဆိုးများ ရှိနေသည်ကို သူသိသော်လည်း တည်ငြိမ်စွာ မေးလိုက်ဆဲဖြစ်သည်။

"မင်း ငါ့ကိုရှာတာ ကိစ္စရှိလို့လား..."


ကျီလင်က စိတ်မြန်လက်မြန်မရှိဘဲ ဆင်ခြင်တုံတရားရှိသူကို သဘောကျပေသည်။ ပြဿနာကို နှုတ်ဖြင့်သာဖြေရှင်းနိုင်ပြီး တိုက်ခိုက်ရန်မလိုအပ်ချေ။ ကျီလင်၏ မျက်လုံးထဲတွင် နဉ်ယွီက ထိုရက်စက်ကြမ်းကြုတ်သော ယောင်္ကျားများထက် အဆပေါင်းများစွာ ချစ်စရာကောင်းပေသည်။ 


ဒီလိုစိတ်ထားမျိုးနဲ့ သူက ဇာတ်လိုက်ဖြစ်ဖို့ထိုက်တန်တယ်...


သူ ချောင်းအနည်းငယ်ဟန့်ပြီး နှုတ်ခမ်းများပင့်ကာ အချိန်အတန်ကြာပြင်ဆင်ခဲ့သော စာကြောင်းကိုပြောလိုက်သည်။ 

"ငါ မင်းကိုပြောစရာရှိလို့ လာခဲ့တာ...ဒီမှာ မင်း ဧကရာဇ်နဲ့တွေ့ပြီး ဧကရာဇ်ဆီက ချီးကျူးခံရတာနဲ့ မင်းကိုယ်မင်း ထူးခြားတယ်ထင်မနေနဲ့...မင်းလို ဇာတ်နိမ့်တစ်ယောက်က ဆင့်ကဲပြောင်းလဲသူဖြစ်လာရင်တောင် ငါတို့ရဲ့လက်ပါးစေနဲ့ လက်ကိုင်တုတ်အဖြစ်ထက် ဘာမှပိုမှာမဟုတ်ဘူး..." 


နဉ်ယွီ၏နောက်ဘက်ရှိ ယောက်ျားကြီးများက တိုက်ခိုက်ရန် ပြင်လာခဲ့ကြသည်။ 


ငါတို့ထပ်သည်းမခံနိုင်တော့ဘူး... အဲဒီကောင်စုတ်လေးရဲ့ပါးစပ်က အရမ်းဆိုးလွန်းတယ်... 


ရို့စ် တုန်လှုပ်သွားခဲ့သည်။


ကျီလင်က ထိုသို့ပြောပြီး‌နောက် နဉ်ယွီကို ဒေါသတကြီးကြည့်ရန် သတ္တိများစုဆောင်းလိုက်သည်။ 


နဉ်ယွီက သူ့ကို စေ့စေ့စိုက်ကြည့်နေပြီး သူ၏နှုတ်ခမ်းပါးများက တင်းကြပ်စွာစေ့သွားခဲ့သည်။  

"ငါတို့က လက်ပါးစေနဲ့ လက်ကိုင်တုတ်တွေဆိုရင်တောင် ဇာ့ဂ်တွေကို တိုက်ခိုက်ပြီး တိုင်းပြည်ကိုကာကွယ်ခဲ့တဲ့သူတွေပဲ... ငါတို့က အင်ပါယာကြယ်ပေါ်က အေးချမ်းတဲ့ အထက်တန်းလွှာတွေကိုပဲမဟုတ်ဘူး တခြားကြယ်နယ်ပယ်က မရေတွက်နိုင်တဲ့ လူတွေကိုလည်း ကာကွယ်ရမှာပဲ... သူတို့ကမှ အန္တရာယ်နဲ့ပိုနီးပြီး ကာကွယ်ဖို့လိုတဲ့သူတွေပဲ..."


ကျီလင်တွေးလိုက်မိသည်။ 

ဒီစကားက တကယ်ကောင်းတာပဲ... ငါတောင် နားထောင်ပြီး ရင်ထဲထိသွားတယ်... လူတော်တော်များများ သူ့ကို သဘောကျတာအံ့သြစရာမရှိဘူး... 


သို့သော် သူက လှောင်ပြောင်သောအကြည့်ဖြင့်ကြည့်ပြီး သရော်လိုက်သည်။ 

"ကြောင်သူတော်လို ဟန်ဆောင်နေတာ ရပ်လိုက်စမ်းပါ...အားနည်းပြီး နိမ့်ကျတဲ့ လူတွေက မကြာခင် သေသွားကြမှာကို ဘယ်မှာကာကွယ်စရာလိုသေးလို့လဲ... မင်းက စစ်တပ်ထဲကို အထက်တန်းလွှာဂုဏ်ရဖို့ ဝင်လာတာမဟုတ်ဘူးလား..."  


စစ်သည်များထဲရှိ သာမာန်လူများက ပို၍ဒေါသ ထွက်လာခဲ့ကြသည်။ သူတို့က သူတို့၏နေအိမ်များ၊ ချစ်ရသူများကို ကာကွယ်ပေးခဲ့သော်လည်း ကျီလင်ထံမှ အထင်သေးခံနေရသည်။ သူ့မျက်လုံးထဲတွင် အခြားသူများ၏ဘဝက တန်ဖိုးမရှိနေချေ။  


ရို့စ်က သူ့ချွေးများသုတ်ကာ ကျီလင်၏ အင်္ကျီစကို တိတ်တဆိတ်ဆွဲပြီး ဖျောင်းဖျရန် ကြိုးစားလိုက်သည်။  


ကျီလင်က ထိုလက်ကိုပုတ်ချပြီး သေခြင်းတရားကိုရှာနေသကဲ့သို့ ထပ်ပြောလိုက်သည်။ 

"အိမ်မက်မမက်နေနဲ့... မင်းလို ဇာတ်နိမ့်က ဘယ်တော့မှ အထက်တန်းလွှာဖြစ်လာမှာမဟုတ်ဘူး..." 


နဉ်ယွီ နောက်ဆုံးတွင် အနည်းငယ် အေးစက်သွားပြီး ဖြည်းညှင်းစွာပြောလိုက်သည်။ 

"စိတ်မကောင်းပေမယ့် အထက်တန်းလွှာတွေက မင်းလိုပဲဆိုရင် ငါသူတို့ထဲက တစ်ယောက်ဖြစ်လာမှာကို ကြောက်မိပါရဲ့..."


ဝါး...ပါဝါအာဏာတွေမလိုချင်တဲ့ ဖြောင့်မတ်တည်ကြည်တဲ့ လူတစ်ယောက်ပဲ...  


ကျီလင်က ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်တတ်သော ပြိုင်ဘက်ကို အနှစ်သက်ဆုံးဖြစ်သည်။ ထို့ကြောင့် ကျီလင်က ရုတ်တရက် အမြှီးတက်နင်းခံရသောကြောင်ကဲ့သို့ ဒေါသများထုတ်ပြပြီး အေးစက်စွာအော်လိုက်သည်။ 

"မင်း ငါ့ကို အထင်သေးရဲတယ်ပေါ့လေ..."  


ရို့စ်: "... "


လေထုက ပို၍ပို၍တင်းမာလာပြီး ခပ်လှမ်းလှမ်းမှ အနက်ရောင်စစ်ဝတ်စုံဝတ်ထားသည့် အရပ်ရှည်ရှည်အမျိုးသားတစ်ဦးက ပြင်းထန်သော ခြေလှမ်းများဖြင့် သူတို့ဘက်သို့ လျှောက်လာသည်ကိုမြင်လိုက်ရ၏။ 


ထိုလူတွင် နီညိုရောင်ဆံပင်များရှိပြီး အေးစက်၊ ထက်ရှသောမျက်နှာရှိသည်။ သူ၏ မီးခိုးရောင်မျက်ဆံများက စစ်ပွဲထဲ ရှိနေသကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းနေသည်။ 


မာရှယ်ဘရန်ဒန်ကလွဲပြီး ဘယ်သူရှိဦးမှာလဲ...


ရို့စ်၏ခြေထောက်များက ကြောက်ရွံ့မှုကြောင့် ပျော့ခွေသွားခဲ့သည်။ 

ဘယ်ကောင်တွေ သတင်းပို့လိုက်တာလဲကွာ... 


သူ ယခင်က အနည်းငယ်စိတ်လှုပ်ရှားခဲ့သော်လည်း ဘရန်ဒန်ကိုတွေ့ချိန်တွင် အလွန်ကြောက်ရွံ့သွားခဲ့သည်။ 


ဘရန်ဒန်က ငါတို့လိုလူတွေကို မကြိုက်ဆုံးပဲ... သူက ဘယ်သူ့ကိုမှ မျက်နှာသာပေးမှာမဟုတ်ဘူး... ငါနဲ့ကျီလင်ရဲ့နောက်ခံကိုလည်း ဂရုစိုက်နေမှာ မဟုတ်ဘူး...  


ရို့စ်က ကျီလင်၏လက်များကိုဆွဲပြီး တုန်ယင်စွာဖြင့် တီးတိုးပြောလိုက်သည်။ 

"ဒါက လုံ‌လောက်ပြီလေ... မာရှယ်ဘရန်ဒန် အခုဒီကိုလာနေပြီ..." 


ထိုစကားကြားချိန်တွင် ကျီလင်၏ မျက်လုံးများ တောက်ပလာခဲ့သည်။ 


ဘရန်ဒန် နောက်ဆုံးတော့ ရောက်လာပြီလား... သူလာတာကို စောင့်နေဖို့ ငါအချိန်အကြာကြီး ငါ နဉ်ယွီနဲ့ စကားပြောနေရတာ...  


သူက တုံ့ဆိုင်းမနေဘဲ ရို့စ်ကိုပြောလိုက်သည်။

"ဖယ်စမ်းပါ...ဘာမှ မလုံ‌လောက်ဘူး..." 


ထို့နောက် တမင်တကာ အသံမြင့်ပြီး နဉ်ယွီထံသို့ ကျယ်လောင်စွာပြောလိုက်သည်။

"မာရှယ်ဘရန်ဒန်က မင်းကိုကာကွယ်ပေးနေတာနဲ့ပဲ ငါမင်းကို ဘာမှမလုပ်နိုင်ဘူးလို့ မထင်လိုက်နဲ့... မင်းကများ ငါ့ကိုလှောင်ရဲတယ်လို့... မာရှယ်ဘရန်ဒန်တောင် ငါ့အဖေကိုတွေ့ရင် မျက်နှာသာပေးရတယ်ဆိုတာ မသိဘူးလား... သူက မင်းလို ဇာတ်နိမ့်တစ်ယောက်အတွက်နဲ့ ငါ့ကို စော်ကားမယ်ထင်နေတာလား..."


ကျီလင်၏မျက်လုံးများထဲ မထီမဲ့မြင်ပြုဟန်ရှိနေပြီး အေးစက်၊ ရက်စက်သောအသံဖြင့်ပြောလိုက်သည်။ 

"မင်းတော့သေပြီပဲ..."


ရို့စ်၏ခြေထောက်များက စပါးပင်ကဲ့သို့ တုန်ယင်နေခဲ့သည်။


ငါတော့ ငါတို့ပဲ သေလိမ့်မယ်လို့ ခံစားနေရတယ်...


ကျီလင်က မေးမော့ထားပြီး သူတို့ကိုရန်စောင်သော အမူအရာဖြင့်ကြည့်လိုက်သည်။ 


နဉ်ယွီ၏နောက်ရှိ စစ်သားများက ၎င်းကိုကြားချိန်တွင် ဒေါသကြောင့် မျက်လုံးများနီရဲလာကြပြီး ကျီလင်ကို တိုက်ရိုက်သတ်ပစ်ချင်နေသကဲ့သို့ ကြည့်လာခဲ့ကြသည်။ 


နှစ်ဖက်လုံး ယမ်းနံ့များ ပြင်းသထက်ပြင်းလာပြီး အခြေအနေတင်းမာလာချိန်တွင် စစ်သားတစ်ဦးက ရုတ်တရက်မတ်တတ်ထရပ်လာခဲ့သည်။ သူက လက်မြှောက်ကာ ကျီလင်၏အနောက်ဘက်သို့ အလေးပြုပြီး ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။ 

"အရှင်မာရှယ်ဘရန်ဒန်..." 


၎င်းကိုကြားချိန်တွင် လူတိုင်း အံ့အားသင့်သွားကြပြီး အကုန်လုံးမတ်တတ်ထရပ်ကာ အလေးပြုလာခဲ့ကြသည်။ စစ်သားများ၏ ကြောက်ရွံ့ရိုသေသော အမူအရာကိုကြည့်ခြင်းအားဖြင့် စစ်တပ်ထဲ၌ ဘရန်ဒန်၏ အနေအထားက အကြွင်းမဲ့သည်ကို ပြောနိုင်ပေ၏။


ကျီလင်က ထိုသူလာမည်ကို သိထားပြီးဖြစ်သော်လည်း သူ၏ မသိစိတ်အရ ခန္ဓာကိုယ်တစ်ခုလုံး တင်းမာသွားဆဲဖြစ်သည်။ သူ ဖြည်းညှင်းစွာ ခေါင်းလှည့်ကြည့်လိုက်ရာ အရပ်ရှည်ရှည်နှင့် အေးစက်အမျိုးသားတစ်ဦးက သူ့နောက်ဘက် မနီးမဝေး၌ ရပ်နေသည်ကို တွေ့လိုက်ရ၏။


သူ၏သန်မာသောခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် စစ်ဝတ်စုံရှိနေလေသည်။ သူက အေးစက်သောမျက်နှာနှင့် နက်ရှိုင်းသောအသွင်အပြင်ရှိကာ သူ၏ ဦးထုပ်စွန်းအောက်မှ စူးရှသောမျက်ခုံးတစ်စုံ ပေါ်ထွက်နေသည်။ သူ၏ အေးစက်နေသော မီးခိုးရောင်မျက်ဆံများက မိုးရွာတော့မည့်တိမ်ဆိုင်ကဲ့သို့ မည်းမှောင်နေကာ ရှုပ်ထွေးသော ခံစားချက်များကို နက်နဲစွာ မျိုသိပ်ထားရပုံရှိသည်။ 


ရိုစ့်က မာရှယ်ဘရန်ဒန်ကိုကြည့်ကာ ထိတ်လန့်လွန်းသဖြင့် မူးလဲလုမတတ်ဖြစ်သွားခဲ့သည်။ 

သူ အရမ်းဒေါသထွက်နေတာပဲ... အာ... ငါပြောတာမှန်ပါတယ်ဆို...  


စောစောကပင် အရှက်ခွဲခံရပြီး ဒေါသထွက်နေသော စစ်သားများက ကျီလင်ကို လှောင်ပြောင်သရော်သော မျက်လုံးများဖြင့်ကြည့်လာခဲ့သည်။ 


မင်း စောစောကတင် အရမ်းမောက်မာပြနေတာမလား... မာရှယ်က မင်းကိုဘာမှလုပ်မှာမဟုတ်ဘူးလို့ ပြောခဲ့တာမလား... မင်းမှာ ကိုယ်ပိုင်အသိဉာဏ် တစ်စက်မှမရှိတာပဲ...မာရှယ် ဒေါသထွက်နေတာကိုကြည့်လိုက်ဦး... သူက မင်းနောက်ခံကို ဂရုစိုက်နေမှာမဟုတ်ဘူး... ဧကရာဇ်ကတောင် မာရှယ်ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံရတာ မင်းလို လူပေါ်ကြော့က သူ့မျက်လုံးထဲမှာ ဘာကောင်မှမဟုတ်ဘူး...


သေချာစွာပင် ကျီလင်ကလည်း ၎င်းကို နားလည်ပေ၏။ သို့သော် သူက သူ၏ ဂရုမစိုက်မှုနှင့် ကြောက်ရွံ့ခြင်းကင်းမဲ့မှုတို့ကို တမင်တကာပြသာကာ ဘရန်ဒန်၏ အုံ့မှိုင်းနေသောမျက်လုံးများကို မမြင်ချင်ယောင်ဆောင်ပြီး ဂရုမစိုက်ဘဲ ပြောလိုက်သည်။ 

"မာရှယ်ဘရန်ဒန်...ခင်ဗျားရဲ့ လက်အောက်ငယ်သားက ကျွန်တော့်လို အထက်တန်းလွှာတစ်ယောက်ကို မလေးမစားပြုမူရဲတာကြည့်ပါဦး... ခင်ဗျား ကျွန်တော့်ကို ရှင်းပြသင့်တယ်လို့ မထင်ဘူးလား..." 


ရို့စ်၏မျက်နှာက ၎င်းကိုကြားချိန်တွင် ဖြူဖျော့သွားခဲ့သည်။ နောက်ဆုံးတွင် သူ လက်လျှော့လိုက်ပြီး ယနေ့ အသက်ရှင်လျက်ပြန်နိုင်ရန်သာ မျှော်လင့်တော့သည်။


အခြားသူများအားလုံးက ကျီလင်ကို အရူးကဲ့သို့ကြည့်လာခဲ့ကြသည်။  


သူ တကယ်ရူးနေလား စိတ်မမှန်ဘူးလားဆိုတာ သိချင်တယ်... သူက မာရှယ်ကို ရှင်းပြချက်ပေးဖို့တောင် ပြောရဲတယ်ပေါ့လေ.... 


ကျီလင်တစ်ဦးတည်းကသာ အကြောက်အရွံ့ကင်းနေဆဲဖြစ်သည်။ သူက ဘရန်ဒန် တစ်စုံတစ်ယောက်ကို သူ့အားလွှင့်ပစ်ရန် အမိန့်ပေးလာမည့်အချိန်ကို ဂုဏ်ယူစွာစောင့်နေခဲ့သည်။ 


နောက်ဆက်တွဲ ရလဒ်က နည်းနည်းတော့ရှက်စရာကောင်းပေမယ့် အဲဒါက ငါလိုချင်တဲ့ ရလဒ်ပဲမလား... ငါတော့ အသက်အန္တရာယ်ရောက်မှာ မစိုးရိမ်ပါဘူး... အဲဒါက ဒီတိုင်း ရှက်စရာပဲကောင်းတာ...ဘရန်ဒန်က သွေးအေးရက်စက်တဲ့ စစ်သားတစ်ယောက်ဆိုပေမယ့် သူက စည်းမျဉ်းရှိတဲ့သူတစ်ယောက်ပဲ... သူက ငါ့ကို ဒေါသထွက်လို့ အပြစ်ပေးရင်တောင် ငါက စကားနဲ့ပဲပြောခဲ့တာဆိုတော့ အသတ်ခံရမှာတော့မဟုတ်ဘူး...  


ရက်စက်ကောက်ကျစ်တဲ့ ဝမ်းတွင်းမည်း ကားလို့စ်၊ ဝမ်ယန်တို့နဲ့ ယှဉ်ရင် ဒုတိယဇာတ်လိုက်ရောင်ဝါရှိတဲ့လူနဲ့တွေ့ရတာ ပိုသက်သောင့်သက်သာရှိတယ်...သူက တရားမျှတမှုကို သဘောကျတဲ့လူတစ်ယောက်သက်သက်ပဲ... 


ဘရန်ဒန်က သူ့ရှေ့ရှိ မေးမြင့်မြင့်မော့ထားသည့် ကောင်ငယ်လေး၏ အပြာရောင်မျက်လုံးများကို စိုက်ကြည့်လိုက်၏။ သူ့မျက်လုံးထဲရှိအကြည့်က ပိုနက်မှောင်လာပြီး သူ့မေးရိုးက အနည်းငယ်တင်းသွားကာ စိတ်ထဲ မတည်မငြိမ်ဖြစ်လာခဲ့သည်။ အချိန်အတန်ကြာပြီးနောက် ဘရန်ဒန်က သူ့နှုတ်ခမ်းများကို ဖြည်းညှင်းစွာဖွင့်ပြီး အသံတိုးတိုးဖြင့် ပြောလာခဲ့သည်။ 

"မင်း..."  


လူတိုင်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။ 


ကျီလင်က နားစွင့်ထားပြီး ဘရန်ဒန် သူ့မျက်နှာအား မည်သို့ရိုက်ရန် စီစဉ်ထားသည်ကို နားထောင်ချင်ခဲ့သည်။ သို့သော် ခပ်ဝဝပုံရိပ်တစ်ခုက ရုတ်တရက် အလွန်မြန်ဆန်သောအရှိန်ဖြင့် ပြေးဝင်လာခဲ့သည်။ သူက ကျီလင်၏ရှေ့တွင် တောင်ကြီးတစ်ခုကဲ့သို့ ရပ်တည်ပြီး ပြောလာခဲ့သည်။ 

"မာရှယ် စိတ်လျှော့ပါ..." 


ကျီလင်: "???"


ရို့စ် "???"


စစ်သားများ- "???"



✨✨✨